ပုံရိပ်ယောင်အစီအရင်
Vol. 27 Ch. 372
အခန်း (၃၇၂) ပုံရိပ်ယောင်အစီအရင်
ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။
ယနေ့ဘာတွေဖြစ်နေပါသနည်း။
သူ နေထိုင်သည့် အိမ်ခြံဝင်းက စွဲဆောင်မှုတစ်ခုခု ရှိနေသည့်အလား လူပေါင်းများစွာက ဝိုင်းဝန်းကြည့်ရှုနေကြသည်။ သူ့အိမ်ခြံဝင်းဟု အတိအကျမဆိုနိုင်သော်လည်း မက်မွန်တောလေးက သူ့ခြံဝင်းဆီသို့ ဦးတည်ရာနေရာ ဖြစ်သည်။
ထိုသူများက ဉာဏ်တော့ကောင်းကြသည်။ အပြင်မှသာ ကြည့်နေကြပြီး မက်မွန်တောထဲသို့ ဝင်ရောက်ခြင်း မရှိကြပေ။ မဟုတ်ပါက အထဲတွင် လမ်းပျောက်သွားမည် ဖြစ်၏။
သို့သော်…
မက်မွန်တောထဲတွင်လည်း လူများစွာ ရှိနေကြပြန်သည်။ ထိုသူများကတော့ ပြန်ထွက်လာရန် လွယ်ကူမည် မဟုတ်ပေ။
"ဂိုဏ်းတူအစ်ကိုက တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီး ဒီနေရာရောက်လာတာလား"
ဂိုဏ်းတူညီငယ်ချိုးကျီးက ကျန်းလန်ကို မေးမြန်းစပ်စုလိုက်သည်။
သူက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းနိုင်ခြင်းမရှိဘဲ သူ့ထက် အနည်းငယ်သာ အဆင့်မြင့်မားနိုင်သည်ဟု မှန်းဆထားသည်။
ကျန်းလန်ကလည်း မရှိမှုအာကာသအဆင့် တန်ခိုးစွမ်းအားများကို ထိန်းချုပ်ထားလေရာ တပည့်ငယ်များ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်သည်မှာ မဆန်းပေ။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်တယ် ၊ အခုပဲ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာ"
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလာချင်းပင် သူ့အိမ်အဝိုင်းခံနေရသည်ကို သိလိုက်ရသည်။ ထို့ကြောင့် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း အလွန်သိချင်နေမိ၏။
သို့သော် ဆရာဖြစ်သူက သူ့ကိုအကြောင်းမကြားသည်ကို ကြည့်ခြင်းအားဖြင့် ယခုကိစ္စက အန္တရယ်မရှိနိုင်ပေ။ သို့မဟုတ် ရှောင်ယွိက သူ့အိမ်ခြံဝင်းကို အကြီးအကျယ် ဖျက်စီးပစ်လိုက်သောကြောင့်များ လူမျာစွာ လာရောက်ကြည့်ရှုနေခြင်းများလား။
ရှောင်ယွိလက်ချက်ဖြစ်သည့်အတွက် ဆရာဖြစ်သူကလည်း သူ့ကို အကြောင်းမကြားခြင်းလေလား။
မက်မွန်တောပတ်ပတ်လည်တွင် လူပေါင်းများစွာ ရှိနေခြင်းက အရေးမကြီးပေ။ သူ့အိမ်ခြံဝင်းတစ်ခုခု ဖြစ်မည်က အရေးကြီးလေ၏။
ချိုးကျီးက သူ့ကို စကားပြောလာသည်။
"ဂိုဏ်းတူအစ်ကိုတစ်ယောက်ပြောတာတော့ ဒီနေရာမှာ ယှဉ်ပြိုင်ပွဲတစ်ခု ပြုလုပ်နေတာတဲ့ ၊ ဇာမဏီမျိုးနွယ်က တပည့်တွေက ကျုပ်တို့ ခွန်လွန်တောင်က တပည့်တွေထက် အစီအရင်ပညာ ပိုတော်လား မတော်ဘူးလားဆိုတာ ယှဉ်ပြိုင်တာတဲ့"
သူက ဆက်ပြောသည်။
"ပြီးတော့ နောက်ထပ်သတင်းကြားတာက ဒီ မက်မွန်ဝင်္ကပါအစီအရင်က နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို လုပ်ထားတာတဲ့ ၊ ယှဉ်ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် ဇာမဏီမျိုးနွယ်ဘက်က တပည့်တစ်ယောက်က မက်မွန်ပင်တစ်ပင်က ပန်းတစ်ပွင့်ခူးပြီး အပြင်ကို ပြန်ထွက်လာနိုင်ရမယ်တဲ့ဗျ ၊ သူတို့ထဲက တစ်ယောက်ယောက်က အဲဒီအလုပ်လုပ်နိုင်ပြီဆိုတာနဲ့ ယှဉ်ပြိုင်ပွဲအနိုင်ရပြီလို့ သတ်မှတ်မယ်ပြောတယ်"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတော့ အဖြစ်အပျက်များကို နားလည်သွားပြီ ဖြစ်သည်။
ဤယှဉ်ပြိုင်ပွဲမှာ သူ၏ အစီအရင်ပညာစွမ်းကို သိရှိနေသည့် ဆရာဒေါ်လေးမြောင်ယွဲ့၏ လက်ချက်ဖြစ်ပုံရသည်။
ဆရာဒေါ်လေးမြောင်ယွဲ့သည် ဆရာဖြစ်သူ၏ ဇနီးမဖြစ်ထိုက်ပေ။ သူမ၏ မျက်လုံးများက စူးရှပြီး အကြောင်းအရာများစွာကို သိမြင်နိုင်စွမ်း ရှိသည်။
လက်ရှိတွင် သူမက သူ့ကို မျက်စိကျနေသည်ဟု ကျန်းလန် ခံစားမိသည်။
ထို့ပြင် ဆရာဒေါ်လေးမြောင်ယွဲ့က "ကျန်းလန်က သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသည်မှာ တော်လွန်းသည်" ဟု ပြောခဲ့ဖူးသည်။
ဤသည်က သူမ၏ အမြင်စူးရှမှုပင် ဖြစ်သည်။ သို့သော် ကျန်းလန်အတွက် အန္တရယ် မရှိပေ။
ဆရာဒေါ်လေးမြောင်ယွဲ့အနေဖြင့် သူက မိုးကောင်းကင်အင်မော်တယ်အဆင့် ရောက်နေပြီကို ခန့်မှန်းမိရန် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူသာ မိုးကောင်းကင်အင်မော်တယ်ဆိုပါက သူ၏ကျင့်ကြံခြင်းအဆင့်နှင့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းသည့်အချိန်ကာလ ကိုက်ညီမှု မရှိသောကြောင့် ဖြစ်၏။
သူက သာမန်နယ်ပယ်ကို ကျော်လွန်ခဲ့ပြီး လူသားတစ်ယောက်နှင့် မတူညီစွာပင် အဆင့်တက်ခြင်းက လျှင်မြန်လွန်းလှသည်။
လုကျန်းက အံ့သြစရာပါရမီရှင်တစ်ယောက်ဖြစ်သလို ကဏ္ဍတိုင်းတွင်လည်း ထူးချွန်သူဖြစ်သည်။ လုကျန်း ခွန်လွန်တောင်ရောက်သည်မှာ နှစ်ပေါင်း (၁၀၀၀) ကျော်ပြီး ဖြစ်သည်။
နောက်ဆုံးတစ်ခေါက် လုကျန်းနှင့်ဆုံတွေ့စဉ်က အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ဖြစ်ပြီး ယခုဆိုလျှင် အစစ်အမှန်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိနေလောက်ပေပြီ။
လုကျန်းသည်ပင် ဤသို့သောအဆင့်ရောက်အောင် နှစ်ပေါင်း (၁၀၀၀) ကျော် ကျင့်ကြံရသည်ဖြစ်ရာ မိုးကောင်းကင်အင်မော်တယ်အဆင့်ဆိုလျှင်တော့ နှစ်ပေါင်း (၂၀၀၀)ခန့် အချိန်ယူရပေလိမ့်မည်။
ကျန်းလန်ကတော့…
ဂိုဏ်းထဲသို့ရောက်သည်မှာ နှစ်ပေါင်း (၅၁၀)သာ ရှိသေးသော်လည်း မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်လုနီးပြီ ဖြစ်၏။
နှစ်ပေါင်း (၇၀၀) မတိုင်ခင် တာ့လော်အင်မော်တယ် ဖြစ်လာနိုင်ရန် နီးစပ်သည်။
အရာအားလုံး ချောမွေ့နေမည်ဆိုလျှင် နှစ်ပေါင်း (၁၀၀၀) ဆိုလျှင် သူ၏အင်မော်တယ်လမ်း အဆုံးသတ်နိုင်ပေလိမ့်မည်။
တာအိုအင်မော်တယ်။
ဟုတ်ပေ၏။
ဤသည်က ကျန်းလန် အနာဂတ်အတွက် သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ သို့ပေမဲ့ တာအိုအင်မော်တယ် ဖြစ်လာရန်က လွယ်သည်တော့ မဟုတ်ပေ။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် တာ့လော်အင်မော်တယ်အဆင့်သို့ မတက်ရောက်နိုင်သေးလျှင် တာအိုအင်မော်တယ်က မည်မျှအလှမ်းဝေးမည်ကို မသိနိုင်ပေ။
"ဂိုဏ်းတူအစ်ကို ၊ ဒီ အစီအရင်နဲ့ပတ်သက်လို့ ဘယ်လိုထင်လဲ ၊ ဇာမဏီမျိုးနွယ်တွေ အထဲမှာ ပိတ်မိနေနိုင်မလား"
ချိုးကျီးက မေးခွန်းထုတ်၏။
ကျန်းလန်က မက်မွန်တောကို လှမ်းကြည့်လိုက်ရင်း…
"လောလောဆယ်မှာတော့ သူတို့အတွက် ဘာပြဿနာမှ မရှိနိုင်သေးဘူး ၊ ဒါပေမဲ့ သူတို့ရဲ့ အစီအရင်ပညာက ဘယ်လောက်မြင့်မားလဲဆိုတဲ့အပေါ်မူတည်တယ်"
ချိုးကျီးက…
"အထဲဝင်သွားတဲ့ ဇာမဏီမျိုးနွယ်တွေထဲမှာ အမြင့်ဆုံးအဆင့်က အစစ်အမှန်အင်မော်တယ်အဆင့်လို့ သတင်းကြားထားတယ် ၊ ဒါပေမဲ့ သူတို့ရဲ့ အစီအင်ပညာက ဘယ်လောက်မြင့်မားလဲဆိုတာတော့ မသိဘူး"
ကျန်းလန်က ခဏမျှစဉ်းစားလိုက်ရင်း…
"ဒါဆိုရင်… သူတို့ရဲ့ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကို အသုံးမပြုဘူးဆိုရင်တော့ အစီအရင်ကို ဖြတ်ကျော်နိုင်ဖို့ ခက်လိမ့်မယ်"
မက်မွန်ဝင်္ကပါအစီအရင်ကို နောက်ဆုံး ပြုပြင်ခဲ့စဉ်က ကျန်းလန်၏အဆင့်က မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည်။
ထိုအချိန်တွင် အစီအရင်နှင့်ပတ်သက်သည့် သူ၏အောင်မြင်မှုက သင့်တင့်လျောက်ပတ်သည်ဟု မှတ်ယူနိုင်သည်။
သို့ဖြစ်ရာ ဝင်္ကပါကို ဖြတ်ကျော်မည့်သူသည် မိုးကောင်းကင်အင်မော်တယ် ဖြစ်နေလင့်ကစား အစီအရင်ပညာအပေါ် အနည်းကျဉ်းသာ နားလည်မည်ဆိုလျှင် ကျော်ဖြတ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် အချို့သော အစီအရင်ပညာပါရမီရှင်များကိုတော့ ဖယ်ထုတ်ထား၍ မရပေ။
အစီအရင်ကျွမ်းကျင်သူများထဲတွင် သူက မဆိုးသည့်အဆင့်တွင်သာ ရှိသည်။ ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို "မဆိုးဘူး" ဟု ချီးမွမ်းခဲ့ဖူးသည် မဟုတ်လား။
ဤသည်ကိုကြည့်ခြင်းအားဖြင့် လောကတွင် သူ့ထက် အစီအရင်ပညာမြင့်မားသူ ပါရမီရှင်များစွာ ရှိနေနိုင်သေး၏။
မည်သို့ပင်ဖြစ်စေ ဇာမဏီမျိုးနွယ်များအနေဖြင့် အစီအရင်ပညာမြင့်မားခြင်းမရှိပါက ဝင်္ကပါကို ကျော်ဖြတ်နိုင်ကြမည် မဟုတ်ပေ။
သို့သော် လောကတွင် အံ့သြစရာကိစ္စများလည်း ဖြစ်လာနိုင်ပေရာ ပွဲမပြီးခင်အထိ နောက်ဆုံးရလဒ်ကို သုံးသပ်ရန် ခက်ခဲသည်။
ချိုးကျီးက…
"နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက အဲဒီလောက်တောင် တော်တာလား ၊ ဒီအစီအရင်က သူလုပ်ထားတာဆိုတော့ လူသားအင်မော်တယ်အဆင့်ကို ပိတ်ဆို့ထားနိုင်တယ်ပဲထား ၊ အစစ်အမှန်အင်မော်တယ်ကိုရော ပိတ်ဆို့ထားနိုင်ပါ့မလား"
ချိုးကျီးနားမလည်နိုင်ဖြစ်နေသည်။
မူလဝိညာဉ်အဆင့်မျှဖြင့် လူသားအင်မော်တယ်နှင့် အစစ်အမှန်အင်မော်တယ်များအကြောင်း နားလည်နေသည်မှာ အံ့သြစရာကောင်းလှသည်ဟု ကျန်းလန် တွေးမိသည်။
သူ ထိုအဆင့်တုန်းက လူသားအင်မော်တယ်နှင့် အစစ်အမှန်အင်မော်တယ်များအကြောင်း နကန်းတစ်လုံးပင် မသိခဲ့ပေ။ သူက အင်မော်တယ်ဖြစ်လာရန်သာ အားထုတ်နေခဲ့ပြီး ကျန်သည့်ကိစ္စများကို အင်မော်တယ်ဖြစ်လာပြီးမှ နားလည်ခဲ့ရသည်။
ထိုသို့ဖြစ်ရသည်မှာ သူ့အတွက် အင်မော်တယ်ဖြစ်ရန် အလွန်ခက်ခဲသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
အမှန်တော့ ထက်မြက်သူများအတွက် ခွန်လွန်တောင်တွင် အင်မော်တယ်ဖြစ်လာရန်မှာ ခက်ခဲသည့်ကိစ္စမဟုတ်ပေ။
ပါရမီရှင်များကို အသာထား ၊ သာမန်အရည်အချင်း ရှိသူများသည်လည်း အမှားအယွင်းများစွာ မရှိပါက အင်မော်တယ်လမ်းကို အခက်အခဲမရှိ တက်လှမ်းနိုင်မည် ဖြစ်သည်။
ကျန်းလန်သည် ချိုးကျီး၏မေးခွန်းကို မဖြေနိုင်ပေ။
ထို့ကြောင့် မသိကြောင်းသာ ခေါင်းခါယမ်းပြလိုက်သည်။
"အထဲမှာ ဘာတွေဖြစ်နေလဲ သေသေချာချာလည်း မတွေ့ရဘူး ၊ ကျုပ်တို့လည်း ဝင်ကြည့်ကြမလား"
တပည့်တစ်ယောက်က ရုတ်တရက် ပြောလိုက်၏။
ကျန်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။
မက်မွန်ဝင်္ကပါတွင် ကန့်သတ်ချက်တစ်ခုရှိသည်။ လူပေါင်းစွာ ဝင်္ကပါထဲသို့ ဝင်ရောက်လာပါက လျှို့ဝှက်ဖုံးကွယ်ထားသည့် အစီအရင်တစ်ခုက အသက်ဝင်လာမည် ဖြစ်သည်။
၎င်းအစီအရင်က အန္တရယ်မရှိသော်လည်း နောက်ဆက်တွဲသက်ရောက်မှု ရှိသည်။
ပုံရိပ်ယောင်အစီအရင်…။
ပုံရိပ်ယော်အစီအရင် အသက်ဝင်လာပါက အစီအရင်က ကြီးမားစွာ အန္တရယ်မရှိသည့်တိုင် နောက်ထပ် အန္တရယ်တစ်ခုက စောင့်ကြိုနေသည်။
ဤနေရာက နဝမတောင်ထွတ်ဖြစ်လေရာ မရဏအငွေ့အသက်များဖြင့် ပြည့်နက်လျှက်ရှိ၏။ သို့ဖြစ်ရာ ပုံရိပ်ယောင်အစီအရင်ထဲတွင် အချိန်ကြာမြင့်စွာပိတ်မိနေပါက ကိုယ်တွင်းမိစ္ဆာဝင်ရောက်ခံရမည် ဖြစ်သည်။
ကျန်းလန်က...
"နဝမတောင်ထွတ်ရဲ့ မရဏအငွေ့အသက်တွေက အရမ်းအားကောင်းတယ် ၊ တကယ်လို့ ဝင်္ကပါထဲမှာ ပိတ်မိနေတဲ့အချိန်ကြာသွားရင် ကိုယ်တွင်းမိစ္ဆာဝင်ရောက်လာနိုင်တယ်"
ကျန်းလန်၏စကားကိုကြားသည်နှင့် ဝင်္ကပါထဲသို့ ဝင်ရောက်ရန်တာစူနေကြသူများချက်ချင်း ရပ်တန့်သွားကြသည်။ သူတို့ရောက်နေသည်က သာမန်နေရာတစ်ခု မဟုတ်ဘဲ နဝမတောင်ထွတ်ဖြစ်ကြောင်း သတိရသွားကြ၏။
ဝင်္ကပါအစီအရင်ကို စမ်းသပ်ကြည့်ချင်ကြသော်လည်း ကိုယ်တွင်းမိစ္ဆာတော့ အဝင်မခံနိုင်ကြပေ။
"ဒါဖြင့် မင်းတို့တွေ အပြင်မှာပဲ စောင့်နေကြပေါ့ ၊ ကျုပ်ကတော့ ဝင်ကြည့်မယ် ၊ ကျုပ်က အစီအရင်ပညာနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရှိတယ်"
စောစောက အထဲဝင်ရန် ပြောနေသည့်တပည့်က ပြောပြောဆိုဆိုဖြင့်ပင် မက်မွန်တောထဲသို့ ဝင်ရောက်သွားတော့၏။
ကျန်းလန်လည်း တားဆီးမနေတော့ပေ။ တစ်ယောက် နှစ်ယောက်ခန့် အထဲသို့ ဝင်ရောက်သွားခြင်းက ပြဿနာကြီးကြီးမားမား မရှိပေ။
သို့သော်…
အခြာနေရာများမှလည်း လူပေါင်းများစွာ ဝင်္ကပါထဲသို့ ဝင်ရောက်သွားကြသည်ကို တွေ့မြင်လိုက်ရသည်။ ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်း မရှိကြပေ။
ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်ရင်း မက်မွန်တောထဲဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ ပုံရိပ်ယောင်အစီအရင်ကို ပိတ်နိုင်မည် ဖြစ်သည်။
မဟုတ်ပါက တောင်ထွတ်အသီးသီးတွင် သူ၏ အစီအရင်ပညာကျွမ်းကျင်မှုအကြောင်း ပြောစမှတ်ပြုလာကြတော့မည် ဖြစ်လေရာ လူအများအာရုံစိုက်ခံရပြီး နာမည်ကြီးလာဦးမည်ဖြစ်သည်။
သို့သော်…
"……"
တစ်စုံတစ်ခုကို တွေးမိသည့်အခါ ကျန်းလန် ခန္ဓာကိုယ် အေးစက်တောင့်တင်းသွားသည်။
ဆရာဒေါ်လေးမြောင်ယွဲ့က တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ဤယှဉ်ပြိုင်ပွဲကို ပြုလုပ်ခြင်းလေလား။
"လက်ထပ်ပွဲနီးလာပြီဆိုတော့ သူက ငါ့ကို နာမည်ကောင်းတစ်ခု ရစေချင်တာ ဖြစ်နိုင်တယ်"
ကျန်းလန် တွေးလိုက်သည်။
ထိုအချက်က အလွန်ဖြစ်နိုင်ခြေရှိသည်။
လုန်ယွိ အတွက် ထိုသို့ ပြုလုပ်ခြင်းလား။
သူကတော့ ဝေဖန်ခံရသည်များကို စိတ်မဝင်စားသော်လည်း လုန်ယွိကတော့ ခံနိုင်ရည် ရှိချင်မှ ရှိပေလိမ့်မည်။
မင်္ဂလာလက်ထပ်ပွဲဆိုသည်က ပျော်ရွှင်စရာအချိန်အခါ ဖြစ်လေရာ ဝေဖန်မှုများကြောင့် စိတ်အနှောက်အယှက် ဖြစ်ချင်မည် မဟုတ်ပေ။
ဤသည်က စုလျားရစ်ပတ်ထိမ်းမြားခြင်း၏ သက်ရောက်မှုများသာ ဖြစ်ပြီး သူ့အနေဖြင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုသို့ စဉ်းစားမိသည့်အခါ ကျန်းလန်က မက်မွန်တောထဲဝင်ရောက်ပြီး အစီအရင်ကိုပိတ်ရန် ရည်ရွယ်သော်လည်း အလျှင်အမြန်ပြုလုပ်ရန် မကြိုးစားတော့ပေ။
ဝင်္ကပါထဲသို့ ဝင်ရောက်လာသူ များပြားလာပါက ပုံရိပ်ယောင်အစီအရင် အလိုအလျှောက် ပွင့်သွားမည် ဖြစ်သည်။ ထိုအခါ အထဲမှလူများကို ထိုအစီအရင်၏အစွမ်းကို ကြုံတွေ့ခံစားခွင့် ပေးလိုက်မည်ဟု ကျန်းလန် ဆုံးဖြတ်လိုက်၏။
ကျန်းလန် ပြုလုပ်ထားသည့် ပုံရိပ်ယောင်အစီအရင်မှာ ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ် လှုံ့ဆော်မှုကို ထည့်သွင်းထားပြီး မူလအခြေခံကတော့ နာမည်ဝိညာဉ်ရောင်ပြန်ပညာ ဖြစ်သည်။
ထိုအစီအရင်က လူတစ်ယောက်၏ စိတ်စွမ်းအားကို လျော့နည်းစေသည့်အတွက် အထဲတွင် ပိတ်မိချိန်ကြာမြင့်သွားပါက ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်နိုင်ခြေ မြင့်မားသည်။
သို့သော် အချိန်မီ ပိတ်လိုက်နိုင်မည်ဆိုလျှင်တော့ ကိုယ်တွင်းမိစ္ဆာဝင်ရောက်မည် မဟုတ်ပေ။
ကျန်းလန် အထဲဝင်ရန် ခြေလှမ်းပြင်လိုက်သည်ကို တွေ့သည်နှင့် ချိုးကျီးက စပ်စုလိုက်သည်။
"ဂိုဏ်းတူအစ်ကို အထဲဝင်မလို့လား"
ကျန်းလန်က…
"အင်း… အခု လူအတော်များများ အထဲကို ဝင်သွားကြတယ် ၊ အဲဒါက အပြောင်းအလဲအချို့ ဖြစ်နိုင်သလို အန္တရယ်လည်း ရှိနိုင်တယ် ၊ ဒီတော့ တန်ခိုးစွမ်းအား နည်းပါးသူတွေအနေနဲ့ အထဲမဝင်တာ အကောင်းဆုံးပဲ"
ပြောပြီးသည်နှင့် ကျန်းလန် မက်မွန်တောထဲ ဝင်ရောက်သွားလေတော့သည်။
သူ အထဲသို့ ဝင်ရောက်သွားသည်နှင့် တပည့်တစ်ယောက်က စကားဆိုသည်။
"အဲဒီ ဂိုဏ်းတူအစ်ကိုပြောတာ တကယ်ကြီးလား ၊ သူက ကျုပ်တို့ကို တမင်သက်သက် ကြောက်အောင် ခြောက်နေတာလား ၊ ပြီးတော့ သူက ဒီအစီအရင်အကြောင်းကို ဘယ်လိုလုပ ်သိရတာလဲ"
ချိုးကျီးက ခေါင်းခါယမ်းလိုက်သည်။
သူက ကျန်းလန်ကို ယနေ့မှ မြင်ဖူးခြင်းဖြစ်ပြီး မည်သူမှန်း မသိရှိပေ။
ထိုစဉ် အခြားတပည့်တစ်ယောက်က…
"အဲဒီဂိုဏ်းတူအစ်ကိုကို တစ်နေရာမှာ မြင်ဖူးသလိုပဲ ရင်းနှီးနေတယ် ၊ ဘာကြောင့်လဲ မသိဘူး"
"ရင်းနှီးနေတယ် ဟုတ်လား ၊ ကျုပ်တော့ သူ့အကြောင်း ဘာမှကို မသိဘူး"
"ဟုတ်တယ် ၊ တကယ်ရင်းနှီးနေတာ ၊ ကြည့်ရတာ သူက နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုလား မသိဘူး"
ထိုစကားက လူတိုင်းကို အံ့အားသင့်သွားစေလေ၏။