အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း (၅၁)
လူ့တို့၏စိတ်နှလုံး
ကျွင်းချန်မြို့သည် တောင်ဘက်တွင် တည်ရှိလေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း စက်မှုလုပ်ငန်း များ လျင်မြန်စွာ တိုးတက်လာသော်လည်း ဆင်ခြေဖုံးရပ်ကွက်များတွင် ပိုးစာငါးကန်များနှင့် ရေလုပ် ငန်းများ စွာ ရှိနေဆဲဖြစ်သည်။ ဒေသခံအချို့တွင် သစ်သားလှေများ ပိုင်ဆိုင်ကြပြီး လုံခြုံရေးအတွက် အခြားသူ များနှင့် အဖွဲ့ဖွဲ့ထားခဲ့ကြလေသည်။
အချို့လူများသည် ၎င်းတို့၏ မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးများကို ရှာဖွေရန် လင်းယွမ်တိုက်ခန်း အဆောက်အအုံသို့ သစ်သားလှေများဖြင့် လှော်ခတ်ဝင်ရောက်လာကြသည်။ မော်တော်ဘုတ်များနှင့် လေထိုးလှေများ ရရှိနိုင်သော်လည်း ပိုင်ဆိုင်သူ များများစားစားတော့ မရှိကြပေ။
အမှန်စင်စစ် ကျွင်းချန်မြို့သည် ဟိုင်ချန်မြို့ကဲ့သို့ ကမ်းရိုးတန်းမြို့ မဟုတ်ပေ။ ဘာအကြောင်းမှမရှိဘဲ မော်တော်ဘုတ် သို့မဟုတ် လေထိုးလှေများကို မည်သူက ဝယ်ယူထားပါမည်နည်း။
ယောင်ရန်သည် လုံယုနှင့် အခြားသူများ ပြန်လာမည့်အချိန်ကို စောင့်ရင်း ရပ်ကွက်အတွင်း အခြေအနေ ကို ဝရံတာမှ စောင့်ကြည့်နေခဲ့သည်။ နာရီဝက်ခန့်ကြာပြီးနောက် သူမသည် လုံယုက ပစ္စည်းများ အပြည့်ပါသော သူ၏ မော်တော်ဘုတ်ကို အဆောက်အအုံ (၃) ဆီသို့ မောင်းလာသည်ကို တွေ့လိုက် ရလေသည်။
သူမ အောက်ထပ်ဆင်းရန် ပြင်ဆင်နေစဉ် ယောင်ရန်သည် အမျိုးသားအချို့ ရုတ်တရက် အဆောက် အအုံ (၂) နှင့် အဆောက်အအုံ (၄) တို့မှ ရေကူးထွက်လာပြီး မော်တော်ဘုတ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်ကို တွေ့လိုက်ရလေ၏။ သူတို့၏ လှုပ်ရှားမှုများသည် မြန်ဆန်သော်လည်း လုံယုနှင့် အခြားသူများမှာလည်း သာမန်လူများ မဟုတ်ကြပေ။
လုံယုသည် မော်တော်ဘုတ်ကို တည်ငြိမ်စွာ မောင်းနှင်ခဲ့ပြီး ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့သည် ၎င်းတို့ ၏ စစ်သုံးဓားများကို ထုတ်ကာ ထိုလူများကို ခုတ်ပိုင်းခဲ့ကြလေသည်။
ထိုအမျိုးသားများသည် မော်တော်ဘုတ်၏ အစွန်းသို့ မရောက်မီပင် ရေထဲသို့ ပြန်ကန်ထုတ်ခံ လိုက်ရ ပေသည်။ မကြာမီ ရေသည် နီရဲလာပြီး ထိုအမျိုးသားများလည်း ပြန်ပေါ်မလာတော့ပေ။
လူများ ပိုများလာကာ လုံယုနှင့် အခြားသူများဆီသို့ ရေကူးလာသည်ကို မြင်သောအခါ ယောင်ရန်သည် သံမှိုပစ်သေနတ်ကို ထုတ်ယူကာ သူမ၏ တိုက်ခန်းမှ ထွက်လာခဲ့လိုက်သည်။ သူမ တံခါးသော့ခတ်ပြီး သည်နှင့် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့လည်း အခန်း (၂၀၀၁) မှ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
သူတို့သုံးဦးသည် တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဟွမ်ကျိဟွေးသည် သူမ၏ လက်ထဲ ရှိ မီးဖိုချောင်သုံးဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"အစ်မ ယောင်၊ ကျွန်မတို့ အစ်မနဲ့အတူ လိုက်ခဲ့မယ်….။"
သူတို့အားလုံးသည် ဆင်းရဲချမ်းသာကို အတူမျှဝေရမည်ကို သိကြပေသည်။ ဟွမ်ကျိဟွေးနှင့် တန်ချီချီ တို့သည် အခန်း( ၂၀၀၁) တွင် တစ်ရက်သာ နေခဲ့ရသော်လည်း ၎င်းတို့သည် အပြင်ဘက်တွင် အိပ်ရေး ပျက်ပြီး အန္တရာယ်များသော ညပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကြပြီးဖြစ်ပေသည်။
သူမ၏ အစ်ကိုနှင့် အခြားသူများ သယ်ယူလာသော ပစ္စည်းပမာဏကို ကြည့်ခြင်းဖြင့် သူမနှင့် တန်ချီချီ တို့သည် အထပ်( ၂၀) ကို လူတိုင်း ပစ်မှတ်ထားမည်ကို သိနိုင်ကြပေသည်။
ပြီးခဲ့သည့်ညက သူတို့ငါးဦးစလုံး ဆွေးနွေးခဲ့ကြပြီး လုံယု၏ ဆုံးဖြတ်ချက်ကို ယုံကြည်ရန်နှင့် ယောင်ရန် ကို ၎င်းတို့၏ အဖွဲ့ထဲသို့ လက်ခံရန် ဆုံးဖြတ်ခဲ့ကြလေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကူညီပြီး အတူတကွ ရှင်သန်ရမည်သာဖြစ်သည်။
ခိုင်မာသော မျက်လုံးများဖြင့် ကြည့်နေသည့် အမျိုးသမီးငယ်နှစ်ဦးကို ကြည့်ရင်း ယောင်ရန်သည် ငြင်းပယ်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်လေသည်၊
"သွားကြစို့….။"
ထို့နောက် သူတို့သုံးဦးသည် အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားခဲ့ကြသည်။ ရေက စတုတ္ထထပ် အထိ ရောက်နေပြီး လူများစွာ လှေကားထစ်တွင် စုဝေးနေကြကာ အပြင်ဘက်၌ ဘာတွေ ဖြစ်နေလဲ ဆိုသည် ကို သိချင်စိတ် ပြင်းပြနေကြလေသည်။
လုံယု၏ မော်တော်ဘုတ် ချဉ်းကပ်လာသည်ကို မြင်သောအခါ အထူးသဖြင့် မော်တော်ဘုတ်ပေါ်တွင် လူများကို ရှင်သန်နိုင်ရန် ကူညီပေးမည့် အဖိုးတန်ပစ္စည်းများ သယ်ဆောင်လာသည်ကို မြင်သောအခါ စောင့်ကြည့်နေသူများ၏ မျက်လုံးများသည် မကျေနပ်မှု၊ မနာလိုမှု၊ ဒေါသနှင့် မုန်းတီးမှုများပင် ပြည့်နှက် နေခဲ့လေသည်။ အချို့လူများသည် လုံယုနှင့် အခြားသူများ လုယက်ခံရသည်ကို မြင်သောအခါ ဝမ်းသာ အားရ အမူအရာများပင် ပြသနေခဲ့ကြသည်။
လူ့စိတ်နှလုံးက ဒီလိုပါပဲ။ ရှားပါးမှုထက် မညီမျှမှုကို ပိုပြီး ဂရုစိုက်ကြသည်ပင်။
*လူတိုင်း သဘာဝဘေးအန္တရာယ် ခံစားနေကြရတာ။ တခြားသူတွေ အငတ်ဘေးနဲ့ သေနေချိန်မှာ ဘာလို့ မင်းတို့က ဇိမ်ကျကျ နေရမှာလဲ…။*
သူတို့သည် ကူညီရန် ငြင်းဆန်ကြပြီး လုံယုနှင့် အဖွဲ့သားများ ပိုမို နီးကပ်လာသည်အထိ စောင့်ဆိုင်းပြီးမှ ပစ္စည်းများကို တိုက်ရိုက် သိမ်းယူရန် စီစဉ်နေကြခြင်းဖြစ်လေသည်။
ဤလူများ၏ အမူအရာများကို မြင်သောအခါ ယောင်ရန်၏ မျက်လုံးများ အေးစက်သွားခဲ့လေသည်။ လက်တစ်ဖက်တွင် သံမှိုပစ်သေနတ်ကို ကိုင်ဆောင်ထားရင်း သူမသည် ပြုံးလိုက်ပြီး၊
"ရှင်တို့ ဘာကြည့်နေတာလဲ။ အပြင်မှာ ကြည့်ဖို့ ပျော်စရာ တစ်ခုခုများ ရှိလို့လား….။" ဟုမေးလိုက်လေသည်။
သူမ၏ သာယာကြည်လင်သော အသံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လှေကားထစ်နှင့် စင်္ကြံတွင် ပြည့် ကျပ်နေသော လူများ ရပ်တန့်သွားခဲ့ကြပေသည်။ သူတို့ လှည့်ကြည့်လိုက်သောအခါ ယောင်ရန်သည် နှုတ်ခမ်းတွင် အပြုံးလေးဖြင့် သူတို့ကို အေးစက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
သူမ၏ ချိုသာသောအပြုံးသည် သူမသည် အားနည်းသော အမျိုးသမီးတစ်ဦးဖြစ်သည်ဟု လူများကို ထင်ယောင်ထင်မှားဖြစ်စေသော်လည်း အဆောက်အအုံ (၃) ရှိ လူတိုင်းက သူမသည် အားနည်းသူ မဟုတ်ကြောင်း သိကြပေ၏။ ချက်ချင်းဆိုသလို စွန်းကျိုးဖိန်နှင့် အခြားသူများ၏ သွေးစွန်းနေသော မျက်နှာများသည် သူတို့၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
အထပ် (၂၀) တွင် နေထိုင်သူများ၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို မသိရှိကြသော အချို့သူများကမူ လူငယ်အမျိုးသမီး သုံးဦးကို ကြည့်ရင်း သူတို့၏ မျက်ဝန်းများတွင် ရမ္မက်ဆန္ဒများ အထင်းသား ပေါ် လွင်လျက် နှုတ်ခမ်းများကို သပ်လိုက်ကြလေသည်။
သူတို့ထဲမှ တစ်ဦးက သူ၏လက်များကို စိတ်အားထက်သန်စွာ ပွတ်သပ်လိုက်ပြီး၊ ယောင်ရန်ကို ကြည့်ကာ ပြောလိုက်လေ၏။
"အလှလေး၊ ငါတို့နဲ့လာပြီး မပျော်ချင်ဘူးလား၊ မင်းလည်း မြင်တဲ့အတိုင်းပဲ မိုးတွေရွာပြီး ရာသီဥတုက အရမ်းအေးနေတယ်လေ၊ ငါတို့ အချင်းချင်း နွေးထွေးအောင် လုပ်ပေးသင့်တယ် မဟုတ်ဘူးလား...။"
ထိုသူပြောသည့်စကားကို ကြားသောအခါ၊ သူ၏ ညီအစ်ကိုများက ရယ်မောလိုက်ကြပြီး ယောင်ရန်၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို လောဘတကြီး ကြည့်လိုက်ကြလေသည်။ သူတို့သည် အမျိုးသမီး သုံးဦးကို မည်သူမဆို ရွေးချယ်နိုင်သော ကုန်ပစ္စည်းများအလား သဘောထားကာ ကြည့်ရှုနေခဲ့ကြလေ ၏။
ဤမြင်ကွင်းကို ကြည့်ရင်း၊ အဆောက်အအုံ (၃) နေ အခြားသူများက အကြည့်လွှဲသွားကြကာ ဤ သတ္တိခဲ လူသားများအတွက် သူတို့၏ စိတ်နှလုံးထဲတွင် ဖယောင်းတိုင်များ ထွန်းညှိပေးလိုက်ကြ လေတော့သည်။
ယောင်ရန်သည် ထိုအမျိုးသားနှင့် သူ၏ ညီအစ်ကိုများကို တစ်ချက်ကြည့်လိုက်ပြီး၊ ခေါင်းကို အနည်း ငယ် စောင်းကာ ပြောလိုက်လေသည်။
"ရှင်တို့ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး၊ ရှင်တို့အားလုံးက အဆောက်အအုံ (၃) ရဲ့ နေထိုင်သူ အသစ် တွေလား...။"
ယောင်ရန်က သူနှင့် အတူအိပ်ရန် သဘောတူလိုက်သည်ဟု ထင်မှတ်သွားကာ၊ ထိုအမျိုးသားသည် သူမ ၏ ခန္ဓာကိုယ်ကို ရိုင်းစိုင်းစွာ အကဲခတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။
"ဒီနေရာမှာ နေတဲ့ ဆွေမျိုးတချို့ ရှိလို့ လာကြည့်တာလေ၊ ဒါက ငါတို့ ပထမဆုံး တွေ့ဆုံကြတာဆိုတော့ ငါတို့ အချင်းချင်း ရင်းနှီးသွားအောင် အချိန်နည်းနည်းလောက် အတူတူ ကုန်ဆုံးသင့်တယ်နော်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ၊
"ရှင်ပြောတာ မှန်ပါတယ်၊ ကျွန်မတို့ အချင်းချင်း ရင်းနှီးသွားအောင် အချိန်ယူပြီး တကယ်ပဲ နေသင့်တာ ပေါ့...။"
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့၏ မျက်နှာများမှာ မှောင်မိုက်သွားခဲ့လေသည်။ လုံယုကို ပြုံးစေနိုင်သည့်သူသည် ဤမျှ တန်ဖိုးမဲ့သော အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
သူတို့ မည်သို့ တွေးတောနေကြသည်ကို မသိရှိသဖြင့်၊ ယောင်ရန်သည် ထိုအမျိုးသားအား ပြုံးပြလိုက် ကာ သံမှိုပစ်သေနတ်ကို မြှောက်လိုက်လေသည်။ ထိုအမျိုးသားနှင့် သူ၏ ညီအစ်ကိုများ တုံ့ပြန်မှု မပြု နိုင်မီမှာပင်၊ ယောင်ရန်က သူတို့၏ ပေါင်များဆီသို့ ပစ်ခတ်လိုက်ပြီး ဖြစ်လေ၏။
"အား..."
"အို့..."
စက္ကန့်အနည်းငယ်အတွင်းမှာပင်၊ လူကြီးအုပ်စုတစ်စုသည် သွေးထွက်နေသော သူတို့၏ ပေါင်များကို ကိုင်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ကြလေသည်။ မကြာမီမှာပင် သွေးများက ကြမ်းပြင်ကို နီရဲ သွားစေခဲ့ပြီး၊ လူအုပ်ကြီးမှာ သူတို့ထံမှ လျင်မြန်စွာ ဖယ်ခွာသွားကြလေတော့သည်။
ယောင်ရန်သည် သံမှိုပစ်သေနတ်ကို အောက်သို့ချလိုက်ပြီး မေးလိုက်လေသည်။
"ကဲ... အခုဆိုရင် ကျွန်မတို့ ရင်းနှီးသွားပြီလို့ သတ်မှတ်လို့ရပြီ မဟုတ်လား...။"
အခန်း (၅၂)
အလွန်ကြောက်စရာကောင်းသော
အမျိုးသားတစ်ဦးက အံကျိတ်ကာ ယောင်ရန်ကို စူးစူးရဲရဲ ကြည့်ရင်း ကျိန်ဆဲလိုက်လေသည်။
“မိန်းမယုတ်….။ မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်။ ငါ မင်းကို သတ်ပစ်မယ်….။”
သူ စကားမဆုံးမီမှာပင် ယောင်ရန်၏ မျက်နှာမှ အပြုံး ပျောက်ကွယ်သွားပြီး ထိုလူ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်လိုက်သည်။
“အား…. လူသတ်နေတယ်…။”
ယောင်ရန် လူအုပ်ကို တစ်ချက်ကြည့်လိုက်သောအခါ သူတို့ အလျင်အမြန် ပါးစပ်များ ပိတ်လိုက်ကြပြီး သူမကို မကြည့်ရဲတော့ပေ။
စင်္ကြံတွင် တိတ်ဆိတ်သွားသောအခါ ယောင်ရန်သည် ကျန်အမျိုးသားများကို ကြည့်လိုက်လေသည်။ သူတို့အားလုံး သွေးထွက်နေသော ပေါင်များကို တရွတ်ဆွဲကာ ထွက်ပြေးသွားသည် ကို မြင်သောအခါ သူမ စိတ်ဝင်စားမှု ပျောက်သွားခဲ့လေသည်။
လူအုပ်ကြီးအပြင် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည်လည်း ယောင်ရန်၏ ရုတ်တရက် အကြမ်းဖက်မှုကို မြင်ပြီး တုန်လှုပ်သွားခဲ့ကြသလေည်။ သူတို့သည် ယောင်ရန်၏ ချိုသာပြီး အပြစ်ကင်းသော အပြုံးကို ကြည့် လိုက်ကြပြီးနောက် မြေပြင်ပေါ်တွင် သွေးများဖြင့် လဲလျောင်းနေသော အသက်မဲ့ ခန္ဓာကိုယ်ကို ကြည့် လိုက်ကြလေသည်။
ကံကောင်းစွာဖြင့် သူတို့သည် ခုနက ဘာမှ မပြောမိလိုက်ပေ။
*ဒီအစ်မကြီးက အရမ်းလှပြီး ချိုသာပုံရပေမဲ့ သူမ တိုက်ခိုက်တဲ့အခါ အစ်ကိုကြီး လုံယုထက်တောင် ပိုရက်စက်သေးတယ်။ သူမကို စော်ကားလို့ မဖြစ်ဘူး….။*
အမျိုးသားများကို ရှင်းလင်းပြီးနောက် ယောင်ရန်သည် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ဘက် လှည့်ကာမေး လိုက်လေသည်။
“ရှင်တို့ကို ကျွန်မ ကြောက်အောင် လုပ်မိသွားသေးလား…။”
နှစ်ယောက်သား ခေါင်းခါပြပြီး လက်များကို လျင်မြန်စွာ ဝှေ့ယမ်းပြလိုက်ကြလေသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ အစ်မယောင် ခုနက ရှင် အရမ်းမိုက်တာပဲ….။”
သူတို့က ရုတ်တရက် ချီးကျူးလိုက်သောအခါ ယောင်ရန် ခဏကြာ ငေးမောသွားပြီး ရှက်ရွံ့စွာ ပြုံးပြီး ပြောလိုက်လေသည်။
“တကယ်လား။ အခွင့်အရေးရရင် နောက်ကျရင် ရှင်တို့ကို ပိုပြီး မိုက်တာမျိုး ပြပေးဦးမယ်…။”
ထိုသို့ပြောပြီးနောက် သူမသည် စင်္ကြံ၏ အဆုံးရှိ ပြတင်းပေါက်သို့ လျှောက်သွားခဲ့သည်။ လူအုပ်ကြီး သည် သူမ လမ်းလျှောက်ရန်အတွက် အလယ်တွင် ကျယ်ပြန့်သော နေရာတစ်ခု ချန်ထားခဲ့ပြီး ဘယ်ညာ ရွှေ့သွားခဲ့ကြလေသည်။
ထိုသို့မြင်သောအခါ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲတွင် တစ်ယောက် ကြောက်ရွံ့မှု အတူတူကို တွေ့လိုက်ရပေသည်။
*ဒီအစ်မကြီးက နည်းနည်း ရူးနေပုံရတယ်။ အာ… အရမ်းကြောက်စရာကောင်းတာပဲ…။*
ယောင်ရန် စင်္ကြံ၏ အဆုံးရှိ ပြတင်းပေါက်ဆီ လျှောက်သွားပြီး လုံယုနှင့် အဖွဲ့သားများ သူတို့၏ ပစ္စည်း များကို လုယက်လိုသူများနှင့် ဆက်လက် ရင်ဆိုင်နေရသည်ကို တွေ့လိုက်ရလေသည်။
သူမသည် ခဏမျှ ကြည့်နေရင်း တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောသည်ကို ကြားလိုက်ရလေ သည်။
“သူတို့မှာ ပစ္စည်းတွေ အများကြီး ရှိနေတာတောင် ငါတို့ကို ကူညီဖို့ သူတို့က အရမ်းကိုတစ်ကိုယ်ကောင်း ဆန်နေတယ်။ လိုအပ်နေသူတွေကို ဘယ်လိုများ လျစ်လျူရှုနိုင်ရတာလဲ။ ဒီအမျိုးသမီးငယ်က အရမ်းကို ရက်စက်တာပဲ…။”
ယောင်ရန် နောက်လှည့်ကြည့်လိုက်သောအခါ ထိုစကားကိုပြောနေသူမှာ သူမ လွန်ခဲ့သည့် အချိန်က ဓာတ်လှေကားတွင် တွေ့ခဲ့ရသည့် ဆူညံသော သက်လတ်ပိုင်းအရွယ် အမျိုးသမီး ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။
သူမ ထို အမျိုးသမီးကို မျက်ခုံးပင့်ပြပြီး ရယ်မောလိုက်လေသည်။
“အဲဒီ အသုံးမဝင်တဲ့ ကိုယ်ကျင့်တရားတွေအကြောင်း ရှင် ကျွန်မကို ပြောပြဖို့ မလိုပါဘူး။ ကျွန်မမှာ ကိုယ်ကျင့်တရား မရှိဘူး၊ ကိုယ်ကျင့်တရားနဲ့ ရှင် ကျွန်မကို ခြိမ်းခြောက်နေလဲ အလကားပဲ…။”
သူမ စကားဆုံးသောအခါ ထိုအသက်လတ်ပိုင်း အမျိုးသမီးနှင့် အခြားသူများသည် သူမကို စတင် ကျိန်ဆဲကြလေတော့သည်။
ယောင်ရန်သည် သံမှိုပစ်သေနတ်ကို သူတို့ဘက်သို့ မြှောက်လိုက်ပြီးပြောလိုက်လေသည်။
“ဘယ်သူမဆို ကျွန်မတို့ကို ဆဲဖို့ ဒါမှမဟုတ် ကျွန်မတို့ ပစ္စည်းတွေကို လာလုဖို့ ကြိုးစားရင် တစ်ယောက် လာရင် တစ်ယောက် သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက် သတ်မယ်။ ရှင်တို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ဒါမှမဟုတ် အသက်ရှည်လွန်းနေပြီလို့ ထင်ရင် စမ်းကြည့်လို့ရတယ်….။”
သူမ၏ စကားများကို ကြားပြီးနောက် လူတိုင်း ပါးစပ်ပိတ်သွားခဲ့ကြပေသည်။ သို့သော် သူတို့ထဲမှ မည်သူ မျှ စင်္ကြံမှ ထွက်မသွားခဲ့ကြပေ။ သူတို့သည် ထိုလူသစ်များကို အစားအစာ တောင်းခံနိုင်သေး သည်ပင်။
ယခုအခါ ကမ္ဘာပျက်နေပြီဖြစ်ရာ ယောင်ရန်သည် ဤလူများက ရဲခေါ်မည်ကို ဂရုမစိုက်တော့ပေ။ အကြောင်းမှာ အသုံးမဝင်သောကြောင့် ဖြစ်သည်။ ရဲများနှင့် အစိုးရသည် ရှင်သန်ရန် နည်းလမ်းများ ရှာဖွေရာတွင် အလွန်အလုပ်များနေခဲ့ပြီး ဤကဲ့သို့သော နေထိုင်သူများအကြား အငြင်းပွားမှုမျိုးကို ဂရုစိုက်ရန် အချိန်ပေးနိုင်ကြမည်မဟုတ်ချေ။
မည်သူမျှ ထပ်မံ စကားမပြောရဲတော့သည်ကို မြင်သောအခါ ယောင်ရန်သည် လှည့်ကာ လုံယု၏ မော်တော်ဘုတ်ဆီသို့ ရေကူးလာသူများကို ပစ်ခတ်လိုက်လေသည်။ သူမ လူများကို သတ်ရာတွင် အလုပ် များနေစဉ် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် ဓားများကို ကိုင်ဆောင်၍ လူအုပ်ကို စိုက်ကြည့် ရင်း သူမ ၏ဘေးတွင် ရပ်နေခဲ့ကြလေသည်။
အထပ် (၂၀) ၏ နာမည်ဆိုးကို အဆောက်အအုံ (၃) တစ်ခုလုံးက သိကြပေသည်။ ဤလူဆိုးများသည် အစား အစာများနှင့် အဖျော်ယမကာများကို စိတ်ကြိုက် သုံးဆောင်ကြပြီး အခြားနေထိုင်သူများနှင့် ၎င်းတို့၏ အစားအစာများကို မျှဝေရန် စိတ်မဝင်စားကြပေ။
နောက်ဆုံးတစ်ကြိမ်က တစ်စုံတစ်ယောက်သည် အထပ်( ၂၀) ကို လုယက်ရန် သွားခဲ့ရာ ထိုလူများထဲမှ အချို့သည် ဓားထိုးခံခဲ့ရပြီး အချို့မှာ သွေးထွက် လွန်၍ သေဆုံးခဲ့ကြရလေသည်။
မနေ့က တစ်စုံတစ်ယောက်သည် ထိုဖြစ်ရပ်ကို မီးသတ်သမားများထံ လျှို့ဝှက် တိုင်ကြားခဲ့လေသည်။ သို့သော် မီးသတ်သမားများက ၎င်းသည် သူတို့၏ တာဝန်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ရေကြီးရေလျှံမှု ကျဆင်းသွားမှ ရဲကို တိုင်ကြားရန် အကြံပေးခဲ့လေသည်။
မီးသတ်သမားများနှင့် အချိန်အကြာကြီး စကားပြောခဲ့သော်လည်း အထပ် (၂၀) ရှိ လူများနှင့် ပတ်သက် ၍ ဘာမှ မလုပ်နိုင်သည့်အခါ သူတို့သည် ပို၍ပင် ဒေါသထွက်ပြီး မနာလိုဖြစ်ခဲ့ကြရပေသည်။
သို့သော် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့၏ ဓားများကို ကြည့်လိုက်သည့်အခါနှင့် ယောင်ရန်၏ အေးစက် သော မျက်လုံးများကို ကြည့်လိုက်သောအခါ မည်သူမျှ ဘာမှ မပြောရဲတော့ပေ။ သူတို့သည် မှားယွင်း စွာ ပြောဆိုမိလျှင် ထိုရူးနေသော အမျိုးသမီးက သတိမပေးဘဲ တိုက်ခိုက်မည်ကို ကြောက်ရွံ့ကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လုံယုနှင့် အဖွဲ့သားများ ယောင်ရန်၏ အကူအညီဖြင့် ထိုလူများကို ရှင်းလင်းပြီး ပြတင်းပေါက်ဆီသို့ ရောက်လာခဲ့လေသည်။ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် လူအုပ်ကို စောင့်ကြပ်နေစဉ် ယောင်ရန်သည် သူတို့ ပစ္စည်းများ ရွှေ့ပြောင်းရာတွင် ကူညီပေးခဲ့လေသည်။
အလေးချိန် (၂၀) ကီလိုဂရမ်ရှိသော ဆန်အိတ် (၁၄) အိတ်၊ (၁၀) ကီလိုဂရမ်ရှိသော ဂျုံမှုန့်အိတ် (၅) အိတ် ၊ အရသာ အမျိုးမျိုးရှိသော ခေါက်ဆွဲခြောက် ဘူးများစွာ၊ ဟင်းသီးဟင်းရွက်ခြောက်နှင့် မှိုခြောက်ထုပ် များ၊ ဖယောင်းတိုင် (၃) ထုပ်၊ အရက်ဆီတုံး အကြီး (၆) ဘူး၊ အအေးမိဆေးနှင့် ပဋိဇီဝဆေးများ ပဲပိစပ် ဆားနယ်၊ ဆားအထုပ်များစွာနှင့် ငရုတ်သီးဆော့စ် အချို့တို့ ပါဝင်လေသည်။
ပမာဏ နည်းသော်လည်း ဤပစ္စည်းများသည် ချွေတာစွာ စားသုံးပါက သူတို့၏ အသက်ရှင်သန်ရေးကို လပေါင်းများစွာ ထောက်ပံ့ပေးနိုင်ပေသည်။
လူတိုင်း ပင်ပန်းနွမ်းနယ်နေကြပြီး ကျားရှန်း၏ လက်မောင်းတွင် ဒဏ်ရာရခဲ့လေသည်။ ယောင်ရန်သည် လုံယုနှင့် အဖွဲ့သားများကို ကြည့်လိုက်ရာ သူတို့အားလုံး သွေးများ စွန်းထင်းနေသည်ကို တွေ့လိုက်ရ သည်။ စူပါမားကတ်သို့ ခရီးစဉ်သည် အလွန် အန္တရာယ်များခဲ့ပုံရပေသည်။
မြေပြင်ပေါ်ရှိ အစားအစာနှင့် ဆေးဝါးများကို ကြည့်ရင်း စောင့်ကြည့်နေသူများ၏ စိတ်ထဲတွင် လောဘဇောများဖြင့် ပြည့်နှက်နေသော်လည်း မည်သူမျှ ရှေ့သို့ တက်လာ၍ ပစ္စည်းများကို လုယူရန် မရဲတော့ပေ။
ယောင်ရန် စကားပြောရန် ပြင်ဆင်နေစဉ်တွင် ရုတ်တရက် လှည့်လိုက်သည်။ သူမ၏ တင်းမာသော အမူအရာကို မြင်သောအခါ လုံယုက အသံတိုးတိုးဖြင့်မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ…။”
ယောင်ရန်သည် လူတိုင်းကို ခဏကြာ ကြည့်လိုက်ပြီး ခေါင်းခါကာ ။
“ဘာမှ မဖြစ်ပါဘူး…။”
သူမ မပြောပြချင်တော့သည့်အတွက် လုံယုလည်း ထပ်မမေးတော့ဘဲ
“ပစ္စည်းတွေ သယ်ကြမယ်…။” ဟု ပြောလိုက်လေသည်။