ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုအလား
Vol. 27 Ch. 371
အခန်း (၃၇၁) ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုအလား
အဓိကခန်းမဆောင်မှ ဇာမဏီမျိုးနွယ်များ ထွက်ခွာသွားတော့မှ လျိုကျင်းက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။
သူက…
"ဂိုဏ်းတူညီမလေးက ကျန်းလန်ကို သိပ်အထင်ကြီးနေတာလား"
မြောင်ယွဲ့က ပြုံးလိုက်၏။
ပြီးမှ သူမက ကြည်လင်ရှင်းလင်းပြီး သာယာလွန်းသည့်အသံဖြင့်…
"ဂိုဏ်းတူအစ်ကိုကလည်း… ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတုန်းက ကျန်းလန် လုပ်ပေးတဲ့ အစီအရင် မတွေ့ဖူးတာလဲ မဟုတ်ဘူး ၊ အဲဒီအစီအရင်ကို ရှင် ဘယ်လိုမြင်လဲဆိုတာ ပြောကြည့်လေ"
လျိုကျင်းက…
"သိပ်ကောင်းလွန်းတယ် ၊ နောက်ပိုင်းမျိုးဆက်မပြောနဲ့ ရှေ့ပိုင်းမျိုးဆက်တွေမှာတောင် သူ့လောက်တော်တဲ့သူ ခပ်ရှားရှားပဲ ၊ ဒါပေမဲ့…"
လျိုကျင်းက စိုးရိမ်ပူပန်ဟန်ဖြင့်…
"ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမအတွက် အစီအရင်တည်ဆောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့တာ မှန်ပေမယ့် သူနေတဲ့ ခြံဝင်းထဲမှာတော့ အဲဒီလို စွမ်းအားမြင့်မားတဲ့ အစီအရင်မျိုးတွေ ပြုလုပ်ထားပါ့မလား ၊ ပြီးတော့ ဝင်္ကပါအစီအရင်ဆိုတာကလည်း ဖျက်စီးရလွယ်တယ်လေ ၊ ကျုပ်တို့က စိန်ခေါ်ပွဲကို မနက်ဖန်လို့ သတ်မှတ်လိုက်တော့ ကျန်းလန်အနေနဲ့ အစီအရင်တွေကို ပြင်ဆင်ချိန် မရနိုင်တော့ဘူးပေါ့"
မြောင်ယွဲ့က လျိုကျင်းကို လှမ်းကြည့်လိုက်ပြီး…
"ဂိုဏ်းတူအစ်ကို… အခု အချိန်ရလား"
သူမက ဆက်ပြောသည်။
"ရှင် အချိန်ရရင် ကျန်းလန်ရဲ့ ခြံဝင်းထဲကို သွားကြည့်သင့်တယ် ၊ ရှင့်ရဲ့ တန်ခိုးစွမ်းအားကို အသုံးမပြုဘဲ ကျန်းလန်ရဲ့ မက်မွန်ဝင်္ကပါအစီအရင်ကို စမ်းသပ်ကြည့်နိုင်တယ်"
သူမက ခဏနားပြီးမှ…
"ဂိုဏ်းတူအစ်ကိုက ကျန်းလန်ကို ကောင်းကောင်းနားလည်မှာ မဟုတ်ဘူး ၊ သူက သိပ်ကို သတိရှိတဲ့လူတစ်ယောက်ဖြစ်လို့ သူ့ပတ်ဝန်းကျင်က မလုံခြုံဘူးဆိုရင် သူ့စိတ်ထဲမှာလည်း အဆင်ပြေမှာ မဟုတ်ဘူး ၊ သူက နဝမတောင်ထွတ်ရဲ့ စွမ်းအားအမြင့်မားဆုံး အစီအရင်ကို မရဏဂူရှေ့မှာ ပြုလုပ်ထားတယ် ၊ အဲဒီနေရာက သူ တံခါးပိတ်ကျင့်ကြံလေ့ရှိတဲ့ နေရာပဲ ၊ နောက်တစ်နေရာကတော့ သူ အမြဲတမ်းနေလေ့ရှိတဲ့ ခြံဝင်းပဲ ၊ အဲဒီနေရာတွေမှာ သူက အစီအရင်တွေကို အချိန်ပေးပြီး အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတယ်"
မြောင်ယွဲ့က ကျန်းလန်၏ ဆရာမဟုတ်သော်လည်း ကျန်းလန်ကို အတော်လေး နားလည်သူ ဖြစ်သည်။
ကျန်းလန်က လုံး၀ ရိုးရှင်းသူတစ်ယောက် မဟုတ်ပေ။ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့်တိုင် သူက စိတ်စွမ်းအားကောင်းကောင်းဖြင့် ခံစားချက်နှင့် အာရုံများကို ထိန်းသိမ်းထားနိုင်သူ ဖြစ်သည်။
အများအမြင်တွင်တော့ သူက ခွန်လွန်တောင်အတွက် အရေးပါသူတစ်ယောက် မဟုတ်ပေ။ သူ့ကို ခွန်လွန်တောင်က တန်ဖိုးထားနေခြင်းမှ ကျောက်စိမ်းရေကန်နတ်ဘုရားမကြောင့် ဖြစ်သည်။
ထို့ကြောင့် ပတ်ဝန်းကျင်တွင် သူ့ဂုဏ်သိက္ခာက မကောင်းသည်က အမှန်ပင်။ သို့သော် ထိုသို့ဖြစ်လာစေရန် ကျန်းလန်က တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လျိုကျင်းက…
"နေ့လည်လောက်ကျ ကျုပ်သွားကြည့်လိုက်မယ်"
မြောင်ယွဲ့က ခိုင်ခိုင်မာမာမရှိဘဲ စကားပြောတတ်သူ မဟုတ်ပေ။ သို့ကြောင့် သူလည်း တစ်ချက်လောက်သွားကြသည့်သင့်သည်။
ကျန်းလန်နေထိုင်ရာ ခြံဝင်းသို့ သွားရောက်ရန် မော့ကျန်းသုန့်ကို လမ်းပြပေးခိုင်းရပေလိမ့်မည်။
***
နေ့လည်ခင်းအချိန်…။
နဝမတောင်ထွတ်အစွန်းသို့ လျိုကျင်း ရောက်ရှိလာသည်။
မော့ကျန်းသုန့်က လျိုကျင်းကို ကြည့်လိုက်ရင်း…
"ဂိုဏ်းတူအစ်ကိုက ကျုပ်ကို လိုက်ပို့စေချင်တာလား"
လျိုကျင်းက…
"အင်းလေ ၊ ကျန်းလန်နေတဲ့ခြံဝင်းက သူ့ကိုယ်ပိုင်နေရာဆိုတော့ ဂိုဏ်းတူညီလေး လိုက်ပို့ပေးမှ ဖြစ်မှာပေါ့ ၊ ဒီအတိုင်း ကျုပ်ဝင်သွားလို့ ဘယ်သင့်တော်မှာလဲ"
သူရောက်လာရသည့်အကြောင်းရင်းက ကျန်းလန် ပြုလုပ်ထားသည့် မက်မွန်ဝင်္ကပါအစီအရင် မည်မျှအစွမ်းထက်ကြောင်း စမ်းသပ်ချင်သောကြောင့် ဖြစ်သည်။
မော့ကျန်းသုန့်က ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့်…
"ဂိုဏ်းတူအစ်ကို သိမှာမဟုတ်ဘူး"
"ကျုပ် ဝင်လိုက်တာနဲ့ အစီအရင်တွေက အလုပ်မလုပ်တော့ဘူး ၊ လောလောဆယ်မှာ ကျန်းလန်က တံခါးပိတ်ကျင့်ကြံနေတယ် ၊ ဒီတော့ မက်မွန်တောထဲ တစ်ယောက်တည်းဝင်သွားလည်း ပြဿနာမရှိပါဘူး ၊ သူနေတဲ့ ခြံဝင်းထဲ ဝင်မသွား ပြီးတာပဲလေ ၊ အခုက ကျောက်စိမ်းရေကန်နတ်ဘုရားမလည်း လာလည်မယ့်အချိန်မဟုတ်တော့ ဘယ်သူမှ ရှိမှာမဟုတ်ဘူး"
မော့ကျန်းသုန့်ကတော့ ကျန်းလန်၏ အစီအရင်များနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်နှစ်များစွာက အရှက်ကွဲပြီးပြီ ဖြစ်လေရာ ယခုတစ်ကြိမ် ဝင်မပါချင်တော့ပေ။
လျိုကျင်းက…
"ဒါဖြင့် ဂိုဏ်းတူညီလေး အထဲမဝင်ဘဲ အပြင်ကနေဘဲ စောင့်ကြည့်ပေးလေကွာ"
မော့ကျန်းသုန့် ခေါင်းညိတ်လိုက်သည်။
ခဏအကြာတွင်တော့…
ကျန်းလန်နေထိုင်သည့် ခြံဝင်းပတ်ပတ်လည်ရှိ မက်မွန်တောဆီသို့ သူတို့ ရောက်လာကြသည်။
"ဒီနေရာလေးက မဆိုးလှပါဘူး ၊ အတော်လေး သပ်သပ်ရပ်ရပ်နဲ့ လှသားပဲ"
လျိုကျင်းက ချီးကျူးလိုက်သည်။
မော့ကျန်းသုန့်က…
"ဂိုဏ်းတူအစ်ကို ၊ အထဲဝင်ပြီး စမ်းကြည့်လေ ၊ မင်းဆိုရင်တော့ ဝင်္ကပါထဲက ပြန်ထွက်လာဖို့ အခက်အခဲရှိမယ် မထင်ပါဘူး ၊ဒါပေမဲ့ တန်ခိုးစွမ်းအားတော့ အသုံးမပြုနဲ့နော် ၊အစီအရင် ပျက်စီးသွားလိမ့်မယ်"
ကျန်းလန်ပြုလုပ်ထားသည့် အစီအရင်များက အားနည်းပြီး ပျက်စီးလွယ်သည်မဟုတ်လေရာ တော်ရုံတန်ခိုးစွမ်းအားအသုံးပြုရုံမျှဖြင့် ပျက်စီးသွားမည် မဟုတ်ပေ။
သို့သော် လျိုကျင်းကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်က အစီအရင်ကို ချိုးဖျက်ပစ်မည်ဆိုလျှင်တော့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"ကျုပ်ရဲ့ အစီအရင်ပညာက ဂိုဏ်းတူညီမလေး မြောင်ယွဲ့လောက် မတော်ပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး"
လျိုကျင်းက ခေါင်းညိတ်လိုက်ရင်း မော့ကျန်းသုန့်သတိပေးသည်ကို နားလည်ဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် မက်မွန်တောထဲသို့ ဝင်ရောက်သွားလေတော့၏။
မော့ကျန်းသုန့်ကတော့ မက်မွန်တောအပြင်ဘက်တွင် မတ်တတ်ရပ်ရင်း ကျန်ရစ်ခဲ့သည်။
နေ့လည်ခင်အချိန်မှ ညနေခင်းအချိန်တိုင်ခဲ့ပြီ။
ထိုအချိန် ဓားကိုစီးနှင်ပျံသန်းလာသူတစ်ယောက် နဝမတောင်ထွတ်သို့ ရောက်ရှိလာပြီး မော့ကျန်းသုန့်ရှေ့တွင် ဆင်းသက်လိုက်သည်။
ကျိုးကျုန်းထျန်းပင် ဖြစ်၏။
သူက…
"ဂိုဏ်းတူအစ်ကိုလျိုကျင်းရော…"
မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…
"အထဲဝင်သွားပြီ"
"ဘယ်တုန်းကဝင်သွားတာလဲ"
"တော်တော်ကြာနေပြီ"
ကျိုးကျုန်းထျန်း ဆက်မမေးတော့ပေ။
သူက အစီအရင်ပညာအကြောင်း များများစားစားမသိသောကြောင့် အရှက်ကွဲခံပြီး မက်မွန်တောထဲသို့ မဝင်လိုပေ။ သူလုပ်နိုင်သည်က ဓားသိုင်းအသုံးပြုကာ အစီအရင်တစ်ခုလုံးကို ဖျက်စီးပစ်ခြင်းပင်။
အလင်းရောင်ပျောက်ကာ ညအမှောင်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ တောက်ပသည့်လရောင်က ကောင်းကင်ထက်သို့ မြင့်တက်လာ၏။
လရောင်က မက်မွန်တောထက်သို့ ဖြာကျလျှက် ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ လင်းထိန်စေသည်။
ကျိုးကျုန်းထျန်းက…
"ညပိုင်းရောင်လာတော့ အစီအရင်က ပိုပြီး အားကောင်းလာသလိုပဲ"
မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်တယ် ၊ နဝမတောင်ထွတ်ကို ကျူးကျော်မယ်ဆိုရင် ညဘက်က ဖြစ်နိုင်ခြေအရှိဆုံးပဲလေ ၊ ဒါကြောင့် ကျန်းလန်က ညဘက်မှာ အစီအရင်ကို ပိုအားကေင်းအောင် အသက်သွင်းထားလေ့ ရှိတယ်"
နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျန်းလန်ပြုလုပ်ထားသည့် အစီအရင်များနှင့်ပတ်သက်ပြီး အနည်းအကျဉ်းနားလည်ခဲ့သည်။
သူက အရေးမစိုက်ခဲ့ဘူးဆိုလျှင်တောင်မှ ဖြစ်ပျက်နေသည်များကို ကောင်စွာ သိရှိခဲ့သည်။
နဝမတောင်ထွတ်တွင် အစီအရင်များစွာ ရှိသည်။ သူသိရှိသည့် အစီအရင်များလည်း ရှိသလို သူမသိသည့်အရာများလည်း အများအပြားပင်။
ညသန်းခေါင်ယံအချိန်။
ကျိုးကျုန်းထျန်းက…
"အချိန်အတော်ကြာနေပြီ မဟုတ်လား ၊ ကျုပ်တို့ အထဲဝင်ကြည့်ရင် ကောင်းမလား"
မက်မွန်တောထဲဝင်ကာ လျိုကျင်းကို သွားခေါ်ရန် အချိန်တန်ပြီဖြစ်ကြောင်း မော့ကျန်းသုန့်လည်း နားလည်လိုက်သည်။
အစီအရင်အတွင်းသို့ ဝင်ရောက်ကြမည့် ဇာမဏီမျိုးနွယ်များက မနက်ဖန် ရောက်လာကြတော့မည် ဖြစ်သည်။
ကျိုးကျုန်းထျန်းက မော့ကျန်းသုန့်ကို ကြည့်လိုက်ရင်း…
"မင်း အထဲဝင်ဖို့ ကိုယ့်ကိုယ်ကိုယ်ရော ယုံကြည်မှု ရှိလို့လား"
မော့ကျန်းသုန့်က…
"စိတ်မပူစမ်းပါနဲ့…"
ဝင်္ကပါအစီအရင်တစ်ခုက သူ့ကို မည်သို့ တားဆီးနိုင်ပါမည်လဲ။ ထို့ပြင် နဝမတောင်ထွတ်တွင် သူ့ကို ပိတ်မိနေစေသည့် အစီအရင်များ မရှိပေ။
အစီအရင်များက သူ့ကို ထိခိုက်မှုမရှိစေရန် ကျန်းလန်က စီစဉ်ထားပြီးသား ဖြစ်သည်။ မော့ကျန်းသုန့် မက်မွန်တောထဲဝင်သွားသည်နှင့် ဝင်္ကပါအစီအရင်က သူ့အပေါ် သက်ရောက်မှု မရှိပေ။
ထိုအခါမှ ကျိုးကျုန်းထျန်းမှာလည်း စိတ်ထဲ သက်သောင့်သက်သာ ခံစားလိုကရသည်။ မဟုတ်ပါက မနက်ဖန် ဇာမဏီမျိုးနွယ်များရောက်လာသည့်အချိန် ဝင်္ကပါထဲတွင် ပိတ်မိနေသည့် တောင်သခင် (၃)ယောက်ကို တွေ့သွားပါက ခွန်လွန်တောင် အကြီးအကျယ် သိက္ခာကျမည်ပင်။
အချိန်အတန်ကြာပြီးနောက်…
အစီအရင်ထဲတွင် ပိတ်မိလျှက်သားဖြင့် ကောင်းကင်ထက်မှလမင်းကို မော့ကြည့်နေသည့် လျိုကျင်းကို မော့ကျန်းသုန့် တွေ့မြင်လိုက်ရသည်။
မော့ကျန်းသုန့်က…
"ဂိုဏ်းတူအစ်ကို ၊ အစီအရင်နဲ့ပတ်သက်လို့ ဘယ်လိုထင်လဲ"
"တကယ့်ကို မဆိုးဘူးပဲ"
လျိုကျင်းက မော့ကျန်းသုန့်နှင့် ကျိုးကျုန်းထျန်းကို လှည့်ကြည့်ရင်း ဆိုသည်။
သူက အစီအရင်ကို မချိုးဖျက်နိုင်ခြင်းကြောင့် ပိတ်မိနေခြင်း မဟုတ်ပေ။ အစီအရင်ကို ချိုးဖျက်ရန်အတွက် သူ၏အစီအရင်ပညာကို မည်သို့အသုံးပြုရမည်ကို မသိသောကြောင့် ပိတ်မိနေခြင်း ဖြစ်သည်။
ခဏနားပြီးနောက် လျိုကျင်းက…
"မင်းတပည့်လုပ်တာနဲ့ မင်းတော့ နဝမတောင်ထွတ်မှာ အတော်လေး အခက်တွေ့ခဲ့ပုံပဲ"
မော့ကျန်းသုန့် တိတ်ဆိတ်နေ၏။
ကျန်းလန်က သူ့ကို အစီအရင်များက သက်ရောက်မှုမရှိစေရန် ချိန်ညှိပေးထားသည်။ မဟုတ်လျှင်တော့ သူပိုင်ဆိုင်သည့် နဝမတောင်ထွတ်တွင် သူကိုယ်တိုင် လမ်းပျောက်လျှက် ခြေချစရာနေရာပင် ရှိတော့မည် မဟုတ်ပေ။
***
နံနက်ခင်းအချိန်။
ကျန်းလန် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး မရဏဂူအပြင်သို့ထွက်ရန် ဆုံးဖြတ်လိုက်သည်။
အများအမြင်တွင် ကျင့်ကြံခြင်းအဆင့်တက်ရန်မှာ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်တက်ခြင်းမဟုတ်သောကြောင့် သိပ်ပြီး အားထုတ်ကျင့်ကြံနေစရာ မလိုပေ။
ထို့ပြင် နတ်ဘုရားရာထူးနှင့်ပတ်သက်၍လည်း အပြောင်းအလဲများစွာ မရှိပေ။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင ်မည်သည့်အရာများဖြစ်ပျက်နေသည်ကိုသာ သူ လေ့လာရမည် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်ကို ချိန်ညှိပြီးသည့်နောက် ကျန်းလန် မတ်တတ်ထရပ်လိုက်သည်။ ငရဲတံခါးက ပုံမှန်အတိုင်းဖြစ်သွားပြီ ဖြစ်သောကြောင့် သူက သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲ ယူဆောင်ထားခဲ့သည်။
ယခုထိုအရာလေးများကို နေဆာလှုံပေးရန် ယူဆောင်လိုက်ပြီး ကျန်းလန် အပြင်သို့ ထွက်လာခဲ့သည်။
ဂူအပြင်ဘက်ရောက်သည်နှင့် အေးမြသည့်လေပြေကို ခံစားလိုက်ရသည့်အတွက် စိတ်ထဲတွင် သက်သောင့်သက်သာ ဖြစ်သွားသည်။
တိုက်ခတ်လာသည့်လေက နွေဦးလေပြေလေး ဖြစ်သည်။
"ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ"
အတွေးနှင့်အတူ ကျန်းလန် အရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။
"ဝင်္ကပါအစီအရင်မှာ အတက်အကျတွေ ဖြစ်နေပါလား ၊ ပြီးတော့ တစ်ခါမှမခံစားဖူးတဲ့ အငွေ့အသက်တွေလည်း ရှိနေတယ်"
မရဏဂူထဲတွင် တံခါးပိတ်ကျင့်ကြံခြင်းပြုလုပ်တိုင်း ကျန်းလန်က မရဏဂူပတ်ဝန်းကျင်တစ်ဝိုက်ရှိ အစီအရင်များကိုသာ အာရုံစိုက်လေ့ရှိသည်။
ခြံဝင်းတွင် ပြုလုပ်ထားသည့် အစီအရင်ကို အရေးစိုက်လေ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာက ရှောင်ယွိ မကြာခဏဝင်ထွက်သွားလာတတ်သောကြောင့် ဖြစ်၏။
သို့သော် ယခုတစ်ခေါက်တော့ အခြေအနေက မတူညီပေ။ ခြံဝင်းတွင် လူအတော်များများ ရှိနေပုံရသည်။
"လူတွေအများကြီးနဲ့များ ငါ့ကို ဝိုင်းရှာနေကြတာများလား"
ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
လောလောဆယ်တွင် သူ့ကို တိုက်ခိုက်ရန်ပြုမည့်သူတော့ တစ်ယောက်မှ မရှိပေ။ သို့ပေသိ သူက တန်ခိုးစွမ်းအားများကို ဖြည်းဖြည်းချင်း ထုတ်ဖော်လိုက်ပြီး ခြံဝင်းဆီသို့ လျှောက်လာခဲ့သည်။
တစ်ဖက်လူက ရန်သူဖြစ်နေလျှင် တတ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်ပစ်ရမည် မဟုတ်ပါလား။
သို့သော် မကြာခင်မှာပင် သူ အံ့အားသင့်သွားရသည်။ ခြံဝင်အနီးသို့ ရောက်လာသည့်အခါ မက်မွန်တောအပြင်ဘက်တွင် လူအုပ်တစ်အုပ်ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
“…”
ထိုလူအုပ်စုမှာ အခြားသူများမဟုတ်ပေ။ တောင်ထွတ်အသီးသီးမှ ခွန်လွန်တပည့်များ ဖြစ်ကြသည်။
"ဘာလဲ... ဘာဖြစ်သွားတာလဲ…"
ဆရာဖြစ်သူကတော့ သူ့ကို မည်သည့်သတင်းမှ မပို့ပေ။
ကျန်းလန် သိချင်စိတ်ဖြင့် လူအုပ်အနားသို့ ချဉ်းကပ်သွားပြီး ဘာဖြစ်နေသည်ကို ကြည့်လိုက်သည်။
ချက်ချင်းပင် မူလဝိညာဉ်အဆင့် တပည့်တစ်ယောက် သူ့အနားသို့ ရောက်လာပြီး အခြေအနေကို မေးမြန်းလိုက်သည်။
"ဂိုဏ်းတူအစ်ကို … အခု အခြေအနေဘယ်လိုရှိလဲ"
ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…
"ကျုပ်က အခုမှရောက်တာဗျ ၊ ဂိုဏ်းတူညီလေးရော ဒီမှာ ဘာတွေဖြစ်နေတာလဲ သိလား"
သူနေထိုင်သည့် အိမ်ခြံဝင်းသည် ယခုတော့ ဆွဲဆောင်မှုရှိသည့် နေရာတစ်ခုအလား လူပေါင်းများစွာ ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံနေရသည် မဟုတ်ပါလား။