← Chapters

မယုံနိုင်လောက်အောင်

Vol. 27 Ch. 373

မယုံနိုင်လောက်အောင်

Vol. 27 Ch. 373

အခန်း (၃၇၃) မယုံနိုင်လောက်အောင်

"မဖြစ်နိုင်ဘူး"

ချိုးကျီး မယုံကြည်နိုင် ဖြစ်သွားသည်။

"အဲဒီ ဂိုဏ်းတူအစ်ကိုက ဒီလောက်လည်း တန်ခိုးစွမ်းအား မြင့်မားတဲ့ပုံ မရှိပါဘူး ၊ သူက မရှိမှုအာကာသအဆင့်တောင် မရောက်သေးဘူး မဟုတ်လား"

အခြားတပည့်တစ်ယောက်က…

"ဒါပေမဲ့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက မရှိမှုအာကာသအဆင့်တော့ ရောက်နေလောက်ပါပြီကွာ ၊ သူက မရှိမှုအာကာသ ၊ ကနဦးအဆင့်တောင် မရောက်သေးတာတော့ မဖြစ်နိုင်ပါဘူး"

"ဂိုဏ်းတူအစ်ကို'ချန်' က မူလဝိညာဉ်အဆင့် အောင်မြင်ထားတဲ့သူပဲ ၊ အဲဒီဂိုဏ်းတူအကိုရဲ့ ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်ဘူးလား"

ကျန်းလန်အကြောင်း ငြင်းခုန်နေကြသူများသည် ဘေးတွင်ငြိမ်သက်နေသည့် ဂိုဏ်းတူအစ်ကိုချန်ဆိုသူအား လှည့်ကြည့်လိုက်ကြသည်။

ဂိုဏ်းတူအစ်ကိုချန်က…

"ကျုပ်ကျင့်ကြံထားတဲ့ ကျင့်စဉ်က အတော်လေး ထူးခြားတယ် ၊ တစ်ဖက်လူက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားရင်တောင်မှ သိနိုင်စွမ်း ရှိတယ် ၊ ဒါပေမဲ့ အဲဒီ ဂိုဏ်းတူအစ်ကိုရဲ့ကျင့်ကြံခြင်းအဆင့်ကိုတော့ ကျုပ် မသိနိုင်ဘူး ဖြစ်နေတယ် ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အနည်းဆုံး မရှိမှုအာကာသ ၊ အလယ်ဆင့် ဖြစ်နိုင်တယ်"

သူ့စကားကြောင့် ပတ်ဝန်းကျင်းမှတပည့်များ မှင်တက်သွားကြသည်။

တပည့်တစ်ယောက်က…

"သူ့ကို အနီးကပ်မမြင်လိုက်ရပေမယ့် ရင်းနှီးနေသလို ခံစားရတယ် ၊ သူက နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို ဖြစ်နိုင်တယ် ၊ ပြီးတော့ တခြားသူတွေပြောတာကို လျှောက်ယုံမနေနဲ့ ၊ အဲဒီဂိုဏ်းတူအစ်ကိုရဲ့ တန်ခိုးစွမ်းအားက ပါရမီရှင်တွေနဲ့ တန်းတူလိုက်နေတာနော် ၊ အခုလောက်ဆိုရင် မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်ကိုတောင် ရောက်လောက်နေပြီ"

ချိုးကျီးက…

"ဒါဖြင့် သူက ဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘာလို့ ကျုပ်ကို လာမေးရတာလဲ ၊ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုဆိုရင် ဒီမှာ ဘာတွေဖြစ်နေလဲ သိရမှာပေါ့"

"စောစောက သူပြောတာကြားတာတော့ သူ အခုပဲ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာဆို ၊ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို တံခါးပိတ်ကျင့်ကြံရင် ဘယ်နေရာမှာ ကျင့်ကြံတာလဲ သိလား ၊ မရဏဂူထဲမှာ ကျင့်ကြံတာကွ ၊ ကျုပ်တို့သာ အဲဒီဂူထဲဝင်သွားလို့ကတော့ ပြန်ထွက်လာနိုင်မှာတောင် မဟုတ်ဘူး ၊ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက စိတ်စွမ်းအားကောင်းတဲ့ နေရာမှာတော့ နာမည်ကြီးပဲ ၊ သူ့ကို ခွန်လွန်တောင်တစ်ခုလုံးက အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အသိအမှတ်ပြုထားကြတာလေ ၊ ပြီးတော့ အစီအရင်ပညာလည်း အတော်လေး ကျွမ်းကျင်ပုံရတယ် ၊ ဒီတော့ ကျုပ်အထင် မမှားနိုင်ပါဘူး"

"ဒီကိစ္စလောက်နဲ့ ငြင်းခုန်နေစရာ မလိုပါဘူးကွာ"

တပည့်တစ်ယောက်က ဝင်ပြောလိုက်သည်။

"ပြီးတော့ လူတွေအများကြီး ဝင်္ကပါထဲဝင်သွားရင် အန္တရယ်ရှိနိုင်တယ်လို့ အဲဒီ ဂိုဏ်းတူအစ်ကို ပြောသွားတယ် မဟုတ်လား ၊ အခု လူတွေအများကြီး ဝင်သွားကြပြီ ၊ ဘာအန္တရယ်ဖြစ်လာမလဲ ကြည့်ကြတာပေါ့"

အခြားသူများလည်း ခေါင်းညိတ်လိုက်ကြပြီး မည်သည့်စကားမှ ထပ်မပြောကြတော့ပေ။

နောက်ပိုင်း မည်သည့်အရာများ ဆက်ဖြစ်လာမည်ကို စောင့်ကြည့်ရပေမည်။

သို့သော် ထိုသူက နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို မဖြစ်နိုင်ဟု ချိုးကျီးကတော့ ယူဆနေဆဲပင်။ တစ်ဖက်လူက ထိုမျှလောက် တန်ခိုးစွမ်းအား မြင့်မားဟန် မရှိပေ။

သို့တည်းမဟုတ် သူက တန်ခိုးစွမ်းအားများကို ဖုံးကွယ်ထားသည်လား။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်မှ တပည့်အချို့က ဝင်္ကပါထဲသို့ စတင်ဝင်ရောက်သွားကြသည်။

ဝင်္ကပါအတွင်းသို့ဝင်သွားသည့် ဇာမဏီမျိုးနွယ်များ မည်သို့လှုပ်ရှားကြသည်ကို မတွေ့မြင်နိုင်ကြသဖြင့် ကိုယ်တိုင်ဝင်ရောက် ကြည့်ရှုလိုကြခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤဝင်္ကပါအစီအရင်က မည်မျှအားကောင်းကြောင်း စမ်းသပ်လိုကြသည်။

သူတို့သာ ဝင်္ကပါထဲမှ ပြန်ထွက်လာနိုင်လျှင် သူတို့ကိုယ်သူတို့ တန်ခိုးစွမ်းအားမြင့်မားသည်ဟု သတ်မှတ်နိုင်သည်။ ထို့ပြင် တောင်သခင်များကလည်း ခွန်လွန်တပည့်များကို မက်မွန်ဝင်္ကပါအတွင်း ဝင်ရောက်လေ့လာရန် ခွင့်ပြုထား၏။

မဟုတ်ပါက သူတို့ အရမ်းကာရော အထဲသို့ ဝင်ရဲကြမည် မဟုတ်ပေ။ ဤသည်က ဇာမဏီမျိုးနွယ်များနှင့် ခွန်လွန်တောင်၏ ယှဉ်ပြိုင်ပွဲ မဟုတ်ပါလား။

ကျင်းထင်သည်လည်း နဝမတောင်ထွတ်သို့ ရောက်ရှိနေ၏။ သူက မက်မွန်တောအပြင်ဘက်တွင်သာ ကြည့်နေပြီး အထဲဝင်ရန် ရည်ရွယ်ချက် မရှိပေ။

ကျန်းလန်၏ အစီအရင်ပညာစွမ်းက အရင်ကနှင့် မတူတော့ပေ။

သူ၏ အစီအရင်ပညာနှင့်ပတ်သက်သည့်အောင်မြင်မှုက နတ်ဘုရားဆန်လှပြီး တုန်လှုပ်ချောက်ချားစရာပင် ကောင်းနေပြီ ဖြစ်၏။

ခွန်လွန်တောင်တစ်ခုလုံးတွင် အစီအရင်ပညာ၌ ကျန်းလန်ကို ယှဉ်နိုင်သူ များစွာမရှိလှပေ။ ရှိခဲ့လျှင်တောင်မှ ရှေ့ပိုင်းမျိုးဆက်များသာ ဖြစ်ပြီး နောက်ပိုင်းမျိုးဆက်လူငယ်များ မဖြစ်နိုင်ပေ။

တူညီသည့်မျိုးဆက်တစ်ခုတွင် မည်သူမှ ကျန်းလန်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

"ဂိုဏ်းတူညီလေးကျန်းလန်က အစီအရင်ပညာမှာ တကယ့်ကို အံ့သြစရာအရည်အချင်းတွေ ရှိတာပဲ"

ကျင်းထင် ရေရွတ်လိုက်သည်။

သူကတော့ အစီအရင်ပညာကို အချိန်ပေးလေ့လာရန် ရည်ရွယ်ချက်မရှိပေ။

လက်ရှိတွင် သူက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကိုရင်ဆိုင်ရန် ပြင်ဆင်ရမည့်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုအချိန် မုရှိုးက ကျင်းထင်အနားသို့ တိုးကပ်လာပြီး…

"ဂိုဏ်းတူအစ်ကိုကျင်းထင် ၊ ရှင်က မကြာခင်ပဲ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတော့မှာ မဟုတ်လား ၊ ဘယ်လိုဖြစ်လို့ ပေါ့ပေါ့ဆဆနဲ့ နဝမတောင်ထွတ်ကို ရောက်လာရဲရတာလဲ"

ကျင်းထင်က ကံကောင်းထောက်မစွာဖြင့်ပင် အခွင့်အရေးများ ရရှိခဲ့ပြီး ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်သွားခဲ့သည်။

မုရှိုးကတော့ အနည်းငယ် နောက်ကျကျန်ခဲ့ပြီး လင်စီးယာကတော့ သူတို့ (၂)ယောက်ထက်ပင် ပိုမိုနှေးကွေးနေသည်။

သို့ပေသိ သူတို့အားလုံးက မရှိမှုအာကာသ အောင်မြင်သည့်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အင်မော်တယ်ဖြစ်လာရန် အလှမ်းမဝေးကြတော့ပေ။

ယခု ကျင်းထင်က အင်မော်တယ်အဆင့်တက်ခါနီးမှ နဝမတောင်ထွတ်သို့ ရောက်လာလေရာ မရဏအငွေ့အသက်များက သူ၏ကျင့်ကြံခြင်းကို ထိခိုက်စေမည်စိုးသောကြောင့် မုရှိုးက မေးမြန်းလိုက်ခြင်း ဖြစ်၏။

ကျင်းထင်က…

"လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကာလမှာ နဝမတောင်ထွတ်မှာ စိန်ခေါ်ပွဲ  (၃)ခုပဲ ရှိခဲ့တယ် ၊ ဒီတော့ ကျုပ်လာကြည့်ရမှာပေါ့ … မဟုတ်ဘူးလား ၊ ပထမစိန်ခေါ်ပွဲ (၂)ခုက အတော်လေး အန္တရယ်များတယ်လို့ ဆုံးဖြတ်နိုင်တယ် ၊ အခုတစ်ကြိမ်ကတော့ သူတို့က ဂိုဏ်းတူညီလေးကျန်းလန်ရဲ့ အစီအရင်စွမ်းအားနဲ့ ယှဉ်ပြိုင်ကြရမှာ ၊ သူတို့ အနိုင်ရမလားဆိုတာ ကျုပ်သိချင်တယ်လေ"

ကျန်းလန်ပြုလုပ်ထားသည့် မက်မွန်ဝင်္ကပါအစီအရင်က သာမန်မျှဟု ထင်မှတ်ရသည်။

သို့သော်…

ကျန်းလန်သည် ပုပ်အဲ့နေသော အရာတစ်ခုကိုပင် အံ့သြဖွယ်ရာအဖြစ် ပြောင်းလဲစေနိုင်သူ ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရစဉ်က အံ့သြစရာဖြစ်ရပ်တစ်ခု ရိုးရှင်းစွာပင် ဖြစ်ပွားခဲ့သည်။ တိုက်ကွက်တစ်ကွက်ထဲဖြင့် ရန်သူ (၄)ယောက်ကို နောက်ဆုတ်သွားစေခဲ့သည်။

ဤသည်က အင်မော်တယ်အဆင့် ဂိုဏ်းတူအစ်ကိုအစ်မများကိုသာမက တောင်သခင်များကိုပင် အံ့အားသင့်စေခဲ့သည်။

ထို့ကြောင့် ယနေ့ယှဉ်ပြိုင်ပွဲကို လာမကြည့်မိပါက တစ်ခုခုလိုနေသလို ကျင်းထင် ခံစားရပေလိမ့်မည်။

နဝမတောင်ထွတ်မှ ပထမဆုံးစိန်ခေါ်ပွဲကို လွတ်သွားသည့်အတွက် လူအတော်များများ နောင်တရခဲ့ကြသည် မဟုတ်ပါလား။

အမှန်တော့ မုရှိုးလည်း ကျင်းထင်ကဲ့သို့ပင် ခံစားရသည်။ ထို့ကြောင့် သူမလည်း ယှဉ်ပြိုင်ပွဲကို လာကြည့်ခြင်း ဖြစ်၏။

ထိုအချိန် သူတို့အနားသို့ လင်စီးယာ ရောက်လာသည်။

"ရှင်တို့လည်း ဒီနေ့ လာကြည့်ကြတယ်ပေါ့လေ"

သူတို့က အခြေအနေများကို စူးစမ်းလိုစိတ်ရှိကြသော်လည်း ဝင်္ကပါအတွင်းသို့ ဝင်ရောက်ရန်တော့ ရည်ရွယ်ချက်မရှိကြပေ။

မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကို စောင့်ကြည့်ချင်သည့် ဆန္ဒသာ ရှိကြသည်။

***

ကျန်းလန် မက်မွန်တောထဲသို့ ဝင်ရောက်လာသည်။

အမှန်တော့ သူနေထိုင်သည့် ခြံဝင်းပတ်လည်တွင် တည်ဆောက်ထားသည့် မက်မွန်တောက အတော်လေး ကြီးမားသည်ဟု ဆိုနိုင်သည်။

ယခုတော့ လူအများစုက ဝင်္ကပါထဲတွင် ပိတ်မိနေကြပြီး ခြံဝင်းဆီသို့ဝင်ရောက်ရာလမ်းပေါ်တွင်တော့ လူသူနည်းပါးလျှက်ရှိသည်။

လူအများစုမှာ မက်မွန်တော၏ အခြားနေရာများတွင် လမ်းပျောက်နေကြ၏။

"ကန့်သတ်ချက်ပြည့်တော့မယ်..."

မက်မောတောထဲဝင်လာစဉ်မှာပင် အစီအရင် ရုတ်တရက် ပြောင်းလဲသွားသည်ကို ကျန်းလန် ခံစားလိုက်ရသည်။ လျှို့ဝှက်ဖုံးကွယ်ထားသည့် အစီအရင် အသက်ဝင်လာပြီ ဖြစ်၏။

ထိုအစီအရင် အသက်ဝင်မလာခင် သူက ပိတ်လိုက်နိုင်သည်။

သို့သော်…

လက်ထပ်ပွဲမတိုင်ခင် သူလည်း ဂုဏ်သိက္ခာအနည်းငယ် တည်ဆောက်ချင်သေးသည်။ အနည်းဆုံးတော့ သူက အစီအရင်ကျွမ်းကျင်သူဖြစ်ကြောင်း အခြားသူများ သိရှိသွားကြပေလိမ့်မည်။

ထိုသို့ဆိုလျှင် လုန်ယွိသည်လည်း သူ့ကြောင့် မျက်နှာငယ်ရတော့မည် မဟုတ်ပေ။

နောက်တစ်ချက်မှာ သူက အစီအရင်ပညာကျွမ်းကျင်သူဖြစ်ကြောင်း သိရှိသွားကြလျှင် သူ၏ တကယ့်အစစ်အမှန်တန်ခိုးစွမ်းအားကို အာရုံစိုက်ကြတော့မည် မဟုတ်ပေ။

အစီအရင်ပညာဆိုသည်က ကျင့်ကြံခြင်းတွင် အဓိကမကျပေ။ ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေသည့် ပညာတစ်ခုဟုသာ ကျင့်ကြံသူအချို့က လက်ခံထားကြသည်။

ကျင့်ကြံသူတစ်ယောက်အတွက် ကျင့်ကြံခြင်းသည်သာ အရေးအကြီးဆုံး ဖြစ်၏။

ထို့ကြောင့် သူကတော့ အစီအရင်ပညာ မည်မျှပင်တော်နေပါစေ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အားနည်းသူတစ်ယောက်အဖြစ် ဆက်လက်ဝေဖန်ခံနေရဦးမည်ပင်။

ကျင့်ကြံသူများသည်လည်း လူသားမျာသာ ဖြစ်ကြလေရာ ကျန်းလန် မည်မျှပင် ပါရမီရှင်များနှင့်တန်းတူလိုက်နေပါစေ သူတို့ရင်ထဲမှ ဘက်လိုက်မှုအစွဲကို ဖျောက်ဖျက်ရန် ခက်ခဲသည်။

အင်မော်တယ်များဆိုသည်က ခံစားချက်ကင်းမဲ့သူများ မဟုတ်သေးပေ။ သူတော်စင်များဆိုလျှငတော့ ခံစားချက်နှင့် ဆန္ဒများ ကင်းမဲ့သွားမည်လား။

ထိုအကြောင်းကို ကျန်းလန်လည်း မသိရှိပေ။

အမှန်တော့ ကောင်းကင်ဧကရာဇ်ကျမ်းစာ (သို့မဟုတ်) ပညာရှိကျမ်းစာများကို ကျင့်ကြံသူများသည်လည်း တကယ်တမ်းတွင် စိတ်ဆန္ဒများ ကျန်ရှိနေဦးမည် ဖြစ်သည်။ သို့သော် သူတို့တွင် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဆန္ဒများ မရှိကြတော့ခြင်းသာ ဖြစ်သည်။

"ဝှစ်…"

လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

မက်မွန်သစ်တောသည် တစ်စုံတစ်ခု ပြောင်းလဲသွားပုံရပြီး ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"ပုံရိပ်ယောင်အစီအရင်ပွင့်သွားပြီ…"

ကျန်းလန် ရေရွတ်လိုက်၏။

***

တစ်ချိန်တည်းမှာပင်…

မက်မွန်တောအတွင်းမှ အော်သံများ စတင်ထွက်ပေါ်လာသည်။

"အား…"

မက်မွန်တောထဲသို့ ယခုမှ ဝင်ရောက်သွာသူတစ်ယောက်မှာ အော်သံကြောင့် ကြောက်လန့်တကြားဖြင့် နောက်ပြန်ဆုတ်ရန် ဟန်ပြင်လိုက်သည်။

သို့သော် သူ မည်သို့ပင် ကြိုးစားပါစေ မက်မွန်တောထဲမှ ပြန်မထွက်နိုင်တော့ပေ။

ကျင်းထင်နှင့်အခြားသူများမှာ ထိုသူကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားကြသည်။ ထိုသူ ဘာဖြစ်သွားမှန်း မည်သူမှ မသိရှိကြပေ။

ထိုသူမှာ တစ်စုံတစ်ခုထံမှ မလွန်မြောက်နိုင်သည့်အလား မြေပြင်ထက်သို့ ထိုင်ချလိုက်ပြီး တစ်ကိုယ်လုံးတုန်တုန်ယင်ယင် ဖြစ်လျှက်ရှိသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်း နောက်သို့ ခြေလှမ်းများဆုတ်လိုက်မိကြသည်။ မက်မွန်တောသည် အန္တရယ်များသည့် နေရာတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပုံရ၏။

ချိုးကျီးနှင့် အခြားသူများမှာ ချွေးစေးများပျံလာကြသည်။

"အင်း… အခု လူအတော်များများ အထဲကို ဝင်သွားကြတယ် ၊ အဲဒါက အပြောင်းအလဲအချို့ ဖြစ်နိုင်သလို အန္တရယ်လည်း ရှိနိုင်တယ် ၊ ဒီတော့ တန်ခိုးစွမ်းအား နည်းပါးသူတွေအနေနဲ့ အထဲမဝင်တာ အကောင်းဆုံးပဲ"

ကျန်းလန်ပြောသွားသည့်စကားများကို ချိုးကျီး ပြန်သတိရမိသည်။

အစက မယုံကြည်ခဲ့သည့်တိုင် ယခုတော့ သူတို့ရှေ့မှာပင် ဝင်္ကပါထဲဝင်သွားသူမှာ တစ်ခုခု ဖြစ်သွားခဲ့ပေပြီ။

တပည့်တစ်ယောက်က…

"သူ့ကို အမြန်ဆွဲထုတ်လိုက်ကြ…"

အခြားတပည့်တစ်ယောက်က မှော်ဝင်ပစ္စည်းတစ်ခု အသုံးပြုပြီး ထိုသူကို မက်မွန်တောထဲမှ ဆွဲထုတ်ရန် ကြိုးစားသည်။

သို့သော်…

ထိုဂိုဏ်းတူအစ်ကိုက တစ်စုံတစ်ခုကို တွေ့ရှိသွားသည့်အလား ရုတ်တရက် မတ်တတ်ထရပ်ကာ မက်မွန်တောအတွင်းသို့ ပြေးဝင်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

ထို့နောက်…

"အား"

တောထဲမှ ပြင်းထန်စွာအော်ဟစ်သံ ထွက်ပေါ်လာသည်။ စောစောက အထဲသို့ ပြေးဝင်သွားသည့် ဂိုဏ်းတူအစ်ကို၏ အော်သံပင် ဖြစ်သည်။

ပတ်ဝန်းကျင်မှလူများမှာ နောက်သို့ အနည်းငယ် ဆုတ်လိုက်မိကြသည်။

မက်မွန်တောထဲတွင် ဘာတွေများ ဖြစ်နေသည်လဲ။

လူတိုင်းက လူသားစားသရဲတစ်ကောင်ကို တွေ့မြင်ရသည့်အလား တုန်လှုပ်စွာဖြင့် မက်မွန်တောကို ကြည့်နေကြသည်။ မက်မွန်တောအနားကပ်မိလျှင် သူတို့ ဝါးမျိုခံရတော့မည့်အလား ခံစားကြရပြီး အနားမကပ်ရဲကြတော့ပေ။

တပည့်တစ်ယောက်က…

"တွေ့တယ်မလား ၊ အဲဒီဂိုဏ်းတူအစ်ကိုက နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုဆိုတာ ယုံပြီ မဟုတ်လား"

အခြားတစ်ယောက်က…

"အဲဒီ အစီအရင်က ဘာအစီအရင်များလဲ ၊ အဲဒီဂိုဏ်းတူအစ်ကိုက ဘာလို့ အစီအရင်တွေအကြောင်း သိနေရတာလဲ"

ထိုအချိန် မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက် ရှေ့တိုးလာ၏။

ထိုသူက…

"အဲဒါက ပုံရိပ်ယောင်အစီအရင်တစ်ခုပဲ…"

သူက အစီအရင်ပညာကို နားလည်ဟန် ရှိသည်။

"ဂိုဏ်းတူအစ်ကို ယွိယွမ်"

ချိုးကျီးက ချက်ချင်းပင် နှုတ်ဆက်စကားဆိုသည်။

ဂိုဏ်းတူအစ်ကိုယွိယန်၏ကျင့်ကြံခြင်းက ကြောက်မက်ဖွယ်ကောင်းပြီး ဗဟုသုတလည်း အတော်လေး ကြွယ်ဝသည်။ သူ ပြောလိုက်သည့် အကြောင်းကိစ္စအတော်များများက မှားယွင်းခဲသည်။

ထို့ကြောင့် သူ၏ ယူဆချက်များက အမှန်တရားနှင့် နီးစပ်နိုင်ဖွယ်ရှိ၏။

တပည့်တစ်ယောက်က…

"အဲဒါက ပုံရိပ်ယောင်အစီအရင်တစ်ခုလား ဂိုဏ်းတူအစ်ကို…"

အခြားတပည့်တစ်ယောက်က…

"ဒါပေမဲ့ ပုံရိပ်ယောင်အစီအရင်တစ်ခုကို ချိုးဖျက်ဖို့ မခက်ပါဘူးဗျာ ၊ ဟုတ်တယ်မလား"

ယွိယွမ်က မျက်မှောင်ကြုတ်ရင်း…

"အဲဒါကတော့ အစီအရင်ကို ဘယ်သူပြုလုပ်ထားတာလဲဆိုတဲ့အပေါ် မူတည်တယ် ၊ အခု ဒီအစီအရင်ပုံစံကိုကြည့်ရတာတော့ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက အစီအရင်ပညာ ကျွမ်းကျင်အဆင့်ရောက်နေပြီ ၊ အောင်မြင်တဲ့အဆင့်ကိုရောက်ဖို့တောင် အရမ်းနီးကပ်နေပြီလို့ ပြောလို့ရတယ်"

ထိုစကားကိုကြားသည်နှင့် အားလုံးအံ့သြသွားကြသည်။

သို့ဆိုလျှင် ဤပုံရိပ်ယောင်အစီအရင်က အလွန်ပင် ကြောက်မက်ဖွယ်ရာ ဖြစ်နေခဲ့သည်လား။

All Chapters