← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁) ကျိုးချန်ရူ၏ လျှို့ဝှက်ချက်

"ဟွားဟွားလေး... အဲ့မိန်းကလေးက ဘာမဆို လုပ်ရဲတယ်... သူမက အိမ်တော်မှာ ဆွံ့အဟန်ဆောင်ပြီး တစ်ခါတစ်ရံ လူတိုင်းကို ရှုပ်ထွေးသွားအောင် အရူးလို ဟန်ဆောင်ပေမယ့် တကယ်တော့ တိတ်တဆိတ် သက်သေအထောက်အထားတွေ စုဆောင်းနေခဲ့တာ... နယ်စားအိမ်တော် တစ်ခုလုံးမှာ လျှို့ဝှက်ချက်တွေကို အများဆုံး သိထားတဲ့သူက သူမ ဖြစ်နိုင်တယ်..."

ဖုန်းကျိလန်သည် ဤအသံနှင့် ရင်းနှီးနေပြီးဖြစ်ကာ ညင်သာစွာ ပြုံးလိုက်သည်။ ၎င်းပြောခဲ့သည့်အတိုင်း သူမသည် ဤနေ့ရက်အတွက် ရှည်လျားသော နှစ်နှစ်တိုင်တိုင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ပွဲတော်ကို အခွင့်ကောင်းယူ၍ ဇနီးမောင်နှံနှစ်တွဲ၏ အရှက်ရဖွယ် အကောင်းဆုံး လျှို့ဝှက်ချက်များကို သူမ ဖော်ထုတ်ခဲ့ပြီး မျက်နှာပျက်မည်ကို အလွန်စိုးရိမ်တတ်သော ကျိုးချန်ရူကို လူတိုင်း၏ ရှေ့တွင် အရှက်ကွဲသွားစေခဲ့သည်။

သူမ အဖမ်းမခံရမီ ကျိုးချန်ရူအပေါ် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ပေးချင်ခဲ့၏။

သူမ၏ သားနှင့် ခင်ပွန်းထံမှ နှစ်ထပ်ကွမ်း ထိုးနှက်ချက်က သူမကို ရူးသွပ်သွားစေနိုင်သည်။

အထူးသဖြင့် သူမ၏ ဖခင်နှင့် ကွမ်ရှူတို့ကြားရှိ ဖောက်ပြန်မှုပင် ဖြစ်သည်။

သူမအား နားလည်ထားမှုအရဆိုလျှင် သူမသည် ကွမ်ရှူကိုပင် သတ်ပစ်နိုင်ခြေရှိသည်။

သို့မဟုတ်လျှင် အစေခံများ အချိန်ကြာမြင့်စွာ ပြုစုစောင့်ရှောက်ထားခဲ့သော ဝါးရုံတောထဲတွင် တုတ်တစ်ချောင်းနှင့် ကျောက်တုံးတစ်တုံး မည်သို့မည်ပုံ ရောက်ရှိနေမည်နည်း။

ဖုန်းကျိလန်သည် သူမ၏ ဖခင်က ကွမ်ရှူကို မည်မျှ သဘောကျကြောင်း သိထားသည်။

ကွမ်ရှူ သေဆုံးသွားပြီးနောက် သူမ၏ ဖခင်မှာ ကျိုးချန်ရူကို ပို၍ပင် မုန်းတီးသွားခဲ့ပြီး ကျိုးချန်ရူက အဘွားဖြစ်သူကို အဆိပ်ခတ်ခဲ့ကြောင်း အများသိစေရန် ဖော်ထုတ်ခဲ့သည်။

အထောက်အထား မရှိလျှင်ပင် ထိုအချိန်၌ သူမ၏ ဖခင်သည် ကျိုးချန်ရူကို နောက်ထပ် တစ်ရက်မျှ အသက်ရှင်ခွင့် ပေးတော့မည် မဟုတ်ပေ။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာသည်။

မင်ယွမ်နယ်စားသည် ကျိုးချန်ရူကို သေလူတစ်ယောက်ကဲ့သို့ ကြည့်လိုက်ပြီး ချန်ကျဲဟန်ကို ဦးညွှတ်ကာ ပြောလိုက်၏။

"ကိစ္စကခုလိုဖြစ်နေမှတော့ အမတ်ချန် ဒီမိန်းမယုတ်ကို ခေါ်သွားသင့်တယ်... သူမ အသက်ရှင်မလား သေမလားဆိုတာ တရားရေးဝန်ကြီးဌာနကပဲ ဆုံးဖြတ်ပါစေ..."

ဤစကားကို ကြားသောအခါ ကျိုးချန်ရူသည် မင်ယွမ်နယ်စားကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ အကြည့်ကို ဖုန်းကျိလန်ထံသို့ ရွှေ့လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော ဒေါသများ တောက်လောင်နေသည်။

"မဟုတ်ဘူး... အဲ့မိန်းမယုတ်လေးက ကျွန်မကို အသရေဖျက်နေတာ... ကျွန်မ ယောက္ခမ သေဆုံးမှုက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး... လုံးဝ မဆိုင်ဘူး..."

သူမထံသို့ ချဉ်းကပ်လာသော စစ်သားများကို ကြည့်ရင်း ကျိုးချန်ရူ၏ မျက်နှာမှာ သေသူတစ်ယောက်ကဲ့သို့ ဖြူလျော့သွားလေသည်။ သူမသည် ခန္ဓာကိုယ်မှ နာကျင်မှုကို အံကြိတ်ခံကာ လက်နှင့်ခြေထောက် နှစ်ဖက်စလုံးကို အသုံးပြု၍ အနောက်သို့ ဆုတ်သွားလေသည်။

"အမတ်ချန်... ရှင် သူမရဲ့ တစ်ဖက်သတ် စကားကိုပဲ ယုံလို့မရဘူးလေ..."

ကျိုးချန်ရူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် နာကြည်းမှုများ ပေါ်လွင်နေလေသည်။ ထိုဖြစ်ရပ်အပြီးတွင် သူမသည် ကိစ္စများကို သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ခဲ့သည်ကို ပြန်လည် သတိရလိုက်လေသည်။

ဤမိန်းမယုတ်လေးကို အသက်ရှင်ခွင့် ပေးထားခဲ့ခြင်းမှလွဲ၍ ဖြစ်လေသည်။

ဤမိန်းမယုတ်လေးက အရူးလေးတစ်ယောက်လို ဖြစ်သွားပြီး ဆွံ့အသွားတာကို မြင်လိုက်ရချိန်မှာ အနာဂတ် တစ်ချိန်ချိန်ကျရင် သူမကို နည်းနည်းလောက် စနောက်လို့ရမယ်လို့ တွေးခဲ့မိပြီး သူမကို သနားလို့ အသက်ရှင်ခွင့် ပေးခဲ့ခြင်း ဖြစ်လေသည်။

ဤသို့ဖြစ်လာမည်ကို ကြိုသိခဲ့လျှင် ထိုအချိန်ကတည်းက သူမကိုပါ တစ်ပါတည်း လမ်းပြပို့ဆောင်ပေးခဲ့သင့်လေသည်။

"တရားရေးဝန်ကြီးဌာနက အထောက်အထားကို အခြေခံပြီး စကားပြောပါတယ်... သခင်မလေးဖုန်းက အထောက်အထားသာမက သက်သေတွေကိုပါ ပေးအပ်ထားပါတယ်..."

ချန်ကျဲဟန်က အေးစက်စွာ ပြန်ပြောလိုက်လေသည်။

*အထောက်အထား... သက်သေ…*

ကျိုးချန်ရူ၏ စိတ်ထဲတွင် တစ်ခဏမျှ ဗလာကျင်းသွားပြီး သူမ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားလေသည်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး..."

သူမက ယုံကြည်ရန် ငြင်းဆန်ကာ အော်ဟစ်လိုက်လေသည်။

"အဲဒါ အတုပဲ... ဒီမိန်းမယုတ်က အတုလုပ်ထားတာ ဖြစ်ရမယ်... သူမ ကျွန်မကို လုပ်ကြံနေတာ... သူမ ကျွန်မကို လုပ်ကြံနေတာ သေချာတယ်..."

"လုပ်ကြံရအောင် မင်းက ဘာမို့လို့လဲ..."

မင်ယွမ်နယ်စား၏ မျက်နှာမှာ မှောင်မိုက်သွားပြီး နောက်ထပ်တစ်ကြိမ် ကန်ချလိုက်လေသည်။

သူသည် ဒေါသထွက်လွန်းသဖြင့် ဦးနှောက်ပင် တုန်ခါနေပြီး ကျိန်ဆဲလိုက်လေသည်။

"တရားရေးဝန်ကြီးဌာနက အသိအမှတ်ပြုတဲ့ အထောက်အထားဆိုတာ လူတွေလာမဖမ်းခင် ရှုထောင့်ပေါင်းစုံကနေ အတည်ပြုထားပြီးသားပဲ... ငါ အခု နောင်တရတယ်... မင်းလို ပြည့်တန်ဆာမမျိုးကို လက်ထပ်ခဲ့မိတာကို နောင်တရတယ်... ယောက္ခမကို အဆိပ်ခတ်ဖို့ မင်း ဘယ်လိုလုပ် သတ္တိရှိရတာလဲ..."

"ကျွန်မ မဟုတ်ဘူး... တကယ် ကျွန်မ မဟုတ်ဘူး... ယောက္ခမက ရောဂါကြောင့် သေတာ... ရောဂါကြောင့် သေသွားတာပါ..."

ကျိုးချန်ရူသည် သူမကိုယ်သူမ ကာကွယ်ရန် အစွမ်းကုန် ကြိုးစားကာ ပြောလိုက်လေသည်။

"အဲ့အထောက်အထားနဲ့ သက်သေဆိုတာတွေမှာ တစ်ခုခု မသင်္ကာစရာ ရှိနေရမယ်..."

"မသင်္ကာစရာ ရှိမရှိဆိုတာကို အရာရှိဖြစ်တဲ့ ကျွန်မ တွက်ကြည့်ပေးမယ်..."

သူမ ထွက်ပေါ်လာရမည့် အချိန်ရောက်ပြီ ဖြစ်လေသည်။

ယွင်ဟွား၏ အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက သူမကို လှည့်ကြည့်လိုက်ကြလေသည်။

ကျိုးချန်ရူ၏ နှလုံးသားမှာ လည်ချောင်းဝသို့ ရောက်ရှိလာလေသည်။ သူမကို မြင်လိုက်သည်နှင့် ယခင်က အရိပ်ဆိုးများအားလုံး ပြန်လည် ပေါ်လာလေသည်။

ချန်ကျဲဟန်သည် ယွင်ဟွားကို လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် ဘေးသို့ ဖယ်ပေးကာ သူ၏ အပြုံးမှာ ပိုမို နက်ရှိုင်းသွားလေသည်။

"ဒါဆိုရင်... အမတ်ငယ်ယွင်... ကျန်တာကို မင်းပဲ ဆက်လုပ်လိုက်ပါတော့..."

ယခု သူ လုပ်ရန်လိုအပ်သည်မှာ အေးအေးဆေးဆေးထိုင်ပြီး ပြဇာတ်ကို ကြည့်ရှုရန်သာ ဖြစ်လေသည်။

ယွင်ဟွားသည် လက်ကို နောက်ပစ်ကာ ကျိုးချန်ရူထံသို့ ဖြည်းညင်းစွာ လျှောက်သွားလေရာ သူမ၏ တည်ငြိမ်သော အမူအရာက ကျိုးချန်ရူကို သက်တောင့်သက်သာ မဖြစ်စေခဲ့ပေ။

ဤသို့ဖြစ်လာမည်ကို သူမ သိထားခဲ့လျှင် သူမ မည်သည့်ပွဲကိုမျှ ကျင်းပခဲ့မည်မဟုတ်ဘဲ ချွေ့ဝမ်ရှင်းကိုလည်း သေချာပေါက် ရန်စခဲ့မည် မဟုတ်ပေ။

"နယ်စားကတော်... ရှင်က သဘာဝအရ အစွန်းရောက်ပြီး အမှောင်ဘက်ခြမ်းရှိတယ်... ရှင့်ရဲ့ ယောက္ခမက နယ်စားမိသားစုမှာ မြေးယောက်ျားလေးတွေ ပိုလိုချင်လို့ အစေခံမိန်းကလေး အနည်းငယ်ကို ရာထူးတိုးပေးခဲ့တာကို ရှင်က မနာလိုလွန်းလို့ သူမရဲ့ ဆေးထဲကို အဆိပ်ခတ်ခဲ့တယ်... နောက်ဆုံးမှာ ရှင်ကိုယ်တိုင်ပဲ အဲ့အဘွားအိုကို အဆိပ်တိုက်ခဲ့တာလေ..."

"စာအုပ်လေး... နောက်ဘာဆက်ဖြစ်လဲဆိုတာ မြန်မြန် ပြောပြစမ်းပါ..."

အမိန့်ကို လက်ခံရရှိပြီးနောက် ရှင်ခြင်းသေခြင်းစာအုပ်သည် ဟွားဟွားလေး၏ နားထဲသို့ အချက်အလက်များကို အလျင်အမြန် တိုးတိုးလေး ပြောပြလေသည်။

လူတိုင်းက နားစွင့်လိုက်ကြသော်လည်း ဘာမျှ မကြားရပေ။

ကျိုးချန်ရူမှာ ဖြူလျော့နေပြီး သူမ၏ နဖူးမှ ချွေးများကို ဆက်တိုက်သုတ်နေလေသည်။

"အဘွားအို ဖျားနာနေစဉ်အတွင်းမှာ ရှင်က ဆေးဖော်စပ်ပေးနေတဲ့ အစေခံမိန်းကလေးကို သူမ မိသားစုဝင်တွေရဲ့ အသက်နဲ့ ခြိမ်းခြောက်ပြီး အဘွားအိုရဲ့ ဆေးထဲကို အဆိပ်ခတ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်..."

ယွင်ဟွား၏ အသံမှာ အေးစက်ပြီး ရှင်းလင်းပြတ်သားနေသဖြင့် ကျိုးချန်ရူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် ယိမ်းယိုင်သွားလေသည်။

"အဲ့အစေခံမလေးက မကောင်းတဲ့သူတစ်ယောက် မဟုတ်ပေမယ့် သူမရဲ့ မိသားစုကို ဂရုစိုက်ခဲ့တယ်... သူမက တစ်ကြိမ်ကို ဆေးထဲ အဆိပ်နည်းနည်းလေးပဲ ထည့်ခဲ့တာ... ရှင်က အဲ့တာကို သိသွားတဲ့အခါ သူမရဲ့ အသက်ကို နှုတ်ယူလိုက်တာပဲ..."

"မိန်းမယုတ်... ပါးစပ်ပိတ်ထားစမ်း... ပါးစပ်ပိတ်ထား..."

ကျိုးချန်ရူသည် ယွင်ဟွားကို ထိုအချိန်ကဲ့သို့ပင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းသည်ဟု ခံစားလိုက်ရလေသည်။

ကြင်ယာတော်စုက မျက်ခုံးပင့်လိုက်လေသည်။

သူမကို ဆူညံလွန်းသည်ဟုထင်ကာ ကြင်ယာတော်စုသည် ဘေးရှိ သခင်မတစ်ဦး၏ ဖိနပ်ကို ပေါ့ပေါ့ပါးပါး ယူချွတ်လိုက်ပြီး ကျိုးချန်ရူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ကမ္ဘာကြီး တိတ်ဆိတ်သွားလေသည်။

လူတိုင်း…။

ယွင်ဟွား၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူမ ဆက်ပြောရန် ပြင်လိုက်စဉ် ဖုန်းကျိလန်က သူမကို တားလိုက်လေသည်။

သူမသည် ယွင်ဟွားကို ညင်သာသော အပြုံးဖြင့်ကြည့်ကာ ပြောလိုက်လေသည်။

"ကျန်တာကို ကျွန်မပဲ ဆက်လုပ်ပါရစေ..."

ယွင်ဟွားမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

ဖုန်းကျိလန်သည် ကျိုးချန်ရူ၏ ရှေ့သို့ အေးစက်စွာ လျှောက်သွားရာ သူမ၏ စိတ်ထဲတွင် ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် အမှတ်တရများဖြင့် ပြည့်နှက်နေလေသည်။

သူမက တိုးညှင်းစွာ ပြောလိုက်လေသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်မ အဘွားကို သွားကြည့်ချင်ခဲ့တယ်... ဒါပေမယ့် တံခါးဝရောက်တာနဲ့ ကျိုးချန်ရူက ဆေးတစ်ထုပ်လုံးကို ပန်းကန်လုံးထဲ လောင်းထည့်ပြီး ကျွန်မ အဘွားရဲ့ ပါးနှစ်ဖက်ကို ညှစ်ကာ လည်ချောင်းထဲ အတင်းအကျပ် တိုက်သွင်းနေတာကို မြင်လိုက်ရတယ်..."

"ကျွန်မ အရမ်းကြောက်ပြီး ထိတ်လန့်သွားလို့ အသံထွက်သွားပြီး အထဲက လူတွေကို သတိထားမိသွားစေခဲ့တယ်..."

ဖုန်းကျိလန် စကားပြောနေစဉ် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်နှစ်ပေါက် ကျဆင်းလာပြီး နှာခေါင်းရှုံ့လိုက်လေသည်။

"ကျွန်မ ခြံဝင်းထဲကို ပြန်ပြေးသွားတော့ အဒေါ်က ဘာဖြစ်တာလဲလို့ မေးတယ်... လင်ပန်းပေါ်မှာ ကျွန်မ မြင်ခဲ့ရတဲ့အရာကို အဒေါ်ကို ပြလိုက်တဲ့အချိန်မှာပဲ ကျိုးချန်ရူက အစေခံ အများအပြားနဲ့ ရောက်လာခဲ့တယ်..."

"အဘွားကို ပြုစုစောင့်ရှောက်တဲ့ တစ်ဦးတည်းသောသူက ကျွန်မအဒေါ်ဆိုတော့ သူမက အဒေါ်ကို အရင်ဆုံး သံသယဝင်ခဲ့တာလေ..."

"ကျွန်မ အဒေါ်က ကျွန်မကို အဝတ်ဗီရိုထဲ အမြန်သွင်းပြီး စကားမပြောဖို့ ပြောခဲ့တယ်..."

"ကျွန်မ ကုတင်အောက်မှာ ပုန်းနေရင်း အဒေါ် ဝန်ခံလိုက်တာကို ကိုယ်တိုင်နားနဲ့ဆတ်ဆတ် ကြားခဲ့ရသလို ကျွန်မ ရှေ့မှာပဲ အဒေါ် ထာဝရ လဲကျသွားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်..."

ဖုန်းကျိလန်၏ မျက်လုံးများ နီရဲလာလေသည်။ သူမသည် သူမ၏ အဒေါ်နှင့် အဘွားအတွက် လက်စားချေချင်ခဲ့လေသည်။

"အဲ့နေ့ကစပြီး ကျွန်မက ရူးသွပ်ဟန်ဆောင်ကာ အရူးလေးတစ်ယောက်လို တစ်ခါတစ်ရံ အော်ဟစ်တတ်ပေမယ့် တစ်ချိန်တည်းမှာပဲ စကားပြောတာကို ရပ်လိုက်တယ်..."

"ရှင်တို့အားလုံးက ကျွန်မ ရူးသွားပြီ၊ ဒါမှမဟုတ် ဆွံ့အသွားပြီလို့ ထင်နေကြပေမယ့် တကယ်တော့ ကျွန်မက နယ်စားအိမ်တော် တစ်ခုလုံးကို လှည့်လည်သွားလာပြီး သတင်းအချက်အလက် အမျိုးစုံကို စုဆောင်းနေခဲ့တာ..."

ယခုအချိန်တွင် ကျိုးချန်ရူသည် ဖုန်းကျိလန်ကို အဆိပ်လူးထားသကဲ့သို့သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

သူမ မည်မျှပင် ရုန်းကန်စေကာမူ စစ်သားများ၏ အတင်းအကျပ် ဖိနှိပ်ထားမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

သူမ၏ နှလုံးသားမှာ ချက်ချင်းပင် အောက်ခြေသို့ ထိုးကျသွားလေသည်။

*ငါ့ကို စောင့်ကြည့်နေခဲ့တဲ့သူက ဒီမိန်းမယုတ်လေး ဖြစ်နေတာပဲ…*

ဖုန်းကျိလန်က သူမကို လှမ်းကြည့်လိုက်လေသည်။

"နယ်စားကတော်... အဲ့တုန်းက ရှင် သတ်ပစ်ခဲ့တဲ့ အစေခံမလေးကို မှတ်မိသေးလား..."

"သူမက စာရေးတတ် ဖတ်တတ်တယ်... ပြီးတော့ သူမက အဆိပ်အနည်းငယ်ကိုလည်း တိတ်တဆိတ် ဖွက်ထားခဲ့တယ်... သူမက ရှင် အဘွားအိုကို လုပ်ကြံသတ်ဖြတ်မယ့် အကြံအစည်ကို စာတစ်စောင်ထဲ ရေးပြီး အဆိပ်နဲ့အတူ သူမရဲ့ အစ်ကိုကြီးဆီ ပေးခဲ့တယ်... သူမ တစ်ခုခုဖြစ်သွားခဲ့ရင် အနာဂတ် တစ်နေ့နေ့မှာ အမှန်တရားကို အများပြည်သူသိအောင် ဖော်ထုတ်ပေးဖို့ မျှော်လင့်ခဲ့တယ်..."

"ပြီးတော့ အဲ့ဒါက အထောက်အထားပဲ... ကျွန်မကတော့ သက်သေပဲ..."

ဖုန်းကျိလန်၏ စကားများက ကျိုးချန်ရူကို မျှော်လင့်ချက် ကင်းမဲ့သွားစေလေသည်။

ထိုအဘွားအိုက အရာရာတိုင်းကို ဝင်ပါပြီး သူမကို အမြဲတမ်း ဆန့်ကျင်နေသဖြင့် သူမ မုန်းတီးခဲ့ပြီး နယ်စားကြီး၏ အခန်းထဲသို့ လူများကို ပို့လွှတ်တတ်သည်ကို သူမ ပို၍ပင် မုန်းတီးခဲ့လေသည်။

ကျိုးချန်ရူမှာ လုံးဝ အားအင်ကုန်ခမ်းသွားသည်ဟု ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ ပြိုကျသွားလေသည်။

သူမ ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ဘာပဲဖြစ်ဖြစ် ထိုစဉ်က အဘွားအိုသည် ဧကရာဇ်အမိန့်တော်ကို ကိုင်ဆောင်ထားပြီး တရားဝင်အရာရှိဘွဲ့ထူး မှတ်ပုံတင်ထားသူ တစ်ဦး ဖြစ်လေသည်။

ဘွဲ့ထူးရှိသော အမျိုးသမီးတစ်ဦးကို အလိုရှိသလို သတ်ဖြတ်ခြင်းသည် တုံလင်နိုင်ငံ၏ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ကိုပင် ခံရမည် ဖြစ်လေသည်။

အဆုံးတွင် ကျိုးချန်ရူသည် ခွေးသေတစ်ကောင်ကဲ့သို့ တရားရေးဝန်ကြီးဌာနမှ ဆွဲထုတ်သွားခြင်း ခံလိုက်ရလေသည်။

အခန်း (၆၂) ရှင် သူ့ကို သတ်ချင်နေတာလား

ကျိုးချန်ရူကို တရားရေးဝန်ကြီးဌာနက ခေါ်ဆောင်သွားပြီးနောက် မင်ယွမ်နယ်စားသည်လည်း မှောင်မိုက်နေသော အမူအရာဖြင့် ပွဲကြည့်ပရိသတ် အမြောက်အမြားကို လွှတ်လိုက်လေသည်။

နယ်စားအိမ်တော်သို့ တစ်နေကုန် လာရောက်လည်ပတ်ကာ ပြဇာတ်ကြည့်ရသည်ကို နှစ်သက်ကြသူများအနက် ယွင်ဟွားမှာ အပျော်ရွှင်ဆုံး ဖြစ်လေသည်။

"ရှောင်ရှူးရှူး... အဲ့မိန်းမက ငါ့အမေကို နောက်ထပ် အထေ့အငေါ့တွေ မပြောနိုင်တော့ဘူး... သိပ်ကောင်းတာပဲ..."

ယွင်ဟွားက အောင်ပွဲခံကာ အကြောဆန့်လိုက်ပြီး ရထားလုံးပေါ်တွင် ထိုင်လျက် မထိန်းနိုင်မသိမ်းနိုင် ရယ်မောနေလေသည်။

ချွေ့ဝမ်ရှင်းက ညင်သာစွာ ပြုံးလိုက်ပြီး သူမကို ဂုဏ်ယူစေရန် အလွန် စိတ်အားထက်သန်နေသော သမီးငယ်လေးကို ကြည့်ကာ သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုများကို ခံစားလိုက်ရလေသည်။

"ဟွားဟွားလေး... ရယ်တာကို ရပ်လိုက်တော့... နင်းကော်မြို့စားက နင့်ကို တိတ်တဆိတ် လုပ်ကြံဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကို ငါ တွေ့ထားတယ်..."

ယွင်ဟွား၏ အပြုံးမှာ တန့်သွားလေသည်။

ချွေ့ဝမ်ရှင်း၏ နှလုံးသားမှာ ချက်ချင်းပင် တင်းကျပ်သွားလေသည်။

"ဟေး... အဲ့အဘိုးကြီးက ငါ့အပေါ် အမှန်တကယ် ပုံချဖို့ ကြိုးစားနေတာပဲ..."

ရှင်ခြင်းသေခြင်းစာအုပ်က မျက်လုံးကို လှန်လိုက်လေသည်။

"နင် ဘယ်လိုထင်လဲ..."

ယွင်ဟွားက နှုတ်ခမ်းဆူလိုက်ပြီး သူမ၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ သူမ၏ မျက်လုံးများကို ဟိုဟိုဒီဒီ ရွှေ့လိုက်ရာ ယုတ်မာသော အကြံအစည်တစ်ခုခုကို စဉ်းစားနေသကဲ့သို့ပင် ဖြစ်လေသည်။

"စာအုပ်လေး... အဲ့လူယုတ်မာကြီး အားလပ်ချိန် သိပ်မရှိရအောင် ငါတို့ သူ့အတွက် အလုပ်တစ်ခုခု ရှာပေးလိုက်ရင်ရော ဘယ်လိုလဲ..."

"နင့်မှာ အကြံအစည် ရှိလို့လား..."

၎င်းက ၎င်း၏ ကိုယ်ပိုင် ဟွားဟွားလေးကို အထင်သေးနေခြင်း မဟုတ်သော်လည်း သူမသည် ငရဲပြည်တွင် အလုပ်စလုပ်ကတည်းက သရဲတစ္ဆေများနှင့် တိုက်ခိုက်ခြင်းမှလွဲ၍ သူမ၏ ဦးနှောက်ငယ်လေးကို အမှန်တကယ် အများကြီး အသုံးမပြုခဲ့ပေ။

"ဟေး... ငါ့ကို ဘယ်သူလဲလို့ နင် ထင်နေတာလဲ..."

ယွင်ဟွားသည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး သူမ၏ စိတ်ဓာတ်မှာ ချက်ချင်း မြင့်တက်သွားလေသည်။

"ရှောင်ရှူးရှူး… နင် ကျန်းကျင့်ဟယ်ကို မေ့သွားပြီလား... ငါတို့ ကလေးကဗျာတစ်ပုဒ်လောက် ဖန်တီးပြီး သူ့ရဲ့ ဇာတ်လမ်းကို ဖြန့်လိုက်ရအောင်... ဒါဆိုရင် နင်းကော်မြို့စားက ခေါင်းကိုက်သွားပြီး ငါ့အကြောင်းကို အချိန်ပြည့် စိတ်ပူနေတာတွေ ရပ်တန့်သွားလိမ့်မယ်... ပြီးတော့ သူ ဘယ်လောက်ပဲ စိတ်ပူနေပါစေ ဒီပန်းလေးက သူ့ရဲ့ အသက်ကို တစ်နှစ်လေးတောင် ထပ်တိုးပေးမှာ မဟုတ်ဘူး..."

ယွင်ဟွား၏ မျက်ခုံးများ ပြေလျော့သွားပြီး ထိုကလေးကဗျာကို မည်သို့ ရေးစပ်ရမည်ကို သူမ စဉ်းစားပြီးသွားပြီ ဖြစ်လေသည်။

"ဒါဆို နင်က ဘယ်လို ဖန်တီးချင်တာလဲ..."

ရှင်ခြင်းသေခြင်းစာအုပ်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်လေသည်။

"ဟွားဟွားလေးရဲ့ နင့်ရဲ့ အကြံဉာဏ်က... မဆိုးပါဘူး..."

"ဟီးဟီးဟီး... ရှောင်ရှူးရှူး... နားထောင်နော်..."

ယွင်ဟွားသည် ထူးဆန်းစွာ ပြုံးလိုက်ပြီး မှတ်မိလွယ်သော ကလေးကဗျာတစ်ပုဒ် သူမ၏ စိတ်ထဲတွင် ပေါ်လာလေသည်။

"မြို့စားကြီးရဲ့ အိမ်တော်မှာ ကျန်းမိသားစုက သားအကြီးဆုံး ကျန်းကျင့်ဟယ်ပါ.. နယ်စားအိမ်တော်ရဲ့ အမွေဆက်ခံသူကိုတော့ ရှောင်ဖုန်း းလို့ ခေါ်တာပေါ့..."

"နေ့ဘက်ဆို လက်ချင်းချိတ်ပြီး ချိုသာတဲ့ စကားတွေ တိုးတိုးလေး ပြောတတ်ကြတယ်... ညဘက်ကျတော့လည်း ကုတင်ပေါ်မှာ အတူတူ လူးလှိမ့်နေကြတာပဲ..."

"ဘိုးဘေးတွေရဲ့ ဝိညာဉ်ကမ္ပည်းပြားတွေကနေတောင် မီးခိုးတွေ ထွက်လာတယ်... မိဘတွေဆိုရင်လည်း ဒေါသထွက်လွန်းလို့ လည်ပင်းတွေတောင် စောင်းသွားတယ်..."

"အဲ့လူနှစ်ယောက်ကို အတုမခိုးကြနဲ့နော်... သူတို့က ကိုယ်ကျင့်တရားကင်းမဲ့ပြီး မကြာခင် မိုးကြိုးပစ်ခံရတော့မှာပဲ..."

ချွေ့ဝမ်ရှင်း….။

"ဖူး..."

ယွင်ဝေသည် ဤစကားများကြောင့် လန့်သွားပြီး ပါးစပ်ထဲမှ လက်ဖက်ရည်ကို ထွေးထုတ်လိုက်မိလေသည်။

အတည်ပြုလိုက်ပြီ။

သူမ၏ ညီမလေးသည် ဤအရာအတွက် သူမ၏ အသိပညာအားလုံးကို အသုံးချခဲ့ခြင်း ဖြစ်လေသည်။

"ဟွား... ဟွားဟွားလေး..."

ဟွားဟွားလေး၏ ခေါင်းပေါ်တွင် နားနေသော ရှင်ခြင်းသေခြင်းစာအုပ်မှာ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

"မင်းရဲ့... တွေးတောပုံက... အတော်လေးကိုကြီးကျယ်တာပဲ..."

"ကြီးကျယ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... အဲဒါ အရမ်းကောင်းတယ်လို့ ငါ ထင်တာပဲ..."

ယွင်ဟွားသည် သူမ၏ လက်သီးကို ဆုပ်ထားလိုက်ပြီး သူမ၏ တစ်ကိုယ်လုံးမှာ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေလေသည်။

အိမ်တော်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ယွင်ဟွားသည် ရှောင်ရှူးရှူး၏ ဗိုက်ထဲမှ ရွှေတုံးငယ်လေးတစ်တုံးကိုယူကာ ထောင်ကျီကို ကမ်းပေးရန် မစောင့်နိုင်တော့ပေ။

"စတုတ္ထသခင်မလေး... သခင်မလေးက အဲ့တာကို တကယ်ပဲ လုပ်တော့မလို့လား..."

"အင်း..."

ဤအရာမှာ သူမ ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ စဉ်းစားခဲ့ရသည့် အရာဖြစ်လေသည်။ ၎င်းကို မလုပ်ဆောင်လျှင် သူမ၏ အရည်အချင်းကို ဖြုန်းတီးပစ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

"ထောင်ကျီ... မြန်မြန်သွား... မကြာခင် မှောင်တော့မယ်..."

ယွင်ဟွားက သူမကို ဆက်တိုက် တိုက်တွန်းနေပြီး မနက်ဖြန်တွင် ဤကလေးကဗျာမှာ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး နင်းကော်မြို့စားကို မည်မျှ ဒေါသထွက်စေမည်ကို စိတ်ကူးယဉ်နေလေသည်။

ကူကယ်ရာမဲ့စွာဖြင့် ထောင်ကျီသည် ငွေကို ယူကာ အလုပ်ကို လုပ်ဆောင်ရန် သွားခဲ့လေသည်။

ချွေ့ဝမ်ရှင်းထံမှ ထိုနေ့က နယ်စားအိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သိရှိပြီးနောက် ယွင်ရှောင်ထျန်းသည် သူ၏ ပေါင်ကို ရိုက်ကာ သူမနှင့်အတူ ပြဇာတ်ကို သွားမကြည့်ဖြစ်ခဲ့သည့်အတွက် နောင်တရကြောင်း အာမေဍိတ်သံ ပြုလိုက်လေသည်။

"အာ... နှမြောစရာကောင်းလိုက်တာ..."

ချွေ့ဝမ်ရှင်းက သူ့ကို စိုက်ကြည့်လိုက်လေသည်။

"ရှင်က အခုထိ နောင်တရနေတုန်းလား... အဲ့မိန်းကလေးရဲ့ ယုတ်မာတဲ့ အကြံအစည်ကို ရှင် မကြားခဲ့ရဘူးလား..."

ယွင်ရှောင်ထျန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချွေ့ဝမ်ရှင်း၏ လက်ကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး အလွန် ဂုဏ်ယူနေပုံပေါ်လေသည်။

"အဲဒါ ကောင်းတာပေါ့... ငါနဲ့တူပြီး လုံလောက်အောင် ထက်မြက်တယ်..."

ချွေ့ဝမ်ရှင်းသည် ဆွံ့အသွားပြီး ယွင်ရှောင်ထျန်း၏ နားရွက်ကို ဆွဲကာ ဒေါသတကြီး ဆူပူလိုက်လေသည်။

"ရှင်နဲ့ တူတာပေါ့... ရှင်ကြောင့်မို့ အဲ့မိန်းကလေးက ဥပဒေမဲ့လုနီးပါး ဖြစ်နေတာ..."

"အား…နာတယ်... နာတယ်... ဇနီးလေး... လွှတ်ပါ... လွှတ်ပါဦး..."

ယွင်ရှောင်ထျန်းသည် သူ၏ ခေါင်းကို စောင်းလိုက်သော်လည်း သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ်မျှ လျော့ပါးမသွားပေ။

"ငါတို့မိသားစုရဲ့ သမီးက အဲ့လိုမျိုး ဖြစ်သင့်တာပေါ့... သူမက ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး... သူမ ပြဿနာရှာရင်တောင် သူမရဲ့ အဖေက သူမကို ထောက်ခံပေးမှာပဲ... ငါက သူမကို မထောက်ခံနိုင်ဘူးဆိုရင်တောင် ဧကရာဇ်မင်းမြတ် ရှိသေးတယ်လေ..."

ချွေ့ဝမ်ရှင်း.....။

သူမ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ် စတုတ္ထသခင်မလေးက ထောင်ကျီကို လမ်းများနှင့် လမ်းကြားများ တစ်လျှောက်တွင် ကလေးကဗျာ ဖြန့်ခိုင်းခဲ့ကြောင်း အစေခံတစ်ဦး လာရောက် သတင်းပို့လေသည်။

ထိုမိန်းကလေး၏ ပြီးခဲ့သည့်အကြိမ်က အပြုအမူများကြောင့် ယွင်ရှောင်ထျန်းသည် သူမကို ကာကွယ်ရန် အစောင့်များကို ထပ်မံ တာဝန်ချထားခဲ့လေသည်။

"အဲ့ကောင်မလေးက အပြင်ထွက်ခဲတယ်... သူမ တွေးသမျှက လမ်းတွေနဲ့ လမ်းကြားတွေ အကြောင်းချည်းပဲ..."

ယွင်ရှောင်ထျန်းသည် ၎င်းအကြောင်းကို တစ်ခဏမျှ စဉ်းစားလိုက်ပြီး သေချာပေါက် သူ၏ သမီးငယ်လေး၏ ဆုံးဖြတ်ချက်ကို ထောက်ခံမည် ဖြစ်လေသည်။

သူသည် အိမ်တော်ထိန်းကို ခေါ်ကာ ညွှန်ကြားလိုက်လေသည်။

"ဘဏ္ဍာတိုက်ထဲက ငွေတွေပိုယူသွားပြီး စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ဖျော်ဖြေရေး နေရာတွေနဲ့ တခြားနေရာတွေမှာ သတင်းဖြန့်ဖို့ လူပိုရှာလိုက်... သတင်းက နင်းကော်မြို့စားအိမ်တော်ကို ချက်ချင်း ရောက်သွားတာက အကောင်းဆုံးပဲ..."

ယွင်ရှောင်ထျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ ထိုလူယုတ်မာကြီး နင်းကော်မြို့စားက သူ့ရဲ့ အငယ်ဆုံးသမီးလေးကို ဒုက္ခပေးချင်နေတုန်းပဲ။

*ငါ သူ့ကို အခုချက်ချင်း နောက်ထပ်တစ်ကြိမ် မျက်နှာပျက်အောင် လုပ်ပေးလိုက်မယ်…*

ယွင်ရှောင်ထျန်း၏ ပါဝင်ပတ်သက်မှုကြောင့် ကလေးကဗျာမှာ နာရီဝက်ပင် မကြာမီ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ သေချာပေါက် ထိုသတင်းက နင်းကော်မြို့စားအိမ်တော်သို့လည်း ရောက်ရှိသွားခဲ့လေသည်။

"မင်း ဘိုးဘေးခန်းမမှာ သွားဒူးထောက်နေစမ်း..."

နင်းကော်မြို့စားမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး လက်သီးများကို ဆုပ်ထားကာ သတိလစ်လုနီးပါး ဖြစ်နေပုံပေါ်လေသည်။

အိမ်ထောင်ပြုရန်နှင့် သားသမီးရရန် အမြဲတမ်း ငြင်းဆန်ခဲ့သော သူ၏ သားက ယောကျာ်းလေးများကို အမှန်တကယ် သဘောကျလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

နယ်စားအိမ်တော်တွင် ဖောက်ပြန်နေစဉ် လက်ပူးလက်ကြပ် မိသွားပြီးနောက် ကျန်းကျင့်ဟယ်သည် ကိစ္စကို အချိန်ကြာမြင့်စွာ ဖုံးကွယ်ထား၍ မရနိုင်ကြောင်းကို သိထားလေသည်။ သူသည် မူလက ပစ္စည်းများကို သိမ်းဆည်းကာ အချိန်အတန်ကြာ ပုန်းအောင်းနေရန် စီစဉ်ထားသော်လည်း သတင်းမှာ ဤမျှ လျင်မြန်စွာ ပျံ့နှံ့သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူတို့က ကလေးကဗျာတွေတောင် ဖန်တီးလိုက်သေး၏။

နင်းကော်မြို့စား၏ မျက်နှာမှာ ပြာနှမ်းနေပြီး သူ၏ နောက်ကျိနေသော မျက်လုံးများက ဒူးထောက်နေသော သူ၏ သားကို စိုက်ကြည့်နေရာ သူ့ကို ပို၍ပင် အိုမင်းသွားသကဲ့သို့ ထင်ရစေလေသည်။

"ရိုက်စမ်း... သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်စမ်း..."

"အဖေ..."

ကျန်းကျင့်ဟယ်မှာ အလွန်အမင်း ထိတ်လန့်သွားလေသည်။ သူသည် အစေခံ၏ လက်ထဲရှိ သစ်သားတုတ်ကို ကြည့်ရင်း တုန်လှုပ်သွားလေသည်။

နင်းကော်မြို့စားမှာ ဒေါသထွက်နေသဖြင့် သူ့ကို လုံးဝ လျစ်လျူရှုထားလေသည်။

သူက အခြားသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ဒုက္ခပေးတတ်ခြင်းမှာ ကိစ္စတစ်ခုဖြစ်သော်လည်း အနည်းဆုံးတော့ သူသည် ပုံမှန်ယောကျာ်းတစ်ယောက်ဖြစ်ပြီး နောက်မျိုးဆက်အတွက် မျှော်လင့်ချက် ရှိနေသေးလေသည်။

ဒါပေမယ့် အခုတော့...။

အရာအားလုံး ပျက်စီးသွားပြီ...။

နင်းကော်မြို့စား၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး အံကိုကြိတ်ကာ ကြိမ်းမောင်းလိုက်လေသည်။

"ရိုက်စမ်း... ငါ ရပ်လို့ မပြောမချင်း ဘယ်သူမှ မရပ်ရဘူး..."

အစေခံနှစ်ဦးမှာ အမိန့်ကို လက်ခံရရှိပြီးနောက် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကာ အံကိုကြိတ်ပြီး သစ်သားတုတ်များကို ဝှေ့ယမ်းလိုက်ကြလေသည်။

"ဖြန်း..."

မြို့စားတစ်ဦး၏ သားဖြစ်သဖြင့် ကျန်းကျင့်ဟယ်မှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရလေသည်။ ပထမဆုံးအချက်က သူ့ကို ရှေ့သို့ ယိမ်းယိုင်သွားစေပြီး ကြမ်းပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်နေကာ အော်ဟစ်လိုက်လေသည်။

"အဖေ... အဖေ... သား မှားသွားပါတယ်... သား မှားသွားပါတယ်..."

သို့သော်လည်း ဒေါသထွက်နေပြီဖြစ်သော နင်းကော်မြို့စားသည် ဤအရာများထဲမှ တစ်ခုကိုမျှ နားထောင်မည် မဟုတ်ပေ။ အစေခံမှာ တုတ်ကို ကိုင်ထားသော်လည်း ဒုတိယအချက် ရိုက်ရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူသည် ရှေ့သို့လှမ်းကာ ၎င်းကို ဆွဲလုလိုက်လေသည်။

"မင်းလို အရှက်မရှိတဲ့ကောင်ကို ငါ သေအောင် ရိုက်သတ်ပစ်မယ်... မင်းက သဘောကျနိုင်တဲ့လူတွေ အများကြီးရှိတဲ့ထဲက ဘာလို့ ဒီလိုလူကို သဘောကျရတာလဲ..."

နင်းကော်မြို့စားသည် ထိုစကားလုံးနှစ်လုံးကို ပြောထွက်ရန်ပင် အလွန်အမင်း ရှက်ရွံ့နေခဲ့လေသည်။

သစ်သားတုတ်များမှာ ပျံဝဲလာပြီး ကျန်းကျင့်ဟယ်ကို အကြိမ်ကြိမ် ရိုက်နှက်ရာ သူ၏ ပိုးသားဝတ်ရုံမှာ စုတ်ပြဲသွားပြီး သူ၏ အသားအရေပေါ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့် သွေးစွန်းမှုများ ကျန်ရစ်စေလေသည်။

"မင်း... မင်းက နင်းကော်မြို့စားအိမ်တော်ကို လုံးဝ အရှက်ခွဲလိုက်တာပဲ..."

"ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိရင် ပထမဆုံးကတည်းက ငါ မင်းကို မမွေးခဲ့သင့်ဘူး..."

နင်းကော်မြို့စားမှာ ပြင်းထန်သော မုန်းတီးမှုများဖြင့် ပြည့်နှက်နေလေသည်။

သူ၏ သမီးအကြီးဆုံး၏ ဖောက်ပြန်မှုက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့ကို မျက်နှာပျက်စေခဲ့ပြီး ယခုအခါ သူ၏ သားအငယ်ဆုံးမှာလည်း အမျိုးသားတစ်ဦးနှင့် ပတ်သက်နေလေသည်။ လူများက သူ့ကို မည်သို့ ဝေဖန်ကြမည်နည်း သို့မဟုတ် ခြောက်လအတွင်း သူ နန်းတွင်းသို့ ပြန်သွားနိုင်မည်လားဆိုသည်ကို သူ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

"ငါ မင်းကို သေအောင် ရိုက်သတ်မယ်... မင်းကို သေအောင် ရိုက်သတ်လိုက်တာက ပိုကောင်းမယ်…”

နင်းကော်မြို့စားသည် သူ၏ ခွန်အားကို အနည်းငယ်မျှပင် မလျှော့ချခဲ့ပေ။ ဒုတိယအချက် ရိုက်ခံရပြီးနောက် နာကျင်မှုကြောင့် သတိလစ်သွားသော ကျန်းကျင့်ဟယ်ကို ရိုက်နှက်ရာမှ သူက စိတ်လွတ်သွားခဲ့လေသည်။

သူသည် ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး သူ၏ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ဖရိုဖရဲ ဖြစ်နေလေသည်။

မြို့စားကတော် ရောက်ရှိလာပြီး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ သူမ အလွန်အမင်း ထိတ်လန့်သွားလေသည်။

သူမသည် အရူးမတစ်ယောက်လို ရှေ့သို့ ပြေးထွက်လာကာ ငိုကြွေးလျက် နင်းကော်မြို့စား၏ လက်မောင်းကို တင်းကျပ်စွာ ဖက်ထားလေသည်။

"သူက ရှင့်သားလေ... ရှင့်ရဲ့ သား... ရှင့်ရဲ့ တစ်ဦးတည်းသော သားလေ... ရှင် သူ့ကို သတ်ချင်နေတာလား..."

All Chapters