← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉)

ဒီလောက်ကောင်းတဲ့ ပရောဂျက်ကို ငါတို့အတွက်ပဲ သိမ်းထားလိုက်ရအောင်

အခန်းထဲတွင် လူကြီးနှစ်ယောက် စကားပြောနေကြပြီး အပြင်မှာတော့ ကလေးနှစ်ယောက်က စကားပြောနေကြသည်။

သွမ့်ကျားကျား ကုစဲ့၏ အင်္ကျီလက်ကို ဆွဲဆောင့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အကို၊ ညီမလေးရဲ့အမေနဲ့ အဖေက ကွာရှင်းတော့မှာ”

ကုစဲ့ တစ်ယောက် သူမကို မည်သို့နှစ်သိမ့်ရမှန်း မသိပေ။

အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်၏ မိဘများလည်း ကွာရှင်းပြတ်စဲကြတော့မည် ဖြစ်သည်။

ယခင်က ကုစဲ့သည် ယဲ့ယီကို ကုရှီချန်းနှင့် အမှန်တကယ် ကွာရှင်းစေလိုခဲ့သည်။ သို့သော် ယခုတော့ ကလေးနှစ်ယောက်စလုံး ဝမ်းနည်းနေကြသည်။

သို့သော် ကုစဲ့သည် လူကြီးလေးတစ်ယောက် ဖြစ်သောကြောင့် သူ့ညီမလေးကို နှစ်သိမ့်ပေးဖို့ တာဝန်ယူလိုက်သည်။ သူ နှစ်သိမ့်နေတုန်းမှာပင် သွမ့်ကျားကျားက စတင် ငိုလေတော့၏။

မသိသူများက ကုစဲ့ သူမကို အနိုင်ကျင့်နေသည်ဟုတောင် ထင်ချင်ထင်သွားနိုင်သည်။ ကုစဲ့သည် နန်ချင်ဝမ် မထွက်လာခင်မှာပင် သွမ့်ကျားကျားကို နည်းနည်းပါးပါး ဖျောင်းဖျနိုင်ခဲ့သဖြင့် စိတ်လှုပ်ရှားနေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူနေမိသည်။

မိန်းကလေးတစ်ယောက်ကို ဖျောင်းဖျရသည်မှာ သင်္ချာအိုလံပစ်ပုစ္ဆာများ ဖြေရှင်းရသည်ထက် ပိုခက်ခဲသည်ဟု ကုစဲ့ ခံစားလိုက်ရသည်။

နန်ချင်ဝမ် ပြန်သွားပြီးနောက် ယဲ့ယီထံသို့ လျုံရုံဆီမှ ဖုန်းထပ်ဝင်လာသည်။

ဖုန်းတစ်ဖက်မှ လျုံရုံ၏ အသံသည် ယခင်လိုပင် ဟန်ဆောင်မှုများနှင့်ပြည့်နေဆဲ ဖြစ်သည်။

“ရှောင်ယီ၊ မနက်ဖြန် အင်တာဗျူးတစ်ခုလောက် လုပ်ပေးနိုင်မလား။ မင်း ဆေးရုံမှာ ရှိနေသေးတယ်ဆိုတာ အစ်မသိပါတယ်၊ အင်တာဗျူးလုပ်ဖို့ မသင့်တော်ဘူးဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ပရိသတ်တွေက မင်း အခြေအနေကို အရမ်းစိုးရိမ်နေကြတယ်”

ပရိသတ်များ သူမကို စိုးရိမ်နေသည်ဟု ဆိုသည်မှာ လုပ်ဇာတ်ပင် ဖြစ်၏။ လျုံရုံ အွန်လိုင်းပေါ်မှ ဝေဖန်မှုများကို သည်းမခံနိုင်တော့ဘဲ ယခု သူမကို အပြစ်ခံခိုင်းနေမှန်း ယဲ့ယီ သိ၏။

ယဲ့ယီ အားနည်းချင်ဟန်ဆောင်ကာ ပြောလိုက်သည်။

“အစ်မ လျုံ အခုလက်ရှိ ကျွန်မရဲ့ အခြေအနေနဲ့ဆို အဆင်မပြေလောက်ဘူး ထင်တယ်”

လျုံရုံ စိတ်ပူလာသည်။ သူမ ဤမျှကြာအောင် စောင့်နိုင်စွမ်းမရှိတော့ပေ။ သူမ အမြဲသုံးနေကျ စကားလုံးများကို စတင်သုံးလာတော့၏။

”ရှောင်ယီ မင်း နောက်ဆုံးတော့ နာမည်ကြီးလာပြီ၊ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။ အစ်မ မင်းရဲ့ ကောင်းကျိုးအတွက် ပြောနေတာပါ။ စိတ်မပူပါနဲ့၊ အင်တာဗျူးက ခဏလေးပါပဲ”

ယဲ့ယီ အားမလိုအားမရနှင့် ပြန်ဖြေလိုက်သည်။

“အင်း... ကောင်းပါပြီ”

ယဲ့ယီ အင်တာဗျူးလုပ်ရန် သဘောတူလိုက်ကြောင်း ကြားပြီးမှသာလျှင် လျုံရုံတစ်ယောက် သက်ပြင်းချနိုင်တော့၏။ ဖုန်းမချခင် ယဲ့ယီကို weibo ပို့စ်က သူမကိုယ်တိုင် တင်ခဲ့ကြောင်းကို ဝန်ခံရန် မှာကြားခဲ့သေး၏။

ယဲ့ယီ သူမ တောင်းဆိုသမျှ အားလုံးကို သဘောတူလိုက်၏။ သို့သော် သူမ မှာသည့်အတိုင်း လုပ်မည်ဟု အာမ မခံချေ။ သူမသည် မိုက်မဲသူ မဟုတ်ပေ။ အဘယ်ကြောင့် သူများကိုယ်စား အပြစ်ခံယူရမည်နည်း။

ထို weibo ပို့စ်နှစ်ခုကို သူမ တင်ခဲ့သည်ဟု ဝန်ခံလိုက်ပါက သူမသည် အစကနေ ပြန်စရမည်ဖြစ်ပြီး အင်တာနက်ပေါ်မှ မုန်းတီးသူများ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံရပေတော့မည်။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် လျုံရုံ သတင်းထောက်များကို ခေါ်ဆောင်ကာ ဆေးရုံသို့ အချိန်မှန်ရောက်ရှိလာသည်။ ထိုအချိန်တွင် ကုရှီချန်းလည်း ရှိနေ၏။

လျုံရုံ ကုရှီချန်းကို မြင်လိုက်ရချိန်တွင် စိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့သော် ယခင်တုန်းက ယဲ့ယီ သူမအပေါ် နာခံတတ်သည့် အပြုအမူကို တွေးမိပြီး စိတ်သက်သာရာ ရသွား၏။

ကင်မရာကို တပ်ဆင်ပြီးနောက် အင်တာဗျူးကို တရားဝင်စတင်ခဲ့သည်။ သတင်းထောက်က တိုက်ရိုက်ထိရောက်သည့် မေးခွန်းကို မေးလိုက်သည်။

“မစ္စယဲ့၊ အဲဒီ weibo ပို့စ် နှစ်ခုကို တကယ်ပဲ မင်းကိုယ်တိုင် တင်ခဲ့တာလား။ တကယ်လို့ မင်းတင်ခဲ့တယ်ဆိုရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် အသနားခံအောင် လုပ်ချင်ရတာလဲ။ နာမည်ရချင်လို့လား ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့်လား”

ကုရှီချန်း မျက်မှောင်ကြုတ်သွားသည်။ သူလည်း weibo ကိစ္စအကြောင်းကို သိထား၏။ ယဲ့ယီ သူ့အား ဤကိစ္စကို အလျင်စလို မကိုင်တွယ်ရန် မှာကြားထာသည်။ ယခု ယဲ့ယီ သူမ မန်နေဂျာအတွက် အပြစ်ခံဖို့ ကြံစည်နေသလော။

လူတိုင်း ယဲ့ယီ၏ အဖြေကို စောင့်ဆိုင်းနေကြသည်။ လျုံရုံ ယဲ့ယီသည် သူမပြောသည့်အတိုင်း လုပ်လိမ့်မည်ဟု အပြည့်အဝယုံကြည်ထားပြီး သူမ နှုတ်ခမ်းပေါ်တွင် ယုတ်မာမည့် အပြုံးတစ်ခု ရှိနေသည်။

သို့သော် ယဲ့ယီသည် သူမကို ပါးရိုက်ဖို့ ဆုံးဖြတ်ထားလေ၏။

ယဲ့ယီ ကင်မရာကို ပြုံးပြပြီး ပြောလိုက်သည်။

“အဲဒီ weiboပို့စ် နှစ်ခုကို ကျွန်မ တင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘာလို့ အသနားခံရမှာလဲ။း”

လျုံရုံ၏ အပြုံးသည် ချက်ချင်း အေးခဲသွားပြီး ယဲ့ယီကို မယုံနိုင်သည့် အကြည့်နှင့် ကြည့်နေသည်။ထို့နောက် အံကြိတ်ပြီး ပြောလိုက်သည်။

“ရှောင်ယီ၊ မင်း အမှားလုပ်မိရင် ဝန်ခံသင့်တယ်။ မင်း တောင်းပန်လိုက်ရုံနဲ့ အင်တာနက်သုံးသူတွေက မင်းကို ခွင့်လွှတ်သွားမှာပါ”

ထို့နောက် ကင်မရာ မရိုက်ကူးနိုင်သည့် နေရာကနေ ယဲ့ယီကို အသည်းအသန် မျက်စိတစ်ဖက်မှိတ်ပြနေ၏။

ယဲ့ယီ မမြင်ချင်ယောင်ဆောင်ပြီး ဆက်ပြောလိုက်သည်။

“အဲဒီ weiboပို့စ် နှစ်ခုကို တင်ချိန်တုန်းက ကျွန်မ သတိလစ်နေတုန်းပါ။ အဲဒါကို ကျွန်မရဲ့ ခင်ပွန်းက သက်သေထွက်ဆိုနိုင်ပါတယ်။ မယုံရင် ဆေးရုံက ဆရာဝန်တွေကိုလည်း မေးကြည့်နိုင်ပါတယ်”

ယဲ့ယီ လျုံရုံအတွက် အပြစ်ခံဖို့အထိ မတုံးအသည်ကို မြင်ပြီး ကုရှီချန်း စိတ်ထဲတွင် ကြည်နူးသွားကာ ပူးပေါင်းဆောင်ရွက်သည့်အသံနှင့် ပြောလိုက်သည်။

“အတိအကျပြောရရင် ပထမဆုံး weibo ပို့စ်ကို တင်တုန်းက ကျွန်တော့် ဇနီးက အရေးပေါ်ခန်းထဲမှာ ရှိနေတုန်းပဲ”

ဤစကားကို ကြားသောအခါ သတင်းထောက်သည် ယဲ့ယီကိုအပြစ်ရှိသူဖြစ်ကြောင်း ဝန်ခံခိုင်းရန် လျုံရုံနှင့် ကတိပြုထားသည်ကို လုံးဝမေ့သွားတော့သည်။

ထိုအစား မိုက်ခရိုဖုန်းကို လျုံရုံဆီ ကမ်းပေးလိုက်သည်။

“ဒါဆို အဲဒီ weibo ပို့စ် နှစ်ခုကို ခင်ဗျားရဲ့ မန်နေဂျာက တင်ခဲ့တာလား။ မန်နေဂျာလျုံ ခင်ဗျားက ဘာလို့ မစ္စ ယဲ့ရဲ့ weibo ကို သုံးပြီး သူ့ကို အသနားခံအောင် လုပ်တာလဲ။ သူက ခင်ဗျားရဲ့ အနုပညာရှင်တွေထဲက တစ်ယောက်မဟုတ်လား။ ခင်ဗျား ဒီလိုလုပ်တာဟာ အထူးအကြောင်းပြချက်တစ်ခုခု ရှိလို့လား”

လျုံရုံမှာ ဆွံ့အသွားသည်။

“ကျွန်မ...ကျွန်မ...ကျွန်မ...”

နောက်ဆုံးတွင် လျုံရုံသည် Weibo ပို့စ်ကို တင်ခဲ့သူမှာ သူမဖြစ်ကြောင်း ဝန်ခံလိုက်ရတော့သည်။

အင်တာဗျူးပြီးသည့်နောက် လျုံရုံသည် ယဲ့ယီကို မျက်စောင်းထိုးကြည့်လိုက်သော်လည်း၊ ကုရှီချန်းလည်း ရှိနေသောကြောင့် ဘာမှ မပြောရဲခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ဤအင်တာဗျူးသာ မပေါက်ကြားပါက အင်တာနက်သုံးသူများ သံသယရှိရင်တောင် ကိစ္စမရှိပေ။

ကုရှီချန်း သူမ၏ အကြံအစည်ကို တစ်ချက်ကြည့်ရုံနှင့် မှန်းဆမိကာ သတင်းထောက်များကို တိုက်ရိုက်ပြောလိုက်သည်။

“ဒီအင်တာဗျူးကို အွန်လိုင်းပေါ် အမှန်အတိုင်း တင်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

သတင်းထောက် ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ မစ္စတာကု၊ ကျွန်တော်တို့ သေချာပေါက် ထုတ်လွှင့်ပါ့မယ်”

အင်တာဗျူး ထုတ်လွှင့်ပြီးသည့်နောက် လျုံရုံသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီး တချို့က လျုံရုံသည် ယဲ့ယီ ယခင်က လုပ်ခဲ့သည့်အရာများ၏ နောက်ကွယ်မှ ကြိုးကိုင်သူ အဖြစ် သံသယဝင်လာကြသည်။

ဤသည်က ယဲ့ယီ၏ နာမည်ကောင်းကို ပြန်ရစေခဲ့သည်။

လျုံရုံ ယဲ့ယီတစ်ယောက် သူတို့သဘောတူထားသည့်အတိုင်း ဘာကြောင့်မလုပ်ခဲ့သည်ကို နားမလည်နိုင်ဖြစ်နေသော်လည်း ကုရှီချန်းသည် ဆေးရုံခန်းထဲတွင် ရှိနေမည်ကို ကြောက်သောကြောင့် ယဲ့ယီဆီသို့သာ ဆက်တိုက်ဖုန်းခေါ်၏။

ယဲ့ယီသည် သူမ ဖုန်းနံပါတ်ကို ချက်ချင်းပိတ်လိုက်ပြီး weibo စကားဝှက်ကိုလည်း ပြောင်းလိုက်သည်။ သူမ အနေဖြင့် ဤကဲ့သို့အဖြစ်မျိုး နောက်ထပ် မဖြစ်ချင်တော့ပေ။

လျုံရုံသည် အင်တာနက်သုံးသူများ၏ ဝေဖန်မှုကို ချက်ချင်းခံရပြီး ခေတ်စားနေသည့် အကြောင်းအရာတစ်ခု ဖြစ်လာတော့သည်။ နောက်ဆုံးတွင် လျုံရုံ ယဲ့ယီအစပိုင်းတွင် စိတ်ဆိုးပြီး အာခံသည်ဟု ထင်ခဲ့မိသော်လည်း အမှန်တကယ် ထိခိုက်သွားလိမ့်မည်ဟု မထင်ခဲ့မိကြောင်း ဖြေရှင်းလိုက်ရသည်။

သို့သော် သူမ မည်သို့ပင် ရှင်းပြပါစေ လူအများက သူမကို ဝေဖန်နေကြဆဲပင်။

ဤအဖြစ်အပျက်ကြောင့် ယဲ့ယီ၏ ကျော်ကြားမှုသည် တဖြည်းဖြည်းမြင့်တက်လာသည်။ ယဲ့ယီ ဆေးရုံကနေ ဆင်းလာပြီးနောက် လျုံရုံသည် စာချုပ်စာတမ်း အစုလိုက်အပြုံလိုက် ကိုင်ကာ သူမ အိမ်သို့ ရောက်ချလာခဲ့၏။

လျုံရုံသည် နောက်ဆုံးတစ်ခေါက်က အဖြစ်အပျက်အတွက် အာဃာတ မပြေသေးပေ။ ထို့ကြောင့် စာချုပ်များကို ယဲ့ယီရှေ့၌ ပစ်ချလိုက်ပြီး အထက်စီးဆန်သည့်အသံနှင့် ပြောလိုက်သည်။

“ငါ့အတွက် လက်မှတ်ထိုးပေး”

ယဲ့ယီသည် စာချုပ်များကို တစ်ချက်တောင်မကြည့်ဘဲ စကားလေးလုံးသာ ပြောလိုက်သည်။

“မထိုးနိုင်ဘူး”

လျုံရုံ ဒေါသတို့မှာ ချက်ချင်းပေါက်ကွဲသွားသည်။

“ငါပြောပြမယ် ယဲ့ယီ၊ မင်းမှာ ဒီရသစုံ အစီအစဉ်ကလွဲလို့ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ အခု ငါက မင်းကို အခွင့်အရေးတစ်ခု ပေးနေတာ”

ယဲ့ယီ အေးဆေးတည်ငြိမ်စွာနှင့် ပြန်ဖြေလိုက်သည်။

“ဒီအခွင့်အရေးကို တခြားတစ်ယောက်ယောက်ကို ပေးလိုက်ပါ။ ဒီ ရသစုံအစီအစဉ်ရိုက်ကူးပြီးရင် ကျွန်မ အနားယူတော့မှာ”

လျုံရုံသည် ဒေါသကို ထိန်းချုပ်ရင်း ပြန်ပြောလိုက်သည်။

“ဒါတွေ အားလုံးက ကောင်းတဲ့ ပရောဂျက်တွေပဲ”

ယဲ့ယီသည် စားပွဲပေါ်မှ စာချုပ်များကို ကောက်ကိုင်လိုက်ပြီး ဖြစ်ကတတ်ဆန်း တစ်ချက်လောက် ကြည့်လိုက်သည်။ သူမ ထင်သည့်အတိုင်းပင် ဤစာချုပ်များထဲမှ တစ်ခုမှ စိတ်မချရပေ။ အားလုံးက အကျိုးမရှိသော အလုပ်များသာ ဖြစ်သည်။

ယဲ့ယီ ပြုံးပြီး လျုံရုံကို ပြောလိုက်သည်။

“ဒီလိုကောင်းတဲ့ ပရောဂျက်ကို တခြား အနုပညာရှင်တွေအတွက်ပဲ သိမ်းထားလိုက်ပါ။ ကျွန်မ မတတ်နိုင်ဘူး”

ယဲ့ယီ လှည့်စားမခံသည်ကို မြင်လိုက်ရချိန်တွင် လျုံရုံ ဟန်ဆောင်သည်ကို ရပ်လိုက်ပြီး ထေ့ငေါ့သည့် အသံနှင့်ဆိုလိုက်သည်။

“မင်း ဥက္ကဌကုကို မြှူဆွယ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ထူးလှပြီလို့ထင်နေတာလား။ ဥက္ကဌကုက မင်းကို ပစ်လိုက်ရင် ငိုဖို့နေရာတောင် ရှိမှာမဟုတ်ဘူး။ ငါ အကြံပေးချင်တာက နာခံမှုရှိရှိနဲ့ လက်မှတ်ထိုးလိုက်။မင်းရဲ့ စာချုပ်က ကုမ္ပဏီမှာ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့ဦး”

ယဲ့ယီ ကုမ္ပဏီသို့ ဝင်လာချိန်တွင် လန်ရွှယ်၏ လှည့်စားမှုကြောင့် အနိုင်ကျင့်အမြတ်ထုတ်သည့် စာချုပ်တစ်ခုကို လက်မှတ်ထိုးမိခဲ့၏။ သတ်မှတ်ထားသော သက်တမ်းအတွင်း စာချုပ်ဖျက်သိမ်းလိုပါက လျော်ကြေးငွေ အများကြီး မတန်တဆ ပေးဆောင်ရမည် ဖြစ်၏။

ယဲ့ယီ ဘာမှပြန်မပြောခင်မှာပင် တံခါးဝမှ ကုရှီချန်း၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

“ကျွန်တော် သူ့ကို ပစ်တာ မပစ်တာက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ခင်ဗျားပြောတဲ့ စာချုပ်ဖျက်သိမ်းကြေးဆိုတာလား။ ဟမ် ကုအုပ်စုက အဲဒီနည်းနည်းလောက် ငွေကြေးကို မတတ်နိုင်လောက်အောင် ဆင်းရဲမနေပါဘူး”

အခန်း (၃၀)

စာချုပ်ဖျက်သိမ်းခြင်း

လျုံရုံ ကုရှီချန်းကို မြင်လိုက်ရချိန်တွင် သူမ၏ လေသံမှာ အများကြီး ပျော့ပြောင်းသွားသည်။

“မစ္စတာကု ကျွန်မက ရှောင်ယီနဲ့ နောက်နေတာပါ၊ အလေးအနက် မထားပါနဲ့”

ကုရှီချန်း သူမကို တစ်ချက်မျှ မကြည့်ဘဲ ယဲ့ယီ ဘေးသို့ တန်းတန်းမတ်မတ် သွားထိုင်လိုက်သည်။

လျုံရုံ စာချုပ်များကို ချန်ထားခဲ့ကာ ပြန်ရန် ပြင်ဆင်လိုက်သည်။

“ရှောင်ယီ၊ ဒီစာချုပ်တွေကို သေချာကြည့်ပြီး နောက်မှ ငါ့ကို အကြောင်းပြန်လိုက်။ ကုမ္ပဏီမှာ ကိစ္စရှိလို့ ငါ အခုသွားတော့မယ်”

ထိုသို့ပြောပြီးသည်နှင့် သူမ တတ်နိုင်သလောက် ခပ်သွက်သွက်လေး ထွက်ပြေးသွား၏။

လျုံရုံ ထွက်သွားပြီးနောက် ကုရှီချန်းသည် စာချုပ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့တန်တန် လှန်ကြည့်လိုက်သည်။ တစ်ခေါက် ကြည့်ရုံဖြင့် ကုရှီချန်းတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် တခြားစာချုပ်များကို ကောက်ကြည့်လိုက်ရာ ပို၍ပင် မျက်မှောင်ကြုတ်သွား၏။

ခဏအကြာတွင် စာချုပ်ကို ချထားလိုက်ပြီး ယဲ့ယီအား ပြောလိုက်သည်။

“မင်း အေးဂျင့် ပြောင်းသင့်တယ်”

ကုအုပ်စု၏ စီးပွားရေးလုပ်ငန်းများသည် ဖျော်ဖြေရေးလောကနှင့် မပတ်သက်သော်လည်း အနုပညာနယ်ပယ်မှ ဒါရိုက်တာတချို့တလေ၏ အကြောင်းကို သိရှိထားသည်။ သူတို့ ကိုယ်ပိုင်ဘဝသည် ရှုပ်ထွေးသည်။ သရုပ်ဆောင်များကို အတင်းအဓမ္မ ကာမစပ်ယှက်ခိုင်းခြင်းများလည်း လုပ်၏။ တစ်နည်းအားဖြင့် ဆိုရသော် လူကောင်းများမဟုတ်ပေ။ တခြားသူများ၏ စာချုပ်များလည်း သေချာပေါက် မကောင်းပေ။

ယဲ့ယီ ဂရုမစိုက်သည့်ပုံနှင့် ပြောလိုက်သည်။

“ဒီ ရသစုံအစီအစဉ်ပြီးရင်ပြီးရင် ကျွန်မ ဖျော်ဖြေရေးလောကကနေ အနားယူတော့မှာ”

စာချုပ်ဖျက်သိမ်းကြေးအတွက်ဆိုပါက သူမ မပေးနိုင်လောက်အောင်အထိ မဟုတ်ပေ။

ယဲ့ယီ၏ စကားကို ကြားသောအခါ ကုရှီချန်း အတော်အံ့ဩသွားသည်။

“မင်း တကယ်ပဲ ဖျော်ဖြေရေးလောကကနေ အနားယူဖို့ စီစဉ်နေတာလား”

ဤမိန်းမသည် ဖျော်ဖြေရေးလောကကို အမှန်တကယ် ကြိုက်ခဲ့သည်ကို သူ မှတ်မိသေး၏။ သို့မဟုတ်ပါက သူမကွာရှင်းဖို့ သဘောမတူခင် ရသစုံအစီအစဉ်တွင် သူ့ကို အတင်းပါဝင်ခိုင်းခဲ့လိမ့်မည် မဟုတ်ပေ။

ယဲ့ယီ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

[ကျွန်မ ဖျော်ဖြေရေးလောကကို အရမ်းငြီးငွေ့နေပြီ၊ ဟုတ်ပြီလား]

ကုရှီချန်းမှာ ယဲ့ယီ၏ စကားကို လုံးဝမယုံပေ။ ဤမိန်းမသည် သက်သက်ခေါင်းမာခြင်းသာ ဖြစ်ရမည်။

“နောက်ရက်နည်းနည်းလောက် ကောင်းကောင်းအနားယူလိုက်။ စာချုပ်ကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ပေးမယ်”

ယဲ့ယီ မျက်ခုံးပင့်လိုက်သည်။ ဤနည်းနှင့်ဆိုလျှင် စာချုပ်ဖျက်သိမ်းကြေးတောင် သက်သာသွားနိုင်သည်။

သို့သော် ကုရှီချန်း မည်သို့ကိုင်တွယ်မည်ကို သူမ နည်းနည်း သိချင်သွားသည်။ ငွေများပုံအောပြီး ဖြေရှင်းမည်လော။

ယဲ့ယီက စမ်းသပ်သည့်အနေနှင့် မေးလိုက်သည်။

“ရှင်က စာချုပ်ဖျက်သိမ်းကြေးကို တိုက်ရိုက်ပေးဖို့ စီစဉ်နေတာလား”

ကုရှီချန်း သူမကို ငတုံးမတစ်ယောက်သကဲ့သို့ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကုအုပ်စုရဲ့ ငွေတွေက ကောင်းကင်ကနေ ကျလာတာ မဟုတ်ဘူး”

ငွေကို ရေလိုသုံးသည်မှာ အမျိုးသမီးဇာတ်ဆောင်များ၏ အင်္ဂါရပ်ပင်။ သူမကဲ့သို့ ဆိုးသွမ်းသည့် အမျိုးသမီးဇာတ်ပို့ တစ်ယောက်အနေနှင့် ယခုကဲ့သို့ ခံစားခွင့်မျိုးနှင့် မထိုက်တန်ပေ။

နောက်ရက်များတွင် ရသစုံအစီအစဉ် မရိုက်ကူးရသေးသည့်အတွက် ယဲ့ယီသည် အိမ်မှာပင် ဘာမှမလုပ်ဘဲ အနားယူနေသည်။ ကုရှီချန်းကတော့ သူမ စာချုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးရင်း အလုပ်များနေ၏။

ကုအုပ်စု။

ကုရှီချန်းသည် ဤရက်အနည်းငယ်အတွင်း သူ့လူများ စုဆောင်းပေးထားသော အချက်အလက်များကို ကြည့်ရှုနေသည်။

ယဲ့ယီ၏ ဖျော်ဖြေရေးကုမ္ပဏီကို ဟိုင်ထျန်ဖျော်ဖြေရေးဟု ခေါ်သည်။ ဆုများစွာရထားသည့် သရုပ်ဆောင်အမြောက်အများကို မွေးထုတ်ထားပြီး ဖျော်ဖြေရေးလောကတွင် ထိပ်တန်းလုပ်ငန်းတစ်ခုဟုပင် ဆိုနိုင်သည်။

သို့သော် အပေါ်ယံလှပပြီး စွဲမက်ဖွယ်ကောင်းလေလေ အတွင်းပိုင်းက ပိုညစ်ပတ်လေပင်။

ကုရှီချန်းသည် သူ့လူများကို ပေါ့ပေါ့ပါးပါး စုံစမ်းခိုင်းလိုက်သည်နှင့် ကုမ္ပဏီ၏ ဆိုးရွားသည့် ပြဿနာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုသည်မှာ အခွန်ရှောင်မှုပင်ဖြစ်သည်။ ပမာဏကလည်း အတော်များ၏။ ထို့အပြင် ကုမ္ပဏီသည် သူတို့အနုပညာရှင်အချို့ကို ပြည့်တန်ဆာလုပ်ငန်းတွင် တိတ်တဆိတ် ခိုင်းစေခဲ့သည်။

ယဲ့ယီ ယခုကဲ့သို့ဆိုးရွားသည့် ကုမ္ပဏီနှင့်စာချုပ်ချုပ်မိသည်ကို ကုရှီချန်းတစ်ယောက် ချီးကျူးနေမိသည်။့သူမသာ ကုအုပ်စုဥက္ကဌ၏ ဇနီးဆိုသည်အဆင့်အတန်း မရှိခဲ့ပါက ဟိုးအရင်ကတည်းက အပျော်မယ်အဖြစ် စေခိုင်းခံခဲ့ရမည်မှာ သေချာပါ၏။

ယဲ့ယီ၏ အေးဂျင့်ကလည်း ကောင်းသည်မဟုတ်ပေ။ကုမ္ပဏီ၏ အကြီးတန်းအရာရှိတစ်ယောက်နှင့် ပတ်သက်ခဲ့ပြီး သူ့မိသားစုကို အောင်မြင်စွာ ဖြိုခွဲနိုင်ခဲ့ကာ ယခု ထိုသူ၏မယားငယ်ဖြစ်နေ၏။

ကုရှီချန်း ခဏစဉ်းစားပြီး သူ့လက်ထောက်ကို အခန်းထဲသို့ ခေါ်ယူလိုက်သည်။

လက်ထောက်က မေးလိုက်သည်။

“ဥက္ကဌ၊ ကျွန်တော့်ကို တစ်ခုခုခိုင်းစရာရှိလို့လား”

ကုရှီချန်း ပြောလိုက်သည်။

“ဝယ်ယူလို့ရမဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေ ရှိမရှိ စစ်ကြည့်”

ထို့နောက် ခဏရပ်ကာ သူထပ်ဖြည့်ပြောလိုက်သည်။

“ယဲ့ယီ နာမည်အောက်မှာ ထားပေးလိုက်”

ဤမိန်းမသည် ဖျော်ဖြေရေးလောကကို အလွန်ချစ်သည်။ ထို့ကြောင့် သူ ကုစဲ့ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ပေးအပ်လိုက်မည်။

စာချုပ်ဖျက်သိမ်းမည့်ကိစ္စနှင့် ပတ်သတ်၍ ကုရှီချန်းသည် စာရွက်စာတမ်းများကို ဟိုင်ထျန်ဖျော်ဖြေရေး၏ အကြီးအကဲဆီသို့ တိုက်ရိုက် လူလွှတ်ပို့ခိုင်းလိုက်၏။

ဥက္ကဌ၏ လက်ထောက်တစ်ယောက်အနေနှင့် သူ့တွင် မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်ရှိသည်။ နောက်တစ်နေ့မနက်မှာပင် ဒေဝါလီခံတော့မည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။

ကုရှီချန် ပေးပို့လိုက်သည့် စာရွက်စာတမ်းများကို လက်ခံရရှိပြီးနောက် ဟိုင်ထျန်ဖျော်ဖြေရေးသည် မည်သည့်စကားတစ်ခွန်းမျှ မပြောဘဲ လျုံရုံကို ယဲ့ယီနှင့်ဆက်သွယ်စေပြီး စာချုပ်ဖျက်သိမ်းရန်အတွက် ပြင်ဆင်ခိုင်းခဲ့သည်။စာချုပ်ဖျက်သိမ်းကြေးအတွက် မည်သို့ဖြစ်မည်နည်း။ သူတို့ တောင်းရဲမည်မဟုတ်ချေ။

ယဲ့ယီ လျုံရုံထံမှ ကုမ္ပဏီကိုလာပြီး စာချုပ်ဖျက်သိမ်းရန် ခေါ်ဆိုသည့်ဖုန်းကို လက်ခံရရှိချိန်တွင် ကုရှီချန်းကို ချီးကျူးလိုက်မိသည်။ သူ ယွမ် သန်း (၁၀၀) တန် မိုးထိအောင်မြင့်သည့် စာချုပ်ဖျက်သိမ်းကြေးကို ဖြေရှင်းပေးနိုင်ခဲ့သည်။

သူမ စာချုပ်ဖျက်သိမ်းစဉ်က လျုံရုံ သူမကို မျက်စောင်းထိုးကြည့်ကာ ဆူပုတ်နေ၏။

ယဲ့ယီ စိတ်မကောင်းသယောင် ဟန်ဆောင်ပြီး လျုံရုံကို ပြောလိုက်သည်။

“အို၊ စိတ်မကောင်းပါဘူးနော် အစ်မလျုံ။ အခုကစပြီး ကျွန်မတို့ လမ်းခွဲကြရတော့မယ်နော်”

‘ရှင် ကျွန်မကို နောက်တစ်ခါ ဘယ်တော့မှ လှည့်စားလို့ရတော့မှာ မဟုတ်ဘူး’

လျုံရုံမှာ ဒေါသထွက်လွန်း၍ သွားများကို အမှုန့်ဖြစ်အောင် ကြိတ်တော့မည့်ဟန်ဖြစ်နေ၏။ ယဲ့ယီဆီမှ မည်သည့်အကျိုးအမြတ်မှ မရလိုက်သည့်အပြင် ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခတွင်းထဲသို့ပို့ခဲ့မိသည်။ ယခင်က အဖြစ်အပျက်ကြောင့် အထက်လူကြီးများက သူမထံမှ လူကြိုက်အများဆုံး အနုပညာရှင်တစ်ယောက်ကို တခြားသူထံ တိုက်ရိုက်လွှဲပြောင်းပေးလိုက်သည်။

ယဲ့ယီသည် ဟိုင်ထျန်ဖျော်ဖြေရေးကနေ ထွက်ခွာပြီးနောက် weiboပို့စ်တစ်ခု တင်ခဲ့သည်။

ယဲ့ယီ V: နောက်ဆုံးတော့ လွတ်မြောက်ပြီ။

တွဲဖက်ပုံသည် ဟိုင်ထျန်ဖျော်ဖြေရေးနှင့် စာချုပ်ဖျက်သိမ်းသည့် သဘောတူညီချက် ဖြစ်သည်။

ဟိုင်ထျန်ဖျော်ဖြေရေးကလည်း နှစ်ဖက်စလုံးက ဆန္ဒအလျောက် စာချုပ်ဖျက်သိမ်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဇာတ်လမ်းကို ချဲ့ကားရေးသားဖို့ ငြင်းဆန်ခဲ့သည်။

ယဲ့ယီ၏ စာချုပ်ဖျက်သိမ်းမှုကို ကြေညာပြီးနောက် သူမကို ကျေးဇူးကန်းသည်ဟု ဝေဖန်သူတချို့ရှိသော်လည်း လူအများစုကတော့ သူမဘက်က ရပ်တည်နေဆဲဖြစ်သည်။

လူအများစုသည် ယဲ့ယီ၏ ယခင် လုပ်ရပ်များသည် သူမ အေးဂျင့်ဖိအားပေးမှုကြောင့်ဟု ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် နာမည်ကြီးများ စာချုပ်ဖျက်သိမ်းရသည်မှာ မည်မျှ ခက်ခဲကြောင်း လူတိုင်း သိ၏။

အထူးသဖြင့် ဟိုင်ထျန်ဖျော်ဖြေရေးသည် မတန်တဆ စာချုပ်ဖျက်သိမ်းကြေးများ တောင်းခံသည့်အကြောင်းကိုလည်း လူတိုင်း သိကြသည်။ ထို့အပြင် ဟိုင်ထျန်ဖျော်ဖြေရေးက စာချုပ်ဖျက်သိမ်းသည့်အနုပညာရှင်တွေကို ပစ်မှတ်ထားလေ့ရှိသည်။ ယဲ့ယီကိစ္စသည် ပထမဆုံးအကြိမ် နှစ်ဖက်စလုံးက ဆန္ဒအလျောက် စာချုပ်ဖျက်သိမ်းခြင်း ဖြစ်သည်။

ယဲ့ယီ၏ ပရိသတ်အရေအတွက်သည် ဟိုင်ထျန်ဖျော်ဖြေရေးနှင့်စာချုပ်ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် သိသိသာသာ တိုးလာသည်။

ယဲ့ယီကတော့ ပရိသတ်တို့ကို သိပ်ဂရုမစိုက်ပေ။ မည်သည့်အကြောင်းအရင်းရှိပါစေ သူမ ရသစုံအစီအစဉ်ပြီးလျှင် အနားယူမည်ဖြစ်သည်။ ထို့ကြောင့် ပရိသတ်များလာလည်း ဘာမှထူးမည်မဟုတ်ချေ။

ဤရက်ပိုင်းတွေအတွင်း ကုရှီချန်းသည် ယဲ့ယီကိစ္စများနှင့် အလုပ်များနေပြီး နှစ်ယောက်သား မဆုံဖြစ်ကြပေ။ အဓိကကတော့ ယဲ့ယီ နိုးသည့် အချိန်တွင် ကုရှီချန်းသည် အလုပ်သွားပြီ ဖြစ်သည်။

ထိုနေ့တွင် ယဲ့ယီ အောက်ထပ်သို့ ဆင်းလာသည့်အခါ ကုရှီချန်း အိမ်တွင် ကျန်နေသေးပြီး သူမကို စောင့်နေပုံရ၏။

ယဲ့ယီ ထမင်းစားပွဲတွင် ထိုင်လိုက်သည်နှင့် ကုရှီချန်းက စာချုပ်ကို သူမဆီ တိုက်ရိုက် ကမ်းပေးလိုက်သည်။

ယဲ့ယီသည် စာချုပ်ကို ယူလိုက်ပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဒါ ဘာလဲ”

ကုရှီချန်းက အေးဆေးတည်ငြိမ်စွာနှင့် ပြန်ဖြေသည်။

“ဒါက ရှောင်စဲ့ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လေးတစ်ခုပါ”

“လက်ဆောင်လေးတစ်ခုလား”

ယဲ့ယီ စိတ်ထဲ တွေးလိုက်သည်။

[သူဌေးကြီးတစ်ယောက်ရဲ့ လက်ဆောင်ဆိုတော့ မဆိုးလောက်ပါဘူးနော်]

ကုရှီချန်း သူ့စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။

‘ငွေမက်တဲ့မိန်းမ’

ယဲ့ယီ စာချုပ်ကို ဖွင့်လိုက်ပြီး အထဲမှ အကြောင်းအရာတို့ကို ဖတ်ပြီးနောက် တုန်လှုပ်စွာနှင့် အော်လိုက်သည်။

“ဟာ”

သူမက မသေချာသည့်အသံနှင့် ထပ်မေးလိုက်သည်။

“ကျွန်မအတွက်လား”

ကုရှီချန်း ခေါင်းညိတ်လိုက်သည်။ ဤမိန်းမ အတော်လေး လေရှည်သည်။

ဤသည်မှာ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုလိုပုံစံနှင့် သူမကို လက်ဆောင်ပေးလာမည်ဟု ယဲ့ယီ မယုံနိုင်သေးပေ။

ကုရှီချန်းသည် သူမကို နောက်နေခြင်းမဟုတ်ကြောင်း သေချာအောင် အကြိမ်ကြိမ် ကြည့်ပြီးမှသာ စိတ်သက်သာရာ ရသွားတော့သည်။ သို့သော် နောက်တစ်ခဏတွင် သူမ တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ကုရှီချန်းကို တုန်လှုပ်စွာ ကြည့်လိုက်သည်။

[ကျွန်မ အနားယူပြီး အပန်းဖြေချင်ရုံပဲ။ ဒီကုမ္ပဏီကို ကျွန်မ လက်ခံလိုက်ရင် ကွာရှင်းတဲ့ လျော်ကြေးငွေ ရတော့မှာ မဟုတ်ဘူးပေါ့]

ကုရှီချန်း ပြောစရာ စကားပျောက်ဆုံးသွားသည်။

‘ဒီမိန်းမက ငွေကို အတော်လေး စွဲလမ်းနေတာလား။ ရည်မှန်းချက်လည်း မရှိဘူး’

“စိတ်မပူပါနဲ့၊ ကွာရှင်းချိန်မှာ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ တစ်ပြားတစ်ချပ်မှ လျော့မှာမဟုတ်ဘူး”

ကွာရှင်းလျော်ကြေးငွေ များများစားစားရမည်ဟု ကုရှီချန်းပြောသည်ကို ကြားပြီး‌နောက်မှသာ ယဲ့ယီ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ ငွေ့လျော့မသွားသရွေ့ သူမ အဆင်ပြေသည်။ အနားယူရန်အတွက် သူမ ထိုငွေကိုသာ အားကိုးရပေလိမ့်မည်။

All Chapters