အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅) အမတ်ငယ်ယွင်က အမတ်ကုန်း၏ အဝတ်များကို ချွတ်လိုက်သည်
ချန်ကျဲဟန်သည် အလွန် အံ့အားသင့်သွားလေသည်။ ဤအမတ်ကုန်းသည် ပေါင် ၂၀၀ (၁၀၀ ကျင်) ခန့် အလေးချိန်ရှိပြီး နန်းတွင်းတစ်ခုလုံးတွင် အဝဖြိုးဆုံးသူ ဖြစ်လေသည်။
အမတ်ငယ်ယွင်သည် ထိုလူကို ချွေးတစ်စက်မျှပင် မထွက်ဘဲ အလွယ်တကူ ဆွဲထုတ်သွားခဲ့လေသည်။
သူ အံ့အားသင့်သွားသည်မှာ မဆန်းပေ။
ယွင်ရှောင်ထျန်း၏ မျက်လုံးများ အနည်းငယ် တုန်ယင်သွားပြီး လည်ချောင်းထဲတွင် တင်းကျပ်သွားကာ သူ၏ အံ့အားသင့်မှုကို မနည်းဖိနှိပ်ရင်း တံတွေး နှစ်ခါမြိုချလိုက်လေသည်။
သူသည် ခေါင်းကို လှည့်ကာ ချန်ကျဲဟန်၏ ခါးမှ အသားနုကို လိမ်ဆွဲလိုက်လေသည်။
"နာလား... နာရင် မင်း အိပ်မက်မက်နေတာ မဟုတ်ဘူး..."
သူ့သမီးငယ်လေး၏ ခွန်အားသည် မည်သည့်အချိန်က တိုးလာခဲ့မှန်း မသိသော်လည်း သူ၏ ပျော်ရွှင်မှုကို သူ မထိန်းနိုင်ခဲ့ပေ။
အလွန်ကောင်းလေသည်။
သမီးငယ်လေးသည် ရှင်သန်ရန် နောက်ထပ် နည်းလမ်းတစ်ခု ထပ်မံ ရရှိသွားပြီ ဖြစ်လေသည်။
ချန်ကျဲဟန်သည် အလွန်နာကျင်သွားသဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်သွားလေသည်။ သူသည် ယွင်ရှောင်ထျန်းကို စိုက်ကြည့်ကာ
"မင်း နိုင်ပါတယ်..."
ထိုကျိန်စာတိုက်ခံရမည့်ကောင်နှင့် သူတို့က အနာဂတ် ခမည်းခမက်များ ဖြစ်လာသင့်သည်ကို ထည့်သွင်းစဉ်းစားလျှင်ပင် အလွန် လွန်ကျူးလွန်းလေသည်။
ယွင်ဟွားသည်လည်း သူမကိုယ်သူမ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။
"ရှောင်... ရှောင်ရှူးရှူး... ငါ ဘာဖြစ်သွားတာလဲ... ငါက အစွမ်းထက်တဲ့ ဆေးလုံး တစ်ခုခုများ စားမိသွားတာလား..."
ရှင်ခြင်းသေခြင်းစာအုပ်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာတစ်ခု ပေါ်လာလေသည်။
“ပန်းကလေး... နင်မေ့သွားပြီလား... မနေ့က နင် ကောင်းကင်တုန်ခါအုတ်ခဲနဲ့ သွေးချည်နှောင်ထားတယ်လေ... အဲဒါက မူလကတည်းက နတ်ဘုရားတွေရဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး အခုတော့ နင့်အတွက် ပိုပြီး အစွမ်းထက်အောင် လုပ်ပေးထားတယ်..”
ယွင်ဟွားက ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
ယခုမှစ၍ သူမသည် ကာကွယ်ရေးရော တိုက်ခိုက်ရေးပါ လုပ်နိုင်ပြီဖြစ်ကာ လောကကြီးတွင် မည်သူကမျှ သူမကို အနိုင်မကျင့်နိုင်တော့မည် မဟုတ်ပါလော။
လူတိုင်း….…။
ပြောစရာ မလိုတော့ပေ။ နောက်ထပ် မနာလိုစရာ နေ့တစ်နေ့ပင် ဖြစ်လေသည်။ ကောင်းကင်တုန်ခါအုတ်ခဲဆိုသည်မှာ မည်သည့်အရာမှန်း မသိသော်လည်း နာမည်ကို ကြည့်ခြင်းအားဖြင့် ထူးခြားသည့်အရာ ဖြစ်ရမည်ဟု ခန့်မှန်းနိုင်လေသည်။
ကုန်းဟယ်ချွမ်းသည် သူ့ကို မည်သို့ ဆွဲထုတ်လာမှန်းပင် မသိလိုက်ပေ။ သူ မော့ကြည့်လိုက်သောအခါ ဧကရာဇ်ဝမ်ရွှမ်းက သူ့ကို ခြိမ်းခြောက်နေသည့်အလား စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီး အလွန် ကြောက်လန့်သွားကာ မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်လေသည်။
"အရှင်မင်းကြီး..."
ကုန်းဟယ်ချွမ်း၏ စိတ်ထဲတွင် ဤကာလအတွင်း သူ တစ်ခုခု ကျော်လွန်လုပ်ဆောင်ခဲ့မိသလားဆိုသည့် အတွေးများဖြင့် ပြည့်နှက်နေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အကြည့်များကို ယွင်ဟွားထံသို့ ပြောင်းလိုက်လေသည်။
"အမတ်ငယ်ယွင်... မင်း သတင်းပို့စရာ ရှိတယ်ဆိုတာ အမတ်ကုန်းကို ရည်ရွယ်တာလား..."
ယွင်ဟွားသည် နှုတ်ဆက်သည့်အနေဖြင့် လက်အုပ်ချီကာ လေးနက်စွာ ဖြေကြားလိုက်လေသည်။
"ဟုတ်ပါတယ် အရှင်မင်းကြီး... ကျွန်တော်မျိုးမ အမတ်ကုန်းကို စွဲချက်တင်ရပါမယ်..."
ကုန်းဟယ်ချွမ်း၏ ဝဖြိုးသော ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ယွင်ဟွားကို ကြောက်လန့်တကြား ကြည့်လိုက်လေသည်။ သူ စကားမပြောနိုင်မီ ယွင်ဟွားက အရင် စတင်ပြောဆိုလိုက်လေသည်။
"အရှင်မင်းကြီး... မနေ့က နယ်စားအိမ်တော် ဧည့်ခံပွဲမှာ ကုန်းမိသားစုရဲ့ သမီးဖြစ်သူ ကုန်းကျန်းကျူနဲ့ ကျွန်တော်မျိုးမတို့ အနည်းငယ် စကားများခဲ့ပါတယ်... သူမရဲ့ မျက်နှာကို သေချာကြည့်ပြီးနောက်မှာတော့ သူမက မယားငယ်ရဲ့ သမီးဖြစ်ပေမယ့် တရားဝင်ဇနီးရဲ့သမီးဆိုတဲ့ ဘွဲ့ကို အသုံးပြုပြီး လူတွေကို လိမ်လည်လှည့်ဖြားနေတာကို တွေ့လိုက်ရလို့ ကျွန်တော်မျိုးမ အလွန် တုန်လှုပ်သွားခဲ့ပါတယ်..."
"သူမက သုံးစားမရတဲ့သူဖြစ်နေတာ သိသာပေမယ့် အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်လို ဟန်ဆောင်နေတာပါ... တကယ်တော့ အဲဒီ ကဗျာတွေနဲ့ ဆောင်းပါးတွေ အားလုံးက ကုန်းမိသားစုရဲ့ တကယ့်တရားဝင် ဇနီးရဲ့ သမီး ရေးသားခဲ့တာတွေပါ..."
ဤစကားကို ကြားသောအခါ ကုန်းဟယ်ချွမ်းသည် ပို၍ပင် ပြင်းထန်စွာ တုန်ယင်သွားလေသည်။
ယွင်ဟွားသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလေသည်။
"မနေ့က ကျွန်တော်မျိုးမ အဲဒါကို ထူးဆန်းတယ်လို့ ထင်ခဲ့တယ်... ယုတ္တိရှိရှိ စဉ်းစားကြည့်ရင် မယားငယ်ရဲ့ သမီးတစ်ယောက်က အဲ့လောက် ရဲတင်းမှု မရှိသင့်ဘူးလေ..."
"ဒါပေမယ့် အခုလေးတင် အမတ်ကုန်းရဲ့ မျက်နှာကို သေချာကြည့်ပြီးနောက်မှာတော့ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်မျိုးမ နောက်ဆုံးတော့ နားလည်သွားပါပြီ..."
ယွင်ဟွားသည် သူမ၏ နှုတ်ခမ်းကို ကွေးကာ မဲ့ပြုံးပြုံးလိုက်ပြီး မျက်နှာပေါ်တွင် ရွံရှာမှုများ ပြည့်နှက်နေလေသည်။
ကုန်းဟယ်ချွမ်း၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူလျော့သွားပြီး သူ၏ စိတ်ထဲတွင် ပွက်လောရိုက်နေလေသည်။ သူ ချက်ချင်း ကန်တော့လိုက်ပြီး
"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုး ရှင်းပြတာကို နားထောင်ပေးပါ... ကျွန်တော်မျိုး..."
"ပါးစပ်ပိတ်ထားစမ်း..."
"မင်း စကားပြောတာကို ငါ နားမထောင်ချင်ဘူး... စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်..."
ဧကရာဇ်ဝမ်ရွှမ်းက သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ရာ ကုန်းဟယ်ချွမ်း၏ ကျောမှာ မတ်သွားပြီး နဖူးမှ ချွေးစက်များ ကျဆင်းလာလေသည်။
"အမတ်ငယ်ယွင်... ကျေးဇူးပြုပြီး ဆက်ပြောပါ..."
ကုန်းဟယ်ချွမ်းကို မနှစ်မြို့သည်နှင့် မတူဘဲ ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ဟွားကို နှလုံးသားထဲမှ အလိုလိုက်ထားပြီး သူ၏ စကားများတွင် ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေလေသည်။
ယွင်ဟွားက ပြုံးလိုက်လေသည်။
ထို့နောက် သူမသည် အမတ်ကုန်း၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကို လက်ညှိုးဖြင့် ထိုးလိုက်လေသည်။
“ရှင်က ကျေးဇူးကန်းတဲ့သူပဲ... ရှင့်ရဲ့ ဇနီးက နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံပြီး မိသားစုဝင်ငွေကို ဖြည့်ဆည်းဖို့ သူမရဲ့ ကိုယ်ပိုင်လက်ဖွဲ့ပစ္စည်းတွေကိုတောင် အသုံးပြုခဲ့ရတယ်... ပြီးတော့ ရှင့်ကို အလိုလိုက်လွန်းလို့ အခုလို ဝဖြိုးပြီး ဖောရောင်နေတာပေါ့..."
"ကလေးမွေးပြီးနောက်မှာ သူမက အိပ်ရာထဲက မထနိုင်ဖြစ်နေတဲ့အချိန်မှာ ရှင်က ဇနီးထက် မယားငယ်ကို ပိုအလိုလိုက်ခဲ့တယ်... မယားငယ်ကို ဇနီးသည်ရဲ့ လက်ဖွဲ့ပစ္စည်းတွေကို သိမ်းပိုက်ခွင့် ပေးခဲ့ရုံသာမက ရှင့်ရဲ့ တရားမဝင်တဲ့ သမီးကိုလည်း တရားဝင်သမီးအဖြစ် ပြုစုပျိုးထောင်ခဲ့တယ်... အမတ်ကုန်း... ရှင့်ရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ..."
"ရှင်က ကိုယ်ကျင့်တရား စည်းမျဉ်းတွေကို လျစ်လျူရှုထားပြီး ဒီအမတ်ဝတ်စုံကို ဝတ်ဆင်ဖို့ မထိုက်တန်ဘူး..."
“ဟုတ်တယ်... သူတို့က မထိုက်တန်ဘူး…”
ရှင်ခြင်းသေခြင်းစာအုပ် ပေါ်လာပြီး ကုန်းဟယ်ချွမ်း၏ ခေါင်းပေါ်သို့ ပျံသန်းသွားကာ ဒေါသတကြီးဖြင့် နင်းခြေရင်း ပြောလိုက်လေသည်။
“ပန်းကလေး... အဲဒီသားအမိနှစ်ယောက်က နောက်ခြောက်လလောက်ကြာရင် မယားငယ်ရဲ့ နှိပ်စက်မှုကြောင့် သေဆုံးရလိမ့်မယ်... ပြီးတော့ ကုန်းဟယ်ချွမ်းကလည်း အဲ့ဒါကို တိတ်တဆိတ် သဘောတူထားလိမ့်မယ်..”
လူတိုင်း……။
“ကျိန်စာတိုက်ခံရမယ့်အကောင်... ငါ အခုချက်ချင်း သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်…”
ဤစကားကို ကြားသောအခါ ယွင်ဟွား၏ မျက်ဝန်းများတွင် ပြင်းထန်သော ဒေါသမီးများ တောက်လောင်လာလေသည်။
အထူးသဖြင့် အမတ်ကုန်း ဝတ်ဆင်ထားသော အမတ်ဝတ်စုံက အလွန်စူးရှနေလေသည်။
သူမ အံကြိတ်လိုက်လေသည်။
သူမသည် ကုန်းဟယ်ချွမ်း၏ အဝတ်အစားများကို ဆွဲကိုင်ကာ "ဗြစ်..." ဟူသော အသံနှင့်အတူ အတွင်းခံအပါအဝင် အားလုံးကို ဆွဲချွတ်လိုက်လေသည်။
မြင်ကွင်းတစ်ခုလုံးက တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။
ရုတ်တရက် သမိုင်းမှတ်တမ်းအရာရှိ အမတ်ရွှီ၏ မျက်ဝန်းများ လင်းလက်သွားလေသည်။ သူသည် သူ၏ မှတ်စုစာအုပ်ကို ထုတ်ယူကာ စုတ်တံထိပ်ကို တံတွေးဖြင့် စွတ်လိုက်ပြီး လျင်မြန်စွာ ရေးသားလိုက်လေသည်။ ဤနေ့ဤရက်တွင် အမတ်ငယ်ယွင်သည် သူမ၏ ကြီးမားလှသော အစွမ်းကို ပြသကာ အမတ်ကုန်း၏ အဝတ်များကို ချွတ်လိုက်သည်။
ယွင်ဟွားသည် အင်္ကျီမပါသော ကုန်းဟယ်ချွမ်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ လက်ထဲရှိ အဝတ်များကို ကြည့်လိုက်ကာ ချက်ချင်းပင် ၎င်းတို့ကို သူမ၏ အနောက်ဘက်သို့ ပစ်ထားလိုက်လေသည်။
သူမ၏ မျက်နှာမှာ နီရဲသွားလေသည်။
သူမ... သူမက အမတ်ဝတ်စုံကိုသာ ချွတ်ချင်ခဲ့ခြင်း ဖြစ်လေသည်။
“ပန်းကလေး… နင်... နင်က ဆာလောင်နေတယ်ဆိုပြီး ဘာမဆိုစားလို့ရတာ မဟုတ်ဘူးနော်... ဒါက ဝက်ခြံထဲကရတဲ့ အဆီအသားမျိုး မဟုတ်ဘူး..”
ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား၏ ခေါင်းပေါ်သို့ ပြန်လည်ပျံသန်းလာပြီး ရယ်မောလုနီးပါး ဖြစ်သွားလေသည်။ သူမ၏ ပန်းကလေးက ဘယ်လိုလုပ်ပြီး ဒီလောက် ချစ်စရာကောင်းနေရတာလဲ။
လူတိုင်း…..
ယွင်ရှောင်ထျန်း၏ မျက်နှာ။
သူသည် မြေကြီးအက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားလေသည်။
သူသည် ရှေ့သို့ ကပျာကယာ တိုးသွားကာ သူ့သမီး၏ မျက်လုံးများကို ကွယ်ထားလိုက်ပြီး သူမ၏ လက်ထဲမှ အဝတ်များကို လုယူကာ ကုန်းဟယ်ချွမ်းထံသို့ ချက်ချင်း ပစ်ချလိုက်ပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"နန်းတော်ခန်းမကြီးထဲမှာ မင်းက ဘယ်လိုလုပ်ပြီး အဲ့လောက်မလျော်ကန်အောင် ဝတ်ဆင်ထားရတာလဲ..."
ထို့နောက် သူသည် အိတ်ကပ်ထဲမှ ငွေတစ်တုံးကိုထုတ်ယူကာ သူ၏ ရှေ့တွင် ဖြစ်သလို ပစ်ချလိုက်လေသည်။
"မယားငယ်ဆိုတာ အမြော်အမြင်နည်းတဲ့သူပဲ... သူမရဲ့ အဝတ်အစားတွေကတောင် အရည်အသွေး အနိမ့်ဆုံးပဲ... နောက်မှ မင်း မျက်နှာမပျက်ရအောင်လို့ ပိုကောင်းတာတစ်ခု ရနိုင်ဖို့ ငါ မင်းကို နည်းနည်း ထောက်ပံ့ပေးလိုက်မယ်..."
မည်သို့ပင်ဖြစ်စေ ၎င်းသည် သူ၏ သမီးအငယ်ဆုံး၏ အမှား မဟုတ်ပေ။ အပြစ်တင်ရမည်ဆိုလျှင် ကုန်းဟယ်ချွမ်း၏ အဝတ်အစားများကိုသာ အပြစ်တင်ရမည် ဖြစ်လေသည်။ ၎င်းတို့သည် အရည်အသွေး အလွန်ညံ့ဖျင်းလွန်းသဖြင့် ဆုတ်ဖြဲခံရခြင်းကိုပင် မခံနိုင်ပေ။
လူတိုင်း၏ နှုတ်ခမ်းများ တစ်ပြိုင်နက် တွန့်ကွေးသွားလေသည်။
သူတို့က မျက်ကန်းတွေမှ မဟုတ်တာ။
သူ၏ အသိတရားများ ပြန်လည်ရရှိလာပြီးနောက် ကုန်းဟယ်ချွမ်းသည် သူ၏ အဝတ်များကို ကောက်ယူကာ ရင်ဘတ်ကို ဖုံးကွယ်ထားလိုက်လေသည်။
သူ၏ မျက်နှာအိုကြီးက နီလိုက် ဖြူလိုက် ဖြစ်သွားပြီးနောက် ထပ်မံ နီရဲလာကာ သူ၏ ရင်ဘတ်ထဲတွင် အသက်ရှူမှားသွားပြီး မေ့လဲလုနီးပါး ဖြစ်သွားလေသည်။
"မင်း... မင်းတို့တွေ အရမ်းလွန်ကျူးနေပြီ..."
ယွင်ရှောင်ထျန်းသည် မျက်လုံးများကို လှန်ကာ ပြုံးဖြီးလိုက်ပြီး "အမတ်ကုန်းက ငါ အရမ်းလွန်ကျူးတယ်လို့ ထင်မှတော့ မင်းလည်း ငါ့ကို စွဲချက်တင်နိုင်ပါတယ်..." ဟု ပြောလိုက်လေသည်။
သူသည် ပထမအဆင့်အရာရှိတစ်ဦး ဖြစ်သော်လည်း သူအပေါ် အငြိုးထားသူ များပြားလှသဖြင့် ပုံမှန်အားဖြင့် အလွန် သတိထားလေ့ရှိလေသည်။
ယခု သူ့သမီးငယ်လေးကို သူ၏ အဓိက လက်နက်အဖြစ် ရရှိထားပြီဖြစ်ရာ သူ၏ စွမ်းအားများကို စတင်ပြသနိုင်ပြီ ဖြစ်လေသည်။
"ဟုတ်တယ်... ရှင်က အဲ့လောက် အရည်အချင်းရှိရင် ဘာလို့ ငါ့အဖေကိုပါ သွားပြီး စွဲချက်မတင်တာလဲ..."
ယွင်ရှောင်ထျန်း…..။
ယွင်ဟွားသည်လည်း သူမ၏ ဖခင်ကဲ့သို့ပင် ချက်ချင်း ပြန်လည်ချေပလိုက်လေသည်။ ဧကရာဇ်သည် သူမအပေါ် အလွန် ညှာတာပြီး သူမကို အလွန် မျက်နှာသာပေးကြောင်းကို သူမ သတိထားမိခဲ့သည်မှာကြာပြီ ဖြစ်လေသည်။
သူမသည် အခွင့်အရေးများကို အသုံးချကာ လှေကားထစ်များကို တက်လှမ်းတတ်သူ အမျိုးအစားဖြစ်ပြီး ယခုအခါတွင် တော်ဝင်ညီလာခံ၌ သူမသည် ပို၍ မာနကြီးပြီး လွှမ်းမိုးလာလေပြီ။
ကုန်းဟယ်ချွမ်း၏ မျက်လုံးများသည် ဒေါသကြောင့် သွေးရဲရဲနီနေလေသည်။ သူသည် ဧကရာဇ်ဝမ်ရွှမ်းကို ထပ်ခါတလဲလဲ ကန်တော့ကာ အတားအဆီးမရှိ ငိုကြွေးလေသည်။
"အရှင်မင်းကြီး... ဒီအစေခံအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ..."
"ထွီ..."
"ငါ့အတွက် ဆုံးဖြတ်ချက်ချဖို့ ရှင့်မှာ ဘာအခွင့်အရေးရှိလို့လဲ... ရှင်က ရှင့်ရဲ့ ဇနီးနဲ့ သမီးအတွက် ဆုံးဖြတ်ချက်ချပေးရမှာ..."
သူမ၏ ဖခင်သာ သူမ၏ မျက်လုံးများကို ဖုံးကွယ်မထားဘဲ မလှုပ်ရန် တားမြစ်မထားပါက သူ့ကို နိုးထလာစေရန် "အုတ်ခဲ" ကို သေချာပေါက် ထုတ်ယူလိုက်မည် ဖြစ်လေသည်။
ဒါက ဘာကြီးလဲ။
အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးက အဝတ်အစားနှစ်ခုသာ ချွတ်လိုက်သည်ကို ကြောက်တတ်သော ဇနီးသည်တစ်ဦးကဲ့သို့ ပြုမူနေပြီး သူ့အတွက် ဆုံးဖြတ်ချက်ချရန် ကြိုးစားနေလေသည်။
သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မည်ဟု ပြောခဲ့သော မိန်းကလေးက အမှန်တကယ်ပင် "အပိုင်းပိုင်း ဆုတ်ဖြဲ" လိမ့်မည်ဟု ဧကရာဇ်ဝမ်ရွှမ်း လုံးဝ မမျှော်လင့်ခဲ့ပေ။
သူသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကုန်းဟယ်ချွမ်းကို တစ်ချက် ကြည့်လိုက်လေသည်။
ရိုးရိုးသားသား ပြောရလျှင် သူ၏ မယုံနိုင်လောက်အောင် ခုန်ပေါက်နေသော အဆီများသည် မျက်စိနောက်စရာပင် ဖြစ်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းက သူ၏ အရာရှိများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို တန်ဖိုးထားသော်လည်း သူတို့၏ ကိုယ်ကျင့်တရားကို ပို၍ပင် တန်ဖိုးထားလေသည်။
မေးခွန်းထုတ်စရာ ကိုယ်ကျင့်တရားရှိသူတစ်ဦးသည် နိုင်ငံတော်၏ ဝန်ထုပ်ဝန်ပိုးများကို မည်သို့ မျှဝေထမ်းဆောင်နိုင်မည်နည်း၊ သို့မဟုတ် ပြည်သူများအတွက် တရားမျှတမှုကို မည်သို့ ရှာဖွေပေးနိုင်မည်နည်း။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်ဝန်းများ မှောင်မိုက်သွားလေသည်။
"အစောင့်တွေ... ကုန်းဟယ်ချွမ်းက ဇနီးထက် မယားငယ်ကို ပိုအလိုလိုက်ပြီး တရားဝင်နဲ့ တရားမဝင် သားသမီးတွေရဲ့ သင့်လျော်တဲ့ အစဉ်အဆက်ကို ပြောင်းပြန်လှန်ခဲ့တယ်... ဒါက လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရား စည်းမျဉ်းတွေကို ချိုးဖောက်ရုံသာမက တုံလင်နိုင်ငံရဲ့ ဥပဒေတွေကိုလည်း ချိုးဖောက်ရာ ရောက်တယ်... သူ့ကို ရာထူးကနေ ချက်ချင်း ထုတ်ပယ်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ကြိမ်ဒဏ်အချက်သုံးဆယ် ချမှတ်လိုက်တယ်..."
ဧကရာဇ်ဝမ်ရွှမ်းသည် ခေတ္တရပ်သွားပြီး သူ၏ မျက်ဝန်းများမှာ ပို၍ အေးစက်လာလေသည်။
"အဲ့အလိုလိုက်ခံထားရတဲ့ မယားငယ်ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ပြီး သူမရဲ့ တရားမဝင်တဲ့ သမီး ကုန်းကျန်းကျူကို မျက်နှာမှာ တက်တူးထိုးပြီး သီလရှင်ဝတ်ဖို့ ဖိအားပေးလိုက်... ကုန်းမိသားစုရဲ့ တရားဝင် ဇနီးက ကွာရှင်းချင်ရင် ဘယ်သူကမှ သူမကို တားဆီးခွင့် မရှိစေရဘူး..."
သူသည် တိတ်ဆိတ်နေသော အမတ်များကို အကဲခတ်လိုက်ပြီး သူ၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။
"နောင်ကို တရားဝင်နဲ့ တရားမဝင် သားသမီးတွေရဲ့ သင့်လျော်တဲ့ အစဉ်အဆက်ကို ဘယ်သူက စိန်ခေါ်ရဲသေးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုး မှားသွားမှန်း သိပါပြီ... ဒီတစ်ခါတော့ ကျွန်တော်မျိုးကို သက်ညှာပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်..."
ကုန်းဟယ်ချွမ်းလည်း ပြင်းထန်စွာ တုန်ယင်နေပြီး ကန်တော့ကာ သနားညှာတာမှုအတွက် တောင်းပန်နေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းက သူ၏ လက်ကို ယမ်းလိုက်သည်။
အထိန်းတော်ချောင်သည် အစောင့်များကို ချက်ချင်း အချက်ပြလိုက်ရာ သူတို့က ထိုလူကို ဆွဲထုတ်သွားကြသည်။
ကုန်းဟယ်ချွမ်း ထွက်သွားပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ဟွားကို ပို၍ပင် ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်မိသည်။
အလွန်ကောင်းသည်။
အခြားအရာရှိရာထူးတစ်ခု လစ်လပ်သွားပြီဖြစ်ရာ သူသည် နောက်နှစ် တော်ဝင်စာမေးပွဲအတွက် ကိုယ်စားလှယ်လောင်းများကို သေချာစွာ စောင့်ကြည့်ပြီး တကယ့် အရည်အချင်းရှိသူများကို ရွေးချယ်ရမည် ဖြစ်သည်။
အထိန်းတော်ချောင်သည် မှတ်စုစာအုပ်ငယ်လေးကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ရာ မျက်နှာဖုံးတွင် ကြီးမားသော စာလုံး ဆယ့်တစ်လုံးကို ရေးသားထားသည်။
'မကောင်းဆိုးဝါးများကို နှိမ်နှင်းရန် အမတ်ငယ်ယွင်၏ လမ်းကြောင်း’
အခန်း (၆၆) ဈေးဝယ်ထွက်ခြင်းနှင့် နောက်ယောင်ခံလိုက်ခံရခြင်း
"အဖေ... သမီး လမ်းလျှောက်ထွက်ချင်တယ်..."
ယွင်ဟွားသည် ရထားလုံးထဲတွင် ထိုင်ရင်း စည်ကားနေသော လမ်းမကြီးကို ကြည့်ကာ အားကျမှုကြောင့် သွားရည်ကျနေမိသည်။
"မရဘူး..."
ယွင်ရှောင်ထျန်းသည် မစဉ်းစားဘဲ ထိုအကြံကို ငြင်းဆန်လိုက်သည်။ ပျော်ရွှင်စရာများတွင် ပါဝင်ရန် နှစ်သက်သော သူမ၏ အကျင့်ကြောင့် သူမသည် လမ်းတစ်လျှောက်လုံးရှိ လူများ၏ အာရုံစိုက်မှုကိုသာ ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။
နန်းတွင်းအရာရှိများက ဂရုမစိုက်သော်လည်း ဤသာမန်ပြည်သူများကမူ အလွန် ကြောက်လန့်သွားကြမည် ဖြစ်သည်။
ယွင်ဟွားသည် နှုတ်ခမ်းစူလိုက်ပြီး သူမ၏ မျက်လုံးများမှာ နီရဲလာကာ မျက်ရည်များ ဝဲတက်လာသည်။
ယွင်ရှောင်ထျန်းသည် သူ့လက်သီးကို ဆုပ်ထားလိုက်ပြီး ယွင်ဟွား၏ ဝမ်းနည်းနေသော မျက်နှာငယ်လေးကို ကြည့်ချင်စိတ်ကို အတင်းအဓမ္မ ထိန်းချုပ်ထားလိုက်သည်။
သူသည် ခေါင်းကို တစ်ဖက်သို့ လှည့်ကာ အားနည်းသော လေသံဖြင့် "သမီး... အပြင်ဘက်မှာ ပျော်စရာဘာမှမရှိပါဘူး... အိမ်ပြန်ကြရအောင်... သမီးအကြိုက်ဆုံး အစားအစာတွေ ပိုလုပ်ပေးဖို့ သမီးအမေကို အဖေ ပြောလိုက်မယ်... ဟုတ်ပြီလား..." ဟု ပြောလိုက်လေသည်။
"အဖေရယ်... ကျေးဇူးပြုပြီးပါ... သမီးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိပါတယ်... သမီးက နွားထီးတစ်ကောင်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်တယ်... တကယ်ပါ... သမီး ကျိန်ဆိုရဲတယ်..."
"အဖေ... သမီးက အဖေ့ကို အချစ်ဆုံးပဲ... အဖေက သမီးတို့ ယွင်မိသားစုမှာ အချောမောဆုံး အမျိုးသားကြီးပဲ..."
ယွင်ဟွားသည် ယွင်ရှောင်ထျန်း၏ အင်္ကျီလက်ကို ဆွဲကာ အပြန်ပြန်အလှန်လှန် လှုပ်ရမ်းရင်း ချီးမွမ်းစကားများ တရစပ် ပြောဆိုနေသည်။
ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်လေးကို မကြည့်ဘဲ မနေနိုင်တော့သဖြင့် မေးစေ့ကို အနည်းငယ် မော့ကြည့်လိုက်၏။
"ဒါဆို... အဖေနဲ့ သမီးအမေ ကြားမှာ... သမီးက ဘယ်သူ့ကို အချစ်ဆုံးလဲ..."
ဤကောင်မလေးသည် သူမ၏ မိခင်ကို တိတ်တဆိတ် မည်သို့မည်ပုံ ချိုသာစွာ စကားပြောဆိုခဲ့ပြီး မိခင်ဖြစ်သူမှာ သူမ၏ စကားများကြောင့် မည်သို့မည်ပုံ လုံးဝ ယိမ်းယိုင်သွားခဲ့ကြောင်းကို သူ မမေ့သေးပေ။
ယွင်ဟွားသည် မျက်တောင်ခတ်လိုက်ပြီး ယွင်ရှောင်ထျန်း၏ လက်မောင်းကို ချက်ချင်း ဖက်ထားကာ ချိုသာပြီး မြူဆွယ်သော လေသံဖြင့် "သေချာပေါက် အဖေ့ကိုပေါ့..." ဟု ဖြေလိုက်၏။
“ဟူး... အမေ ဒီနေရာမှာ မရှိတာ တော်သေးတယ်... မဟုတ်ရင် ဘက်မလိုက်တတ်တဲ့ သခင်မဖြစ်တဲ့ ငါက အရာအားလုံးကို မျှတအောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး…”
ယွင်ရှောင်ထျန်းသည် တိတ်ဆိတ်စွာ တစ်ချက် ကြည့်လိုက်မိ၏။
"အချောမောဆုံးအဖေ... သမီး ခဏလောက် လမ်းလျှောက်ထွက်လို့ ရမလား..."
ယွင်ဟွားသည် လိပ်ပြာလေးတစ်ကောင် အတောင်ပံခတ်နေသည့်အလား သူမ၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးဝိုင်းကြီးများကို မျက်တောင်ခတ်လိုက်ပြီး လက်များကို ခေါင်းအထက်သို့ မြှောက်ကာ အသည်းပုံစံ လုပ်ပြရင်း "အဖေ့ကို အချစ်ဆုံးပဲ..." ဟု သူမ၏ ပါးစပ်လေးဖြင့် ထပ်ခါတလဲလဲ ပြောဆိုနေပြန်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ..."
သူ့သမီးငယ်လေး၏ ကပ်ချွဲမှုကို သည်းမခံနိုင်တော့သဖြင့် ယွင်ရှောင်ထျန်းသည် မျက်နှာလွှဲလိုက်ပြီး နှစ်ချက်ခန့် ချောင်းဟန့်ကာ "စောစောသွားပြီး စောစော ပြန်လာခဲ့..." ဟု ပြောလိုက်သည်။
“ရေး..."
ယွင်ဟွားသည် အော်ဟစ်အောင်ပွဲခံလိုက်ပြီး သူမ၏ ဂါဝန်အောက်နားစကို မကာ ရထားလုံးပေါ်မှ ခုန်ဆင်းသွားတော့သည်။
ယွင်ရှောင်ထျန်းသည် သူ၏ သမီးဖြစ်သူ စည်ကားနေသော လမ်းမကြီးပေါ်သို့ ခုန်ပေါက်ပြေးလွှားသွားသည်ကို ကြည့်ရင်း မှောင်မိုက်ထဲရှိ လူတစ်ဦးအား မျက်စိမှိတ်ပြလိုက်ရာ အစောင့်နှစ်ဦးသည် လူအုပ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။
သူ့သမီးငယ်လေး၏ ဘေးကင်းလုံခြုံရေးအတွက် စိတ်မပူရသော်လည်း သတိလက်လွတ်ဖြင့် ဝင်တိုက်မိမည့် လူတချို့ကိုတော့ သတိထားရမည် ဖြစ်သည်။
"ဝိုး..."
“ငါ ဒီဟာကို လိုချင်တယ်... ဒီတစ်ခုလည်း လိုချင်တယ်... ပြီးတော့ ဟိုဟာရောပဲ... အားလုံးကို ထုပ်ပေးပါ..."
ယွင်ဟွားသည် သရေစာများ အပုံလိုက်ထဲသို့ တိုးဝင်သွားပြီး ပါးစပ်မှ အဆီများ ယိုကျနေသည်အထိ စားသောက်နေကာ ရှောင်ရှူးရှူးနှင့် စကားပြောရန်ကိုပင် လုံးဝ မေ့လျော့နေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်မှာမူ ဒေါသထွက်နေပြီး ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်ကာ တစ်ကောင်တည်း စိတ်ကောက်နေလေသည်။
ယွင်ဟွားသည် လက်ထဲတွင် အစားအစာများကို ကိုင်ထားပြီး ပါးစပ်ထဲတွင်လည်း ဆီးနှင်းပွင့်ကိတ်မုန့်ကို အပြည့်ငုံထားကာ သူမ၏ မျက်လုံးများသည် ရှေ့ရှိ အနံ့ဆိုးတို့ဟူးပေါ်သို့ ရောက်ရှိနေလေသည်။
“အနံ့လေးက အရမ်းမွှေးတာပဲ…”
ရှင်ခြင်းသေခြင်းစာအုပ်သည် နှာခေါင်းကို အုပ်ထားလိုက်ပြီး စာအုပ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားလေသည်။ ၎င်းသည် ထိုအနံ့ဆိုးကို လုံးဝ သည်းမခံနိုင်သော်လည်း ပန်းကလေးကမူ အနံ့မွှေးသည်ဟု ပြောနေသေးလေသည်။
"သခင်မလေး... တစ်ခုလောက် ယူမလား..."
အနံ့ဆိုးတို့ဟူး ရောင်းသော အမျိုးသမီးက ပြုံး၍ မေးလိုက်လေသည်။
"ဘယ်မိသားစုက ကလေးများ ဒီလောက် အရည်အချင်းရှိပြီး နန်းတွင်းမှာအရာရှိ ဖြစ်နေရတာလဲ မသိပါဘူး..."
ယွင်ဟွားသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ အပြုံးသည် တောက်ပနေကာ သူမ၏ မျက်လုံးများသည် လခြမ်းကွေး နှစ်ခုအဖြစ် ကွေးညွတ်သွားပြီး ထွက်ပေါ်လာသော နေမင်းကဲ့သို့ နွေးထွေးပြီး လင်းလက်နေသည်။
ဤမြင်ကွင်းကို လမ်းတစ်ဖက်ရှိ လက်ဖက်ရည်ဆိုင်မှ ဆက်ခံသူနန်ကုန်းယွမ်က တိုက်ဆိုင်စွာ မြင်တွေ့သွားခဲ့သည်။
သူ၏ မျက်နှာအမူအရာသည် ခပ်ကင်းကင်း ရှိနေဆဲဖြစ်ပြီး မည်သည့် ခံစားချက်ကိုမျှ ဖော်ပြခြင်းမရှိပေ။
"ဆက်ခံသူမင်းသား... ထွက်ခွာရမယ့် အချိန်ရောက်ပါပြီ..."
အစောင့်ရှောင်ရှီစန်း၏ အသံကြောင့် နန်ကုန်းယွမ် သတိပြန်ဝင်လာသည်။ သူသည် အကြည့်လွှဲလိုက်ပြီး တိုးညင်းစွာ ပြန်ဖြေလိုက်၏။
ရှောင်ရှီစန်းသည် ဘီးတပ်ကုလားထိုင်ကို တွန်းနေရင်း သူ၏ စိတ်ထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
ဆက်ခံသူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို စိုးရိမ်သောကြောင့် တော်ဝင်ကြင်ယာတော်စုသည် သူ့ကို ခရီးဝေးထွက်ရန် အမြဲတမ်း သဘောမတူခဲ့ပေ။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် သဘောထား ပြောင်းလဲသွားပြီး အိမ်ရှေ့စံကို ငွေများများ အမြန်ရှာရန် ထပ်ခါတလဲလဲ တိုက်တွန်းနေခဲ့လေသည်။
ထို့ကြောင့် အိမ်ရှေ့စံသည် ဤအခွင့်အရေးကို အသုံးချကာ ကျန်းနန်သို့ ခရီးထွက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။
ယွင်ဟွားသည် အနံ့ဆိုးတို့ဟူးကို ကောက်ယူလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် သူမ၏ မသိစိတ်မှ မော့ကြည့်လိုက်မိသည်။
သူမသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် ခေါင်းခါလိုက်ပြီး ဆက်စားနေလိုက်သည်။
မသိမသာဖြင့်ပင် ယွင်ဟွားသည် ပင်မလမ်းမကြီးမှ သွေဖည်သွားကာ လမ်းပိတ်နေသော လမ်းကြားလေးတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူမသည် လှည့်လိုက်ပြီး ခါးထောက်ကာ အချို့သော ဦးတည်ရာတစ်ခုဆီသို့ စူးစိုက်ကြည့်လိုက်၏။
"ငါ ပြောမယ်... နောက်ယောင်ခံလိုက်နေတာ ဒီလောက်ကြာနေပြီ... ထွက်လာသင့်တဲ့ အချိန်မရောက်သေးဘူးလား..."
လူဝင်စားပြီးနောက်တွင်ပင် ယွင်ဟွားသည် ရန်လိုမှုများ ထုတ်လွှတ်နေသူများကို ချက်ချင်း ထောက်လှမ်းနိုင်စွမ်း ရှိနေဆဲဖြစ်၏။
ဤစကားများကို ပြောဆိုပြီးနောက်။
မှောင်မိုက်ထဲတွင် ပုန်းအောင်းနေသူများသည် ချက်ချင်း ထွက်လာကြသည်။
သူတို့ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှင်ခြင်းသေခြင်းစာအုပ်သည် စာအုပ်ထဲမှ ထွက်လာကာ ယွင်ဟွား၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။
ယွင်ဟွားသည် သူတို့ကို အကဲခတ်ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများမှလွဲ၍ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများကို အတော်လေး သေချာစွာ ဖုံးကွယ်ထားကြသည်။
“ပန်းကလေး... ဒီလူတွေမှာ သွေးဆာနေတဲ့ အငွေ့အသက်တွေက အရမ်းပြင်းထန်တယ်…”
ဤလူများသည် ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ရှောင်ဟွားဟွား လမ်းပေါ်သို့ ပထမဆုံးအကြိမ် ထွက်လာခြင်းလည်း ဖြစ်၏။ သူမကို အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့သည့်ပုံ ပေါ်သည်။
ဤအရာကို တွေးမိသောအခါ ရှင်ခြင်းသေခြင်းစာအုပ် ပထမဆုံး သံသယရှိသူမှာ လင်းဝမ်ယွဲ့ပင် ဖြစ်သည်။
စိတ်ပျက်စရာပဲ……။
ရှင်ခြင်းသေခြင်းစာအုပ်က ကျိန်ဆဲလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤပြန်ဝင်စားသည် တကယ့်ကို အနှောင့်အယှက်ပေးသူ တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူသည် ယွင်ဟွားက အမတ်ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်သော်လည်း သူမ၏ အဆင့်အတန်းကို ရိုးအီနေသည့်အလား သူ၏ မျက်ဝန်းများသည် တည်ငြိမ်နေဆဲ ဖြစ်သည်။
တကယ်ကိုပင်။
သူ၏ အမြင်တွင် ယွင်ဟွားသည် ကြက်တစ်ကောင်ကိုပင် မသတ်နိုင်သော မိန်းကလေးငယ်တစ်ဦးသာဖြစ်ပြီး သူမထံမှ မည်သည့် အန္တရာယ်မျှ မရှိနိုင်ပေ။
"ကောင်မလေး... ငါတို့နဲ့ လိမ္မာကျွမ်းကျင်စွာ လိုက်ခဲ့... ဒါဆိုရင် မင်း သိပ်နာကျင်ရမှာ မဟုတ်ဘူး..."
ထိုခဏတွင် ခေါင်းဆောင်ဖြစ်သူသည် သူ၏ စိတ်ကူးကို ပြောင်းလဲလိုက်သည်။
*ငါ သူတို့ကို မသတ်တော့ဘူး…*
ဤမိန်းကလေးငယ်လေးသည် ပန်းရောင် နှုတ်ခမ်းများနှင့် ဖြူဖွေးသော သွားများရှိကာ အတော်လေး လှပသည်။
၎င်းက သူမကို ပို၍ မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်စေလိမ့်မည် ဖြစ်သည်။
ယွင်ဟွားက မျက်ခုံးပင့်လိုက်သည်။
သူမ၏ ဖခင် စီစဉ်ပေးထားသော အစောင့်များသည် လှုပ်ရှားရန် လက်ယားနေကြပြီကို သူမ မြင်တွေ့နိုင်သည်။
ယွင်ဟွားသည် သူတို့ကို လျင်မြန်စွာ မျက်စိမှိတ်ပြလိုက်သည်။
ဤလူများအားလုံးသည် ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြပြီး ယွင်မိသားစု၏ အစောင့်များသည် သူတို့နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ပြင် တစ်ဖက်တွင် လူပိုများသည်။
တိုက်ဆိုင်လိုက်တာ...
သူမသည် သူမ၏ အစွမ်းအစများတွင် နောက်ထပ်တစ်ဆင့် တက်သွားခဲ့ပြီး စမ်းသပ်ရန် လူတစ်ယောက်ကို မရှာတွေ့မည်ကိုသာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ယွင်ဟွား၏ မျက်နှာအမူအရာက ကြောက်ရွံ့မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများမှာ အနည်းငယ် နီရဲလာကာ တစ်ကိုယ်လုံး ကြောက်လန့်တကြား တုန်ယင်နေသည်။
“နင်... နင်တို့တွေက ဘယ်သူတွေလဲ..."
ယွင်ဟွား၏ အသံမှာ သိသာထင်ရှားသော တုန်ယင်မှုတစ်ခုနှင့်အတူ မကြားရလောက်အောင် တိုးညင်းနေလေသည်။
သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ ချက်ချင်း စီးကျလာပြီး အလွန် သနားစရာကောင်းသော အသွင်အပြင်ကို ဖြစ်ပေါ်စေသည်။
ရှင်ခြင်းသေခြင်းစာအုပ်သည် အလွန် အံ့အားသင့်သွားပြီး ပြောလိုက်၏။
"ပန်း... ပန်းကလေး... နင့်ရဲ့ သရုပ်ဆောင်မှုက..."
“ဒီပြဇာတ်က ဘာမှားနေလို့လဲ... သရုပ်ဆောင်တာ တော်တော်လေး ကောင်းတယ် မဟုတ်လား…”
ရှင်ခြင်းသေခြင်းစာအုပ်၏ နှုတ်ခမ်းထောင့် တွန့်ကွေးသွားသည်။ ပန်းကလေး၏ ကြမ်းတမ်းပြီး အန္တရာယ်ပေးမည့် အသွင်အပြင်ကို ရိုးအီနေပြီဖြစ်ရာ ဤပုံစံအပြောင်းအလဲကို ၎င်း လုံးဝ လက်မခံနိုင်ပေ။
ခေါင်းဆောင်ဖြစ်သူသည် မကောင်းဆိုးဝါးဆန်စွာ ပြုံးဖြီးရင်း ရှေ့သို့ တစ်လှမ်းတိုးလာသည်။
“နင်... နင် အနားမလာနဲ့... နောက်ထပ် တစ်လှမ်းထပ်တိုးလာရင် ငါ အော်လိုက်မှာနော်..."
"ငါက နန်းတွင်းက ခန့်အပ်ထားတဲ့ အရာရှိတစ်ယောက်ပဲ… နင်.. နင်တို့က သေချင်နေကြတာလား..."
ခေါင်းဆောင်ဖြစ်သူက ယွင်ဟွား၏ ခေါင်းမာမှုကို ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"နန်းတွင်းက ခန့်အပ်ထားတဲ့ အရာရှိတစ်ယောက်လား..."
ခေါင်းဆောင်ဖြစ်သူက သူ၏ ရင်ဘတ်ကို ပုတ်ကာ ခနဲ့တဲ့တဲ့ဖြင့် "ငါ အရမ်း ကြောက်သွားပြီပဲ..." ဟု ပြောလိုက်သည်။
သူ စကားပြောပြီးနောက် သူ့အနောက်ရှိ အပေါင်းအပါများသည် တိုးညင်းစွာ ရယ်မောလိုက်ကြသည်။ သူတို့ထဲမှ တစ်ဦးသည် တလက်လက် တောက်ပနေသော ဓားမကြီးတစ်လက်ကို ကစားနေပြီး ဓားသွားသည် နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေ၏။
ခေါင်းဆောင်ဖြစ်သူက ချဉ်းကပ်လာစဉ်။
ယွင်ဟွား၏ စိတ်ထဲတွင် ဤအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် တလက်လက် တောက်ပနေသော ရွှေအုတ်ခဲတစ်ခုက သူမ၏ အနောက်ဘက်ရှိ လက်ငယ်လေးထဲတွင် ရုတ်တရက် ပေါ်လာသည်။
သူမ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရောင်အဝါများ လင်းလက်သွားပြီး ခေါင်းဆောင်ဖြစ်သူ၏ ဦးခေါင်းကို ရိုက်ခွဲရန် အုတ်ခဲကို မြှောက်လိုက်လေသည်။
ထိုစဉ်မှာပင်။
အနက်ရောင် ပုံရိပ်အချို့က ကောင်းကင်မှ ဆင်းသက်လာကြသည်။
တစ်ချိန်တည်းမှာပင် ကြည်လင်သော်လည်း အနည်းငယ် အရေးတကြီးဖြစ်နေသော အသံတစ်ခုသည် ယွင်ဟွား၏ နားထဲသို့ ဝင်ရောက်လာသည်။
"ဖမ်းလိုက်စမ်း..."