မင်းရှုံးသွားပြီ
Vol. 27 Ch. 375
အခန်း (၃၇၅) မင်းရှုံးသွားပြီ
လက်ဖျောက်တီးသံတစ်ချက် ထွက်ပေါ်လာသည်။
"ခရက်"
"ဘန်း"
ပတ်ဝန်းကျင်မှ မြင်ကွင်းများအားလုံး ပြိုကျသွားသည်ကို ကောင်ငယ်လေးရော အဋ္ဌမမင်းသားပါ တွေ့မြင်လိုက်ကြရသည်။
သူတို့ပတ်ဝန်းကျင်မြင်ကွင်းမှာ မက်မွန်တောပင် ဖြစ်သော်လည်း တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး အစစ်အမှန်လား ၊ ပုံရိပ်ယောင်လား ခွဲခြားနိုင်ခြင်း မရှိသေးပေ။
ခဏကြာမှ ကောင်ငယ်လေးက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကျန်းလန်၏ ပုံရိပ်ယောင်အစီအရင်မှ ထွက်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း အံ့အားသင့်စွာ သိရှိလိုက်သည်။
ကျန်းလန် လက်ဖျောက်တီးလိုက်သည့်အတွက် သူတို့ပုံရိပ်ယောင်လောကမှ လွတ်မြောက်သွားကြခြင်း ဖြစ်၏။
ကောင်ငယ်လေးက...
"ဒါ တကယ့်အစ်ကိုကြီးအစစ်ပဲ"
ကျန်းလန်က...
"မင်းတို့နှစ်ယောက်က ဘာလို့ ဒီကို ရောက်နေကြတာလဲ"
ပုံမှန်ဆိုလျှင် ဇာမဏီမျိုးနွယ်များနှင့် ခွန်လွန်တပည့်များသာလျှင် မက်မွန်ဝင်္ကပါအတွင်း ဝင်ခွင့်ရှိသည် မဟုတ်လား။
ယခု သူ့ရှေ့မှ (၂)ယောက်က ဇာမဏီမျိုးနွယ်လည်းမဟုတ်သလို ခွန်လွန်တောင်မှတပည့်လည်း မဟုတ်ပေ။ အဘယ့်ကြောင့် မက်မွန်တောထဲ ရောက်နေကြပါသနည်း။
အဋ္ဌမမင်းသားက...
"ကျုပ်တို့ အကြီးအကဲတွေဆီ ခွင့်တောင်းပြီးမှ ဝင်လာတာပါဗျ"
သူက ဒူးထောက်နေဆဲ ဖြစ်၏။
အတုလား အစစ်လား ခွဲခြားမနေဘဲ ကျန်းလန်ကို မြင်မြင်ချင်း ဒူးထောက်တောင်းပန်လိုက်နိုင်သည့်အတွက်လည်း ဝမ်းသာနေမိသည်။
သူက မွေးရာပါအင်မော်တယ် ဖြစ်သောကြောင့် ထူးခြားသည့် အာရုံခံစားမှုစွမ်းရည်ကို ပိုင်ဆိုင်သည်။ ထိုစွမ်းရည်ဖြင့် ယောက်ဖ မည်မျှကြောက်မက်ဖွယ်ရာဖြစ်ကြောင်း ခံစားသိရှိနိုင်သည်။
ထိုသို့ အာရုံခံမိသည့်အတွက်လည်း ကျန်းလန်ကို ပြတ်ပြတ်သားသားပင် ဒူးထောက်တောင်းပန်လိုက်ခြင်း ဖြစ်၏။ အတော်ပင် အသုံးဝင်လှသည့် စွမ်းရည်ပါပေ။
ကောင်ငယ်လေးက...
"ကျွန်တော်တို့က အစ်ကိုကြီးကို တွေ့ချင်လို့ ရောက်လာတာ ၊ ရုတ်တရက်ကြီး ပုံရိပ်ယောင်အစီအရင်က ထွက်ပေါ်လာတာ ၊ ဒီအတိုင်းဆို တခြားသူတွေ ဒီဝင်္ကပါထဲက ထွက်သွားဖို့ မျှော်လင့်ချက် မရှိနိုင်တော့ဘူးပေါ့"
သူက ကျန်းလန်ရှိရာသို့ လျှောက်သွားပြီး လက်ထဲမှ မြေပဲထုပ်ကို လက်ဆောင်ပေးလိုက်သည်။ ကျန်းလန်က မြေပဲထုပ်ကို မယူဘဲ ငြင်းဆန်လိုက်၏။
ဆရာဖြစ်သူအတွက် အကောင်းစားသေရည်တစ်အိုးသွားဝယ်ပြီး မြေပဲထုပ်နှင့်အတူ လက်ဆောင်ပေးလျှင် ကောင်းမည်လား တွေးမိသော်လည်း လောလောဆယ် ဆရာဖြစ်သူမှာလည်း သေရည်သောက်နိုင်ဦးမည် မဟုတ်ပေ။
ထို့ကြောင့် နောက်တစ်ခေါက်မှ ဆရာ့ကိုလည်း လက်ဆောင်ပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ကျန်းလန်က...
"လောလောဆယ်တော့ ပုံရိပ်ယောင်အစီအရင်ကနေ ဘယ်သူမှ မထွက်နိုင်လောက်သေးဘူး"
“ဒါဆို —”
ကောင်ငယ်လေး၏စကားသံက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
ကျန်းလန်က ကောင်ငယ်လေးကိုကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲ ဘာတွေးနေသည်ကို ရိပ်မိလိုက်၏။
သူက…
"ဒါက ယှဉ်ပြိုင်ပွဲတစ်ခုပဲ ၊ မင်း ဇာမဏီကောင်မလေးကို ကယ်တင်ချင်တယ်ဆိုရင် သူ ရှုံးနိမ့်သွားလိမ့်မယ် ၊ မင်းဖြစ်စေချင်တယ်ဆိုရင်တော့ ကျုပ် သူ့ကို ပုံရိပ်ယောင်ထဲကနေ အပြင်ပြန်ထုတ်ပေးလိုက်လို့ ရပါတယ်"
ကောင်ငယ်လေးက…
"ရှုံးလည်း ကိစ္စမရှိပါဘူး အစ်ကိုကြီး"
ဟုတ်ပေ၏။
ဟုန်ယာသည် အစ်ကိုကြီး၏ အစီအရင်အတွင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူ သိရှိသည်။ အစကတည်းက ရှုံးနိမ့်ပြီးသား ဖြစ်လေရာ အနိုင်ရှုံးကို ထူးပြီး စိတ်ပူပန်စရာ မလိုပေ။
ကောင်ငယ်လေးက နာမ်ဝိညာဉ်ရောင်ပြန်ပညာနှင့် အနီးစပ်ဆုံးသူ ဖြစ်သည်။ ထိုပညာ မည်မျှဆန်းကျယ်ထူးခြားကြောင်း နားလည်ထားသည်။
သူကိုယ်တိုင်ပင်လျှင် ကျန်းလန်၏ ပုံရိပ်ယောင်အစီအရင်မှ လွတ်မြောက်ရန် ခက်ခဲလှ၏။
သူ၏တန်ခိုးစွမ်းအားများ မြင့်မားလာပြီး အစ်ကိုကြီး၏ စိတ်အာရုံထဲ ဝင်ရောက်နိုင်ချိန်ရောက်မှသာ ဤအစီအရင်ကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်ပေလိမ့်မည်။
ကျန်းလန်က…
"လာ… ဒါဖြင့် သွားကြည့်ရအောင်"
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးလည်း ကျန်းလန်နောက်မှ လိုက်သွားကြသည်။
လုန်မန်မှာ ကောင်ငယ်လေးကြောင့် ယောက်ဖအပေါ် မကောင်းပြောသလို ဖြစ်ခဲ့ရသည်ကိုတွေးပြီး မကျေမနပ်ဖြစ်နေမိသည်။
သူပြောသည့်စကားကို အစ်မဖြစ်သူ မကြား၍တော်သေးသည်။
မဟုတ်ပါက ရှောင်ယွိဆိုလျှင် သူ ခေါင်းခေါက်ခံရမည်ပင်။ လုန်ယွိဆိုလျှင်တော့ သီးသန့်ဆန်ကာ အေးစက်လွန်းပြီး သူ့ကို တစ်ချက်ပင် ထိမည် မဟုတ်ပေ။
လုန်ယွိ ပုံစံဖြင့်သာဆိုလျှင် ယောက်ဖသည်ပင် သူမကို ထိရဲပါမည်လား မသေချာပေ။
***
ခဏကြာပြီးနောက်…
"ရောက်ပြီ"
သူတို့ရောက်လာသည့်နေရာက မက်မွန်တောထောင့်တစ်နေရာဖြစ်သည်။
ထိုနေရာတွင် မိန်းကလေးတစ်ယောက် ငြိမ်သက်စွာရပ်နေပြီး သူမ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး အသက်ရှူသံများက ရှုတ်ထွေးနေသည်။
"ဟုန်ယာ"
ကောင်ငယ်လေးက ခေါ်လိုက်သည်။
ပြီးမှ သူက ကျန်းလန်ကို လှည့်ကြည့်လိုက်ပြီး…
"ဟုန်ယာ ဘာတွေကြုံတွေ့နေရတာလဲ"
ကျန်းလန်က…
"သူ့ကို လိုက်ဖမ်းခံနေရတယ်"
ထို့နောက် ကျန်းလန်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ ချက်ချင်းပင် ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး ပုံရိပ်ယောင်လောကထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
ကျန်းလန်က ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…
"အခု ပုံရိပ်ယောင်လောကထဲ ပြန်ရောက်သွားပြီ ၊ မင်း သူ့ကိုကယ်ဖို့ လှုပ်ရှားလိုက်တာနဲ့ သူ့အနေနဲ့ ဒီပွဲကို ရှုံးနိမ့်ပြီပဲ"
ဤကိစ္စကို ကောင်ငယ်လေး ရှင်းရှင်းလင်းလင်း သိရှိရန် လိုအပ်သည့်အတွက် ကျန်းလန်က ထပ်မံရှင်းပြသည်။
ပုံရိပ်ယောင်လောကထဲတွင်တော့ ဟုန်ယာတစ်ယောက် ပြေးလွှားလျှက် ရှိ၏။
"ဘုန်း"
သူမ၏ပတ်ဝန်းကျင်က မူမမှန်ကြောင်း သိရှိသည့်တိုင် မည်သည့်အရာက မူမမှန်သည်ကို မသိရှိနိုင်ပေ။ ထို့ပြင် နတ်လူသားမျိုးနွယ်တစ်ယောက်က အဘယ့်ကြောင့် ဤနေရာတွင် ပေါ်လာရပါသနည်း။
နတ်လူသားမျိုးနွယ်က…
"ပစ္စည်းကိုပေးစမ်း"
ပြောပြီးသည်နှင့် ထိုသူက စတင်တိုက်ခိုက်လိုက်သည်။
ပြင်းထန်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဟုန်ယာ လွင့်ထွက်သွားသည်။
ထိုသူက လူသားအင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း သူ၏တန်ခိုးစွမ်းအားများက လူသားအင်မော်တယ် အောင်မြင်ထားသည့်အဆင့်ထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။
လျှို့ဝှက်တန်ခိုးစွမ်းအားတစ်ခုခုကို အသုံးပြုထားဟန် ရှိသည်။
ဟုန်ယာက…
"ရှင် ဘာတွေပြောနေတာလဲ ကျွန်မ မသိဘူး"
ထို့နောက် ဟုန်ယာ၏နောက်ကျောမှ ဇာမဏီအတောင်ပံများ ထွက်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
သူမ ရှိသမျှစွမ်းအားအကုန်သုံးကာ တိုက်ခိုက်တော့မည် ဖြစ်သည်။
ဟုန်ယာ၏နောက်ကျောမှ ဇာမဏီအတောင်ပံများ ထွက်ပေါ်လာသည်ကို တွေ့မြင်သည်နှင့် နတ်လူသားမျိုးနွယ်က စတင်လှုပ်ရှားလိုက်သည်။
သူက ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအားကိုထုတ်ဖော်လိုက်ပြီး ထောင်ပေါင်းများစွာသော မန္တန်စွမ်းအားများဖြင့် ဟုန်ယာ၏ ဇာမဏီအတောင်ပံများကို တိုက်ခိုက်လိုက်သည်။
"ဘုန်း"
ပြင်းထန်လှသည့် တန်ခိုးစွမ်းအားကြီးတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ မက်မွန်ပွင့်များ ကြွေကျကုန်ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး တစ်စစီ ပျက်စီးကုန်သည်။
"ဟူး"
ဟုန်ယာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး နောက်သို့ လွင့်ထွက်သွား၏။
သူမ နတ်လူသားမျိုးနွယ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေရင်း…
"ငါတို့မျိုးနွယ်ရဲ့ အားနည်းချက်ကို ရှင်က ဘယ်လိုလုပ် သိနေရတာလဲ ၊ ဒါက... ဒါက ပုံရိပ်ယောင်တွေပဲ ၊ အစစ်အမှန်မဟုတ်ဘူး"
"ဟားဟား…"
နတ်လူသားမျိုးနွယ်က အေးစက်စွာ ရယ်မောလိုက်သည်။
"အဲဒီလို တွေးရင်းနဲ့သာ သေလိုက်တော့ ၊ ကျုပ်ကတော့ ကျုပ်လိုချင်တာ ရပြီးသွားပြီ"
ထို့နောက် နတ်လူသားမျိုးနွယ်က ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအားကို ထပ်မံထုတ်ဖော်ရန် တန်ခိုးစွမ်းအားများ စုစည်းလိုက်သည်။
သူက ဟုန်ယာကို သတ်ဖြတ်ပစ်ချင်နေသည်။
ဟုန်ယာက လဲကျရာမှ မတ်တတ်ထရပ်လိုက်၏။ နတ်လူသားမျိုးနွယ်ထံမှ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားများကို သူမ ခံစားနေရသည်။
ထိုတန်ခိုးစွမ်းအားများက သူမထံသို့ ဝင်ရောက်လာသည်။ သေခြင်းတရားအငွေ့အသက်များ သူမထံသို့ ချဉ်းကပ်လာသည်။
ဟုန်ယာ စတင်ပြီး စိတ်ဓာတ်ကျလာသည်။ ထိုသို့ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားဖြင့် ရိုက်ခတ်ခံရလျှင် သံသယမရှိ သေပွဲဝင်ရပေလိမ့်မည်။
သူမ ပြန်လည်တိုက်ခိုက်ချင်သော်လည်း ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေ။
သူမ ခုခံတိုက်ခိုက်ရန် လက်လျှော့လိုက်သည်နှင့် သူမမျက်ဝန်းများထဲတွင် စိတ်သက်သာရာရခြင်းများ ထင်ဟပ်လာသည်။ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားကြီး သူမခန္ဓာကိုယ်ထက် ကျရောက်လာမည်ကို စောင့်မျှော်နေခဲ့သည်။
သူမ အရာအားလုံးကို လက်ခံလိုက်တော့မည့်ဆဲဆဲတွင် သူမ ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်က နတ်လူသားမျိုးနွယ်၏ တန်ခိုးစွမ်းအားများကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်တားဆီးထားလိုက်သည်။
"ဘုန်း"
"ဂါး"
ပြင်းထန်သည့် ရောင်ဝါတစ်ခု လေထဲတွင် ထွက်ပေါ်လာပြီး ခပ်တိုးတိုးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ထိုပုံရိပ်က တန်ခိုးစွမ်းအားများ အားလုံးကို ပိတ်ဆို့ထားလိုက်သည်။ ထိုပုံရိပ်က မည်သူမည်ဝါဖြစ်ကြောင်း ဟုန်ယာ သိရှိရန် ကြိုးစားစဉ်မှာပင် လက်ဖျောက်တစ်ချက်တီးသံကြားလိုက်ရသည်။
"ခရက်"
"ဘန်း"
ပတ်ဝန်းကျင်တစ်ခုလုံးမှ ပုံရိပ်များအားလုံး အက်ကွဲသွားပြီး ဟုန်ယာ ပုံရိပ်ယောင်လောကမှ လွတ်မြောက်သွားသည်။ တစ်ချိန်တည်းပင် တိုက်ခိုက်မှုများအားလုံးလည်း ကွယ်ပျောက်သွား၏။
ဟုန်ယာက အရှေ့ဆီသို့ စူးစိုက်ကြည့်နေဆဲဖြစ်ပြီး ခေတ္တမျှ အမှားအမှန် ဝေခွဲမရ ဖြစ်နေသည်။
သူမ ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ မက်မွန်တောပိုင်ရှင် ကျန်းလန်နှင့် အသက်ကို မနည်းလုရှူနေရသည့် သေရည်ဆိုင်မှ ကောင်ငယ်လေးကို တွေ့လိုက်ရသည်။
ကောင်ငယ်လေးကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို နာကျင်ခံစားနေရဟန် ရှိသည်။ ပုံရိပ်ယောင်လောကထဲဝင်ပြီး နတ်လူသားမျိုးနွယ်ကို ရင်ဆိုင်ခဲ့သူမှာ ကောင်ငယ်လေးပင် ဖြစ်လေ၏။
ကျန်းလန်က…
"မင်း ရှုံးသွားပြီ…"
ဟုန်ယာက ကျန်းလန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ရင်း ငြိမ်သက်နေ၏။
သူမတွင် ပြောစရာ မရှိတော့ပေ။ သူမ တကယ်ပဲ ရှုံးနိမ်သွားပြီ ဖြစ်သည်။
ထိုစဉ်…
"အား… တိုက်နေတာကို ရပ်ပါ… မလုပ်ပါနဲ့…"
ရုတ်တရက် သူတို့နောက်မှ အော်သံတစ်သံထွက်ပေါ်လာသည်။
သူတို့လှည့်ကြည့်လိုက်ကြသည့်အခါ ထောင့်တစ်နေရာတွင် ခေါင်းကိုဝှက်ကာ ပုန်းနေသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမက ဇာမဏီမိန်းမပျို ဟုန်ယီပင် ဖြစ်သည်။
ကောင်ငယ်လေးက…
"သူ ဘာဖြစ်နေတာလဲ"
ကျန်းလန်က အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို လှည့်ကြည့်လိုက်သည်။
"သူ ဘာတွေရင်ဆိုင်နေရလဲ မင်းတို့သိချင်ကြလား"
ထို့နောက် ကျန်းလန်က လက်ဖျောက်တစ်ချက်တီးလိုက်ရာ ပုံရိပ်ယောင်လောကထဲသို့ သူတို့ (၃)ယောက်လုံး ရောက်ရှိသွားကြသည်။
ပုံရိပ်ယောင်လောကထဲတွင် ဟုန်ယီကို လူ (၃)ယောက်က လိုက်ဖမ်းနေသည့် မြင်ကွင်းကို တွေ့မြင်လိုက်ကြရသည်။ ထိုသူများမှာ အဋ္ဌမမင်းသား ၊ ကောင်ငယ်လေးနှင့် ချီလင်မျိုးနွယ်မှ ယန်ရှီးယွင်တို့ပင် ဖြစ်သည်။
အဋ္ဌမမင်းသား : "……"
လုန်မန် ဆွံ့အသွားပြီး ကောင်ငယ်လေးမှာလည်း စိတ်ရှုတ်ထွေးသွားသည်။ ဟုန်ယာသည်လည်း ဘေးနားတွင်ရှိနေပြီး မြင်ကွင်းကို ကြည့်နေသည်။
ထို့နောက် လက်ဖျောက်တစ်ချက်တီးလိုက်သံထွက်ပေါ်လာပြီး ဟုန်ယီ၏ပတ်ဝန်းကျင်မှ အရာအားလုံးတစ်စစီ ပြိုကျပျောက်ကွယ်သွားသည်။
ထိုအခါမှ ဟုန်ယီမှာလည်း လှုပ်ရှားနိုင်တော့သည်။
သို့သော် သူမ မတ်တတ်ရပ်လိုက်သည့်အခါ ကျန်းလန်နှင့်အတူ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို တွေ့လိုက်ရသည့်အခါ နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။
သူမ ချက်ချင်းပင် နောက်သို့ ဆုတ်သွားပြီး ကျန်းလန်ကို လှမ်းကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။
"အဲဒါ နားလည်မှုလွဲတာပါ ၊ ကျွန်မ ရှင့်ကို ဘာမှမလုပ်ပါဘူး"
ကျန်းလန် : “……”
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ကတော့ မလိုအပ်ဘဲ ပြဿနာကို မီးထွန်းရှာပြန်ပြီဟု တွေးလိုက်သည်။
သာမန်ဆိုလျှင် ဟုန်ယီသည် သူ့ကို အရေးစိုက်မည် မဟုတ်ပေ။ ယခုတော့ အဋ္ဌမမင်းသား၏ ရိုက်နှက်ခြင်းခံရပြီးနောက် အချိုးပြောင်းသွားခြင်း ဖြစ်၏။
နောက်ဆိုလျှင် ကျန်းလန်ကိုတွေ့တိုင်း သူမ ရှောင်နေတော့မည်ဖြစ်သလို သူ့ကိုလည်း အမြဲတမ်း မှတ်မိနေတော့မည် ဖြစ်၏။
ကံကောင်းသည်မှာ သူမ၏ မသိစိတ်ထဲတွင် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကိုသာ ကြောက်ရွံ့နေခဲ့ပြီး သူ မပါဝင်ခဲ့ပေ။
ကျန်းလန် ထိုအကြောင်း မစဉ်းစားတော့ဘဲ မက်မွန်တောတစ်ခုလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ပြီးမှ အေးဆေးသည့်လေသံဖြင့်…
"ကြည့်ရတာ ဝင်္ကပါထဲရောက်နေတဲ့သူတွေအကုန်လုံး စွမ်းအားတွေ ဆုံးရှုံးလုနီးပါးဖြစ်နေပြီ ၊ အစီအရင်ကို အဆုံးသတ်လိုက်တာကောင်းမယ်"