အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း ( ၅၇ )
ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်လာလိမ့်မယ်
ခဏမျှ စဉ်းစားပြီးနောက် လုဟုန်က ယောင်ရန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"တကယ်လို့ ပျက်စီးသွားရင် ကျွန်တော်တို့ တခြားတစ်ခုနဲ့ ပြန်လျော်ပေးပါ့မယ်…။"
ယောင်ရန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်လေသည်။
"နှုတ်ကတိဆိုတာ အလကားပဲလေ။ စာချုပ်စာတမ်းနဲ့ ရေးထားတာက ပိုကောင်းမယ် မဟုတ်ဘူး လား….။"
"မင်း... "
လုဟုန်သည် ဒေါသထွက်သွားသော်လည်း ဆာလောင်နေသော သူ့မိသားစုကို ပြန်တွေးကာ အံကြိတ်၍ သဘောတူလိုက်ရလေသည်။
"ကောင်းပြီလေ…။"
၎င်းမှာ ဈေးပေါသော လေထိုးလှေတစ်စီးသာ ဖြစ်သည်။ ပျက်စီးသွားလျှင်ဖြစ်စေ၊ ပြန်မပေးနိုင်လျှင် ဖြစ်စေ အဆိုးဆုံး ဘာများဖြစ်နိုင်ဦးမည်နည်းဟု သူတွေးလိုက်မိသည်။ အကယ်၍ (၂၀) လွှာကလူများ ပြဿနာရှာလာလျှင်လည်း ရေကျသွားသည့်အခါ ရဲတိုင်လိုက်ရုံပင်။ ထိုအခါကျမှ လှေတစ်စီးဖိုး ပြန်လျော်ပေးလိုက်လျှင် အားလုံးပြီးသွားမည် မဟုတ်ပါလား။
သဘောတူညီမှု ရရှိပြီးနောက် ရှီရွှမ်းက စာချုပ်ရေးပေးကာ နှစ်ဖက်စလုံး လက်မှတ်ရေးထိုး တံဆိပ် ခတ်နှိပ်လိုက်ကြသည်။ လေထိုးလှေကို ရရှိသွားသောအခါ လုဟုန်သည် မျက်နှာဝင်းပသွားပြီး မြှောက်ပင့်စကားများ ပြောကာ အခြားသူများနှင့်အတူ ထွက်ခွာသွားလေတော့သည်။
သူတို့ ခြေလှမ်းမလှမ်းမီ ယောင်ရန်က လှမ်းပြောလိုက်လေသည်။
"မန်နေဂျာလု၊ ရှင်ကိုယ်တိုင် လာငှားတာဆိုတော့ တစ်ခုခုဖြစ်ရင် ရှင့်ဆီပဲ ကျွန်မ လာခဲ့မှာနော်…။"
လုဟုန် ခေတ္တမျှ တုံ့ခနဲ ဖြစ်သွားပြီးနောက်
"ဒါပေါ့... စိတ်ချပါ….။" ဟုသာ ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်သည်။
ယောင်ရန်က ပြုံးလျက်၊
"ရှင်က အခန်း (၁၃၀၇) မှာ နေတာမလား။ ရှင့်မှာ ဇနီးတစ်ယောက်၊ ကလေးနှစ်ယောက်ရှိတယ်၊ ရှင့်ရဲ့ အမေက ခြေထောက်မကောင်းဘူး၊ ရှင့်အဖေက သွေးတိုးရောဂါ ရှိတယ်ဆိုတာလည်း ကျွန်မ သိတယ် နော်….။" ဟု ချိုသာစွာ ပြောလိုက်လေသည်။
ယောင်ရန်၏ စကားကြောင့် လုဟုန် မျက်နှာ ဖြူဖျော့သွားခဲ့လေသည်။ သူသည် ထိတ်လန့်သွားကာ ပြာသလဲလဲဖြင့် ချက်ချင်း ကတိပေးလိုက်လေသည်။
"အစ်မယောင်ရန် စိတ်မပူပါနဲ့။ အစ်မလှေကို ကျွန်တော်တို့ သေချာ ဂရုစိုက်လိုက်ပါ့မယ်…။"
တက်ကြွစွာ ထွက်ခွာသွားကြသော သူတို့ကို ကြည့်ရင်း ယောင်ရန်က တွေးလိုက်မိသည်မှာ၊
*လှေတစ်စီးတည်းနဲ့ သူတို့ ဘယ်လောက်တောင် ပစ္စည်းတွေ သယ်နိုင်မှာလဲ။ အဝေမတည့်ရင်တော့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်တော့မှာပဲ။ သူတို့ အချင်းချင်း သတ်ကြမှာကို ကြည့်ရတာ ပျော်စရာတော့ ကောင်းမှာပဲ…။*
လုဟုန်တို့ကို လွှတ်လိုက်ပြီးနောက် သူတို့အားလုံး ယောင်ရန်၏ အခန်းသို့ ပြန်ဝင်ကာ နေ့လယ်စာ ဆက် စားလိုက်ကြသည်။ ယောင်ရန် အထဲမဝင်မီ လုံယုက သူမကို တားကာ ပလတ်စတစ်အိတ် တစ်အိတ် ကမ်းပေးလိုက်လေသည်။
ယောင်ရန်က အိတ်ကို ကြည့်ကာ နားမလည်စွာ မေးလိုက်လေသည်။
"ဒါက ဘာလဲဟင်...။"
"ငါ အစတည်းက ပိုက်ဆံပြန်ပေးချင်ပေမဲ့ လူတွေ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်လို့ အခွင့်အရေးမသာ ခဲ့တာ။ မနေ့ညက ငါတို့ ရာဂဏန်းလောက်ပဲ သုံးခဲ့ရသေးတယ်….။" ဟု လုံယုက ရှင်းပြလိုက်လေသည်။
ယောင်ရန်က အိတ်ကို ယူလိုက်ပြီး ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"အခုတော့ အခြေအနေတွေ ရှုပ်ထွေးနေပေမဲ့ အစိုးရက မကြာခင် ပြန်ထိန်းချုပ်နိုင်မှာပါ။ အဲ့ဒီအခါကျ ရင် ကျွန်မတို့ ပိုက်ဆံတွေ ပြန်သုံးလို့ရဦးမှာပါ…။"
ပိုက်ဆံများ ပြန်ပေးပြီးနောက် သူတို့နှစ်ဦးသည် အခြားသူများနှင့်အတူ စားပွဲတွင် ပါဝင်လိုက်ကြသည်။ အားလုံး စားသောက်ပြီး စားပွဲသိမ်းပြီးသောအခါ မိမိတို့ အခန်းအသီးသီးသို့ ပြန်သွားခဲ့ကြလေသည်။
ယောင်ရန်သည် ဝရံတာမှ ရပ်ကြည့်နေစဉ် လုဟုန်နှင့် အမျိုးသားအချို့ လေထိုးလှေဖြင့် ထွက်ခွာသွား သည်ကို မြင်လိုက်ရလေသည်။ သူတို့ တစ်ဦးစီတွင် လက်နက်အဖြစ် ဆူးတုတ်ကိုယ်စီ ကိုင်ထားကြ လေသည်။
အခြားအဆောက်အအုံမှ လူများသည် သူတို့ကို အားကျနေကြပြီး လုဟုန်တို့နှင့်အတူ လိုက်ပါလိုကြ သည်။ အဖတ်လုပ်ခြင်း မခံရသောအခါ အချို့က လှေကို လုယူရန် ကြိုးစားကြသော်လည်း သူတို့လက် ထဲမှ ချွန်ထက်သော တုတ်များကို မြင်သောအခါ ကြောက်လန့်ပြီး ဆုတ်ခွာသွားခဲ့ကြလေသည်။
သိပ်မကြာမီ လုံယုက သူမအခန်းတံခါးကို ခေါက်လာခဲ့လေသည်။ သူက သူမကို ကြည့်ကာ မေးလိုက် သည်။
"ဂတ်စ်အိုးတွေ ဘယ်မှာ ရနိုင်မလဲဆိုတာ မင်းသိလား….။"
မုန်တိုင်းမလာမီ တစ်လအလိုကတည်းက ယောင်ရန်သည် ကျွင်းချန်မြို့အနှံ့ သွားလာခဲ့ဖူးသဖြင့် နေရာ အတော်များများကို သိထားပေသည်။
သူမ ခေတ္တမျှ စဉ်းစားပြီးနောက်၊
"ရနိုင်မယ့်နေရာတော့ ကျွန်မ သိတယ်။ ဒါပေမဲ့ အဲ့ဒီနေရာက မြေနိမ့်ပိုင်းမှာဆိုတော့ မုန်တိုင်းမလာခင် ကတည်းက လူတွေကို ရွှေ့ခိုင်းထားတာ။ အခုဆိုရင် ဂတ်စ်အိုးတွေ ကျန်ချင်မှ ကျန်တော့မှာ၊ ရှိရင် တောင်မှပဲ ရေအောက် ရောက်နေလောက်ပြီ…။"
ဤရပ်ကွက်တစ်ခုလုံးသည် ဂတ်စ်ပိုက်လိုင်းကိုသာ သုံးကြသဖြင့် နေထိုင်သူ အများသည် ဂတ်စ်အိုး ဆောင်ထားလေ့မရှိကြပေ။ အမှန်အတိုင်း ပြောရလျှင် ဆန်၊ ဆီ၊ ဆားနှင့် အခြားကုန်ကြမ်းများ ရှာတွေ့ လျှင်တောင် မီးမရှိပါက ချက်ပြုတ်စားသောက်ရန် မလွယ်ကူပေ။
ယောင်ရန်၏ နေရာလွတ် ထဲတွင် ဂတ်စ်၊ ကျောက်မီးသွေးနှင့် ထင်းများစွာ ရှိသော်လည်း သူမသာ အပြင်ထွက်၍ ပစ္စည်းမရှာပါက လူများက သံသယဝင်လာနိုင်ပြီး သူမ၏ လျှို့ဝှက်ချက် ပေါ်သွား နိုင်ပေသည်။
ထို့ကြောင့် သူမက အကြံပေးလိုက်သည်။
"ဒီနားမှာ မုန့်ဆိုင်လေးတွေ ရှိတယ်။ ကျွန်မ အရင်က အဲ့ဒီမှာ မုန့်ဝယ်စားဖူးတော့ သူတို့ ဂတ်စ်အိုးသုံးတာ သတိထားမိတယ်။ ကျွန်မတို့ အဲ့ဒီကိုသွားပြီး ကံစမ်းကြည့်ရင်ရော ဘယ်လိုလဲ….။"
လုံယု ပြန်မဖြေမီမှာပင် အခန်း (၂၀၀၁) မှ ရှီရွှမ်းနှင့် အခြားသူများ ထွက်လာခဲ့ကြလေသည်။
"အခု ငါတို့အတွက် အလိုအပ်ဆုံးက အစားအစာထက် ဂတ်စ်နဲ့ လောင်စာပဲ။ သွားကြည့်ကြရင် ကောင်း မလား…။" ဟု ရှီရွှမ်းက သူတို့နား လျှောက်လာရင်း မေးလိုက်လေသည်။
နောက်မှ လိုက်လာသော ကျားရှန်းကလည်း ထောက်ခံလိုက်လေသည်။
"ဟုတ်တယ် ငါတို့ မြန်မြန်လုပ်မှဖြစ်မယ်။ မဟုတ်ရင် တခြားသူတွေ သတိထားမိသွားတဲ့အခါ ငါတို့နဲ့ လုကြလိမ့်မယ်။ အဲ့ဒီကျရင် ဂတ်စ်တစ်အိုးရဖို့တောင် မလွယ်တော့ဘူး….။"
လုံယုနှင့် ယောင်ရန်တို့ကလည်း သဘောတူသဖြင့် ထိုမုန့်ဆိုင်များသို့ သွားရန် ဆုံးဖြတ်လိုက်ကြလေ သည်။( ၅) မိနစ်ခန့်အကြာ၌ လူစုံသောအခါ လုံယုက အားလုံး ကျောပိုးအိတ်ကိုယ်စီဖြင့် အသင့်ဖြစ် နေသည်ကို မြင်လိုက်ရသည်။
သူက သူ့သူငယ်ချင်းများကို ကြည့်ကာ မေးခွန်းထုတ်လိုက်လေသည်။
"ငါတို့အားလုံး ထွက်သွားရင် အိမ်ကို ဘယ်သူစောင့်မလဲ။ တစ်ယောက်ယောက်က အလွှာ (၂၀) ကို ဖောက်ဝင်လာရင် ဘယ်လိုလုပ်မလဲ…။"
ဤသည်က အမှန်တကယ် ပြဿနာပင်။ ရှေ့ပေါက်က မီးလောင်မှာကို မကြောက်သော်လည်း နောက်ပေါက်က မီးလောင်မှာကို သူတို့ စိုးရိမ်ကြပေသည်။
ထို့ကြောင့် သူတို့ ထပ်မံညှိနှိုင်းကာ အိမ်ထောင်စု တစ်စုလျှင် တစ်ဦးစီသာ ပစ္စည်းရှာထွက်ရန် သဘောတူ လိုက်ကြလေသည်။
အခန်း (၂၀၀၁) တွင် လူ (၅) ဦးရှိသဖြင့် ရှီရွှမ်းနှင့် ဟွမ်ချန်တို့က လိုက်ပါမည်ဖြစ်ပြီး ကျားရှန်း၊ ဟွမ်ကျိဟွေး နှင့် တန်ချီချီတို့က (၂၀) လွှာကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ လုံယုက စက်လှေထုတ်ပေးမည်ဖြစ်ပြီး ယောင်ရန်က ဓာတ်ဆီ ထုတ်ပေးမည်ဖြစ်သည်။
ဘယ်သူသွားမည်၊ ဘယ်သူကျန်မည်ကို ဆုံးဖြတ်ပြီးနောက် သူတို့သည် မိမိတို့၏ လက်နက်များကို အဆင်သင့်ဖြစ်အောင် စစ်ဆေးလိုက်ကြလေသည်။
ဟွမ်ကျိဟွေးက သူမအစ်ကို၏ လက်ကို ဆွဲကာ စိုးရိမ်တကြီး မှာနေလေသည်။
"ဂရုစိုက်နော် အစ်ကို…။ မြန်မြန်ပြန်လာခဲ့နော်….။"
ဟွမ်ချန်က သူမခေါင်းကို အသာအယာ ပွတ်ပေးရင်း ပြန်ပြောလိုက်လေသည်။
"အေးပါ၊ အစ်ကိုတို့ မြန်မြန်ပြန်လာခဲ့ပါ့မယ်။ လိမ်လိမ်မာမာနဲ့ ကျားရှန်း စကားကို နားထောင်ပြီးနေ နော်…။"
အခန်း ( ၅၈ )
ယောင်ရန်၏ သံသယ
မောင်နှမနှစ်ယောက် နှုတ်ဆက်ပြီးနောက် လုံယု၊ ယောင်ရန်၊ ရှီရွှမ်းနှင့် ဟွမ်ချန်တို့ ထွက်ခွာလာခဲ့ကြ လေသည်။ အခြားသူများ အစားအစာရှာဖွေရန် အလုပ်ရှုပ်နေချိန်တွင် သူတို့သည် လက်ဦးမှုယူကာ ဂတ်စ် အိုးများကို ရှာဖွေရန် ထွက်လာခဲ့ခြင်းဖြစ်ပေသည်။
လုံယုက စက်လှေအင်ဂျင်ကို နှိုးလိုက်သည်နှင့် လူအများ၏ အာရုံစိုက်ခြင်း ကို ချက်ချင်းခံလိုက်ရသည်။ အရှက်မရှိသော အချို့လူများက အနားသို့ ကပ်လာကြသော်လည်း သူတို့ စကားမပြောနိုင်မီမှာပင် လုံယု က စက်လှေကို မောင်းထွက်လိုက်သဖြင့် မီးခိုးငွေ့များကိုသာ ဝဝလင်လင် ရှူလိုက်ကြရတော့သည်။
မုန့်ဆိုင်တန်းများမှာ ရေအောက်ရောက်နေပြီဖြစ်သော်လည်း ယောင်ရန်သည် မုန်တိုင်းမလာမီက နေ့စဉ် အစားအစာမှာယူလေ့ရှိသဖြင့် နေရာရှာရသည်မှာ မခက်ခဲလှပေ။ ထို့ပြင် ထိုဆိုင်များသည် လင်းယွမ် တိုက်ခန်းဝင်း၏အဝင်ဝတွင် ရှိနေပြီး ဆိုင်တန်းအဝင်၌ ဆိုင်းဘုတ်အကြီးကြီးတစ်ခု ရှိနေသောကြောင့် ဖြစ်ချေသည်။
ယောင်ရန်က ဓာတ်မီးဖြင့် ခဏမျှ ရှာကြည့်ရာ ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရလေသည်။ ကံကောင်း ထောက်မစွာဖြင့် ဆိုင်းဘုတ်၏ အစိတ်အပိုင်းအချို့မှာ ရေမျက်နှာပြင်ပေါ်တွင် ကျန်နေသေးသော ကြောင့်သာ ယောင်ရန် ရှာတွေ့နိုင်ခြင်း ဖြစ်ပေသည်။
သူမက ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"လုံယု.. ဟိုမှာ မုန့်ဆိုင်တန်း အဝင်ဝပဲ…။"
ယောင်ရန်က ဓာတ်မီးဖြင့် လမ်းပြပေးပြီး လုံယုက သူမလမ်းညွှန်ပြသည့်အတိုင်း မောင်းလာရာ ဆိုင်းဘုတ်ရှိသည့်နေရာသို့ မကြာမီပင် ရောက်ရှိသွားခဲ့ကြလေသည်။
လုံယုက စက်လှေကို ဆိုင်းဘုတ်တွင် ချည်နှောင်နေစဉ် ယောင်ရန်က ရေငုပ်မျက်မှန်နှင့် ရေစိုခံခေါင်းစွပ်
ဓါတ်မီးတို့ကို ထုတ်လိုက်လေသည်။
ရေမှာ ဆယ်မီတာကျော် နက်သဖြင့် တံခါးနှင့် ပြတင်းပေါက်များကို တွန်းဖွင့်ရန်မှာ အချိန်နှင့် ခွန်အား များစွာ ကုန်ပေလိမ့်မည်။ ယောင်ရန်၏ အသက်အောင့်ထားနိုင်စွမ်းမှာလည်း ထိုမျှမကြာနိုင်ပေ။ သူမ၏ နေရာလွတ်ထဲတွင် ရေငုပ်အောက်ဆီဂျင်ဘူးများစွာ ရှိသော်လည်း ယခုအချိန်တွင် ထုတ်သုံး၍ မရနိုင် သေးပေ။
ဤသည်မှာ အခြားသူများနှင့် အတူတူလုပ်ဆောင်ခြင်း၏ အဆင်မပြေမှုပင် ဖြစ်သည်။ သူမတွင် ရှိသမျှကို လွတ်လပ်စွာ သုံးစွဲ၍မရဘဲ ပစ္စည်းများ မည်သို့ရလာသည်ကို ခိုင်လုံသော အကြောင်းပြချက် ရှာနေရပေသည်။
သူမ စဉ်းစားနေစဉ်မှာပင် ဟွမ်ချန်က ပြောလာခဲ့သည်။
"ယောင်ရန်…. အဲ့ဒီ ရေငုပ်မျက်မှန်နဲ့ ဓါတ်မီး ငါ့ကို ခဏလောက် ငှားပေးပါလား။ ငါက ရေကူးကျွမ်းကျင် တော့ ငါသွားတာ ပိုအဆင်ပြေမယ်ထင်တယ်…။"
လုံယုက ယောင်ရန်၏ ရေငုပ်မျက်မှန်နှင့် ဓါတ်မီးကို ယူလိုက်ပြီး အခြားသူများကို ကြည့်ကာ မှာ လိုက်လေသည်။
"ငါပဲ သွားလိုက်မယ်။ မင်းတို့က ဒီမှာပဲနေပြီး စက်လှေကို စောင့်နေကြ…။"
သူက ထိုသို့ပြောလိုက်သဖြင့် ရှီရွှမ်းနှင့် ဟွမ်ချန်တို့လည်း သဘောတူလိုက်ကြရလေသည်။
"ဟုတ်ကဲ့ ခေါင်းဆာင်…။"
လုံယု ရေထဲမငုပ်မီ ယောင်ရန်က သူ့ကို တားကာ ကြိုးတစ်ချောင်းကို ကမ်းပေးလိုက်လေသည်။
"ဒါကို ခါးမှာ ချည်ထားလိုက်ပါ။ အောက်မှာ တစ်ခုခု အခက်အခဲရှိရင် ကြိုးကိုသာ ဆောင့်ဆွဲလိုက်၊ ကျွန်မတို့ အပေါ်ကနေ ဆွဲတင်ပေးမယ်….။" ဟု မှာလိုက်လေသည်။
လုံယုက ခေါင်းညိတ်ကာ ကြိုးကို ခါးတွင်ချည်ပြီး ရေထဲသို့ ငုပ်ဆင်းသွားလေတော့သည်။ သူ ရေထဲ ရောက် သွားသောအခါ ကျန်ရှိသူ (၃) ဦးမှာ လက်နက်များကို အသင့်ကိုင်ကာ တစ်စုံတစ်ယောက်က ချောင်းမြောင်း တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို သတိဖြင့် စောင့်ကြည့်နေခဲ့ကြ လေသည်။
ဟွမ်ချန်က အဝေးတစ်နေရာကို လက်ညှိုးထိုးပြကာ ထူးဆန်းစွာ မေးလိုက်လေသည်။
"ဟိုမှာ ဘာကြီးလဲ…."
ယောင်ရန်နှင့် ရှီရွှမ်းတို့လည်း သူပြသည့်ဘက်ကို သေချာစိုက်ကြည့်လိုက်ကြသည်။ ရေမှာ နောက်ကျိ နေသဖြင့် ထိုအရာမှာ ဘာဖြစ်သည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုအရာက သူတို့ဆီသို့ တဖြည်းဖြည်း နီးကပ်လာသော်လည်း ဘာမှန်းတော့ မသိရသေးပေ။
ယောင်ရန်က သိချင်စိတ်ဖြင့် တက်ကိုယူကာ ထိုးကြည့်လိုက်လေသည်။ ထိုအရာ လှုပ်ရှားသွားပြီး ပုံစံ အမှန် ပေါ်လာသောအခါ သူတို့ မျက်နှာများပျက်သွားကြရပေသည်။ ၎င်းမှာ အလောင်းတစ်လောင်း ပင်ဖြစ်၏၊ ပုပ်ပွ ဖောယောင်နေသော အလောင်းကြီးပင်။
ပုပ်ပွနေသော အလောင်းကို ပထမဆုံးအကြိမ် မြင်ရသူတိုင်း ပျို့အန်ချင်စိတ် ပေါက်သွားပေလိမ့်မည်။ ၎င်းမှာ စက်ဆုပ်ဖွယ်ကောင်းပြီး ထိတ်လန့်စရာလည်း ကောင်းလှသည်။ သို့သော် ယောင်ရန်ကတော့ ယခင်ဘဝက ထိုကဲ့သို့သော အလောင်းများကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသဖြင့် ယခုအခါတွင် ရိုးအီနေပြီ ဖြစ်သည်။
ယောင်ရန်က မျက်နှာတစ်ချက်မပျက်ဘဲ တက်ဖြင့် ထိုအလောင်းကို တွန်းထုတ်လိုက်ပြီး ကြိုးကိုသာ ပြန်လည်အာရုံစိုက်နေလိုက်လေသည်။
သူမ၏ တည်ငြိမ်လှသော တုံ့ပြန်မှုကြောင့် ရှီရွှမ်းနှင့် ဟွမ်ချန်တို့ အံ့အားသင့်သွားကြပြီး အချင်းချင်း တိတ်တဆိတ် ကြည့်လိုက်ကြလေသည်။ သူတို့ မျက်လုံးချင်း စကားပြောနေကြစဉ် ယောင်ရန်က လက်ပတ် နာရီကို ကြည့်ကာ အချိန်မှတ်နေခဲ့လေသည်။
"တစ်မိနစ်... နှစ်မိနစ်... သုံးမိနစ်... "
ငါးမိနစ်အထိ သူမ ရေတွက်လိုက်သော်လည်း ကြိုးမှာ လှုပ်ရှားမှု မရှိသေးပေ။ ယောင်ရန် မျက်မှောင် ကြုတ်ကာ ကြိုးကို အကြိမ်အနည်းငယ် ဆွဲကြည့်သော်လည်း လုံယုဘက်မှ တုံ့ပြန်မှု မရှိပေ။ လုံယုကဲ့သို့ ကျွမ်းကျင်သူတစ်ဦးအတွက်ပင် ငါးမိနစ်ဆိုသည်မှာ အကန့်အသတ်တစ်ခုသို့ ရောက်နေပြီ ဖြစ်၏။
ယောင်ရန် နောက်ထပ် ရေငုပ်မျက်မှန်နှင့် ဓါတ်မီးတစ်စုံ ထုတ်ယူရန် ပြင်နေစဉ်မှာပင် ရေပွက်သံ ကြား လိုက်ရသည်။ လုံယု ရေပေါ်သို့ ပေါ်လာပြီး စက်လှေဆီသို့ ကူးလာလေသည်။ ရှီရွှမ်း၏ အကူအညီဖြင့် လှေပေါ်သို့ တက်လာပြီးနောက် ပြောလိုက်လေသည်။
"ငါ ဆိုင်အတော်များများကို စစ်ခဲ့ပြီးပြီ။ တံခါးတွေအားလုံး ဖျက်ဆီးခံထားရပြီး အထဲက ပစ္စည်းတွေ အကုန်လုံး ဘာမှမရှိတော့ဘူး…။"
ယောင်ရန် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်လေသည်။
*အကုန် မရှိတော့ဘူးတဲ့လား….။ဘယ်သူကများ ဒီလိုမျိုးလုပ်နိုင်တာလဲ…။*
ဟွမ်ချန်မှာ လုံယုစကားကြောင့် စိတ်ပျက်သွားကာ သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဂတ်စ်ကို ရှာမတွေ့ဘူးဆိုရင် ငါတို့မှာ ဆန်နဲ့ ဂျုံတွေရှိနေလည်း ချက်စားလို့ ရမှာမဟုတ်တော့ဘူး…။"
သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့သော်လည်း အခြားသူများက သူတို့ထက် ပိုမြန်နေခဲ့သည်။ ယောင်ရန် ခေါင်းငုံ့ကာ အတွေးလွန်နေခဲ့လေသည်။
မုန်တိုင်းက ကျွင်းချန်မြို့ထဲသို့ ဝင်လာပြီး နောက်တစ်နေ့မှာပင် ဤဆိုင်တန်းများ ရေမြုပ်သွားခြင်း ဖြစ် သည်။ ဆိုင်ရှင်အချို့က ပစ္စည်းအချို့ကို ရွှေ့နိုင်ခဲ့မည် ဆိုလျှင်ပင် ဆိုင်အားလုံးရှိ ပစ္စည်းအားလုံးကို ရွှေ့ပစ်ရန်မှာ မဖြစ်နိုင်ပေ။
ထိုအချိန်က မိုးသည် သည်းထန်စွာ ရွာသွန်းနေပြီး ရေစီးကလည်း သန်လှသည်၊ လျှပ်စီးများ၊ လေဆင်နှာ မောင်းများလည်း တိုက်ခတ်နေခဲ့သည်။ ကောင်းမွန်သော ရေငုပ်ပစ္စည်းများနှင့် ကျွမ်းကျင်မှု မရှိဘဲ ထို အရာမှာ မဖြစ်နိုင်ပေ။ တစ်ခုတော့ ဖြစ်နိုင်သည်... မုန်တိုင်းစတိုက်စဉ်ကတည်းက ဆိုင်တွေ အလုခံ လိုက်ရခြင်း ဖြစ်နိုင်ပေမည်။
ယောင်ရန် လုံယုကို မျက်လုံးပင့်ကာ ကြည့်လိုက်သည်။ သူသည် နေ့ရောညပါ တိုက်ခန်းဝင်းထဲမှ အမြဲ အပြင်ထွက်နေလေ့ရှိသည်ကို သူမ သတိရသွားခဲ့သည်။ ထိုစဉ်က သူ အပြင်မှာ ဘာတွေလုပ်နေသလဲ ဆိုသည်ကိုပင် သူမ သိချင်နေခဲ့သေးသည်ပင်။
သူမ မျက်လုံးကို အနည်းငယ် မှေးစိုက်ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောပေ။ သူမ စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း လောလောဆယ်တော့ ဘာမှမသိသလိုပင် နေရန် ဆုံးဖြတ်လိုက်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ယောင်ရန်က အခြားသူများကို ကြည့်ကာ အားပေးစကား ပြောလိုက်လေ သည်။
"အခုတော့ ဂတ်စ်အရောင်းဆိုင်မှာပဲ ကံစမ်းကြည့်ဖို့ ရှိတော့တယ်။ အဲ့ဒီမှာတော့ အလွတ်ဖြစ်မနေ သေးဖို့ မျှော်လင့်ရတာပဲ….။"