← Chapters

မဟာတာအိုဉာဏ်အလင်းပွင့်ခြင်း

Vol. 27 Ch. 370

မဟာတာအိုဉာဏ်အလင်းပွင့်ခြင်း

Vol. 27 Ch. 370

အခန်း (၃၇၀) မဟာတာအိုဉာဏ်အလင်းပွင့်ခြင်း

ဇာမဏီမျိုးနွယ်ကောင်မလေး ဟုန်ယာကို ခွန်လွန်တောင်က ထိန်းသိမ်းထားလေသည်။ သူမတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ရှိနေသည်။

ထိုရောင်ဝါမှာ ခွန်လွန်တောင်ကြောင့် ရရှိခဲ့သည်ဖြစ်လေရာ သူမ ခွန်လွန်တောင်မှ ထွက်ခွာသွားရန် လွယ်ကူမည် မဟုတ်ပေ။

ဆိုတော့…

ဇာမဏီမျိုးနွယ်များအနေဖြင့် ခွန်လွန်တောင်ကို ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပဏ္ဏာများ ကျေနပ်အောင်ပေးမှသာ ဟုန်ယာအနေဖြင့် ထွက်ခွာသွားခွင့် ရပေလိမ့်မည်။

အဋ္ဌမမင်းသားသည်လည်း အလားတူပင် ဖြစ်၏။

ထို့ကြောင့် အခြားသော အင်အားကြီးအုပ်စုများအတွက် ခွန်လွန်တောင်က ကောင်းသည့်အဖွဲ့အစည်းထဲတွင် မပါဝင်ပေ။ သူတို့အကျိုးအမြတ်မရဘဲ မည်သူ့ကိုမှ ခွန်လွန်တောင်မှ ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။

ဇာမဏီကောင်မလေးတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ မရှိခင်က သူမ သွားချင်သည့်အချိန်တွင် ဝူထုန်တောင်သို့သွားနိုင်ခဲ့သည်။

ခွန်လွန်တောင်က သူမကို ထိန်းချုပ် မထားခဲ့ပေ။ ဤသည်မှာ သူမတွင် တန်ဖိုးမရှိသေးသောကြောင့် ဖြစ်သည်။

ယခုတော့ အခြေအနေများက ပြောင်းလဲသွားပြီ ဖြစ်၏။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်သည်။ ဇာမဏီမျိုးနွယ်များက နဂါးမျိုးနွယ်များ မဟုတ်လေရာ သူနှင့် ဘာမှ မသက်ဆိုင်ပေ။

ထို့ကြောင့် သူ့အတွက် အရေးမကြီးပေ။

ရှောင်ယွိပြောသည့် တရားမျှတသည့် အပေးအယူဆိုသည်ကိုတော့ နောက်တစ်ခါမှသာ စဉ်းစားရပေလိမ့်မည်။ အမှန်တော့ သူနှင့် ရှောင်ယွိကြားတွင် တရားမျှတသည့် အပေးအယူများ မလိုအပ်ပေ။

ထို့နောက် ကျန်းလန် စတင်ကျင့်ကြံလိုက်သည်။

သူ့အတွက် စိတ်ပူပန်စရာလည်း မရှိလေရာ အေေးအးဆေးဆေး ကျင့်ကြံရန်သာ လိုအပ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ငရဲတံခါးသည်လည်း မည်သည့်ပြဿနာမှ မဖြစ်ခဲ့ပေ။ ပြင်ပမှ ငရဲတံခါးကို လမ်းကြောင်းတူးဖော်သည့်အလုပ်ကိုလည်း မည်သူမှ မပြုလုပ်ကြတော့ပေ။

ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် ပုန်းအောင်းနေကြသည့် မြေအောက်နတ်ဆိုးများ ၊ နတ်မိစ္ဆာများနှင့် နတ်လူသားမျိုးနွယ်တို့အားလုံးကို ဆရာဖြစ်သူက ရှင်းပစ်လိုက်ပြီ မဟုတ်ပါလား။

ခွန်လွန်တောင် ပတ်ဝန်းကျင်တွင် ဟိုဟိုဒီဒီ လှည့်ပတ်သွားလာနေကြသူများ ရှိသည့်တိုင် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရဲကြပေ။ သို့သော် သူတို့၏ရည်ရွယ်ချက်ကိုတော့ မည်သူမှ မသိရှိနိုင်ပေ။

လက်သီးနတ်ဘုရားကို ရှာဖွေရန်လာရောက်ခဲ့သည့် တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအားကတော ပြန်သွားပြီ ဖြစ်သည်။

အခြေအနေများကို အကြမ်းဖျင်းသုံးသပ်ပြီးနောက် သူ့အတွက် ဘာပူပန်စရာမှ မရှိကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။

သူ့အနေဖြင့် အေးချမ်းစွာပင် ဆက်လက်ကျင့်ကြံနိုင်မည် ဖြစ်၏။

ပုံမှန်အတိုင်းပင် နေ့ဘက်တွင် စာအုပ်များဖတ်ရင်း ၊ မန္တန်ပညာနှင့် အစီအရင်များအကြောင်းလေ့လာကာ မဟာတာအိုကို ထိုးထွင်းသိမြင်ရန် ကြိုးစားသည်။

ညဘက်တွင်တော့ မရဏဂူထဲတွင် ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံသည်။

ကျန်းလန်က အသိပညာပိုမိုရရှိချင်ပြီး ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိအောင် ပျိုးထောင်ချင်လေသည်။

***

ထိုသို့ဖြင့်…

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။

နှင်းများအရည်ပျော်ကာ နွေဦးရာသီကို ဖြတ်ကျော် မိုးစက်များ ရွာသွန်းသည့် အချိန်ကာလသို့ ရောက်ရှိခဲ့သည်။

ကျန်းလန်သည် ကျင့်ကြံနေရင်းဖြင့် ကမ္ဘာလောကကြီး၏ ပြောင်းလဲမှုများကို သိမြင်ခံစားခဲ့သည်။

ရာသီများ ပြောင်းလဲသွားသည်ကို သူ ကြည့်ရှုသည်။ ပတ်ဝန်းကျင်တွင် ပျော်ဝင်စီးမျောရင်း သူ့စိတ်အာရုံက လေ ၊ နှင်းစက် ၊ နေရောင်လရောင်နှင့် ကြွေကျသည့် သစ်ရွက်များကို သိမြင်ခံစားသည်။

သူ့စိတ်အာရုံသည် ပတ်ဝန်းကျင်တွင် နစ်မြုပ်လျှက် တာအိုတရားက သူ့အနားတွင် ရှိနေသည်။

အချိန် (၁၀)နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီးသည့်နောက်…

ကျန်းလန်၏ တာအိုကို နားလည်နိုင်စွမ်းက တစ်စတစ်စ ပိုမိုနက်ရှိုင်းလာသည်။ သူ့စိတ်သည်လည်း ကန်ရေပြင်ပမာ တည်ငြိမ်လျှက် ရှိသည်။

သို့သော် သူ၏ တာအိုကို နားလည်နိုင်စွမ်းမှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။ မည်သို့ပင်ဖြစ်စေ တာအိုကို နားလည်လာခြင်းကြောင့် သူ ကျင့်ကြံခြင်းအရှိန်အဟုန်က ပိုမိုမြင့်တက်လာခဲ့သည်။

ဤသည်မှာ အကန့်အသတ်မဲ့သော မဟာတာအိုလေလား။

အချိန် (၁၀)နှစ်အတွင်း ခွန်လွန်တောင်တွင် ဖြစ်ပေါ်သည့် အပြောင်းအလဲဆို၍ ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်နေခြင်းပင် ဖြစ်သည်။

ယခုတစ်ခေါက် ညှိနှိုင်းဆွေးနွေးခြင်းကတော့ ဇာမဏီမျိုးနွယ်များနှင့် ဖြစ်၏။

ဇာမဏီမျိုးနွယ်များက ဟုန်ယာကို ပြန်ခေါ်ရန် အပြင်းအထန်ကြိုးစားလျှက် ရှိသည်။ သို့သော် ထိုကိစ္စများက သူနှင့်မဆိုင်လေရာ သူ့အတွက်တော့ ဆက်လက်ကျင့်ကြံရန်သာ ရှိသည်။

နောက်ဆုံးညှိနှိုင်းမှု မည်သို့ပြီးဆုံးသွားသည်ကို ကျန်းလန် မသိရှိခဲ့ပေ။

သူက ပုံမှန်အတိုင်းပင် ဆက်လက်ကျင့်ကြံနေပြီး ညအချိန်တွင် မရဏဂူထဲတွင် ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံပြီး နေ့အချိန်တွင်တော့ ပေါင်းပင်များ ၊ မြက်ပင်များကို သန့်ရှင်းရေးလုပ်လေ့ရှိသည်။

တစ်ရက်ပြီးတစ်ရက် ၊ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့သည်။

နဝမတောင်ထွတ်တစ်ခုလုံး သန့်ရှင်းရေးလုပ်ရသည်ကို ကျန်းလန်က ဘယ်သောအခါမှ ပျင်းရိခြင်းမရှိသလို ညည်းညူခြင်းလည်း မရှိခဲ့ပေ။

အလုပ်များပြီးသွားလျှင် သူက စာဖတ်သည်။

သူ့ကိုယ်သူ တန်ခိုးစွမ်းအားမြင့်မားစေချင်သလို ဗဟုသုတလည်း ကြွယ်ဝစေချင်သည်။

လူတစ်ယောက် လမ်းလျှောက်လျှင် တစ်ကြိမ်တွင် ခြေတစ်လှမ်းသာ လှမ်းသင့်သည်။ ထို့အတူ ကျင့်ကြံသူတစ်ယောက်သည်လည်း ကျင့်ကြံခြင်းများကို ဖြည်းဖြည်းချင်းသာ စုဆောင်းသင့်သည်။

အသိပညာသမုဒ္ဒရာဆိုသည်က အနည်းငယ်မျှစီစုဆောင်းရာမှ ဖြစ်တည်လာသည့် သဘောရှိသည်။

***

ထိုသို့ဖြင့်…

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။

ကျန်းလန်သည် နဝမတောင်ထွတ်တွင် မြက်ပင်ခြုံနွယ်များသန့်ရှင်းပေးရင်း ခြံဝင်းထဲမှ ပန်းပင်ငယ်များကိုလည်း ပြုစုပျိုးထောင်ပေးခဲ့သည်။

ယနေ့…

သူ သန့်ရှင်းရေးလုပ်ရင်း နေရာတွင် မလှုပ်မယှက် အချိန်ကြာမြင့်စွာ မတ်တတ်ရပ်နေခဲ့သည်။ သူ့ခြေထောက်အောက်မှ မြက်ပင်များကိုကြည့်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

မြက်ပင်ပေါင်းပင်များကို တစ်နှစ်ပြီးတစ်နှစ် ခုတ်ထွင်ရှင်းလင်းပါသော်ငြား တစ်နှစ်ပြီးတစ်နှစ် ပြန်ပေါက်လာစမြဲပင်။

"တောရိုင်းပင်တွေဟာ ဘယ်တော့မှ အဆုံးမသတ်ဘူး ၊ နွေဦးလေပြေတိုက်ခတ်တာနဲ့ နောက်တစ်ခါ ပြန်ပေါက်လာတာပဲ"

ဤသည်က မဟာတာအိုနှင့် သဘောတရားအတူတူပင် ဖြစ်သည်။

မဟာတာအိုက အကန့်အသတ်မဲ့သည်။

ထိုအချိန် ကျန်းလန်၏စိတ်ထဲတွင် အသိဉာဏ်အသစ်တစ်ခု ပွင့်လင်းလာခဲ့သည်။

မြက်ပင်ပေါင်းပင်များ…။

ထိုအရာများက တာအိုပင် ဖြစ်သည်။

ကျန်းလန်က သူ့လက်ဖဝါးထဲမှ မြက်ပင်တစ်ပင်ကို ကြည့်လိုက်သည်။

"တာအိုက ငါ့လက်ဖဝါးထဲမှာပဲ…"

ထိုအသိဉာဏ်က သူ့နှလုံးသားထဲမှ ပေါက်ဖွားလာခြင်း ဖြစ်၏။

ချက်ချင်းပင် တုန်လှုပ်မြည်ဟည်းလာသည့် အသံကြီးတစ်သံကို ကျန်းလန် ခံစားလိုက်ရသည်။

ထိုအသံက သူ့ခန္ဓာကိုယ်ထဲရှိ မဟာတာအိုမှ မြည်ဟည်းလာခြင်း ဖြစ်သည်။

အဆုံးမရှိသည့် မဟာတာအိုစွမ်းအားများက သူ၏ သွေးကြောများအတွင်းပြည့်နက်လျှက် သွေးကြောဆုံချက်များကို သန့်စင်ပေးနေသည်။

ထိုဖြစ်စဉ်က ကျန်းလန်ကို မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ချဉ်းကပ်နိုင်စေခဲ့သည်။

ကျင့်ကြံသူတစ်ယောက်သည် တာအိုကို ဖြည်းဖြည်းချင်းနားလည်အောင် စုဆောင်းထားခြင်းက အဆင့်တက်ရန် အလျှင်မြန်ဆုံးနည်းလမ်းဖြစ်သည်။

ကျန်းလန်သည် လက်ထဲမှ မြက်ပင်လေးကို လွှင့်ပစ်လိုက်ပြီး မရဏဂူဆီသို့ ထွက်ခွာလာခဲ့သည်။

သူ တစ်ယောက်တည်းကျင့်ကြံရန် လိုအပ်သည်။ ယခုတစ်ကြိမ်သိရှိနားလည်ခဲ့သည့်အရာကို ကျေညက်စေရန် ကျင့်ကြံရမည် ဖြစ်၏။

ကျန်းလန် ပြန်လည်နိုးထလာချိန်တွင် အချိန် အနှစ် (၂၀) ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူက နဝမတောင်ထွတ်အတွက် (၁၀)နှစ်ကျော် အလုပ်များ လုပ်ပေးပြီးနောက် နောက်ပိုင်း နှစ် (၂၀)တွင် တာအိုအသိပညာများကို ကျေညက်စေရန် ကျင့်ကြံခဲ့သည်။

ယခုဆိုလျှင် သူ မျှော်လင့်ထားသည်ထက်ပင် ပိုမိုမြန်ဆန်စွာဖြင့် မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။

သူ ဂိုဏ်းသို့ဝင်ရောက်သည်မှာ နှစ်ပေါင်း  (၅၁၀) ရှိပြီ ဖြစ်၏။

အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများအမြင်တွင်တော့ မရှိမှုအာကာသ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိပြီ ဖြစ်သည်။

သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကတော့ မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့် ဖြစ်ပြီး မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ရောက်ရှိရန် အလွန်နီးကပ်နေပြီ ဖြစ်၏။

ယခု သူ၏ သွေးကြောဆုံချက်များတွင် တာအိုတန်ခိုးစွမ်းအား လှည့်ပတ်ကျင့်ကြံခြင်း ပြီးဆုံးတော့မည် ဖြစ်သည်။

ပြင်ပလောကသို့ မထွက်ခွာမီ သူ့အတွက် အနှစ် (၆၀) အချိန်ရပေသေး၏။

***

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။

"ခွန်လွန်တောင်ဘက်က နည်းနည်းတော့များနေပြီနော်"

အနီရောင်ဆံပင်များရှိသည့် လူရွယ်တစ်ယောက်က သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ပုဂ္ဂိုလ် (၃)ယောက်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

ထိူသူ၏နာမည်က တန်မီဖြစ်ပြီး ဇာမဏီမျိုးနွယ်ဘက်မှ အကြီးအကဲတစ်ယောက် ဖြစ်၏။ သူ့နံဘေးတွင်တော့ ဇာမဏီမျိုးနွယ် မိန်းမပျိုတစ်ယောက်ဖြစ်သည့် ဟုန်ကျီ ထိုင်လျှက်ရှိသည်။

ခွန်လွန်တောင်မှ တောင်သခင် (၃)ယောက်ကတော့ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။

ဟုန်ယာကို ပြန်ခေါ်ရန်အတွက် ဇာမဏီမျိုးနွယ်များ ခွန်လွန်တောင်သို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။

သို့သော် ခွန်လွန်တောင်က ယခုအချိန်ထိ ဟုန်ယာကို ပြန်ပေးရန် ငြင်းဆိုနေကြဆဲပင်။

ဇာမဏီမျိုးနွယ်များဘက်ကတော့ ဟုန်ယာကို အမှန်တကယ် ပြန်လည်လိုအပ်နေပြီ ဖြစ်သည်။ သူတို့က ခွန်လွန်တောင်ဘက်မှ တောင်းဆိုမှုများကို လိုက်လျောရန် အားလုံး အဆင်သင့်ဖြစ်နေကြပြီး ဆုံးဖြတ်ချက်ကျရန် နောက်ဆုံးတွန်းအားတစ်ခုသာ လိုအပ်နေခြင်း ဖြစ်သည်။

ခွန်လွန်တောင်ကလည်း ထိုအခြေအနေကို သိရှိသည့်အတွက် တမင်သက်သက်အခွင့်အရေးယူနေခြင်းဖြစ်၏။

ခွန်လွန်တောင်မှ တောင်သခင် (၃)ယောက်က ဇာမဏီမျိုးနွယ်များနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။ ဒုတိယတောင်ထွတ်၏ တောင်သခင်လျိုကျင်း ၊ ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့နှင့် အဋ္ဌမတောင်ထွတ်၏ တောင်သခင် ကျိုးကျုန်းထျန်းတို့ ဖြစ်ကြသည်။

ကျိုးကျုန်းထျန်းကတော့ တိုက်ပွဲအတွက် တာဝန်ရှိသူဖြစ်ပြီး ဆွေးနွေးရာတွင် ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

လျိုကျင်းက…

"ဆိုတော့… မင်းတို့ (၂)ယောက်က ကျုပ်တို့ဘက်က တောင်းဆိုတာကို မကျေနပ်လို့ရောက်လာကြတာပေါ့"

တန်မီက…

"ပေးရမယ့် လက်ဆောင်ပစ္စည်းတွေကို (၂၀)ရာခိုင်နှုန်းလျှော့ပေးဗျာ ၊ ဒါဆိုရင် သတ်မှတ်ထားတဲ့ရက်မှာ အကုန်ပို့ပေးမယ်"

သူက အပိုစကားမပြောတော့ပေ။ ဟုန်ယာကို ပြန်ခေါ်သွားရန် သူတို့ ထပ်မစောင့်ချင်တော့ပေ။

လျိုကျင်းက…

"(၁၀) ရာခိုင်နှုန်းပဲ လျှော့နိုင်မယ်"

တန်မီသည် လျိုကျင်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဖြင့် စိန်ခေါ်ပွဲတစ်ခု လုပ်မယ် ၊ တပည့်တွေကို အချင်းချင်း ယှဉ်ပြိုင်ခိုင်းမယ် ၊ ခွန်လွန်တောင်က အနိုင်ရရင် ပြောတဲ့အတိုင်း ကျုပ်တို့ဘက်က လက်ဆောင်ပဏ္ဏာ (၉၀)ရာခိုင်နှုန်း ပေးမယ် ၊ ကျုပ်တို့ဘက်က နိုင်ရင်တော့ (၈၀)ရာခိုင်နှုန်းပဲ ပေးနိုင်မယ် ၊ ဘယ်လိုလဲ"

မြောင်ယွဲ့က တစ်ခဏမျှ စဉ်းစားလိုက်ရင်း…

"ဘာကိုပြိုင်ချင်တာလဲ"

ဟုန်ကျီက…

"မျှမျှတတရှိမယ်ဆိုရင် ဘာမဆို ယှဉ်ပြိုင်နိုင်တယ်"

သူတို့ ဤကိစ္စကို အချိန်မဆွဲချင်တော့ပေ။ ယနေ့တော့ ရလဒ်တစ်ခု ထွက်လာအောင် ကြိုးစားရမည် ဖြစ်သည်။

မြောင်ယွဲ့က…

"ရှင်တို့တပည့်တွေက အစီအရင်နဲ့ပတ်သက်ပြီး နားလည်ကြသလား"

တန်မီနှင့် ဟုန်ကျီ ခေါင်းညိတ်ပြလိုက်သည်နှင့် မြောက်ယွဲ့က ဆက်ပြောသည်။

"ခွန်လွန်တောင်ရဲ့ နဝမတောင်ထွတ်မှာ ခြံဝင်းတစ်ခု ရှိတယ် ၊ အဲဒီခြံဝင်းပတ်ပတ်လည်မှာ မက်မွန်ဝင်္ကပါတစ်ခု ရှိတယ်… ၊ အဲဒီအစီအရင်က နဝမတောင်ထွတ်က တပည့်တစ်ယောက်လုပ်ထားတာ ၊ ဘာအန္တရယ်မှလည်း ကြီးကြီးမားမား မရှိပါဘူး ၊ ရှင်တို့ဘက်ကတပည့်တွေ အဲဒီဝင်္ကပါထဲကိုဝင်ပြီး မက်မွန်ပန်းတစ်ပွင့်ခူးပြီး ပြန်ထွက်လာနိုင်မယ်ဆိုရင် ရှင်တို့ဘက်က အနိုင်ရတယ်လို့ သတ်မှတ်မယ်"

"ဒါပေမဲ့ ကျွန်မတို့ဘက်က နောက်ပိုင်းမျိုးဆက်ကျင့်ကြံသူလူငယ်တစ်ယောက် ပြုလုပ်ထားတဲ့အစီအရင် ဖြစ်လို့ မျှမျှတတဖြစ်အောင် ဇာမဏီမျိုးနွယ်ဘက်ကလည်းနောက်ပိုင်းမျိုးဆက်ကျင့်ကြံသူတွေပဲယှဉ်ပြိုင်ခွင့်ရှိမယ် ၊ ဘယ်လိုလဲ"

တန်မီက...

"အဲဒီတပည့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"

မြောင်ယွဲ့က…

"သူက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်မှာပဲ ရှိနေပါသေးတယ် ၊ ဒါပေမဲ့ အစီအရင်ပညာနဲ့ပတ်သက်ပြီး သူ့ရဲ့ အောင်မြင်မှုကတော အတော်လေး မြင့်မားတယ်"

တန်မီနှင့် ဟုန်ကျီတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သိပ်တော့ မလွယ်သည်မှာ သေချာသည်။

သို့သော်…

အနိုင်ရရန် အခွင့်အလမ်းမရှိဘူးဟုတော့ မဆိုလိုပေ။

ဇာမဏီမျိုးနွယ်မှ နောက်ပိုင်းလူငယ်မျိုးဆက်သစ်များအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ပဲ ဖြစ်သည်။

"ကျုပ်တို့ဘက်က ယှဉ်ပြိုင်မယ့် သူတွေကို

ကျင့်ကြံခြင်းအဆင့် ကန့်သတ်ထားတများ ရှိလား"

ဟုန်ကျီက မြောင်ယွဲ့ကို မေးလိုက်သည်။

"မိုးကောင်းကင်အင်မော်တယ်အဆင့်အောက် ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်"

မြောင်ယွဲ့က ပြန်ပြောသည်။

မြောင်ယွဲ့၏စကားကိုကြားသည့်အခါ လျိုကျင်း အံ့အားသင့်သွား၏။

အစစ်အမှန်အင်မော်တယ်များလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်တဲ့လား။

"ကောင်းပြီ"

တန်မီက ချက်ချင်း သဘောတူလိုက်တယ်။

မြောင်ယွဲ့စိတ်ပြောင်းသွားပြီး စကားပြန်ပြင်လိုက်မည်ကို ကြောက်ရွံ့မိသောကြောင့် ဖြစ်လေ၏။

All Chapters