အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အခန်း။ ၂၄၅
နှစ်ပေါင်းများစွာ ထပ်မံကုန်လွန်သွားခဲ့ပြန်သည်။
ထျန်းယောင်သည် စုန်ယန်အတွက် သားတစ်ယောက်နှင့် သမီးတစ်ယောက် ဖွားမြင်ပေးခဲ့သည်။ အချိန်နှင့်အမျှ ကလေးများမှာ အရွယ်ရောက်လာကြပြီး ဓားကျင့်ကြံသူဂိုဏ်းသို့ပင် ဝင်ရောက်ခဲ့ကြသည်။ နောင်တွင် ထိုကလေးများမှာလည်း အသီးသီး အိမ်ထောင်ကျခဲ့ကြရာ စုန်မျိုးနွယ်စုမှာ ပိုမိုစည်ကားသာယာလာခဲ့သည်။
စုန်ယန်၏ ဝိညာဉ်အလား ဖောက်ထွင်းမြင်နေရသော ပုံရိပ်မှာ တစ်ခါတစ်ရံ အပြင်ဘက်၌ လွင့်မျောနေတတ်ပြီး တစ်ခါတစ်ရံတွင်မူ ရုပ်ဒြပ်ရှိသော စုန်ယန်နှင့် ထပ်တူကျသွားတတ်သည်။ သို့သော် သူသည် စိတ်အာရုံ လွင့်ပါးမသွားခဲ့ပေ။
"ဒါက မျက်လှည့်တစ်ခုပဲ... ဒါက စိတ်အာရုံလှည့်စားမှုပဲ"
ထိုသို့ သူ့ကိုယ်သူ အမြဲသတိပေးနေခဲ့သည်။
တစ်နေ့သောအခါတွင်မူ...
....
"အဖေ အဖေ"
"အစ်ကိုစုန်"
စုန်အိမ်တော်အတွင်း၌ စိုးရိမ်တကြီး အော်ဟစ်ရှာဖွေသံများ ပျံ့လွင့်နေသည်။ ထျန်းယောင်ရော၊ စုန်ယန်၏ သားသမီးများနှင့် မြေးမြစ်များပါ သူ့ကို နေရာအနှံ့ လိုက်လံရှာဖွေနေကြသော်လည်း စုန်ယန်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။
ဤအချိန်တွင် ရုပ်ဒြပ်ရှိသော စုန်ယန်မှာ လုံးဝကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ အပြင်ဘက်တွင် လွင့်မျောနေသော သူ၏ ဝိညာဉ်ပုံရိပ်သာ ကျန်ရှိတော့သည်။ သူက ထိုလူများကို မြင်နိုင်သော်လည်း သူတို့ကမူ သူ့ကို မမြင်နိုင်ကြချေ။
"အခုတော့ အားလုံး အဆုံးသတ်သင့်ပြီ"
စုန်ယန်သည် ခပ်ဖွဖွ သက်ပြင်းချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤမျက်လှည့်နယ်မြေ၏ အားနည်းချက်ဖြစ်သော အချိန်ကန့်သတ်ချက်ကို သူ အာရုံခံမိလိုက်သောကြောင့်ပင်။
ဤနယ်မြေသည် အပြစ်ပြောစရာမရှိအောင် ပြည့်စုံပြီး ရုန်းထွက်ရန် ခက်ခဲသော်လည်း အချိန်စေ့သွားသည့်တိုင် သူ လုံးဝစိတ်ညှို့မခံရသေးလျှင် နိုးထလာရန်မှာ အလွန်ပင် လွယ်ကူလှသည်။
သူသည် ခြံဝင်းငယ်လေးအတွင်း၌ ရပ်နေမိ၏။ ထိုခြံဝင်းအတွင်း၌ ရင်းနှီးနေသော မြင်ကွင်းများဖြင့် ပြည့်နှက်နေပြီး ထောင့်တစ်နေရာတွင် နှင်းလူရုပ်များပင် ရှိနေသေးသည်။ ထိုစဉ်မှာပင် ဝင်းတံခါးအပြင်ဘက်မှ တုန်ရီနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"အဖေ... အဖေ ပြန်လာပြီလား အကြာကြီး ဘယ်တွေသွားနေတာလဲဟင်"
ထိုအသံမှာ ချက်ချင်းပင် ဝမ်းသာအားရအသံအဖြစ် ပြောင်းလဲသွားပြီး "အမေ အမေ အဖေ ပြန်လာပြီဗျ" ဟု အော်ဟစ်လိုက်တော့သည်။
မကြာမီမှာပင် ထျန်းယောင်၏ ပုံရိပ်သည် စုန်ယန်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေ၏။ သူမသည် မြေပြင်ပေါ်ရှိ နှင်းများကို ကြည့်ကာ ရုတ်တရက် ငုံ့ချလိုက်ပြီး နှင်းလုံးလေးတစ်ခု အမြန်လုပ်၍ စုန်ယန်ထံသို့ ပစ်ပေါက်လိုက်သည်။
ဘုန်း
နှင်းလုံးမှာ သူ၏ ဘယ်ဘက်ပါးပြင်ပေါ်သို့ ကျရောက်သွားသည်။ စုန်ယန်မှာ ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ ဤအချိန်တွင် သူသည် ဝိညာဉ်အသွင် မဟုတ်တော့ဘဲ ရုပ်ဒြပ်ပြန်လည် ရှိလာခဲ့ပြီ ဖြစ်သည်။
ထျန်းယောင်သည် ငိုယိုလျက် ပြေးလာပြီး သူ၏ရင်ခွင်အတွင်းသို့ တိုးဝင်ကာ "ဘယ်တွေသွားနေတာလဲ ဘာတစ်ခွန်းမှ မပြောဘဲ ဘယ်လိုဖြစ်ပြီး ထားသွားရတာလဲ။ ရှင် မရှိတဲ့အချိန်မှာ ကျွန်မတို့ ဘယ်လောက်တောင် လွမ်းနေရလဲ သိရဲ့လား" ဟု ပြောလိုက်သည်။
စုန်ယန်သည် သူ၏ရင်ခွင်ထဲမှ ဂျူနီယာညီမလေး ရှောင်ကျိုကို ငေးကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူကာ မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်သည်။ အဝေးမှ သူတို့၏ သားသမီးများနှင့် မြေးမြစ်များမှာမူ တိတ်ဆိတ်စွာပင် ဆုတ်ခွာသွားကြတော့သည်။
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ မိုးကုပ်စက်ဝိုင်းမှာ မှောင်ရီပျိုးစ ပြုနေသည်။ ကောင်းကင်နှင့် မြေကြီး၏ အဆုံးသတ်တွင် နီမြန်းသော အလင်းတန်းများ ယှက်သန်းနေပြီး သူ၏ဘေးနားတွင် အမြတ်နိုးဆုံး ကြင်သူသက်ထား ရှိနေခြင်းကြောင့် စုန်ယန်၏ နှလုံးသားတစ်ခုလုံးတွင် အတိုင်းမသိ သာယာကြည်နူးမှုများ ပြည့်လျှံသွားခဲ့သည်။
ဓားကျင့်ကြံသူဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အားလုံးကို ပြန်လည်အမှတ်ရကြည့်ရာ သူသည် မည်သည့်အတွက်မျှ ရှက်ရွံ့နေစရာ မလိုတော့ဘူးဟု ခံစားလိုက်ရသည်။
"အစ်ကိုစုန်... ဘာတွေ တွေးနေတာလဲဟင်"
ဂျူနီယာညီမလေး ရှောင်ကျိုက သူ့ကို မှီရင်း နေဝင်ဆည်းဆာကို အတူတူ ငေးကြည့်နေကြသည်။
စုန်ယန်က “ငါ တွေးနေတာက... ဒါတွေအားလုံးသာ တကယ်ဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ပါ” ဟု ပြောလိုက်သည်။
“ဒါတွေက အတုအယောင်လို့ ဘာလို့ အခိုင်အမာ ပြောနိုင်ရတာလဲ အစ်ကိုစုန်”
ရှောင်ကျိုက ပြန်မေးလိုက်သည်။
စုန်ယန်က မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဤအခိုက်အတန့်၏ နွေးထွေးမှု၊ သာယာမှုနှင့် အေးချမ်းမှုများကို အငမ်းမရ ခံစားနေမိသည်။ ဤနေရာမှာ သူ တကယ်အလိုရှိသော ဘဝ၊ သူ တောင့်တခဲ့သမျှ အရာအားလုံး ရှိနေသည့် နေရာပင်။
“ကလေးတွေလည်း ကြီးကုန်ပြီဆိုတော့ ဂိုဏ်းချုပ်ရာထူးကို လွှဲပေးခဲ့ပြီး ငါတို့နှစ်ယောက် အေးအေးချမ်းချမ်း ကျင့်ကြံနိုင်မယ့် နေရာကောင်းလေးတစ်ခု ရှာကြရအောင်လေ”
ရှောင်ကျို၏ နူးညံ့သော အသံလေးက သူ့နားထဲ၌ ပဲ့တင်ထပ်နေသည်။ စုန်ယန်ကမူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေဆဲပင်။
“အစ်ကိုက အတိတ်က အကြောင်းတွေကို တွေးနေတုန်းပဲလား။ အားလုံး ပြီးဆုံးသွားပါပြီ အစ်ကိုရယ်”
စုန်ယန်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည့်အခါ ရှောင်ကျို၏ နောက်ပြောင်ချင်စဖွယ် မျက်ဝန်းလေးများနှင့် ဆုံတွေ့လိုက်ရသည်။
“အခု အစ်ကို ဘာလုပ်ချင်လဲ”
သူမက ပြုံး၍ မေးသည်။
စုန်ယန်က “နေဝင်တာကို ကြည့်မယ်... ပြီးရင် ဒီကမ္ဘာကနေ ထွက်ခွာတော့မယ်” ဟု အေးဆေးစွာ ပြောလိုက်သည်။
ရှောင်ကျိုက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်သည်။ သူမ၏ မျက်ရည်များက စုန်
ယန်၏ ဝတ်ရုံကို စိုစွတ်ကုန်သလို သူ့ကို ဖက်ထားသည့် လက်များကလည်း ပို၍ တင်းကျပ်လာသည်။
“ဘာလို့ ထွက်သွားမှာလဲ... ဘာလို့လဲ”
သူမက ငိုယိုပြီး အော်ဟစ်လိုက်သည်။
“တကယ်လား အတုလားဆိုတာက တကယ်ပဲ အရေးကြီးလို့လား။ ငါတို့ မိသားစုတွေ အတူတူ ဒီမှာပဲ နေလို့မရဘူးလား”
သူမ၏ အသံများက ရှိုက်ကြီးတငင် ငိုကြွေးသံများကြောင့် ဗလုံးဗထွေး ဖြစ်နေသည်။ စုန်ယန်က သူမကို ရင်ခွင်ထဲမှ အသာအယာ ဖယ်ထုတ်လိုက်ပြီး မျက်ရည်များကို သုတ်ပေးကာ ကိုယ့်ကိုကိုယ် လှောင်ပြုံး ပြုံးလိုက်သည်။
ထို့နောက် သူက ရှေ့တွင်ရှိသည့် ဂျူနီယာညီမလေး ရှောင်ကျိုကို ပြတ်သားသည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“နှုတ်ဆက်ခဲ့ပါတယ်... နေဝင်ဆည်းဆာက တကယ်ကို လှပါတယ်။ ကျေးဇူးတင်ပါတယ် ရှောင်ကျို...”
သူသည် “ထျန်းယောင်ဆိုသည့် နာမည်ကို မခေါ်ခဲ့ပေ။ ဘာကြောင့်လဲဆိုသော် သူသည် အစကတည်းက သတိကပ်နေခဲ့ပြီး ဒါတွေအားလုံးမှာ အတုအယောင်များသာ ဖြစ်သည်ကို သိရှိနေခဲ့သောကြောင့်ပင်။
နောက်တစ်ခဏတွင် စုန်ယန်က မျက်လုံးများကို ရုတ်တရက် ပိတ်လိုက်သည်။ မျက်လှည့်
နယ်မြေထဲမှ အချိန်များ ကုန်ဆုံးသွားပြီဆိုသည်ကို သူ သိလိုက်ရသည်။ သူသာ ဤသာယာမှုထဲတွင် နစ်မျောသွားမည်ဆိုပါက အပြင်မှ အကူအညီမပါဘဲ ဘယ်တော့မှ နိုးထလာတော့မည် မဟုတ်ပေ။ သို့သော် သူက အညံ့မခံခဲ့ဘဲ သူသည် ကြောက်စရာကောင်းလောက်အောင် သတိရှိနေခဲ့ခြင်းပင်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး လက်ကို မြှောက်လိုက်သည့်အခါ သူ၏လက်မှာ သွေးနီရောင် မိစ္ဆာလက်သည်းကြီးအဖြစ် ပြောင်းလဲသွားပြီး “ငါ့အတွက် အားလုံးကို ချိုးဖျက်ပစ်စမ်း” ဟု အေးစက်စွာ အမိန့်ပေးလိုက်သည်။
တခဏအတွင်းမှာပင် ပြည့်စုံလွန်းလှသော ထိုကမ္ဘာကြီးမှာ အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားပါတော့သည်။ နေဝင်ဆည်းဆာများ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံတွင် သဲဝါများ ပြည့်နှက်လာကာ လမ်းဘေးဝဲယာတွင်လည်း မတ်စောက်သည့် ကုန်းပါးစောင်းများ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ဓားခုတ်တောင်ကုန်း၌ ရှိနေဆဲပင်။
သို့သော် သူ၏ရှေ့တွင်မူ ခါးကုန်းကုန်းနှင့် ထူးဆန်းသော ပုံရိပ်တစ်ခု ရှိနေသည်။ ကိုရင်လေးတစ်ပါးနှင့် တူသော်လည်း သူ၏ အရှိန်အဝါမှာ သရဲတစ်ကောင်မှန်း စုန်ယန် သိလိုက်ရသည်။ ဤသရဲကိုရင်လေးမှာ ချန်ဝမ်ကျားမျိုးနွယ်စု၏ ဝိညာဉ်များ၊ ဒုက္ခပင်လယ်နှင့် အခြားသော အမည်မသိ အရာများ ပေါင်းစပ်ထားသည့် မိစ္ဆာတစ်ကောင် ဖြစ်ပုံပင်။
“မင်းလား... ဒီမျက်လှည့်တွေကို ဖန်တီးတဲ့ အကောင်က”
စုန်ယန်က ထိုသရဲကိုရင်လေးကို ကြည့်ပြီး လက်ကိုမြှောက်ကာ ခပ်အေးအေးပင် တိုက်ခိုက်လိုက်သည်။
ဘုန်း
မျက်လှည့်နယ်မြေထဲတွင် အစွမ်းထက်လှသော ထိုသရဲကိုရင်လေးမှာ တကယ့်လက်တွေ့တွင်မူ ဘာမှခုခံနိုင်စွမ်းမရှိဘဲ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်ကာ ကွယ်ပျောက်သွားတော့သည်။
စုန်ယန် ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ ထန်းဖန်က မလှုပ်မယှက် ရပ်နေသည်ကို တွေ့ရသည်။ ထန်းဖန်၏ မျက်နှာတွင် အပြုံးများ ရှိနေသော်လည်း ပါးပြင်ပေါ်၌မူ မျက်ရည်များ စီးကျနေသည်။ သူ မျက်လှည့်ထဲတွင် ဘာတွေမြင်ခဲ့သလဲဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
သို့သော် သရဲကိုရင်လေး ပျက်စီးသွားသည်နှင့်အမျှ ထန်းဖန်လည်း အိပ်မက်မှ နိုးလာသလို မျက်လုံးများ ပွင့်လာသည်။ သူသည် ထိတ်လန့်တကြားနှင့် နာကျင်စွာ ဘေးဘီကို ကြည့်ပြီး “မုန့်အာ... ဆင်းအာ...” ဟု အသည်းအသန် အော်ဟစ်လိုက်သည်။
စုန်ယန်က လက်ကိုမြှောက်ပြီး ထန်းဖန်၏ ခေါင်းနောက်စေ့ကို ဖြတ်ခနဲ ရိုက်လိုက်ကာ “ယောင်ယမ်းမနေနဲ့တော့ သွားကြစို့” ဟု ပြောလိုက်သည်။
အခန်း။ ၂၄၆
ဓားခုတ်တောင်ကုန်း...
ထန်းဖန်မှာ ရိုက်နှက်ခံလိုက်ရသဖြင့် သတိဝင်လာကာ သူ့ကိုယ်သူ မျက်လှည့်နယ်မြေတစ်ခုအတွင်း ကျရောက်သွားခဲ့မှန်း ချက်ချင်းသိရှိလိုက်သည်။
ထိုမျက်လှည့်နယ်မြေမှ လွတ်မြောက်လာခြင်းအပေါ် သူ ဘယ်လိုမှဝမ်းမသာနိုင်ပေ။ ထိုကမ္ဘာထဲတွင် သူ၏မိဘများကို မြင်တွေ့ခဲ့ရရုံသာမက မုန့်အာ၊ ဆင်းအာတို့နှင့်အတူ သာယာလှသော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး သားသမီးများ၏ လက်ကိုဆွဲကာ နာမည်ကျော်တောင်တန်းကြီးများနှင့် မြစ်ကြီးများဆီသို့ လှည့်လည်သွားလာနေသည့် သူ့ကိုယ်သူ မြင်တွေ့ခဲ့ရသောကြောင့်ပင်။
ထိုနေရာရှိ အရာအားလုံးမှာ သူ၏နှလုံးသားအတွင်း အတောင့်တဆုံး အရာများသာ ဖြစ်သည်။
လူ့ဘဝဟူသည် မမြဲသော နှစ်တစ်ရာမျှသာဖြစ်ပြီး သွေးနီရောင်နန်းတော်အဆင့်သို့ ရောက်လျှင်ပင် နောက်ထပ်နှစ်ပေါင်း နှစ်ရာမျှသာ ပိုမိုနေထိုင်ရမည်ပင်။
"ရှင်သန်နေထိုင်တာနဲ့ တွေ့ကြုံခံစားရတာက ဘာများကွာလို့လဲ။ အရာအားလုံးက ခံစားမှုသက်သက်ပဲဆိုရင် ပိုကောင်းတဲ့ ခံစားမှုကို ဘာဖြစ်လို့ မရွေးချယ်ရမှာလဲ။
အစစ်လား၊ အတုလားဆိုတာကကော ဘယ်လောက်အထိ အရေးပါလို့လဲ။
ရှင်သန်ခြင်းဆိုတာ ကြီးမားတဲ့ အိပ်မက်တစ်ခုပဲလေ။ လက်ရှိမှာတော့ အဲဒီအိပ်မက်က အိမ်မက်ဆိုးတစ်ခု ဖြစ်နေတယ်။ အကယ်၍ အဲဒါကို ပိုပြီး ချိုမြိန်တဲ့ အိပ်မက်တစ်ခုနဲ့ လဲလှယ်နိုင်မယ်ဆိုရင်... ဘာဖြစ်လို့ မလဲလှယ်ဘဲ နေမှာလဲ"
သို့သော် ထိုချိုမြိန်သောအိပ်မက်မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ရှေ့ရှိလမ်းခရီးမှာ ကောင်းကင်ယံမှ မိုးရွာသကဲ့သို့ ကျဆင်းလာသော သဲမုန်တိုင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။
စုန်ယန်သည် ရှေ့ရှိလမ်းကို မျက်မှောင်ကြုတ်ကြည့်ရင်း မျက်နှာမဲ့မျက်နှာဖုံးအတွင်းရှိ ဖုန်းချန်စီနှင့် အမြန်ဆက်သွယ်လိုက်သည်။ သူ မျက်လှည့်နယ်မြေထဲသို့ ကျရောက်သွားစဉ်က ဖုန်းချန်စီမှာလည်း ပြင်ပအာရုံခံစားမှုများနှင့် လုံးဝပြတ်တောက်သွားခဲ့ခြင်းပင်။
သို့သော် ဖုန်းချန်စီမှာ တိကျသောအချိန်ကို မှတ်မိနိုင်စွမ်းရှိသည်။ ထို့ကြောင့် စုန်ယန်က မေးမြန်းလိုက်သောအခါ သူနှင့်ထန်းဖန်တို့သည် မျက်လှည့်နယ်မြေအတွင်း၌ လက်တွေ့ကမ္ဘာ၏ အချိန်နှစ်ရက်တိတိ ကုန်ဆုံးခဲ့ကြောင်း သိလိုက်ရတော့သည်။
အချိုးအစားအရ တွက်ချက်မည်ဆိုလျှင် မျက်လှည့်နယ်မြေအတွင်း၌ နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားခြင်းမှာ ပြင်ပလောက၏ တစ်ရက်နှင့် ညီမျှနေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"နှစ်ရက်တောင်လား..."
စုန်ယန်မှာ မယုံနိုင်အောင် ဖြစ်ရသည်။ ခဏတာမျှသာဟု သူ ထင်မှတ်ခဲ့ခြင်းပင်။
ဖုန်းချန်စီက အသေးစိတ်အချက်အလက်များကို မေးမြန်းပြီးနောက် ပြောလိုက်သည်။
"မင်း တွေ့ခဲ့ရတာက ဒုက္ခပင်လယ်ရဲ့ တစ္ဆေပုံရိပ်ပဲ။ အဲဒါကို ဒုက္ခပင်လယ်ရဲ့ ဘုန်းကြီးတုလို့လည်း ခေါ်နိုင်တယ်။
ဒါက ဘုန်းကြီးတုတစ်ပါးပဲ ဖြစ်နေလို့ ကံကောင်းသွားတာ။ အကယ်၍ မင်းသာ ဒုက္ခပင်လယ်ထဲ တကယ်ကျသွားမယ်ဆိုရင်တော့ ဘယ်လောက်ပဲ နတ်ဘုရားစွမ်းအားတွေ ရှိနေပါစေ ဒုက္ခပင်လယ်ထဲက မိစ္ဆာတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာပဲ။
အဲဒီမိစ္ဆာတွေက မင်းနားလည်ထားတဲ့ သာမန်နည်းလမ်းတွေနဲ့ သတ်တာမဟုတ်ဘူး။ သူတို့က မင်းရဲ့ အတွေးအာရုံအဆင့်မှာရှိတဲ့ အရာအားလုံးကို ဖယ်ရှားပစ်ပြီး အကျိုးအကြောင်းတရားတွေကို ဖြတ်တောက်ပေးပြီး မင်းရဲ့ဝိညာဉ်ကို နိဗ္ဗာန်ရောက်အောင် ကူညီပေးတဲ့နည်းနဲ့ သတ်တာ"
ဤသို့ပြောပြီးနောက် သူက ခေတ္တမျှ တိတ်ဆိတ်သွားကာ "သူတို့က မိစ္ဆာတွေပါပဲ ဒါပေမဲ့ သူတို့ကိုယ်သူတို့တော့ ဘယ်တော့မှ အဲဒီလို မတွက်ဆကြဘူး။
အဆုံးမရှိတဲ့ ခေတ်အဆက်ဆက်မှာ ဒုက္ခပင်လယ်ထဲ နစ်မြုပ်သွားတဲ့ စွဲလမ်းမှု အမျိုးမျိုးရှိကြတယ်။ သူတို့က အဲဒီထဲကမှ သူတို့ရဲ့ အမူအကျင့်နဲ့ အကိုက်ညီဆုံး စွဲလမ်းမှုကို ရွေးချယ်လိုက်ကြတာ။ အဲဒီစွဲလမ်းမှုကတော့ ဗုဒ္ဓပဲ။
သူတို့ကိုယ်သူတို့... ဗုဒ္ဓဘာသာဂိုဏ်းလို့ ခေါ်ကြတယ်"
စုန်ယန်က "ဒုက္ခပင်လယ်ထဲမှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိနေတာလား" ဟု မေးလိုက်သည်။
ဖုန်းချန်စီက "သူတို့က အသိဉာဏ်ရှိတဲ့ သက်ရှိတွေမဟုတ်ဘူး။ အသက်ရှိတဲ့အရာတွေတောင် မဟုတ်ပါဘူး။ သူတို့ကို စွဲလမ်းမှုတွေထဲက စွဲလမ်းမှုတွေ၊ အချိန်နဲ့ နှစ်ကာလတွေက ဖန်တီးလိုက်တဲ့ သတ္တဝါဆန်းတွေလို့ပဲ မှတ်ယူလိုက်ပါ" ဟု ပြောလိုက်သည်။
စုန်ယန်က အံ့အားသင့်စွာ "သတ္တဝါဆန်းတွေလား" ဟု ထပ်မေးမိသည်။
ဖုန်းချန်စီက "မင်း မိစ္ဆာတွေကို မြင်ဖူးသလို နတ်ဆိုးတွေကိုလည်း မြင်ဖူးတာပဲ။ သရဲတစ္ဆေတွေကို မြင်ဖူးတယ်။ ဒါပေမဲ့ ဒါက မင်း ပထမဆုံးအကြိမ် မြင်ဖူးတဲ့ သတ္တဝါပဲ မဟုတ်ဘူးလား။ အဲဒါတွေက အဲဒီလိုအရာတွေပဲ"
သူသည် အတိတ်က အမှတ်ရစရာအချို့ကို ပြန်လည်အမှတ်ရဟန်ဖြင့် ခါးသီးစွာ ပြုံးလိုက်ပြီး "ဒီဗုဒ္ဓဘာသာဂိုဏ်းက သတ္တဝါဆန်းတွေက သတ်ဖို့အတွက် ဓားကို ဘယ်တော့မှ မကိုင်ဘူး။ သူတို့က တရားဓမ္မနဲ့ လမ်းပြပေးတာပဲ လုပ်ကြတာ။
သူတို့က မင်းကို အကျိုးအကြောင်းတရားတွေ၊ သံသရာတွေကနေ ကင်းဝေးပြီး ကြီးမားတဲ့ အလင်းကိုရအောင် ကူညီပေးကြတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲဆိုတော့ မင်း ဒီဘဝမှာ ကျင့်ကြံထားသမျှ အားလုံးကို အချည်းနှီးဖြစ်အောင် လုပ်ပစ်တာပဲ။
ဒါကြောင့် မင်း သူတို့ရဲ့ မျက်လှည့်နယ်မြေထဲမှာ နှစ်ရက်နေနေ၊ နှစ်နှစ်နေနေ တခြားဘာထိခိုက်မှုမှ ရှိမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူတို့တရားပြနေတဲ့သူကို အရမ်းတန်ဖိုးထားကြလို့ပဲ။ အကယ်၍ တစ်စုံတစ်ယောက်က လာနှောင့်ယှက်ရင်လည်း သူတို့က အဲဒီနှောင့်ယှက်တဲ့သူကိုပါ တရားပြဖို့ ချက်ချင်း အာရုံပြောင်းသွားတတ်ကြတယ်"
စုန်ယန်မှာ ယခင်ဘဝရော ယခုဘဝမှာပါ ဤမျှထူးဆန်းသော ဗုဒ္ဓဘာသာဂိုဏ်းအကြောင်းကို တစ်ခါမျှ မကြားဖူးချေ။
၎င်းမှာ "ဒုက္ခပင်လယ်ဟာ အဆုံးအစမရှိဘူး။ သတ်ဖြတ်ခြင်းဓားကို ချလိုက်စမ်းပါ၊ မင်းကို ငါ ကယ်တင်ပေးပါ့မယ်" ဆိုသည့် အဓိပ္ပာယ်မျိုးပင်။
ဓားခုတ်တောင်ကုန်းသည် မိုင်ပေါင်းတစ်ရာကျော် ရှည်လျားသော်လည်း ထိုနေရာကို ကျော်ဖြတ်ပြီးနောက် လမ်းခရီးမှာ ချောမွေ့သွားခဲ့ပြီး ဘုန်းကြီးတုဟုခေါ်သော ထူးဆန်းသည့် သတ္တဝါဆန်းနှင့်လည်း ထပ်မံမတွေ့ဆုံရတော့ပေ။
ဖြူဖျော့ဖျော့ လရောင်အောက်တွင် အဝေး၌ စိမ်းလန်းသော မြက်ခင်းပြင်ကြီးတစ်ခု ပေါ်လာသည်။ ထိုမြက်ခင်းပြင်မှာ စုန်ယန် မျက်လှည့်နယ်မြေထဲ၌ မြင်တွေ့ခဲ့ရသော မြင်ကွင်းပင်။ ပူပြင်းလှသော သဲကန္တာရဝါကြီးထဲမှ စိမ်းမြမြ အိုအေစစ်တစ်ခုကဲ့သို့ပင်။
ထိုမြက်ခင်းပြင်ပေါ်တွင် လူရိပ်လေးခု ရပ်နေကြသည်။
ကလေးငိုသံသခင်၊ ဝံပုလွေမိစ္ဆာ၊ သမင်မိစ္ဆာနှင့် ခါးသီးသော အပြုံးကို ဆောင်ထားသည့် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်။
ဤမြင်ကွင်းမှာ စုန်ယန် မျက်လှည့်နယ်မြေထဲတွင် မြင်ခဲ့ရသည်နှင့် တစ်ပုံစံတည်းနီးပါး တူညီနေသော်လည်း ကွာခြားချက်တစ်ခုမှာ ကလေးငိုသံသခင်၊ ဝံပုလွေမိစ္ဆာနှင့် သမင်မိစ္ဆာတို့သည် လူသားအသားများကို မြိန်ရည်ယှက်ရည် စားသောက်နေကြခြင်းပင်။ သူတို့ရှေ့တွင် ဆီပူများ ပွက်ပွက်ဆူနေသော အိုးကြီးတစ်လုံးရှိပြီး ထိုအိုးထဲမှ လူသားတို့၏ လက်များ၊ ခြေထောက်များမှာ ရံဖန်ရံခါ ပေါ်လာတတ်သည်။
သိသာသည်မှာ ဘုန်းကြီးတုက ဖန်တီးခဲ့သော မျက်လှည့်နယ်မြေသည် လက်တွေ့ဆန်မှုကို အဆုံးစွန်ထိ ယူဆောင်လာခဲ့သော်လည်း ကြမ်းတမ်းရက်စက်သော မြင်ကွင်းများကိုမူ ရဟန်းတို့သည် မုသားမဆို၊ သတ်ဖြတ်ခြင်းမပြုဟူသော မူအတိုင်း တတ်နိုင်သမျှ ဖယ်ထုတ်ထားခဲ့ခြင်းပင်။
အမြီးခြောက်ချောင်းပါသော မြေခွေးနီကြီးတစ်ကောင်သည် ကျောက်ဆောင်မြင့်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဓားရှည်တစ်လက်ဖြင့် ဟင်းအိုးကို မွှေနေသည်။ ဓားခုတ်တောင်ကုန်းဘက်မှ လှုပ်ရှားမှုကို သတိပြုမိလိုက်သောအခါ ၎င်းက စောင်းငဲ့ကြည့်လိုက်ပြီး "ကျန်းဟန် ရောက်လာပြီပဲ" ဟု ပြောလိုက်သည်။
စုန်ယန်က လက်သီးဆုပ်ကာ အဝေးမှပင် ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"အကြီးအကဲ..."
ကလေးငိုသံသခင်က လက်ဝေ့ယမ်းပြပြီး "မင်းရဲ့ ဇာတိအရသာလေး မြည်းကြည့်ဦးမလား" ဟု မေးသည်။
စုန်ယန်က "အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုပါဘူးခင်ဗျာ" ဟု ပြန်ဖြေလိုက်သည်။
သူသည် ရှေ့သို့ လှမ်းတက်လိုက်ရင်း ကြောက်လန့်တကြား ရပ်တန့်နေသော ထန်းဖန်ကို တစ်ချက်ကြည့်လိုက်သည်။ ထန်းဖန်မှာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး နဖူးပေါ်တွင်လည်း ပဲစေ့ခန့် ချွေးစက်များဖြင့် ပြည့်နှက်နေသည်။
ကလေးငိုသံသခင်က အေးစက်စွာ ပြောလိုက်သည်။
"ရှေးဟောင်းသွား... မင်း ဘာလုပ်နေတာလဲ။ ကလေးကို ဖိအားတွေ အများကြီး မပေးပါနဲ့။ မင်းက သူ့ကို သတ်တော့မယ့်အတိုင်းပဲ"
ထိုသို့ပြောပြီးနောက် ၎င်းက ခေါင်းမော့လိုက်ရာ မြေခွေးမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဟင်းရည်များ စိုရွှဲနေသော လက်သည်းဖြင့် ထန်းဖန်ကို လှမ်းခေါ်လိုက်သည်။
"ထူးခြားတဲ့အရာတွေကို ကျင့်ကြံရတာ မလွယ်ဘူး။ ကျင့်စဉ်တွေနဲ့ ရတနာတွေဆိုတာ ရှာရခဲပါတယ်။ ဒါပေမဲ့ ဒီဝိညာဉ်နယ်မြေထဲမှာတော့ ရတနာတွေ အများကြီး ရှိတယ်။
အဆင့်မြင့် သွေးစင်ကြယ်ဆေးပြားတွေက သွေးနီရောင်နန်းတော်ရဲ့ အဆိပ်အတောက်တွေကို သိသိသာသာ လျှော့ချပေးနိုင်တယ်။ ပြီးတော့ အမည်မသိ လျှို့ဝှက်နယ်မြေက သွေးကန်တွေထဲမှာလည်း ထူးခြားတဲ့ အနှစ်သာရသွေးတွေ ရှိနေမှာ အသေအချာပဲ။ ဒါတွေအပြင် မရေမတွက်နိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်တွေနဲ့ ဝိညာဉ်လက်နက်တွေလည်း အစုံအလင် ရှိတယ်..."
စကားပြောနေစဉ်မှာပင် ၎င်းသည် ရှေးဟောင်းသွားဟုခေါ်သော ဝံပုလွေမိစ္ဆာထံမှ သတင်းစကားတစ်ခုကို ရရှိလိုက်သည်။
"ဒီကောင်လေးဆီမှာ ရှေးဟောင်းမျိုးနွယ်စုရဲ့ အနံ့အသက်တွေ ရှိနေတယ်"
ကလေးငိုသံသခင်၏ မြေခွေးမျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထန်းဖန်ကို အကဲခတ်ကာ စုန်ယန်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
စုန်ယန်သည် အကြီးအကဲ၏ မျက်နှာရိပ်မျက်နှာကဲကို မြင်သည်နှင့် အခြေအနေကို ချက်ချင်းရိပ်မိလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
"အကြီးအကဲ... ကျွန်တော် စုံစမ်းကြည့်ရသလောက်တော့ ဒီကောင်လေးမှာလည်း လျှို့ဝှက်
ချက်အချို့ ရှိနေပါတယ်။ သူက ပုံသဏ္ဌာန်မဲ့မျိုးနွယ်ကနေ ကွဲထွက်လာတဲ့သူပါ။ သူ့မိဘတွေလည်း မရှိတော့တာ ကြာပြီဆိုတော့ သူတစ်ယောက်တည်းပဲ ကျန်တော့တာပါ"