အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း(၁၅)
ပျံသန်းခြင်း၏ခံစားချက်
သူတို့ခြောက်ယောက်လုံး ပဟေဠိကို အဖြေရှာကြ၏။
လန်ရွှယ်သည် ချန်ဟောင်ယုကို ပါရမီရှင်ကလေးအဖြစ် ထင်ရှားစေချင်သောကြောင့် ပြဿနာကိုဖြေရှင်းရန် အဆက်မပြတ်တိုက်တွန်းနေသော်လည်း ချန်ဟောင်ယုသည် အချိန်အတော်ကြာ စဉ်းစားနေသည့်တိုင်အောင် မဖြေရှင်းနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ကျပန်း နံပါတ် ၂၀ ကို တင်သွင်းလိုက်ရာ ရလဒ်သည် ထင်ထားသည့်အတိုင်း မှားယွင်းနေခဲ့သည်။
သို့ပေမည့် ထိုအချိန်မှာပင် ကုစဲ့လည်း အဖြေကို တွက်ထားပြီး ဖြစ်သည်။
ကုစဲ့သည် အဖြေကို ဘုတ်ပေါ်တွင် ၁၅ ဟုရေးလိုက်၏။
အေးစက်စက် စက်ရုပ်အသံတစ်ခုက ချက်ချင်းထွက်ပေါ်လာ၏။
”အဖြေမှန်ကန်ပါသည်။ နောက်ထပ်ပဟေဠိ ငါးခုက စောင့်မျှော်နေပါသည်”
လန်ရွှယ် ကုစဲ့၏အဖြေ မှန်ကန်သည့်အတွက် အလွန်ဒေါသ ထွက်သွား၏။
သူမ တမင်တကာ ပြောဆိုလိုက်သည်။
”ရှောင်စဲ့က တကယ်ကံကောင်းတာပဲ၊ ပထမအကြိမ်မှာတင် မှန်းတာ မှန်သွားတာပဲ”
ကုစဲ့သည် မျက်မှောင်ကြုတ်ကာ သူ့မူကြမ်းစာရွက်ကို ထုတ်ပြလာပြီး ဖြောင့်မတ်စွာ ပြောလိုက်သည်။
“ဒါက သားတွက်ထားတာ၊ မှန်းလိုက်တာမဟုတ်ဘူး”
ကင်မရာသည် ကုစဲ့၏မူကြမ်းစာရွက်ဆီသို့ ဦးတည်လိုက်ပြီး စာရွက်ပေါ်တွင် တွက်ချက်မှုပုံသေနည်းအချို့ ရေးထားသည်ကို တွေ့လိုက်ရ၏။
သူတို့ နားမလည်မှာစိုး၍ ကုစဲ့သည် သူတို့ကို စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။
“ယွမ် ၁ယွမ် နဲ့မက်မွန်သီး ၁၀ လုံးဝယ်စားရင် အစေ့၁၀ စေ့ကျန်မယ်။ ဒါကို မက်မွန်သီး ၃ လုံးထပ်လဲစားရင် အစေ့ ၄ ခုကျန်မယ်။ နောက်ထပ် မက်မွန်သီးတစ်လုံး ထပ်လဲစားရင် အစေ့ ၂ စေ့ကျန်မယ်။ မက်မွန်ရောင်းသူဆီက အကြွေးနဲ့ မက်မွန်သီးတစ်လုံး တောင်းစားရင် အစေ့ ၃ စေ့ကျန်မယ်။ မက်မွန်ရောင်းသူကို အစေ့အားလုံး ပေးလိုက်ပြီး အကြွေးဝယ်ထားတဲ့ မက်မွန်သီးကို ဆပ်လိုက်တယ်။ ဒါကြောင့် စုစုပေါင်းစားခဲ့တဲ့ မက်မွန်သီးအရေအတွက်က ၁၀+၃+၁+၁ = ၁၅ လုံးပါ”
ကုစဲ့၏ ရှင်းပြချက်အပြီးတွင် မှတ်ချက်အပိုင်းသည် ပြန်လည် စည်ကားလာ၏။
[ဝိုး၊ ဒီနေ့ခေတ်ကလေးတွေ ဒီလောက် တော်ကြလား။ငါ ကိုယ်တိုင်စဉ်းစားကြည့်သေးတယ်၊ မှန်အောင် မဖြေနိုင်သေးဘူး။]
[ ငါ အခုတင် အပြစ်တင်စောသွားတယ်။အမှောင်ကိုကြောက်တာက သိပ်အရေးမကြီးပါဘူး ဟုတ်တယ်မလား]
[ဒါအစပဲ ရှိသေးတယ် ဟောင်ယုက နောက်ကျရင် ကောင်းကောင်းလုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်]
ယဲ့ယီ၏ ဂုဏ်ယူမှုသည် သူမ မျက်နှာပေါ်တွင် ထင်ရှားနေပြီး စိတ်ထဲတွင် ကုစဲ့ကို မိုးမွှန်အောင် ချီးမွမ်းနေတော့သည်။
[ငါ့ရဲ့အဖိုးတန်သားလေး၊ ထင်တဲ့အတိုင်းပဲတော်လိုက်တာ။ဟိုကလေးကို လုံးဝနင်းချေလိုက်တယ်။ သူ့ကို နမ်းချင်လိုက်တာ ။ဘာလုပ်ရမလဲ]
ကုစဲ့ မျက်နှာသည်ပင် အနည်းငယ် နီမြန်းလာ၏။ တကယ်တမ်းတွင် သူ သိပ်တော်နေခြင်း မဟုတ်ဘဲ ပဟေဠိကသာ အလွန်ရိုးရှင်းနေသောကြောင့် ဖြစ်၏။
ကုရှီချန်းကလည်း ကုစဲ့ကို တော်တယ်ဆိုသည့်အကြည့်တစ်ချက် ပေးလိုက်သည်။
ဤမိသားစု ပျော်ရွှင်နေချိန်တွင် ကျန်သည့်မိသားစုသုံးယောက်မှာတော့ မပျော်ရွှင်နိုင်တော့ပေ။
သို့သော်လည်း လန်ရွှယ်သည် ချစ်စဖွယ်မိခင်ပုံစံကို ထိန်းသိမ်းထားရင်း ချန်ဟောင်ယုကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။
“ဟောင်ယု၊ ဘာမှမဖြစ်ပါဘူး၊နောက်ထပ် အခွင့်အရေး ငါးကြိမ်ရှိသေးတယ်။ ဆက်ကြိုးစားကြည့်ရအောင်နော်”
ချန်ဟောင်ယုသည် မကျေမနပ်ဖြစ်ပုံရပြီး ပဟေဠိရှာဖွေခြင်းကို အရှိန်မြှင့်လိုက်သည်။
နောက်အချိန်များတွင် ကုစဲ့နှင့်ယဲ့ယီသည် ပဟေဠိ သုံးခုထပ်ရှာတွေ့ပြီး လန်ရွှယ်တို့ကလည်း နောက်ထပ် နှစ်ခုကို ရှာတွေ့ခဲ့သည်။
သို့သော် ပဟေဠိများကို ဖြေရှင်းသည့်အခါ ချန်ဟောင်ယုသည် တစ်ခုသာ ဖြေရှင်းနိုင်ပြီး ကုစဲ့ကတော့ ကျန်သည့်လေးခုကို ဖြေရှင်းနိုင်ခဲ့သည်။
ဤကိစ္စတွင် လူကြီးများမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။ ဤသည်မှာ ကလေးနှစ်ယောက်၏ ယှဉ်ပြိုင်မှုသက်သက်သာ ဖြစ်သည်။ ဤပြိုင်ပွဲတွင် ကုစဲ့သည် ချန်ဟောင်ယုကို အတိအလင်း အနိုင်ယူခဲ့သည်။
နောက်ဆုံးတွင် ယဲ့ယီမိသားစုသည် ပထမဂိမ်းကို အောင်မြင်စွာ အနိုင်ရရှိသွားခဲ့သည်။
လန်မိသားစုဝင် အားလုံး၏ မျက်နှာများသည် ပိုမို မည်းမှောင်လာ၏။အထူးသဖြင့် ချန်ထျန်မင်း မျက်နှာသည် အညစ်အကြေး စားလိုက်ရသလိုပင်။ သူ့ကုမ္ပဏီသည် ကုရှီချန်း၏ ကုမ္ပဏီနှင့် မယှဉ်နိုင်ရုံတင်မကပဲ ယခု သူ့သားကပါ ကုရှီချန်း သားကို မယှဉ်ပြိုင်နိုင်ပေ။
မှတ်ချက်အပိုင်းတွင် ကုစဲ့အတွက် ချီးမွမ်းစကားများနှင့် ပြည့်နှက်နေပြီး အစပိုင်းတွင် အလားအလာအကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် ချန်ဟောင်ယုကတော့ ဇာတ်ပို့အဖြစ် ပြောင်းလဲသွားလေ၏။
ထုတ်လုပ်ရေးအဖွဲ့က မိသားစုနှစ်စုအတွက် အနားယူချိန် စီစဉ်ပေးခဲ့သည်။
ချန်ထျန်မင်းသည် ကင်မရာကို ရှောင်ကွင်းပြီးလန်ရွှယ်ကို ဘေးဆွဲခေါ်သွားသည်။
သူ ချက်ချင်းမေးခွန်းထုတ်လိုက်သည်။
”ဘာဖြစ်ကုန်တာလဲ ၊ မင်း ကုရှီချန်းရဲ့သားကို အရှက်ရစေဖို့ အစီအစဉ်အားလုံး ပြင်ဆင်ပြီးသားဆို။ အခုကြည့်စမ်း။ ငါ့သားက သူ့သားအတွက် ဇာတ်ပို့ဖြစ်သွားပြီ “
လန်ရွှယ်ကလည်း အင်မတန် စိတ်ရှုပ်ထွေးနေ၏။
‘ဘယ်လို အပန်းဖြေဥယျာဉ်က သရဲအိမ်ကို ဒီလိုပုံစံမျိုး လုပ်လို့တုန်း’
သို့သော်လည်း ဖြစ်ခဲ့ပြီးသား ကိစ္စဖြစ်သောကြောင့် သူမ လုပ်နိုင်သည်မှာ ချန်ထျန်မင်းကို ခဏတာ နှစ်သိမ့်ပေးရန်သာ ရှိတော့သည်။
“အပန်းဖြေဥယျာဉ်က ဒီလိုပုံစံဖြစ်လိမ့်မယ်လို့ ကျွန်မလဲ မထင်ခဲ့ဘူး။ စိတ်မပူပါနဲ့၊ ဒါပထမအချီပဲ။ နောက်ထပ် အခွင့်အရေးတွေ ရှိပါသေးတယ်။ ပြီးတော့ ဟောင်ယုက သိပ်ထူးချွန်တယ်၊ သူ ကုစဲ့ကို ကျော်နိုင်မှာသေချာတယ်”
ချန်ထျန်မင်း၏ မျက်နှာအမူအရာသည် ချန်ဟောင်ယုဆိုသည့်အသံ ကို ကြားလိုက်ရချိန်တွင် အနည်းငယ် ပျော့ပြောင်းသွားသည်။ ဤသားသည် သူ့ဇနီးဟောင်း တစ်နည်းအားဖြင့်သူ့အချစ်ဦးနှင့်ရခဲ့သည့် ကလေးဖြစ်သည်။
ထို့ကြောင့် သူသည် ထိုကလေးအပေါ်တွင် အထူး ခံစားချက်တို့ရှိသည်။ ထို့အပြင် ဤသားကပင် သူ့အတွက် ဂုဏ်တက်စေသည့် ကိစ္စများကို အများကြီး လုပ်ဆောင်ပေးခဲ့သည်။
သိပ်မကြာခင် မိသားစုနှစ်စုသည် တာဝန်ကတ်များကို အသီးသီး ထပ်မံ ဆွဲယူခဲ့ကြသည်။
ဤတစ်ခေါက်တွင် ယဲ့ယီသည် တာဝန်ကတ်ကို ဆွဲမိခဲ့သည်။
ယဲ့ယီရရှိသည့် တာဝန်မှာ”ရေဗဟုသုတတိုက်ပွဲ” ဖြစ်သည်။ မိဘနှစ်တွဲစလုံးသည် ရေကန်ဘေးရှိ ကုလားထိုင်ပေါ်မှာ ထိုင်နေရမည်။ကလေးနှစ်ယောက်သည် မေးခွန်းတို့ကို ဖြေဆိုရမည်။
မေးခွန်းကို မဖြေဆိုနိုင်သည့် မိဘဘက်က ရေကန်ထဲသို့ ပစ်ချခံရမည်။မေးခွန်း ၁၅ ခုထဲမှ အများဆုံး ဖြေနိုင်သည့်ဘက်က အနိုင်ရမည် ဖြစ်သည်။
နှစ်ဘက် မိဘများ အဝတ်အစားလဲပြီးနောက် ၊ ကလေးနှစ်ယောက်ကလည်း သတ်မှတ်နေရာတွင် ထိုင်ကာ အသင့် စောင့်နေသည်။
ဂိမ်းစတင်သည်နှင့် ချန်ဟောင်ယုသည် မေးခွန်းများကိုပင် မဖတ်ဘဲ အဖြေခလုတ်ကို တန်းဖိလိုက်၏။
ဤအတွက် လန်ရွှယ်မှ သူ့ကို စောစောကသင်ပေးခဲ့ခြင်း ဖြစ်သည်။သူ အဖြေရရ မရရ ခလုတ်ကို အရင်နှိပ်ရန် ပြောခဲ့၏။
ချန်ဟောင်ယုသည် ဖြေဆိုခွင့်ကို အရင်ဆုံး ရရှိခဲ့သည့်အတွက် ကုရှီချန်းနှင့် ယဲ့ယီတို့ သည် ရေထဲသို့ ပစ်ချခံရတော့သည်။
ကုစဲ့ အနေဖြင့် အပြစ်ရှိသလို ခံစားလိုက်ရသည်။
ထိုစဉ် ယဲ့ယီက ဟာသအဖြစ် ပြောဆိုလိုက်သည်။
“ဒီနေ့ကပူလိုက်တာ၊ရေချိုးဖို့ အဆင်ပြေဆုံးနေ့ပဲ”
ကုစဲ့သည် သူမ သူ့ကို နှစ်သိမ့်နေသည်ကို သိသောကြောင့် ယဲ့ယီအပေါ် ထားရှိသည့် သူ၏အမြင်မှာလည်း သိသိသာသာ ပြောင်းလဲသွားတော့၏။
မေးခွန်းတစ်ခု ပေးလိုက်သည်နှင့် ကုရှီချန်းနှင့်ယဲ့ယီတို့သည် လေထဲသို့ ပစ်လွှတ်ခံလိုက်ရပြီး ရေကန်ထဲသို့ ဗုန်းခနဲ့ ပြုတ်ကျသွားတတ်သည်။
ယဲ့ယီသည် ရေထဲမှ အမြန်ကူးထွက်လာပြီး ကုရှီချန်းကလည်း သူမနှင့် မနီးမဝေးနေရာမှ ကူးထွက်လာသည်။
ကုရှီချန်း၏ အဝတ်များ ရေစိုသွားသဖြင့် သူ့၏ အရစ်ရှစ်ခုရှိသည့် ဗိုက်ကြွက်သားတို့ကို ခပ်ဝါးဝါး မြင်နေရသည်။
ယဲ့ယီက “ပုံစံဆိုတာ ဗလာ၊ ဗလာဆိုတာ ပုံစံ” ဆိုသည့်စကားကို စိတ်ထဲတွင် အကြိမ်ကြိမ်ရွတ်ဆိုရင်း သူ့ကို မကြည့်မိအောင် အားထုတ်နေရ၏။
လန်ရွှယ်သည် ယဲ့ယီ တစ်ယောက် ရေထဲ ပြုတ်ကျသွားသည်ကို ကြည့်ရင်း ၊ အလွန်ဝမ်းသာနေပြီး သူမဘေးနားမှ ချန်ထျန်မင်းကလည်း ကုရှီချန်းကို တမင်တကာ ရန်စသည့်အကြည့်မျိုး ပေးလိုက်သည်။
သို့သော် ကုရှီချန်းကတော့ သူ့ကို လျစ်လျူရှုထား၏။
ထုတ်လုပ်ရေးအဖွဲ့သည် ချန်ဟောင်ယုကို မေးခွန်းများ စတင်မေးလေသည်။လန်ရွှယ်သည် ချန်ဟောင်ယု၏ ဗဟုသုတသည် သူနှင့်ရွယ်တူကလေးများထက် အများကြီးသာကြောင်း ယုံကြည်မှု လွန်ကဲနေပြီး သူ ဖြေနိုင်မည်ဟု တထစ်ချ ယုံကြည်ထားသည်။
သို့သော် ရလဒ်များက ထင်မှတ်မထားသော ရလဒ်များသာ ဖြစ်နေသည်။
အလွန် စိတ်လှုပ်ရှားနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ချန်ဟောင်ယုသည် အလွန် ရိုးရှင်းသော မေးခွန်းများကိုပင် မဖြေဆိုနိုင်ခဲ့ပေ။
လန်ရွှယ်၏အပြုံးတို့ သည် မျက်နှာပေါ်တွင် တောင့်တင်းသွားပြီး နောက်စက္ကန့်တွင် သူတို့လည်း ပစ်လွှတ်ခံလိုက်ရသည်။
နောက်ဆုံးမှာတော့ ထုတ်လုပ်ရေးအဖွဲ့သည် ကုစဲ့ကို ဖြေခွင့်ပေးလိုက်သည်။ကုစဲ့သည် အေးအေးလူလူဖြင့် အဖြေမှန်ကို ဖြေဆိုလိုက်သည်။
ယဲ့ယီသည် လန်ရွှယ်ကို အောင်ပွဲခံသည့် အကြည့်မျိုးဖြင့် တမင်တကာ ကြည့်လိုက်သည်။ ယင်းက လန်ရွှယ်ကို လွန်စွာဒေါသထွက်သွားစေသည်။
ဒုတိယမေးခွန်းသို့ ရောက်သောအခါ ကုစဲ့သည်လျှပ်စီးလက်သကဲ့သို့ အဖြေခလုတ်ကို လျင်မြန်စွာ ဖိလိုက်သည်။
လန်ရွှယ်နှင့် ချန်ထျန်မင်းတို့ သည် ပျံသန်းရခြင်း၏ ခံစားချက်ကို နောက်တစ်ကြိမ် ပြန်ခံစားလိုက်ရပြီး သူတို့နှစ်ယောက်စလုံး၏ ပုံစံများမှာ ရှုပ်ပွနေလေ၏။
လန်ရွှယ်သည် ရေထဲမှတက်လာပြီးနောက် ခေါင်းမာစွာ နှင့် ဆက်ပြောလိုက်သည်။
”ရှောင်ယီ အရမ်းပျော်မနေနဲ့ဦး၊ သူမှားဖြေမိရင် ဘယ်လိုလုပ်မလဲ”
ယဲ့ယီကလည်း ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။
“ဒါဆိုရင်လည်း ပျံသန်းရတဲ့ ခံစားချက်ကို နောက်တစ်ကြိမ် ထပ်ခံစားရုံပေါ့။ ဒီခံစားချက်ကို ငါတော့ အတော်လေး ကြိုက်တယ်”
အခန်း(၁၆)
အမလေး လေး
ယဲ့ယီ သူ့ကို နှစ်သိမ့်နေသည်အား သိပြီး ကုစဲ့ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောထွေးနေခဲ့သည်။
သို့သော် ဤမေးခွန်းမှာ မခက်ခဲပေ။ထန်မင်းဆက်ကဗျာဆရာ လီပေါ်၏ ကဗျာတစ်ပုဒ်ကို ကျက်မှတ်ထားရန်သာ လိုအပ်သည်။
ကုစဲ့သည် “ရှူဒေါင်းလမ်းခက်ခဲပုံ” ကဗျာကို တည်ငြိမ်စွာ ရွတ်ဆိုလိုက်ပြီး အင်တာနက်အသုံးပြုသူအားလုံးကို ဆွဲဆောင်လိုက်သည်။
[ဒါက တကယ်ပဲ ခုနစ်နှစ်အရွယ်ကလေးလား။ ငါ ခုနစ်နှစ်တုန်းက ရွှံ့ထဲမှာ ကစားနေတုန်းပဲ ရှိသေးတယ်]
[ပါရမီရှင်ကလေး၊ သူ့ကို ငါချစ်သွားပြီ]
[ဒီနေ့ကစပြီး သူဟာ ငါ့ရဲ့အင်တာနက်သားလေး ဖြစ်သွားပြီ]
ထို့နောက် ကလေးနှစ်ယောက်သည် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မည်သူက ခလုပ်ကို အရင်နှိပ်န်ိုင်သည်ကို ကြိုးစားယှဉ်ပြိုင်တော့သည်။
သို့သော် ကုစဲ့သည် မေးခွန်းတိုင်းကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်သည်။ ချန်ဟောင်ယုကလည်း အစပိုင်းတွင် အဆင်ပြေသော်လည်း သူ မှားယွင်းစွာဖြေမိပြီးနောက်တွင် လန်ရွှယ်သည် စိုးရိမ်ပူပန်စွာ အဆက်မပြတ် တွန်းအားပေးလို့လာသည်။
အကျိုးဆက်အနေနှင့် ချန်ဟောင်ယုသည် စိတ်လှုပ်ရှားလွန်ကာ သူ မှန်မှန်ကန်ကန် ဖြေနိုင်ရမည့် မေးခွန်းအားလုံးကို ကုစဲ့အား အမှတ် ပေးမိသွားခဲ့သည်။
ကစားပွဲသည် တစ်နာရီကျော်ကြာပြီး နောက်ဆုံးတွင် ကုစဲ့သည် ၁၀ မှတ်ရကာ ချန်ဟောင်ယုသည် ၅ မှတ်သာ ရခဲ့၏။
လန်ရွှယ်၏ ယခင်ကတည်းက မပြုံးမချိုမျက်နှာအမူအရာသည် ပို၍ပင် ဆိုးရွားလာတော့သည်။
ဤအစီအစဉ်သည် အပန်းဖြေဥယျာဉ်၏ မူလအစီအစဉ် မဟုတ်ချေ။ အပန်းဖြေဥယျာဉ်မန်နေဂျာသည် လန်ရွှယ်၏ တောင်းဆိုချက်အရ အထူးပြင်ဆင်ပေးထားခြင်းသာ ဖြစ်၏။
တစ်ဖက်တွင် ချန်ဟောင်ယု၏ ပါရမီရှင်ကလေးပုံရိပ်ကို တည်ဆောက်ရန်နှင့် နောက်တစ်ဖက်တွင် ယဲ့ယီသည် ရေမကူးတတ်ကြောင်း သိသောကြောင့် သူမ ရေထဲသို့ ပစ်ချခံရတိုင်း ကုစဲ့ကို အပြစ်တင်စေလိုသောကြောင့်ဖြစ်သည်။
တကယ့်ရလဒ်မှာ ယဲ့ယီသည် ကုစဲ့ကို အပြစ်မတင်ခဲ့ချေ။ လန်ရွှယ်သည် ချန်ဟောင်ယု ဖြေဆိုနိုင်လောက်မည့် မေးခွန်းများကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ချန်ဟောင်ယုသည် အရေးကြီးသောအချိန်တွင် လွဲချော်သွားခဲ့သည်။
လန်ရွှယ်သည် အလွန်ဒေါသထွက်သွားသော်လည်း ဘာမှပြောမရသောကြောင့် သူမ အမှားအားလုံးကို ယဲ့ယီအပေါ် သာ ပုံချပြီး ၊ ယဲ့ယီ၏ ဂုဏ်သတင်းကို ပို၍ပင် ဖျက်ဆီးချင်လာတော့သည်။
ပွဲပြီးသည့်အခါ လန်ရွှယ်၏မိသားစုသည် ရှုံးရုံတင်မကပဲ ချန်ဟောင်ယုကလည်း ကုစဲ့အတွက် ဇာတ်ပို့သက်သက် ဖြစ်သွားခဲ့သည်။
လန်ရွှယ်၏ ဆူပုတ်နေသော မျက်နှာထားကို မြင်လိုက်ရသော ယဲ့ယီသည် ကြိတ်ပြီး ပြုံးနေလေ၏။
‘ဒါက သူတို့ပြောတဲ့ ကံကောင်းခြင်းအလှည့်ဆိုတာပဲလေ’
‘ငါ့သားက တကယ်ကို အတော်ဆုံးပဲ။ တခြားကိစ္စတွေမှာ ရှုံးနိုင်ပေမဲ့ သားအချင်းချင်း ယှဉ်ရင်တော့ ငါ့သားက အတော်ဆုံးပဲ’
ကုစဲ့သည် ယဲ့ယီ၏ ဂုဏ်ယူဝင့်ကြွားနေသော အကြည့်တို့ကို မြင်ပြီး သူ့နားရွက်များပင် နီရဲလာတော့၏။
တတိယတာဝန်မှာ အပန်းဖြေဥယျာဉ်၏ ကိုယ်ပိုင်ယာဉ်တစ်ခုဖြစ်သည့် အလွန်နာမည်ကြီးသော သေမင်းတမန် ရိုလာကိုစတာဖြစ်သည်။ နာမည်ကြားရုံနှင့်ပင် ဤအရာသည်မည်မျှ စိတ်လှုပ်ရှားစရာကောင်းသည်ကို သိနိုင်သည်။
တာဝန်မှာ မိသားစုနှစ်စုသည် ရိုလာကိုစတာ စီးနင်းရင်း ရိုက်ကူးထားသည့် ဓာတ်ပုံတို့ကို Weiboတွင် တင်ရမည်။ဓာတ်ပုံအများဆုံးရသည့်အဖွဲ့က အနိုင်ရမည် ဖြစ်သည်။
လန်ရွှယ်သည် ဤပရောဂျက်အကြောင်း အရင်ကတည်းက သိထားပြီး ဖြစ်သောကြောင့် သူမ မျက်နှာအမူအရာများကို အချိန်အတော်ကြာ လေ့ကျင့်ထားခဲ့သည်။ ရိုက်လိုက်သည့်ဓာတ်ပုံတိုင်း လှအောင်သေချာစေရန် ဖြစ်သည်။
ရိုလာကိုစတာစီးသည့်အခါ လူတိုင်း၏မျက်နှာအမူအရာများသည် ပုံပျက်ပန်းပျက် ဖြစ်တတ်သည်။ ယဲ့ယီသည် ကဏ္ဍတိုင်းနီးပါးတွင် ဝေဖန်ခံရသော်လည်း သူမ၏အလှနှင့် ပတ်သတ်၍ မည်သူကမှ ဝေဖန်ခြင်းမရှိပေ။ယဲ့ယီ၏ အလှသည် ပြစ်ချက်မရှိအောင် လှပလွန်းသည်။
ဤတစ်ခေါက်တွင် လန်ရွှယ်သည် ယဲ့ယီ၏ ရုပ်မလှသော ဓာတ်ပုံကို ရိုက်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး သူမ၏ တစ်ခုတည်းသော အားသာချက်ကို နှိမ်နှင်းရန် ကြံစည်ထား၏။
ယဲ့ယီသည် ရိုလာကိုစတာကို မြင်သောအခါနောက်ထပ် ဘာဆက်ဖြစ်မည်ကို သူမ အကြမ်းဖျင်းသိသွားသည်။ဝတ္ထုထဲတွင် ယဲ့ယီသည် ရိုလာကိုစတာစီးနင်းရင်း ရုပ်မလှသည့်ပုံစံမျိုးစုံနှင့် ဓာတ်ပုံရိုက်ခံခဲ့ရပြီး ကြိုတင်ပြင်ဆင်ထားသော လန်ရွှယ်ကတော့ သူမ ဓာတ်ပုံတိုင်း လှပနေခဲ့သည်။
ဝတ္ထုထဲတွင် ယဲ့ယီသည် ရုပ်ဆိုးနေသည့် သူမ ဓာတ်ပုံတို့ကို မြင်သည်နှင့် ချက်ချင်း ဒေါသူပုန်ထပြီး ကင်မရာကို ချိုးဖျက်လိုက်သောကြောင့် သူမလည်း အရှက်ရသွားခဲ့သည်။
ယခု ယဲ့ယီသည် ဤရလဒ်ကို ပြောင်းလဲချင်သော်လည်း သူမတွင် ပြဿနာတစ်ခုရှိနေသည်။ ဤသည်မှာ သူမသည် ရိုလာကိုစတာစီးရမှာကို သေလောက်အောင် ကြောက်တတ်ခြင်းပင်။
သူမသည် အခြားကမ္ဘာတစ်ခုတွင် ရိုလာကိုစတာ တစ်ကြိမ်စီးခဲ့ဖူးပြီး ထိုအချိန်က သူမ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ ခံစားခဲ့ရသည်။ ထို့နောက်ပိုင်း သူမသည် ရိုလာကိုစတာ ကို ဘယ်တော့မှ ပြန်မစီးခဲ့တော့ပေ။ ပြန်လည်မွေးဖွားလာပြီးနောက် ဤဒုက္ခကို ထပ်မံ ခံစားရလိမ့်မည်ဟု သူမဘယ်တုန်းကမှ မထင်ထားချေ။
ယဲ့ယီ၏ ခြေထောက်များသည် တုန်တုန်ယင်ယင်နှင့် ရိုလာကိုစတာဆီသို့ လျှောက်လှမ်းသွားသည်။
လန်ရွှယ်၏မိသားစုကတော့ အေးအေးလူလူပင်။ ချန်ဟောင်ယုက အော်ပြောလိုက်သည်။
“ငါက အကောင်းဆုံးပဲ။ရိုလာကိုစတာကို လုံးဝ မကြောက်ဘူး။ ဟောင်ယုဟာ သတ္တိအရှိဆုံးလူသားပဲ”
ကုစဲ့ ချန်ဟောင်ယုလို ကလေဆန်သည့်စကားမျိုး မပြောဘဲ ယဲ့ယီဘေးနားသို့ တိတ်တဆိတ် လျှောက်လာပြီး သူမ လက်ကို ဆုပ်ကိုင်လိုက်သည်။
ကုစဲ့သည် သူမ လက်ကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသောကြောင့် ယဲ့ယီမှာ အလွန် ပျော်သွားသည်။
[ ငါ့ရဲ့အဖိုးတန်သားက ငါ့လက်ကို ကိုင်ထားတယ်တော့ ။ စိတ်လှုပ်ရှားလိုက်တာ။ ကွာရှင်းတဲ့အခါ သူ့ကို ငါနဲ့အတူနေဖို့ လုရမယ်။]
ကုရှီချန်းကလည်း ကုစဲ့၏ လှုပ်ရှားမှုကို သတိထားမိပြီး မျက်ခုံးပင့်လိုက်သည်။ ကုစဲ့သည် ယဲ့ယီနှင့်နီးကပ်ရန် ဦးဆောင်လှုပ်ရှားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော် လတ်တလော ယဲ့ယီသည် ကုစဲ့အတွက် အတော်လေး ဂရုစိုက်လာသည်မှာ အမှန်ပင်။ဤအရာအားလုံးသည် သူမ၏ ဟန်ဆောင်မှု မဖြစ်ပါစေနှင့်ဟုသာ သူ မျှော်လင့်နေမိသည်။
နောက်ဆုံးတွင် ရိုလာကိုစတာပေါ်သို့ တက်လိုက်ကြသည်။ ယဲ့ယီသည် ကုစဲ့နှင့်ကုရှီချန်းကြားတွင် ဝင်ထိုင်လိုက်သည်။ ကုစဲ့သည် ယဲ့ယီ၏လက်ကို အချိန်တိုင်း ဆုပ်ကိုင်ထားပြီး သူမကို နှစ်သိမ့်ရန်ကြိုးစားကာ ရိုလာကိုစတာ စတင်ရွေ့လျားမှသာ လွှတ်လိုက်တော့သည်။
ဒရုန်းများကလည်း အဆင်သင့်ဖြစ်နေပြီး ၊ သူတို့၏ မျက်နှာအမူအရာများကို ဖမ်းယူပေတော့မည်။
ယဲ့ယီမှာ ရိုလာကိုစတာ ဟူသည် သိပ်မကြောက်စရာကောင်းသည့်အရာ မဟုတ်ကြောင်း ထပ်ခါတလဲလဲ ရေရွတ်နေမိ၏။
သို့သော် ရိုလာကိုစတာ ဖြည်းဖြည်းချင်း စတင်ရွေ့လျားသည့်အခါ သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။
နောက်ဆုံးတွင် ရိုလာကိုစတာသည် တောင်ကုန်းပေါ်မှ အရှိန်နှင့်တက်လာပြီး အောက်သို့ တဟုန်ထိုး ဆင်းသွားသည်နှင့် ယဲ့ယီသည် အသံပြဲကြီးဖြင့် စတင် အော်ဟစ်တော့သည်။
“အား! အား! အား!!! အမေရေ!!!”
ယဲ့ယီ ကုရှီချန်း၏ လက်ကို သူ့အလိုလိုဆုပ်ကိုင်လိုက်၏။
သူမ ဆုပ်ကိုင်ထားသည်မှာ နာလာသောကြောင့် ကုရှီချန်းသည် ဤမိန်းမ တမင်တကာ လုပ်နေတာသလားဟုပင် သံသယဝင်မိသည်။
သို့သော် သူလှည့်ကြည့်သည့်အခါ ယဲ့ယီသည် မျက်လုံးမှိတ်ထားပြီး အော်ဟစ်ငိုကြွေးနေကာ အမှန်တကယ် ကြောက်နေပုံရသည်။
ကုရှီချန်း အံ့ဩသွားသည်။
‘ရိုလာကိုစတာလေးပဲလေ။ ဒီလောက်ကြောက်စရာကောင်းလား’
သုံးမိနစ်ကြာ ရိုလာကိုစတာ စီးနင်းလာပြီးသည့်တိုင်အောင် ယဲ့ယီ၏ အော်သံမှာ ရပ်မသွားချေ။
နောက်ဆုံးတွင် ရိုလာကိုစတာ ရပ်တန့်သွား၏။
ရိုလာကိုစတာပေါ်က ဆင်းသည်နှင့် တပြိုင်နက် ယဲ့ယီသည် အနီးအနားရှိ အိမ်သာသို့ တစ်ရှိန်ထိုး ပြေးသွားလေ၏။
ယဲ့ယီ အိမ်သာမှ ထွက်လာသည့်အခါ သူမ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မတ်တပ်ပင် အနိုင်နိုင် ရပ်နေရသည်။
ကုရှီချန်းသည် ယဲ့ယီကို အစပိုင်းတွင် လှောင်လိုက်သော်လည်း သူမ၏ ဖြူဖပ်ဖြူရော်မျက်နှာကို မြင်လိုက်ရသောကြောင့် မလှောင်နိုင်တော့ပဲ တစ်ရှူးတစ်ရွက်ပင် တိတ်တဆိတ် ကမ်းပေးလိုက်သည်။
ကုစဲ့ ယဲ့ယီကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေ၏။
ယဲ့ယီသည် ကုရှီချန်းပေးလိုက်သည့် တစ်ရှူးကိုယူလိုက်ပြီး ခဏအကြာတွင် ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မအဆင်ပြေပါတယ်”
ယဲ့ယီ စိတ်ဆင်းရဲပုံနှင့်ယှဉ်လျှင် လန်ရွှယ်နှင့် သူမ မိသားစု သုံးယောက်သည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည့်အတွက် အတော်လေး အဆင်ပြေနေကြသည်။
ချန်ဟောင်ယုသည် တမင်တကာ လန်ရွှယ်၏ လက်ကိုဆွဲလိုက်ပြီး ပြောလိုက်သည်။
“အမေ၊ ဒါအရမ်းပျော်ဖို့ကောင်းတာပဲ၊သားထပ်စီးချင်တယ်”
လန်ရွှယ် သူ့ခေါင်းကို ချစ်စနိုးပုတ်ပေးလိုက်၏။
“အမေနဲ့အဖေ အချိန်ရတဲ့အခါ သားကို ဒီကို ထပ်ခေါ်လာမယ်နော်”
ချန်ဟောင်ယုကလည်း နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။
တိုက်ရိုက်ထုတ်မှုမှ တစ်ချို့လူတွေ က ယဲ့ယီကို စတင် လှောင်ပြောင်လာကြသည်။
[ဘာလဲဟ ရိုလာကိုစတာလေးက ငါတို့ရဲ့ မိန်မလှလေးကို ဒီလောက်ထိ ကြောက်သွားစေတာလား]
[ဒါဟာ တကယ် ရယ်စရာကောင်းတယ်။ ကလေးနှစ်ယောက်တောင် လုံးဝမကြောက်ကြဘူး၊ ဒါပေမယ့် ယဲ့ယီက ကြောက်နေလိုက်တာများ သနားစရာကြီး]
[ယဲ့ယီရဲ့ ဓာတ်ပုံတွေ ဘယ်လောက်တောင် ရုပ်ဆိုးမလဲ ငါ အခုလေးတင် ခန့်မှန်းလို့ရနေပြီ၊ ဟားဟားဟား]
ဖြတ်သွားဖြတ်လာတစ်ယောက်ကလည်း မျှတသည့်စကားတစ်ခွန်း ပြောလိုက်သည်။
[ရိုလာကိုစတာကိုကြောက်တာက ပုံမှန်ပါပဲ၊ ငါလည်း တစ်ခါစီးဖူးတုန်းက အဲဒီလိုပဲ ခံစားခဲ့ရတယ်]
သို့သော် ဤစာကြောင်းသည် မျက်နှာပြင်ပေါ်တွင် ခဏလောက်သာ ပေါ်လိုက်သည်။ ထို့နောက် ယဲ့ယီကို လှောင်ပြောင်သည့် အခြားမှတ်ချက်များ၏ အောက်သို့ လျှောကျသွားတော့သည်။