← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အပိုင်း (၁၃)

မိသားစုနှစ်စုတွေ့ဆုံခြင်း

“မင်း ဘာအဓိပ္ပာယ် မရှိတာတွေလာပြောနေတာလဲ။ ငါ အဲ့တုန်းက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာ။ ပြီးတော့ ဘယ်သူက ဒီလောက်ရက်စက်မဲ့ လူရှိမယ်လို့ ထင်မှာလဲ ”

ကုရှီချန်း မျက်နှာသည် ဒေါသကြောင့် မည်းမှောင်သွားသည်။ ဤမိန်းမသည် အမှန်တရားကို လှည့်စားရာတွင် အတော်လေး ပါးနပ်‌ပေသည်။

ယဲ့ယီ ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည်။

“ရှင် ထင်ချင်သလို ထင်။ နောက်ဆုံးခံရမှာက ရှင့်သားပဲ”

ကုရှီချန်းတစ်ယောက် ဒေါသများ ပေါက်ကွဲလုဆဲဆဲတွင် ယဲ့ယီ၏ အတွေးကို ကြားလိုက်ရသည်။ သူမ အပေါ်ယံစကားနှင့် အတွင်းစိတ်သည် ကွဲပြား‌လွန်းပေသည်။

[ခေါင်းမာမနေနဲ့တော့။ အရေးကြီးဆုံးက ဒီပြဿနာအတွက် နည်းလမ်းရှာဖို့ပဲ။ ကုစဲ့ဘယ်လိုမှ ထပ်မထိခိုက်စေရဘူး]

ကုရှီချန်း သူ့ရှေ့တွင်ရှိသည့် မိန်းမကို မသိမသာ စစ်ဆေးကြည့်လိုက်သည်။ သူ့မအတွေးတို့ကို ကြားနိုင်သည့်အချိန်မှစ၍ ဤမိန်းမသည် ယခင်ကနှင့် လုံးဝမတူသည်ကို သတိထားမိခဲ့သည်။ လူတစ်ယောက်ကို ဤမျှလောက် ပြောင်းလဲသွားအောင် ဘယ်အရာက လုပ်နိုင်သလဲဟု ကုရှီချန်း တွေးတောမိသည်။

ကုရှီချန်းသည် ယဲ့ယီကို ငုံ့ကြည့်ပြီး ပြန်ပြောလိုက်သည်။

“မင်း မဟုတ်တာတွေ လုပ်ဖို့တော့မကြံနဲ့။ဒီအစီအစဉ်ပြီးပြီးတာနဲ့ ငါတို့ ကွာရှင်းမှာ”

ယဲ့ယီ မျက်လုံးလှန်ပြလိုက်သည်။

‘သူ မရှိရင် မနေနိုင်ဘူး ထင်နေတာလား။ ခြေသုံးချောင်းနှင့် ဖားက ရှားရခက်ပေမဲ့ ခြေနှစ်ချောင်းနဲ့ ယောကျ်ားကတော့ ပေါမှပေါပဲ’

ရိုက်ကူးရေးသမားသည် သူတို့နှစ်ယောက် ရုတ်တရက် ပျောက်သွားသောကြောင့် စိတ်မောသွားသည်။ သူတို့ကိုတွေ့သည်နှင့် ချက်ချင်း ကင်မရာကို ကိုင်ပြီး အပြေးလွှားလာတော့သည်။

ယဲ့ယီ ကင်မရာသမားကို အရင်မြင်သွားသောကြောင့် ကုရှီချန်းကို ဆွဲလိုက်သည်။ ကင်မရာသမား၏အမြင်တွင် ကုရှီချန်းသည် ယဲ့ယီကို နံရံဘက်သို့ ဖိထားသည်နှင့် တူ နေသည်။

ကုရှီချန်းသည် ယဲ့ယီကို တွန်းဖယ်ချင်သော်လည်း ယဲ့ယီသည် သူ့လည်စည်းကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားပြီး သူမတို့ နှစ်ယောက်သာ ကြားရမည့် အသံဖြင့် ဆိုလိုက်သည်။

“ရှင် ကျွန်မနဲ့ အလိုက်သင့်မလုပ်ပေးဘူးဆိုရင် ရှိုးပြီးရင်လည်း ကျွန်မ ရှင့် ကို ဆက်နှောက်ယှက်နေမှာပဲ။ ဒါဆို ကွာရှင်းဖို့ မေ့လိုက်တော့”

ဤသည်မှာ ကုရှီချန်း ခြိမ်းခြောက်ခံရသည့် ပထမဆုံးအကြိမ်ဖြစ်ကာ သူ ယဲ့ယီကို လည်ပင်းညှစ်သတ်ချင်စိတ် ဖြစ်သွားသော်လည်း ဘာမှမတတ်နိုင်ခဲ့‌ပေ။

ကင်မရာသမား နီးကပ်လာသောအခါ သူတို့နှစ်ယောက် အံကြိတ်လုနီးပါး ပြင်းပြင်းထန်ထန် အချင်းချင်း စိုက်ကြည့်နေသည်ကို ဖမ်းယူလိုက်နိုင်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူတို့သည် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

[ဘာဖြစ်နေတာလဲ ။ ငါ လျောက်မြင်နေတာ ဟုတ်တယ်မဟုတ်လား]

[မနေ့က ဥက္ကဋ္ဌ ကု က ယဲ့ယီကို အော်နေတာ၊ ဒီနေ့တော့ တိတ်တိတ်လေး နံရံမှာပိတ်ထားတယ်။ ယောက်ျားတွေက ဟန်ဆောင်တတ်ကြတာပဲ]

[ဥက္ကဋ္ဌ ကု ခြိမ်းခြောက်ခံရတာမလား ။ အဲ့တိုင်း ဟုတ်ချင်မှ ဟုတ်မှာပါ]

[ဥက္ကဋ္ဌ ကု ခြိမ်းခြောက်ခံရရင် အသက်ကိုဝဝရှူလိုက်]

[မနာလိုမှုက ငါ့ရုပ်ကို ပုံပျက်စေတယ်။ အစောင့်တွေ ယဲ့ယီကို ဆွဲထုတ်ပြီး ကွပ်မျက်လိုက်စမ်းပါ]

…..

ယဲ့ယီနှင့် သူမမိသားစု သည် အပန်းဖြေဥယျာဉ်သို့ ရောက်လာသည့် အခါ ထင်ထားသည့်အတိုင်း လန်ရွှယ်နှင့် သူမမိသားစုသည်လည်း ရောက်ရှိနေပြီ ဖြစ်သည်။

အုပ်စုနှစ်စု တွေ့ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုနှုန်းသည် ထိုးတက်သွားပြီး မှတ်ချက်အပိုင်းကလည်း အရင်ကထက် ပို၍ စည်ကားလာသည်။

[ဒီထုတ်လုပ်ရေးအဖွဲ့က တော်တော်ဒုက္ခပေးတတ်တာပဲ။ ရန်သူတွေဆုံတော့ တင်းမာမှုတွေ အရမ်းကို များမှာပေါ့]

[အရင်က ရင်းနှီးဆုံးသူငယ်ချင်းတွေ အခုကျရန်သူတွေဖြစ်ကုန်ပြီ။အားလုံးပဲ မင်္ဂလာပါ ဒီကြီးမားတဲ့ အချစ်တြိဂံပုံပြင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြိုဆိုပါတယ်]

[တကယ့်ဘဝ “ဧကရာဇ်များ၏ နန်းတော်” ကြည့်နေရတဲ့အတိုင်းပဲ၊ ကြိုက်တယ်ဟေ့]

[စကားချေပကြစို့]

[တခြားအရာတွေ ဘေးဖယ်ထား အသွင်အပြင်အရတော့ ယဲ့ယီရဲ့မိသားစုက လန်ရွှယ်ရဲ့မိသားစုထက် အများကြီး ပိုသာတယ်]

[လှတာနဲ့ ဘာလုပ်ရမှာလဲ။ငါ့ ရွှယ် ရဲ့ သရုပ်ဆောင်နိုင်စွမ်းက တစ်စုံတစ်ယောက်ထက် အဆပေါင်းများစွာ သာတယ်]

[ယဲ့ယီက ငါ့ ရဲ့ရွှယ်လေးကို ဒီတစ်ခါ ဒုက္ခမပေးလောက်ပါဘူးနော်။ ငါ့ ရဲ့ရွှယ်လေးက အရမ်းဖြူစင်တယ်၊ သူမ သေတဲ့အထိ အနိုင်ကျင့်ခံရလိမ့်မယ်]

[ရှိုးကြည့်ဖို့ စောင့်နေတယ်ဟေ့]

လန်ရွှယ်သည် ယဲ့ယီဆီသို့ ပထမဆုံးချဉ်းကပ်လိုက်၏။

“ရှောင်ယီ မတွေ့တာကြာပြီနော်။ အရင်ကဖြစ်ခဲ့တာ ငါ့အပြစ်တွေပါ။ နားနေခန်းထဲမှာ ကင်မရာရှိတာကိုလည်း သတိမထားမိတာ ငါ့အပြစ်ပါနော်”

ယဲ့ယီ စိတ်ထဲတွင် မျက်လုံးလှန်ပြလိုက်၏။

‘ဘယ်လိုတောင် လာလိမ်နေတာလဲ။ ငါမသိဘူးများထင်နေလား’

ယဲ့ယီ မျက်နှာသေနှင့် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် နင့်အပြစ်ပဲ”

လန်ရွှယ် ခဏတာ ရှက်သွားသည်။ ယဲ့ယီ ယခုလို ပြန်ဖြေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

အရင်က ယဲ့ယီ ဆိုလျှင် လန်ရွှယ်နှင့် ချက်ချင်းပင် စကားများလိမ့်မည် ဖြစ်ပြီး လန်ရွှယ်ကတော့ ကြည့်ရှုသူတို့၏ စာနာမှုကို ရရှိသွားပေလိမ့်မည်။ကံဆိုးစွာနှင့် ယခု ယဲ့ယီသည် ယခင် ယဲ့ယီ မဟုတ်‌တော့ချေ။

သို့သော် လန်ရွှယ်သည် ယဲ့ယီကို ဤမျှ လွယ်လွယ်နှင့် အလွတ်‌ပေးမည် မဟုတ်ပေ။

သူမ ရုတ်တရက် ငိုသံပါဖြင့် ဆိုလိုက်သည်။

“ရှောင်ယီ နင် ငါ့ကို အပြစ်တင်နေသေးတာ ငါသိတယ်။ နားနေခန်းထဲမှာ ကင်မရာရှိမယ်လို့ ငါတကယ် မသိခဲ့တာပါ။နင်ငါ့ကို ခွင့်လွှတ်နိုင်မယ်ဆိုရင် နင်ငါ့ကို ဘယ်လောက်ပဲရိုက်ရိုက် ငါပြန်မခုခံပါဘူး”

လန်ရွှယ်၏ ပရိသတ်များမှာ စိတ်နာသွားကြသည်။

[ငါ့ ရဲ့ ရွှယ် က သိပ်စိတ်ထားကောင်းတယ်။ ယဲ့ယီက သူ့ကို အဲဒီလို ဆက်ဆံခဲ့တာတောင်မှ သူငယ်ချင်းဖြစ်ချင်နေဦးမှာ]

[ရွှယ် မင်းအပြစ်မဟုတ်ဘူး။ ဒီကောင်မကို ဘာလို့တောင်းပန်နေတာလဲ။ ဒီကောင်မကမှ မင်းကို အနိုင်ကျင့်နေတာ]

[ယဲ့ယီ နင်သေလိုက်တော့။ ရွှယ်က မှ တကယ့်ခံရတဲ့သူ၊ မင်းက သူ့ကို လာတောင်းပန်နေသေးတယ်]

[ယဲ့ယီက ငါ့ ရွှယ်ကို နောက်ကွယ်မှာ ဘယ်လိုတောင်အနိုင်ကျင့်ခဲ့တာကို တွေးကြည့်ရုံနဲ့တင် သည်းမခံနိုင်တော့ဘူး]

ယဲ့ယီ လန်ရွှယ်၏ ဟန်ဆောင်မှုကို လက်ခုပ်တီး အားပေးချင်သွားသည်။

‘တကယ့်ကို ကြာပန်းဖြူလေးပါလားနော်’

“နင့်ကို ငါမရိုက်ရဲဘူး‌နော်။ နင့်အရေပြားက ဒီလောက်ထူတော့ ငါ့လက်ကျိုးမှာ စိုးရိမ်ရတယ်ဟဲ့”

လန်ရွှယ်၏ မျက်နှာမှာ မည်းမှောင်သွားသည်။

‘ဒီကောင်မ ဘယ်တုန်းကများ ဒီလောက်ထိ ပြောရဲဆိုရဲ ရှိလာတာတုန်း’

လန်ရွှယ် က ဆက်ပြောသည် ။

“ရှောင်ယီ ငါ...”

သူမကို ပါးစပ်အဖွင့်မခံဘဲ ယဲ့ယီ ကြားဖြတ်ပြောလိုက်သည်။

“တော်တော့။ နင်နဲ့ ဒီအကြောင်းပြောဖို့ ငါစိတ်မဝင်စားဘူး။ ငါ ဒီကိုလာတာ မစ်ရှင်လုပ်ဖို့၊ နင့်ရဲ့ အာပလာ စကားတွေ နားထောင်ဖို့လာတာမဟုတ်ဘူး”

လန်ရွှယ် ပါးစပ်ပိတ်သွားရသော်လည်း ကင်မရာမမြင်နိုင်သည့် နေရာတွင် ယဲ့ယီကို ဒေါသတကြီး စိုက်ကြည့်‌နေလေ၏။

ယောက်ျားနှစ်ယောက်လည်း ရန်ဖြစ်လုနီးပါးပင်။

ချန်ထျန်မင်းသည် ကုရှီချန်းကို တမင်တကာပြောလိုက်သည် ။

“ဥက္ကဋ္ဌကု ခင်ဗျားမှာ ရသစုံအစီအစဉ်တွေ လုပ်ဖို့ အချိန်ရှိတယ်ပေါ့ ။ ကုအဖွဲ့အစည်းက အမေရိကန်ပရောဂျက်အတွက် အခုအချိန်မှာ အလုပ်ရှုပ်နေသင့်တယ် မဟုတ်လား။ ဥက္ကဋ္ဌကု ခင်ဗျားအားလုံးကို လွှတ်ထားလိုက်တော့မှာလား။ဒီပရောဂျက်ကို လက်မလွတ်စေနဲ့ဦးနော်”

လွန်ခဲ့သော ရက်အနည်းငယ်က ချန်ထျန်မင်း၏ ကုမ္ပဏီနှင့် ကုအဖွဲ့အစည်းသည် နိုင်ငံရပ်ခြားပရောဂျက်တစ်ခုအတွက် လေလံဆွဲခဲ့ကြသည်။ ပရောဂျက်ရသည့် ကုမ္ပဏီသည် နိုင်ငံရပ်ခြားစျေးကွက်ကို တိုက်ရိုက် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

ချန်ထျန်မင်းသည် ပရောဂျက်ထဲ ငွေအများကြီးမြှုပ်နှံထားပြီး အောင်မြင်ဖို့တစ်လှမ်းသာလိုသည့် အချိန်တွင် ကံဆိုးစွာနှင့် ထိုပရောဂျက်ကို ကုအဖွဲ့အစည်းက ရရှိသွားခဲ့၏။

ဤအဖြစ်အပျက်ကြောင့်ပင် ချန်ထျန်မင်းသည် ကုရှီချန်း အပေါ် ရန်ငြိုးကြီးလာကာ ကုရှီချန်း၏ မိသားစုသည် သူ့မိသားစုထက် ပို၍ အောင်မြင်သည်ကို သိပြီးနောက် ဒေါသတကြီး ဖြစ်ခဲ့ရသည်။

သူ ကုရှီချန်းကို ဒုတိယအကြိမ် ရှုံးခွင့်ပြုမည် မဟုတ်ပေ။

ကုရှီချန်းသည် သူ့ကို လုံးဝအရေးမစိုက်ဘဲ အလွန်တည်ငြိမ်စွာနှင့် ပြန်ပြောလိုက်သည်။

“ဟုတ်တာပေါ့ ကျွန်တော်က ဥက္ကဋ္ဌချန်လို ကိုယ်တိုင်အားလုံးလုပ်လို့ မရဘူးလေ။ ဒီအသေးအမွှားကိစ္စတွေကို ကုဝန်ထမ်းတွေက ကိုင်တွယ်နိုင်ပါတယ်”

ထိုစကား၏ အဓိပ္ပါယ်မှာ မင်းဒီလောက်ဂရုစိုက်တဲ့ ဒီပရောဂျက်က ငါ့အတွက်တော့ အသေးအမွှားလေးပဲ၊ ငါကိုင်တွယ်ဖို့တောင် မထိုက်တန်ဘူး။

ချန်ထျန်မင်း လှောင်ရယ်ပြီး ပြောလိုက်သည်။

“ဥက္ကဋ္ဌ ကု ခင်ဗျားလက်ထဲရောက်ပြီးသား ဘဲကို မတော်တဆ လွတ်မသွားစေနဲ့ပေါ့ဗျာ”

ကုရှီချန်သည် ဂရုမစိုက်ဟန်ဖြင့် ပြော၏။

“ဒါကို ဥက္ကဋ္ဌချန် စိတ်ပူစရာမလိုပါဘူး။ ကုအဖွဲ့အစည်းက ဒီဘဲကို လက်ထဲရအောင်ယူပြီးပြီဆိုတော့ ဘယ်လိုနည်းနဲ့မှ အဲ့ဘဲ မပျံထွက်နိုင်ပါဘူး”

ချန်ထျန်မင်း ပြင်းထန်စွာ ရှုံ့ချခံလိုက်ရပြီးနောက် ပြောစရာစကားမဲ့သွားကာ ချန်ဟောင်ယု ကို ခေါ်ပြီး တစ်ဖက်သို့ သွားလိုက်တော့သည်။

ထိုအချိန်တွင် အစီအစဉ်တင်ဆက်သူသည် ယနေ့တာဝန်ကို ကြေငြာလိုက်၏။

မိသားစုနှစ်စုသည် တာဝန်သုံးခုကို အတူတကွ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ တာဝန်သုံးခုလုံးကို အပြည့်အဝပြီးမြောက်အောင် လုပ်နိုင်သည့် မိသားစုသည် တာဝန်ကင်းလွတ်ကတ်တစ်ခု ရရှိနိုင်သည်။

ဤကတ်ကို နောက်တာဝန်တွင် တာဝန်မှကင်းလွတ်ရန် အသုံးပြုနိုင်သကဲ့သို့ အစီအစဉ်အဖွဲ့နှင့် လဲလှယ်ပြီး လျှို့ဝှက်လက်ဆောင်လည်း ရယူနိုင်သည်။

အပိုင်း(၁၄)

သား ဘာလို့ အမှောင်ကြောက်တာလဲ

လန်ရွှယ် အမြန်ဆုံးမဲနှိုက်ချင်နေပြီး မစောင့်နိုင်တော့ပေ။သူမ အစီအစဉ်ချပြီးသားပင်။ ပထမဆုံးတာဝန်သည် တစ္ဆေအိမ်ဖြစ်မည်မှာ သေချာ၏။

‘ဒီတစ်ခါ ယဲ့ယီ ငါ့ကို အသာစီးယူနိုင်ဦးမလား ကြည့်တာပေါ့’

ယဲ့ယီ၏ အရင်းနှီးဆုံးသူငယ်ချင်းအနေနှင့် လန်ရွှယ်သည် ကုစဲ့တွင် အမှောင်ကြောက်သည့် ရောဂါရှိကြောင်း သိထား၏။

လန်ရွှယ် စိတ်ထဲမှ ရယ်မောလိုက်သည်။ ကုရှီချန်းသည် ကုစဲ့ကို မည်မျှဂရုစိုက်သည်ကို သိထားသောကြောင့် ဤတစ်ခေါက်တွင် ကုရှီချန်းသည် ယဲ့ယီကို ပစ်သွားတော့မည်မှာ သေချာသလောက်ပင်။ ယဲ့ယီလည်း ဖျော်ဖြေရေးလောကကို နှုတ်ဆက်ရပေလိမ့်မည်။

အစီအစဉ်တင်ဆက်သူသည် တာဝန်ကတ်ကို ဖွင့်လိုက်သောအခါ ပထမဆုံးတာဝန်သည် တစ္ဆေအိမ်ဖြစ်နေတော့၏။

တစ္ဆေအိမ် ဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် ကုစဲ့၏ မျက်နှာသည် သိသိသာသာ တုန်လှုပ်သွားပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ယဲ့ယီ ကုစဲ့ကိုကြည့်ပြီး အလွန် ဝမ်းနည်းမိသည်။ သူ့ကို ပြေးဖက်ချင်စိတ် အလွန်ပြင်းထန်နေသော်လည်း စနစ်၏ သတိပေးချက်သည် စိတ်ထဲတွင် အမြဲပဲ့တင်သံထပ်နေသည်။

သူမအနေဖြင့် ကုစဲ့ကို စိတ်ထဲမှသာ တောင်းပန်နိုင်တော့၏။

[ငါ့အဖိုးတန်သားချောလေး ဒုက္ခတွေအများကြီးခံခဲ့ရတယ်။ ယဲ့ယီ သေသင့်တယ်။ အမေ မင်းကို အခုကစပြီး ကာကွယ်မယ်]

ကုစဲ့သည် ယဲ့ယီ၏ အတွေးတွေကို ကြားလိုက်ရပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤမိန်းမသည် အမှန်တကယ် ပြောင်းလဲသွားပုံရသည်။

လန်ရွှယ်လည်း ကုစဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိပြီး ချန်ဟောင်ယုကို တမင်တကာ ပွတ်သပ်ကာ ဆိုလိုက်သည်။

“ဟောင်ယုရေ ညီလေးက နည်းနည်းကြောက်နေပုံရတယ်။ သားသွားပြီး နှစ်သိမ့်လိုက်ပါဦး”

ချန်ဟောင်ယု ခေါင်းညိတ်လိုက်ပြီး ကုစဲ့ဘေးကိုသွားကာ မာန်ပါပါနှင့် ပြောလိုက်၏။

“ညီလေး၊ မကြောက်နဲ့၊ ငါမင်းကို ကာကွယ်ပေးမယ်”

မှတ်ချက်များတွင် ချန်ဟောင်ယုကို ချီးကျူးသော စကားတို့ ထွက်ပေါ်လာ၏။

[ဝိုး၊ ဟောင်ယုက ရဲရင့်လိုက်တာ လုံးဝမကြောက်ဘူးနော်]

[နှိုင်းယှဉ်မှုမရှိရင် ဒုက္ခမရှိဘူးဆိုတာ မှန်တယ်။ ကုစဲ့က ကြောက်လို့ မျက်နှာတောင်ဖြူသွားတယ်၊ သူ သူရဲဘောကြောင်လွန်းပါတယ်]

[ဟောင်ယုက လူငယ်လေးပဲ၊ သူ့အဖော်ကိုတောင် ကာကွယ်တတ်တယ်]

[ကုစဲ့က ချောပေမဲ့ ကြောက်တတ်လွန်းတယ်။ ငါတော့ ဟောင်ယုကို ပိုကြိုက်တယ်]

ကုရှီချန်းသည် ကုစဲ့ဆီလျှောက်သွားပြီး သူ့လက်သေးသေးလေးကို ကိုင်လိုက်ကာ ချန်ဟောင်ယုကို ပြောလိုက်သည်။

”သားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဦးသားကို ဦးလေးကိုယ်တိုင် ကာကွယ်ပေးလိုက်ပါ့မယ်”

ယဲ့ယီကလည်း ကုစဲ့၏ တစ်ဖက်ကိုသွားပြီး လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ ဆိုလိုက်သည်။

“သားသာ ကိုယ့်မိသားစုကို ကောင်းကောင်းကြည့်ရှုလိုက်ပါ။အန်တီတို့အတွက် စိတ်ပူစရာမလိုပါဘူး”

ထိုအချိန်တွင် သူတို့သုံးယောက်သည် ချစ်စရာကောင်းသောမိသားစုတစ်စုနှင့် အလွန်တူနေတော့သည်။

လန်ရွှယ်သည် ရယ်မောကာ ယဲ့ယီ အနေဖြင့် ဤအခြေအနေကို မည်သို့ကိုင်တွယ်မည်ကို ကြည့်ချင်နေ၏။

တစ္ဆေအိမ်ကို သွားသည့်လမ်းတွင် ယဲ့ယီ ကုစဲ့လေး၏ လက်ကို အချိန်ပြည့်ကိုင်ထားသည်။ ကုရှီချန်းသည် ဤမတိုင်ခင်ကတည်းက အစီအစဉ်ချထားပြီး ဖြစ်သော်လည်း သူမ အနည်းငယ်တော့ စိုးရိမ်နေမိသည်။

သူမ ကုစဲ့ အတွက် အမြဲစိုးရိမ်နေခဲ့သည်။

[ကုရှီချန်းတကယ်ပဲ အစီအစဉ်ချထားမှာပါနော်။ ရှောင်စဲ့ ထပ်စိတ်မကောင်းဖြစ်ရင် ဘယ်လို လုပ်မလဲ။ အကုန်လုံးအဆင်မပြေရင် ငါအရှုံးပေးလိုက်မယ်။ ငါတို့က အစကတည်းက ရှုံးပြီးသားပဲ။ ဒါပေမဲ့ ရှောင်စဲ့ တော့ ထပ်မထိခိုက်စေရဘူး]

ကုစဲ့ သူမ၏ အတွေးတိုင်းကို ကြားနေရ၏။

ကုစဲ့၏ စိတ်ထဲတွင် ဖော်ပြရန်မဖြစ်နိုင်သော ခံစားချက်တစ်ခု ရှိလာသည်။ ဤမိန်းမသည် အမှန်တကယ် ပြောင်းလဲသွားဟန် ရသည်။

တစ္ဆေအိမ်သို့ ရောက်သည့်အခါ လန်ရွှယ်နှင့်ဘသူမမိသားစုသည် ကုစဲ့ကို အားပါးတရ ကြည့်နေကြ၏။ ကုစဲ့ တစ်ယောက် အရှက်ကွဲတော့မည်မှာ သေချာနေသလိုပင်။

လန်ရွှယ် ရင်ထဲမှလာသည့် စကားမဟုတ်ပဲ ပြောလိုက်သည်။

“ရှောင်စဲ့ သားကြောက်ရင် အန်တီတို့နောက်က လိုက်ခဲ့နော်”

ပြောပြီးသည်နှင့် ချန်ဟောင်ယုကို ခေါ်ကာ အတွင်းထဲသို့ ဦးဆောင် ဝင်ရောက်သွားခဲ့လေ၏။

သို့သော် တစ္ဆေအိမ်အတွင်းက မြင်ကွင်းကို မြင်ရသောအခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

မူလက တစ္ဆေမင်္ဂလာဆောင် အပြင်အဆင်တို့ ကို ရုပ်သေးပြဇာတ် အပြင်အဆင်အဖြစ် ပြောင်းလဲထားပြီး မှောင်မိုက်သင့်သည့်အခန်းက ယခုအချိန်တွင် ထိန်လင်းစွာ တောက်ပနေ‌၏။

ယဲ့ယီ နှင့် ကုရှီချန်းတို့ ကုစဲ့ကို လက်ဆွဲခေါ်ကာ အတွင်းပိုင်းထဲသို့ ရောက်ရှိလာခဲ့သည်။

ကုစဲ့သည် မူလက အလွန် စိတ်လှုပ်ရှားနေခဲ့သော်လည်း ထိန်လင်းတောက်ပနေသော အခန်းကို မြင်လိုက်ရသဖြင့် စိတ်အေးသွား၏။

ယဲ့ယီ လည်း သက်ပြင်းချလိုက်သည်။ ကုစဲ့သည် အမှောင်ကိုသာ ကြောက်တတ်ခြင်း ဖြစ်သောကြောင့် အခန်းထဲ အမှောင်မကျသွားသရွေ့ အဆင်ပြေ၏။

လန်ရွှယ် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“တစ္ဆေအိမ်လိုပုံစံဖြစ်ရမှာ မဟုတ်ဘူးလေ။ ဒီပစ္စည်းတွေက တစ္ဆေအိမ်နဲ့ ဘာဆိုင်လို့လဲ”

ယဲ့ယီ အေးအေးလူလူဖြင့် ‌ဆိုလိုက်သည်။

“ဒါက ဒီအပန်းဖြေဥယျာဉ်ရဲ့ ထူးခြားချက်ပဲလေ။ တကယ်ကို ထူးခြားတယ် မဟုတ်လား”

လန်ရွှယ်သည် ယခုတွင်မူ ဒုက္ခရောက်လို့ နေ ချေပြီ။ အလင်းရောင် တောက်တောက်နှင့် ဤတစ္ဆေအိမ်ကြီးထဲတွင် သူမ မည်သို့ ညည်းညူရမည်နည်း။

ချန်ထျန်မင်း ကင်မရာဘောင်အပြင်ဘက်မှ လန်ရွှယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ လန်ရွှယ်သည် ယဲ့ယီ၏ မိသားစုကို အရှက်ခွဲပေးမည်ဟု ကတိပေးထား၏။

သို့သော် ယခု တစ္ဆေအိမ်မရှိတော့သည့်အတွက် လန်ရွှယ်သည် တခြားနည်းလမ်းရှာရတော့၏။

လန်ရွှယ်သည် အလွန်အံ့အားသင့်ဟန်ဆောင်ပြီး ကုစဲ့ ကို မေးလိုက်သည်။

“ရှောင်စဲ့ သားအရင်က အရမ်းကြောက်ခဲ့တာမဟုတ်ဘူးလား။ အခုတော့ အဆင်ပြေသွားပြီပဲ”

လူမှုရေးအရ ကုစဲ့သည် လန်ရွှယ်၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

“သား က အမှောင်ကိုပဲကြောက်တာ။ ဒီမှာ မမှောင်တော့ဘူး။ ဒါကြောင့် မကြောက်တော့ဘူး”

လန်ရွှယ် စပ်စပ်စုစု ဆက်ပြီးမေးလိုက်သည်။

“ဒါဆို သားဘာလို့ အမှောင်ကိုကြောက်တာလဲ ရှောင်စဲ့ “

လန်ရွှယ်၏ စကားကို ကြားသောအခါ ယဲ့ယီ၊ ကုရှီချန်းနှင့် ကုစဲ့ တို့အားလုံး၏ မျက်နှာထားများသည် တင်းမာသွားကြသည်။

လန်ရွှယ်သည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရယ်မောမိသည်။ ယနေ့ ကုစဲ့ ကို အရှက်မခွဲနိုင်သော်လည်း ယဲ့ယီကိုတော့ ဖျက်ဆီးနိုင်သေး၏။

သို့သော် သူမ၏ အစီအစဉ် ကျရှုံးတော့မည်မှာ ရှင်းနေ၏။

ကုစဲ့က ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

“သာ ငယ်ငယ်ကတည်းက အမှောင်ကိုကြောက်တာပါ”

သူမ ဆုပ်ကိုင်ထားသည့် ကုစဲ့၏လက်သေးသေးလေးသည် သူမ လက်ကို ညင်သာစွာ ညှစ်လိုက်သည်ကို ခံစားလိုက်ရသဖြင့် ယဲ့ယီတစ်ယောက် အလွန်ပျော်သွား၏။

[ဝါး ငါ့သားချောလေးက ငါ့လက်ကို တကယ်ကြီး ကိုင်လိုက်တယ်။ ငါ အရမ်းစိတ်လှုပ်ရှားပြီး ထခုန်မတတ်ပဲ ]

လန်ရွှယ်၏ အပြုံးသည် သူမ မျက်နှာပေါ်တွင် ချက်ချင်း ရပ်တန့်သွားသည်။ ကုစဲ့သည် ယဲ့ယီ၏ အစစ်အမှန်မျက်နှာဖုံးကို မဖော်ထုတ်ခဲ့သည်ကို သူမ အနေဖြင့် မယုံကြည်နိုင်ဖြစ်လို့နေ၏။

သူမ လက်မလျှော့သေးဘဲ ဆက်မေးလိုက်သည်။

“သားငယ်ငယ်ကတည်းက အမှောင်ကို ကြောက်တာ ဟုတ်ရောဟုတ်ရဲ့လား။ သား မကြာခင်ကမှ အရမ်း မအီမသာဖြစ်နေပုံရတယ်။ မဟုတ်မှလွဲရော သားရဲ့အမှောင်ကြောက်တာက စိတ်ဒဏ်ရာတစ်ခုခုကြောင့်များလား”

ကုစဲ့ မဖြေခင်မှာပင် ယဲ့ယီသည် စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

“ဘာလို့လဲ၊ မွေးရာပါ အမှောင်ကြောက်တာ ထူးဆန်းနေလို့လား”

ယဲ့ယီသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်‌လို့ နေသည်။

[ဘာလဲ နင်က ပါးစပ်ရှိတိုင်း ကြီးကျယ်နေတာလား။ လူ့တစ်ယောက်ရဲ့ အနာဟောင်းကို နင်းရတာ ပျော်နေတာလား။ နင့်ကို အလင်းနိုင်ငံတော်အထိ ရောက်သွားအောင် ပါးရိုက်ပြီး အော်ထရာမန်းကိုတောင် နင်းချေခိုင်းပစ်ချင် နေတာ]

ကုစဲ့ မနေနိုင်တော့ပဲ ထရယ်လိုက်သည်။

‘ဒီမိန်းမက အလင်းကိုလည်း ယုံကြည်တာပဲ’

လန်ရွှယ်သည် ကုစဲ့ကို ယဲ့ယီ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းကို ဆက်ပြီး ဖော်ထုတ်ချင်သော်လည်း သူမဆက်ပြောပါက ပရိသတ်တို့က ကန့်ကွက်ကြမည်ကို စိုးရိမ်သည့်အတွက် လက်လျှော့လိုက်ပြီး နောက်ထပ်အခွင့်အရေးကိုသာ ရှာရတော့သည်။

ပီနိုချီကိုတွင် အရွယ်အစား အမျိုးမျိုးရှိသည့် ရုပ်သေးရုပ်တို့နှင့် ပြည့်နေ၏။ သူတို့ ပဟေဠိပါသော ရုပ်သေးရုပ်များကို ရှာဖွေကာ အဖြေရှာရမည် ဖြစ်ပြီး ထိုမှသာလျှင် အပြင် ထွက်လို့ရမည်။

ဤအပြင်အဆင်ကို ဖန်တီးထားသည့် ဒီဇိုင်နာသည် အတော်လေး ကျွမ်းကျင်သည်ဟု ပြောရမည်။ ပဟေဠိကို ဖြေနိုင်မနိုင်ကို ထည့်မဆိုခင် ပဟေဠိဖြေဖို့ ရုပ်သေးရုပ် ကိုယ်တိုင်ရှာခြင်းကပင် လွယ်ကူသည့် ကိစ္စမဟုတ်ချေ။

သူတို့အုပ်စုလိုက်ကြီး ရုပ်သေးရုပ်ပုံးကြီးထဲတွင် အချိန်အတော်ကြာအောင် ရှာခဲ့ရ၏။

နောက်ဆုံးတွင် ယဲ့ယီသည် ပဟေဠိပါသည့် ပထမဆုံးရုပ်သေးရုပ်ကို အောင်မြင်စွာ ရှာတွေ့သွားသည်။

လန်ရွှယ်၏ မိသားစုလည်း မျက်နှာပျက်ပျက်ဖြင့် ယဲ့ယီဆီ ချဉ်းကပ်လာသည်။ အကြောင်းမှာ သူတို့အားလုံး ပဟေဠိကို အတူတူဖြေရှင်းမှသာလျှင် အပြင်သို့ထွက်နိုင်မည် ဖြစ်သည်။

ယဲ့ယီသည် ရုပ်သေးရုပ်၏နောက်ကျောကို ဖွင့်လိုက်သည့်အခါ စာရွက်သေးသေးတစ်ရွက် ရှိနေသည်။

ယဲ့ယီသည် စာရွက်သေးသေးလေးကို ဖွင့်ပြီး အထဲ၌ ရေးထားသည့် ပဟေဠိတစ်ပုဒ်ကို မြင်လိုက်ရသည်။

မက်မွန်သီးတစ်လုံးကို တစ်မတ်နှင့်ဝယ်ရပြီး မက်မွန်စေ့သုံးစေ့ကို မက်မွန်သီးတစ်လုံးနှင့်လဲလှယ်လို့ ရသည်။သင့်တွင် တစ်ဒေါ်လာ ရှိလျှင် မက်မွန်သီးဘယ်နှစ်လုံး စားနိုင်မည်နည်း။

All Chapters