အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း (၆၃) ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲ
"ငါ့ရှေ့က ဖယ်စမ်း..."
နင်းကော်မြို့စား၏ မျက်လုံးများမှာ ဒေါသမီးများ တောက်လောင်နေပြီး အသံကုန် ဟိန်းဟောက်လိုက်လေသည်။
"ဒီလို အရှက်မရှိတဲ့သားမျိုး မရှိခဲ့ဖူးဘူးလို့ပဲ သတ်မှတ်လိုက်တော့မယ်..."
"အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်စမ်းပါ... ကောလာဟလတွေ ဘယ်လောက်တောင် ပျံ့နှံ့နေပြီလဲဆိုတာ သွားကြည့်လိုက်... မင်းရဲ့သားက ယောကျာ်းလေးတွေကို သဘောကျတယ်တဲ့... သူက ကျန်းမိသားစုရဲ့ မျိုးဆက်ကို ဖြတ်တောက်ချင်နေတာလား..."
နင်းကော်မြို့စားသည် မြို့စားကတော်၏ ရှေ့တွင် အံကိုကြိတ်ကာ စကားလုံးများကို တစ်လုံးချင်းစီ ခဲယဉ်းစွာ ပြောဆိုလိုက်လေသည်။
"သူ ခုလိုဖြစ်သွားတာက မင်း သူ့ကို အလိုလိုက်လွန်းလို့ပဲ... ငါ့အမြင်ပြောရရင် အဲ့ကလေးကဗျာထဲက စာကြောင်းနှစ်ကြောင်းက တကယ့်ကို မှန်ကန်တယ်... ဘိုးဘေးတွေရဲ့ ဝိညာဉ်ကမ္ပည်းပြားတွေကနေတောင် မီးခိုးတွေ ထွက်လာတယ်... မိဘတွေဆိုရင်လည်း ဒေါသထွက်လွန်းလို့ လည်ပင်းတွေတောင် စောင်းသွားတယ် းတဲ့..."
"ငါလည်း ဒေါသထွက်လွန်းလို့ လည်ပင်းတောင် စောင်းတော့မယ်... ခေါင်းကို နံရံနဲ့သာ ပြေးဆောင့်ချင်စိတ် ပေါက်နေပြီး သူ့ကို သေအောင် ရိုက်သတ်ချင်နေတာ..."
မြို့စားကတော်မှာ လန့်သွားလေသည်။
သူမသည် နင်းကော်မြို့စား၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လွှတ်ပေးရန် ငြင်းဆန်ကာ ပြောလိုက်လေသည်…
"ဘာပဲဖြစ်ဖြစ် ရှင် သူ့ကို သတ်လို့ မရဘူးလေ..."
"အနည်းဆုံးတော့ ငါတို့သားက အင်္ဂါစုံလင်ပြီး အလုပ်လုပ်နိုင်သေးတာပဲ... ငါတို့ ကိုယ်လုပ်တော်တစ်ယောက်ရှာပြီး သူ့ကို ဆေးခတ်လိုက်ရင် အနည်းဆုံးတော့ ကျန်းမိသားစုအတွက် အမွေဆက်ခံသူ တစ်ယောက် ရလာမှာပဲလေ..."
"ရှင်... ရှင် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်လို့ ရသေးတာပဲ..."
မြို့စားကတော်သည် မျက်ရည်များကို သုတ်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
ထိုစကားက နင်းကော်မြို့စား၏ အသိစိတ်အချို့ကို ပြန်လည် နိုးကြားလာစေရန် လုံလောက်ခဲ့လေသည်။
*ဟုတ်တာပေါ့... မူလအကောင့်က အသုံးမကျတော့မှတော့ အရန်အကောင့်သစ်တစ်ခု ဖန်တီးလို့ ရတာပဲလေ…*
မြို့စားကတော်သည်လည်း နှလုံးကွဲကြေမတတ် ဝမ်းနည်းနေခဲ့လေသည်။
သူမတွင် သားသမီး နှစ်ယောက်သာရှိပြီး တစ်ယောက်က သေဆုံးသွားကာ နောက်တစ်ယောက်က မသန်မစွမ်း ဖြစ်နေသဖြင့် သူမ၏ ခါးသီးမှုများကို တိတ်တဆိတ်သာ မျိုချထားနိုင်ခဲ့လေသည်။
နင်းကော်မြို့စားမှာ အရင်ကလောက် ဒေါသမထွက်တော့သည်ကို မြင်သောအခါ မြို့စားကတော်သည် အစေခံများကို အချက်ပြလိုက်ရာ သူတို့က သားဖြစ်သူကို အမြန်သယ်ဆောင်သွားကြလေသည်။
ဒေါသများ ပြေလျော့သွားပြီးနောက် နင်းကော်မြို့စားသည် ထိုနေ့က နယ်စားအိမ်တော်တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို စုံစမ်းရန် လူတစ်ယောက်ကို လွှတ်လိုက်လေသည်။
ဤကိစ္စက ယွင်မိသားစုမှ ထိုကျိန်စာသင့်နေသော မိန်းကလေးနှင့် ပတ်သက်နေကြောင်း သူ သိလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် ကောင်းကင်ကြီးဆီသို့ပင် အော်ဟစ်လိုက်လေသည်။
*ယွင်ဟွား... မင်းနဲ့ငါ တကယ့် ရန်သူတွေပဲ…*
ယွင်ဟွားသည် ကုတင်ပေါ်ရှိ ကျောက်တုံးတစ်တုံးကို ကိုးကွယ်နေသော ရှောင်ရှူးရှူးကို ကြည့်နေစဉ် ရုတ်တရက် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရလေသည်။
သူမသည် လန့်သွားပြီး ချက်ချင်း မတ်မတ်ထိုင်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်လျက် မိမိကိုယ်မိမိ နှစ်သိမ့်လိုက်လေသည်။
"အဲ့လူယုတ်မာကြီး ငါ့ကို မျက်စိကျနေပြန်ပြီ ထင်တယ်..."
"ကျေးဇူးပြုပြီး ပြသပေးပါ... ငါ မင်းကို အကြိမ်ပေါင်းများစွာ တောင်းပန်ပြီးပြီလေ..."
ရှင်ခြင်းသေခြင်းစာအုပ်မှာ ဟွားဟွားလေးအတွက် ငရဲလကျောက်ကို တောင်းပန်လုနီးပါး ဖြစ်နေလေသည်။
ယွင်ဟွားသည် ကျောက်တုံးကို လက်ထဲတွင် ကိုင်ထားပြီး မေးလိုက်လေသည်။
"ဒါက ယမမင်းရဲ့ ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်တဲ့ ငရဲလကျောက်လား.."
"ဟုတ်တယ်... စာအုပ်ထဲ အဲဒါက တကယ်တော့ အသုံးမကျတဲ့ ကျောက်တုံးတစ်တုံးဆိုတာ ဖော်ပြနေတယ်..."
ရှင်ခြင်းသေခြင်းစာအုပ်က သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
“ဟွန့်... ငါအရမ်း ဒေါသထွက်နေတယ်…”
၎င်းက အလွန်ခက်ခဲစွာ ခိုးယူခဲ့ရသည်မှာ နှမြောစရာပင် ဖြစ်လေသည်။ ဤသို့ဖြစ်လာမည်ကို ကြိုသိခဲ့လျှင် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သော တရားသူကြီး၏ စုတ်တံကို ခိုးယူခဲ့ခြင်းက ပိုကောင်းပေလိမ့်မည်။
"အသုံးမကျဘူးလား..."
"အဲဒါက တော်တော်လေး လှတယ်လို့ ငါ ထင်တယ်... ဖြစ်နိုင်တာက ငါတို့ သင့်လျော်တဲ့ ချဉ်းကပ်ပုံကို မတွေ့သေးတာလား..."
ယွင်ဟွားသည် သူမ၏ လက်ထဲရှိ ငရဲလကျောက်ကို အကြိမ်ကြိမ် အကဲခတ်ကြည့်လိုက်လေသည်။ ၎င်းမှာ ကြာပန်းပုံစံရှိပြီး အဖြူရောင် အလင်းတန်းများ တောက်ပနေကာ အေးမြပြီး သက်တောင့်သက်သာရှိသော ခံစားမှုကို ပေးစွမ်းလေသည်။
ယခုအခါ ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်းကို လုံးဝ အမြင်ကတ်နေပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
"အပေါ်ယံပဲရှိပြီး အနှစ်သာရမရှိဘူး... အဲဒါက သူ့အတွက် ပြီးပြည့်စုံတဲ့ ဖော်ပြချက်ပဲ..."
သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယွင်ဟွား၏ လက်ထဲရှိ ငရဲလကျောက်မှာ ရုတ်တရက် လင်းလက်သွားပြီး ၎င်း၏ အေးစက်သော အလင်းရောင်များက လရောင်ကဲ့သို့ ဖြာကျလာကာ အခန်းတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်ကြောင့် ယွင်ဟွားမှာ လန့်သွားလေသည်။
မည်သူမျှ မတုံ့ပြန်နိုင်မီ ငရဲလကျောက်က နက်မှောင်ပြီး ထူးခြားမှုမရှိသော အုတ်ခဲတစ်ခဲကို ထွေးထုတ်လိုက်လေသည်။
ယွင်ဟွားမှာ ဆွံ့အသွားလေသည်။
သူမ မစဉ်းစားတော့ဘဲ ရုတ်တရက် အော်ပြောလိုက်မိလေသည်။
"အမည်းရောင်... အုတ်ခဲတစ်ခဲ... အရုပ်ဆိုးလိုက်တာ..."
ငရဲလကျောက်သည် ယွင်ဟွား၏ ရွံရှာမှုကို နားလည်ပုံရပြီး ချက်ချင်းပင် ၎င်းကို ပြန်လည် သိမ်းဆည်းလိုက်ကာ နောက်ထပ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ယွင်ဟွား၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားလေသည်။
“ရွှေရောင်…”
ရှင်ခြင်းသေခြင်းစာအုပ်မှာ မှင်သက်နေရာမှ ချက်ချင်း အသိပြန်ဝင်လာပြီး ၎င်း၏ တောင်ပံများကို ခတ်ကာ ငရဲလကျောက်ကို ကောက်ယူပြီး ယမမင်း၏ ဟင်းလင်းပြင်ထဲသို့ ခိုးဝင်ရန် စီစဉ်လိုက်လေသည်။
မမျှော်လင့်ဘဲ ငရဲလကျောက်မှာ ချက်ချင်း ခုန်တက်သွားပြီး ရှင်ခြင်းသေခြင်းစာအုပ်၏ ခေါင်းပေါ်သို့ ခုန်တက်ကာ ဒေါသထွက်နေသကဲ့သို့ အကြိမ်အနည်းငယ် နင်းခြေလိုက်လေသည်။
ထို့နောက် မှိန်ပျပျ အလင်းရောင်တစ်ခု လင်းလက်သွားပြီး ၎င်းမှာ ချက်ချင်းပင် တည်ငြိမ်သွားကာ ယွင်ဟွား၏ လက်ထဲတွင် တိတ်ဆိတ်စွာ ပြန်လည် လဲလျောင်းနေလေသည်။
ယွင်ဟွား…..။
ရှင်ခြင်းသေခြင်းစာအုပ်.....။
"အာ... ဒီကျိန်စာသင့်နေတဲ့ ကျောက်တုံးအစုတ်..."
ရှင်ခြင်းသေခြင်းစာအုပ်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ ၎င်းသည် ရေမှန်ကူကို ပြန်ယူရန် ယမမင်း၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
“ရလဒ်ကတော့... သူက ငါ့ကို ထိခွင့်မပေးဘူး…”
“သူက သက်မဲ့အရာဝတ္ထုတစ်ခုဖြစ်ပေမယ့် အငြိုးထားတတ်သေးတယ်…”
ရှင်ခြင်းသေခြင်းစာအုပ်မှာ ဆက်တိုက် ဆူညံအော်ဟစ်နေသော်လည်း ယွင်ဟွားမှာ ထိုရွှေအုတ်ခဲကို ကိုင်ထားရင်း အသေအချာ နားမလည်နိုင်ဖြစ်နေလေသည်။
"စာအုပ်လေး... ကြည့်စမ်း..."
ဤစကားကို ကြားသောအခါ ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်းကို လှမ်းကြည့်လိုက်ပြီး အုတ်ခဲမှ ထွက်ပေါ်နေသော စွမ်းအင်ကို ခံစားလိုက်ရကာ ၎င်း၏ လက်ရှိ အခြေအနေကို ကြည့်လိုက်လေသည်။ ဒေါသထွက်လွန်းသဖြင့် ၎င်းသည် နောက်ထပ်တစ်ကြိမ် ခုန်တက်သွားလေသည်။
"ခွဲခြားဆက်ဆံတာပဲ... ဗြောင်ကျကျ ခွဲခြားဆက်ဆံတာပဲ..."
ရှင်ခြင်းသေခြင်းစာအုပ်မှာ ငိုလုနီးပါး ဖြစ်သွားလေသည်။ ၎င်းက မကျေမနပ်ဖြင့် ပြန်လည် ချေပလိုက်လေသည်။
"ငရဲလကျောက်... နင် ဘယ်လိုလုပ် ငါ့ကို ခွဲခြားဆက်ဆံရက်တာလဲ... ဟမ်…ကောင်းကင်တုန်ခါအုတ်ခဲ..."
“ဘာ…”
ယွင်ဟွားက ရွှေအုတ်ခဲကို မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။
"ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက အမည်းရောင် မဖြစ်သင့်ဘူးလေ..."
၎င်း ပထမဆုံး ထွက်ပေါ်လာချိန်တွင် မူလက အမည်းရောင်ဖြစ်သော်လည်း နောက်ပိုင်းတွင် ရွှေရောင်သို့ ပြောင်းလဲသွားခဲ့သည်ကို ယွင်ဟွားက ပြန်လည်သတိရလိုက်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က နှုတ်ခမ်းဆူလိုက်ပြီး အလွန် နာကြည်းနေပုံဖြင့် ပြောလိုက်လေသည်။
"မင်းက ရွှေစလေးတွေကို သဘောကျမှန်း သူသိလို့ မင်းအတွက် နောက်ထပ် ရွှေတစ်ထပ် မွမ်းမံပေးလိုက်တာ ဖြစ်ရမယ်..."
ထို့ကြောင့်ပဲ သူက အလွန် ဒေါသထွက်နေခဲ့ခြင်း ဖြစ်လေသည်။
*အချိန်အကြာကြီး တောင်းပန်နေခဲ့တာတောင် ဘာတုံ့ပြန်မှုမှ မရခဲ့ပေမယ့် ဟွားဟွားလေးက ကြင်နာတဲ့ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ယမမင်းရဲ့ ပစ္စည်းတွေကို စိတ်အားထက်သန်စွာ ယူဆောင်လာပေးတဲ့အပြင် အခမဲ့တောင် ပြုပြင်ပေးလိုက်သေးတယ်လေ…*
ယွင်ဟွားမှာ ပျော်ရွှင်မှုကြောင့် မျက်နှာတစ်ခုလုံး လင်းလက်သွားပြီး သွေးသစ္စာဆိုရန် သူမ၏ လက်ချောင်းကို ချက်ချင်းကိုက်လိုက်လေသည်။
ဤအရာက ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲပင်။
အသုံးပြုလိုက်သည့်အခါ ၎င်းသည် ဟွန်ယွမ်စွမ်းအင်များကို ဆွဲယူနိုင်ပြီး ရန်သူများအပေါ်သို့ ကျဆင်းလာမည့် ကြယ်ပျံမိုးများအဖြစ် ပြောင်းလဲပေးနိုင်လေသည်။
အတိုင်းအတာ သေးငယ်လျှင် သံချပ်ကာများကို ခွဲဖြာပြီး အရိုးများကို ကျိုးကြေစေနိုင်ကာ အတိုင်းအတာ ကြီးမားလျှင် မြို့များကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။
ယွင်ဟွားသည် ၎င်းကို ဖက်ထားပြီး ပြင်းပြစွာ နမ်းရှိုက်လိုက်လေသည်။
"ငါတို့တော့ ချမ်းသာပြီ... ငါတို့တော့ တကယ့်ကို အမြတ်ကြီး ထွက်ပြီ..."
အရူးတစ်ယောက်လို ပြုံးဖြီးနေသော ဟွားဟွားလေးကို ကြည့်ရင်း ရှင်ခြင်းသေခြင်းစာအုပ်မှာ သူမ၏ စိတ်အားထက်သန်မှုအပေါ် ရေအေးလောင်းချလိုက်ရလေသည်။
"ဟွားဟွားလေး… နင် အောင်ပွဲခံတာ စောလွန်းနေပြီ... နင်က အခု သာမန်လူတစ်ယောက်ပဲ ရှိသေးတာ... သူ့ရဲ့ အစွမ်းအစ အပြည့်အဝကို နင် ထုတ်သုံးနိုင်မှာ မဟုတ်ဘူး..."
ယွင်ဟွား၏ အပြုံးမှာ တစ်ခဏမျှ တန့်သွားသော်လည်း သူမက ချက်ချင်းပင် လျစ်လျူရှုလိုက်လေသည်။
"ရပါတယ်... အနည်းဆုံးတော့ အခုချိန်မှာ ငါ့အတွက် လူတွေကို ရိုက်ဖို့ အသုံးဝင်တဲ့ ကိရိယာတစ်ခု ရသွားတာပေါ့..."
ယွင်ဟွား စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အတွေးတစ်ခုဖြင့် ကောင်းကင်တုန်ခါအုတ်ခဲမှာ သူမ၏ လက်ဝါးထဲသို့ ပျောက်ကွယ်သွားလေသည်။
ငရဲပြည်…။
"ဘယ်တစ်ခုလဲ..."
ယမမင်းသည် ပင်မခန်းမဆောင်တွင် အနေရခက်စွာ ထိုင်နေပြီး သူ၏ လက်များကို ပေါင်ပေါ်တွင် ဖြစ်သလို တင်ထားလေသည်။ အောက်ဘက်တွင် မျှော်လင့်တကြီး စောင့်ဆိုင်းနေသော တရားသူကြီးကို ကြည့်ရင်း သူ၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားလေသည်။
"မင်းအတွက် တခြားရတနာတစ်ခု ယူပေးရရင်ရော ဘယ်လိုလဲ..."
ချွေ့ကျွယ်က မျက်ခုံးပင့်လိုက်လေသည်။
"အရှင်မင်းကြီးက စကားကို ရုပ်သိမ်းတော့မလို့လား..."
ချွေ့ကျွယ်သည် သူ၏ လက်များကို ငုံ့ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
"ထားလိုက်ပါတော့... ကျွန်တော်မျိုးရဲ့ ဒီလက်တွေက ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲကို ကိုင်ဆောင်ဖို့ အမှန်တကယ် မထိုက်တန်ပါဘူး... အရှင်မင်းကြီးက သူ့ကို စွန့်လွှတ်ဖို့ အဲ့လောက်နှမြောနေမှတော့ အရှင်မင်းကြီးရဲ့ ပစ္စည်းကို ကျွန်တော်မျိုး မယူတော့ပါဘူး..."
ဤသို့ပြောပြီးနောက် ချွေ့ကျွယ်က ယမမင်းကို မော့ကြည့်လိုက်ပြီး တိတ်တဆိတ် လှည့်ထွက်သွားလေသည်။
သူ ကျိန်ဆိုလိုက်လေသည်။
ယခုမှစ၍ ငရဲပြည်တွင် ယမမင်းအတွက် အလုပ်လုပ်ပေးရလျှင် သူ၏ နာမည် ချွေ့ ကို ပြောင်းပြန်ရေးမည် ဖြစ်လေသည်။
ယမမင်းသည် နှလုံးသားမရှိသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသော ချွေ့ကျွယ်၏ မျက်လုံးများကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး ကြက်သီးထသွားလေသည်။
"မဟုတ်ဘူး... အဲ့လိုမဟုတ်ဘူး..."
ယမမင်းသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ နောက်သို့ အမြန် လိုက်သွားလေသည်။ ဤလူက မကောင်းတာတစ်ခုခု ကြံစည်နေကြောင်း သူ သေချာပေါက် သိနေလေသည်။
"ချွေ့ကျွယ်... ကျွယ်ကျွယ်လေး... ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲက မင်း တစ်ခု ရွေးလို့ရတယ်... မဟုတ်ဘူး... သုံးခုယူကွာ... ဒီကိစ္စကို ငါတို့ ကျော်သွားလိုက်ရအောင်..."
“သေစမ်း…”
ယမမင်းမှာ အလွန်အမင်း စိတ်ပျက်နေခဲ့လေသည်။ သူ၏ ဟင်းလင်းပြင်ထဲရှိ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲမှာ မနေ့ကအထိ ထိုနေရာတွင် ရှင်းလင်းစွာ ရှိနေသေးသော်လည်း ခုနလေးတင် သူ ထုတ်ယူရန် ကြိုးစားလိုက်ချိန်တွင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။
သူသည် ဟင်းလင်းပြင် လက်စွပ်တစ်ခုလုံးနီးပါးကို ရှာဖွေခဲ့သော်လည်း ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲမှာ တစ်နည်းနည်းဖြင့် ပျောက်ကွယ်သွားခဲ့လေသည်။
ဤအရာက တကယ့်ကို ရူးသွပ်စရာပင်။
အခန်း (၆၄) ယွင်ဟွား အငြိုးထားလေပြီ၊ ဧကရာဇ်ထံသို့ အသနားခံစာ တင်သွင်းတော့မည်
နောက်တစ်နေ့ တော်ဝင်ညီလာခံခန်းမအတွင်း၌ ဖြစ်လေသည်။
မင်ယွမ်နယ်စားသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြင်းထန်စွာ ငိုကြွေးနေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့လေသည်။ သူသည် မိမိ၏ အရာရှိများ၏ မိသားစုများကို ဆုံးမလေ့မရှိသော်လည်း မင်ယွမ်နယ်စားအိမ်တော်၏ ရှုပ်ထွေးလှသော ကိစ္စများမှာ မြို့တော်တစ်ခုလုံးရှိ လူအများ ပြောစရာဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ ထို့ပြင် ထိုကလေးကဗျာကို မည်သူရေးဖွဲ့ခဲ့သည် မသိရသော်လည်း သူတို့သည် တကယ့်ကို ပါရမီရှင်ပင် ဖြစ်ရမည်။
"မနေ့က အရှက်ကွဲရတာ မလုံလောက်သေးဘူးလား... အခုထိ အမွေဆက်ခံသူဘွဲ့ကို ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုရဲသေးတယ်ပေါ့လေ..."
ဖောက်ပြန်ခြင်း၊ ဆွေမျိုးနီးစပ်ချင်း ဖောက်ပြန်မှုကို လက်ပူးလက်ကြပ် ဖမ်းမိခြင်းနှင့် မူးမတ်ကတော်တစ်ဦးကို အဆိပ်ခတ်ခြင်း အရာအားလုံးသည် သူ၏ မိသားစုမှ ရှုပ်ထွေးမှုများသာ ဖြစ်လေသည်။
*ကောင်းလေစွ... အရမ်းကောင်းလေစွ*
ဧကရာဇ်ဝမ်ရွှမ်းသည် ဒေါသတကြီးဖြင့် သူ၏ လက်ထဲရှိ အသနားခံစာကို ပစ်ချလိုက်ရာ တိုက်ဆိုင်စွာပင် မင်ယွမ်နယ်စား၏ ခေါင်းကို သွားမှန်လေသည်။
"ဘယ်သူက ဒီဇာစ်မြစ်မသိရတဲ့ တရားမဝင်တဲ့ကောင်ကို အမွေဆက်ခံသူ ဖြစ်ခွင့်ပေးဖို့ မင်းကို သတ္တိတွေ ပေးထားတာလဲ..."
သူသာ အမှန်တကယ် သဘောတူလိုက်ပါက လောကတစ်ခုလုံး၏ လှောင်ပြောင်မှုကို ခံရမည် မဟုတ်ပါလော။ ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ မျက်နှာပျက်ရခြင်းကို သည်းမခံနိုင်ကြောင်း ခံစားလိုက်ရလေသည်။ မျက်လုံးများအားလုံးသည် မင်ယွမ်နယ်စားထံသို့ ချက်ချင်း ကျရောက်သွားလေသည်။
မင်ယွမ်နယ်စားက သူ၏ ခေါင်းကို အုပ်ကိုင်ထားပြီး သူ၏ မျက်နှာတွင် နာကြည်းမှုများ ပြည့်နှက်နေလေသည်။
"ဒါပေမယ့်လည်း... ဒီနယ်စားအိမ်တော်မှာ အမွေဆက်ခံသူ မရှိလို့ မဖြစ်ပါဘူး..."
“ဘယ်သူက မရှိဘူးလို့ ပြောနေတာလဲ... ဆွေမျိုးအနွယ်က တစ်ယောက်ယောက်ကို မွေးစားလိုက်လို့ ရနေတာပဲကို…”
သူတို့အားလုံးသည် မျိုးရိုးအမည်နှင့် ဘိုးဘေးတစ်ဦးတည်းကို မျှဝေခံစားထားကြသည်ဖြစ်ရာ မည်သို့ ကွာခြားမှုရှိမည်နည်းဟု ယွင်ဟွားက တွေးလိုက်လေသည်။
လူတိုင်း……။
ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ဟွား၏ စကားများကို အဓိပ္ပာယ်ရှိသည်ဟု ယူဆကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"မင်းရဲ့ တတိယညီမှာ စာပေရော စစ်ရေးဗျူဟာမှာပါတော်တဲ့ သားတစ်ယောက် ရှိတယ်လို့ ငါမှတ်မိတယ်... မင်း မနက်ဖြန်ကျရင် ဘွဲ့အသစ်တစ်ခုအတွက် လျှောက်ထားလိုက်ပါ..."
ဧကရာဇ်ဝမ်ရွှမ်း၏ စကားများက မင်ယွမ်နယ်စား၏ အစီအစဉ်များကို လုံးဝ ပျက်စီးသွားစေခဲ့လေသည်။
"အရှင်မင်းကြီး..."
မင်ယွမ်နယ်စားသည် အမွေဆက်ခံသူရာထူးကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းပေးရန် မည်သို့ သဘောတူနိုင်မည်နည်း။ သူသည် ချက်ချင်းပင် အကြိမ်ကြိမ် ဦးညွှတ်ခစားလိုက်လေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်..."
မနေ့က ဖြစ်ရပ်များကြောင့် ဒေါသထွက်ကာ သူသည် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။ ကျိုးကျိုး၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ အလွန် အနေရခက်လှသဖြင့် သူသည် ဤဘဝတွင် အမွေဆက်ခံသူ လုံးဝ ဖြစ်လာနိုင်မည် မဟုတ်ပေ။ ယခုအခါတွင်မူ ထိုယုတ်မာသော အမျိုးသမီးကို ကွပ်မျက်လိုက်ပြီဖြစ်ပြီး သူသည် အသက်အရွယ် ကြီးရင့်နေသော်လည်း ခွန်အားရှိနေဆဲဖြစ်ကာ အလွယ်တကူ နောက်အိမ်ထောင်ပြုပြီး ကလေးများ ရနိုင်သေးသည် မဟုတ်ပါလော။
"အရှင်မင်းကြီး... ကျွန်တော်မျိုး မှားသွားမှန်း သိပါပြီ... ကျွန်တော်မျိုး မှားမှန်း သိပါပြီ... အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ပြန်ရုပ်သိမ်းပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်..."
“ဝိုး... ပန်းကလေး... ဒီအဘိုးကြီးက ငယ်ရွယ်တဲ့ သတို့သမီးကို လက်ထပ်ပြီး နောက်ထပ် အမွေဆက်ခံသူ ဖန်တီးချင်နေသေးတာပဲ..”
ရှင်ခြင်းသေခြင်းစာအုပ်သည် ထက်မြက်သော မျက်လုံးရှိလေသည်။ ၎င်းသည် မင်ယွမ်နယ်စား၏ ကလည်ကလည်ဖြစ်နေသော မျက်လုံးများကို ကြည့်ရုံဖြင့် သူ မည်သည့်အရာကို ကြံစည်နေကြောင်း သိနိုင်လေသည်။ ယွင်ဟွားမှာ အလွန်အံ့အားသင့်သွားသဖြင့် သူမ၏ ပါးစပ်ကိုပင် မပိတ်နိုင်တော့ပေ။
“သူ တကယ်ပဲ အဲ့လောက် အရှက်မရှိတာလား…”
ကနဦး အံ့အားသင့်သွားပြီးနောက် ရွံရှာစက်ဆုပ်သော အမူအရာတစ်ခု ထွက်ပေါ်လာလေသည်။
“ဟုတ်တယ်... နွားအိုကြီးက မြက်နုစားချင်နေတာ... သူ ဘယ်တော့မှ သားမရနိုင်ပါစေနဲ့လို့ ငါ ကျိန်စာတိုက်တယ်…”
ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား၏ ပခုံးပေါ်တွင် ပျော်ရွှင်စွာ လူးလိမ့်နေပြီး ပြန်ပြောလေသည်။
“ပန်းကလေး... နင့်စကားက မှန်တယ်... သူ တကယ်ကို သားမရနိုင်တော့ဘူး..”
လူတိုင်း : မြန်မြန်ပြောပြစမ်းပါ...
ဧကရာဇ်ဝမ်ရွှမ်းသည် ဒူးထောက်နေသော မင်ယွမ်နယ်စားကို လျစ်လျူရှုကာ နောက်ထပ်လာမည့် အကြောင်းအရာကို စောင့်ဆိုင်းရန် သူ၏ နားများကို စွင့်ထားလိုက်လေသည်။
“ရှောင်ရှူးရှူး... ဘာတွေဖြစ်နေတာလဲ..”
ယွင်ဟွား၏ မျက်လုံးများ လင်းလက်သွားပြီး သူမသည် နောက်ဆုံးတွင် ပါးစပ်ကို ဖွင့်လိုက်လေသည်။
“ပန်းကလေး... မနေ့က နင် အော်လိုက်တယ် မဟုတ်လား... ယောက်ျားတွေရဲ့ အဲ့နေရာက လန့်တာကို မခံနိုင်ကြဘူး... တစ်ခါလန့်သွားတာနဲ့ ပြီးသွားတာပဲ... သူ့အရာကြီးက အသုံးမဝင်တော့ဘူးဆိုတာကို သူ မသိသေးတာ…”
လူတိုင်း : ဝိုး... အဲ့တာက စိတ်လှုပ်ရှားစရာပဲ…
ရှင်ခြင်းသေခြင်းစာအုပ်နှင့် စကားပြောပြီးနောက် ယွင်ဟွားသည် ခေါင်းကို ဆန့်ထုတ်ကာ မြေပြင်ပေါ်ရှိ မင်ယွမ်နယ်စားကို ကြည့်လိုက်ပြီး သူမ၏ အကြည့်များက ဖော်ပြ၍မရနိုင်သော နေရာတစ်ခုဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားလေသည်။ ယွင်ရှောင်ထျန်း၏ မျက်နှာမှာ မှုန်ကုပ်သွားပြီး ပြဿနာရှာတတ်သော သူ၏ သမီးကို နောက်သို့ ဆွဲခေါ်လိုက်လေသည်။
"ငြိမ်ငြိမ်နေစမ်း... ဘာတွေကို လိုက်ကြည့်နေတာလဲ..."
ဤအရာသည် သူမ ကြည့်သင့်သော အရာတစ်ခု ဖြစ်ပါသလော။ အဝတ်အစားများ ဝတ်ဆင်ထားလျှင်ပင် ခွင့်မပြုနိုင်ပေ။
"အရှင်မင်းကြီး..."
"ပါးစပ်ပိတ်ထားစမ်း..."
မင်းသားစုသည် တစ်မနက်လုံး ငိုကြွေးသံများကို နားထောင်နေရသဖြင့် ဆက်လက်သည်းမခံနိုင်တော့ပေ။ သူသည် မတ်တပ်ရပ်ကာ မင်ယွမ်နယ်စား၏ ကော်လာမှ ဆွဲကိုင်ပြီး သူ၏ နေရာသို့ ပြန်လည် ဆွဲခေါ်သွားလေသည်။ မင်ယွမ်နယ်စားသည် ရုန်းကန်ထရပ်လိုက်စဉ် သူ၏ မျက်နှာမှာ နီရဲသွားပြီး ဒေါသထွက်ကာ အရှက်ရသွားလေသည်။
"မင်းသားစု... အရမ်းမလွန်ကျူးပါနဲ့..."
"ငါ လွန်ကျူးသွားတယ်ပေါ့..."
မင်းသားစုက အေးစက်စွာ ရယ်မောလိုက်လေသည်။
"ဘယ်သူက လွန်ကျူးသွားလဲဆိုတာကို နယ်စားမင်း အသေအချာ သိနေမယ်လို့ ငါ လောင်းရဲတယ်... အိမ်တော်မှာ ရှက်စရာကောင်းတဲ့ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတာတောင် ငါသာ မင်းနေရာမှာဆိုရင် ဒီနေ့ ညီလာခံကို လာမှာ မဟုတ်ဘူး..."
"မင်း ဒီနေရာကို လာပြီး ဖုန်းမိသားစုရဲ့ သွေးသားကို ထိန်းသိမ်းချင်တယ်လို့ တရားသဖြင့် ကြေညာပြီး အဲ့တရားမဝင်တဲ့ သားကို ဆက်ခံသူအဖြစ် ခန့်အပ်ဖို့ ချက်ချင်း တောင်းဆိုတယ်... မင်းကို ဧကရာဇ်အစ်ကိုတော်က အလျှော့ပေးပြီး ဘွဲ့ကို ဆက်ခံဖို့ ဆွေမျိုးအနွယ်တစ်ယောက်ကို ရွေးချယ်ခွင့် ပေးခဲ့တယ်... ဘာလဲ... အဲ့ရာထူးကို မင်းရဲ့ ကိုယ်ပိုင်သားမဟုတ်တဲ့ သူတစ်ယောက်က ဘွဲ့ကို ဆက်ခံခွင့် မရှိဘူးလို့ ဆိုလိုတာလား..."
"အရာအားလုံးကို မင်းသဘောအတိုင်း လုပ်ရမယ်ပေါ့... ငါ့ကိုပါ ထီးနန်းလုယူစေချင်နေတာလား..."
*ဟစ်…*
ဤစကားကို ကြားသောအခါ လူတိုင်း အသက်ရှုမှားသွားကြလေသည်။ မင်ယွမ်နယ်စားသည် အလွန် ထိတ်လန့်သွားသဖြင့် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ချလိုက်ပြီး သူ၏ နဖူးပေါ်တွင် ချွေးအေးများ ပြည့်နှက်သွားလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ... ကျွန်တော်မျိုးမှာ အဲ့လိုရည်ရွယ်ချက် လုံးဝ မရှိပါဘူး..."
မင်ယွမ်နယ်စားသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာမှာ ဖြူလျော့သွားလေသည်။ ဤမင်းသားစုက အန္တရာယ်ကောင်ပင် ဖြစ်လေသည်။
“မိုက်တယ်…”
ယွင်ဟွားသည် မင်းသားစုကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သူမကဲ့သို့ပင် သူသည် မည်သည့်အရာကိုမဆို ပြောရဲ၊ လုပ်ရဲလေသည်။
မင်းသားစုသည် မောက်မာစွာ ခေါင်းကို မော့ကာ မင်ယွမ်နယ်စားကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်လေသည်။
"ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာကို သိဖို့ ငါ အကြံပေးချင်တယ်... မဟုတ်ရင် မင်းကို တိုင်တန်းပြီး အဲ့နယ်စားဘွဲ့ကို အဆင့်လျှော့ချပစ်တာကို အပြစ်မတင်နဲ့..."
ထိုနင်းကော်မြို့စားကဲ့သို့ပင် သူသည် တစ်နေကုန် တာဝန်များကို ရှောင်လွှဲခြင်းမှလွဲ၍ ဘာမျှမလုပ်ပေ။ မင်ယွမ်နယ်စားသည် အလွန်တင်းမာနေသဖြင့် နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် မင်းသားစုသည် ကတိတည်သောသူတစ်ဦးဖြစ်ပြီး အလျှော့ပေးမည့် အခြေအနေမရှိကြောင်းကို သူ သိထားသောကြောင့် ဖြစ်လေသည်။ သူသည် မြေပြင်မှ တုန်ရီစွာ ထရပ်လိုက်ပြီး လူအုပ်ထဲသို့ တိုးဝင်သွားလေသည်။
မင်ယွမ်နယ်စား၏ ကိစ္စကို ဖြေရှင်းပြီးနောက် ယွင်ဟွားသည် မနေ့က မောက်မာလှသော ကုန်းကျန်းကျူကို သတိရသွားလေသည်။ သူမက သူမ၏ ဖခင်ကို စွပ်စွဲပြစ်တင်မည်ဟု ပြောထားလျှင် သူမ အမှန်တကယ် လုပ်ဆောင်မည်ပင် ဖြစ်လေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမမှာ တင်ပြစရာတစ်ခုရှိပါတယ်..."
ယွင်ဟွားသည် သူမ၏ လက်လေးကို မြှောက်ကာ တန်းစီနေသည့်ထဲမှ ထွက်လာလေသည်။ သူမ၏ လုပ်ရပ်က ထိုနေရာရှိ အမတ်များစွာကို အံ့အားသင့်ကာ အေးခဲသွားစေခဲ့လေသည်။
*ကောင်းကင်ဘုံ... အခုတစ်ကြိမ် အမတ်လေးယွင်က ဘယ်သူ့ကို... ဘယ်သူ့ကို ပစ်မှတ်ထားလိုက်ပြန်ပြီလဲ... *
အမတ်များသည် သူတို့ မဲပေါက်သူများ မဖြစ်စေရန် သူတို့၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ဆုတောင်းနေကြလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် မတ်မတ် ထိုင်လိုက်လေသည်။ တစ်မနက်လုံး တိုင်တန်းချက်များကို နားထောင်ပြီးနောက် နောက်ဆုံးတွင် ပြဇာတ်ကို သူ ခံစားနိုင်တော့မည် ဖြစ်လေသည်။ သူက လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ခွင့်ပြုတယ်..."
ယွင်ဟွားသည် လက်ကို နောက်ပစ်ကာ နောက်ဘက်တန်းရှိ အမတ်များဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။ ရှေ့တန်းရှိ အမတ်များသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်သော်လည်း နောက်ဘက်တန်းရှိ အမတ်များမှာမူ ပြင်းထန်သော သတိထားမှုဖြင့် ရှိနေကြလေသည်။
“ပန်းကလေး... ရပ်လိုက်... နင့်ရဲ့ ညာဘက်က ဝက်နဲ့တူတဲ့ ဒုတိယလူက ကုန်းကျန်းကျူရဲ့ အဖေ ကုန်းဟယ်ချွမ်ပဲ..”
မျက်လုံးများအားလုံးသည် ကုန်းဟယ်ချွမ်ထံသို့ လှည့်သွားကြလေသည်။ ကုန်းဟယ်ချွမ်သည် သူ၏အပေါ် ကျရောက်နေသော အကြည့်များနှင့် သူ၏ရှေ့တွင် ရပ်နေသော အမတ်လေးယွင်၏ ထူးဆန်းသော အပြုံးကို သတိပြုမိသွားလေသည်။ သူသည် အေးခဲသွားပြီး ချွေးအေးများ ပြန်လာခဲ့လေသည်။ ကုန်းဟယ်ချွမ်သည် သူ၏ ထိတ်လန့်မှုကို ဖုံးကွယ်ရန် အတင်းပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
"ယွင်... အမတ်ငယ်ယွင်... မင်း ငါ့ကို ဘာလို့ ကြည့်နေတာလဲ..."
ယွင်ဟွားက ပြုံးဖြီးဖြီးဖြင့် ရယ်မောလိုက်လေသည်။
"ကျွန်တော်မျိုးမ လူကြီးမင်းအတွက် ဗေဒင်ဟောပေးမယ်..."
ယွင်ဟွား၏ စကားကို ကြားသောအခါ ကုန်းဟယ်ချွမ်၏ မျက်လုံးများတွင် နက်ရှိုင်းသော အကြောက်တရားများ ပြည့်နှက်သွားပြီး လက်စွပ်အတွင်း ဝှက်ထားသော သူ၏ လက်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာလေသည်။
"ငါ... ငါ ဗေဒင်မမေးချင်ဘူး..."
မနေ့က ဗေဒင်ဟောစဉ် အမတ်လေးယွင် မည်သို့ ပုံစံရှိခဲ့သည်ကို သူ မေ့မပစ်နိုင်သေးပေ။ ၎င်းသည် လုံးဝ ကြောက်မက်ဖွယ်ကောင်းပြီး အကျိုးဆက်များကို သူ မခံနိုင်လောက်အောင် ဖြစ်ရမည်မှာ သေချာလေသည်။
"အဲ့တာက လူကြီးမင်းအပေါ်မှာ မူတည်မနေဘူး..."
ယွင်ဟွားသည် သူ့တွင် အံ့ဩဖွယ်ကောင်းသော သမီးတစ်ယောက်ရှိသည်ဟု တွေးကာ သူ့ကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူ၏ လက်မောင်းကို ဆွဲကိုင်ကာ အပြင်သို့ ဆွဲထုတ်လာလေသည်။
လူတိုင်း အလွန်အံ့အားသင့်သွားကြလေသည်။
ချန်ကျဲဟန်သည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်လေသည်။ ထို့နောက် သူသည် ဘေးနားရှိ ယွင်ရှောင်ထျန်းကို ချက်ချင်း တံတောင်ဖြင့် တွတ်လိုက်ပြီး အံ့ဩတကြီး မေးလိုက်လေသည်။
"ငါ မြင်ယောင်နေတာလား... ဒါမှမဟုတ် ငါ အိပ်မက်မက်နေတာလား... မင်းရဲ့ သမီးက ဘယ်တုန်းက... ဘယ်တုန်းက အဲ့လောက် ခွန်အားကြီးသွားတာလဲ..."