အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း ( ၅၉ )
ဂတ်စ်အရောင်းဆိုင်
ဤနေရာအထိပင် ရောက်လာခဲ့ကြပြီဖြစ်သဖြင့် လက်ဗလာဖြင့် ပြန်လှည့်သွားရန် အကြောင်းမရှိပေ။ သူတို့ ဂတ်စ်အရောင်းဆိုင်မှာ ကံစမ်းကြည့်ရန်သာ ရှိလေတော့သည်။
ယောင်ရန်သည် ရေစိုခံပလတ်စတစ်အိတ်ထဲ ထည့်ထားသော သူမ၏ဖုန်းကို ကျောပိုးအိတ်ထဲမှ ထုတ် လိုက်ပြီး အရင်က ဒေါင်းလုဒ်ဆွဲထားသည့် အော့ဖ်လိုင်း မြေပုံကို ဖွင့်လိုက်လေသည်။
သူမက အခြားသူများကို ပြသရင်း ပြောလိုက်သည်။
"အနီးဆုံး ဂတ်စ်အရောင်းဆိုင်က ဒီမှာရှိတာ။ ငါးကီလိုမီတာ ဒါမှမဟုတ် ခြောက်ကီလိုမီတာလောက် ဝေးတယ်။ ဆိုင်ရှေ့မှာ အမှတ်အသားအဖြစ် သတ်မှတ်လို့ရနိုင်တဲ့ ညောင်ပင်ကြီး တစ်ပင်လည်း ရှိ တယ်…။"
ဂတ်စ်ဆိုင်သည် အလွန်အမင်း ဝေးကွာလှသည်မဟုတ်သော်လည်း လူသူဝေးသော နေရာတွင် ရှိလေ သည်။ ထိုသို့သော နေရာမျိုးဖြစ်သောကြောင့်လည်း ဂတ်စ်အိုးအချို့ ကျန်ရှိနေနိုင်သေးသည်ဟု မျှော်လင့်မိခြင်းပင်။ တည်နေရာကို သိရှိပြီးနောက် လုံယုက စက်လှေကို ဂတ်စ်ဆိုင်ရှိရာသို့ မောင်းနှင် သွားလိုက်လေသည်။
ကျွင်းချန်မြို့ ဆင်ခြေဖုံးရပ်ကွက်များသည် ဘန်ဂလိုများဖြင့် ပြည့်နှက်နေပေသည်။ ယခုအခါ ရေအောက်သို့ရောက်သွားသဖြင့် ထိုဒေသမှာ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးသဖွယ် ဖြစ်နေတော့၏။
လမ်းတွင် ပိတ်မိနေသူများကို ကယ်ဆယ်နေသည့် မီးသတ်သမား အဖွဲ့အချို့နှင့် ဆုံခဲ့လေသည်။ လုံယု၏ စက်လှေကို မြင်သောအခါ မီးသတ်သမားတစ်ဦးက အသံချဲ့စက်ကို အမြန်ကိုင်ကာ လှမ်းခေါ်လိုက် သည်။
"ရဲဘော်... ကျွန်တော်တို့ကို ကူညီပါဦး…။"
သူတို့၏ ရည်ရွယ်ချက်က ရှင်းပေသည်။ စက်လှေကို အသုံးပြုပြီး ပိတ်မိနေသူများကို ရွှေ့ပြောင်းပေးစေ လိုခြင်းဖြစ်သည်။ ရုတ်တရက် ကျရောက်လာသော မိုးသည်းထန်မှုနှင့် ရေကြီးမှုတွင် ကယ်ဆယ်ရေး ပစ္စည်းကိရိယာများမှာ လုံလောက်ခြင်းမရှိပေ။
လုံယုသည် မီးသတ်သမားကို ဂရုမစိုက်ဘဲ မောင်းထွက်လာခဲ့လေသည်။ ထိုအခါ မီးသတ်သမားသည် အသံချဲ့စက်ကို ပြန်ချလိုက်ပြီး ပိတ်မိနေသူများကိုသာ ဆက်လက် ကယ်ထုတ်နေတော့သည်။ လူများကို ကယ်တင်ရန်က သူတို့တာဝန် ဖြစ်သော်လည်း အခြားသူများကိုတော့ အတင်းအကျပ် မခိုင်းစေနိုင်ပေ။
ရေကြီးနေသဖြင့် ကျွင်းချန်မြို့မှာ ပင်လယ်ပြင်ကြီးသဖွယ် ဖြစ်နေကာ လမ်းကြောင်းရှာဖွေရန် ခက်ခဲနေ ခဲ့ပေသည်။
ယောင်ရန်က ညကြည့်မှန်ပြောင်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ရေအောက်တွင် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ သူမက ဓာတ်မီးဖြင့် ထိုးပြကာ ပြောလိုက်လေသည်။
"ဟိုမှာ ညောင်ပင်ရဲ့ထိပ်ဖျား ဖြစ်ရမယ်….။"
ရှီရွှမ်းက ဓာတ်မီးရောင်ကျရာကို ကြည့်လိုက်သောအခါ အစိမ်းရောင် အရာတစ်ခုကို မြင်လိုက်ရသည်။ သူက ခေါင်းညိတ်ကာ ထောက်ခံလိုက်လေသည်။
"အေး... ညောင်ပင် ဖြစ်နိုင်တယ်….။"
ယောင်ရန်နှင့် ရှီရွှမ်း စကားပြောပြီးနောက် လုံယုသည် ရေအောက်မှ အရိပ်မည်းဆီသို့ မောင်းသွားလိုက် လေသည်။ အနားသို့ ရောက်သောအခါ သူက အရှိန်သတ်လိုက်ပြီး ညောင်ရွက်များကို မြင်လိုက်ရသည်။ ထိုမျှ မြင့်မားသော ညောင်ပင်ကြီးပင် ရေအောက်ထဲသို့ လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပြီ ဖြစ်၏။
လုံယုက စက်လှေကို သစ်ပင်တွင် ချည်နှောင်လိုက်ပြီး မြေပုံကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်လေ သည်။ ဂတ်စ်ဆိုင်၏ တည်နေရာကို အနီးစပ်ဆုံး မှတ်သားပြီးနောက် သူသည် ရေငုပ်မျက်မှန်နှင့် ခေါင်း စွပ်ဓါတ်မီးတို့ကို တပ်ဆင်ကာ ခါးတွင် ကြိုးချည်ပြီး ရေထဲသို့ ငုပ်ဆင်းသွားလိုက်လေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လုံယု ရေပေါ်ပြန်တက်လာပြီး၊
"ဆိုင်ကို ရှာတွေ့ပြီ၊ ဒါပေမဲ့ ဘာဂျာတံခါးနဲ့ သံပန်းတံခါးတွေ ပိတ်ထားတယ်။ ဟွမ်ချန်၊ ငါ့ကျောပိုးအိတ် ထဲက သံတူရွင်းကို ထုတ်ပေးပါဦး…။"
ထိုစကားကို ကြားသောအခါ ဟွမ်ချန်က လုံယု၏ အိတ်ကိုဖွင့်ကာ သံတူရွင်းကို ထုတ်ပေးလိုက်လေ သည်။ အိတ်ထဲရှိ ရေငုပ်မျက်မှန်နှင့် ကြိုးကို မြင်သောအခါ သူက ပြောလိုက်လေသည်။
"ကျွန်တော်လည်း ခေါင်းဆောင်နဲ့အတူ လိုက်ခဲ့မယ်…။"
ဟွမ်ချန်က ကြိုးကို သူ၏ခါးတွင် ချည်လိုက်ပြီး အခြားတစ်ဖက်ကို ရှီရွှမ်းအား ကမ်းပေးကာ သူတို့နှစ်ဦး ရေထဲသို့ ပြန်လည် ငုပ်ဆင်းသွားခဲ့ကြပြန်လေသည်။
ရေမှာ အေးစက်နေသဖြင့် ရေနက်ပိုင်းသို့ ရောက်သောအခါ ဟွမ်ချန်မှာ အနည်းငယ် တုန်ရီလာခဲ့သည်။ ရေစိမ်ခံဓါတ်မီးအလင်းရောင်ကို အသုံးပြုကာ သူတို့နှစ်ဦး ဂတ်စ်ဆိုင်ရှိရာသို့ ဖြည်းဖြည်းချင်း ကူးသွား ခဲ့ကြလေသည်။
ခဏမျှ ငုပ်ဆင်းပြီးနောက် ဂတ်စ်ဆိုင် အဝင်ဝသို့ ရောက်ရှိသွားခဲ့ကြသည်။ ဟွမ်ချန်က လုံယုကို အချက် ပြကာ သံတူရွင်းဖြင့် ဘာဂျာတံခါးကို တွန်းဖွင့်ရန် ကြိုးစားသော်လည်း ရေဖိအားက သူတို့အတွက် ပြင်းထန်လွန်းနေပေသည်။
လုံယုက ၎င်းကို သတိပြုမိသဖြင့် ကူးလာခဲ့လိုက်သည်။ သူတို့နှစ်ဦး ခဏမျှ ကြိုးစားပြီးနောက် ဘာဂျာ တံခါး ကို ဖျက်၍ဖွင့်နိုင်ခဲ့လေ၏။ ဘာဂျာတံခါး တဖြည်းဖြည်း ပွင့်သွားသောအခါ အတွင်းမှ သံပန်း တံခါးကို မြင်လိုက်ရလေသည်။
လုံယုက ခါးမှ သံဖြတ်ညှပ်ကို ထုတ်ကာ တံခါးရှိ သံကြိုးကို ဖြတ်လိုက်ပြီး ဟွမ်ချန်၏ အကူအညီဖြင့် တံခါးကို ဖွင့်လိုက်လေသည်။
ဆိုင်အတွင်းတွင် မှောင်မည်းနေသည်။ သူတို့ သေချာစွာ မကြည့်ရသေးခင်မှာပင် တစ်ခုခုက ရုတ်တရက် ပြေးထွက်လာခဲ့လေသည်။ လုံယုက ဟွမ်ချန်ကို အမြန်တွန်းထုတ်လိုက်သဖြင့် အရိပ်မည်းနှင့် မထိဘဲ သီသီလေး လွတ်သွားခဲ့လေသည်။ သူတို့ ပြန်ကြည့်လိုက်စဉ် နောက်ထပ် အရိပ်တစ်ခု ထပ်ထွက်လာ ပြန်လေသည်။
အန္တရာယ်ရှိသည်ဟု ခံစားမိသဖြင့် လုံယုနှင့် ဟွမ်ချန်တို့သည် အတွင်းမှ ဘာမှ ထပ်ထွက်မလာတော့ သည့်တိုင် သံတံခါးနားတွင် ပုန်းနေလိုက်ကြလေသည်။ နောက်ဆုံး အရိပ်မည်းက ရေမျက်နှာပြင်ပေါ်သို့ တက်သွားသောအခါမှ ထိုအရာမှာ ဂတ်စ်အိုးအလွတ် ဖြစ်နေကြောင်း လုံယု သိလိုက်ရလေသည်။
ထိုအိုးများမှာ ရေပေါ်တက်သွားသဖြင့် အလွတ်များ ဖြစ်ရပေမည်။ ဂတ်စ်အရည်များမှာ သိပ်သည်းဆ မြင့်မားသဖြင့် ဂတ်စ်အပြည့်ပါသော အိုးများမှာ ရေအောက်တွင် နစ်မြုပ်နေသင့်သည်ပင်။
လုံယုက ဟွမ်ချန်ကို ခေါင်းညိတ်ပြလိုက်သည်။ သူတို့ ဂတ်စ်ဆိုင်အတွင်း ရှာဖွေကြည့်ရာ အခန်းထောင့် တွင် တုံးလုံးလဲနေသော ဂတ်စ်အိုးအချို့ကို တွေ့လိုက်ရလေသည်။ ဟွမ်ချန်က ကူးသွားပြီး အိုးတစ်လုံး ကို မကြည့်ရာ ပုံမှန်ထက် ပိုလေးနေသည်ကို တွေ့လိုက်ရပေသည်။
သို့သော် ဤအလေးချိန်မှာ သူနှင့် လုံယုအတွက် ဘာမှမဟုတ်ပေ။ ကြိုးကို ဆောင့်ဆွဲကာ အချက်ပြပြီး နောက် သူတို့နှစ်ဦးမှာ ဂတ်စ်အိုး တစ်ဖက်တစ်လုံးစီကို ကိုင်ဆောင်ထားလိုက်ကြလေသည်။
စက်လှေပေါ်တွင်ရှိသော ယောင်ရန်က လှုပ်ရှားမှုကို ခံစားမိသဖြင့် ရှီရွှမ်းကို ပြောလိုက်လေသည်။
"သူတို့ကို ဆွဲတင်လိုက်တော့….။"
သူတို့နှစ်ဦး ကြိုးကို အမြန်ဆွဲတင်လိုက်ရာ မကြာမီမှာပင် လုံယုနှင့် ဟွမ်ချန်တို့ ရေပေါ်ပေါ်လာခဲ့ကြ သည်။ သူတို့ စက်လှေဆီသို့ ကူးလာကြပြီး လေးဦးသား ဝိုင်းဝန်းကာ လေးလံသော ဂတ်စ်အိုးများကို စက်လှေ ပေါ်သို့ တင်လိုက်ကြလေေသည်။
စက်လှေပေါ်တွင် နေရာလွတ် အတော်များများ ကျန်သေးသည်ကို မြင်သောအခါ လုံယုက ပြောလိုက် လေသည်။
"အောက်မှာ နောက်ထပ် အိုးတွေ ကျန်သေးတယ်၊ ငါတို့ ထပ်သွားယူလိုက်ဦးမယ်…။"
သူနှင့် ဟွမ်ချန်တို့ ခဏမျှနားပြီးနောက် အသက်ဝအောင်ရှုပြီး ရေထဲသို့ ထပ်မံငုပ်ဆင်းသွားလိုက်ကြ သည်။ ယောင်ရန်က ရေမျက်နှာပြင်ကို အာရုံစိုက်နေစဉ် ရှီရွှမ်းက ညကြည့်မှန်ပြောင်းဖြင့် ပတ်ဝန်းကျင် ကို အကဲခတ်နေခဲ့လေသည်။
သိပ်မကြာမီမှာပင် သူက ရုတ်တရက် သတိပေးလိုက်သည်။
"တစ်ယောက်ယောက် လာနေပြီ…။"
ယောင်ရန် ကြည့်လိုက်သောအခါ မိုးသည်းထဲတွင် စက်လှေတစ်စီး အရှိန်ဖြင့် ချဉ်းကပ်လာသည်ကို မြင် လိုက်ရသည်။ သေသေချာချာ မမြင်ရသော်လည်း အနည်းဆုံး လူငါးဦးခန့် ပါလာနိုင်ပေသည်။
သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"လူဘယ်နှစ်ယောက်လောက် ရှိလဲ…..။"
အခန်း ( ၆၀ )
လုယက်မှု
ရှီရွှမ်းက အကဲခတ်ကာ ရေတွက်လိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။
"လူခြောက်ယောက်ပဲ။ သုံးယောက်က သံပိုက်လုံးတွေ ကိုင်ထားတယ်၊ ကျန်တဲ့လူတွေကတော့ ဓား တွေနဲ့…။"
ရှီရွှမ်းက တိုက်ပွဲအတွက် ပြင်ဆင်နေစဉ် ယောင်ရန်က ရေထဲရှိလူများကို အချက်ပေးရန် ကြိုးကို ခပ် ပြင်းပြင်း အကြိမ်အနည်းငယ် ဆွဲလိုက်လေသည်။
မကြာမီမှာပင် လုံယုနှင့် ဟွမ်ချန်တို့သည် ဂတ်စ်အိုး လေးအိုးနှင့်အတူ ရေပေါ်သို့ တက်လာခဲ့ကြသည်။ သူတို့ ဂတ်စ်အိုးများကို စက်လှေပေါ်သို့ တင်နေစဉ်မှာပင် နောက်ထပ် စက်လှေတစ်စီးသည် သူတို့နှင့် မီတာအနည်းငယ်အကွာတွင် ရပ်လာခဲ့လေသည်။
လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော ဗလကောင်းကောင်း လူခြောက်ယောက်သည် သူတို့ကို စိုက်ကြည့်နေကြလေသည်။ သူတို့၏ အကြည့်များက ယောင်ရန်၏ မျက်နှာပေါ်သို့ ရောက်သွား သောအခါ မျက်လုံးများ အရောင်တောက်သွားကြလေတော့သည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာပုံရသော မိန်းမလှလေးတစ်ဦးကို တွေ့ရခဲ လှသည်ပင်။ ဒီနေ့တော့ သူတို့အတွက် ကံကောင်းသည့်နေ့ပင်။ ညစ်ပတ်ပြီး ပိန်လှီနေသော မိန်းမများကို သာ မြင်တွေ့နေရရာမှ ယခုတော့ ဤကဲ့သို့သောအလှလေးကို မြည်းစမ်းခွင့်ရတော့မည် မဟုတ်ပါလား။
ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှေ့သို့တက်လာပြီး ရင့်သီးစွာ ပြော လိုက်သည်။
ေ
"ဒီဂတ်စ်ဆိုင်ကို ငါတို့ သိမ်းလိုက်ပြီ။ မင်းတို့ နားလည်ရင် ရှာထားတဲ့ ပစ္စည်းတွေကို အကုန် အပ်လိုက် စမ်း…။"
သူပြောပြီးသည်နှင့် လူငယ်တစ်ဦးက သတိပေးလိုလေသည်။
"အစ်ကိုကြီး… ကျွန်တော်တို့မှာ ရေငုပ်မျက်မှန်နဲ့ ဓါတ်မီးတွေ မပါဘူးလေ…။"
ထိပ်ပြောင်ပြောင်နှင့်လူက တဟားဟား ရယ်မောရင်း လုံယုတို့ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေ သည်။
"ဒါက လွယ်လွယ်လေးပဲလေ။ သူတို့ကိုပဲ ရေထဲကနေ ငါတို့အတွက် ဂတ်စ်အိုးတွေ ဆယ်ခိုင်းလိုက် ယုံပေါ့….။"
ထို့နောက် သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်မံပြောဆိုလိုက်လေသည်။
"အော်... ဒါနဲ့ စက်လှေရယ် ရိက္ခာတွေနဲ့ ဟို အလှလေးကိုတော့ ထားခဲ့ရမယ်နော်။ ဒါဆိုရင်တော့ မင်း တို့ကို အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်….။"
ယောင်ရန်က သူတို့ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။ ဤလူများမှာ အလွန်ရိုင်းစိုင်းပြီး ကိုယ့် ကိုကိုယ် ယုံကြည်မှု လွန်ကဲနေကြပေသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ခုသော လူမိုက်ဂိုဏ်းဝင်များ ဖြစ်ပုံရပေသည်။
စည်းကမ်းနှင့် ဥပဒေများ ပျက်ပြားနေသော လူ့အဖွဲ့အစည်းတွင် လူမိုက်နှင့် ရာဇဝတ်ကောင်များ၏ ကမ္ဘာဖြစ်လာတော့သည်။ ထိုကဲ့သို့သော လောကတွင် ခွန်အားသည်သာ အရာရာကို ဆုံးဖြတ်သည်ပင်။
ထိုလူ ခြောက်ယောက်မှာ ယောင်ရန်တို့ ဘာတွေးနေသည်လဲဆိုခြင်းကို ဂရုမစိုက်ကြပေ။ သူတို့သည် အရာအားလုံးကို လက်ထဲ ရောက်နေပြီဟု မှတ်ယူကာ ရယ်မောနောက်ပြောင်နေကြလေသည်။
ယောင်ရန်သည် ကျန်သုံးဦးနှင့် မျက်လုံးချင်း အချက်ပြလိုက်ပြီး လက်နက်များကို အသင့်ပြင်လိုက် လေ သည်။ ထို့နောက် သူမက ခပ်ပြုံးပြုံးဖြင့်ပင် စိန်ခေါ်လိုက်လေ၏။
"ကောင်းပြီလေ… ရှင်တို့ကိုယ်တိုင် လာယူကြည့်ကြပေါ့…။"
သူမ၏ ကြည်လင်သော အသံကို ကြားလိုက်ရသောအခါ ထိပ်ပြောင်ကြီးနှင့် လူမိုက်များမှာ ရင်ထဲ တလှပ်လှပ်ဖြစ်သွားကာ သူမကို အမြန်ဆုံး အပိုင်စီးချင်စိတ်များ တဖွါးဖွါးဖြစ်လာခဲ့လေသည်။
ထိပ်ပြောင်ကြီးက လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ စိတ်မရှည်စွာဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
"အလှလေးရေ... အစ်ကိုကြီး လာပြီဟေ့….။"
လူမိုက်တစ်ဦးက စက်လှေကို လုံယုတို့ လှေရှိရာသို့ ဖြည်းဖြည်းချင်း မောင်းလာစဉ် ကျန်လူများက ယောင်ရန်ကို သားကောင်ကို ကြည့်နေသည့် ဆာလောင်နေသော ဝံပုလွေများကဲ့သို့ စိုက်ကြည့်နေ ကြလေသည်။
အကွာအဝေးမှာ နှစ်မီတာပင် မပြည့်တော့သည့် အချိန်တွင် ယောင်ရန်သည် တည်ငြိမ်စွာဖြင့် သံမှိုပစ် သေနတ်ကို မြှောက်ကာ ထိပ်ပြောင်ကြီး၏ နဖူးတည့်တည့်သို့ ပစ်ထည့်လိုက်လေတော့သည်။
"ဖောက်.."
"ဝုန်း…."
စက္ကန့်ပိုင်းအတွင်းမှာပင် ထိပ်ပြောင်ကြီးသည် နဖူးမှ သွေးများ ပန်းထွက်လျက် လှေဝမ်းထဲသို့ ပြုတ်ကျ သွားခဲ့လေသည်။ သူ နောက်ဆုံးထွက်သက် ရှူထုတ်လိုက်ရချိန်တွင် သူ၏မျက်လုံးများမှာ နားမလည် နိုင်မှု၊ မကျေနပ်မှုများဖြင့် ပြူးကျယ်နေဆဲပင်။
ဤမြင်ကွင်းကြောင့် ကျန်လူများမှာ ဆွံ့အသွားကြသည်။ သူတို့ တုံ့ပြန်ရန် အချိန်မရနိုင်ခင်မှာပင် လုံယု၊ ရှီရွှမ်း နှင့် ဟွမ်ချန်တို့သည် ထိုလူမိုက်များ၏ စက်လှေပေါ်သို့ ခုန်ကူးလိုက်ကြလေသည်။
"ရွှပ်… ရွှပ်…ရွှပ်…"
စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်ရှိနေသော လူငါးဦးစလုံးကို သူတို့ သုံးဦးက သတ်ဖြတ်လိုက်ကြလေသည်။ အားလုံး၏ လည်ပင်းတွင် ဓားဒဏ်ရာ အသီးသီး ဖြင့်သေဆုံးသွားခဲ့ကြလေတော့သည်။
"ဗွမ်း… ဗွမ်း… ဗွမ်း…"
တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြသည့်တိုင် ထိုလူမိုက်များမှာ သူတို့ ဘာဖြစ်သွားသည်ကို နားမလည်နိုင် လိုက်ကြပေ။ သူတို့ နောက်ဆုံးမြင်လိုက်ရသည်မှာ လုံယုနှင့် သူ၏ ညီအစ်ကို နှစ်ဦးက သူတို့ကို အေးစက်စွာ ငုံ့ကြည့်နေသည့် ပုံရိပ်များပင် ဖြစ်ချေသည်။
လူတစ်စုကို ခဏချင်းအတွင်း အားစိုက်စရာမလိုဘဲ သတ်ဖြတ်လိုက်သည်ကို ယောင်ရန်က စဉ်းစား စရာတစ်ခုအဖြစ် ကြည့်နေမိသည်။ သူမ သူတို့ကို ခဏမျှ စိုက်ကြည့်ပြီးနောက် အကြည့်လွှဲကာ စက်လှေကို ထိုလှေအနားသို့ မောင်းသွားခဲ့လိုက်သည်။
သူမသည် ဟိုဘက်လှေပေါ်သို့ ကူးကာ အခြေအနေကို စစ်ဆေးနေစဉ် လုံယု၊ ရှီရွှမ်းနှင့် ဟွမ်ချန်တို့က အလောင်းခြောက်လောင်းကို ရေထဲသို့ ပစ်ချလိုက်ကြလေသည်။ အားလုံးပြီးသွားသောအခါ ယောင်ရန် က သူတို့ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
လုံယုက သူမဘက် လှည့်ကြည့်ပြီး၊
"ဘာဖြစ်လို့လဲ…။"
"ဒီလူတွေ သူတို့စခန်းကနေ အခုမှ ထွက်လာတာ ဖြစ်ရမယ်။ ဒီမှာ သောက်ရေသန့် အနည်းငယ်ပဲ ရှိတယ်….။" ဟု ပြန်ပြောကာ သောက်ရေသန့်ဘူးများကို လုံယုထံ ကမ်းပေးလိုက်လေသည်။
"ခေါင်းဆောင် ဒီစက်လှေက အခြေအနေ ကောင်းသေးတယ်။ ကျွန်တော်တို့ ယူသွားလို့ရတယ်…။" ဟု အင်ဂျင်ကို စစ်ဆေးပြီးနောက် ရှီရွှမ်းက ပြောလိုက်လေသည်။
လုံယုက ခေါင်းညိတ်ကာ
"ကောင်းပြီ… မင်း နောက်ကနေ ဒါကို မောင်းပြန်ခဲ့။ ငါနဲ့ ဟွမ်ချန်က ဂတ်စ်ဆိုင်ထဲ ပြန်ဝင်ဦးမယ်။ အထဲမှာ ဂတ်စ်အိုးတွေ ကျန်သေးတယ်…။"
"ဟုတ်ကဲ့…"
ခဏမျှ နားပြီးနောက် လုံယုနှင့် ဟွမ်ချန်တို့ ရေထဲသို့ ပြန်ငုပ်ခဲ့ကြလေသည်။ အချိန်မဖြုန်းတော့ဘဲ ဂတ်စ်ဆိုင် ထဲရှိ ဂတ်စ်အိုးအားလုံးကို အပြင်သို့ ထုတ်ယူခဲ့ကြလေသည်။
လုံယုနှင့် ဟွမ်ချန်က ရေအောက်မှ မတင်ပေးပြီး ယောင်ရန်နှင့် ရှီရွှမ်းတို့က အပေါ်မှ ဆွဲတင်ကြသည်။ လေးဦးသား မိုးသည်းထဲတွင် အပင်ပန်းခံကာ ဝိုင်းဝန်း လုပ်ကိုင်နေခဲ့ကြလေသည်။
ဒီနေ့တော့ သူတို့ ကံကောင်းလှသည်။ ဂတ်စ်အိုး (၂၈) အိုးကို ရှာတွေ့ခဲ့လေသည်။ အညီအမျှ ခွဲဝေမည်ဆို ပါက လပေါင်းများစွာ သုံးစွဲရန် လုံလောက်ပေသည်။ မပြန်မီတွင် လုံယုသည် ဆိုင်ထဲသို့ နောက်ဆုံး တစ်ခေါက် ထပ်ဝင်ကာ ဂတ်စ်မီးဖို အသေးအချို့ကိုလည်း ယူဆောင်လာခဲ့လေသည်။
သူသည် စက်လှေပေါ်တွင် နားရင်း ရှီရွှမ်းကို ပြောလိုက်သည်။
"ရှီရွှမ်း၊ ဒီမီးဖိုတွေကို နောက်မှ စစ်ကြည့်ပေးပါဦး။ ပြင်လို့ရဦးမလားလို့….။"
ရှီရွှမ်းက ခေါင်းညိတ်ပြီး
"ဟုတ်ကဲ့.. ရပါတယ်…။"
ဂတ်စ်အိုးများမှာ ကြီးမားပြီး လေးလံလှရာ စက်လှေနှစ်စီးစလုံး အပြည့်ဖြစ်နေခဲ့သည်။ လှေအနည်းငယ် လှုပ်ရှားရုံဖြင့် ဂတ်စ်အိုးများ ယိမ်းထိုးနေသည်ကို မြင်သောကြောင့် ယောင်ရန်က ကြိုးများဖြင့် သေချာ ချည်နှောင်ထားလိုက်လေသည်။
ဂတ်စ်အိုးအားလုံးကို မြဲမြံအောင် လုပ်ပြီးနောက် သူမသည် ကျောပိုးအိတ်ထဲသို့ လက်နှိုက်ကာ နေရာလွတ်ထဲမှ ချောကလက် လေးတုံးကို ထုတ်လိုက်လေသည်။ အားပြန်ပြည့်စေရန် အခြားသူများကို ဝေပေးလိုက်သည်။ အားအင်များ ပြန်လည် ပြည့်ဝလာသောအခါ ရှီရွှမ်းနှင့် ဟွမ်ချန်တို့သည် အခြား စက်လှေပေါ်သို့ ခုန်ကူးလိုက်ကြလေသည်။
လုံယုနှင့် ယောင်ရန်က ရှေ့စက်လှေမှ မောင်းနှင်ပြီး ရှီရွှမ်းနှင့် ဟွမ်ချန်တို့က နောက်ကစက်လှေဖြင့် လိုက်ပါလာခဲ့ကြသည်။ သူတို့သည် အဖွဲ့နှစ်ဖွဲ့ ခွဲကာ လင်းယွမ်တိုက်ခန်းဝင်းရှိရာသို့ ပြန်လာခဲ့ကြလေ သည်။
ရေထဲမှ ဂတ်စ်အိုးများကို ဆယ်ယူရသည်မှာ ခက်ခဲလှသော်လည်း ၎င်းတို့ကို ဘေးကင်းစွာ ပြန်လည် သယ်ဆောင်လာနိုင်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။ ဂတ်စ်အိုးများစွာ ပါလာသဖြင့် လူအများ၏ အာရုံ စိုက်မှုကို ခံရသည်မှာ သဘာဝပင်။
အပြန်လမ်းတွင် ရိက္ခာရှာနေကြသော အခြားသူများနှင့် ဆုံခဲ့သည်။ ထိုလူများသည် ဂတ်စ်အိုးများနှင့် စက်လှေနှစ်စီးကို မြင်သောအခါ မနာလို ဝန်တိုစိတ်များဖြင့် ကြည့်နေကြလေတော့သည်။