သူလျှိုတစ်ယောက်၏ကျင့်စဉ်လမ်း
Vol. 27 Ch. 376
အခန်း (၃၇၆) သူလျှိုတစ်ယောက်၏ကျင့်စဉ်လမ်း
ညနေပိုင်းအချိန်။
နဝမတောင်ထွတ်ရှိ မက်မွန်တောပတ်ဝန်းကျင်တွင် လူပေါင်းများစွာ ရောက်ရှိနေကြသည်။
မွန်မွန်တောအတွင်းမှ အသံများထွက်ပေါ်နေသည်ကို သူတို့အားလုံး ကြားကြရသည်။ ကြောက်ရွံ့မှု ၊ နာကျင်မှုနှင့် စိတ်ပျက်မှုများကြောင့် ထွက်ပေါ်လာသည့် အသံများ ဖြစ်၏။
ထို့နောက် အသံများ ပြန်လည်တိတ်ဆိတ်သွားသည်။
သို့သော်…
မက်မွန်တောအပြင်ဘက်သို့ မည်သူမှ ပြန်ထွက်မလာကြပေ။
ဝင်္ကပါထဲ ဝင်ရောက်သွားသူများမှာ အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြပြီး သတ္တိနှင့်လည်း ပြည့်စုံကြသည်။
သို့တိုင်…
သူတို့ အပြင်သို့ ပြန်ထွက်မလာနိုင်ခဲ့ကြပေ။
မက်မွန်ဝင်္ကပါသည် ချောက်နက်ကြီးတစ်ခုအလား ဝင်ရောက်သွားသူများအားလုံးကို ပြန်ထွက်မလာနိုင်အောင် စုပ်ယူသွားသည်။ ရံဖန်ရံခါတော့ အထဲမှ စိတ်ပျက်လက်ပျက် အော်ဟစ်သံများ ကြားရလေ့ရှိ၏
အချိန်အများစုတွင်တော့ မက်မွန်တောတစ်ခွင်သည် ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်နေလေသည်။
တပည့်တစ်ယောက်က…
“ဂိုဏ်းတူအစ်ကိုယွိယွမ် ၊ ဒီ ဝင်္ကပါအစီအရင်က ဘယ်အဆင့်မှာ ရှိတာလဲ ၊ အထဲဝင်သွားတဲ့ ဂိုဏ်းတူအစ်ကိုတွေက ဘာလို့ ထွက်မလာကြတော့တာလဲ ၊ ကြည့်ရတာ ဒီဝင်္ကပါက ထွက်ပေါက်မရှိတဲ့အစီအရင်မျိုးလား”
အခြားတပည့်တစ်ယောက်က…
"ဟုတ်တယ် ၊ ကျုပ်တို့ ဒီနေရာမှာ ရပ်နေတာတောင် အန္တရယ်ကင်းရဲ့လား မသိဘူး"
"ဘာပြဿနာမှ မရှိလောက်ပါဘူးကွာ ၊ အထဲမဝင်သရွေ့ ဘာပြဿနာမှ မရှိဘူးလို့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို ပြောသွားတယ်မဟုတ်လား ၊ အဓိပ္ပါယ်ကတော့ ဝင်္ကပါအစီအရင်က ကျုပ်တို့ရပ်နေတဲ့နေရာအထိ ချဲ့ထွင်မလာနိုင်ဘူးလို့ ဆိုလိုတာပဲ"
"အဲဒီဂိုဏ်းတူအစ်ကိုက နဝမတောင်ထွတ်ကဆိုတာကို ကျုပ်ပြောတုန်းက မင်းတို့ မယုံခဲ့ကြဘူး မဟုတ်လား ၊ အခုတော့ ယုံသွားကြပြီလား"
"ကျုပ်တို့က မင်းကို ယုံပါတယ်ကွာ ၊ မယုံတာက ဒီလိုအစီအရင်မျိုးကို တကယ်ပဲ သူ တည်ဆောက်ခဲ့တာလားဆိုတာ မယုံကြည်တာပါ"
မက်မွန်ဝင်္ကပါအစီအရင်သည် လူသားအင်မော်တယ်များနှင့် အစစ်အမှန်အင်မော်တယ်များကိုပင် ထောင်ချောက်ဆင်နိုင်စွမ်း ရှိနေသည်။
ထိုသူများအားလုံး အထဲသို့ ဝင်ရောက်သွားပြီးနောက် မည်သည့်သတင်းမှ မကြားရတော့ပေ။
သို့ဖြစ်ရာ အစီအရင်ပြုလုပ်သူသည် သေချာပေါက်တန်ခိုးစွမ်းအားမြင့်မားသူ ဖြစ်ရပေမည်။ သို့သော် နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုက ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်း မရှိပေ။
မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်က ထိုမျှ အစွမ်းထက်နိုင်ပါမည်လား။ ပုပ်အဲ့နေသည့်အရာကို မှော်ဆန်သည့်အရာအဖြစ် ထိုသူက ပြောင်းလဲနိုင်ပါမည်လား။
မရှိမှုအာကာသအဆင့်ဆိုသည်က အားနည်းသည်တော့ မဟုတ်ပေ။ သို့သော် ဝင်္ကပါထဲဝင်ရောက်သွားသူများက အင်မော်တယ်များ ဖြစ်ကြသည်။
သူတို့ အထဲတွင် ပိတ်မိနေခြင်းမှာ လုံး၀ မဖြစ်နိုင်ပေ။
ချိုးကျီးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသူများကို တားဆီးလိုက်သည်။
"မင်းတို့တွေ ခဏလောက် နေကြစမ်းပါဦး ၊ ဂိုဏ်းတူအစ်ကိုယွိယွမ် ပြောပါစေဦး"
အားလုံးက စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး ယွိယွမ်ကို ကြည့်လိုက်ကြသည်။
ထိုအခါမှ ယွိယွမ်က စကားစပြော၏။
"မင်းတို့ပြောနေကြတဲ့သူက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး ဟုတ် မဟုတ် ဆိုတာ ကျုပ်မသိဘူး ၊ ဒါပေမဲ့ ဇာမဏီမျိုးနွယ်တွေဘက်က စိန်ခေါ်မှုကို သဘောတူတယ်ဆိုကတည်းက အစီအရင်ကို ဘယ်သူတည်ဆောက်ထားတယ်ဆိုတာ သူတို့အနေနဲ့ သိရှိပြီးသား ဖြစ်ရမယ်"
သူက ဆက်ပြောသည်။
"အကြီးအကဲတစ်ယောက်က နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးအဖြစ်ဟန်ဆောင်ပြီး အစီအရင်တည်ဆောက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကျုပ်တို့တွေးသလို ဇာမဏီမျိုးနွယ်တွေလည်း တွေးကြမှာပဲ ၊ စွမ်းအားအမြင့်မားဆုံး အစီအရင်တွေက နဝမတောင်ထွတ်မှာ ရှိတာမဟုတ်ဘူးလေ ၊ ပဉ္စမတောင်ထွတ်မှာပဲရှိတယ်ဆိုတာ အားလုံးသိကြတာပဲ ၊ ဆိုတော့ ခွန်လွန်တောင်က လှည့်စားချင်တယ်ဆိုရင် နဝမတောင်ထွတ်ကို မရွေးချယ်ဘဲ ပဉ္စမတောင်ထွတ်ကိုပဲ ရွေးချယ်မှာပေါ့"
ယွိယွမ်စကားဆုံးသွားသည်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။ သူပြောသည်မှာ သဘာဝကျပေ၏။
ယွိယွမ်က မျက်မှောင်ကြုတ်လိုက်ရင်း…
"အစီအရင်နဲ့ပတ်သက်လို့ကတော့…"
ခဏမျှစဉ်းစားနေပြီးမှ သူက ဆက်ပြောသည်။
"မင်းတို့ သတင်းကြားပြီးပြီလား မသိပေမယ့် ကျုပ် သိထားတာ တစ်ခုရှိတယ်"
"ဘာများလဲ"
အခြားသူများက သိချင်စိတ်ဖြင့် မေးမြန်းလိုက်ကြသည်။
ယွိယွမ်က…
"ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စလေ"
"အဲဒီ သတင်းကြားတယ်လေ ၊ ဘာများပြဿနာရှိလို့လဲ"
"အမှန်ပဲ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ အင်မော်တယ်ဖြစ်လာတာ လူတိုင်းသိကြတာပဲလေ"
"ဘာလဲ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ အင်မော်တယ် ဖြစ်လာပြီဆိုတော့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက သူ့ထက် တန်ခိုးစွမ်းအားနိမ့်ပါးတယ်လို့ ပြောချင်တာလား"
ယွိယွမ်က ခေါင်းခါယမ်းလိုက်ရင်း…
"မဟုတ်ဘူး"
ထို့နောက်သူက ပတ်ဝန်းကျင်မှလူများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"မင်းတို့တွေသိတာ တစ်ခုပဲ ရှိသေးတယ် ၊ နောက်တစ်ခုကို မင်းတို့ မသိသေးဘူးထင်တယ် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရတာကို ရင်ဆိုင်ဖို့အတွက် အရမ်းကောင်းတဲ့ အစီအရင်တစ်ခု ပြုလုပ်ထားခဲ့တယ် ၊ အဲဒီအစီအရင်ကို ဘယ်သူလုပ်ပေးတာလဲဆိုတာ မင်းတို့တွေ သိကြလား"
ထိုစကားကိုကြားသည့်အခါ ပတ်ဝန်းကျင်မှ တပည့်များ အံ့အားသင့်သွားကြသည်။
ယွိယွမ်က သူတို့ကို တစ်ချက်အကဲခတ်ပြီးမှ ဆက်ပြောသည်။
"ဟုတ်တယ် မင်းတို့ထင်တဲ့အတိုင်းပဲ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမအတွက် အစီအရင်ကို နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးခဲ့တာ ၊ ဂိုဏ်းတူအစ်ကိုတွေ ပြောတဲ့စကားအရဆိုရင်တော့ အဲဒီအစီအရင်က ထင်မထားရလောက်အောင် အံ့မခန်းပဲတဲ့"
"ဆိုတော့ ဒီ နဝမတောင်ထွတ်မှာ ပြုလုပ်ထားတဲ့ အစီအရင်တွေက အဲဒီ ဂိုဏ်းတူညီလေးကိုယ်တိုင် ပြုလုပ်ထားတာ ဖြစ်နိုင်တယ် ၊ ဒီလို အစီအရင်ပညာကျွမ်းကျင်မှုမျိုးဆိုတာက... မင်းတို့ ကျုပ်တို့ဘဝမှာ ဘယ်တော့မှ မရောက်နိုင်တဲ့ အဆင့်မျိုးပဲ...”
"ဒါက…"
တပည့်များအားလုံး ဆွံ့အသွားကြသည်။
ထိုသို့သောကိစ္စများကို သူတို့ အနည်းအကျဉ်းမျှသာ သိခဲ့ကြသည်ဖြစ်ရာ နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို၏ အစီအရင်ပညာ ထိုမျှ မြင့်မားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ထိုစဉ်…
ချိုးကျီက မက်မွန်တောဆီသို့ လှမ်းကြည့်လိုက်ရင်း…
"ဟော… ဟိုမှာ တစ်ယောက်ထွက်လာပြီ ၊ သူ အောင်မြင်လာတယ်လို့ မင်တို့ထင်လား…"
အခြားသူများကလည်း သူ ကြည့်ရာသို့ လိုက်ကြည့်လိုက်ကြသည်။
မက်မွန်ဝင်္ကပါအစီအရင်က ထိုမျှလောက် အစွမ်းထက်သည်မှာ ယုံကြည်စရာ မကောင်းပေ။ မလိုအပ်ဘဲ ချဲ့ကားပြောဆိုနေကြခြင်းသာ ဖြစ်နိုင်သည်။
ယခုတော့ မက်မွန်ဝင်္ကပါထဲမှ ထွက်လာနိုင်သူများပင် ရှိခဲ့ပြီ။
ချိုးကျီးက ထွက်လာသူကို လှမ်းကြည့်ရင်း...
''အဲဒီလူက အစီအရင်ပညာမှာ အောင်မြင်မှုအချို့ရနေပြီလို့ပြောပြီး အထဲဝင်သွားတဲ့ ဂိုဏ်းတူအစ်ကိုမဟုတ်လား”
ထိုသူက သူတို့အနားမှ အထဲသို့ဝင်သွားသူ ဖြစ်သည်။
"မဟုတ်ပါဘူးကွာ ၊ ပြီးတော့ အဲဒီ ဂိုဏ်းတူအစ်ကိုရဲ့ မျက်နှာကိုကြည့်လိုက် ၊ ဖြူဖပ်ဖြူလျော်နဲ့ ၊ အခုမှ အန္တရယ်က လွတ်လာတာဖြစ်ရမယ်"
အမြင်အာရုံစူးရှသည့်တပည့်များက ထူးခြားချက်များကို ချက်ချင်း သတိပြုမိလိုက်ကြသည်။ ထိုသူက မက်မွန်တောထဲမှ ပထမဆုံးထွက်လာနိုင်သူ ဖြစ်လေရာ အားလုံးက ဝိုင်းကြည့်နေကြသည်။
ထိုသူ ဘာပြောမည်ကို သူတို့ ကြားချင်နေကြ၏။
သို့သော် အားလုံးကြည့်နေစဉ်မှာပင် ထိုဂိုဏ်းတူအစ်ကိုက မက်မွန်တောကို ရုတ်တရက်လှည့်ကြည့်လိုက်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
ထို့နောက် သူ၏ဓားကို မက်မွန်တောရှေ့တွင် လွှတ်ချထားခဲ့လေသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ"
သူ့လုပ်ရပ်ကို အတော်များများ နားမလည်ကြပေ။
ထိုစဉ်မှာပင် မက်မွန်တောထဲမှ လူများစွာ ထွက်လာကြသည်ကို တွေ့မြင်လိုက်ကြရသည်။ ထွက်လာသူတိုင်းက မက်မွန်တောကို ဦးညွှတ်ကြလေ၏။
မဖြစ်အပျက်များကို နားမလည်ကြသူများက လူအုပ်ထဲမှ အသိများကို ရှာဖွေမေးမြန်းကြသည်။
"ဂိုဏ်းတူအစ်ကို ၊ ဘာဖြစ်ကြတာလဲ"
အမေးခံရသူက ခေါင်းခါယမ်းလိုက်ရင်း...
"ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့မိကြတယ်"
မက်မွန်တောထဲမှ လူပေါင်းများစွာ ဆက်လက်ထွက်ပေါ်လာကြပြီး အားလုံးက မက်မွန်တောကို အလေးအနက်ထားကာ ဂါရဝပြုကြသည်။
ထို့ပြင် အစီအရင်ကို ချိုးဖျက်ရန်လည်း မည်သူမှ မပြောကြတော့ပေ။
အားလုံးက ခေါင်းများငုံ့လျှက် ၊ သူတို့မျက်နှာထက်တွင် အကြောက်တရားနှင့် စိတ်သက်သာရာရခြင်းများကို တစ်ပြိုင်တည်း တွေ့မြင်ကြရသည်။
ပွဲပြီးသွားပြီ ဖြစ်လေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ယွိယွမ် နဝမတောင်ထွတ်မှပြန်ရန် ဟန်ပြင်လိုက်သည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင် မက်မွန်ဝင်္ကပါကို မည်သူမှ အောင်မြင်စွာ မချိုးဖျက်နိုင်ခဲ့ကြပေ။
ယွိယွမ် နဝမတောင်ထွတ်မှ ဆင်းလာခဲ့သည်။
တကယ်တော့ ယွိယွမ်က ခွန်လွန်တောင်သို့ ရောက်ရှိနေသည့် သူလျှိုတစ်ယောက်ဖြစ်သည်။ ဇာမဏီမျိုးနွယ်များက နဝမတောင်ထွတ်တွင် ယှဉ်ပြိုင်ပွဲ ပြုလုပ်မည်ဆိုသည့်အခါ သူ့အတွက် တွေးစရာဖြစ်လာခဲ့သည်။
အစီအရင်ပညာနှင့်ပတ်သက်ပြီး စိန်ခေါ်မှုပြုလုပ်ရာတွင် ခွန်လွန်တောင်က အဘယ့်ကြောင့် နဝမတောင်ထွတ်ကို ရွေးချယ်ခဲ့ရပါသနည်း။
ယွိယွမ် ခန့်မှန်းမိသည်က -
ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် နဝမတောင်ထွတ်မှ ကျန်းလန်၏ မင်္ဂလာလက်ထပ်ပွဲ နီးကပ်ပြီဖြစ်လေရာ ခွန်လွန်တောင်က ကျန်းလန်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးလိုခြင်း ဖြစ်ရမည်ဆိုသည့်အချက်ပင်။
ထို့ကြောင့် သူက ၎င်းအကြံအစည်ကို ကူညီပေးရန် ရောက်လာခဲ့ခြင်း ဖြစ်၏။
"ဒါပေမဲ့ မက်မွန်ဝင်္ကပါအစီအရင်က ငါ မျှော်လင့်ထားတာထက် ပိုပြီး အစွမ်းထက်နေတယ် ၊ ဒီ အစီအရင်ကိုသာ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး တကယ်လုပ်ထားတာဆိုရင်… ပဉ္စမတောင်ထွတ်က အစီအရင်တောင်ကုန်းမှာ စာကြောင်းချန်ထားခဲ့တဲ့သူဟာ ဒီ ဂိုဏ်းတူညီလေးပဲဖြစ်ရမယ်”
ယွိယွမ် တွေးလိုက်သည်။
သူခန့်မှန်းသည်မှာလည်း မှန်ကန်နိုင်ကြောင်း ရိပ်မိလိုက်သည်။
ကျန်းလန်က အလွန်ပင် အနေအထိုင် သိုသိပ်လွန်းလှပြီး ဤသို့သောလူမျိုးများက အလွန်အန္တရယ်များ၏။
''အခြားခွန်လွန်တပည့်တွေ သူ့အပေါ်ထားတဲ့အမြင်က မှားနေတယ် ၊ သူ့ကို ပိုပြီးနားလည်လာလေ သူက လုံး၀ အားနည်းတဲ့သူမဟုတ်ဘူးဆိုတာ သိသာလာလေပဲ ၊ သေသေချာချာတွေးကြည့်မယ်ဆိုရင် သူက စိန်ခေါ်ပွဲတိုင်းမှာ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး ၊ ကြည့်ရတာ သူက အခြားအတွေ့အကြုံတွေမှာလည်း အားမနည်းလောက်ဘူးပဲ''
"ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အခြား ပါရမီရှင်တွေနဲ့ တန်းတူသွားနေတယ် ၊ ကြည့်ရတာ ခွန်လွန်တပည့်တွေ သူ့ကိုဝေဖန်အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လျှို့ဝှက်နေထိုင်နေသလိုပဲ"
"ဒါ မကောင်းဘူးပဲ"
ယွိယန် အနည်းငယ် တုန်လှုပ်သွားသည်။
လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားသည့်အလား ခံစားလိုက်ရသည်။ သို့သော် သူ ထုတ်ဖော်မပြောသရွေ့ ဤလျှို့ဝှက်ချက်ကို မည်သူမှ သိရှိမည် မဟုတ်ပေ။
ယွိယွမ်က မရှိမှုအာကာသအဆင့် အောင်မြင်ပြီးသူ ဖြစ်ပြီး ထိုအဆင့်တွင် အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။ သူ့အတွက် အင်မော်တယ်ဖြစ်လာရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည်။
သို့သော်…
သူက အင်မော်တယ်ဖြစ်လာရန် မဝံ့ရဲခဲ့ပေ။
သူက သူလျှိုတစ်ယောက်ဖြစ်လေရာ အင်မော်တယ်ဖြစ်လာပါက ခွန်လွန်တောင်မှ သုတ်သင်ဖယ်ရှားခံရမည် ဖြစ်သည်။
ထို့ကြောင့် သူ့မှာ အလောင်းအစားထပ်သည့်အလား ခွန်လွန်တောင်မှ သဘောကျမည့်အလုပ်များကို ပြုလုပ်ပေးနေခဲ့ရသည်။
သူ အင်မော်တယ်အဖြစ် အဆင့်တက်ရန် ခွန်လွန်တောင်က ခွင့်ပြုပါမည်လား မသေချာသည့်အခြေအနေတွင် သူ့အနေဖြင့် စည်းမကျော်ရဲခဲ့ပေ။
ညမိုးချုပ်နေပြီဖြစ်သည်။
နဝမတောင်ထွတ်အနီးရှိတောအုပ်ထဲတွင် ယွိယွမ် လမ်းလျှောက်လာခဲ့သည်။
ထိုအချိန်…
သူ့ရှေ့တွင် လူရိပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရ၏။
ထိုသူက ပါးကွသင်္ကေတပုံပါသည့် ဝတ်စုံကိုဝတ်ဆင်ထားကာ ကျောထက်တွင် ဓားတစ်လက်လွယ်ထားပြီး ကောင်းကင်ထက်မှလမင်းကို ခေါင်းမော့ကြည့်နေ၏။
သူ့ကို တွေ့လိုက်ရသည်နှင့် ယွိယွမ်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ချွေးစေးများလည်း ပျံလာတော့သည်။
ထိုသူကား အခြားသူမဟုတ် ၊ ဂိုဏ်းတူအစ်ကိုပေဖန်းပင် ဖြစ်၏။
ဤတောအုပ်ထဲတွင် ပေဖန်းရှိနေခြင်းက ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။
သူ့ကို ရှင်းပစ်ရန် ဖြစ်၏။
ယွိယွမ်၏ရင်ထဲ မသက်မသာ ဖြစ်သွားမိသည်။
သူ ဘာများ မှားယွင်းမိပါသနည်း။