← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

၅၅)

အဆိုပြုချက်

တစ်ချိန်တည်းတွင် တိုက်ခိုက်သူများ များလွန်းသောကြောင့် ကျားရှန်းက သတိမထားမိဘဲ လက်မောင်း ကိုဓားနှင့် အလှီးခံလိုက်ရလေသည်။

သူတို့လေးယောက်သာ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေး လေ့ကျင့်မှု များ မရရှိထားဘူးဆိုပါက ဘေးကင်းစွာ ပြန်လာနိုင်မလားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နိုင်ပေသည်။

စူပါမားကတ်က ထွက်လာပြီးနောက် သူတို့အား လုယက်ချင်သော လူအုပ်စုများနှင့် အကြိမ်ပေါင်း များစွာ ကြုံတွေ့ခဲ့ရလေသည်။ သူတို့တစ်ညလုံး တိုက်ခိုက်ခဲ့ရပြီး ပြန်လာပြီးနောက် နောက်ဆုံး၌ အနားယူ နိုင်ပြီဟု ထင်ခဲ့လေသည်။

သို့သော်လည်း လင်းယွမ်တိုက်ခန်းအဆောက်အအုံထဲကို ဝင်လာသည်နှင့် လူများက သူတို့ကို ပစ်မှတ် ထားလာကြပြီး အဆောက်အအုံ (၂) နှင့် (၄) ရှိ လူများနှင့်ပါ တိုက်ခိုက်ရလုနီးပါး ဖြစ်ခဲ့လေသည်။

ယောင်ရန် သာ ကူညီရန် ရောက်မလာခဲ့ဘူးဆိုပါက အဆောက်အအုံ (၃) ကို ဝင်ရန်အတွက် နောက်ထပ် ပြင်းထန် သော တိုက်ပွဲတစ်ပွဲကို ဖြတ်သန်းရဦးမည်ပင်။

သူတို့၏ ညှိုးငယ်နေသော မျက်နှာများကို ကြည့်ပြီး ယောင်ရန် မည်ကဲ့သို့ နှစ်သိမ့်ရမှန်း မသိခဲ့ပေ။ မည်သို့ပင်ဆိုစေ ကမ္ဘာပျက်သည့်ကာလက တရားဝင် မစသေးဘဲ လူတွေ၏ အတိတ်က တရားဥပဒေနဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကိုတော့ မစွန့်လွှတ်နိုင်လောက်သေးပေ။

သူတို့ နေ့လယ်စာ မစား၍ မပြီးသေးခင်မှာပင် အလွှာ (၂၀) ကို တက်သည့် လှေကားရှိ သတ္တုတံခါးကို တစ်စုံတစ်ယောက်က ခေါက်လာခဲ့သည်။ လူခုနစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ထမင်းစားတူများကို ချ၊ မီးဖိုကို ပိတ်ပြီး စစ်ဆေးကြည့်ရန် ထွက်လာခဲ့ကြလေ၏။

သံတံခါး၏ ချောင်းကြည့်ပေါက်မှ ကြည့်လိုက်သောအခါ လူအုပ်ကြီးတစ်စုက ထိုနေရာတွင် စုဝေးနေ သည်ကို တွေ့လိုက်ရလေသည်။ တစ်ချက် ကြည့်လိုက်သည်နှင့် အနည်းဆုံး လူနှစ်ဆယ်လောက် ရှိသည် ကိုခန့်မှန်းမိလိုက်သည်။ ထိုသူတို့သည် အလွှာ (၁၉) ၏ စင်္ကြံမှာပင် မဆံ့နိုင်လောက်အောင် စုပြုံနေကြ လေသည်။

ယောင်ရန်က သူတို့ကို မြင်လိုက်ရသောအခါ မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ ထိုလူများက လုံယုတို့ ခုနက ပြန်သယ်လာသော ပစ္စည်းများကို မြင်ပြီး လုယက်ဖို့ လာကြချင်းများလား။

သူတို့သည် အသက်ကို စွန့်ပြီးမှ ဤပစ္စည်းများကို ရရှိခဲ့ခြင်းပင်။ ထိုလူများက အပြင်ထွက်ပြီး ပစ္စည်း များရှာရန် မဝံ့ရဲကြဘဲ အလွှာ (၂၀) ကို ပစ်မှတ်ထားပြီး သူမတို့ဆီက လုယူချင်နေကြခြင်းဖြစ်ပေ၏။

*ဒီလူတွေ တကယ်ကို ကြီးမားတဲ့ အကြံဆိုးရှိကြတာပဲ….။*

ပင်ပန်းနွမ်းနယ်နေခြင်းကြောင့် လုံယုမှလွဲပြီး မည်သူမှ ထိုလူများနှင့် စကားပြောချင်စိတ် မရှိကြပေ။ ထို့ကြောင့် သူက အောက်ထပ်ကို ဆင်းသွားလိုက်လေသည်။ ယောင်ရန် ခဏမျှ စဉ်းစားပြီး အိမ်ပြန်ကာ သံမှိုပစ်သေနတ်ကို နေရာလွတ် ထဲမှ ထုတ်ယူလိုက်လေ၏။ ထို့နောက် သူမ လက်ထဲမှာ သံမှိုပစ် သေနတ်ကို ကိုင်ပြီး လုံယုဆီ လျှောက်သွားလိုက်လေသည်။

သတ်ဖြတ်လိုစိတ် အပြည့်နှင့် မျက်လုံး ခုနစ်စုံသည် လူအုပ်ကို ကြည့်လိုက်သောအခါ ထိုနေရာမှာ ရှိသည့် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့ ကြောက်ရွံ့သွားကြသော်လည်း ပြန်ထွက်သွား ရန်တော့ ဆန္ဒရှိပုံ မပေါ်ကြပေ။ လူဆယ်ဂဏန်းကျော်က လူခုနစ်ယောက်ကို အသာစီးရနိုင်သည်ဟု တွေးမိသောအခါ သူတို့၏ ယုံကြည်မှုက ရုတ်တရက် တိုးလာခဲ့လေသည်။

မျက်မှန်တပ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးရွှင်သော မျက်နှာနှင့် လျှောက် လာခဲ့လေ၏။ သံတံခါးနှစ်ခုက သူ့နှင့် လုံယု၊ယောင်ရန်တို့ကို ခြားထားပြီး သူက စတင်ပြောလိုက်သည်။

"ငါတို့က ဘာအန္တရာယ်မှ မပြုလိုပါဘူး….။"

ထိုသူ၏ နောက်၌ ရပ်နေသော လူများကို ကြည့်ပြီး ယောင်ရန်က အနည်းငယ် ပြုံးပြီးပြောလိုက်လေ သည်။

"လူအများကြီးကို တစ်ပြိုင်တည်း ခေါ်လာတာဆိုတော့...။ ရှင်တို့က ကျွန်မတို့ဆီက လုယက်ဖို့ လာကြ တာလို့ပဲ ကျွန်မက ထင်နေတာ….။"

ထိုလူက သဘောကျစွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

"မစ္စယောင်…၊မစ္စက ကျွန်တော်တို့ကို နားလည်မှုလေး လွဲနေတာပါ။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ လာခဲ့ ကြတာပါ…။"

ယောင်ရန် သူ့ကို စက္ကန့်အနည်းငယ် ကြည့်ပြီးနောက် မေးလိုက်လေသည်။

"ရှင်တို့ ဘာလိုချင်တာလဲ….။"

သူက ပြုံးပြီး မိတ်ဆက်လိုက်လေသည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်နာမည် လုဟုန်ပါ။ အိမ်နီးချင်းတွေက ရွေးကောက်တင်မြှောက် ထားတဲ့ အဆောက်အအုံ မန်နေဂျာပါ။ ကျွန်တော်တို့က ပစ္စည်းတွေ ထွက်ရှာဖို့ အဖွဲ့ ဖွဲ့တာကို ခင်ဗျားတို့နဲ့ ဆွေးနွေးချင်လို့ လာတာပါ….။"

သူ ခဏစောင့်နေသော်လည်း သတ္တုတံခါး၏ တစ်ဖက်ခြမ်းမှ လူခုနစ်ယောက်ထဲမှ ဘယ်သူမှ စကား ပြန်မပြောခဲ့ကြပေ။ သူက အဆင်မပြေစွာ ပြုံးပြီး ရှင်းပြလိုက်လေသည်။

"အစိုးရက အခုထိ ကယ်ဆယ်ရေးအဖွဲ့ မပို့ပေးသေးဘူး။ အပြင်မှာ အရမ်း ရှုပ်ထွေးနေတယ်။ အပြင်မှာ တစ်ယောက်တည်း ပစ္စည်းရှာဖို့ ထွက်တာက အရမ်း အန္တရာယ်များတယ်။ တစ်ခုခု ရခဲ့ရင်တောင် ပြန်လာတဲ့လမ်းမှာ လုယက်ခံရနိုင်ပါတယ်….။"

"ဒါကြောင့် ဆွေးနွေးပြီးနောက် ကျွန်တော်တို့က ကျွမ်းကျင်တဲ့သူတွေကို ဖိတ်ခေါ်ပြီး အချင်းချင်း ဂရုစိုက်နိုင်ဖို့ အတူတူ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ…။"

ထိုသူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်က မေးလိုက်လေသည်။

"ရှင်တို့မှာ လှေ ရှိလား….။"

"မစ္စယောင်…၊ ကျွန်တော်တို့ ဒီကိစ္စကို မစ္စနဲ့ ဆွေးနွေးချင်လို့ လာခဲ့တာပါ….။"

ထိုသူက ပြုံးပြီး ဆက်ပြောလိုက်သည်။

"ကျွန်တော်တို့က အိမ်နီးချင်းတွေဆိုတော့ အချင်းချင်း ဂရုစိုက်ရမယ်လေ။ အန္တရာယ်ရှိတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ကူညီရမယ် မဟုတ်ဘူးလား….။"

သူ၏ စကားများက အစပိုင်းတွင် နားထောင်၍ ကောင်းသော်လည်း နောက်ဆုံးမှာတော့ ခြိမ်းခြောက်မှု များအဖြစ် ပြောင်းလဲသွားခဲ့လေ၏။ ယောင်ရန်က လုဟုန်၏ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသည့် အမူအရာကို ကြည့်ကာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့လေ၏။ သူမက ပြုံးပြီး ဖြည်းဖြည်းချင်း မေးလိုက်လေသည်။

"လူဟုန်….၊ ဟုတ်လား….။"

လူဟုန်က ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။

"ဟုတ်ပါတယ်။ မစ္စယောင်..၊ ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို ဘယ်လို ထင်ပါလဲခင်ဗျာ…..။"

ယောင်ရန် သက်ပြင်းချပြီး ပြန်ဖြေလိုက်လေသည်။

"ဒီလောက်အကြာကြီး နားထောင်ပြီးမှပဲ ရှင်တို့ ကျွန်မတို့ဆီက လှေကို လာငှားတာပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်….။"

လုဟုန် စကားမပြောခင်မှာပဲ ယောင်ရန်က ထပ်ပြောလိုက်လေသည်။

"ရှင့်အသက်က မငယ်တော့ဘူးလို့ ကျွန်မ ထင်တယ်…။ မန်နေဂျာလု… အကူအညီ တောင်းတဲ့အခါ မှန်ကန် တဲ့ သဘောထားကို ပြသသင့်တယ်ဆိုတာ ရှင် သိဖို့လိုတယ်။ ရှင်ရဲ့ ယုံကြည်မှုလွန်ကဲပြီး မာန ကြီးတဲ့ သဘောထားက ဘာဖြစ်ချင်တာလဲ။ ရှင် ကျွန်မတို့ဆီက လှေလာငှားတာလား ဒါမှမဟုတ် ရှင် ကျွန်မတို့ကို ခြိမ်းခြောက်ဖို့ လာတာလား….။"

လုဟုန်သည် အလွှာ (၂၀) မှာ နေထိုင်သော ရူးသွပ်တဲ့ အမျိုးသမီးအကြောင်း ကောလဟာလများကို ကြားဖူးပေသည်။ မလာခင်မှာ သူက ဤသည်က ကောလဟာလများသာ ဖြစ်ပြီး အသက်နှစ်ဆယ် ကျော် အမျိုးသမီးငယ်တစ်ဦးသည် ညှိနှိုင်းရာတွင် သူ၏ ပြိုင်ဘက် မဟုတ်ဘူးဟု ထင်ခဲ့လေ၏။

ဤယောင်ရန်က အသိဉာဏ်မဲ့စွာနှင့် သူတို့၏ မျက်နှာဖုံးများကို တန်းပြီး ဆုတ်ဖြဲပစ်လိမ့်မည်ဟု ဘယ်သူ သိနိုင်ပါမည်နည်း….။

ယောင်ရန်၏ စကားများက လုဟုန်ကို အသက်ရှူကျပ်စေခဲ့ပြီး သူ အံကျိတ်ကာ ခါးသီး၍ ပြုံးရုံသာ လုပ်နိုင်ခဲ့လေ၏။

"မစ္စယောင်…၊ ကျွန်တော်က နောက်နေတာပါ။ ကျွန်တော်တို့ တကယ် မစ္စတို့ကို တိုက်ခိုက်ဖို့ လာတာ မဟုတ်ပါဘူး….။"

သူ အကြာကြီး အသက်ရှင်ချင်နေသေးသည်။ စိတ်အလိုမကျ ဖြစ်သည်နှင့် မျက်တောင်မခတ်ဘဲ လူသတ်တတ်သော ဤကဲ့သို့သော အရူးများနှင့် မည်သူက တိုက်ခိုက်ရဲပါမည်နည်း။

ယောင်ရန် ခဏတာ တိတ်ဆိတ်နေပြီး ပြောလိုက်လေသည်။

"ခဏလေး စောင့်ပါ။ ကျွန်မ အဖော်တွေနဲ့ ဆွေးနွေးဖို့ လိုတယ်….။"

သူမက လုံယုနှင့် ကျန်သည့် လူငါးယောက်ကို အဓိပ္ပာယ်ရှိသည့် အကြည့်နှင့် ကြည့်လိုက်ပြီးနောက် စင်္ကြံ၏ အဆုံးမှ ပြတင်းပေါက်ဆီ လျှောက်သွားပြီး စကားပြောလိုက်လေ၏။

ယောင်ရန်က တခြားသူများကို ကြည့်ပြီး မေးလိုက်လေသည်။

"ရှင်တို့ လုဟုန်ရဲ့ အဆိုပြုချက်ကို ဘယ်လို ထင်လဲ….။"

ဟွမ်ကျိဟွေးက ခြိမ်းခြောက်ခံရတာကို အမုန်းဆုံးပင်။ သူမက လက်သီးကိုဆုပ်ပြီး ပြောလိုက်လေ သည်။

"သူတို့ မော်တော်ဘုတ် လုချင်ရင် ကျွန်မရဲ့ လက်သီးက သဘောတူလားဆိုတာ မေးကြည့်ရလိမ့်မယ်…။"

ရှီရွှမ်းက ခဏမျှစဉ်းစားပြီး အေးဆေးတည်ငြိမ်စွာမေးလိုက်လေသည်။

"ငါတို့ သူတို့ကို လှေတစ်စင်း ငှားပေးလိုက်ရင်ရော ဘယ်လိုလဲ….။"

အခန်း (၅၆)

လှေခဏငှားခြင်း

ရှီရွှမ်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဟွမ်ကျိဟွေက သူ့ကို အံ့အားသင့်စွာ ကြည့်ပြီး မေးလိုက် လေသည်။

"အစ်ကိုရွှမ်း... အစ်ကိုက အဲ့ဒီလို လူပျော့လူညံ့တွေကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်….။"

ရှီရွှမ်းက သူမ၏ အတွေးလွန်နေသော အမူအရာကို ကြည့်ပြီး နဖူးကို လက်ညှိုးဖြင့် ခပ်ဖွဖွလေး တောက်လိုက်လေသည်။

"မင်း ဦးနှောက်ကို သုံးပြီး စဉ်းစားစမ်းပါ….။"

"အား... နာလိုက်တာ…။"

ဟွမ်ကျိဟွေက သူမ၏ နဖူးကို အုပ်ကိုင်ရင်း၊

"ဒါဆို အစ်ကို့မှာ အစီအစဉ် ရှိလို့လား…။"

ရှီရွှမ်းက သူတို့ကို ရှင်းပြလိုက်လေသည်။

"ငါတို့က သူတို့ထက် ပိုသန်မာတာ မှန်ပေမယ့် သူတို့အားလုံး ပေါင်းပြီး ငါတို့ကို တိုက်ခိုက်လာရင် ငါတို့ အခြေအနေ မဟန်ဘူး ဖြစ်သွားမယ်။ ငါတို့မှာလည်း နားချိန်၊ စားချိန် ရှိရဦးမယ်။ တစ်နေ့( ၂၄) နာရီလုံး တိုက်ပွဲဝင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ…။"

ဟွမ်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး… ၊

"အစ်ကိုရွှမ်း... အစ်ကိုက တကယ်ပဲ သူတို့နဲ့ ပူးပေါင်းဖို့ သဘောတူလိုက်မှာလား။ သူတို့က ငါတို့ကို ဓားစာခံလိုမျိုး အသုံးချသွားနိုင်တယ်နော်….။"

ဟွမ်ကျိဟွေက ခေါင်းခါရင်း ၊

"မဖြစ်ဘူး….။ သူတို့ အလိုကျ အလျော့ပေးလို့ မရဘူး။ အခုတစ်ခါမှာ သူတို့လိုချင်တာ ရသွားရင် နောက်လည်း အမြဲလာနေမှာပဲ။ သူတို့ရဲ့ လောဘက အဆုံးရှိမှာ မဟုတ်ဘူး…။"

ယောင်ရန်က လုံယုကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"ရှင်ရော ဘယ်လိုထင်လဲ….။"

"ငါကတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ မင်းကော ဘယ်လိုသဘောရလဲ…။"

ယောင်ရန်က အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။

"သူတို့နဲ့အတူ ရိက္ခာသွားရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုအချိန်မှာ ရိက္ခာရှာရတာ ခက်ခဲနေတာကို ထားဦး၊ ရိက္ခာတွေ့ခဲ့ရင်တောင် ဒီလောက် လူအများကြီးနဲ့ ခွဲဝေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ဆုံးတော့ သူတို့ အချင်းချင်း ပြန်တိုက်ခိုက်ကြမှာပဲ။ ငါတို့နောက်ကျောကိုလည်း ဓားနဲ့ အချိန်မရွေး ထိုးသွားနိုင်တယ်…။"

သူမ ခေတ္တမျှ စဉ်းစားပြီး ဆက်ပြောလိုက်သည်။

"ကျွန်မ ရှီရွှမ်းရဲ့ အမြင်ကို သဘောတူတယ်။ သူတို့ကို လှေတစ်စီး ငှားပေးလိုက်ပြီး သူတို့ဘာသာ ထွက် ရှာခိုင်းတာက ပိုကောင်းမယ်။ ကျွင်းချန်မြို့ထဲမှာ ပစ္စည်းအရောင်းဆိုင်တွေ အများကြီးရှိတာပဲ။ သူတို့ စောစောထွက်သွားရင် စက်လှေ ဖြစ်ဖြစ်၊ လေထိုးလှေ ဖြစ်ဖြစ် ရနိုင်တာပဲ။ သူတို့မှာ လှေရှိသွားရင် ကျွန်မတို့ဆီက ပစ္စည်းတွေကို မျက်စိကျနေတော့မှာ မဟုတ်ဘူး…။"

ယောင်ရန်၏ စကားကို ကြားပြီးနောက် လုံယုက ထောက်ခံလိုက်လေသည်။

"ယောင်ရန်နဲ့ အာချွမ် ပြောတာကို ငါ သဘောတူတယ်…။"

တိန်ချီချီက လက်ကို မြှောက်ပြီး ဝေခွဲမရစွာ မေးလိုက်လေသည်။

"အပြင်မှာ အခြေအနေတွေက တော်တော်ဆိုးနေတာ။ လှေ ပျောက်သွားတာ ဒါမှမဟုတ် အခိုးခံရတာ မျိုး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…။"

ယောင်ရန်က ပြုံးပြီး ပြန်ဖြေလိုက်လေသည်။

"လုံယုရဲ့ စက်လှေကိုတော့ ငှားပေးမှာ မဟုတ်ဘူး။ ကျွန်မမှာ လေထိုးလှေတစ်စီး ရှိတယ်။ အဲ့ဒါကိုပဲ ငှား ပေးလိုက်မယ်။ ပြီးတော့ အလကား ငှားမှာ မဟုတ်ဘူး၊ အငှားစာချုပ် ရေးခိုင်းရမယ်…။"

ယခင်ဘဝက သေဆုံးခဲ့ရသည့် အတွေ့အကြုံကြောင့် လူတို့၏ ကောင်းခြင်း၊ ဆိုးခြင်း သဘောသဘာဝ ကို ယောင်ရန် ကောင်းကောင်း နားလည်ထားပေသည်။

မည်မျှပင် ရင်းနှီးသည်ဖြစ်စေ အရာရာကို တိတိကျကျ တွက်ချက်ပြီး စာဖြင့် မှတ်တမ်းတင်ထားခြင်းက အကောင်းဆုံးပင်။ ထို့အပြင် ထိုသူများသည် သူတို့အပေါ် ရန်လိုသော သဘောထား ရှိသည့်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် နောင်တရစရာ မရှိစေရန်ပင် ဖြစ်ချေသည်။

ဟွမ်ကျိဟွေး၏ မကျေနပ်သော မျက်နှာကို ကြည့်ကာ သူမက ထပ်ပြောလိုက်လေသည်။

"ကျွန်မလည်း လှေမငှားပေးချင်ပါဘူး။ ဒါပေမဲ့ ဒီအတိုင်း တင်းမာနေကြရင်လည်း တစ်ဖက်ဖက်က ဆုံးရှုံးရမှာပဲ။ သူတို့ကို အပြင်ထွက် ရိက္ခာရှာခိုင်းလိုက်တာက ကျွန်မတို့အတွက် ဘေးအကင်းဆုံးပဲ။ လူတွေက ငတ်လာပြီဆိုရင် စိတ်ဖောက်ပြန်တတ်ကြတယ်။ အသက်ရှင်ဖို့အတွက်ဆိုရင် သူတို့ မလုပ်ရဲ တာ ဘာမှမရှိတော့ဘူး…။"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟွမ်ကျိဟွေးက သက်ပြင်းချလိုက်လေသည်။

"အားလုံးက သဘောတူကြပြီဆိုတော့လည်း ကျွန်မလည်း ရှင်တို့ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ပါ့မယ်…။"

ဆုံးဖြတ်ချက်ချပြီးနောက် ယောင်ရန်က သူမ၏ တိုက်ခန်းသို့ ပြန်ဝင်သွားခဲ့လေသည်။

"ကျွန်မ လှေသွားယူလိုက်ဦးမယ်…။"

အခြားသူများက သံတံခါးများဆီသို့ လျှောက်သွားခဲ့ကြသည်။ ယောင်ရန်သည် သူမ၏ အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲမှ လေထိုးလှေကို ထုတ်ယူကာ ထွက်လာခဲ့လေသည်။

သူမ လှေကို လှေကားထစ်များဆီသို့ ဆွဲယူလာစဉ် လုံယုက ဟိုဘက်အဖွဲ့ကို ပြောနေသည်ကို ကြား လိုက်ရလေသည်။

"မင်းတို့နဲ့အတူ ရိက္ခာသွားရှာမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လေထိုးလှေကို တစ်ရက်တော့ ငှားပေးနိုင် တယ်။ ငါ အကြံပေးချင်တာကတော့ အစားအသောက် အလျင်စလို ရှာနေမယ့်အစား လှေတစ်စီး ဝယ်ဖို့ အရင် ကြိုးစားကြပါ….။"

လုဟုန်သည် တကယ်တမ်းတွင် သူတို့ကို အဖွဲ့ထဲဝင်ရန် အတွက်ဖိတ်ခေါ်ရန် လာခဲ့ခြင်း မဟုတ်ပေ။ ပြီးခဲ့သည့်ရက်များအတွင်း သူ စောင့်ကြည့်ချက်အရ အထပ်( ၂၀) မှ လူများသည် မည်သူနှင့်မျှ မပတ်သက်ဘဲ သူတို့လူနှင့်သူတို့သာ နေထိုင်တတ်ကြောင်း သိထားပေသည်။

သို့သော် လုဟုန် စိတ်ပျက်မသွားရပေ။ သူလာရသည့် အဓိက ရည်ရွယ်ချက်မှာ လှေငှားရန်သာ ဖြစ် လေသည်။ လုဟုန်က ပြုံးပြီး ကျေးဇူးတင်စကား ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်ခင်ဗျာ….။"

အခြားသူများ မပျော်နိုင်ခင်မှာပင် လုံယုက ထပ်ပြောလိုက်လေသည်။

"တစ်ကြိမ်ပဲ ငှားမှာနော်။ ပြီးတော့ လှေ ပျောက်သွားတာ ဒါမှမဟုတ် ပျက်စီးသွားရင် မင်းတို့ ဘာနဲ့ ပေးဆပ်မလဲ….။"

လုဟုန် အံ့အားသင့်သွားပြီး ဘာပြောရမှန်း မသိဖြစ်သွားခဲ့လေသည်။

"ဒါက... ငါတို့အားလုံးက အိမ်နီးချင်းတွေပဲလေ…။"

"အပိုစကားတွေ လာမပြောပါနဲ့…။ အိမ်နီးချင်းဆိုတာ ရှင်တို့လို အနိုင်ကျင့်တတ်ကြလို့လား….။"

ယောင်ရန်က ကြားဖြတ် ပြောလိုက်လေသည်။

သူမက လုဟုန်ကို အေးစက်စွာ ကြည့်ပြီး၊

"ဒီလှေက ကျွန်မတို့အတွက် အသက်သွေးကြောပဲ။ ရှင်တို့ကို ငှားပေးတယ်ဆိုတာက ခင်မင်မှုကို ငဲ့လို့၊ မငှားပေးဘူးဆိုရင်လည်း ကျွန်မတို့ရဲ့ လုပ်ပိုင်ခွင့်ပဲ။ ရှင်တို့ဘက်မှာ လူများတာနဲ့ ကျွန်မတို့ကို လာပြီး လှည့်စားလို့ရမယ် မထင်နဲ့….။"

ယောင်ရန်က မျက်မှောင်ကြုတ်လျက်ပင်၊

"ကျွန်မကို လာဆွရင်တော့... တစ်ယောက်သတ်ရင် မရှုံးဘူး၊ နှစ်ယောက်သတ်ရင် မြတ်တယ်လို့ပဲ သဘော ထားတယ်။ သေမှာမကြောက်တဲ့သူ ရှိရင် ရှေ့ထွက်ခဲ့လေ…။" ဟု အေးစက်စက် အသံဖြင့် ထပ်လောင်းပြောကြားလိုက်လေသည်။

ရှင်သန်လိုစိတ်သည် လူသားတို့၏ သဘာဝပင်။ အထပ် (၂၀) မှ လူများထက် သူတို့ဘက်တွင် လူအင် အား ပိုများသော်လည်း ထိုလူသတ်ရဲသော အရူးများကို မည်သူကမှ ထိပ်တိုက် မတွေ့ရဲကြပေ။

အထပ်( ၂၀) ရှိ လူများက လူသတ်ဖူးကြောင်း အားလုံး သိကြသည်။ ခဏတာမျှ မည်သူမျှ စကားမပြော ရဲဘဲ ငြိမ်ကျသွားခဲ့ကြလေသည်။

လုဟုန်သည် ရင်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်ပေ။ အထပ် (၂၀) သို့ မလာ ခင်က လူတိုင်းက စကားကြီးစကားကျယ်များ ပြောနေခဲ့ကြသော်လည်း ယခုမူ အားလုံးက လိပ်တစ် ကောင် ကဲ့သို့ အခွံထဲ ခေါင်းလျှိုဝင်နေကြပြီ ဖြစ်ပေသည်။

သို့သော် သူ၏ ရည်မှန်းချက် အောင်မြင်လုနီးပြီဖြစ်၍ လုဟုန် အံကြိတ်ကာ သည်းခံလိုက်ရလေသည်။ အိမ်တွင် သူ၏ ဇနီးနှင့် ကလေးများက ဆာလောင်စွာဖြင့် သူပြန်အလာကို စောင့်နေကြသည် မဟုတ်ပါ လား။

ဤကိစ္စတွင် သူက ဦးဆောင်ပေးမည်ဟု သဘောတူခဲ့သည့်အတွက် အခြားသူများကလည်း နောင်တွင် ရိက္ခာရလျှင် သူ့ကို ပိုပေးရန် သဘောတူထားကြသည်။ လက်ထဲတွင် အာဏာရှိလာပါက ရှေ့လျှောက် အရာရာသည် ပိုမို လွယ်ကူလာမည်ဟု သူ ယုံကြည်နေမိလေသည်။

All Chapters