← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း(၇)

နေ့စဉ်လုပ်ငန်းဆောင်တာများ

အစီအစဉ် တင်ဆက်သူသည် ကုစဲ့၏ တုံ့ပြန်စကားကြောင့် ပြောစရာစကားတို့ ပျောက်ဆုံးသွားလေသည်။

ယဲ့ယီ စိတ်မရှည်တော့ပဲ ဝင်ပြောလိုက်၏။

“ဘာလို့ စကားတွေအများကြီးပြောနေတာလဲ။ ထမင်းမစားချင်ဘူးလား။”

ကုစဲ့ ယဲ့ယီ၏ အတွင်းစိတ်ကို မကြားနိုင်ဘူးဆိုလျှင် သူတော်တော် ဒေါသထွက်မိပေလိမ့်မည်။

[ငါ့ဒါလင် သားလေးတော်တယ်။ ငါ့သား လေးကို ပိုပိုတောင်ချစ်လာပြီ။ ဒါပေမဲ့ အစားအသောက်ကပိုအရေးကြီးတယ်လေ]

ယဲ့ယီ၏ခင်ပွန်း ပေါ်မလာသည်ကို မြင်သောကြောင့် တိုက်ရိုက်ကြည့်ရှုနေသည့် ပရိသတ်များက ချက်ချင်းပင် ဝေဖန်တိုက်ခိုက်လာသည်။

[ကြည့်ပါလား၊ ပြောသားပဲ သူ အဲဒီလူကြီးကို မျက်နှာပြ မထုတ်ရဲပါဘူးဆို။ ခရီးထွက်တယ်ဆိုတာက အကြောင်းပြချက်အတုတွေပဲ]

[ယဲ့ယီက တော်တော်ဟန်ဆောင်ကောင်းတာပဲ။ ခရီးထွက်သွားတယ် ဆိုတာ ငါနည်းနည်းလေးမှ မယုံဘူး]

[ယဲ့ယီ ဖျော်ဖြေရေးလောက ကနေ ထွက်သွားစမ်းပါ။ နင် ဟန်ဆောင်ကောင်းလွန်းတယ်။]

[ငါတို့ရပ်ကွက်ထဲက အမှိုက်ပုံးတောင်မှ သူ့လောက် ဟန်ဆောင်တတ်မယ်မထင်ဘူး]

ယဲ့ယီ အခြားပြောစကားတို့ကို ဂရုစိုက်ရန်အချိန်မရှိပေ။ သူမ အစာစားချင်စိတ်သာရှိတော့သည်။

တစ်ဖက်တွင် လန်ရွှယ်တို့ မိသားစုသည် ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေကြ၏။

လန်ရွှယ်သည် ငါးရှဉ့်ဟင်းတစ်ပိုင်းကို ချန်ထျန်မင်း၏ ပန်းကန်ထဲသို့ ထည့်ပေးရင်း သာမန်ကိစ္စတစ်ခုကို ပြောလိုက်သည်။

“ယောကျာ်းရေ ဟောင်ယုရဲ့ အဆင့်ရှစ်တယောစာမေးပွဲလည်းနီးလာပြီဆိုတော့ ကျွန်မနဲ့အတူ အချိန်ပေးပြီး လိုက်မလား”

ချန်ထျန်မင်း လန်ရွှယ်ထည့်ပေးလိုက်သည့်ငါးကို မစားဘဲ ချန်ဟောင်ယုကိုသာ ချီးကျူးစကားဆို၏။

"အဆင့်ရှစ်ကို ဒီလောက်မြန်မြန်ဖြေရတော့မှာလား။ ဟောင်ယုက တကယ်တော်တာပဲ”

ချန်ဟောင်ယု ဖခင်ဖြစ်သူအား တယောနှင့်ပတ်သက်သည့် အကြောင်းအရာများကို စပြောပြသည်။ မိသားစုသုံးယောက်စလုံးသည် တယောကို ကျွမ်းကျင်ကြပြီး ပြောဆိုတိုင်းလည်း နည်းပညာဆိုင်ရာ ဝေါဟာရများသုံးကြသည်။

ပရိသတ်များ နားမလည်ကြသော်လည်း လန်ရွှယ်၏ပရိသတ်များကမူ အကြောင်းမသိဘဲ ဆက်လက်ချီးကျူးနေကြ၏။

[ဟောင်ယုကတကယ်ကို အထင်ကြီးစရာကောင်းတယ်။ သူတို့တစ်မိသားစုလုံးက အရမ်းထင်ပေါ်တာပဲ]

[သူဌေး မိသားစုက လာတဲ့သူတွေက ငယ်ငယ်ကတည်းက ဒီလို မြင့်မြတ်တဲ့

အကျင့်ကောင်းတွေသင်ကြရတာပဲကိုး]

[ငါဒီလို မိသားစုလေးကို အရမ်းနှစ်သက်တာပဲ]

ယဲ့ယီနှင့် ကုစဲ့ ကြားတွင် အခြေအနေတို့သည် အေးစက်လှသည်။ နှစ်ဉီး စလုံး အစားကိုသာ ခေါင်းမထောင်တမ်းစားနေကြကာ စကားတစ်ခွန်းပင် ဖလှယ်ခြင်း မရှိကြပေ။

သူတို့ အစားစား၍ ပြီးခါနီးမှသာ ယဲ့ယီ ရုတ်တရက် ပြောလိုက်သည်။

“နောက်ပိုင်း ထမင်းမချက်တော့နဲ့။ နင့် ခြေလက်သေးသေးလေးတွေနဲ့ ဟင်းမပြီးခင်မှာ ထိခိုက်မိမှာတွေ ငါမလိုချင်ဘူး။ လူတွေ ငါ နင့်ကို နှိပ်ဆက်နေတယ်လို့ အပြောမခံနိုင်ဘူး”

သူမ၏ အတွေးအစစ်များသည်တော့

[အား.. အရမ်းကိုစားကောင်းတာပဲ။ ဒါလင်သားလေးချက်တာကို နေတိုင်းစားချင်ပေမဲ့ သူကအရမ်းငယ်သေးတယ်။ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဟင်းချက်တဲ့ကိစ္စတွေကို အိမ်ထိန်း အစ်မကြီးကိုပဲ တာဝန်လွှဲလိုက်ပါတော့မယ်]

ကုစဲ့ အတွေးနှင့်အလုပ် နှစ်ခွဖြစ်နေသော ထိုမိန်းမ ကို အရေးမပေးချင်တော့ပဲ အစားအသောက်ကိုသာ ခေါင်းမဖော်တမ်းစားနေတော့သည်။

သို့သော် ကြည့်ရှုသူအပေါင်းတို့၏ အမြင်တွင် ယဲ့ယီ၏ စကားလုံးတို့ကြောင့် ကုစဲ့ နာကျင်နေသည့်ဟန် တူသွားတော့၏။

ကော့မန့် ဖန်သားပြင်ပေါ်တွင် ယဲ့ယီကို အပြင်းအထန် ကျိန်ဆဲကြတော့သည်။

[ယဲ့ယီ နင်သွားသေလိုက်တော့။ ကလေးကို သူ့အတွက် ထမင်းချက်ခိုင်းတာတောင် လွန်နေပြီ။ ဒါတောင်ဝေဖန် ရဲသေးတယ်ပေါ့]

[ယဲ့ယီ ရှင်မရှက်တတ်တော့ဘူးလား။ တော်တော်လွန်နေပြီနော်]

[ကျွန်မ ရှောင်စဲ့ လေးအတွက် စိတ်မကောင်းလိုက်တာ ။သူ့အမေသာ လန်ရွှယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ]

ထိုကဲ့သို့ ကြိမ်ဖန်များစွာ ဆဲဆိုခံရမှုများကြားမှ အချို့ပရိသတ်များက ယဲ့ယီသည် ကုစဲ့ထိခိုက်မည်ကိုသာ စိုးရိမ်နေသည်ဟု ခံစားရသည်။

[ငါ့အထင် ယဲ့ယီက ကုစဲ့တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေတာဖြစ်မှာပါ။ သူ မလွန်ပါဘူး]

သို့သော် ဤကောမန့်ထွက်လာသည်နှင့်တစ်ပြိုင်နက် အဆိုးမြင်ပရိသတ်များက ဝိုင်းဝန်းတိုက်ခိုက်ကြ၏။

[ယဲ့ယီ နင့်ကိုဘယ်လောက်ပေးခဲ့တာလဲ။ ငါလည်း ငွေရှာချင်တယ်လေ။]

[ယဲ့ယီကို မမှားဘူးလို့ထင်တဲ့သူတွေကလည်း သူ့လိုပဲ စိတ်ဓာတ်က ယုတ်မာတဲ့ မိထွေးဆိုးတွေပဲနေမှာ]

မှတ်ချက်တို့သည် ကျိန်ဆဲခြင်းတို့နှင့် တစ်ဖန် ပြည့်နှက်သွားတော့၏။

ယဲ့ယီနှင့် ကုစဲ့ကတော့ အစားကိုသာ အာရုံစိုက်နေကြသဖြင့် ဟင်းပွဲအားလုံးလိုလို ကုန်သွားတော့သည်။

ယဲယီ အစားအသောက်တို့အား အလွန်ကျေနပ်သွားလေသည်။ ထို့ကြောင့် အစားစားပြီးနောက် သူမကိုယ်တိုင် ပန်းကန်ဆေးကြောရန် ဉီးဆောင်လိုက်၏။

လန်ရွှယ်ဘက်ဝယ် ထမင်းစားချိန်တစ်လျှောက်လုံး မြင့်မြတ်သည့် အကြောင်းအရာများကိုသာ ပြောနေကြသဖြင့် ဟင်းပွဲလေးမျိုးထဲမှ ဟင်းချိုတစ်ပွဲသာ သေသေချာချာ စားမိ၏။

အပေါ်ယံကြည့်ရှုသူ အချို့သည် လန်ရွှယ် ဟန်ဆောင်လွန်းနေသည်ဟု ထင်မှတ်လာကြသည်။

[မဟုတ်ဘူး၊ ထမင်းစားရင်း ဘာလို့ဒါတွေပြောနေကြတာလဲ။ စကားကို အိပ်ရင်းနဲ့စားရင်းမပြောရဘူးဆိုတာ မသင်ခဲ့ကြဘူးလား]

[လန်ရွှယ် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ငါခံစားရတယ်။ ဘယ်လိုမိသားစုက ထမင်းစားရင်း တယောအကြောင်း ပြောကြတာလဲ]

[ဟုတ်ပ၊ ဟုတ်ပ ထမင်းကို မစားကြဘူး။ ယဲ့ယီတို့ဘက်မှာကျတော့ ပန်းကန်ပြားတွေ အားလုံးနီးပါးကုန်သွားတယ်]

လန်ရွှယ်၏ ပရိသတ်တို့လည်း ချက်ချင်းပင် ချေပကြတော့သည်။

[ခင်ဗျားတို့က အဆင့်အတန်းမြင့်တဲ့ မိသားစုကို မသိကြဘူးလား။ စားရင်းစကားပြောတာ ဘာမှားလို့လဲ။ ထမင်းစားရင်း စကားမပြောရဘူးဆိုတဲ့ဥပဒေ ရှိလို့လား။]

[တယောမတီးဖူးတဲ့လူတွေ ဘာတွေလာအော်နေကြတာတုန်း။ မင်းတို့ နားမလည်တိုင်း တခြားသူတွေကို ကဲ့ရဲ့မနေနဲ့]

ထမင်းစားပြီးသွားသောအခါ နေ့စဉ်လုပ်ရိုးလုပ်စဉ် အပိုင်းသို့ရောက်ရှိလာခဲ့၏။ အစီအစဉ်တင်ဆက်သူသည် ဤအပိုင်းတွင် လုံးလုံးပါဝင်ခြင်း မရှိတော့ပဲ ရိုက်ကူးရေးသမားတို့နှင့်သာ ဆက်လက်ရိုက်ကူးကြသည်။

နေ့စဉ်လုပ်ရိုးလုပ်စဉ် အပိုင်းတဲ့လား။

ဒါဆို စိတ်တိုင်းကျ လုပ်လို့ရတာပေါ့။

ယဲ့ယီ တောင့်တောင့်ကြီးနှင့် ရုပ်သေကြီး ဖြစ်နေသော ကုစဲ့ကို ကြည့်လိုက်ကာ မြန်မြန်ပင် ရီမုတ်ကိုယူကာ ကာတွန်းကားဖွင့်ပေးလိုက်ရသည်။

ဖန်သားပြင်ပေါ်သို့ ဆိတ်ကလေးတို့နှင့် ဝံပုလွေကြီးတို့ တိုက်ခိုက်နေသည့် မြင်ကွင်းများ ပေါ်လာ၏။

“ခင်ဗျား ဒါမျိုးကြည့်တတ်လား။ ကိုယ့်အသက်ကိုယ် ဘယ်လောက်ရှိပြီလို့ထင်လဲ “ကုစဲ့က ယဲ့ယီကို အံ့ဩစွာ လှမ်းကြည့်သည်။

ယဲ့ယီ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "အိုး၊ ငါက ဒယ်အိုးသုံးနည်း အဓိကသင်ချင်လို့ပါ"

ကုစဲ့ “…အဖေက မင်းကို အနိုင်ကျင့်ခွင့်ပေးမှာမဟုတ်ဘူး"

ယဲ့ယီ သူ့မျက်နှာကို ရုပ်တည်ကြီးနှင့်ညှစ်လိုက်သည်။ "ဒါဆို မင်းကို ငါအနိုင်ကျင့်မယ်"

ကုစဲ့၏ ကျောရိုးသည် ယခင်က ကြောက်စိတ်တို့ကြောင့် အလိုအလျောက် တောင့်တင်းသွားသော်ငြားလည်း မကြာမီပင် ယဲ့ယီ၏ စိတ်ထဲမှအသံကို ကြားလိုက်ရသည်။

[ဟီးဟီး၊ ကလေးတွေကို ခြောက်လန့်ရတာ ပျော်စရာအကောင်းဆုံးပဲ။ ဒီအရွယ်မှာကလေးတစ်ယောက်ရဲ့ မျက်နှာအမူအရာလေးတွေ ပိုပြသင့်တယ်]

ကုစဲ့သည် ယဲ့ယီ၏ လက်ကို တွန်းဖယ်လိုက်ပြီး ဒေါသနှင့် ပြောလိုက်သည်။

"သားကိုထိတာ ရပ်တော့"

နှစ်ယောက်သားကြားအပြန်အလှန် ဆက်ဆံမှုသည် ယဲ့ယီအပေါ် လူအချို့၏ ယူဆချက်တို့ကို စတင်ပြောင်းလဲသွားစေသည်။

[ရန်ဖြစ်နေပုံရပေမဲ့ လိုက်ဖက်ညီနေတယ်]

[တကယ်တော့ ငါထင်တာ ယဲ့ယီက အချစ်ကို မဖော်ပြတတ်ဘဲ ချစ်တဲ့သူတစ်ယောက်ပဲ။ သားဖြစ်သူ အလုပ်များမှာ စိုးလို့ ကုစဲ့ကို ဟင်းချက်ခွင့်မပေးတာနေမှာ]

[ယဲ့ယီ သူ့သားကို ဒီလိုဆက်ဆံတာက ငါတို့လိုမိသားစုတွေနဲ့ တကယ်တူတယ်လို့လည်း ငါခံစားမိတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လန်ရွှယ်နဲ့အခြားသူတွေကသာ ဟန်ဆောင်ပန်ဆောင်တွေလို့ ငါထင်တယ်]

[ဒီတိုင်း ကြည့်နေတဲ့သူ တစ်ယောက်ပါ၊ ဒါပေမယ့် ယဲ့ယီက အင်တာနက်ပေါ်က ပြောသလောက် လဲမဆိုးပါဘူး]

ယဲ့ယီ ကို ထောက်ခံကြတဲ့သူ အနည်းငယ်သာ ရှိကြပြီး ဆိုးရွားသော ပရိသတ်တို့ က ဆတ်ဆတ်ထိမခံကြပေ။

[ယဲ့ယီကိုကြိုက်တဲ့သူတွေ အချိန်ရရင် မျက်လုံးလေးဖွင့်ထားလိုက်အုံး]

[နေပါအုံး၊ နေပါအုံး၊ လူတွေက ယဲ့ယီကို ကာကွယ်ပေးဖို့ တကယ်ကြိုးစားနေတာလား]

မှတ်ချက်စာသားတို့သည် ရှုပ်ထွေးနေသည်။ စိတ်မကောင်းစရာမှာ ယဲ့ယီ မမြင်နိုင်ပါ။ သို့သော် ယဲ့ယီ မြင်ခဲ့ မည်ဆိုပါကလည်း သူမ ဂရုမစိုက်ပေ။

အခြားတစ်ဖက်တွင် လန်ရွှယ် ၏ မိသားစုနေ့စဉ်လုပ်ရိုးလုပ်စဉ်သည် ပိုမိုမြင့်မားသောအဆင့်ရှိ၏။

စားသောက်ပြီးနောက် လန်ရွှယ်တို့ ဒေသခံ နာမည်ကြီး ဂီတပြဇာတ် အော်ခက်စတာတစ်ခု၏ ဖျော်ဖြေပွဲကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လန်ရွှယ် ကင်မရာကို ပုံမှန်ချိုမြိန်သောအပြုံးလေး ပေးလိုက်ပြီး ပြောလိုက်၏။

"တေးဂီတပွဲကြည့်တာက ကျွန်မမိသားစုအတွက် နေ့စဉ်လုပ်ငန်းတစ်ခုပါပဲ။ အချိန်ရတိုင်းသွားလေ့ရှိတယ်လေ။ ဂီတသံတွေက ကျွန်မနှလုံးသားကိုငြိမ်းချမ်းစေပြီး အလုပ်ကို ပိုမိုအာရုံစိုက်နိုင်အောင် လုပ်ပေးတယ်”

လန်ရွှယ် ပရိသတ်များသည် ချက်ချင်းပင်သူမကို ချီးကျူးစကားများပြောတော့၏။

[ကျွန်တော့်နတ်သမီးလေးကတော့ ထင်ထားတဲ့အတိုင်းဘဲ၊ သူ့ဝါသနာတွေကတောင် သိပ်ပြီး ကျက်သရေရှိတာပဲ]

[အမှန်ပဲ။အဖေကောင်း သားကောင်း၊ ထူးချွန်သူတွေ အကုန် တစ်မိသားစုထဲ ရောက်နေတာကိုး]

[ရွှယ် ကမိသားစုနဲ့ အလုပ်ကို ဟန်ချက်ညီအောင်လုပ်တယ်။ တကယ် ကြိုးစားတာနော်]

လန်ရွှယ်နှင့် သူမခင်ပွန်းတို့ ရိုက်ကူးရေးရှေ့တွင် ချစ်ကြည်နူးပြရင်း မိသားစုသုံးယောက် ဂီတာဖျော်ဖြေရေး ပွဲသို့ သွားကြလေသည်။

လမ်းတစ်လျှောက်တွင် သူတို့သုံးယောက် ဂီတသံစဉ်တေးသွား အကြောင်း နှင့်ဆိုင်သော ပရော်ဖက်ရှင်နယ်အသိပညာများ ဆွေးနွေးလာကြ၏။

လန်ရွှယ် ပရိသတ်များသည် မှတ်ချက်တွင် ဆက်လက်ချီးကျူးကြပြီး လွင့်မျောနေသော မှတ်ချက်အနည်းငယ်သာ ရှိတော့၏။

[ရိုးရိုးသားသားပြောရရင် လန်ရွှယ်ရဲ့မိသားစုက ကင်မရာအတွက် ဟန်ဆောင်နေတာလို့ ငါခံစားရတယ်]

[ပျင်းစရာကြီး ဘယ်မိသားစုက နေ့တိုင်းဒီလိုမျိုး ပြောတာလဲ]

သို့သော် ဤမှတ်ချက်တစ်ခုနှစ်ခုတို့သည် လန်ရွှယ်ပရိသတ်များ၏ ချီးကျူးသံများအောက်တွင် လျင်မြန်စွာ မျောပါသွားရသည်။

မကြာမီတွင် လန်ရွှယ်၏မိသားစုသည် ဂီတပြဇာတ်ဆီသို့ ရောက်ရှိသွား၏။

လန်ရွှယ် ပြဇာတ်၏တာဝန်ခံနှင့် စကားပြောရန် ချဉ်းကပ်လိုက်သည်။ သူမ ဤနေရာမျိုးကို ပုံမှန်လာလေ့ရှိကြောင်း သိနိုင်လေသည်။

လန်ရွှယ်၏ ပရိသတ်တို့ကလည်း ကြွားဝါကြတော့၏။

[ရွှယ်ရဲ့ အဆင့်အတန်းနဲ့ နေရာက လုံးဝ မတူဘူးပဲ]

[ရွှယ်က အရမ်းမွန်မြတ်လိုက်တာ။ ဒါကြောင့် သူမသူဌေးနဲ့ လက်ထပ်နိုင်တာပေါ့]

တာဝန်ခံ၏လမ်းပြမှုအောက်ကြောင့် သုံးယောက်လုံး ရှေ့တန်းတွင် ထိုင်ခွင့်ရခဲ့ကြ၏။

အခြားသော ပွဲကြည့်ပရိသတ်တို့ ဂီတခံစားမှုကို အနှောင့်အယှက်မဖြစ်စေရန် ကင်မရာသမားများသည် အနောက်ဘက်တွင်သာ ရပ်ရပြီး လန်ရွှယ်တို့ကို အနည်းငယ်သာ ရိုက်ကူးနိုင်ခဲ့၏။

ကောမန့်တို့တွင် ချီးကျူးသံတို့ ဆက်လက်ပြည့်နှက်နေဆဲပင်။

သို့သော် ကြည့်ရှုသူဉီးရေသည် ထူးဆန်းစွာနှင့် အနည်းငယ်လျော့ကျသွားသည်။

အကြောင်းကား… ရသစုံအစီအစဉ်ကို မည်သူက ယခုလို ကြည့်ချင်ပါ့အံ့နည်း။

ဒီမှာဘာမှ ကြည့်ကောင်းတာမရှိဘူး။ ယဲ့ယီဆီမှာ သွားဒုက္ခပေးကြစို့။

အခန်း(၈) ယဲ့ယီ၏ သရုပ်ဆောင်စွမ်းရည်

ယဲ့ယီနှင့်ကုစဲ့တို့ဘက်တွင် ကာတွန်းကားကြည့်နေဆဲပင်။

ခဏကြာသောအခါ ပေါ်လာသော ကြော်ငြာ တို့ကြောင့် ယဲ့ယီ အေးဆေးပင် အခြား ရုပ်သံလိုင်း သို့ ပြောင်းလိုက်သည်။

တီဗွီ ဖန်သားပြင်ပေါ်မှ ရှေးကျကျ အဝတ်အစားတို့ဝတ်စား ဆင်ယင်ထားသော မိန်းမကို မြင်သောအခါ ယဲ့ယီ သ သူမကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရ၏။

အနည်းကပ် နီးကပ်စွာ ကြည့်ပြီးလိုက်ပြီးနောက်....

‘ဘုရားရေ။ အဲ့ဒါ လန်ရွှယ်မဟုတ်လား’

ယဲ့ယီ သူမ ကံမကောင်းခြင်းကို စိတ်တိုသွားတော့သည်။ သူမ လိုင်းပြောင်းရန် ပြင်လိုက်ချိန်တွင် ကုစဲ့ တားလိုက်သည်။

ကုစဲ့ လန်ရွှယ်ကို ကြည့်ရုံနှင့် သူမမှန်းသိလိုက်သည်။ သူမတို့နှစ်ယောက် လက်ရှိအခြေအနေ မကောင်းမှန်းလဲ သူသိ၏။

သူ ယဲ့ယီကို ခပ်စောင်းစောင်း ကြည့်လိုက်ပြီး တမင်တကာ ပြောလိုက်သည်။

“ ဒီဇာတ်ကားက အရမ်းကောင်းတယ်။ အဲ့အန်တီ သရုပ်ဆောင်ထားတာလဲမဆိုးဘူးနော်”

ယဲ့ယီ သူ့ကို လှမ်းကြည့်လိုက်ပြီး စကား အနည်းငယ် ရေရွတ်လိုက်သည်။

” မင်း မျက်လုံးအမြင်တွေ ဘာမှမဖြစ်တာ သေချာပါတယ်နော်”

ယဲ့ယီ ယခုလို ပြောလိုက်သည့်အတွက် လန်ရွှယ် ပရိသတ်တို့ မကျေမနပ်ဖြစ်သွားကြ၏။

[ယဲ့ယီ ဘာပြောချင်တာလဲ၊ သူ့သရုပ်ဆောင်အရည်အချင်းကျ စုတ်ပြတ်သပ်နေပြီး ငါတို့ လန်ရွှယ် ကို လာပြောနေတယ်]

[ယဲ့ယီ ဖျော်ဖြေရေးလောကကနေ ထွက်သွားစမ်းပါ။ မင်း နေ့တိုင်း ပွဲလုပ်နေတာကို မြင်ပြီး ငါတကယ် အန်ချင်လာပြီ]

[ယဲ့ယီ သူနာမည်ကြီးဖို့ ဘာမဆိုပြောမှာပဲ]

[ငါဒေါသထွက်လွန်းလို့ ရယ်ရတာ မျက်ရည်တောင်ကျတယ်။ ယဲ့ယီက တခြားသူသရုပ်ဆောင်တာကို အပြစ်ပြောရဲတယ်ပေါ့။ဖျော်ဖြေရေးလောကတစ်ခုလုံးမှာ သူ့ထက် သရုပ်ဆောင်တာ ပိုဆိုးတဲ့သူကို ရှာလို့ရမှာတောင်မဟုတ်ဘူး။]

ကုစဲ့ ရုတ်တရက် သဘောပေါက်သွားသည့် ပုံစံကို ဟန်ဆောင်ပန်ဆောင်ပြုလိုက်၍ မေးလိုက်သည်။ “အမေက ဒီအန်တီ သရုပ်ဆောင်တာ သာနေလို့ မနာလိုနေတာမလား”

ယဲ့ယီ ဒေါသ တကြီးနှင့်ရယ် ပြီးပြောလိုက်သည်။ “ငါက သူ့ကိုမနာလိုတယ်”

[ဟာသတွေလာပြောနေတယ်။ ငါဆုယူလို့ရလို့ လက်တွေတောင် နာနေတဲ့အချိန်မှာ သူက ရွှံ့အိုင်ထဲမှာ ဗွက်လူးနေတုန်းရှိသေးတယ်]

ကုစဲ့ ဆုရထားသည်ဟု ယူဆနေသည့် သူမကို ရူးနေပြီဟုသာ ထင်လိုက်သည်။

သုံးနှစ်သား လေးတောင် ယုံချင်စဖွယ်မရှိ။

ကုစဲ့မျက်နှာမှ သူမကို မယုံကြည်သည့်ပုံစံများကြောင့် သူမ သရုပ်ဆောင်မှုစွမ်းရည်များကို ဖော်ထုတ်ပြသရန် အချိန်ရောက်ပြီဟု တွေးလိုက်တော့၏။

“ကောင်လေး၊ ဒီနေ့ ငါ နင့်ကိုသနားလို့ သရုပ်ဆောင်တယ်ဆိုတာ ဘာလဲပြမယ်”

ကုစဲ့ တကယ်ကြားလိုက်ရသည့် သူမအတွေးများကတော့....

[ငါ့သားလေးက ဒီမိန်းမရဲ့သရုပ်ဆောင်မှုက ငါ့ထက်ကောင်းတယ်လို့ တကယ်ထင်နေတာကိုး။ဒါကို ငါလုံးဝသည်းမခံနိုင်ဘူး]

မှတ်ချက်များတွင် လန်ရွှယ်၏ပရိသတ်တို့ ယဲ့ယီဟာ သူ့မကိုယ်သူမ အရမ်းအထင်ကြီးနေသည်ဟု အဆက်မပြတ်လှောင်ပြောင်နေကြပြီး လူအနည်းငယ်ကတော့ ပွဲကြည့်ဖို့ အဆင်သင့်ဖြစ်နေကြတော့သည်။

[ယဲ့ယီ သရုပ်ဆောင်ပြမှာကို ပြောနေတာမလား။ကျွန်မတော့ ကြည့်ချင်လှပြီ။]

[လူရွှင်တော်ယဲ့ကတော့ ပွဲစနေပြန်ပြီ]

[လူတွေ ခင်ဗျားတို့ သတိထားတော့။ ယဲ့ယီသာ မျှော်လင့်ထားသလို မလုပ်ပြနိုင်ခဲ့ရင် မနက်ဖြန် ခေါင်းစီးသတင်းထဲမှာ ပါလာတော့မယ်]

[သူမက 'နာမည်ဆိုးနဲ့ကျော်ကြားမှု' လမ်းကြောင်းကို လျှောက်နေတာလည်း ဖြစ်နိုင်တယ်။ နာမည်ဆိုးနဲ့ကျော်ကြားတာလည်း ကျော်ကြားတာပဲမဟုတ်လား]

ယဲ့ယီ တီဗွီကို စတင် ၍ အလေးအနက်ကြည့်တော့၏။

လန်ရွှယ် ရိုက်ကူးသည့် ဇာတ်လမ်းတွဲသည် နန်းတွင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး လန်ရွှယ်သည် ဧကရာဇ်မင်း၏ အနှစ်သက်ဆုံးမိဖုရားအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲ၏ ဒုတိယအမျိုးသမီး သရုပ်ဆောင်လည်းဖြစ်သည်။

ထိုအချိန်ဝယ် လန်ရွှယ်သည် ဤဇာတ်လမ်းတွဲနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို အောင်မြင်စွာရရှိခဲ့သေး၏။

တိုက်ဆိုင်စွာပင် လူကြိုက်များသည့် အပိုင်းတစ်ပိုင်းသည် တီဗီတွင် ပြသနေလေသည်။

လန်ရွှယ် သရုပ်ဆောင်ထားသည့် ဒုတိယအမျိုးသမီးဇာတ်ကောင်သည် အဓိကအမျိုးသမီးဇာတ်ကောင်ကို သေကြောင်းကြံစည်နေသည်ကိုသိရှိသဖြင့် ဧကရာဇ်မင်းက သူမကို အအေးနန်းဆောင်သို့ ပို့မည်ဟုပြောခဲ့သည်။

ဤနေရာတွင် ဒုတိယအမျိုးသမီးဇာတ်ကောင်၏ စိတ်ခံစားမှုဖော်ပြချက်တို့သည် အလွန်အရေးကြီး၏။

သူမ ငယ်ချစ်ဖြစ်သည့် ဧကရာဇ်မင်းသည် လမ်းတစ်ဝက်မှရောက်လာသော အမျိုးသမီးတစ်ယောက်အတွက် သူမကို အအေးနန်းဆောင်သို့ ပိုတော့မည်ဖြစ်၍ မယုံကြည့်နိုင်သည့် ခံစားချက်ကို ဖော်ပြရမည်။

ဧကရာဇ်အပေါ် စိတ်ပျက်မှုနှင့် အဓိကအမျိုးသမီးဇာတ်ကောင်အပေါ် နာကျည်းမုန်းတီးမှုတို့အပြင် ထိုအချိန်တွင် ရုတ်တရက် နားလည်သဘောပေါက်သည့် ပုံဖြစ်သွားသည်။

ဒုတိယဇာတ်ကောင်အမျိုးသမီးသည် ဤနှစ်များတလျှောက် သူ့မကိုယ်သူမ လှည့်စားနေသည်ဟု ရုတ်တရက်ခံစားရ၏။ ထို့ပြင် ဂုဏ်သရေရှိ ဧကရာဇ်မင်းဟာ သူမကို လိုက်လံပိုးပန်းနေသည့် လူငယ်တစ်ယောက် မဟုတ်တော့သည့်အကြောင်းကို သိရှိသွားတော့သည်။

လန်ရွှယ် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရနိုင်ခဲ့သည့် အကြောင်းရင်းဟာ လည်း ဤ အပိုင်းကြောင့်ဖြစ်သည်။ ဤအပိုင်းသည် အခြားဆန်ကာတင်လက်ရာများကို တိုက်ရိုက်ချေမှုန်းနိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။

ယဲ့ယီ မျက်လုံးကို အသာမှိတ်လိုက်ပြီး ဇာတ်ကောင်၏နေရာကို ဝင်ရန် စိတ်ကို နှစ်မြုပ်လိုက်သည်။

သူမ မျက်လုံးပြန်ဖွင့်သောအခါ အခြားသူတစ်ယောက်ကဲ့ သို့ ခံစားလိုက်ရတော့သည်။

ကြည့်ရှုသူတို့ အံ့ဩသွားကြသည်။

[အမလေး.... ယဲ့ယီ ကိုကြည့်ရတာ တကယ့် နန်းကုန်ယွမ် ကို မြင်လိုက်ရသလိုပဲ]

[ဒါ ငါတို့သိတဲ့ ယဲ့ယီရောဟုတ်ရဲ့လား။ သူ့ကြည့်ရတာ အစားထိုးခံလိုက်ရသလိုပဲ]

[ဒီနေ့ဇာတ်လမ်းက ယဲ့ယီ ကြိုတင်စီစဉ်ထားတာပဲဖြစ်ရမယ်။ သူသရုပ်ဆောင်မှုက ငါတို့ ရွှယ်ကို ကျော်နိုင်ပါ့မလား]

[ယဲ့ယီ သူ့ကိုယ်သူ အရှက်ခွဲမိမှာကို စောင့်နေတယ်]

ယဲ့ယီ နှုတ်ခမ်းကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဇာတ်ကောင်၏ စာသားတို့ကို ပြောလိုက်သည်။

“ဟုတ်တယ် ။ ကျွန်မလုပ်ခဲ့တာပဲ ။ကျွန်မသူ့ကို သေစေချင်ခဲ့တာ”

ဤနေရာတွင် ဧကရာဇ်မင်းသည် နန်းကုန်ယွမ်ကို ပါးရိုက်လိုက်ပြီး နန်းကုန်ယွမ်ာမြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ယဲ့ယီ အဆင်တန်ဆာတစ်ခုမှ မပါဘဲ သရုပ်ဆောင်နေပါ၏။

လေထဲမှ တစ်စုံတစ်ယောက် သူမကို ရိုက်ချလိုက်သကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ယဲ့ယီ သူမ မျက်နှာကို ဖုံးကွယ်လိုက်ပြီး ပုလဲလုံးသဖွယ် မျက်ရည်လေးများ မျက်လုံးအိမ်၏ထောင့်စွန်းလေးမှ စီးကျတော့သည်။

သူမ မယုံကြည်နိုင်သော အကြည့်တို့နှင့် ခေါင်းမော့ကာ ကြည့်လိုက်သည်။

“အရှင် ကျွန်မကိုရိုက်တယ်။ ဘယ်ကလာမှန်းမသိတဲ့မိန်းမအတွက် ကျွန်မကို ရိုက်တယ်”

ယဲ့ယီ မျက်ရည်စက်တို့သည် ပုလဲလုံးကလေးများပမာ စီစီရီရီ စီးဆင်းလာတော့၏။ သူမတစ်ကိုယ် လုံးမှာလည်း မကြာခင်မှာပင် ပျောက်ကွယ်ပြိုလဲ ပျက်စီးလုနီးပါး ဖြစ်နေတော့သည်။

“အတိတ်တုန်းက အရှင်က ကျွန်မကို ချစ်တယ်လို့ ကိုယ်တိုင်ပြောခဲ့တယ်။ နန်းတွင်းမှာ မိန်းမဘယ်လောက်များများ ကျွန်မကို အမြဲတမ်းအချစ်ဆုံးပါလို့ပြောခဲ့တယ်။ အရှင် တကယ်မချစ်နိုင်မှန်းသိလျက်နဲ့ ဘာလို့ အတိတ်တုန်းက ကျွန်မကို ကတိတွေပေးခဲ့တာလဲ"

မူရင်းဇာတ်လမ်းတွင် ဧကရာဇ်သည် တမင်တကာ စကားလမ်းကြောင်းပြောင်းကာ နန်းကုန်ယွမ် အဘယ့်ကြောင့် အဓိကအမျိုးသမီးဇာတ်ဆောင်ကို အန္တရာယ်ပြုသလဲဟု မေးမြန်းအပြစ်တင်ခဲ့၏။

ယဲ့ယီ မြေပြင်ပေါ်မှ ဖြည်းညှင်းစွာထလာသည်။ သူမဘေးတွင် မည်သူမျှမရှိသော်လည်း အစေခံတစ်ယောက်က သူမကို လက်တွဲကူညီပေးမည့် ဟန်ပြုလုပ်လိုက်သည်။

ယဲ့ယီ မျက်ရည်တို့ကို သုတ်လိုက်ပြီး သူ့မအကြည့်ထဲတွင် ရုတ်တရက် လူသတ်လိုစိတ်များ ပြည့်နှက်လာတော့၏။

“အရှင်ချစ်တဲ့သူကို ကျွန်မက အဆိပ်ခတ်တယ်လို့ အပြစ်တင်တယ်၊ ဒါပေမဲ့ အရှင်တစ်ခါမှ မစဉ်းစားမိဘူးလား၊ သူ့ကြောင့် သာမဟုတ်ရင် ကျွန်မအစ်ကိုတော် ခန္ဓာကိုယ်တောင် အပြည့်အစုံ မကျန်ဘဲ သေမှာမဟုတ်ဘူး”

ဇာတ်လမ်းတွဲတွင် ဒုတိယအမျိုးသမီးဇာတ်ကောင်၏အစ်ကိုသည် အဓိကအမျိုးသမီးဇာတ်ကောင် ကိုကယ်ဖို့ကြိုးစားရင်းနှင့် ချောက်ကမ်းပါးမှပြုတ်ကျကာ သေသွားခဲ့သည်။ သူ့အလောင်းအား သားရဲတိရစ္ဆာန်တို့ ဆုတ်ဖြဲစားသောက်သွားသောကြောင့် အလောင်းပင် အပြည့်အစုံ မကျန်ခဲ့ပေ။

သူမ သိသွားသည့်အခါ နန်းကုန်းယွမ်သည် အဓိကအမျိုးသမီးဇာတ်ဆောင်ကို ချက်ချင်း ဟဲ့တင်းဟွမ်နှင့် စေခိုင်း၍ အဆိပ်ခတ်ရန်ကြိုးစားခဲ့သည်။ သို့ပေမည့် ဧကရာဇ်သည် ထိုလူကို ဖမ်းမိသွားတော့သည်။

ဤအချိန်တွင် အဓိကဇာတ်ဆောင်သည် ဒုတိယအမျိုးသမီးဇာတ်ဆောင်ကို အသည်းအသန်တောင်းပန်နေသော်လည်း တမင်တကာ သွယ်ဝိုက်ပြီး သူမ စိတ်ကို ဆွနေတော့သည်။

ဒုတိယ အမျိုးသမီးဇာတ်ဆောင် ရှေ့သို့ခြေတစ်လှန်းတိုးလိုက်ကာ စိတ်ထဲတွင် အဓိကအမျိုးသမီးဇာတ်ဆောင်၏ ကြောင်သူတော်မျက်နှာကို ဆုတ်ဖြဲချင်နေတော့၏။

သို့သော် သူမကို ဧကရာဇ်မင်းက တွန်းဖယ်လိုက်သည်။

ယဲ့ယီလည်း မြေပြင်ပေါ်သို့ တစ်ဖန်လဲကျသွားသည်။

သူမ၏ မျက်လုံးတို့ နီရဲကာ ရှေ့သို့စိုက်ကြည့်နေတော့၏။

“နင်အရမ်းဂုဏ်ယူနေတာပေါ့လေ။ နင် ငါ့ယောကျာ်းကိုခိုးပြီး ငါ့အစ်ကိုကိုလည်း အလောင်းတောင်မပြည့်စုံ မကျန်ဘဲ သေခဲ့ရတယ်။ ပိုင်င်ချင်ဝွမ် ငါတို့ နန်းကုန်မျိုးနွယ်က အတိတ်ဘဝတုန်းက ဘာအပြစ်တွေလုပ်ခဲ့လို့ ဒီဘဝမှာ ငါတို့မိသားစုကို ဖျက်ဆီးဖို့ လာရတာလဲ”

မူရင်းဇာတ်လမ်းတွဲတွင် ဧကရာဇ်သည် ဒုတိယအမျိုးသမီးဇာတ်ဆောင်ကို အအေးနန်းဆောင်သို့ ပို့ရန် အမိန့်တော်ထုတ်ပြန်လိုက်သည်။

ယဲ့ယီ ကျယ်လောင်စွာရယ်လိုက်သော်လည်း ထိုရယ်သံထဲတွင် အဆုံးမဲ့သောအထီးကျန်မှုများ ပါနေတော့သည်။

“ကျွန်မကို အအေးနန်းဆောင်ပို့တယ်ပေါ့။ ကိုယ့်ရှေ့ကလူက တစ်ချိန်ကသူ မဟုတ်တော့ဘူး၊ အချင်းချင်းကြည့်ရင်း စိတ်ပျက်ရုံပဲကျန်တယ်' ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို ကျွန်မနောက်ဆုံးနားလည်သွားပြီ။ ပေ့ချင်းယွမ် ကျွန်မ နန်းကုန်ယွမ် ဒီဘဝမှာ အကြီးမားဆုံးအမှားက ရှင့်ကိုကျွန်မချစ်ခဲ့မိတာပဲ”

ယဲ့ယီ မြေကြီးပေါ်မှထလာပြီး ဖုန်မှုန့်အများကို ခါချလိုက်သည်။

“ကျွန်မ သရုပ်မဆောင်တာတော်တော်လေးကြာနေပြီ ၊ခုကျွန်မ သရုပ်ဆောင်မှုရဲ့ ၇၀သို့မဟုတ် ၈၀ ရာခိုင်နှုန်းလောက်တော့ ကြိုးစားခဲ့ပါတယ်”

ယဲ့ယီ ဆိုဖာဆီသို့ ပြန်သွားပြီ ထိုင်လိုက်ချိန်မှ ကုစဲ့ အိပ်မက် ကမ္ဘာမှ လန့်နိုးသွားတော့သည်။

“အမေ့ကို သရဲဝင်ပူးနေတာလား”

ယဲ့ယီ ကုစဲ့ကို ခေါင်းခေါက်လိုက်သည်။

“မင်း ဘာတွေတွေးနေတာလဲ၊ မင်းအမေက သူ့ရဲ့အစွမ်းကို အရင် က မပြချင်လို့ပါနော်”

[ဟီးဟီး ငါ့ကို မြောက်စားစမ်းပါ။]

ကုစဲ့ အတွေးကမ္ဘာထဲမှ မထွက်လာနိုင်သေးပေ။ သူ ယဲ့ယီ ရိုက်ကူးခဲ့သည့် ဇာတ်လမ်းတို့ကို ယခင်ကကြည့်ဖူးပါသော်လည်း သူမ အသက်မရှိသော မျက်လုံးတို့နှင့်သာ စိုက်ကြည့်နေတတ်သည်။

ကြည့်ရှုသူတို့လည်း အံ့ဩမှုတို့နှင့် ပြည့်နှက်နေတော့သည်။

[အိုဘုရား၊ အိုဘုရား၊ အိုဘုရား ဒါ ငါသိတဲ့ ယဲ့ယီမှဟုတ်ရဲ့လား]

[ဒီသရုပ်ဆောင်မှုက လန်ရွှယ်ထက်တောင် ပိုကောင်းသေးတယ်။လန်ရွှယ်ရဲ့သရုပ်ဆောင်မှုက အတော်ကောင်းပြီးသားပါ။ ဒါပေမယ့် ယဲ့ယီဟာက သူမကို လုံးဝလွှမ်းမိုးသွားတယ်။]

[ယဲ့ယီ လှည့်ကွက်တစ်ခုခုသုံးထားတာလား။ သူ သရုပ်ဆောင်တာက အရင်ကဒီလိုမဟုတ်ပါဘူး]

[ငါလိုင်းမတက်တာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ယဲ့ယီ တော်တော် ကိုတိုးတက်လာတာပဲ]

[အမှန်တိုင်းပြောရရင်၊ ယဲ့ယီအခုလေးတင်ဖျော်ဖြေခဲ့သလိုမျိုး အကောင်းဆုံးမင်းသမီးဆုရှင်အချို့တောင် မလုပ်နိုင်ဘူး]

[ဒါပေမဲ့ ယဲ့ယီက အရင်က မျက်လုံးဖောင်းဖောင်းကြီးတွေနဲ့ပဲ ကြည့်တတ်တာလေ။ သူ တမင်တကာ ဖုံးကွယ်ထားတာလား]

[ယဲ့ယီ သရုပ်ဆောင် မကောင်းဘူးလို့ ငါ့ကိုဘယ်သူပြောတာလဲ။ ထွက်လာပြီး ရိုက်ခံလိုက်]

[ယဲ့ယီက တစ်ခြားတစ်ယောက်အဖြစ် ပြောင်းသွားသလိုပဲ]

[ယဲ့ယီ အရင်က လျှိုထားတာပဲနေမှာ]

ထိုညတွင် #ယဲ့ယီသရုပ်ဆောင်မှု #ယဲ့ယီတက်လာပြီ #ယဲ့ယီတစ္ဆေများပူးကပ်နေသလား ဆိုသည့် ခေါင်းစဉ်များ ခေါင်းစီးသတင်း၏ထိပ်ဆုံးကို တိုက်ရိုက်ရောက်ရှိသွားတော့သည်။

All Chapters