အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း(၂၃)
ဟောင်ယုကို မြန်မြန်တောင်းပန်လိုက်
လူတိုင်း ချန်ဟောင်ယုကို ကြည့်လိုက်ကြသည်။
လန်ရွှယ် ချန်ဟောင်ယုကို နူးညံ့စွာ ပြောလိုက်သည်။
“ဟောင်ယု၊ သား ကျားကျားကို မဆဲခဲ့ဘူးမဟုတ်လား”
အကယ်၍ ချန်ဟောင်ယုသာ ခေါင်းမာမာနှင့် မဝန်ခံခဲ့ပါက သူ့ကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။သို့သော် ချန်ဟောင်ယုသည် စိတ်တိုင်းကျနေတတ်ပြီး လုံးဝ မကြောက်ရွံ့သူဖြစ်သည်။ သူ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။
“သားဆဲတော့ ဘာဖြစ်လဲ။ သူက ဝက်လိုဝတာပဲကိုး”
တိုက်ရိုက်ကြည့်ရှုသူများမှာ သူ့စကားကြောင့် တုန်လှုပ်သွားကြသည်။
[ဒါက သူတို့ရဲ့ ကြီးပြင်းလာပုံမှာ ပြဿနာရှိတာကို ပြတာ။ သူတို့ မှားနေမှန်းသိရက်နဲ့ ဒီလောက်ထိ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ထင်ရဲတယ်]
[အိုး ဘုရားရေ၊ ဒီလောက်ငယ်တဲ့ ကလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲတာလဲ။ သူတို့ ကလေးကို ဘယ်လိုမျိုး ပျိုးထောင်ထားတာလဲ]
[ဒီချန်ဟောင်ယုက အရမ်းစိတ်ညစ်စရာကောင်းတယ်၊ ယဉ်ကျေးမှုလုံးဝမရှိဘူး]
[ငါ သူ့ကို တော်တော် သဘောကျဖူးတယ်၊ ဒါပေမဲ့ ဒီလောက်ဆိုးတဲ့ ကလေးဆိုးတစ်ယောက်ဖြစ်မယ်လို့ မထင်ထားဘူး]
ယဲ့ယီသည် သွမ့်ဟွေကျိုကို ကြည့်ကာ ပြောလိုက်သည်။
“သရုပ်ဆောင်သွမ့်၊အခုတော့ ဘယ်သူ့အပြစ်လဲဆိုတာ သိပြီမဟုတ်လား”
သွမ့်ဟွေ့ကျို သည် မျက်နှာပျက်သွားသော်လည်း ချန်ဟောင်ယု အတွက် ကာကွယ်ပြောဆိုနေဆဲ ဖြစ်သည်။
“ကလေးချင်း စကြနောက်ကြတာပါ၊ ဘာလို့ အရေးတကြီး လုပ်နေရတာလဲ”
လန်ရွှယ်ကလည်း ဝင်ပြောကာ ချန်ဟောင်ယုကို အပြစ်တင်လိုက်သည်။
“ဟောင်ယု၊ သား ညီမလေးကို ဘာလို့ ဒီလို ပြောရတာလဲ။ ချက်ချင်း သူ့ကို တောင်းပန်လိုက်”
ချန်ဟောင်ယုသည် လန်ရွှယ်၏ စွပ်စွဲချက်ကို ကြားလိုက်ရချိန်တွင် ချက်ချင်း စိတ်ဆိုးသွားသည်။
“သား တောင်းပန်ချင်စိတ်မရှိဘူး။ သားက အမှန်အတိုင်း ပြောနေတာ။ ကြည့်စမ်းပါဦး၊ သူ ဘယ်လောက်ဝလဲ၊ ဝက်တစ်ကောင်လိုပဲ”
ယဲ့ယီသည် လက်သီးကို ခပ်တင်းတင်း ဆုပ်မိသွားပြီး ဤကလေးဆိုးကို ပါးရိုက်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်လာခဲ့သည်။
လန်ရွှယ်သည် ခန္ဓာကိုယ်ကို ကုန်းလိုက်ပြီး ချန်ဟောင်ယုကို နူးညံ့စွာ နှစ်သိမ့်ကြည့်လိုက်၏။
“ဟောင်ယု သားအဲ့လိုမလုပ်ရဘူး။ လူတစ်ယောက်ကို ဝက်နဲ့ နှိုင်းယှဉ်တာက မှားတယ်။ အမေ့စကားကို နားထောင်၊ ညီမလေးကို မြန်မြန်တောင်းပန်လိုက်နော်”
ချန်ဟောင်ယုသည် သူမကို တွန်းဖယ်လိုက်ပြီး ရှေ့သို့ပြေးသွားကာ လူအုပ်ဆီသို့ ပြန်လှည့်ကာ လျှာထုတ်ပြသည်။
“ဟားး၊ ကျွန်တော် မတောင်းပန်ဘူး၊ မတောင်းပန်ဘူး”
ဤအရာသည် အခြေအနေကို ပို၍ ကသိကအောက်ဖြစ်သွားစေသည်။
နန်ချင်ဝမ်သည် လန်ရွှယ်ဆီသို့ လျှောက်သွားကာ အလေးအနက် ပြောလိုက်သည်။
“မစ္စစ်လန်၊ ရှင့်သားကို ကောင်းကောင်းသွန်သင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မသမီးကို ဘယ်သူကမှ ဟာသလုပ်ခွင့်မရှိဘူး”
လန်ရွှယ်သည် အနည်းငယ် ကသိကအောက်ဖြစ်သွားကာ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် ချန်ဟောင်ယုကို အကြိမ်ရာနှင့်ချီ၍ ကျိန်ဆဲနေမိသည်။
သွမ့်ဟွေကျို စိတ်မရှည်သည့် လေသံဖြင့် ဝင်စွက်ဖက်ကာ ပြောဆိုလိုက်သည်။
“တော်ကြတော့ ဒါက ကြီးကြီးကျယ်ကျယ် ကိစ္စမှ မဟုတ်ဘဲ။ တကယ် လိုအပ်လို့လား။ ငါတို့ ဆက်ပြိုင်ရဦးမှာလား”
ရှေ့မှောက်ရှိ ရင်းနှီးပြီးသားမျက်နှာကို ကြည့်ရင်း နန်ချင်ဝမ်၏နှလုံးသားမှာ ပို၍ အေးစက်သွားမိသည်။ သူမရှေ့က ထိုအမျိုးသားသည် ယခင်က သူမ သိသည့်လူမဟုတ်တော့ကြောင်း သိလိုက်သည်။
ယဲ့ယီသည် နန်ချင်ဝမ်ကို သနားစွာ ကြည့်လိုက်သည်။ ဤမျှကောင်းမွန်သော မိန်းကလေးတစ်ယောက်သည် ထိုအချိန်က မည်သို့ မျက်ကန်းတစ္ဆေ ဖြစ်ခဲ့သနည်း။
နန်ချင်ဝမ် ခေါင်းမာမာဖြင့် ချေပပြောလိုက်သည်။
“ကျွန်မသမီးကို တောင်းပန်ပါ”
မိန်းမသားတို့သည် ပင်ကိုယ်အားဖြင့် အားနွဲ့သော်လည်း မိခင်ဖြစ်လာချိန်တွင် သန်မာလာကြသည်ဟု ဆိုကြသည်။
နန်ချင်ဝမ် သည် ဤကိစ္စကို အလျှော့မပေးလိုမှန်း သွမ့်ဟွေကျို သိလိုက်သည်။ သူ မျက်နှာငယ်လေးဖြင့် ရှိနေသော လန်ရွှယ်ကို တစ်ချက်ကြည့်ပြီးနောက် နန်ချင်ဝမ်ကို ဘေးသို့ စကားပြောရန် ဆွဲခေါ်သွား၏။
သို့သော် နန်ချင်ဝမ်က သူ့လက်ကို လွှတ်ချလိုက်ပြီး ဆက်ပြောသည်။
“ကျွန်မသမီးကို တောင်းပန်ပါ”
သွမ့်ဟွေကျို နန်ချင်ဝမ်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
“မင်း ကိစ္စသေးသေးလေးကို အကြီးကြီးမဖြစ်အောင် လုပ်လို့မရဘူးလား။ ငါတို့အားလုံးက တစ်သင်းတည်းမှာပဲလေ။ မင်း ကိစ္စတွေကို ဒီလောက် အဆင်မပြေဖြစ်အောင် လုပ်မှရမှာလား”
သွမ့်ကျားကျား ငိုထားသည်မှာ မျက်လုံးများပင် နီရဲနေခဲ့ပြီဖြစ်သော်လည်း ဖခင်ဖြစ်သူသည် သူမကို အနိုင်ကျင့်သောသူများအား ကာကွယ်နေဆဲပင် ဖြစ်သည်။
“ဘုရားရေ”
ယဲ့ယီသည်ပင် ဤကဲ့သို့ မျက်နှာပြောင်လွန်းသည့် ယောက်ျားမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
နန်ချင်ဝမ် သည် သွမ့်ဟွေကျို၏မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်ပြီး သူမ၏ လေသံမှာ ယခင်ကထက် ပိုမို ပြတ်သားသည်။
“ကျွန်မသမီးကို ဘယ်သူကမှ မတရား မလုပ်စေရဘူး”
နောက်ဆုံးတွင် ချန်ထျန်မင်းသည် မလွှဲသာတော့ပဲ ချန်ဟောင်ယုအား သွမ့်ကျားကျားကို တောင်းပန်ခိုင်းလိုက်ရပြီး ထိုမှသာ ကိစ္စပြီးပြတ်သွားတော့သည်။
ကိစ္စပြီးသွားသော်လည်း ချန်ဟောင်ယု၏ ဂုဏ်သတင်းမှာ ထိုးကျသွားခဲ့သည်။ ယဉ်ကျေးမှုမရှိသော ကလေးဆိုးတစ်ယောက်ကို မည်သူကမှ ကြိုက်မည် မဟုတ်ပေ။
သူတို့ အုပ်စုသည် တောင်ပေါ်သို့ ဆက်တက်သွားကြသည်။
အဖွဲ့နှစ်ဖွဲ့ ခွဲခွာတော့မည့်အချိန်တွင် ကုစဲ့သည် သွမ့်ကျားကျားအနားသို့ တိတ်တဆိတ် ရောက်လာကာ သကြားလုံးချောင်းတစ်ခုကို ကမ်းပေးလိုက်သည်။
“သကြားလုံးစားရင် နည်းနည်းစိတ်သက်သာသွားလိမ့်မယ်”
သွမ့်ကျားကျားက နီမြန်းနေသော မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကိုကို”
ကုစဲ့ ခေါင်းညိတ်ပြီး ယဲ့ယီတို့နောက်သို့ ဆက်လိုက်သွားသည်။
နောက်ပိုင်း သူတို့တက်လာစဉ် အဖွဲ့နှစ်ဖွဲ့သည် တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးတွင် ယဲ့ယီ၏ မိသားစုနှင့် မန်ရှင်း မိသားစုသည် တောင်ထိပ်သို့ ပထမဆုံးရောက်ရှိသွားသည်။
လန်ရွှယ်၏မိသားစုနှင့် သွမ့်ဟွေ့ကျို၏မိသားစုသည် နာရီဝက်ခန့် တဖြည်းဖြည်း အချိန်ယူတက်ခဲ့ရသည်။
သွမ့်ဟွေ့ကျို နန်ချင်ဝမ်ကို စတင်ကြိမ်းမောင်းလိုက်သည်။
“ပစ္စည်းတွေ အများကြီးမယူဖို့ ငါပြောတယ်မဟုတ်လား၊ အခုကြည့်စမ်း၊ မင်းကြောင့် ငါတို့အသင်းရှုံးသွားပြီ “
နန်ချင်ဝမ်က သရော်သံဖြင့် ရယ်မောလိုက်ပြီး ဘာမှမပြောပေ။ လမ်းတစ်ဝက်တွင် ချန်ဟောင်ယုက ရှိုးမှထွက်မည်ဟု ခြိမ်းခြောက်သောကြောင့် နှောင့်နှေးခဲ့ရသည်မှာ ထင်ရှားသော်လည်း သွမ့်ဟွေကျို ဤအမှားအားလုံးကို သူမအပေါ် သို့ အပြစ်ပုံချပြီး ချန်ဟောင်ယုကို အစဉ်တစိုက် ကာကွယ်ပေးခဲ့သည်။ မသိသူတစ်ယောက်ကမြင်လျှင် သူသာ ချန်ဟောင်ယု၏ အဖေရင်းဟု ထင်သွားနိုင်သည်။
နန်ချင်ဝမ်သည် မိမိကိုယ်ကိုယ် အားနွဲ့ခြင်းအတွက် တိတ်တဆိတ် မုန်းတီးမိသည်။ တစ်ဖက်လူက ကိုယ့်ကို မချစ်တော့ကြောင်း သိလျက်နှင့် သူမ စွန့်လွှတ်ရန် မတတ်နိုင်သေးဘဲ ဂုဏ်သိက္ခာကို ထပ်ခါတလဲလဲ မြေပေါ်သို့ ချိုးနှိမ်ချခဲ့မိသည်။
ယဲ့ယီသည် သွမ့်ဟွေကျိုကို သည်းမခံနိုင်တော့ပေ။ နန်ချင်ဝမ်သာ မရှိခဲ့ပါက သွမ့်ဟွေ့ကျို ဆိုတာ ရှိလာမည် မဟုတ်ပေ။
ယဲ့ယီသည် တမင်တကာ သရော်သံဖြင့် ပြောလိုက်သည်။
“သရုပ်ဆောင်သွမ့်က ချင်ဝမ်ရဲ့ ပစ္စည်းတွေအားလုံးကို ကူသယ်ပေးခဲ့လို့လား။ အဲ့တာကြောင့် ရှင်တို့နှေးနေတာပဲ”
သွမ့်ဟွေ့ကျို၏ မျက်နှာထားသည် အတော်လေး ကြည့်ရဆိုးသွားလေ၏။
လူတိုင်း တောင်ထိပ်သို့ ရောက်ပြီး မကြာမီတွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာချလာသည်။
သူတို့အားလုံး ထုတ်လုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးခိုရန် ဂူတစ်ခုထဲသို့ ဝင်ခဲ့ရသည်။
ထိုအချိန်တွင် အစီအစဉ်သို့ အလွန်ဆိုးရွားသော သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။ မိုးရွာခြင်းကြောင့် မြေပြိုမှုဖြစ်ပွားပြီး လူတိုင်းအတွက် ပြင်ဆင်ထားသော နေ့လယ်စာကို တောင်ပေါ်သို့ မသယ်လာနိုင်သောကြောင့် ရိုက်ကူးရေးကို ခေတ္တ ရပ်ဆိုင်းထားလိုက်ရသည်။
ထုတ်လုပ်ရေးအဖွဲ့မှ နေ့လယ်စာ ပို့မပေးနိုင်ကြောင်း ကြားလိုက်ရချိန်တွင် လူတိုင်း မပျော်မရွှင် ဖြစ်သွားကြသည်။ တောင်ကို ဤကဲ့သို့ ကြာမြင့်အောင် တက်ပြီးနောက် လူတိုင်း ဗိုက်အလွန်ဆာနေကြပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ညည်းညူနေခြင်းသည် အသုံးမဝင်သောကြောင့် သူတို့၏ ကျောပိုးအိတ်များထဲတွင် စားစရာရှိမရှိ စတင်ရှာဖွေကြလေသည်။
တောင်တက်စဉ်က ဝန်ပေါ့စေရန် မည်သူကမျှ တမင်တကာ စားစရာပြင်ဆင်မလာကြပေ။ တစ်ယောက်သောသူကလွဲ၍…
နန်ချင်ဝမ်။
နန်ချင်ဝမ်၏ ကျောပိုးအိတ်သည် စားစရာများနှင့် ပြည့်နှက်လုနီးပါး ဖြစ်နေသည်။
သွမ့်ဟွေကျို နန်ချင်ဝမ်ကို တိတိကျကျ ညွှန်ကြားလိုက်သည်။
“မင်း ကျောပိုးအိတ်ထဲက စားစရာအားလုံးကို ထုတ်လိုက်၊ ဟောင်ယုနဲ့ တခြားသူတွေကို နည်းနည်း ဝေပေးလိုက်။ မင်းတစ်ယောက်တည်း အကုန်မစားနိုင်ဘူးလေ”
သူသည် ယခုအခါ တောင်တက်စဉ်က နန်ချင်ဝမ်အား စားစရာအလွန်အကျွံ ယူလာခဲ့သည့်အပေါ် ငေါက်ငမ်းခဲ့သည်ကို လုံးဝ မေ့သွားခဲ့ပြီဖြစ်သည်။
နန်ချင်ဝမ် အနေဖြင့် တုံ့ပြန်ချိန်ပင် မရလိုက်မီ ချန်ဟောင်ယုသည် သူမအနားသို့ သွားကာ ကျောပိုးအိတ်ကို အတင်းအဓမ္မ ဖွင့်လိုက်ပြီး လှန်လှောရှာဖွေတော့သည်။
သူသည် မုန့်တွေကို လှန်ရှာရင်း ညည်းညူလိုက်သည်။
“ဒါတွေက ဘာတွေလဲ။ လုံးဝ မစားကောင်းဘူး။ ကျွန်တော် နိုင်ငံခြားမုန့်တွေပဲ စားချင်တယ်”
နန်ချင်ဝမ် ချန်ဟောင်ယု၏လက်ထဲမှ ကျောပိုးအိတ်ကို ပြန်ဆွဲယူလိုက်ပြီး စိတ်မရှည်သလို ပြောလိုက်သည်။
“ဒါက ငါ့ပစ္စည်းတွေ၊ငါ ပေးချင်တဲ့သူ ပေးမှာ”
ချန်ဟောင်ယုသည် နန်ချင်ဝမ် သူ့ကျောပိုးအိတ်ကို ပြန်လုယူသွားသည်ကို မြင်သောအခါ မြေပေါ်သို့ ထိုင်ချကာ ဝုန်းဒိုင်းကြဲငိုတော့သည်။
သွမ့်ဟွေကျို နန်ချင်ဝမ်ကို စိတ်မရှည်သလို စိုက်ကြည့်လိုက်သည်။
“မင်း ကလေးတစ်ယောက်နဲ့ ဘာလို့ အငြင်းအခုံလုပ်နေတာလဲ။ မြန်မြန် ကျောပိုးအိတ်ကို ဟောင်ယုကို ပေးလိုက်။ သူ နည်းနည်းပဲ ရွေးစားမှာပါ။ မင်းကို အကုန်မပေးခိုင်းဘူး။ ဒီလောက် တွန့်တိုမနေနဲ့”
နန်ချင်ဝမ်သည် သွမ့်ဟွေကျို၏စကားကို လျစ်လျူရှုလိုက်ပြီး သူမ ကျောပိုးအိတ်ထဲမှ မုန့်အနည်းငယ်ကို ထုတ်ယူကာ ယဲ့ယီနှင့် အခြားသူများဆီသို့ လျှောက်သွားလိုက်သည်။
သွမ့်ဟွေကျို နန်ချင်ဝမ်၏လမ်းကို ပိတ်ဆို့လိုက်ပြီး သူမကို အရူးမတစ်ယောက်ကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။
“နန်ချင်ဝမ်၊ မင်း ရူးသွားပြီလား။ သူတို့က ငါတို့ရဲ့ပြိုင်ဘက်တွေ၊ မင်းက မင်းရဲ့စားစရာတွေကို သူတို့နဲ့ ဝေမျှချင်သေးတာလား”
လန်ရွှယ်က ဝင်ပြောသည်။
“ဟုတ်တယ် အစ်မ၊ ကျွန်မ စားစရာသိပ်များများစားစား ယူမလာဘူး၊ ကျွန်မတို့တောင် စားဖို့မလုံလောက်ဘူး။ဘာလို့ ပြိုင်ဖက်ကို ပေးနေတာလဲ”
အခန်း (၂၄)
ကျောက်တုံးများပြိုကျခြင်း
နန်ချင်ဝမ် ညင်သာစွာ ပြောလိုက်သည်။
“တောင်ပေါ်တက်တုန်းက သူတို့က ကျွန်မကို ကူညီခဲ့တယ်။ ဒါကြောင့် သူတို့ကို စားစရာနည်းနည်းတော့ ပေးရမှာပေါ့”
ဤစကားများသည် လန်ရွှယ် နှင့် သွမ့်ဟွေကျိုတို့ နှစ်ယောက်စလုံးကို သွယ်ဝိုက်၍ ပြောဆိုလိုက်သလိုပင်။
[ငါသာဆိုရင် ပြိုင်ဘက်တွေကို စားစရာကျွေးသင့်တယ်လို့ မထင်ဘူး။ သူတို့က ပြိုင်ဘက်တွေလေ]
[ငါကတော့ နန်ချင်ဝမ် လုပ်တာ မှန်တယ်လို့ ထင်တယ်။ တစ်ယောက်ယောက်က သူ့ကို ကူညီခဲ့တာ၊ သူ ကျေးဇူးကန်းလို့ မဖြစ်ဘူးလေ]
သွမ့်ဟွေကျို နန်ချင်ဝမ်ကို အပေါ်စီးကနေ တစ်ချက်ကြည့်ပြီး ရွဲ့စောင်းသော လေသံနှင့်ပြောလိုက်သည်။
“မင်းပေးချင်ရင် ပေးလိုက်လေ။ မင်းရဲ့စားစရာဝေစုကို ပေးလိုက်ရင် အတော်ပဲ၊ မင်းမစားရတော့ဘူးပေါ့။ ကြည့်စမ်း မင်းဘယ်လောက်ဝလာလဲဆိုတာ”
လန်ရွှယ် ပြုံးပြီး ပြောလိုက်၏။
“အစ်မခန္ဓာကိုယ်က တကယ်တော့ နည်းနည်းသိပ်မကောင်းဘူးလို့ ထင်တယ်။ အစားအသောက်ကို ပိုဂရုစိုက်သင့်တယ်”
နန်ချင်ဝမ် မျက်နှာပျက်သွားသော်လည်း သူတို့ကို ရှောင်ကွင်းပြီး ယဲ့ယီတို့ဆီသာ သွားလိုက်သည်။
ယဲ့ယီသည် စားစရာများယူလာပေးသည့် နန်ချင်ဝမ်ကို ကျေးဇူးတင်စကားများ ဆက်တိုက်ပြောနေမိသည်။
နန်ချင်ဝမ် ရိုးရိုးလေး ပြန်ပြုံးပြကာ ပြောလိုက်သည်။
“ကျွန်မကမှ ကျေးဇူးတင်ရမှာပါ။ ညီမတို့သာ မကူညီခဲ့ရင် ဒီအစားအသောက်တွေ အားလုံး ကျွန်မ ဒီကို ဘယ်လိုလုပ် သယ်လာနိုင်မှာလဲ”
နန်ချင်ဝမ်၏ နူးညံ့ကြင်နာတတ်သည့် အမူအရာကိုကြည့်ပြီး ယဲ့ယီသည် ပို၍ ခံစားမိသွားသည်။ အဘယ်ကြောင့် ဤကဲ့သို့ကောင်းမွန်သော မိန်းကလေးတစ်ယောက်သည် သွမ့်ဟွေကျိုလို ကျေးဇူးကန်းသည့်လူနှင့် တွေ့ဆုံခဲ့ရသနည်း။
ယဲ့ယီ နန်ချင်ဝမ်ကို အလေးအနက် ပြောလိုက်သည်။
“သွမ့်ဟွေကျိုတို့ပြောတာကို ဂရုမစိုက်ပါနဲ့။ အစ်မက နည်းနည်းလေး ဝတာပါ။ မိန်းကလေးတွေ ပိန်ရမယ်လို့ ဘယ်သူမှ မပြောဘူး။အခုလို ပုံစံလေးတိုင်းပဲ ကောင်းပါတယ်”
နန်ချင်ဝမ်က မသေချာသောလေသံနှင့် မေးလိုက်သည်။
“တကယ်လား။ ဒါပေမဲ့ ဟွေကျိုက ကျွန်မ ဝလွန်းတယ်လို့ အမြဲပြောနေတာ။ အခုကိုယ်အလေးချိန်က ကလေးမမွေးခင်ကထက် တော်တော်လေး ပိုများနေတယ်”
ယဲ့ယီသည် နန်ချင်ဝမ် ပခုံးကို ပုတ်ပြီး ဖြေသိမ့်လိုက်သည်။
“အစ်မဝတာက သူ့ကလေးကို မွေးပေးလို့ပါ။ သူက ကျေးဇူးကန်းရုံတင်မကဘဲ အစ်မကို ဝတယ်လို့ ပြောရဲသေးတယ်။ ဒီလိုလူမျိုးကို မြန်မြန် စွန့်ပစ်သင့်တယ်”
နန်ချင်ဝမ် ဘာမှပြန်မပြောပေ။ သွမ့်ဟွေကျိုက သူ့အပေါ် မကောင်းသော်လည်း သမီးအတွက် ငဲ့ကွက်ကာ ကွာရှင်းရန် သူမ ဆန္ဒမရှိခဲ့ပေ။
ယဲ့ယီသည် သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် ညည်းညူမိသည်။
[ထင်ထားသလိုပဲ၊ မိန်းမတွေ အိမ်ထောင်ကျရင် မပျော်ရတော့ဘူး။ ကံကောင်းတာက ငါ မကြာခင် ကွာရှင်းရတော့မှာပဲ]
ကုရှီချန်း “...”
သွမ့်ကျားကျားသည် ကုစဲ့ကို ပြုံးပြီး သကြားလုံးတစ်ခု ပေးလိုက်သည်။
“သကြားလုံးအတွက် ကျေးဇူးပါ၊ ကိုကို”
ကုစဲ့ သူ့ကို ပြုံးပြလိုက်ပြီး သူတို့ကလေးနှစ်ယောက် အတူတူထိုင်ကာ ပေါင်မုန့်စားလိုက်ကြသည်။
အားလုံး အစာစားနေကြစဉ်မှာပင် မန်ရှင်းက ကုရှီချန်းကို ဆက်လက် မြှူဆွယ်ရန် ကြိုးစားသော်လည်း ကုရှီချန်း သူမကို လုံးဝလျစ်လျူရှုထားသည်။
နောက်ထပ် အရှက်ကွဲမှုတစ်ခုနှင့် ကြုံပြီးနောက် မန်ရှင်းသည် ကုရှီချန်းကို ထပ်မံ မစရဲတော့ဘဲ ကုရှီချန်းပြီးလျှင် နောက်ထပ် စီအီးအို တစ်ယောက် ဖြစ်သည့် ချန်ထျန်မင်းဆီသို့ အာရုံပြောင်းလိုက်သည်။
မန်ရှင်းသည် ချန်ထျန်မင်းအနားကို တိုက်ရိုက်လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။
“ စီအီးအို ချန် ၊ ယီရန်ရဲ့ဈာပနတုန်းက ကျွန်မ နိုင်ငံခြားမှာရှိနေလို့ ပြန်မလာနိုင်ခဲ့ဘူး။ တကယ်ကို စိတ်မကောင်းပါဘူး”
အချစ်ဉီးနှင့်ဇနီးဟောင်း အကြောင်း ပြောလာသောကြောင့် ချန်ထျန်မင်းသည် ချက်ချင်းမေးလိုက်သည်။
“မင်း ယီရန်ကို သိလား”
မန်ရှင်း ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်သည်။
“ယီရန်နဲ့ ကျွန်မက အထက်တန်းကျောင်း အတန်းဖော်တွေပါ။ အထက်တန်းကျောင်းတုန်းက ကျွန်မတို့ တော်တော် ရင်းနှီးခဲ့ကြတယ်။ ဒါပေမဲ့ တက္ကသိုလ်တော့ မတူခဲ့ကြဘူး”
မန်ရှင်းပြောသည့် စကားများသည် အမှန်တရားများပင် ဖြစ်သည်။ သူမသည် ချန်ထျန်မင်း၏ ဇနီးဟောင်း လျူယီရန်၏ အထက်တန်းကျောင်း အတန်းဖော်ဖြစ်ခဲ့၏။သို့သော် သာမန် အတန်းဖော်အဆင့်ပင်ရှိပြီး ရင်းနှီးသည့် သူငယ်ချင်းအထိ မဖြစ်ခဲ့ပေ။
သို့သော် ချန်ထျန်မင်းသည် မန်ရှင်း၏စကားကို လုံးဝ ယုံကြည်သွားသည်။
ချန်ထျန်မင်း အားကိုးရာမဲ့လေသံနှင့် ပြောလိုက်သည်။
“သူက ကျွန်တော့်ဘဝမှာ အချစ်ရဆုံး မိန်းမပဲ။ ဒါပေမဲ့ ကျွန်တော့်ဆီကနေ ဒီလောက်စောစော ထွက်သွားတာ ဝမ်းနည်းတယ်ဗျာ”
မန်ရှင်း နှစ်သိမ့်ပေးလိုက်သည်။
“ယီရန်က ကောင်းကင်ဘုံကနေ ကြည့်နေမှာပါ။ ရှင် သူ့အတွက် အရမ်းဝမ်းနည်းနေတာကို သူ မြင်ချင်မှာ မဟုတ်ဘူး။ ဟောင်ယုက ရှင်နဲ့ ယီရန်ရဲ့ သားလေး မဟုတ်လား။ သူက တကယ်ချစ်စရာကောင်းတာပဲ”
ချန်ထျန်မင်းသည် ခေါင်းညိတ်ပြီး အလေးအနက် ပြောလိုက်သည်။
“ဟောင်ယုက ကျွန်တော့်ရဲ့ တစ်ဦးတည်းသောသားပဲ”
မန်ရှင်းသည် ချန်ထျန်မင်း စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို အလိုလို နားလည်လိုက်ပြီး လန်ရွှယ်ကို တစ်ချက်ကြည့်လိုက်သည်။
ဤပုံစံအရဆိုလျှင် မိန်းကလေးကု၏ နေရာကလည်း သိပ်မသေချာပေ။
မန်ရှင်း ချန်ထျန်မင်းကို ပြုံးပြပြီး ပြောလိုက်သည်။
“ စီအီးအို ချန် ၊ ယီရန် အထက်တန်းကျောင်းတက်တုန်းက အကြောင်းတွေ သိချင်လား။ ကျွန်မ ပြောပြလို့ရတယ်နော်”
လန်ရွှယ်သည် ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။ သူမမျက်စိရှေ့မှာတင် သူမယောက်ျားကို ကြောင်တောင်နိုက်သည်ထက် ဆိုးရွားသည့်အချက်မှာ ထိုကြောင်တောင်နိုက်သူသည် လျူယီရန်နှင့် ဆက်စပ်နေခြင်းပင်။
ချန်ထျန်မင်းကလည်း လူအများရှေ့တွင် သူ့မှာ ဤသားတစ်ယောက်ပဲ ရှိသည်ဟု ပြောသွားသေး၏။ သူမ၏ ကုကတော် ဆိုသည့် နာမည်မှာ အလှဆင်ပစ္စည်းတစ်ခုသာသာ ရှိတော့သည်။
ချန်ထျန်မင်းသည် လန်ရွှယ်၏အတွေးကို လုံးဝဂရုမစိုက်ဘဲ မန်ရှင်းနှင့်အတူ ဇနီးဟောင်း အထက်တန်းကျောင်းက အကြောင်းများကို ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့သည်။
မန်ရှင်းပြောသမျှ စကားတိုင်းသည် အမှန်တော့ မဟုတ်ခဲ့ပေ။ သို့သော် ချန်ထျန်မင်းသည်လည်း ဤအကြောင်းအရာများကို စုံစမ်းစစ်ဆေးခြင်း ပြုလုပ်မည့်ဟန်လည်း မပေါ်ပေ။
စကားပြောရင်းနှင့် မန်ရှင်း သူမ အချိန်ရတိုင်း ချန်မိသားစုအိမ်မှ ချန်ဟောင်ယုဆီ သွားလည်ချင်ကြောင်းပင် အကြံပြုလိုက်သေး၏။
လန်ရွှယ် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ အေးစက်သည့် လေသံနှင့် ပြောလိုက်သည်။
“မစ္စမန်၊ ရှင်လို တစ်ကိုယ်ရေ မိန်းမတစ်ယောက်က ကျွန်မတို့အိမ်ကို လာလည်တာ သင့်တော်မယ်မထင်ဘူး”
မန်ရှင်းသည် လန်ရွှယ်စကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်သလိုမျိုး ပြုံးပြီး ပြောလိုက်သည်။
“ဟောင်ယုကို သွားကြည့်တာတောင် မရဘူးလား။ မပူပါနဲ့၊ ကျွန်မမှာ တခြားရည်ရွယ်ချက်မရှိပါဘူး။ ယီရန်ရဲ့ ကြီးပြင်းလာပုံကို မြင်ချင်ရုံသက်သက်ပါပဲ”
လန်ရွှယ်၏ မျက်နှာသည် ပိုပြီး မည်းမှောင်လာသည်။ မန်ရှင်းပြောသည့် ရည်ရွယ်ချက်မရှိဘူးဆိုသည့် အချက်ကို သူမ မယုံပေ။ မန်ရှင်း၏ ဤနယ်ပယ်ထဲမှ နာမည်ကို ထည့်မပြောခင် လက်ရှိတွင် မန်ရှင်းသည် ချန်ထျန်မင်း၏ဘေးတွင် ကပ်တွယ်နေလေ၏။
သို့သော် ချန်ထျန်မင်းသည် မန်ရှင်းကို ကာကွယ်ပြောဆိုလိုက်ပြီး လန်ရွှယ်ကို မကျေမနပ်ပြောလိုက်သည်။
“ရှောင်ရှင်းက ကလေးကို လာကြည့်ချင်တာပဲ၊ ဘာမှားလို့လဲ”
လန်ရွှယ်သည် ဒေါသကိုမျိုသိပ်ရင်း မန်ရှင်းကို သာ ဒေါသတကြီး ကြည့်နေရုံသာ တတ်နိုင်သည်။
မန်ရှင်းက သူမကို စိန်ခေါ်သည့်အကြည့်နှင့် ပြန်ကြည့်လိုက်သည်။
လန်ရွှယ် ဒေါသထွက်လွန်း၍ မန်ရှင်းကို ပါးအလိမ့်လိမ့် ရိုက်ချင်မိသွားသည်။
ကံကောင်းထောက်မစွာ တစ်နာရီခန့်ကြာသောအခါ မိုးစဲသွားပြီး မန်ရှင်းသည် ယဲ့ယီဘက်သို့ ပြန်လာခဲ့သည်။
လန်ရွှယ် အရှုံးပေးလိုက်ရသည်ကို မြင်လိုက်ရသောကြောင့် ယဲ့ယီ တစ်ယောက် ကြိတ်ဝမ်းသာနေမိသည်။
ထုတ်လုပ်ရေးအဖွဲ့က နောက်ဆုံးတာဝန်အသစ်များကို စတင်ထုတ်ပြန်လာသည်။
တာဝန်မှာ အဖွဲ့နှစ်ဖွဲ့စလုံး သည် ထုတ်လုပ်ရေးအဖွဲ့ ပေးအပ်ထားသည့် ဓာတ်ပုံတို့ကို ကြည့်ကာ သက်ဆိုင်ရာအပင်တို့ကို ရှာဖွေရမည်။ အပင်အားလုံးကို ဉီးစွာရှာဖွေနိုင်သည့်အဖွဲ့က အနိုင်ရရှိမည် ဖြစ်သည်။
သူတို့ အလုပ်ပိုမို မြန်ဆန်စေရန် လူခွဲပြီး ရှာဖွေခဲ့ကြသည်။ သို့သော် ကလေးများ၏ လုံခြုံရေးအတွက် တစ်ခုခုဖြစ်လျှင် ချက်ချင်းတုံ့ပြန်နိုင်ရန် ကလေးမိဘများက အနီးအနားတွင် ရှိနေ၏။
ယဲ့ယီနှင့် ကုစဲ့သည် တောင်စောင်းတစ်နေရာတွင် အတူရပ်နေကြပြီး ထုတ်လုပ်ရေးအဖွဲ့က ပေးထားသည့် ဓာတ်ပုံတစ်ပုံစီကိုင်ကာ အနီးနားမှ အပင်တို့နှင့် နှိုင်းယှဉ်ကြည့်နေကြသည်။
အားလုံး ပြိုင်ပွဲကိုပင် အာရုံစိုက်နေကြပြီး အပေါ်က ကျောက်တုံးတစ်တုံး မိုးရွာသွန်းခြင်း၏ ရေတိုက်စားမှုကြောင့် ဖြည်းညှင်းစွာ တိမ်းစောင်းလာနေသည်ကိုတော့ မည်သူမှ သတိမထားမိခဲ့ကြပေ။
ကုစဲ့သည် ထုတ်လုပ်ရေးအဖွဲ့ပေးသည့် ဓာတ်ပုံထဲမှ အပင်တစ်ပင်နှင့် အလွန်ဆင်တူသည့် အပင်ကို တွေ့လိုက်ပြီး ထိုင်ချလိုက်ကာ အဆက်မပြတ် နှိုင်းယှဉ်ကြည့်နေတော့သည်။
ထိုအချိန်တွင် ကျောက်တုံးသည် ကုစဲ့ဆီသို့ အရှိန်ပြင်းပြင်းနှင့် လူးလိမ့်ကျဆင်းလာ၏။
ကုရှီချန်းသည် တစ်ခုခုမှားနေမှန်း သတိထားမိသည့်အချိန်တွင် ကျောက်တုံးသည် ကုစဲ့နှင့် မီတာအနည်းငယ်သာ ဝေးတော့သည်။ထိုအချိန်တွင် ကုရှီချန်းသည် ကုစဲ့နှင့် အလွန်ဝေးကွာနေသောကြောင့် အမြန်ပြေးသွားရင်တောင် ကျောက်တုံးမထိခင်မှာပင် ကုစဲ့ကို ကယ်ထုတ်သွားနိုင်မည် မဟုတ်ပေ။
ကုစဲ့ ခေါင်းမော့ကြည့်လိုက်သောအခါ ကျောက်တုံးများက သူ့ဆီသို့ လူးလိမ့်ကျဆင်းလာသည်ကို မြင်လိုက်ရ၏။သို့သော် ကျောက်တုံး၏အရှိန်နှုန်းသည် သူ ထ မရပ်နိုင်ခင်မှာပင် သူ့ကို ထိမှန်သွားနိုင်သည်။