← Chapters

ယောက်ဖက စိတ်စွမ်းအားမြင့်မားနေမှဖြစ်မှာပေါ့

Vol. 27 Ch. 374

ယောက်ဖက စိတ်စွမ်းအားမြင့်မားနေမှဖြစ်မှာပေါ့

Vol. 27 Ch. 374

အခန်း (၃၇၄) ယောက်ဖက စိတ်စွမ်းအားမြင့်မားနေမှဖြစ်မှာပေါ့

မက်မွန်တောထဲတွင်…။

ကောင်ငယ်လေးက အဋ္ဌမမင်းသားကို မကျေမနပ်ဖြင့်ကြည့်လိုက်ရင်း…

"ခင်ဗျားပြောတော့ ဒီထဲဝင်လာရင် လမ်းမပျောက်ဘူးဆို ၊ ကျွန်တော့်ကို လိမ်ပြန်ပြီလား"

ထိုနဂါးမင်းသားသည် သူ့ကို အမြဲတမ်း မဟုတ်တရုတ်များ လိမ်ပြောလေ့ရှိသည်။

သေရည်ဆိုင်သို့ ရောက်လာသည့် မင်းမျိုးမင်းနွယ်လူသားတစ်ဦးက ဟုန်ယာက ပြန်သဘောကျစေလိုလျှင် ပန်းများ လက်ဆောင်ပေးသင့်သည်ဟု အကြံပေးခဲ့သည်။ တကယ်တမ်းတွင် ထိုအကြံက ဆီလျော်မှု ရှိလှသည်။

သို့သော် ထိုနဂါးမင်းသားကတော့ ဟုန်ယာကို လှံရှည်နှင့်သာ ရိုက်ခိုင်းနေသည်။ ထို့ပြင် ဟုန်ယာကို ရိုက်နှက်ပြီး ညသန်းခေါင်ချိန် တောအုပ်ထဲဆွဲခေါ်ကာ မြေမြှုပ်ထားရန်လည်း အကြံပေးသေး၏။

သူပြောသည့်စကားများကို ကြားစဉ်က မင်းမျိုးမင်းနွယ်လူသားမှာ အတော်လေး အံ့အားသင့်သွားဟန် ရှိသည်။

အဋ္ဌမမင်းသားက…

"မင်းက ဟုန်ယာကို ပန်းပေးမယ့်ကိစ္စ စဉ်းစားနေပြန်ပြီလား ၊ မင်းကွာ… နောက်တစ်ခေါက် အဲဒီလူနဲ့ ပြန်ဆုံတော့ သူက ကျုပ်ပေးတဲ့အကြံဉာဏ်က ပြဿနာရှိတယ်လို့ မပြောပါဘူးကွာ"

ကောင်ငယ်လေးက…

"ဘယ်ပြောမလဲဗျ ၊ ခင်ဗျားက သူ့လည်ပင်းကို လှံနဲ့ထောက်ပြီး ခင်ဗျားစကားကို ထောက်ခံခိုင်းတာလေ ၊ အဲဒီလိုမဟုတ်ရင်တော့ ကျွန်တော် ယုံချင်ယုံမှာပေါ့"

ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရင်း…

"အစ်ကိုကြီး ဒီနေ့ အိမ်မှာ မရှိဘူးလား မသိဘူး"

အဋ္ဌမမင်းသားက…

"သူ တံခါးပိတ်ကျင့်ကြံနေမှာပေါ့ ၊ ဒါပေမဲ့ ယောက်ဖမရှိလဲ ကျုပ်တို့ ခြံဝင်းထဲ ဝင်လို့ရပါတယ်ကွာ ၊ မင်းက မြေပဲထုပ် တကူးတက လက်ဆောင်လာပေးတာပဲမဟုတ်လား"

ဟုတ်ပေ၏။

ကောင်ငယ်လေး၏လက်ထဲတွင် ကျန်းလန်ကိုပေးရန် မြေပဲတစ်ထုပ်ကိုင်ထားလေသည်။

ကောင်ငယ်လေးက…

"ကျွန်တော် အစ်ကိုကြီးကို အကူအညီလေးတောင်းချင်တာပါဗျာ ၊ ဒါကြောင့် လက်ဆောင်ယူလာရတာပေါ့"

ထိုသို့ ပြုလုပ်ခြင်းက သူ့ကို ရိုးသားပုံပေါက်စေမည် ဖြစ်သည်။

ကောင်ငယ်လေးက ကျန်းလန်နှင့် ရင်းနှီးသော်လည်း သူတစ်ပါး၏ကိုယ်ပိုင်အချိန်တွင် ဒုက္ခပေးရခြင်းကို သဘာဝကျသည်ဟု မယူဆပေ။

ကောင်းငယ်လေးက…

"ပြီးတော့ ဒီမြေပဲတွေက စေတနာရဲ့ သင်္ကေတတစ်ခုပါပဲ"

အဋ္ဌမမင်းသားက ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သည်။

သို့သော်…

ရုတ်ချည်းပင် မက်မွန်တောတစ်ခုလုံး တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

သို့ရာတွင် လုန်မန် စမ်းသပ်စစ်ဆေးကြည့်ပြန်တော့လည်း မည်သည့်ထူးခြားချက်မှ မတွေ့ရပေ။

"သတိထား ၊ ယောက်ဖရဲ့အစီအရင်က တစ်ခုခု ပြောင်းလဲသွားတယ်"

အဋ္ဌမမင်းသားက လှံရှည်ကိုကိုင်ရင်း တိုက်ခိုက်ရန်အသင့်ပြင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တစ်ခုခု အန္တရယ်ကျရောက်သည်နှင့် လှုပ်ရှားရန် အသင့်ပြင်ထား၏။

ကောင်ငယ်လေးကိုတော့ သူက စောင့်ရှောက်ပေးရန် မလိုအပ်ပေ။ ကောင်ငယ်လေး၏ တန်ခိုးစွမ်းအားက ပျမ်းမျှပင် ဖြစ်သော်လည်း သူ့ကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ရန် အလွန်ခက်ခဲသည်။

သူ့အရေပြားက ထူလွန်းသည် မဟုတ်ပါလား။

ကောင်ငယ်လေးက ကြောက်မက်ဖွယ်ရာ ချုန်ချီသားရဲဖြစ်သည့်အပြင် ပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။

ထိုအချိန်…

"ဟုန်ယာ…"

ကောင်ငယ်လေးက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

အဋ္ဌမမင်းသားက လှမ်းကြည့်လိုက်သည့်အခါ သူတို့ဆီလမ်းလျှောက်လာနေသည့် ဇာမဏီကောင်မလေးကို တွေ့လိုက်ရသည်။

သူမ၏မျက်နှာက ပြုံးရယ်လျှက် ရှိသည်။

ထူးဆန်းသည်မှာ ထိုဇာမဏီကောင်မလေး မည်သည့်နေရာက ထွက်ပေါ်လာသည်ကို သူတို့ (၂)ယောက်လုံး သတိမထားခဲ့မိကြပေ။

"တစ်ခုခုတော့ မှားနေပြီ… ဟေ့ကောင် ၊ အရူးလုပ်မခံနဲ့ကွ"

အဋ္ဌမမင်းသားက ချက်ချင်း သတိပေးလိုက်သည်။

ကောင်ငယ်လေးက…

"သိပါတယ်ဗျာ ၊ ဟုန်ယာက ကျွန်တော့်ကို အဲဒီလိုမျိုး ဘယ်တော့မှ ပြုံးမပြတတ်ဘူး"

အဋ္ဌမမင်းသား : "……"

"ဘာလို့ မပြုံးပြရမှာလဲ"

ဟုန်ယာက ကောင်ငယ်လေးနှင့်မနီးမဝေးတစ်နေရာတွင် မတ်တတ်ရပ်ရင်း မေးမြန်းလိုက်သည်။

"သေရည်ဆိုင်မှာဆိုရင် ငါက နင့်အပေါ်အေးစက်တယ်လို့ ထင်ရပေမယ့် နင် ငါ့အနားရှိနေတာကိုတော့ သဘောကျပါတယ်ဟာ ၊ ငါက ကောင်တာမှာ တစ်ယောက်တည်း ထိုင်မယ် ၊ နင်ကူညီစရာမလိုဘူးလို့ ပြောဖူးပေမယ့် တကယ်တမ်းမှာတော့ နင့်ကို အနားမှာ ရှိစေချင်ခဲ့မိပါတယ် ၊ နင် အနားမှာ ရှိနေတာက အန္တရယ်ကင်းတယ်လို့ ခံစားရစေတယ်လေ ၊ နင်က တန်ခိုးစွမ်းအား သိပ်မမြင့်မားပေမယ့် ငါ့ကို ဒုက္ခမပေးတဲ့ တစ်ယောက်တည်းသောသူပါပဲ"

ဇာမဏီကောင်မလေးက ရှေ့သို့ ခြေနှစ်လှမ်းခန့်တိုးလိုက်ရင်း ဆက်ပြောသည်။

"ငါ ဘယ်သူ့ကိုမှ မယုံဘူး ၊ ဒါပေမဲ့ နင့်ကိုတော့ ယုံတယ် ၊ နင်က ငါ့စကားဆို အမြဲတမ်းနားထောင်တယ် ၊ အဲဒါက နည်းနည်း စိတ်ပျက်စရာကောင်းပေမယ့် နင် အနားမှာရှိနေရင် ငါ ပျော်ပါတယ်ဟာ ၊ ပြီးတော့ နင် ငါ့အတွက် ဘာမှပေးဆပ်စရာ မလိုပါဘူး ၊ နောက်ဆို နင်က ငါ့ကိုတောင် အားကိုးနိုင်ပါတယ်"

ထိုစကားများကြောင့် အဋ္ဌမမင်းသားက မည်သို့မှ မခံစားရသော်လည်း ကောင်ငယ်လေးကတော့ အလွန်စိတ်လှုပ်ရှားနေလေသည်။

သူက မျက်ရည်ကျလုနီးပါးပင် ဖြစ်နေခဲ့သည်။

ပေးဆပ်ခဲ့ပြီးနောက် တုံ့ပြန်မှု ပြန်လည်ရရှိခဲ့ပြီဟု ခံစားနေရသည်။

"နင် ပြောနေတာတွေ အမှန်တွေပဲလား"

ကောင်ငယ်လေးက ဟုန်ယာကို မေးလိုက်သည်။

“ငါ့ စကားတွေအားလုံးက အမှန်တွေပါပဲ ၊ ငါ နင့်ကို စောင့်နေမယ် ၊ နင် ကြီးပြင်းလာတဲ့အထိ ငါ စောင့်နေမယ် ၊ ပြီးရင် အိမ်မှာလာပြီး ငါ့ကို တောင်းရမ်းလို့ရတယ် ၊ လူသားတွေမှာ အဲဒီလိုမျိုး ဓလေ့တွေ ရှိကြတယ် မဟုတ်လား ၊ ဒါကြောင့် နင် ငါ့ကို လက်ထပ်ချင်တယ်ဆိုရင် လာရောက်တောင်းရမ်းဖို့တော့ လိုတာပေါ့”

ဟုန်ယာက အလေးအနက်ဆိုသည်။

ထိုစကားကိုကြားသည့်အခါ ကောင်ငယ်လေး မျက်ရည်များကျလာတော့သည်။

"နင့်စကားတွေက ငါ့ကို တကယ်စိတ်လှုပ်ရှားစေပါတယ် ၊ ငါ ကြိုးစားခဲ့သမျှ အရာထင်သလို ခံစားလိုက်ရတယ် ၊ ငါ ပေးဆပ်ခဲ့သမျှ ထိုက်တန်တယ်လို့ ထင်မိတယ် ၊ ဒါပေမဲ့…”

လူငယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်သည်။

“ဒါပေမဲ့ ဟုန်ယာက ဘယ်တော့မှ ဒီလိုမျိုးပြောမှာ မဟုတ်ဘူး ၊ သူက ငါ့ကို သဘောမကျဘူးလေ”

အဋ္ဌမမင်းသားက မည်သည့်စကားမှမဆိုဘဲ ကောင်ငယ်လေးကို ကြည့်နေသည်။

ကောင်ငယ်လေးက သတိလွတ်ဖြစ်မသွားလေရာ သူ ဘာမှကူညီပေးစရာ မလိုပေ။

“ဒီတော့ မင်းက ဟုန်ယာမဟုတ်တာ သေချာတယ်”

မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် ဟုန်ယာကို ကောင်ငယ်လေးက ပြောလိုက်သည်။

"ဒါဆို နင်က ငါ့ကို တိုက်ခိုက်မှာလား"

ဟုန်ယာက မေးသည်။

ကောင်ငယ်လေးက စိတ်မသက်မသာဟန်ဖြင့်…

“မဟုတ်ပါဘူး ၊ ငါ နင့်ကို ဘာမှ မလုပ်ချင်ပါဘူး”

ကောင်ငယ်လေးက ဆက်ပြောသည်။

“နင်ပြောတဲ့စကားတွေက အရမ်းကောင်းတယ် ၊ နင့်ကို ငါ သဘောကျနေတဲ့ ဟုန်ယာလို့ ငါ ယုံကြည်ချင်ပါတယ်ဟာ ၊ ဒါပေမဲ့… နင်က ဟုန်ယာ မဟုတ်ဘူးလေ ၊ ဒီတော့ နင် ငါ့ရှေ့က ပျောက်ကွယ်သွားတာ အကောင်းဆုံးပဲ ၊ ဘာလို့လဲဆိုတော့ ငါ နင့်ကို မတိုက်ခိုက်ချင်လို့ပါ ၊ ဒါပေမဲ့ ငါ မတိုက်ခိုက်ရင် ငါ့ဘေးကနဂါးက နင့်ကို တိုက်ခိုက်လိမ့်မယ် ၊ သူက နင့်ထက် တန်ခိုးစွမ်းအား မြင့်မားတယ် ၊ သူနဲ့တိုက်မယ်ဆိုရင် နင့်အတွက် အရမ်းအန္တရယ်များတယ်နော်”

အဋ္ဌမမင်းသားက ကောင်ငယ်လေးစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

သူက လူသားတစ်ယောက်မဟုတ်လေရာ ရှုတ်ထွေးလှသည့် ချစ်မှုရေးရာ စိတ်ခံစားချက်များ သိပ်မရှိပေ။

ကောင်ငယ်လေးကြောင့်သာမဟုတ်လျှင် သူ့အရှေ့မှ ဇာမဏီကောင်မလေးကို သတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

“ဟက်…”

ဟုန်ယာက ဟက်ခနဲတစ်ချက်ရယ်ရင်း ကောင်ငယ်လေးကို ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ ၊ ငါ နင့်စကားကို နားထောင်မယ် ၊ ငါ အခု ပျောက်ကွယ်သွားတော့မယ် ၊ ငါကလွဲပြီး …"

ဟုန်ယာ ပျောက်ကွယ်သွားသည်ကို ကောင်ငယ်လေး စောင့်ကြည့်နေခဲ့လေသည်။

သူမ ပျောက်ကွယ်မသွားခင် နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့လေသည်။

"ငါကလွဲပြီး ဘယ်သူကများ နင့်ကို သဘောကျတယ်လို့ ပြောမှာတဲ့လဲ"

ထိုစကားကြောင့် ကောင်ငယ်လေး မှင်တက်သွားသည်။

ထို့နောက် သူ့မျက်ဝန်းဆီမှ မျက်ရည်များ စီးကျလာတော့သည်။

“နာကျင်စရာကောင်းလိုက်တာ ၊ ဒါက ဘယ်လိုငရဲမျိုးလဲ ၊ ငါ အလိုချင်ဆုံးအရာကို ရခဲ့တယ် ၊ ဒါပေမဲ့ အဲဒါက လွဲမှားမှုတစ်ခု ဖြစ်နေခဲ့တယ် ၊ လုံးဝပဲ… လုံးဝပဲ ငါ့ကို စိတ်ပျက်အားငယ်သွားစေတာပဲ…”

ကောင်ငယ်လေးမှာ သူ့ဘဝ၏ အနာကျင်ဆုံး အခိုက်အတန့်ကို ခံစားနေရသည့်အလားပင်။

အဋ္ဌမမင်းသားက…

"ဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းခံစားလို့ရလား ၊ ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ ၊ ဒါပေမဲ့ ကျုပ်တို့ကိုယ်တိုင်ပါဝင်ပတ်သက်နေတယ် ၊ အတော်လေး မူမမှန်ဘူး"

လုန်မန် အခြေအနေများကို နားမလည်နိုင် ဖြစ်နေသည်။

ကောင်ငယ်လေး နာကျင်ခံစားနေသည်ကိုတော့ သူက လုံး၀ အရေးမစိုက်ပေ။

သူ နာကျင်ခံစားနေရစဉ်ကလည်း ကောင်ငယ်လေးက အရေးစိုက်ခဲ့သည်မှ မဟုတ်ဘဲ။

"အဲဒါ အဘိုးရဲ့ အကောင်းဆုံးပညာတစ်ခုဖြစ်တဲ့ နာမ်ဝိညာဉ်ရောင်ပြန်ပညာပဲ"

ကောင်ငယ်လေးက အဋ္ဌမမင်းသားကို လှမ်းကြည့်ရင်း မျက်ရည်များကို သုတ်လိုက်သည်။

ထို့နောက် သူက ဆက်ပြောသည်။

“ဒီနေရာက နာမ်ဝိညာဉ်သေရည်ဆိုင်နဲ့ ဆင်တူတယ် ၊ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ ထင်ယောင်ထင်မှားပုံရိပ်တွေက တခြားနည်းလမ်းနဲ့လှည့်စားထားတာမဟုတ်ဘူး ၊ နာမ်ဝိညာဉ်ရောင်ပြန်ပညာနဲ့ပြုလုပ်ထားတဲ့ မြင်ကွင်းတွေပဲ"

"သာမန်ပုံရိပ်ယောင်အစီအရင်ဆိုရင် ချိုးဖျက်ရလွယ်ကူပေမယ့် အခု အစီအရင်က အစ်ကိုကြီးက တည်ဆောက်ထားတာလေ ၊ အဓိပ္ပါယ်ကတော့ အစ်ကိုကြီးနဲ့ စိတ်စွမ်းအားအဆင့် တူညီတဲ့သူကပဲ ဒါကို ချိုးဖျက်နိုင်မယ် ၊ မဟုတ်လို့ကတော့အရမ်းခက်ခဲလိမ့်မယ်"

အဋ္ဌမမင်းသား သက်ပြင်းချလိုက်သည်။

"အင်းပေါ့လေ ၊ တကယ်တော့ ယောက်ဖက အရည်အချင်းနိမ့်ပါးတဲ့လူသားတစ်ယောက်ပဲ မဟုတ်လား ၊ နဂါးမျိုးနွယ်တစ်ယောက်နဲ့ ယှဉ်ချင်တယ်ဆိုရင် စိတ်စွမ်းအားမြင့်မားနေမှဖြစ်မှာပေါ့ ၊ သာမန်လူသားဆိုရင်တော့ ဘယ်ရလိမ့်မလဲ"

ထိုအချိန် သူတို့နောက်မှ ခြေသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့မှာ ထိတ်လန့်သွားပြီး ချက်ချင်း နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

သူတို့နောက်တွင် ခွန်လွန်တပည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲ၌ ပန်းအိုးတစ်လုံးကိုင်ထားသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုသူကိုတွေ့သည်နှင့် လုန်မန် ချက်ချင်း ဒူးထောက်ချလိုက်သည်။

“ယောက်ဖ ကျုပ် ရှင်းပြပါရစေ။”

ကျန်းလန် : "......"

ကောင်ငယ်လေးက...

“ကျွန်တော်တို့ အခုထိ နာမ်ဝိညာဉ်ရောင်ပြန်ပညနဲ့ဖန်တီးထားတဲ့ ပုံရိပ်ယောင်အစီအရင်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား ၊ ဒီ အစ်ကိုကြီးကလည်း အတု ဖြစ်နိုင်တယ်”

အဋ္ဌမမင်းသားက...

"ကောင်လေး ၊ ကျုပ်ယောက်ဖက ယဉ်ကျေးပြီးသန့်စင်တယ် ၊ သူက တန်ခိုးစွမ်းအားကို ထိန်းချုပ်ထားလို့ အေးချမ်းတဲ့အသွင်ဆောင်တယ် ၊ သာမန်လို့ထင်ရပေမယ့်လည်း တကယ်တမ်းမှာ ထူးခြားတယ် ၊ တစ်ချက်ကြည့်လိုက်တာနဲ့ ပုံရိပ်ယောင်လား ၊ ကျုပ်ယောက်ဖအစစ်လားဆိုတာ တန်းသိနိုင်တာပဲ ၊ ယောက်ဖလိုပုံစံမျိုးက အတုအယောင်လုပ်လို့မရနိုင်ဘူး ၊ မင်း အမြန်ဒူးထောက်စမ်း"

ကောင်ငယ်လေးက လုန်မန်ကို အေးစက်စွာ ကြည့်လိုက်ရင်း...

"အစ်ကိုကြီးမကောင်းကြောင်း အတင်းတုပ်နေတာ ခင်ဗျားလေ ၊ ကျွန်တော်က ဘာကိစ္စဒူးထောက်ရမှာလဲ"

ကျန်းလန် : "……"

ကျန်းလန်မှာ ဘာပြောရမှန်းမသိ ဖြစ်ရသည်။

သို့သော် သူ နဂါးများကို အမှန်တကယ်ပင် သဘောမကျပေ။

သူနှင့်လက်ထပ်ရမည့် လုန်ယွိက တိုက်တိုက်ဆိုင်ဆိုင် နဂါးမျိုးနွယ် ဖြစ်နေခဲ့သည်။ ယင်းကြောင့်သာ နဂါးများကို လက်ခံနိုင်ခဲ့ခြင်း ဖြစ်၏။

တကယ်တမ်းတွင် လုန်ယွိက မည်သည့်မျိုးနွယ်ဖြစ်နေပါစေ ကျန်းလန်အတွက် အရေးမကြီးပေ။ သူမက လုန်ယွိဖြစ်နေရန်သာ လိုအပ်သည်။

ကောင်ငယ်လေးကတော့ အဋ္ဌမမင်းသားနှင့် အနေများလေ အဋ္ဌမမင်းသားကို ကြည့်မရလေ ၊ အမြင်ကပ်လေဖြစ်နေကြောင်း ကျန်းလန် ရိပ်မိခဲ့လေ၏။

All Chapters