← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅)

အသေးစားဒဏ်ရာမျှသာ

လူတိုင်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားပြီး ကုရှီချန်းသည် ကုစဲ့ထံသို့ တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားခဲ့သည်။

အဆိုးရွားဆုံး အခိုက်သို့ ရောက်ရှိလာချိန်တွင် ကုစဲ့နှင့် အနီးဆုံး၌ ရှိနေသော ယဲ့ယီ သူ့ဆီသို့ ခုန်အုပ်လိုက်ပြီး အားဖြင့် တွန်းထုတ်လိုက်သည်။

ကျောက်တုံးကြီး ကျလာမည့် တစ်စက္ကန့်အလိုတွင် သူမ ကုစဲ့ကို တွန်းထုတ်နိုင်ခဲ့သော်လည်း ကျောက်တုံးကြီးသည် သူမ ခြေထောက်ပေါ်သို့ ပြုတ်ကျကာ ဖိမိသွားခဲ့သည်။

ယဲ့ယီသည် သူမ ခြေထောက်မှ စူးရှသော နာကျင်မှုကို ချက်ချင်းပင် ခံစားလိုက်ရပြီး အရိုးကျိုးသွားကြောင်း သိလိုက်ရသည်။

ကုစဲ့ အံ့အားသင့်သွားခဲ့သည်။ ခုနက သူ့ကို ကယ်ခဲ့သူမှာ ယဲ့ယီ ဖြစ်နေခဲ့သည်။

ကုစဲ့၏ ရင်ထဲတွင် ရှင်းပြ၍မရသော ခံစားချက်များ ပိုမို ပြင်းထန်လာခဲ့သည်။

ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည့် အခိုက်တွင် ဓာတ်ပုံဆရာပင် ဓာတ်ပုံရိုက်ဖို့ မေ့သွားခဲ့သည်။ ဓာတ်ပုံဆရာသည် အခြေအနေကို သတိရ၍ ဆက်ရိုက်ရန် ကြိုးစားလိုက်ရာ ဒါရိုက်တာသည် သူ့ကို အဓိပ္ပာယ်ရှိသော အကြည့်တစ်ချက် ကြည့်လိုက်သည်။

“ငတုံး၊ ဒါကို ရိုက်လို့ရလို့လား”

ကုရှီချန်းသည် ရိုက်ကူးရေးအဖွဲ့အား ရိုက်ကူးမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်ပြီး ယဲ့ယီကို ပွေ့ပိုက်၍ ရိုက်ကူးရေးအဖွဲ့၏ ကားပေါ်တက်ကာ ဆေးရုံသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့သည်။

တိုက်ရိုက်လွှင့်မှု ရုတ်တရက် ရပ်တန့်သွားသောအခါ ကြည့်ရှုသူများသည် လုံးဝ အူကြောင်ကြား ဖြစ်သွားကြသည်။

ထို့နောက် အားလုံးသည် ရှင်းလင်းချက် တောင်းဆိုရန် တရားဝင်အကောင့်ထံသို့ တစ်ဟုန်ထိုး ရောက်ရှိလာကြသည်။

ထုတ်လုပ်ရေးအဖွဲ့မှ နောက်ဆုံးရှင်းလင်းချက်မှာ တစ်စုံတစ်ဦး ဒဏ်ရာရသွားသည်ဟူ၍ ဖြစ်သည်။

ပရိသတ်အားလုံးသည် မိမိတို့၏ အနုပညာရှင်များ ဒဏ်ရာရသွားမည်ကို စိုးရိမ်ခဲ့ကြပြီး အနုပညာရှင်များ၏ weibo သို့ သွားရောက်မေးမြန်းခဲ့ကြသည်။

လန်ရွှယ် သူမ weiboတွင် ပို့စ်တစ်ခုကို တိုက်ရိုက်တင်ခဲ့သည်။

လန်ရွှယ်V: စိတ်မပူပါနဲ့။ ကျွန်မရဲ့မိသားစုရော ဟွေ့ကျိုရဲ့မိသားစုရော ထိခိုက်ဒဏ်ရာ မရပါဘူး။

ဒဏ်ရာရသူသည် ထိုမိသားစုနှစ်ခုမှ မဟုတ်ပါက ကျန်ရှိသော မိသားစုနှစ်ခုသာလျှင် ဖြစ်နိုင်တော့မည်။

ထို့နောက် ပရိသတ်များသည် ယဲ့ယီနှင့် မန်ရှင်းတို့၏ weibo သို့ မေးခွန်းများ သွားရောက်မေးမြန်းရာ မန်ရှင်းကလည်း သူမကိုယ်တိုင်နှင့် သူမ၏သမီး ဒဏ်ရာမရကြောင်း weibo တွင် ရေးသားခဲ့သည်။

ထို့ကြောင့်……

ဒဏ်ရာရသွားနိုင်သည့် တစ်ဦးတည်းသောသူမှာ ယဲ့ယီ၏ မိသားစုဝင်တစ်ဦးပင် ဖြစ်သည်။

မီဒီယာအမျိုးမျိုးသည် မည်သူဒဏ်ရာရသွားကြောင်းကို စတင်စုံစမ်းခဲ့ကြသည်။ အကယ်၍ ကုရှီချန်းသာဖြစ်ခဲ့လျှင် ယင်းသည် ငွေအမြောက်အမြားရှာရန် အခွင့်အရေးတစ်ခုဖြစ်သည်။

နည်းလမ်းပေါင်းစုံဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ဒဏ်ရာရသူကို ဖော်ထုတ်နိုင်ခဲ့သည်။

ဒဏ်ရာရသူမှာ ယဲ့ယီဖြစ်ကြောင်း မီဒီယာများ သိရှိသွားချိန်တွင် အတန်ငယ် စိတ်ပျက်သွားကြသည်။ အကြောင်းမှာ သူတို့ ရနိုင်တော့မည့် ဝင်ငွေများ လွင့်စင်သွားသောကြောင့်ဖြစ်သည်။

သို့သော် အင်တာနက်အသုံးပြုသူများက ယဲ့ယီသည် မည်သို့သော ဒဏ်ရာမျိုးရရှိသည်ကို အတော်လေး စပ်စုနေကြသည်။ သူမကို မုန်းတီးသူများက ယဲ့ယီသည် လူကြိုက်များမှုအတွက် တမင်သက်သက် လုပ်ခဲ့သည်ဟု ယုံကြည်နေကြသည်။

ထိုညနေခင်းတွင် “ကျော်ကြားသူမိသားစု” ၏ ဝန်ထမ်းတစ်ဦး ဆိုသူ၏ weibo အကောင့်တစ်ခုမှ ယဲ့ယီသည် အသေးစားဒဏ်ရာမျှသာ ရရှိခဲ့သော်လည်း နာမည်ကြီးမင်းသမီးကဲ့သို့ ဟန်ဆောင်ကာ ရိုက်ကူးရေးအဖွဲ့အား ရိုက်ကူးမှုရပ်တန့်စေပြီး သူမကို ဆေးရုံပို့ပေးရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဝန်ထမ်းတစ်ဦး ဆိုသူ၏ weibo အကောင့်သည် စစ်မှန်သော အထောက်အထားတစ်စုံတစ်ရာမှ မပေးသကဲ့သို့ အတည်ပြုချက်လည်း မရရှိခဲ့ပေ။ သို့သော် အချို့သောသူများက ထိုစကားကို ယုံကြည်ခဲ့ကြသည်။

ထိုနောက် ချက်ချင်းဆိုသလို weibo တွင် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေခဲ့ကြသည်။

#ယဲ့ယီနာမည်ကြီးမင်းသမီးလို ဟန်ဆောင်ဟူသော ဟက်ရှ်တက်သည် weibo ၏ ခေတ်စားနေသော ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးသို့ ချက်ချင်းရောက်ရှိသွားသည်။

လန်ရွှယ် သွမ့်ဟွေကျိုနှင့် မန်ရှင်းတို့အားလုံး ဤအမှန်တရားကို သိရှိထားကြသော်လည်း အားလုံးသည် နှုတ်ဆိတ်နေခဲ့ကြသည်။

သို့သော် ထိုနှုတ်ဆိတ်မှုကို ပရိသတ်များက အဆိုပါအကောင့်၏ ပြောကြားချက်ကို ဝန်ခံခြင်းအဖြစ် မြင်ခဲ့ကြသည်။

လန်ရွှယ်၊ သွမ့်ဟွေကျိုနှင့် မန်ရှင်းတို့၏ ပရိသတ်များကြောင့် ယဲ့ယီ၏ weibo အကောင့်တွင် မှတ်ချက်များဖြင့် ပြည့်လျှံသွားစေခဲ့ပြီး ယဲ့ယီ အလုပ်လုပ်သော ဖျော်ဖြေရေးကုမ္ပဏီ၏ တရားဝင် weibo အကောင့်သို့ပင် သွားရောက်ကာ ရှင်းလင်းချက် တောင်းဆိုခဲ့ကြသည်။

ယဲ့ယီ၏ အေးဂျင့် အမလျုံသည် ယဲ့ယီထံ အသည်းအသန် ဖုန်းခေါ်နေခဲ့သည်။

ကုရှီချန်းသည် ယဲ့ယီဖုန်းကို ကိုင်ထားပြီး ဝင်လာသော ဖုန်းခေါ်ဆိုမှုကို ကြည့်ကာ ချက်ချင်းပင် ဖြတ်ချလိုက်သည်။ ယဲ့ယီ အေးဂျင့်ကို သူ ကောင်းကောင်းသိ၏။ သူမ အလွန်အမင်း စိတ်မချရသူဖြစ်သည်။

ဖုန်းကို ဖြတ်ချပြီးနောက် ကုရှီချန်း အရေးပေါ်ခန်းတံခါးကို စိုးရိမ်တကြီးဖြင့် ဆက်လက်စိုက်ကြည့်နေမိ၏။

ယဲ့ယီ ဆေးရုံသို့မရောက်မီကပင် သွေးအလွန်အမင်း ဆုံးရှုံးကာ သတိမေ့မြောသွားခဲ့သည်။ ဒဏ်ရာ ပြင်းထန်မှုကြောင့် ဆေးရုံသို့ရောက်ရှိသည်နှင့် အရေးပေါ်ခန်းထဲသို့ ချက်ချင်းပို့ဆောင်ခံခဲ့ရသည်။

ကုရှီချန်းဘေးတွင် ထိုင်နေသော ကုစဲ့ အလွန်အမင်း စိတ်လှုပ်ရှားနေပြီ သူ့မျက်လုံးများပင်လျှင် ငိုထားသလိုမျိုး အနည်းငယ်နီရဲနေခဲ့၏။

အရေးပေါ်ခန်းမှ မီးမပိတ်သေးသည်ကို မြင်သောအခါ ကုစဲ့သည် ကုရှီချန်းအား စိုးရိမ်တကြီး မေးလိုက်သည်။

“အဖေ... သူ အဆင်ပြေမှာပါနော်”

ကုရှီချန်း လေးနက်စွာ ပြန်ပြောလိုက်သည်။

“အားလုံးအဆင်ပြေသွားမှာပါ”

ထိုသို့ပြောသော်လည်း ယဲ့ယီ တကယ် အဆင်ပြေမပြေကို သူကိုယ်တိုင်လည်း သေချာမသိပေ။ သူ့စိတ်ထဲတွင် သွေးအလွန်အမင်းဆုံးရှုံးမှုကြောင့် ဖြူဖျော့နေသော ယဲ့ယီ၏ ပုံရိပ်ကိုသာ မြင်ယောင်နေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် အရေးပေါ်ခန်းမှ မီးများ ပိတ်သွားသည်။

အဖြူရောင်အင်္ကျီ ဝတ်ထားသော ဆရာဝန်တစ်ဦး အထဲမှထွက်လာခဲ့၏။

ကုရှီချန်း ချက်ချင်းပင် ရှေ့သို့တိုးသွားသည်။

“ဆရာ... သူ့အခြေအနေ ဘယ်လိုလဲ”

“အခုတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ စောင့်ကြည့်ခန်းထဲမှာ ခဏလောက်တော့ စောင့်ကြည့်ဖို့လိုတယ်။ နောက်ပိုင်းမှာ ကြီးကြီးမားမား ပြဿနာမရှိဘူးဆိုရင် သာမန်လူနာခန်းကို ပြောင်းရွှေ့လို့ရပါပြီ”

ယဲ့ယီ အန္တရာယ်ကင်းသွားပြီ ဆိုသော စကားကို ကြားပြီးမှသာလျှင် ကုရှီချန်းနှင့် ကုစဲ့တို့ မှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြသည်။

တစ်ဖက်တွင် ယဲ့ယီ၏ အေးဂျင့် အစ်မလျုံသည် ဖုန်းဖြတ်ချခံလိုက်ရပြီးနောက် ဒေါသတကြီးဖြင့် ဆဲဆိုနေခဲ့သည်။

“ဒီကောင်မက ငါ့ဖုန်းကို ဖြတ်ချရဲတယ်ပေါ့။ ဒီလို အနုပညာရှင်မျိုးရတာက ငါ့ဘဝထဲက အဆိုးဆုံးကံပဲ”

ခဏစဉ်းစားပြီးနောက် အမလျုံသည် လန်ရွှယ်ထံ တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။

လန်ရွှယ်က ဖုန်းကို အမြန် ကောက်ကိုင်လိုက်သည်။ ဤဖုန်းအဝင်ကို အကြာကြီးစောင့်ဆိုင်းနေခဲ့သလိုပင်။

လန်ရွှယ်၏ အသံသည် ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

“အစ်မလျုံ... ဒီလိုညနက်ကြီး ကျွန်မကို ဖုန်းခေါ်တာ ဘာကိစ္စရှိလို့လဲ”

အစ်မလျုံ တိုက်ရိုက်မေးလိုက်သည်။

“ရှောင်ရွှယ် ယဲ့ယီရဲ့ ဒဏ်ရာက ဘယ်လောက်ထိပြင်းထန်လဲ သိချင်လို့ပါ”

ဖုန်းတစ်ဖက်မှ ပျော့ပျောင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“အစ်မလျုံ... ဒဏ်ရာရသွားတာ ယဲ့ယီဆိုတာ သိထားရုံနဲ့ လုံလောက်ပါတယ်”

ဖုန်းချပြီးနောက် အစ်မလျုံသည် လန်ရွှယ်၏စကားကို သေချာစဉ်းစားပြီး ယဲ့ယီ၏ weibo သို့ ဝင်ရောက်ကြည့်ရှုခဲ့သည်။

မူလယဲ့ယီသည် သူမအေးဂျင့် အစ်မလျုံကို လုံးဝ ယုံကြည်ထားပြီး အစ်မလျုံက သူမ၏ weibo အကောင့်အားလုံးကို စီမံခန့်ခွဲခဲ့သည်။ ယဲ့ယီ အသစ်ကူးပြောင်းရောက်ရှိလာပြီးနောက်တွင်လည်း စကားဝှက်ကို ပြောင်းလဲဖို့ အချိန်မရခဲ့ပေ။

ယဲ့ယီ weibo အကောင့်ထဲသို့ ဝင်ရောက်ပြီးနောက် အမလျုံသည် ယဲ့ယီ၏ weibo အကောင့်ကို အသုံးပြု၍ ပို့စ်တစ်ခုကို တိုက်ရိုက်တင်လိုက်သည်။

ယဲ့ယီ V: အရမ်းစိတ်မကောင်းပါဘူး။ ဒီနေ့ ရိုက်ကွင်းမှာ နည်းနည်းဒဏ်ရာရသွားလို့ ထုတ်လုပ်ရေးအဖွဲ့ကို ရိုက်ကူးမှု ရပ်ခိုင်းခဲ့ရပါတယ်။ အားလုံး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အချို့သောသူများသည် ဝန်ထမ်းဆိုသူ၏ ပြောကြားချက်ကို အစပိုင်းတွင် လုံးဝ မယုံခဲ့ကြသော်လည်း ဤ weibo ပို့စ်သည် ခိုင်မာသော အထောက်အထား ဖြစ်နေသည်။

ထိုပို့စ်တွင် ဆဲဆိုကြိမ်းမောင်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အင်တာနက်အသုံးပြုသူ A: ငါတို့ကို မင်းကို နားလည်ပေးဖို့ ဘယ်လိုတောင်းဆိုရဲတာလဲ။ ဟန်ဆောင်မင်းသမီးလေး... ဖျော်ဖြေရေးလောကကနေ ထွက်သွားစမ်း။

အင်တာနက်အသုံးပြုသူ B: မင်းတစ်ယောက်တည်းကြောင့် လူဘယ်နှစ်ယောက်ကို နစ်နာစေခဲ့မှန်း သိလား။ ငါ မင်းကို လုံးဝနားမလည်နိုင်ဘူး။

အင်တာနက်အသုံးပြုသူ C: အစ်မ... မင်း ဖျော်ဖြေရေးလောကမှာ ဘာလာလုပ်နေတာလဲ။ ထွက်သွားတော့။ ဖျော်ဖြေရေးလောကက မင်းလို နတ်ဘုရားမကို လက်မခံနိုင်ဘူး။

အင်တာနက်အသုံးပြုသူ D: ယဲ့ယီ... ဘာလို့ S ကို မသွားသေးတာလဲ။ ငါတကယ် သူ့ကို မမြင်ချင်တော့ဘူး။ မျက်စိကြိမ်းတယ်။

အင်တာနက်အသုံးပြုသူ E: ဒဏ်ရာလေးနည်းနည်းရရုံနဲ့ကို ဆေးရုံသွားရလား။ မင်းက ဘာလို့ ဒီလောက် အခက်အခဲတွေနဲ့ နေနိုင်သေးရတာလဲ။

ယခင်က ယဲ့ယီကို မကြိုက်ခဲ့သော အနုပညာရှင်အချို့သည်လည်း ဤအခွင့်အရေးကို အသုံးချကာ တိုက်ရိုက်ဝေဖန်ပြောဆိုခဲ့ကြသည်။

ယခင်က ယဲ့ယီ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသော အသေးစားနာမည်ကျော်တစ်ဦးကလည်း weibo တွင် ယဲ့ယီကို စွပ်စွဲပြောဆိုသည့် ပို့စ်တင်ခဲ့သည်။

#ယဲ့ယီလူသစ်ကိုအနိုင်ကျင့်ခြင်း#ဖျော်ဖြေရေးလောကရဲ့ဟန်ဆောင်မင်းသမီးလေး#ယဲ့ယီဖျော်ဖြေရေးလောကကနေထွက်သွား

Weibo ပေါ်ရှိ ခေတ်စားနေသော အကြောင်းအရာအားလုံးနီးပါးသည် ယဲ့ယီနှင့်ပတ်သက်နေ၏။ ယဲ့ယီ weibo အကောင့်သည် စောင့်ကြည့်သူ အမြောက်အမြားရရှိခဲ့သော်လည်း အားလုံးသည် မုန်းတီးသူများသာ ဖြစ်ကြသည်။

သူမ weibo ပို့စ်တိုင်းသည် ဆဲဆိုခြင်းကိုခံရပြီး အချို့သောသူများသည် သူမ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုပင် စတင်တူးဖော်လာကြသည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ယီသည် ကုအဖွဲ့အစည်း စီအီးအို၏ ဇနီးဖြစ်သောကြောင့် သူမနှင့်ပတ်သက်သော မည်သည့်သတင်းအချက်အလက်ကိုမျှ တူးဖော်နိုင်မည် မဟုတ်ပေ။

သို့သော် အချို့သော အစွန်းရောက်ပရိသတ်များသည် ကုအဖွဲ့အစည်း၏ weibo အကောင့်သို့ တိုက်ရိုက်သွားရောက်ကာ ရှင်းလင်းချက်တောင်းဆိုခဲ့ကြ၏။

ကုအဖွဲ့အစည်း၏ စတော့ရှယ်ယာဈေးနှုန်းသည်ပင် ချက်ချင်း ကျဆင်းသွားခဲ့ပြီး ယင်းအခြေအနေသည် ချန်ထျန်မင်းအတွက် ဝမ်းသာစရာ ဖြစ်လာသည်။

အခန်း (၂၆)

လူ့သဘောသဘာဝ၏ မတည်ငြိမ်မှု

ကုရှီချန်းသည် သူ့လက်ထောက်ထံမှ ဖုန်းကို လက်ခံရရှိခဲ့ပြီး ယခုလောလောဆယ် စိတ်မပူရန် နှင့် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမည်ဟုသာ ပြောကြားထားလိုက်သည်။

ယခုအချိန်တွင် ကုရှီချန်းအတွက် အရေးကြီးဆုံးမှာ ယဲ့ယီ မည်သည့်အချိန်တွင် နိုးလာမည်ဆိုသည့်အချက်ပင် ဖြစ်သည်။ သူ ဤအမျိုးသမီးကို မနှစ်သက်သော်လည်း သူမသည် ကုစဲ့ကို ကယ်တင်ရင်း ဒဏ်ရာရခဲ့ခြင်းပင်။

ကုစဲ့ အိမ်ပြန်ရန် ငြင်းဆန်ခဲ့ပြီး ယဲ့ယီ နိုးလာသည့်အချိန်ထိ ဆေးရုံတွင် စောင့်ဆိုင်းနေချင်ကြောင်း တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် ကုရှီချန်းသည် သူကို ပင်ပန်းမည်စိုးသဖြင့် အတင်းအကြပ် ပြန်ခိုင်းခဲ့ရပြီး သူကိုယ်တိုင်ကတော့ ဆက်လက်စောင့်ဆိုင်းလိုက်၏။

ကံကောင်းထောက်မစွာ တစ်ညလုံး စောင့်ကြည့်ပြီးနောက် ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ဘဲ ယဲ့ယီအား နောက်တစ်နေ့ နံနက်စောစောတွင် သာမန်အဆောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။

ကုစဲ့ ယဲ့ယီကို တွေ့ရန် နံနက်စောစောတည်းက ဆေးရုံသို့ ရောက်လာခဲ့သော်လည်း သူ ရောက်လာချိန်တွင် ယဲ့ယီမှာ အိပ်ပျော်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမ ကုတင်ဘေးတွင် တိတ်ဆိတ်စွာဖြင့် ထိုင်စောင့်ကြည့်နေ၏။

အင်တာနက်ပေါ်ရှိ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး ထင်ရှားသော မားကတ်တင်း အကောင့်ကြီးများကပါ သတင်းဖော်ပြနေကြသည်။ ၎င်းတို့က ယဲ့ယီသည် တမင်တကာ နာမည်ကြီးဟန်ဆောင်နေသည်ဟု ကောက်ချက်ချကြပြီး အားလုံး သူမကို တောင်းပန်ရန် တောင်းဆိုနေကြသည်။

အစ်မလျုံသည် ယဲ့ယီထံ ဆက်တိုက် ဖုန်းဆက်ခဲ့သော်လည်း မည်သူမျှ ဖြေကြားခြင်းမရှိခဲ့ပေ။ ထို့နောက် သူမ ယဲ့ယီ၏ weibo အကောင့်တွင် တောင်းပန်စာတစ်စောင် တင်ခဲ့သော်လည်း အင်တာနက်အသုံးပြုသူများသည် လက်မခံဘဲ ယဲ့ယီ ထွက်လာရန် ဆက်လက်တောင်းဆိုနေကြသည်။

ကုမ္ပဏီအထက်ပိုင်း စီမံခန့်ခွဲသူများသည် ယဲ့ယီအား ဘေးဖယ်ထားရန် စိတ်ကူးရှိနေပြီးသားဖြစ်သော်လည်း သူမ အဆင့်အတန်းကြောင့် ဆုံးဖြတ်ချက်ချရန် ချီတုံချတုံ ဖြစ်နေကြသည်။

ကုရှီချန်း ယဲ့ယီကို လုံးဝမကြိုက်ကြောင်း အွန်လိုင်းတွင် ပြောဆိုနေကြသော်လည်း ယဲ့ယီသည် ကုအဖွဲ့အစည်း၏ ဥက္ကဋ္ဌကတော်ဟူသော ဂုဏ်ပုဒ်ကို ဆက်လက်ကိုင်ဆောင်ထားဆဲပင်။

အချို့လူများက ကုရှီချန်းထံ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း လုံးဝဆက်သွယ်၍ မရခဲ့ပေ။

အွန်လိုင်းတွင် ယဲ့ယီအကြောင်း ကြမ်းကြမ်းတမ်းတမ်း ဝေဖန်နေသဖြင့် နန်ချင်ဝမ်သည် သွမ့်ဟွေကျိုအား ယဲ့ယီအတွက် ရှင်းလင်းချက်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် သွမ့်ဟွေကျိုသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ယဲ့ယီ၏ လုပ်ရပ်များအပေါ် မကျေနပ်နေခဲ့သည်မှာ ကြာပြီဖြစ်၍ မည်သို့ ရှေ့ထွက်ကာကွယ်ပေးလိုစိတ် ရှိမည်နည်း။

နန်ချင်ဝမ်သည် သွမ့်ဟွေကျိုနှင့် စတင်စကားများ ရန်ဖြစ်ခဲ့သည်။

“သွမ့်ဟွေ့ကျို၊ ရှင့်မှာ ကိုယ်ကျင့်တရား မရှိတော့ဘူးလား။ မိခင်တစ်ယောက်က သူ့သားကို ကယ်ရင်း ဒဏ်ရာရသွားပြီး အခုအွန်လိုင်းမှာ အထင်လွဲခံနေရတယ်။ မျက်မြင်သက်သေတစ်ယောက်အနေနဲ့ ရှင်းပြဖို့တောင် မကူညီနိုင်ဘူးလား”

သွမ့်ဟွေကျို၏ ဒေါသလည်း ပေါက်ကွဲလာသည်။

“နန်ချင်ဝမ်၊ ယဲ့ယီ အထင်လွဲခံရတာပဲဖြစ်ဖြစ် မခံရတာပဲဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လို့လဲ။ ဒီလောက် အရေးမပါတဲ့လူ တစ်ယောက်အတွက် ငါ့ကို ဒေါသထွက်နေတာလား။ မင်းကိုယ်မင်း အခု ပြန်ကြည့်စမ်းပါ။ ကိုယ့်အခြေအနေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပြီး ဘယ်သူက မင်းရဲ့ တကယ့်မိသားစုဆိုတာ သိအောင်လုပ်ပါဦး”

နန်ချင်ဝမ်၏ရင်ထဲတွင် အရင်ကတည်းက ဖိနှိပ်ထားခဲ့သော နာကျည်းမှုသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မျက်ရည်များ မတားဆီးနိုင်တော့ပဲ ကျဆင်းလာလေ၏။

နန်ချင်ဝမ်သည် သူမ မျက်ရည်များကို လက်ဖြင့် သုတ်လိုက်ပြီးနောက် သွမ့်ဟွေကျိုအား ပြောလိုက်သည်။

“ဘယ်သူက တကယ့်မိသားစုဆိုတာကို နားမလည်တာလဲ၊ ပြီးတော့ တခြားသူရဲ့သားအတွက် ကိုယ့်သမီးကို အလွဲလွဲအချော်ချော် စွပ်စွဲနေတာက ဘယ်သူလဲ”

သွမ့်ဟွေကျိုက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ချေပလိုက်သည်။

“ဟောင်ယုက နောက်ပိုင်းမှာ ကျားကျားကို တောင်းပန်ပြီးပြီလေ မဟုတ်ဘူးလား”

နန်ချင်ဝမ် အေးစက်စွာ ပြောလိုက်သည်။

“မှားတာလုပ်မိလို့ တောင်းပန်တာက မှန်တဲ့အရာမဟုတ်ဘူးလား။ သူက လန်ရွှယ်ရဲ့ မွေးစားသားဖြစ်လို့ သူ့အတွက် ကိုယ့်သမီးကို နစ်နာခံပြီး အပြစ်တင်ချင်နေတာလား။ သွမ့်ဟွေကျို နိုးထလာစမ်းပါ၊ သူတို့က အိမ်ထောင်ကျပြီးသားပဲ”

ဖြန်း

သွမ့်ဟွေကျိုသည် နန်ချင်ဝမ် ကို ပါးရိုက်လိုက်သည်။ လန်ရွှယ် အိမ်ထောင်ကျသွားပြီမှန်း သူ သိသည်။ သို့သော် နန်ချင်ဝမ်ကသာ ကွာရှင်းရန် မငြင်းဆန်ခဲ့ပါက လန်ရွှယ်သည် သူ့ဇနီးတစ်ယောက် ဖြစ်လာပေလိမ့်မည်။

နန်ချင်ဝမ်သည် မျက်နှာကို လက်ဖြင့်အုပ်ကာ သွမ့်ဟွေကျိုကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့သည်။ သွမ့်ဟွေကျိုသည် ယခင်က သူမ၏ ခန္ဓာကိုယ်ပုံစံကို လှောင်ပြောင်ခဲ့ဖူးသော်လည်း သူမကို လက်ဖြင့်ပင် မရွယ်ခဲ့ဖူးပေ။ ယခုမူ လန်ရွှယ်အကြောင်း သူမ ပြောမိခြင်းကြောင့်သာ သူမကို တကယ်ရိုက်နှက်လာခဲ့သည်။

သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို အေးစက်စွာ ကြည့်လိုက်သည် ။

“မင်းပါးစပ်ကနေ ရွှယ်အကြောင်း ငါ ထပ်မကြားချင်ဘူး။ မင်းကို အခု ထောက်ပံ့နေတာက ဘယ်သူလဲဆိုတာ မမေ့နဲ့”

ထိုသို့ပြောပြီးနောက် သွမ့်ဟွေကျိုသည် သူ့အင်္ကျီကိုဆွဲယူကာ တံခါးမှထွက်သွားခဲ့သည်။

နန်ချင်ဝမ် သည် စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မျက်နှာတစ်ပြင်လုံး မျက်ရည်များ စီးကျနေခဲ့သည်။ ပေါက်ကွဲ ငိုကျွေးချင်သော်လည်း အပေါ်ထပ်တွင် တစ်ရေးတစ်မော အိပ်နေသော သွမ့်ကျားကျားကို အနှောင့်အယှက်ဖြစ်မည် စိုး၍ အသံကျယ်ကျယ်ပင် မငိုရဲခဲ့ပေ။

နန်ချင်ဝမ်တစ်ယောက် ထိုအချိန်က သူမ၏ ခါးကိုဖက်ကာ ချွဲနွဲ့စွာ ပြောခဲ့သော သွမ့်ဟွေကျို၏ စကားများကို ပြန်အမှတ်ရလာသည်။

“ဇနီးလေးရေ၊ မင်း အလုပ်ဆက်သွားစရာမလိုတော့ဘူး။ ငါ အခု မင်းကို ထောက်ပံ့နိုင်ပြီ။ မင်းကို အရမ်းပင်ပန်းမှာ ငါမလိုချင်ဘူး။ ဒီနေ့ကစပြီး အိမ်မှာပဲနေပြီး ကလေးကို စောင့်ရှောက်ပေးလို့ ရမလား”

ထိုအချိန်က သွမ့်ဟွေကျို၏ နှလုံးသားနှင့် မျက်လုံးထဲတွင် သူမ တစ်ယောက်တည်းသာ ရှိနေခဲ့ပြီး သူမကို အရူးအမူးချစ်ရသည်အထိ ဖြစ်ခဲ့သည်။ သူမသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသမီးအဖြစ် အမှန်တကယ် ခံစားခဲ့၏။

လူသားများသည် ပြောင်းလဲတတ်သည် မဟုတ်လော။

“မေမေ”

ရုတ်တရက် သွမ့်ကျားကျားသည် လှေကားအနီးတွင် ပေါ်လာသည်။

နန်ချင်ဝမ် မျက်ရည်များကို သုတ်ကာ ကြမ်းပြင်မှထရပ်ပြီး အတင်းအကျပ် ပြုံးလိုက်ပြီး မေး၏။

“ကျားကျား ဘယ်တုန်းက နိုးလာတာလဲ”

သွမ့်ကျားကျားသည် လှေကားမှ ဆင်းပြေးလာပြီး နန်ချင်ဝမ် ခြေထောက်ကို ဖက်လိုက်သည်။

နန်ချင်ဝမ် သွမ့်ကျားကျား၏ ခေါင်းကို ပုတ်ပေးလိုက်၏။ ကံကောင်းထောက်မစွာ သူမတွင် သမီးလေး ရှိနေသေးသည်။ မဟုတ်ပါက ဤအခြေအနေကို သူမ မည်သို့ ဖြတ်သန်းရမည်ကို မသိနိုင်‌တော့ပေ။

နောက်တစ်နေ့ နံနက်တွင် နန်ချင်ဝမ်သည် တိုက်ရိုက် အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့သည်။

သတင်းထောက် ချက်ချင်းပင် မေးမြန်းခဲ့သည်။

“မစ္စစ် သွမ့်၊ ပါဝင်ပတ်သက်သူတစ်ဦးအနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဘာကြောင့် ပြတ်တောက်သွားသလဲဆိုတာ ကျွန်တော်တို့ကို ရှင်းပြပေးနိုင်မလား”

နန်ချင်ဝမ်သည် ကင်မရာကိုကြည့်ကာ နူးညံ့စွာဖြေကြားလိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်မှုဟာ ယဲ့ယီ ဒဏ်ရာရသွားလို့သာ ပြတ်တောက်သွားတာပါ”

နန်ချင်ဝမ် ခဏရပ်ပြီးနောက် ဆက်လက်ပြောကြားလိုက်သည်။

“ဒါပေမဲ့ အွန်လိုင်းမှာ လူအချို့ပြောနေသလို ယဲ့ယီဟာ တမင်တကာ ဟန်ဆောင်နေတာ ဒါမှမဟုတ် စတားလို ဟန်ဆောင်နေတာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ မိုးရွာတာကြောင့် မြေဆီလွှာတိုက်စားမှုဖြစ်ပြီး တောင်ထိပ်ကနေ ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာပြီး ကုစဲ့ရှိတဲ့နေရာဆီကို ဦးတည်သွားခဲ့ပါတယ်။ ယဲ့ယီက ကုစဲ့ကို ကာကွယ်ရင်းနဲ့ ပြုတ်ကျလာတဲ့ ကျောက်တုံးက သူမရဲ့ ခြေထောက်ပေါ်ကို ကျရောက်သွားခဲ့တယ်။ အဲဒါကြောင့်ပဲ တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားခဲ့တာပါ”

သတင်းထောက်က ဇွတ်အတင်းမေးမြန်းလိုက်သည်။

“မစ္စ နန်၊ ပြောတဲ့စကားတွေ မှန်ကန်ကြောင်း သက်သေပြဖို့ ဘာအထောက်အထားရှိပါသလဲ”

နန်ချင်ဝမ် ကင်မရာကို ကြည့်ကာ ရိုးသားစွာ ဖြေလိုက်သည်။

“ကျွန်မကိုယ်တိုင်လည်း မိခင်တစ်ယောက်မလို့ သားဖြစ်သူကို ကယ်ဆယ်ရင်း ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ မိခင်တစ်ယောက်ကို လူတွေက အပြစ်မတင်သင့်ဘူးလို့ ယုံကြည်ပါတယ်။ ရှင်ပြောတဲ့ အထောက်အထားနဲ့ ပတ်သက်ရင်တော့ ယဲ့ယီဟာ ဆေးရုံမှာ ရှိနေဆဲပါ။ စစ်ဆေးမှုရလဒ်တွေ ထွက်လာရင် ကျွန်မတို့ သိရပါလိမ့်မယ်”

[ယဲ့ယီရဲ့ weibo ပို့စ်ကရော။ သူကိုယ်တိုင်က ဝန်ခံခဲ့တာလေ မဟုတ်ဘူးလား]

[ဟုတ်တယ်၊ ယဲ့ယီက သူ့ကိုယ်သူတော့ အရူးမလုပ်ဘူးမလား]

[ယဲ့ယီကိုယ်တိုင်က ဝန်ခံပြီးသားပဲ၊ အခုဘာလို့ ဆေးကြောဖို့ ကြိုးစားနေတာလဲ]

သတင်းထောက်သည် မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

“မစ္စ နန်၊ ယဲ့ယီရဲ့ weibo ပို့စ်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေတာလဲ ရှင်းပြပေးနိုင်မလား။ သူမကိုယ်တိုင် တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် ရှုတ်ချနေတာ‌တော့ မဟုတ်လောက်ဘူးမလား”

နန်ချင်ဝမ်သည် ယခင်က အေးဂျင့်တစ်ဦးဖြစ်ခဲ့ဖူးသည့်အတွက် ယဲ့ယီသူ့ကိုယ်သူ အသရေဖျက်လိမ့်မည်မဟုတ်ဟု သူမ ယုံကြည်၏။ပထို့ကြောင့် အဆိုဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ၎င်းတို့ကို ယဲ့ယီ၏ အေးဂျင့်က တင်ခဲ့ခြင်းသာ ဖြစ်နိုင်သည်။

နန်ချင်းဝမ် နူးညံ့စွာဖြင့် ရှင်းလင်းချက်ပေးလိုက်သည်။

“အနုပညာရှင်ကိုယ်တိုင်ကလွဲရင် ယေဘုယျအားဖြင့် သူတို့ရဲ့ အေးဂျင့်ကလည်း အနုပညာရှင်ရဲ့ weibo အကောင့်ကို ဝင်ရောက်နိုင်ပါတယ်”

သတင်းထောက်က အံ့အားသင့်စွာဖြင့်ဆက်လက်မေးမြန်းလေသည်။

“မစ္စ နန်၊ အဲဒီ weibo ပို့စ်နှစ်ခုကို ယဲ့ယီကိုယ်တိုင် တင်ခဲ့တာမဟုတ်ဘဲ သူ့weiboအကောင့်ကို ဝင်ရောက်ခဲ့တဲ့ အေးဂျင့်က တင်ခဲ့တာလို့ ပြောချင်တာလား”

နန်ချင်းဝမ် ခေါင်းညိတ်လိုက်သည်။

“ဒါက အဖြစ်နိုင်ဆုံးပါ”

တိုက်ရိုက်စကားပြောခန်းအတွင်းရှိ ကြည့်ရှုသူများက မေးခွန်းများ ထုတ်ခဲ့ကြသည်။

[အေးဂျင့်တစ်ယောက်က ကိုယ့်အနုပညာရှင်ကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးနိုင်မှာလဲ။ အရမ်းဖြစ်နိုင်ခြေနည်းတယ်]

[ဘယ်အေးဂျင့်ကမှ ကိုယ့်အနုပညာရှင်ကို နာမည်ကြီး ကြယ်ပွင့်မဖြစ်လာအောင် လုပ်ချင်တာမျိုး မရှိပါဘူး။ ဘာလို့ တမင်တကာ အသရေဖျက်ရမှာလဲ]

[ဒီကိစ္စတစ်ခုလုံးက ငါ့ကို နည်းနည်းတော့ ရှုပ်ထွေးသွားစေတယ်]

[နန်ချင်ဝမ်ရဲ့စကားတွေက မှန်တယ်ဆိုရင် တခြားသူတွေက ယဲ့ယီအတွက် ဘာလို့ ရှင်းမပြတာလဲ]

[ထုတ်လုပ်ရေးအဖွဲ့ကတောင် ရှင်းမပြဘူး။ ဒါတွေ အားလုံးကို ယဲ့ယီကိုယ်တိုင်က စီစဉ်ညွှန်ကြားခဲ့တာလို့ ငါထင်တယ်]

[ဟုတ်တယ်။ ယဲ့ယီက နန်ချင်းဝမ်ကို လာဘ်ထိုးခဲ့တာ သေချာတယ် မဟုတ်ရင် အစ်ကို့ကို ဘာလို့ ယဲ့ယီအတွက် ရှင်းမပြခိုင်းတာလဲ]

[သူ့ကို ကာကွယ်နေတာရပ်လိုက်။ ယဲ့ယီကို ဖျော်ဖြေရေးလောကကနေ ထွက်သွားခိုင်းလိုက်တော့]

All Chapters