အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း(၂၇)
ဘယ်လို ကိုင်တွယ်မလဲ
ထို့နောက် သတင်းထောက် မေးမြန်းလိုက်၏ာ
“မစ္စစ် နန်၊ ခင်ဗျားရဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် သွမ့်က ဘာကြောင့် ထွက်ပြီး ရှင်းမပြတာလဲ”
နန်ချင်ဝမ်၏ မျက်နှာအမူအရာသည် ပြောင်းလဲမသွားဘဲ ပြန်ဖြေလိုက်သည်။
“ဟွေကျိုက လူသိများသူမလို့ သူ မပြောနိုင်တဲ့ အရာတွေ ရှိတယ်လေ”
သတင်းထောက် ခေါင်းညိတ်ပြီး အင်တာဗျူး ပြီးဆုံးကြောင်း ကြေညာလိုက်သည်။
ယဲ့ယီ၏ အေးဂျင့် အစ်မ လျုံတွင်လည်း ကိုယ်ပိုင် Weibo အကောင့် ရှိပေသည်။ အင်တာဗျူးအပြီးတွင် အင်တာနက်သုံးသူများက ယဲ့ယီ၏Weiboတွင် ပို့စ်အသစ် တင်ခဲ့ခြင်းမှာ သူ ဟုတ်မဟုတ် သူမ၏ Weibo အကောင့်တွင် မေးမြန်းထားကြလေ၏။
မစ္စ လျုံသည် လုံးဝ ဝန်ခံမည် မဟုတ်သည့်အတွက် ထိုအစား Weiboတွင် ပို့စ်တစ်ခု ထပ်တင်လိုက်သည်။
လျုံရုံ V: ကျွန်မရဲ့ စီမံခန့်ခွဲမှုအောက်က အနုပညာရှင်အားလုံးရဲ့ Weibo အကောင့်တွေကို ကျွန်မ ကိုင်တွယ်ပါတယ်။ တစ်စုံတစ်ယောက်က ကိုယ်စား ဝင်ရောက် တင်ပေးတဲ့ အခြေအနေမျိုး မရှိပါဘူး။ တချို့လူတွေအနေနဲ့ သတိမပေးဘဲ ကျွန်မကို အသေရေမဖျက်ကြဖို့ မျှော်လင့်ပါတယ်။
လျိုရုံ အနေဖြင့် ယခုလို ရေးသားရဲသည်မှာ ယဲ့ယီသည် အမြဲတမ်းလိုလို သူမ၏ စကားကိုသာ နားထောင့်လေ့ရှိသောကြောင့် ဖြစ်သည်။ သူမ စကားနည်းနည်းလောက် ပြောရုံနှင့် ယဲ့ယီ ယုံကြည်လက်ခံလိမ့်မည်ဟု တွက်ထားသည်။
သို့သော် ယခု အရေးတကြီး လုပ်ရမည့်အရာမှာ ယဲ့ယီကို ရှာရန်ဖြစ်သည်။ လျုံရုံသည် ယဲ့ယီထံသို့ အရူးအမူး ဖုန်းခေါ်သော်လည်း မည်သူမှ ဖုန်းမကိုင်ခဲ့ပေ။
အင်တာနက်ပေါ်တွင် လူများက နန်ချင်ဝမ်၏ စကားကို စတင် ယုံကြည်လာကြသည်။ သို့သော် လျုံရုံ၏ Weibo ပို့စ်သည် ယဲ့ယီကို လုံးဝ ဖျက်ဆီးပစ်ခဲ့လေ၏။
ယခုအခါ နန်ချင်ဝမ်ကိုပင် အင်တာနက်သုံးသူများက ဝိုင်းဝန်း တိုက်ခိုက်နေကြပြီး သူမ၏ ယခင်က Weibo ပို့စ်အောက်တွင်လည်း သွားရောက် ဆဲဆိုနေကြသည်။ သူမကို ယဲ့ယီ၏ ငါးစားဟု လှောင်ပြောင်သရော်ကာ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများအထိ ပြုလုပ်လာကြသည်။
နန်ချင်ဝမ် အွန်လိုင်းတွင် အနိုင်ကျင့်ခံနေရကြောင်း သိပြီးနောက်တွင် သွမ့်ဟွေကျို ရက်စက်စွာပင် ပြောလိုက်သည်။
“သူများကိစ္စ ဝင်စွက်ဖက်တာ သူ့ထိုက်နဲ့သူခံပေါ့”
ထိုနေ့မှစ၍ သွမ့်ဟွေကျို အိမ်ပြန်မလာတော့ဘဲ သူ့ သီးသန့်အိမ်ကြီးဆီသို့ ပြောင်းသွားခဲ့သည်။ နန်ချင်ဝမ်ကိုလည်း သင်ခန်းစာပေးဖို့ ဆုံးဖြတ်ထားပြီး ဘလော့ခ်လုပ်ထားခဲ့သည်။
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ကောလာဟလများ ပို၍လွန်ကဲလာကြသည်။ အချို့လူများက ယဲ့ယီ၏ Weibo တွင် သူမကို သေခိုင်းသည့်အထိ မှတ်ချက်များ ရေးလာကြသည်။
သို့သော် ယဲ့ယီမှာ ဤအရာအားလုံးကို မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သွေးအလွန်အကျွံထွက်မှုကြောင့် ဆေးရုံတွင် နှစ်ရက်တိတိ မေ့မျောနေခဲ့ပြီးမှ သတိရလာသောကြောင့်ဖြစ်သည်။
ယဲ့ယီ နိုးလာချိန်၌ သူမ ဆေးရုံခုတင်ပေါ်ဘေးတွင် လှဲအိပ်နေသည့် ကုစဲ့ကို တွေ့လိုက်ရသည်။
“ရေ...ရေ”
ယဲ့ယီ၏ အသံကိုကြားလိုက်သည်နှင့် ကုစဲ့ ချက်ချင်း ထလိုက်ပြီး ရေငဲ့ပေးလိုက်သည်။
ယဲ့ယီသည် ရေသောက်ပြီးနောက် ခြောက်သွေ့နေသော သူမ လည်ချောင်းမှာ နည်းနည်း သက်သာလာခဲ့၏။
ကုစဲ့ ဆရာဝန်ရှာရန် အပြင်သို့ အမြန် ပြေးထွက်သွားသည်။
မကြာခင်မှာပင် ဆရာဝန်များနှင့် ကုရှီချန်းတို့ ရောက်လာကြ၏။
ဆရာဝန်သည် ယဲ့ယီကို သေချာ စစ်ဆေးပြီးနောက် ဘာမှမဖြစ်ကြောင်း အတည်ပြု၍ ပြန်ထွက်သွားသည်။ ထို့ကြောင့် အခန်းထဲတွင် ယဲ့ယီ၊ ကုရှီချန်းနှင့် ကုစဲ့သာ ကျန်ခဲ့သည်။
ကုရှီချန်း ယဲ့ယီကိုကြည့်ပြီး စိတ်ရင်းမှန်နှင့် ကျေးဇူးတင်လိုက်သည်။
”ဒီတစ်ခေါက်အတွက် ကျေးဇူးတင်ပါတယ်”
ယဲ့ယီက လက်ခါပြ၏။
“ဒါက အသေးအဖွဲလေး ကူညီတာပါ”
သို့သော် ယဲ့ယီသည် ပေါ့ပေါ့တန်တန် ပြောလိုက်သော်လည်း ထိုအချိန်က မည်မျှအန္တရာယ်များကြောင်း လူတိုင်း သိ၏။ ယဲ့ယီသာ ကုစဲ့ကို တွန်းမလွှတ်ခဲ့ပါက ကုစဲ့သည် ထိုနေရာမှာတင် သေသွားနိုင်သည်။
ကုစဲ့ ယဲ့ယီဆီသို့ လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“သားကို ကယ်တင်တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယဲ့ယီသည် သူမ ပုံစံမပျက်အောင် တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေလိုက်သည်။
“ငါ့ ရှေ့မှာ လူတစ်ယောက်က အသားပြားဖြစ်သွားတာကို မကြည့်ရက်လို့ပါ”
[ငါ့ အဖိုးတန် သားလေး တော်သေးလို့ပေါ့ ဘာထိခိုက်မှု မှ မရှိခဲ့တာ။ မဟုတ်ရင် ငါ ရင်ကွဲရလိမ့်မယ်]
ကုစဲ့သည် ယဲ့ယီ ခုတင်ဘေးသို့ လျှောက်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ချလိုက်သည်။ ထို့နောက် ယဲ့ယီ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
“အမေ သတိမေ့နေတဲ့ နှစ်ရက်အတွင်းမှာ အများကြီး ဖြစ်သွားတယ်”
ထို့နောက် ကုရှီချန်းက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ခဲ့သမျှအားလုံးကို ယဲ့ယီအား ပြောပြလိုက်သည်။
“မင်း သူတို့ကို ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ”
ကုရှီချန်းသည် ဤကိစ္စကို ချက်ချင်း မဖြေရှင်းသည်မှာ ယဲ့ယီ နိုးလာတဲ့အထိ စောင့်ပြီး သူမ သဘောထားကို သိချင်ခဲ့သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ သူမကို လက်စားချေဖို့ အခွင့်အရေး ပေးချင်မိ၏။
ယဲ့ယီသည် လူတစ်ယောက်ကို ကယ်တင်ရုံနှင့် ဤမျှ ဆိုးဆိုးရွားရွား တိုက်ခိုက်ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။ ဤကဲ့သို့ တိုက်ခိုက်ခံရသည်မှာ သူမ ထင်ထားသည်ထက်ပင် ဆိုးရွားနေခဲ့၏။
ယဲ့ယီသည် သူတို့အား မည်သို့ကိုင်တွယ်ရမည်ကို ခဏလောက် စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။
“အမှန်ကို တိုက်ရိုက် ရှင်းလင်းပြီး တစ်ယောက်ချင်းစီရဲ့ပါးကို ပြန်ရိုက်မယ် တရားစွဲသင့်တဲ့သူတွေကို တရားစွဲမယ်။ အထူးသဖြင့် ကောလာဟလ စဖြန့်တဲ့သူကိုပဲ”
သူမ အရေးပေါ်ခန်းထဲ ရောက်နေချိန်တွင် ဤလူများများသည် သူမကို အပေါ်ယံဒဏ်ရာလောက်ဖြင့် ရှိုးထုတ်နေသည်ဟု ပြစ်တင်ကဲ့ရဲ့ခဲ့သည်။
ကုရှီချန်း ခေါင်းညိတ်လိုက်သည်။
“ငါသွားစီစဉ်လိုက်မယ်။ တစ်ခုခုရှိရင် ရှောင်စဲ့ကို ဖုန်းခိုင်းခေါ်ခိုင်းလိုက်။”
ဤသို့ပြောပြီးသည်နှင့် ကုရှီချန်းသည် ယခုကိစ္စကိုကိုင်တွယ်ရန် ဖုန်းခေါ်ဖို့ အပြင်ကို ထွက်သွားခဲ့သည်။
ကုရှီချန်း ထွက်သွားပြီးနောက် အခန်းထဲတွင် ယဲ့ယီနှင့် ကုစဲ့တို့သာ ကျန်ခဲ့ပြီး တစ်ယောက်မျက်နှာကို တစ်ယောက် ငေးကြည့်နေကြသည်။
ကုစဲ့သည် ပတ်တီးစည်းထားသည့် ယဲ့ယီ၏ ခြေထောက်ကို ကြည့်ရင်း သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေခဲ့သည်။
နောက်ဆုံးတော့ သူ မေးလိုက်၏။
”အရင်တုန်းက ဘာလို့ သားကို အဲဒီလို ဆက်ဆံခဲ့တာလဲ”
ယခင်က သူ့ကို အလွန်မုန်းတီးခဲ့သော်လည်း ယခုတော့ သူ့ကို ကယ်တင်ရန် အန္တရာယ်ထဲကို စွန့်စားဝင်ရောက်ခဲ့သည်။
မည်သည့် ယဲ့ယီက အစစ်ဖြစ်သနည်း။ ယဲ့ယီ သူ့ကို မုန်းသည်လော၊ ကြိုက်သည်လော။ ကုစဲ့ တစ်ယောက် အမှန်တရားကို သိချင်နေခဲ့သည်။
ယဲ့ယီ တစ်ယောက် မည်သို့ရှင်းပြရမှန်း မသိဖြစ်နေပြီး အချိန်အတန်ကြာ ငြိမ်သက်နေပြီးမှ ထပြောလိုက်သည်။
“နောက်တစ်ခါ ထပ်ဖြစ်မှာ မဟုတ်ပါဘူး”
ကုစဲ့ ပြန်မပြောသော်လည်း ယဲ့ယီ မမြင်နိုင်သည့် နေရာမှ ခေါင်းညိတ်လိုက်၏။
ဤတစ်ခေါက်တွင် သူ ယဲ့ယီကို ယုံကြည်ချင်သည်။
အခန်းထဲမှ ထွက်လာပြီးနောက် ကုရှီချန်းသည် သူ့ လက်ထောက်ကို ချက်ချင်း ဖုန်းခေါ်ပြီး ကုအုပ်စု၏ ပြည်သူ့ဆက်ဆံရေးဌာနအား ဤကိစ္စကို ကိုင်တွယ်ခိုင်းလိုက်သည်။
ကုအုပ်စု၏ တရားဝင် Weibo အကောင့်သည် ဤကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းချက်ကို တိုက်ရိုက်တင်ခဲ့ပြီး ကောလာဟလ ဖြန့်သူများကို ဥပဒေအရ အရေးယူမည်ဟု ကြေညာခဲ့သည်။ ပို့စ်တွင် ယဲ့ယီ၏ ဆေးမှတ်တမ်းပုံများနှင့် ကောလာဟလ စတင်ဖြန့်ဝေခဲ့သည့် အကောင့်အချို့၏ပုံများ ပါဝင်သည်။
ကိစ္စတစ်ခုလုံးသည် ၃၆၀ ဒီဂရီ လုံးဝ ပြောင်းပြန် လှည့်သွားခဲ့သည်။ တစ်ချိန်က ယဲ့ယီကို ဆဲဆိုနေခဲ့ကြသော လူတချို့သည့် နောက်တစ်နေ့မှာပင် ကုအုပ်စုဆီမှ ရှေ့နေစာကို လက်ခံရရှိခဲ့ကြသည်။
အင်တာနက်ပေါ် ပြန်လည် ပေါက်ကွဲသွားပြီး ယခင်က ယဲ့ယီကို ဝေဖန်သည့် ပို့စ်များ တင်ခဲ့ကြသော ဘလော့ဂါများနှင့်အနုပညာရှင်တို့သည် သူတို့ပို့စ်များကို စတင် ဖျက်ပစ်လေတော့၏။
ယခင်က ယဲ့ယီကို ဆဲဆိုခဲ့ကြသည့် အင်တာနက်သုံးသူများက ယခုတော့ သူမ၏ Weibo အကောင့်တွင် တောင်းပန်စကား ဆိုနေကြတော့သည်။
လျုံရုံလည်း ကုအုပ်စု၏ တရားဝင် Weibo အကောင့်ပေါ်က ပို့စ်ကို တွေ့ခဲ့ပြီး အလွန်ထိတ်လန့်သွားကာ ယဲ့ယီထံသို့ ဆက်တိုက် ဖုန်းခေါ်နေခဲ့သည်။
ဤတစ်ခါတော့ ဖုန်းကိုင်ခဲ့လေပြီ။
အမှန်မှာ ယဲ့ယီသည် အစက လျုံရုံ၏ ဖုန်းခေါ်ဆိုမှုကို လျစ်လျူရှုထားခဲ့သည်။ သို့သော် လျုံရုံက ဆက်တိုက် ခေါ်နေသည့်အတွက် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
လျုံရုံ သူမကို ဆူမည်ဟု ထင်ထားခဲ့သော်လည်း ဤတစ်ခါတွင် လျုံရုံ၏ လေသံသည် ပုံမှန်ထက် နူးညံ့နေခဲ့၏။
“ရှောင်ယီရေ၊ မင်းရဲ့ Weibo အကောင့်မှာ အစ်မ ပို့စ်နှစ်ခု တင်ထားတယ်။ မင်း ဆေးရုံကဆင်းပြီးတဲ့အခါ သတင်းထောက်တွေ အင်တာဗျူးတဲ့အခါ စကားမှား မပြောမိအောင် သတိထားပေးနော်။ အစ်မ လျုံလုပ်သမျှက မင်းအတွက် ကောင်းဖို့ချည်းပဲဆိုတာ သိတယ်မဟုတ်လား”
ထို့နောက် ယဲ့ယီကို မဆုတ်မနစ် လှည့်စားတော့၏။
ယခင်က ယဲ့ယီသာဆိုပါက ပြောသမျှကို အလိုက်တသိ လုပ်မည်မှာအမှန်ပင်။ သို့သော် ဤတစ်ခေါက်တော့ သူမ၏ တွက်ဆချက်မှာ မှားသွားခဲ့သည်။
ဖုန်းချပြီးသည့်နောက် ယဲ့ယီ Weibo ကို ချက်ချင်း ဖွင့်ကာ သူမအကောင့်ကို ဝင်ကြည့်လိုက်သည်။ လျုံရုံသည် သူမ Weibo အကောင့်တွင် မည်သည့်အကြောင်းအရာများ တင်ထားသည်ကို သူမ အတော်လေး သိချင်နေမိသည်။
တင်ထားသည့် အရာများကို မြင်လိုက်ရချိန်တွင် အလွန် အံ့အားသင့်သွားခဲ့ရသည်။
သို့သော် ယဲ့ယီသည် ထိုပို့စ်များကို မဖျက်ခဲ့ပေ။ ၎င်းတို့သည် နောက်ပိုင်းတွင် အလွန် အသုံးဝင်လာပေလိမ့်မည်။
ယဲ့ယီ သူမအကြောင်း ရေးသားထားသော ခေါင်းစဉ်တချို့ကို ထပ်ကြည့်လိုက်သည်။ Weibo ၏နာမည်ကြီးခေါင်းစဉ်များ အားလုံးနီးပါးကို သူမ တစ်ယောက်တည်းက လွှမ်းမိုးထားလေ၏။
ကုအုပ်စုမှ ရှင်းလင်းချက် ထုတ်ပြန်ပြီးသည့်နောက် “နာမည်ကြီးမိသားစု အစီအစဉ်” ၏တရားဝင် Weibo အကောင့်ကလည်း ဤကိစ္စကို စတင် ရှင်းလင်းလာသည်။
သူတို့သည် အစပိုင်းတွင် မရှင်းလင်းခဲ့သော်လည်း ယခု ကုအုပ်စုက ဤကိစ္စကို ကိုင်တွယ်လာသောကြောင့် ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။ မူလက အစီအစဉ်အဖွဲ့သည် ဤအရှုပ်တော်ပုံကို အသုံးချကာ အစီအစဉ်အတွက် အခမဲ့ ကြော်ငြာ အဖြစ်အသုံးချခဲ့၏။
တချို့ စျေးကွက်ရှာဖွေရေး အကောင့်များက အစပိုင်းတွင် ယဲ့ယီ၏ မောက်မာမှုနှင့် ဟန်ဆောင်မှုကို ဝေဖန်နေခဲ့သော်လည်း ယခုတွင်မူ သူမ စိတ်ထားကောင်းမှုကို ချီးကျူးနေကြပြီး ကမ္ဘာပေါ်တွင် အံ့သြဖွယ်ရာ အကောင်းဆုံး မိထွေးဟုပင် ခေါ်နေကြတော့သည်။
အခန်း (၂၈)
ကုစဲ့ကို ဘာကြောင့် ကယ်ခဲ့သလဲ
ထိုညနေခင်းတွင် ကုစဲ့သည် အိမ်ပြန်အနားယူရန် အတင်းအကြပ် စေခိုင်းခံလိုက်ရပြီး ယဲ့ယီကို ဆက်လက်စောင့်ကြည့်ရန် ကုရှီချန်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
အမှန်တွင် ကုရှီချန်းသည် ဆက်နေရန် မလိုအပ်ပေ။ ယဲ့ယီ နိုးလာချိန်တွင် သူ ထိပ်တန်းပြုစုစောင့်ရှောက်သူတစ်ဦးကို ငှားရမ်းထားပြီးဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ကျန်ရစ်ခဲ့၏။
ယဲ့ယီ Weibo ကို ငုံ့ကြည့်ရင်း အလုပ်များနေပြီး ကုရှီချန်းကို လုံးဝလျစ်လျူရှုထားသဖြင့် ဆေးရုံအခန်းမှာ အလွန်တိတ်ဆိတ်နေခဲ့၏။
အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက် ကုရှီချန်း နောက်ဆုံးတွင် မေးလိုက်သည်။
“မင်း ကုစဲ့ကို ဘာကြောင့် ကယ်ခဲ့တာလဲ”
ထိုစဉ်က အခြေအနေသည် အလွန်အန္တရာယ်များပြီး တစ်လှမ်းမှားရုံနှင့် အသက်ဆုံးရှုံးရနိုင်သည်။
ကုစဲ့အပေါ် ထားရှိသော ယဲ့ယီ၏ ယခင်ကသဘောထားအရ သူမ သူ့ကိုကယ်တင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ယဲ့ယီသည် Weiboကို ခေါင်းမမော့ဘဲ ဆက်လက်ငုံ့ကြည့်ရင်း ပေါ့ပေါ့တန်တန်ပင် ဖြေလိုက်သည်။
“ကျွန်မစိတ်ပြောင်းသွားလို့ မရဘူးလား။ ပြီးတော့ ကျွန်မလို လူကြီးတစ်ယောက်ဖြစ်တာက ဘာဖြစ်သွားမှာမို့လို့လဲ။ ကလေးလေးတစ်ယောက်သာ ဖြစ်သွားရင်တော့ နေရာမှာတင် သေသွားနိုင်တယ်လေ”
ကုရှီချန်း တစ်ခဏ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“ဒီနည်းနဲ့ ကွာရှင်းတာကို ရှောင်လွှဲနိုင်မယ်လို့ မထင်နဲ့။ ငါ မင်းကို နောက်ထပ်အခွင့်အရေး ပေးမှာမဟုတ်ဘူး”
ယဲ့ယီ စိတ်ထဲတွင် မျက်လုံးလှန်ပြလိုက်၏။
[ရှင်မရှိရင် ကျွန်မက မနေတတ်တဲ့အတိုင်းပဲ၊ ရှင့်ကိုယ့်ရှင် ကံကောင်းစေတဲ့အရာမျိုးလို့ ထင်နေလား။ ရှင့်ရဲ့အခွင့်အရေးတောင် မလိုအပ်ဘူး။ ကွာရှင်းလိုက်ကြရအောင်။ ကျွန်မက အဲဒီပိုက်ဆံကို သုံးပြီး အနားယူမယ်။ ကျွန်မ အဖိုးတန်သားလေးရဲ့ အုပ်ထိန်းခွင့်သာ ရခဲ့ရင် ဘဝကြီးက ပြီးပြည့်စုံသွားပြီ]
ယဲ့ယီ၏ ရင်တွင်းစကားများကို ကြားလိုက်ရသဖြင့် ကုရှီချန်း တစ်ယောက် အလွန်ရှုပ်ထွေးသွားသည်။
ယဲ့ယီ ယခုအခါ ကုစဲ့ကို မုန်းတီးခြင်းမရှိတော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ့ကို အလွန်ချစ်ခင်နေပြီဖြစ်သည်။ ထို့အပြင် သူမသည် ကွာရှင်းခြင်းကို မဆန့်ကျင်ဘဲ လက်ခံနေလေ၏။၊ ယခင် ယဲ့ယီသည် မကွာရှင်းရန်အတွက် အလွန်အမင်း အားထုတ်ခဲ့ပြီး ငိုယိုခြင်း၊ အရှုပ်အထွေးများ ပြုလုပ်ခြင်းနှင့် သေကြောင်းကြံခြင်းများပင် ပြုလုပ်ခဲ့သေးသည်။
ယဲ့ယီ စိတ်ရင်းမှန်ဖြင့် ပြန်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ရှင်က ရသစုံအစီအစဉ်မှာ ပါဝင်ဖို့ သဘောတူပြီးပြီဆိုတော့ ကျွန်မစကားကို တည်ပါတယ်။ ရှင်လိုချင်တဲ့အချိန် ကွာရှင်းလို့ရတယ်”
ကုရှီချန်း ယဲ့ယီကို ဘာမှမပြောဘဲ တစ်ချက်ကြည့်လိုက်ပြီး ဘေးနားရှိ ကုလားထိုင်တစ်လုံးဆီသို့ လျှောက်သွားကာ ထိုင်လျက် စာရွက်စာတမ်းများကို စတင် လုပ်ဆောင်သည်။
ယဲ့ယီ Weibo ကိုသာ ဆက်လက်ငုံ့ကြည့်နေ၏။
သူမသည် နန်ချင်ဝမ်၏ အင်တာဗျူးကို တွေ့လိုက်ရသည်။ သူမသည် အင်တာနက်တစ်ခုလုံး၏ တိုက်ခိုက်ခြင်းကို ခံနေရချိန်တွင် နန်ချင်ဝမ်သည် သူ့မဘက်မှ ရပ်တည်ပေးခဲ့သည်ကို မြင်ပြီး ယဲ့ယီတစ်ယောက် ခံစားသွားရသည်။ ပန်းကုံးပန်းခိုင်တွင် ပန်းထပ်ထည့်ရန် လွယ်ကူသော်လည်း နှင်းထဲတွင် မီးသွေးပေးရန် ခက်ခဲ၏။
မူရင်းဝတ္ထုထဲမှ နန်ချင်ဝမ်၏ ဇာတ်သိမ်းကို တွေးမိသောအခါ ယဲ့ယီ သူမ တစ်ခုခုလုပ်ရမည်ဟု တွေးမိလိုက်သည်။ ထိုကဲ့သို့ ကြင်နာသောမိန်းကလေးအတွက် ထိုသို့သော ဇာတ်သိမ်းမျိုးဖြင့် မထိုက်တန်ပေ။
ယဲ့ယီ ခဏလောက် စဉ်းစားပြီးနောက် ကုရှီချန်းကို ပြောလိုက်သည်။
“မစ္စတာကု၊ ကျေးဇူးပြုပြီး ကျွန်မကို တစ်ခုလောက် ကူညီပေးနိုင်မလား”
ကုရှီချန်း ခေါင်းမော့လိုက်ပြီး ဘာမှမထူးခြားသောမျက်နှာထားဖြင့် ဆိုလိုက်သည်။
“ပြော”
ဤမိန်းမသည် ဤမျှ လွယ်လွယ်နှင့် အရှုံးပေးမည်မဟုတ်မှန်း သူ သိသည်။
သို့သော် ယဲ့ယီ၏ နောက်ဆက်တွဲစကားများကို သူ နည်းနည်းလေးမှ မျှော်လင့်မထားပေ။
“နန်ချင်ဝမ်ရဲ့ WeChat ရအောင် ကူညီပေးနိုင်မလား။ သူမးက ကျွန်မအတွက် ရပ်တည်ပေးတယ်၊ ဒါကြောင့် ကျွန်မသူ့ကို ကျေးဇူးတင်သင့်တယ်”
ကုရှီချန်း ခေါင်းညိတ်လိုက်ပြီး ဆေးရုံအခန်းထဲမှ ထွက်သွားကာ ဖုန်းခေါ်လိုက်သည်။
ဆယ်မိနစ်အကြာတွင် သူ ပြန်လာသောအခါ နန်ချင်ဝမ်၏ WeChat အကောင့်ကို အောင်မြင်စွာ ရရှိခဲ့၏။
ယဲ့ယီ ငွေ၏ စွမ်းအားကို ချီးကျူးမိသည်။ ထိရောက်မှုမှာ အမှန်ပင် ထူးခြားပေသည်။
ယဲ့ယီသည် မိတ်ဆွေတောင်းဆိုချက်ကို ချက်ချင်း ပေးပို့ခဲ့သော်လည်း နန်ချင်ဝမ် သည် အိပ်ပျော်နေပြီဖြစ်ကောင်းဖြစ်နိုင်သဖြင့် တောင်းဆိုချက်ကို ချက်ချင်း လက်မခံပေ။
ယဲ့ယီသည် ဖုန်းကို ခဏလောက် ဆော့ကစားပြီးနောက်တွင် သူမလက်ထဲမှ လွတ်ကျကာ အိပ်ယာပေါ်သို့ ပြုတ်ကျသွားသည်။သူမ အိပ်ပျော်သွားခဲ့ပြီပင်။
ကုရှီချန်းသည် စာရွက်စာတမ်းများ လုပ်ဆောင်ပြီးကာ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ယဲ့ယီ အိပ်ပျော်နေပြီကို တွေ့လိုက်ရသည်။ သူ ထကာ ယဲ့ယီကို စောင်ခြုံပေးရန် လုပ်လိုက်ချိန်တွင် ယဲ့ယီ၏ ဖုန်းမျက်နှာပြင်မှာ လင်းနေသေးသည်ကို တွေ့လိုက်ရသည်။ သူ ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖုန်းထဲတွင် ဗီဒီယိုအတိုတစ်ခု ပွင့်နေသည်ကို တွေ့လိုက်ရပြီး ထိုဗီဒီယိုထဲမှ အဓိကဇာတ်ကောင်မှာ သူကိုယ်တိုင်ဖြစ်နေ၏။
ကုရှီချန်း ယဲ့ယီကို အဓိပ္ပာယ်ပါသော အမူအရာဖြင့် ကြည့်လိုက်သည်။ ဤမိန်းမသည် ကွာရှင်းရန် သဘောတူသည်ဟု အပြင်မှာပြောသော်လည်း တကယ်တမ်းတွင် သူ့ဗီဒီယိုများကို တိတ်တဆိတ် ခိုးကြည့်နေသည်။
အကယ်၍ ယဲ့ယီသာ နိုးနေသေးလျှင် သူမမှာ အပြစ်မရှိကြောင်း သူမ အမှန်တကယ်ပင် တွေ့ရာလျောက်ကြည့်နေသည် ဖြစ်ကြောင်း သေချာပေါက် အော်ပြောလိမ့်မည်။
ကုရှီချန်း ဖုန်းကိုပိတ်လိုက်ကာ အိပ်ယာဘေးစားပွဲပေါ်သို့ တင်ထားလိုက်ပြီး ယဲ့ယီ လက်များကို စောင်အောက်သို့ ထည့်ပေးလိုက်သည်။
နောက်တစ်နေ့မနက်တွင် ယဲ့ယီ နိုးလာသောအခါ ကုရှီချန်းသည် ဆေးရုံအခန်းထဲတွင် မရှိတော့ပေ။ ပြုစုစောင့်ရှောက်သူက ကုအုပ်စုတွင် ကုရှီချန်ကိုင်တွယ်ရန် လိုအပ်သည့် ကိစ္စအချို့ရှိကြောင်းနှင့် တစ်ခုခုလိုအပ်ပါက သူ့ကိုခေါ်ခိုင်းရန် ကုရှီချန်းက မှာထားကြောင်း ပြောပြလာသည်။
ယဲ့ယီသည် သူမဖုန်းကို ကောက်ကိုင်လိုက်ရာ နန်ချင်ဝမ်သည် နောက်ဆုံးတွင် သူမ မိတ်ဆွေတောင်းဆိုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
မနေ့ညက ယဲ့ယီ နန်ချင်ဝမ်ထံ မိတ်ဆွေတောင်းဆိုချက် ပေးပို့ချိန်တွင် နန်ချင်ဝမ်သည် သူမ သမီးနှင့်အတူ အိပ်ရာဝင်နေပြီဖြစ်သည်။ ယနေ့မနက်တွင် ယဲ့ယီ၏ မိတ်ဆွေတောင်းဆိုချက်ကို မြင်ပြီးနောက် သူမ ချက်ချင်းပင် လက်ခံလိုက်သည်။
နှစ်ယောက်သား ခဏတာ စကားပြောဖြစ်ကြပြီး နန်ချင်ဝမ်သည် ယဲ့ယီအား မွန်းလွဲပိုင်းတွင် ဆေးရုံသို့ လာတွေ့မည်ဟု ပြောကြားခဲ့သည်။
ယဲ့ယီလည်း သူမတွင် နန်ချင်ဝမ်အား ပြောပြလိုသည့် အကြောင်းအရာအချို့ရှိသဖြင့် မငြင်းဆိုပေ။
မွန်းလွဲပိုင်းတွင် နန်ချင်ဝမ် သွမ့်ကျားကျားနှင့်အတူ ရောက်ရှိလာချိန်တွင် ကုစဲ့လည်း ယဲ့ယီနှင့်အတူ ဆေးရုံအခန်းထဲတွင် ရှိနေ၏။
ယဲ့ယီ အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် ကုစဲ့သည် ဘေးနားတွင် သင်္ချာအိုလံပစ် လေ့ကျင့်ခန်းစာများကို တွက်ချက်နေခဲ့သည်။
သွမ့်ကျားကျားသည် ကုစဲ့အိမ်စာလုပ်နေသည်ကို တွေ့သောအခါ အနားသို့ သွားကြည့်လိုက်၏။ ကုစဲ့ သူမအတွက် နေရာအနည်းငယ်ဖယ်ပေးလိုက်ပြီး ကလေးနှစ်ယောက်သည် ကုလားထိုင်တစ်လုံးတည်းတွင် ထိုင်နေကြသည်။ ကံကောင်းထောက်မစွာ ကုလားထိုင်သည် ကလေးနှစ်ယောက် ထိုင်ရန် နေရာအလုံအလောက်ရှိသည်။
ထို့နောက် ယဲ့ယီသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စနှင့် ပတ်သတ်၍ စကားစလိုက်သည်။
နန်ချင်ဝမ်ကလည်း သွမ့်ဟွေကျိုသည် ယဲ့ယီအတွက် ရှင်းပြရန် ဆန္ဒမရှိကြောင်း ယဲ့ယီအား ပြောပြခဲ့ပြီး ယဲ့ယီအနေဖြင့် သွမ့်ဟွေကျိုကို အပြစ်မတင်ရန် ပြောကြားခဲ့သည်။
ယဲ့ယီသည် ထိုကိစ္စများကို ဂရုမစိုက်ပေ။ သူမအတွက် ဤကိစ္စကို အတူတူရှင်းလင်းပေးရန် သူတို့တွင် တာဝန်မရှိပေ။
သို့သော် မူရင်းဝတ္ထုထဲမှ နန်ချင်ဝမ်၏ ဇာတ်သိမ်းကို တွေးမိသောအခါ ယဲ့ယီသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ကုစဲ့ကို ပြောလိုက်သည်။
“ရှောင်စဲ့၊သား ညီမလေးကို အပြင်ထွက်ဆော့ဖို့ ခေါ်သွားဦး၊ အဒေါ်ကို စကားနည်းနည်းပြောချင်လို့”
ကလေးများရှေ့တွင် မပြောသင့်သည့် အကြောင်းအရာများပင် ဖြစ်သည်။
ကုစဲ့ နာခံမှုရှိရှိ ခေါင်းညိတ်လိုက်ပြီး သွမ့်ကျားကျားကို အပြင်ထွက်ဆော့ရန် ခေါ်သွားလေသည်။
ကလေးနှစ်ယောက် ထွက်သွားပြီးနောက် ယဲ့ယီက နန်ချင်ဝမ်အား စကားစလိုက်သည်။
“အစ်မချင်ဝမ် အစ်မရဲ့ ခင်ပွန်းနဲ့ အစ်မရဲ့ဆက်ဆံရေးက နည်းနည်းတော့ ဘာဖြစ်နေတာလဲဆိုတာ ပြောပြရင် ကောင်းမလား။ ကျွန်မ ကူညီနိုင်တာရှိရင် ကူညီလို့ရပါတယ်”
နန်ချင်ဝမ် သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျားကျားကို မွေးပြီးကတည်းက ကျွန်မ ခန္ဓာကိုယ်က ပြောင်းလဲလာတယ်။ အစပိုင်းမှာတော့ သူဘာမှမပြောဘူး၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတယ်၊ အထူးသဖြင့် လန်ရွှယ်နဲ့တွေ့ပြီးနောက်ပိုင်းပေါ့”
ယဲ့ယီသည် အရိုးသားဆုံးမေးခွန်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။
“ဒါဆိုရင် ဘာလို့ သူနဲ့ မကွာရှင်းသေးတာလဲ”
နန်ချင်ဝမ်၏ မျက်လုံးများတွင် မျက်ရည်များ စတင်ဝဲလာပြီး အလွန်အမင်း အားကိုးရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
“ကွာရှင်းဖို့ စဉ်းစားဖူးတယ်၊ ဒါပေမယ့် ကျွန်မတို့ကွာရှင်းလိုက်ရင် ကျားကျားအတွက် ဘယ်လိုဖြစ်မလဲ၊ ကျွန်မမှာ အခုအလုပ်တောင်မရှိဘူး”
ယဲ့ယီက သူမကိုအားပေးလိုက်သည်။
“ကျားကျားက အခုကျောင်းတက်နေပြီ။ ကျောင်းပို့ကျောင်းကြိုလုပ်ဖို့ ကလေးထိန်းတစ်ယောက် ငှားလို့ရတယ်။ အလုပ်အတွက်ကတော့ ရှာလို့ရတယ်”
နန်ချင်ဝမ် တစ်ခဏ တွန့်ဆုတ်သွားပြီး ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် ကျွန်မအလုပ်မလုပ်တာ နှစ်ချီနေပြီ။ အလုပ်ရှာမရရင် ဘယ်လိုလုပ်မလဲ”
ယဲ့ယီသည် နန်ချင်ဝမ်မှာ ယခုအခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ကလေးမွေးဖွားပြီးနောက် သူမ ခန္ဓာကိုယ်ပြောင်းလဲမှုများသည် သူမအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်ပြီး သွမ့်ဟွေကျို၏ အဆက်မပြတ်ဝေဖန်မှုများက သူမကို ပို၍ပင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကင်းမဲ့စေခဲ့သည်။
ယဲ့ယီ နန်ချင်ဝမ်အား ဖြည်းညှင်းစွာ စတင် ဖြားယောင်းသွေးဆောင်လိုက်သည်။
“ကိုယ့်ကိုယ်ကို ယုံကြည်ရမယ် အစ်မ။ သွမ့်ဟွေကျိုကို အစ်မရဲ့ အနုပညာရှင်ဖြစ်အောင် လုပ်ခဲ့တာမဟုတ်လား။ အစ်မမှာ အရည်အချင်းရှိတယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြန်ရဖို့ပဲလိုတယ်။ အလုပ်ရသွားရင် သွမ့်ဟွေကျိုရဲ့ သနားကြင်နာမှုကို ခံနေစရာမလိုတော့ဘူး။ကွာရှင်းလိုက်ရင်တောင်မှ ကျားကျားကို ထောက်ပံ့နိုင်သေးတယ်”
နန်ချင်ဝမ်သည် သူမ အပြောတွင် အနည်းငယ် ဆွဲဆောင်ခံခဲ့ရသည်။ အမှန်တကယ်တွင် သူမ အလုပ်ပြန်လုပ်ရန် စဉ်းစားခဲ့ဖူးသော်လည်း သွမ့်ဟွေကျိုက သဘောမတူခဲ့သည့်အပြင် ကျားကျားမှာလည်း ငယ်သေးသောကြောင့် သူမ၏ အလုပ်ကို စွန့်လွှတ်ခဲ့ရသည်။
နောက်ပိုင်းတွင် ကျားကျား မူကြိုတတ်ချိန်တွင် သူမသည် အပြင်ထွက်အလုပ်လုပ်ချင်ကြောင်း သွမ့်ဟွေကျိုအား ပြောပြခဲ့သော်လည်း သွမ်ဟွေ့ကျိုက ယခုအချိန်တွင် မည်သည့်ကုမ္ပဏီမှ သူမကို ငှားရမ်းမည်မဟုတ်ဟုဆိုကာ သူမအား လှောင်ပြောင်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူမ မသိစိတ်ထဲတွင် သူမသည် အမှန်တကယ် အရည်အချင်းမရှိဟု ယုံကြည်လာခဲ့သည်။
ယဲ့ယီ ဆက်ပြောလိုက်သည်။
“ကြိုးစားကြည့်မှသာ အလုပ်ဖြစ်မဖြစ် သိမှာပေါ့၊ဒါပေမဲ့ အစ်မ မကြိုးစားရင်တော့ ဘယ်တော့မှ အလုပ်မဖြစ်ဘူး”
နန်ချင်ဝမ် အတော်အတန် ဆွဲဆောင်ခံလိုက်ရပုံပေါ်ပြီး ခေါင်းညိတ်လိုက်သည်။
“ကျွန်မကြိုးစားကြည့်မယ်”