အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း(၂၁)
ကိုယ်အချစ်ဆုံးသူက ထိုးသွင်းလိုက်တဲ့ဒဏ်ရာဟာ အနာကျင်ဆုံးပဲ
ဆက်လက်၍ အစီအစဉ်အဖွဲ့သည် ယနေ့ လုပ်ဆောင်ရမည့် တာဝန်များကို စတင်ကြေညာတော့သည်။
မိသားစုလေးစုကို အသင်းနှစ်သင်းခွဲကာ တောင်တက်ရမည် ဖြစ်ပြီး တောင်ထိပ်ကို ဦးဆုံးရောက်သည့် အသင်းက အနိုင်ရမည် ဖြစ်သည်။
အသင်းဖွဲ့ခြင်းအတွက် မဲနှိုက်စနစ်နှင့် ရွေးချယ်မည် ဖြစ်၏။
နောက်ဆုံးရလဒ်အနေဖြင့် လန်ရွှယ်တို့မိသားစုနှင့် သွမ့်ဟွေကျိုတို့မိသားစုသည် တစ်သင်းတည်းဖြစ်ပြီး ယဲ့ယီတို့မိသားစုနှင့် မန်ရှင်းတို့မိသားစုက နောက်တစ်သင်း ဖြစ်လေသည်။
တောင်ပေါ်တွင် စခန်းချရန် ရှိသောကြောင့် အစီအစဉ်အဖွဲ့က လူတိုင်းကို လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ရန် အချိန်အနည်းငယ်ပေးခဲ့၏။
ပုံမှန်အားဖြင့် အစီအစဉ်အဖွဲ့သည် ဧည့်သည်များအတွက် နေ့လယ်စာကို စီစဉ်ပေးလေ့ရှိသောကြောင့် သူတို့အနေဖြင့် ပြင်ဆင်စရာ မလိုခဲ့ပေ။ သို့သော် တောင်ထိပ်ပေါ်တွင် တခြားအရာများ လိုအပ်နိုင်သောကြောင့် လူတိုင်း သေသေချာချာ ပြင်ဆင်နေကြ၏။
ယဲ့ယီသည် မည်သည့်ပစ္စည်းယူရမည်ကို အလေးအနက်ထား စဉ်းစားနေ၏။ နောက်ပိုင်းတွင် တောင်တက်ရမည် ဖြစ်သည့်အတွက် ပစ္စည်းအများကြီး ယူလို့ မရနိုင်ပေ။သူမအတွက် လိုအပ်နိုင်သည့် သိပ်မလေးလွန်းသော ပစ္စည်းအချို့ကိုသာ ရွေးချယ်ခဲ့သည်။
လန်ရွှယ်တို့မိသားစုနှင့် သွမ့်ဟွေကျိုတို့မိသားစုသည် မည်သည့်ပစ္စည်းများ ယူမည်ကို ရယ်ရယ်မောမော ဆွေးနွေးနေကြပြီး အလွန်သင့်မြတ်သည့်ပုံပေါက်နေ၏။
ယဲ့ယီတို့အဖွဲ့ကတော့ အတော်လေး တိတ်ဆိတ်နေပြီး တစ်ဦးချင်းစီ ကိုယ့်ပစ္စည်းကိုယ် ပြင်ဆင်နေကြသည်။
သိပ်မကြာခင်မှာပင် လူတိုင်း ယူမည့် ပစ္စည်းများကို ပြင်ဆင်ပြီးနောက် ထွက်ခွာရန် စတင်ခဲ့၏။
သို့သော် ထိုအချိန်မှာပင် လန်ရွှယ်တို့ဘက်မှစကားများသံတစ်ခု ထွက်ပေါ်လာ၏။
သွမ့်ဟွေကျိုက နန်ချင်ဝမ်၏ ဖောင်းကြွနေသည့် ကျောပိုးအိတ်ကို မျက်မှောင်ကြုတ်ကြည့်ရင်း ပြောလိုက်သည်။
“မင်းဘာတွေယူလာတာလဲ။ ငါတို့ နောက်ကျရင် တောင်တက်ရမယ်ဆိုတာ သိလား။ ဒီပစ္စည်းတွေအားလုံးကို မင်းဘယ်လိုသယ်ပြီး တက်မှာလဲ”
နန်ချင်ဝမ်က ညင်သာစွာ ပြန်ဖြေလိုက်သည် ။
“ကျွန်မ စားစရာအချို့ ပြင်ဆင်ထားတာပါ။ နောက်ကျရင် လိုအပ်မယ် ထင်လို့ပါ”
သွမ့်ဟွေကျို လှောင်ပြောင်လိုက်သည်။
“အစီအစဉ်အဖွဲ့က စားစရာအတွက် နည်းလမ်းရှာမှာပဲ၊ မင်းဘာလို့ စိတ်ပူနေတာလဲ”
လန်ရွှယ်သည် နန်ချင်ဝမ်ဆီ လမ်းလျှောက်သွားပြီး ခပ်ပြုံးပြုံး ပြောလိုက်သည်။
“အစ်မ၊ စိတ်မပူပါနဲ့။ အစီအစဉ်အဖွဲ့က ကျွန်မတို့အတွက် နေ့လယ်စာ သေချာပေါက် ပြင်ဆင်ပေးမှာပါ။ အစ်မ ဒီလောက်အများကြီး ယူလာဖို့ မလိုပါဘူး”
နန်ချင်ဝမ်က စားစရာပမာဏကို လျှော့ချရန်ခေါင်းမာမာနှင့် ငြင်းဆန်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် ဤအရာများသည် သေချာပေါက် အသုံးဝင်လာမည်ဟု သူမ ကြိုတင်ခံစားမိနေ၏။
နန်ချင်ဝမ်၏ ခေါင်းမာမာ ငြင်းဆန်မှုကြောင့် သွမ့်ဟွေကျိုက တိုတိုတုတ်တုတ်ပင် ငေါက်ငမ်းလိုက်၏။
“အဲ့တာဆိုလည်း မင်းပစ္စည်းတွေ မင်းဘာသာသယ်ပြီး တောင်ပေါ်တက် ငါမကူညီဘူး။ ပြီးတော့ ငါတို့ကို မနှောင့်နှေးစေနဲ့”
ထို့နောက် သူသည် လန်ရွှယ်တို့ မိသားစုနောက်သို့ လိုက်ပါသွားခဲ့ပြီး နန်ချင်ဝမ် နှင့် သွမ့်ကျားကျားတို့ကို နောက်တွင် ချန်ထားခဲ့၏။
မှတ်ချက်ကဏ္ဍတွင် လှောင်ပြောင်သရော်မှုတို့နှင့် ပြည့်နှက်နေခဲ့သည်။
[ဒီမိန်းမက တကယ် မလိုအပ်ဘဲ စိတ်ပူနေတာ။ သူ ဘယ်လိုတက်မလဲဆိုတာ ကြည့်ချင်တယ်]
[သွမ့်ဟွေကျိုက သူ့မိန်းမကို ဘာလို့ နည်းနည်းလေးတောင် မကူညီတာလဲ]
[အပေါ်က မှတ်ချက်ရေးသူ မျက်စိကန်းနေလား။ ငါ့အစ်ကိုက ပစ္စည်းတွေ အများကြီးမယူဖို့ သူ့ကို ပြောထားတယ်လေ ဒါပေမယ့် သူကိုယ်တိုင်က ယူလာဖို့ အခိုင်အမာပြောနေတာ။ ဘယ်သူ့ကို ပြစ်တင်ရမှာလဲ]
[ငါ့အစ်ကို သူ့ကို ဘယ်လိုကြိုက်ခဲ့မှန်း တကယ်မသိဘူး။ ကြည့်စမ်း သူ ဘယ်လောက်တောင် ဝနေလဲ]
[လန်ရွှယ်နဲ့ ငါ့အကိုက အလိုက်ဖက်ဆုံးပဲ။ ဟီး... ဟီး ငါ့ရဲ့စုံတွဲက ဘာလို့ အဆုံးသတ် ဆိုးရတာလဲ]
[အစ်ကို့ရဲ့ဇနီးအနေနဲ့ သူ ခန္ဓာကိုယ်ပုံစံကို ဂရုမစိုက်သလိုပဲ။ အစ်ကို့အတွက် အရှက်ရစရာပဲ]
သွမ့်ကျားကျားက လက်လေးဆန့်ပြီး နန်ချင်ဝမ်၏လက်ကို ဆုပ်ကိုင်ရင်း အပြစ်ကင်းစင်သည့်အသံလေးနှင့် ပြောလိုက်သည်။
”မေမေ၊ မကြောက်နဲ့။ ကျားကျားလည်း မေမေ့ကို ကူညီနိုင်ပါတယ်”
နန်ချင်ဝမ် သွမ့်ကျားကျား၏ ခေါင်းလေးကို ပုတ်ပေးရင်း ကျောပိုးအိတ်ထဲက ပေါင်မုန့်တစ်ခုကို ယူကာ သွမ့်ကျားကျားကို ပေးလိုက်ပြီး နူးညံ့သိမ်မွေ့စွာ မေးလိုက်သည်။
”ကျားကျား၊ မေမေ့အတွက် ဒီပေါင်မုန့်လေးကို ကိုင်ပေးလို့ရမလား”
သွမ့်ကျားကျား ချိုသာစွာ ပြုံးပြရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့”
[သွမ့်ကျားကျားက အရမ်းချစ်စရာကောင်းတယ်။ မေမေ့ကို ပစ္စည်းကူသယ်ဖို့တောင် သိတတ်တယ်]
[ပေါင်မုန့်တစ်လုံးပဲရှိတာ။ ဘာကြွားစရာရှိလဲ]
[နန်ချင်ဝမ်ကို ဘယ်သူမှ သနားမှာ မဟုတ်ဘူး။ သူကိုယ်တိုင်က ဒီပစ္စည်းတွေ ယူလာဖို့ တောင်းဆိုနေတာလေ။ ခံပေါ့ ]
[သွမ့်ဟွေကျိုက သူတို့နဲ့ အတူမရှိသင့်ဘူး ။ လန်ရွှယ်တို့နဲ့မှ အတူရှိသင့်တာ]
နန်ချင်ဝမ် နှင့် သွမ့်ကျားကျားတို့သည် လန်ရွှယ်တို့နောက်မှ ဖြည်းညင်းစွာ လိုက်လာကြသည်။ နန်ချင်ဝမ်၏ ကျောပိုးအိတ်သည် အလွန်လေးလံသောကြောင့် သူတို့ နှစ်ယောက်သည် တဖြည်းဖြည်း နောက်ကျကျန်ခဲ့၏။
သွမ့်ဟွေကျိုက နန်ချင်ဝမ်နှင့် သူ့သမီးတို့ နောက်ကျကျန်နေသည်ကို မြင်ပါသော်လည်း ကူညီဖို့ စိတ်ကူးမရှိခဲ့ပေ။
”ဒါတွေအားလုံး ဒီမိန်းမရဲ့ အပြစ်တွေပဲ”
ယဲ့ယီသည် ကုရှီချန်းတို့နှင့်အတူ ရှေ့ကနေ လမ်းလျှောက်နေခဲ့သော်လည်း ၊ နောက်သို့ လှည့်ကြည့်လိုက်ရာ ကျောပိုးအိတ်ကြီးဆွဲပြီး ချွေးများဖြင့် ရွှဲစိုနေသော နန်ချင်ဝမ်ကို မြင်လိုက်ရသဖြင့် သူမ နှလုံးသားသည် ရုတ်တရက် ပျော့ပျောင်းသွားပြီး နန်ချင်ဝမ်၏ဘေးကို ကူညီရန် သွားခဲ့၏။
ယဲ့ယီက နန်ချင်ဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မမှာ သယ်စရာ သိပ်မရှိဘူး။ ကျွန်မ ကူသယ်ပေးမယ်”
နန်ချင်ဝမ်က ရှက်ကိုးရှက်ကန်းနှင့် ပြန်ဖြေလိုက်သည်။
”ကျွန်မဘာသာ သယ်နိုင်ပါတယ်”
ယဲ့ယီသည် အတင်းအကြပ် သူမ၏ ကျောပိုးအိတ်ကိုဖွင့်ပြီး ပစ္စည်းအချို့ကိုထုတ်ယူကာ သူမအိတ်ထဲထည့်လိုက်သည်။
နန်ချင်ဝမ်က အထပ်ထပ်အခါခါ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
သွမ့်ကျားကျားကလည်း နန်ချင်ဝမ်ကို အတုခိုးပြီး ယဲ့ယီကို ပြောလိုက်သည်။
“အန်တီ၊ ကျေးဇူးတင်ပါတယ်”
ယဲ့ယီသည် ထိုင်ချလိုက်ပြီး သွမ့်ကျားကျား၏ ခေါင်းလေးကို ပုတ်လိုက်သည်။ ဤမျှ ချစ်စရာကောင်းသော ကလေးမလေးတွင် ဤကဲ့သို့ လူယုတ်မာအဖေမျိုး ရှိသည်မှာ သနားစရာပင်။
“ကျားကျား၊ ဒီကနေစပြီး မေမေ့ကို ကာကွယ်မှာလား”
သွမ့်ကျားကျားက ခေါင်းညိတ်ပြီး အလွန်လေးနက်စွာ ပြန်ဖြေလိုက်သည်။
“ကျားကျား ကြီးလာရင် မေမေ့ကို သေချာပေါက် ကာကွယ်မှာပါ”
နန်ချင်ဝမ်တွင် ပြောပြမရနိုင်သည့် ရောထွေးနေသော ခံစားချက်တို့ ခံစားခဲ့ရသော်လည်းကျေးဇူးတင်စရာကောင်းသည်မှာ သူ့မှာ သမီးလေး ရှိနေသေး၏။
လန်ရွှယ်သည် နန်ချင်ဝမ်ကို ကူညီပေးနေသော ယဲ့ယီကို မြင်လိုက်ရသဖြင့် သွမ့်ဟွေကျိုကို တမင်တကာ မေးလိုက်၏။
“ဟွေကျိုး၊ ကျွန်မတို့လည်း အစ်မကို သွားကူညီသင့်တယ်မဟုတ်လား”
သွမ့်ဟွေ့ကျိုက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြန်ဖြေလိုက်သည်။
“တောင်ပေါ်တက်တဲ့အခါ ပစ္စည်းတွေ အများကြီး မယူဖို့ သူ့ကို ငါပြောသားပဲ။ ဒါပေမယ့် သူကိုယ်တိုင်က ယူချင်နေတာကိုး။ အခုတော့ သနားစရာကောင်းအောင် ဟန်ဆောင်နေတယ်။ သူတို့ကူညီချင်ရင် ကူညီပါစေ။ ငါတို့ ဆက်သွားကြရအောင်”
ကုရှီချန်းသည် ယဲ့ယီကို စွက်ဖက်တတ်သော မိန်းမဟု သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း သူကိုယ်တိုင်လည်း မလွှဲသာ၍ သူမနောက်သို့ လိုက်သွားခဲ့ရသည်။
ယဲ့ယီ ပြန်လှည့်လာသော ကုရှီချန်းကို မြင်လိုက်ရသဖြင့် မျက်ခုံးပင့်ကြည့်လိုက်သည်။
[ဒီလူကြီး ဒီလောက် လူကြီးလူကောင်းဆန်မယ်လို့ မထင်ထားဘူး]
ကုစဲ့ကလည်း ယဲ့ယီနှင့် ကုရှီချန်းတို့ နန်ချင်ဝမ်ကို ကူညီရန် ပြန်လှည့်သွားသည်ကို မြင်သောကြောင့် သူလည်း နောက်ကနေ လိုက်ပါလာခဲ့သည်။
ကုရှီချန်းတို့၏ အကူအညီနှင့် နန်ချင်ဝမ်၏ ကျောပိုးအိတ်သည် ချက်ချင်းပင် ပိန်ကျသွားခဲ့သည်။ နန်ချင်ဝမ်က သူတို့ကို အကြိမ်ကြိမ် ကျေးဇူးတင်ခဲ့ပြီး သွမ့်ကျားကျားကလည်း သူ့မေမေလိုပင် ကျေးဇူးတင်ကြောင်းပြောကာ အလွန် ချစ်စရာကောင်းနေတော့သည်။
[သွမ့်ဟွေကျိုတို့အုပ်စုက နည်းနည်းလွန်နေပြီထင်တယ်။ ပြိုင်ဘက်အသင်းဖြစ်တဲ့ ယဲ့ယီနဲ့ အသင်းဖော်တွေကတောင် သူတို့ကို ကူညီနေတာ။ ကိုယ့်အသင်းဖော်တွေ နောက်ကျကျန်တာကို ဒီအတိုင်း ခွင့်ပြုထားရမှာလား]
[တော်စမ်းပါ သူ့ကို မယူဖို့ပြောထားပြီးသား။ ခုမှ ဘာလို့ သနားစရာကောင်းအောင် လုပ်နေတာလဲ]
[ယဲ့ယီတို့က ပြိုင်ဘက်ကို ကူညီတယ်ဆိုတာက တမင်တကာ ဟန်ပြလုပ်နေတာ]
[ငါ့ စီအီးအိုကု လူကြီးလူကောင်းပီသလိုက်တာ။ ငါ သူ့ကို ချစ်သွားပြီ]
[နန်ချင်ဝမ်ကို ယဲ့ယီက လာဘ်ထိုးထားတယ်လို့တောင် သံသယရှိနေပြီ။ ယဲ့ယီက သူ့ကို ကူညီဖို့ ကြိုတင်စီစဉ်ထားတဲ့ ဇာတ်ကွက်ပဲ။ ယဲ့ယီရဲ့ ကြင်နာပြီး ကူညီတတ်တဲ့ပုံရိပ်ကို ဖန်တီးဖို့လေ]
ကျောပိုးအိတ် ပေါ့သွားသောကြောင့် နန်ချင်ဝမ်နှင့် သွမ့်ကျားကျားတို့ သည်လည်း လန်ရွှယ်တို့ကို နောက်ဆုံးတွင် အမီလိုက်နိုင်ခဲ့သည်။
သွမ့်ဟွေကျိုကတော့ အေးစက်သည့် မျက်နှာထားကို ထိန်းထားဆဲဖြစ်ကာ နန်ချင်ဝမ်ကို စကားမပြောခဲ့ပေ။
လန်ရွှယ်က စိတ်ရှုပ်ရှုပ်နှင့် ပြောလိုက်သည်။
“အစ်မ၊ တောင်ပေါ်တက်တဲ့အခါ ပစ္စည်းတွေအများကြီးမယူဖို့ ကျွန်မပြောခဲ့တယ်လေ။ အခုတော့ ပြိုင်ဘက်ကို အကူအညီတောင်းနေတယ်။ အင်တာနက်အသုံးပြုသူတွေက ကျွန်မတို့ကို ဘယ်လိုထင်တော့မလဲ”
နန်ချင်ဝမ်မှာ ဘာပြောရမှန်းမသိတော့ပဲ သွမ့်ဟွေကျိုက သူမဘက်မှ ပြောပေးလိမ့်မည်ဟုမျှော်လင့်ချက်နှင့် သူ့ကို ကြည့်လိုက်မိသည်။ သို့သော် သွမ့်ဟွေကျိုသည် ယခင်ကလို သူမကို ကာကွယ်ပေးခဲ့သည့် ကောင်လေးမဟုတ်တော့ပေ။
သွမ့်ဟွေကျိုသည် သူမကို မကာကွယ်ပေးရုံသာမက ရွဲ့ စောင်းပြောလိုက်သေး၏။
“မသိတဲ့သူတွေကတော့ မင်းကို သူတို့ဘက်ကလို့ ထင်တော့မှာပဲ”
နန်ချင်ဝမ်သည် သွမ့်ကျားကျား၏ လက်ကို လှမ်းဆွဲလိုက်ပြီး သူတို့ကို ဂရုမစိုက်ဘဲ ရှေ့ဆက်လှမ်းခဲ့သည်။
ကိုယ့်အချစ်ဆုံးလူထံမှ ဓားနှင့် ထိုးခံလိုက်ရသည်မှာ အနာကျင်ဆုံးပင် မဟုတ်လော။
အခန်း (၂၂)
ခံစားချက် အစစ် အမှန်များ
တောင်တက်လမ်းတွင် မန်ရှင်းသည် ရုတ်တရက် ကုရှီချန်းထံသို့ လျှောက်လာကာ စကားဆိုလိုက်သည်။
“မစ္စတာကု က ကွာရှင်းတော့မယ်ဆိုတာ အွန်လိုင်းမှာ ကျွန်မကြားလိုက်တယ်။ အဲဒါတကယ်လား”
မန်ရှင်းသည် အဆိုတော်အဖြစ် ပွဲထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ၏ အကြီးမားဆုံးအောင်မြင်မှုမှာ သီချင်းဆိုခြင်းမဟုတ်တော့ပေ။ သူမသည် ရသစုံရှိုးပွဲတစ်ခုကို ဖန်တီးခဲ့ပြီး သူမ၏ ရဲတင်းသောဟန်ပန်နှင့် အမျိုးသားအနုပညာရှင်များကို စနောက်တတ်သည့်အကျင့်မှာ သူမ၏ အကောင်းဆုံးအချက်ဖြစ်လာပြီး ပရိသတ်အချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမကို မကြိုက်သည့်သူများ ရှိသော်လည်း ပရိသတ်များက သူမ၏ ပွင့်လင်းသော ကိုယ်ရည်ကိုယ်သွေးအတွက် ချီးကျူးကြသည်။
ထိုအချိန်တွင် မန်ရှင်း၏ ရုတ်တရက် စကားကြောင့် မှတ်ချက်ကဏ္ဍတွင် စိတ်လှုပ်ရှားစွာ ပြောဆိုလာကြသည်။
[အိုး... ကျွန်မအစ်မမန်က စလုပ်တော့မယ်]
[အစ်မမန် စီအီးအိုကို ယူတာထောက်ခံတယ်။ ယဲ့ယီလိုမိန်းမက သူနဲ့လုံးဝမထိုက်တန်ဘူး]
[နေဦး၊ ဒါက နောက်တာလား၊ အတည်ကြီးလား၊နင်တို့က သူ့ကို မယားငယ် ဖြစ်ခိုင်းနေတာလား]
[ဘာကို မယားငယ်လဲ။ မန်ရှင်းက ဒီလိုပဲလေ၊ သူ လျောက်ပြောနေတာပါ]
ကုရှီချန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်မဖြေခဲ့ပေ။
”ဒါက ကျွန်တော် မိသားစုကိစ္စပါ။”
အဓိက ဆိုလိုရင်း “ဒါ ကျွန်တော့်ကိစ္စ ခင်ဗျားနဲ့ဘာဆိုင်လဲ။”
မန်ရှင်းက တချက်ရယ်ကာ ပြန်ဖြေလိုက်သည်။
“ကျွန်မက တခြားရည်ရွယ်ချက်မရှိပါဘူး။ စီအီးအိုကုသာ တကယ်ကွာရှင်းရင် ကျွန်မကိုလည်း စဉ်းစားလို့ရတယ်နော်”
ကုရှီချန်းသည် သူမကို ကြည့်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“အားတော့ နာပါတယ်၊ ကျွန်တော် ဒီတသက် အိမ်ထောင် မပြုတော့ဘူးဗျ”
မန်ရှင်း “...”
‘သူမ တိုက်ရိုက် အငြင်းခံလိုက်ရတာလား’
မှတ်ချက်ကဏ္ဍတွင် ရယ်သံများဖြင့် ပြည့်နှက်နေသည်။
“ဟားဟားဟား”
[ဟားဟား၊ ငါ့အစ်မ မန် ပယ်ချခံရပြန်ပြီ]
[ကုရှီချန်းက စနေတာကို နားမလည်တာလား]
[စတာက အားလုံးအတွက် ရယ်စရာဖြစ်မှရမှာလေ။ ငါတော့ စီအီးအိုကု က အဆင်ပြေတယ်လို့ထင်တယ်]
ကင်မရာရှေ့တွင် မန်ရှင်းသည် အားကိုးရာမဲ့သည့်အမူအရာသာ ပြသနိုင်တော့သည်။
“ကျွန်မတို့ စီအီးအိုကုက တကယ့်လူကောင်းတစ်ယောက်ပဲ။ယဲ့ယီ၊ ရှင် သူ့ကို ကျွန်မကိုပေးဖို့ မစဉ်းစားတော့ဘူးလား”
ဤစကားသည် ယဲ့ယီကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်သော်လည်း နောက်သလိုလို ဖြစ်သောကြောင့် အလေးအနက်ထားပြီး တုံ့ပြန်ရန်ခက်ခဲစေသည်။ ဤအတိုင်းလွှတ်ထားလိုက်လျှင်လည်း ကျေနပ်ရန် မလွယ်ပေ။
ယဲ့ယီ၏ မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။
ကုစဲ့သည် မန်ရှင်း၏စကားကို ကြားပြီး စိုးရိမ်တကြီးဖြင့် ယဲ့ယီကို ကြည့်လိုက်သည်။ ယဲ့ယီသည် ကုရှီချန်းကို ချစ်နေဆဲဟု သူ ခံစားမိသည်။ ထို့ကြောင့် သူတို့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း လုယူနေသဖြင့် သူမအနေဖြင့် အလွန် စိတ်ဆိုးသွားမည်ဟု သူ ထင်ထားသည်။
သို့သော် ယဲ့ယီက မန်ရှင်းကို ပြုံးပြလိုက်သည်။
“ကျွန်မ ပေးချင်ပါတယ် အစ်မမန်။ ဒါပေမဲ့ ရှင်အရင်က စနောက်ဖူးတဲ့ အစ်ကိုတွေအားလုံးက ခွင့်ပြုပါ့မလား”
မန်ရှင်းသည် အမျိုးမျိုးသော ရှိုးပွဲများတွင် ရဲရဲတင်းတင်းဟန်ပန်ရှိပြီး အမျိုးသားအနုပညာရှင်အားလုံးနီးပါးကို တီတီတာတာ စနောက်ဖူးသည်ကို လူတိုင်းသိသည်။ သို့သော် သူမ၏ ရှေ့တည့်တည့် ပြောခံလိုက်ရသဖြင့် မန်ရှင်းတစ်ယောက် အနည်းငယ် ကသိကအောက်ဖြစ်သွား၏။
သူမသည် ပေါ့ပေါ့တန်တန်ပြန်ဖြေကာ စကားဖြတ်လိုက်တော့၏။
“ထားပါတော့၊ လောလောဆယ် ဒီစုံတွဲကို သွားမရှုပ်သင့်ဘူး”
ကုစဲ့၏ ရင်ထဲတွင် နာကျင်သွားသည်။ သူမ သူတို့အိမ်ထောင်ရေးကို ကာကွယ်ရန် ဤမျှ ကြိုးစားနေသလော။ ယဲ့ယီ သည် ကုရှီချန်းကို အမြဲတမ်း ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့သော်လည်း သူ့ကိုတော့ တကယ်ချစ်ခဲ့သည်။ နောက်အချက်မှာ သူတို့ကွာရှင်းရန် သုံးလသာလိုတော့၏။ ထိုအချိန်ကျ သူမအနေဖြင့် အသဲကွဲသွားနိုင်သည်။
ကုရှီချန်း ခမျာ စကားလုံးရှာမရ ဖြစ်သွားသည်။ အကြောင်းမှာ သူသည် ယဲ့ယီ၏စိတ်ထဲမှအသံကို တစ်ဖန် ပြန်ကြားလိုက်ရသောကြောင့်ဖြစ်သည်။
[ကုရှီချန်းက ဒီလိုလူမျိုးကို သဘောကျရင် သူ မျက်စိကန်းနေတာပဲ။ ဒါပေမဲ့ ငါနဲ့ဘာဆိုင်လို့လဲ။ ဘာပဲဖြစ်ဖြစ် ကွာရှင်းပြီးရင် ပိုက်ဆံယူပြီး ငါကထွက်သွားမှာပဲ။ သူ့ဘာသာ ဘယ်သူကို ယူယူ ငါဘာလုပ်ပေးနိုင်မှာလဲ]
ကုရှီချန်းသည် ယဲ့ယီကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဤမိန်းမသည် သူ့ကို ယခုလောက်အထိ ကွာရှင်းချင်နေသလော။
လူအများက တိုက်ရိုက်စကားပြောခန်းတွင် မန်ရှင်း၏အပြုအမူကို စတင်ဆွေးနွေးလာကြသည်။
[ငါ့အစ်မ ရှင်းရဲ့ အထာပဲ၊ သူ အရမ်းတည့်တည့် ပြောတတ်တယ်။]
[ငါ့အစ်မ ရှင်း ကို ထောက်ခံတယ်။ ဆက်လုပ်]
[သက်ဆိုင်သူရှေ့မှာ အဲလိုပြောတာ မကောင်းဘူး]
[ဘာပဲဖြစ်ဖြစ် သူတို့ က အနှေးနဲ့အမြန် ကွာရှင်းမှာပဲ၊ ငါ့အစ်မ ရှင်းက မစ္စတာကု ကွာရှင်းပြီးမှ သူ့ကို စဉ်းစားပေးပါလို့ပဲ ပြောတာ၊ ဘာမှပိုပြောတာမဟုတ်ဘူး]
[မန်ရှင်းက စီအီးအိုကုနဲ့ မထိုက်တန်ဘူးလို့ ထင်တာ ငါတစ်ယောက်တည်းလား]
[ယဲ့ယီတောင်လုပ်နိုင်ရင် ငါတို့အစ်မရှင်းက ဘာလို့ မလုပ်နိုင်ရမှာလဲ။ ငါတို့အစ်မရှင်းက အဲဒီရုပ်လှတာထက် အများကြီး အရည်အချင်းရှိတယ်]
လူတိုင်း လမ်းတစ်ဝက်လောက် ရောက်လာချိန်တွင် သွမ့်ကျားကျား သည် ရုတ်တရက် ငိုစပြုလာသည်။
သွမ့်ဟွေကျိုက စိတ်မရှည်သော လေသံနှင့် ပြောလိုက်သည်။
“ဘာလို့ငိုနေတာလဲ။ တောင်တက်ရုံပဲ။ ကြီးကျယ်တဲ့ ကိစ္စလဲ မဟုတ်ဘူး။”
လန်ရွှယ် နှစ်သိမ့်သလိုလိုနှင့် သရော်လိုက်သည်။
“ကျားကျား မငိုပါနဲ့။ ကြည့်စမ်း၊ ဟောင်ယုဆို လုံးဝမငိုဘူး။”
သွမ့်ကျားကျားက ပိုမိုကျယ်လောင်စွာ ငိုလေသည်။
သွမ့်ဟွေကျိုက နန်ချင်ဝမ်ကို စိတ်မရှည်သလို ပြောလိုက်သည်။
“မင်း သူ့ကို ချော့လို့မရဘူးလား။ သူလုပ်နေတာ ငါတို့ကို နှေးကွေးစေတယ်။”
နန်ချင်ဝမ်က ထိုင်ချလိုက်ပြီး သွမ့်ကျားကျားကို ညင်သာစွာမေးလိုက်သည်။
“ကျားကျား ဘာလို့ငိုတာလဲ။ ဆက်မလျှောက်နိုင်တော့ဘူးလား”
သွမ့်ကျားကျားသည် ခေါင်းခါပြီး ဆက်ငိုနေသည်။
နန်ချင်ဝမ်သည် သူမဗိုက်ဆာသလားဟု ထပ်မံမေးသော်လည်း သွမ့်ကျားကျားက ခေါင်းခါကာ ဆက်ငိုနေသည်။
သွမ့်ကျားကျား၏ငိုသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားသော သွမ့်ဟွေကျိုက နန်ချင်ဝမ်အား ဆူပူလိုက်သည်။
“မင်း သူ့ကို အရမ်းအလိုမလိုက်ပါနဲ့ဆိုတာ ငါ အရင်ကတည်းက ပြောခဲ့တယ်။အခုကြည့်၊ ကိစ္စလေးတစ်ခုရှိတိုင်း ငိုတယ်။ သူ့လောက် ဟန်ဆောင်တဲ့ ကလေးမျိုးရှိသေးလား”
သို့သော် သွမ့်ဟွေ့ကျိုသည် တစ်ချိန်က သွမ့်ကျားကျားကို လက်နှစ်ဖက်ဖြင့်ပွေ့ချီကာ သူ့ တစ်ဦးတည်းသော အဖိုးတန်သမီးလေး ဟု ကြွေးကြော်တတ်သော်လည်း ယခု မေ့သွားခဲ့ချေပြီ။
နန်ချင်ဝမ်သည် သူမအကြောင်း ပြောသည်ကို သည်းခံနိုင်သော်လည်း မိခင်တစ်ယောက်အနေဖြင့် သူမ၏ဘသမီးမကောင်းကြောင်း ကို မည်သူ့ကိုမျှ ပြောဆိုခွင့်မပြုနိုင်ပေ။
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို ပထမဆုံးအကြိမ် ဒေါသထွက်ခဲ့သည်။
“ရှင်က ကျားကျား ဘာလို့ငိုတာလဲလို့ မမေးဘဲ သူ့ကို ဟန်ဆောင်တယ်လို့ပဲ ပြောနေတာလဲ။ဒါအဖေတစ်ယောက်ပေါ့ ဟုတ်လား”
သွမ့်ဟွေ့ကျိုသည် နန်ချင်ဝမ် သူ့ကိုဒေါသထွက်သည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။လယခင်က သူကွာရှင်းချင်သည်ဟု ပြောစဉ်ကပင် နန်ချင်ဝမ်သည် ငိုယိုကာ တောင်းပန်ခဲ့သည်။ သူတို့ အတူတူရှိနေသည့် ကာလအတောအတွင်း သူမသည် သူ့ကို ဘယ်တုန်းကမှ ဒေါသမထွက်ခဲ့ဖူးပေ။
သွမ့်ဟွေကျို မှာ စကားရှာမရဖြစ်သွားသည်။
နန်ချင်ဝမ် သွမ့်ကျားကျားကို ဆက်လက်ချော့မော့နေသော်လည်း သွမ့်ကျားကျားသည် ငိုမြဲငိုဆဲပင်။
ချန်ဟောင်ယုသည် သွမ့်ကျားကျားဆီ ပြေးသွားပြီး သူမအား လှောင်ပြောင်လိုက်သည်။
“ရှက်စရာကောင်းလိုက်တာ၊ ငိုချင်နေတဲ့ကလေးလေး၊အရမ်းရှက်စရာကောင်းတယ်။”
အစခံလိုက်ရသောကြောင့် သွမ့်ကျားကျားသည် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ် ငိုကျွေးလေတော့၏။
ယဲ့ယီသည် ထိုကလေးဆိုးကို ကန်ပစ်လိုသည့်စိတ်ကို မျိုသိပ်လိုက်ရင်း သွမ့်ကျားကျား၏ရှေ့တွင် ထိုင်ချကာ သူမအား ညင်သာစွာ မေးလိုက်သည်။
“ကျားကျား၊ ချန်ဟောင်ယုက သမီးကို အနိုင်ကျင့်တာလား”
[ယဲ့ယီက သတ္တိရှိလှချည်လား။ သူက အပြစ်အားလုံးကို ဟောင်ယုအပေါ် ပုံချဖို့ကြိုးစားနေတာ မဟုတ်လား]
[ပြောစရာစကား မရှိတော့ဘူး။ဒါ မတရားမှုပဲ]
[ယဲ့ယီ ဘာလုပ်ချင်နေတာလဲ]
ယဲ့ယီသည် သူ၏ အဖိုးတန်သားလေးအကြောင်းပြောလာသည်ကို ကြားလိုက်ရချိန်တွင် ချန်ထျန်မင်းသည် ချက်ချင်းဒေါသထွက်ကာ မျက်နှာပျက်သွားသည်။
“မိန်းကလေးယဲ့ ၊အရာအားလုံးအတွက် သက်သေပြဖို့လိုတယ်။ အကြောင်းပြချက်မရှိဘဲ ကျွန်တော့်သားကို အသရေဖျက်တာ မသင့်တော်ဘူး”
သို့သော် နောက်တစ်ခဏတွင် သူမှားကြောင်း သက်သေပြလိုက်သည်။
သွမ့်ကျားကျားသည် တိုးတိုးလေး ငိုကြွေးရင်း ပြန်ပြောလိုက်သည်။
“သူက သမီးကို ဝက်လို ဝတယ်လို့ပြောတယ်”
ဤစကားကြောင့် လူတိုင်း မျက်နှာပျက်သွားသည်။
သွမ့်ဟွေကျို ပထမဆုံး စကားစလိုက်သည်။
“ကျားကျား၊ လိမ်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူး။ ဟောင်ယုကို မြန်မြန်တောင်းပန်လိုက်”
သွမ့်ကျားကျားသည် သူမ၏ဖခင်ထံမှ အပြစ်တင်ခံရပြီးနောက် ပို၍ပင် ကျယ်လောင်စွာငိုတော့သည်။ ငိုကြွေးရင်းကြားမှ ပြောလိုက်သည်။
“ကျားကျား မလိမ်ဘူး။ သူတကယ်ပြောခဲ့တာ။အဖေက မကောင်းဘူး။ ကျားကျား အဖေနဲ့ ဘယ်တော့မှ မကစားတော့ဘူး”
ယဲ့ယီသည် သွမ့်ကျားကျားကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သွမ့်ဟွေကျိုအား သရော်သံဖြင့် ပြောလိုက်သည်။
“သွမ့်၊ ရှင်က တော်တော်လေး ‘ဖခင်ကောင်း’ တစ်ယောက်ပဲနော်။ ဘာကိုမှ မစုံစမ်းရသေးဘဲ ရှင့်သမီးကို လိမ်တယ်လို့ စွပ်စွဲတယ်။ မသိတဲ့သူက ကျားကျားက ရှင့်ကလေးမဟုတ်ဘူးလို့တောင် ထင်သွားနိုင်တယ်”
သွမ့်ဟွေကျိုက ဒေါသတကြီး ပြန်ပြောလိုက်သည်။
“မင်း ဘာတွေလျှောက်ပြောနေတာလဲ။ ဒါ ငါတို့မိသားစုကိစ္စ၊ မင်း ဝင်စွက်ဖက်စရာမလိုဘူး”
ယဲ့ယီ အေးစက်စွာပြုံးလိုက်သည်။
“ရှင်က ဘယ်မိသားစုကိုယ်စား ပြောနေတာလဲ”
ထိုအခါ လန်ရွှယ် က ဝင်ပြောသည်။
“ကလေးတစ်ယောက်ရဲ့ တစ်ဖက်သတ်ပြောချက်ကိုပဲ အားကိုးပြီး ဟောင်ယုကို သံသယဖြစ်လို့ မရဘူးလေ”
ကုရှီချန်းသည် ယဲ့ယီအနားသို့ ရောက်ရှိလာကာ တည့်တိုးဝင်ပြောလိုက်သည်။
“သူ တကယ် အပြစ်ရှိမရှိ မင်းတို့ကိုယ်တိုင် သူ့ကို မေးကြည့်ကြလေ”