အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အခန်း။ ၂၄၉
ကလေးငိုသံသခင်၏ ဘေးနားတွင်ရှိနေသော ထန်းဖန်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။ အကယ်၍ စီနီယာ ကျန်းမော့သာ မရှိခဲ့လျှင် သူသည်လည်း ထိုအလောင်းများကဲ့သို့ပင် ဖြစ်သွားနိုင်သည်။
ဝံပုလွေမိစ္ဆာကြီးမှာ လျှာဖြင့်သပ်ကာ မိစ္ဆာသုံးကောင်ဘေးတွင် ခန့်ညားစွာ ဝင်ထိုင်လိုက်သည်။ ၎င်း၏ စိမ်းဖန့်ဖန့် မျက်လုံးများက ဆန့်ကျင်ဘက်တွင် ထိုင်နေသော စုန်ယန်နှင့် ဟန်ယွီလင်တို့ဆီသို့ ဝေ့ဝဲရောက်ရှိသွားပြီး "မင်းတို့ နှစ်ယောက်က အဲဒီမှာ ဘာလုပ်ဖို့ ထိုင်နေတာလဲ" ဟု ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ထိုနှစ်ယောက်စလုံးက အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။
ဝံပုလွေမိစ္ဆာကြီးမှာ လည်ပင်းကို မော့လိုက်ပြီး ကြေးခေါင်းလောင်းသဏ္ဌာန် သွေးနီရောင် မျက်လုံးကြီးများဖြင့် သူတို့နှစ်ဦးကို စိုက်ကြည့်ကာ မောက်မာစွာ အစွယ်ဖြဲပြလိုက်သည်။ "ဝံပုလွေမျိုးနွယ်ရဲ့ အနာဂတ် ဘိုးဘေးဖြစ်လာမယ့် အရှင် ရှေးဟောင်းသရဲကို ဘာလို့ လာပြီး အရိုအသေ မပြုကြတာလဲ"
ဘေးနားမှ ရှေးဟောင်းသွားက တဟားဟား ရယ်မောလိုက်ပြီး သမင်မိစ္ဆာဘက်သို့ လှည့်ကာ "ဒီကလေးမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အငွေ့အသက်တွေ ရှိနေတာပဲ။ ငါ့ရဲ့ အလောင်းစား ဝံပုလွေမျိုးနွယ်ဝင် ဖြစ်ရကျိုးနပ်ပါတယ်" ဟု ပြောလိုက်သည်။
သမင်မိစ္ဆာကလည်း "ထွားကျိုင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ပြည့်လျှံနေတဲ့ သွေးစွမ်းအားတွေအပြင် သွေးနီရောင်နန်းတော် သွေးမျိုးဆက် ကိုးခုတောင် ပါတာဆိုတော့ တကယ့်ကို ပြည့်စုံလွန်းပါတယ်။ နောင်တစ်ချိန်မှာ ဗိုလ်ချုပ်ကြီး ရှေးဟောင်းသွားထက်တောင် သာလွန်တဲ့ အောင်မြင်မှုတွေ ရနိုင်တယ်" ဟု မြှောက်ပင့်လိုက်၏။
ဤစကားကို ကြားသောအခါ ရှေးဟောင်းသွားမှာ စိတ်မဆိုးသည့်အပြင် သူ၏ မျိုးဆက်သစ်ကို ပြုံး၍ ကြည့်နေသည်။ ၎င်းနှင့် ဝံပုလွေမိစ္ဆာကြီး ရှေးဟောင်းသရဲတို့အကြားတွင် ပတ်သက်မှုတစ်ခုခု ရှိနေသည်မှာ သိသာလှသည်။
တစ်ဖက်ရှိ စုန်ယန်နှင့် ဟန်ယွီလင်တို့မှာ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ သူတို့က မျက်လုံးပြူးကြည့်လိုက်ပြီး အေးဆေးစွာပင် "မင်းတို့နှစ်ယောက်က လက်အောက်ခံနိုင်ငံတွေရဲ့ ခရမ်းရောင်နန်းတော် အဆင့်တွေပဲ။ မင်းတို့ရဲ့ ရာထူးတွေကို ဆက်ထိန်းထားချင်ပြီး နောင်မှာ ကျင့်ကြံမှုကို ဆက်လုပ်ချင်တယ်ဆိုရင်တော့ အကြီးအငယ်နဲ့ အရိုအသေတရားကို အရင်ဆုံး နားလည်ထားရမယ်။
ရှေးဟောင်းသရဲက မင်းတို့နဲ့ အဆင့်အတန်း တူတူပါပဲ။ နောက်ကျရင်လည်း မင်းတို့နဲ့အတူ စူးစမ်းရေးခရီးကို အတူသွားရမှာ။ အခုကတည်းက အဆက်အသွယ် မလုပ်ထားရင် ဘယ်အချိန်မှ လုပ်မလဲ"
ထိုစကားအဆုံးတွင် ရှေးဟောင်းသရဲကလည်း ထောက်ခံလိုက်သည်။
"မင်းတို့အတွက် အခွင့်အရေးက ငါပဲ ဘာလို့ လာမတွေ့ကြတာလဲ"
ဟန်ယွီလင်နှင့် စုန်ယန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ဝံပုလွေမိစ္ဆာကြီးကို အရိုအသေပြုရန် တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြသည်။
ဝံပုလွေမိစ္ဆာကြီးမှာ ၎င်း၏ ကြီးမားလှသော ကိုယ်ထည်ကို အနည်းငယ် ကိုင်းလိုက်သော်လည်း သူတို့နှစ်ဦးထက် အရပ်ရှည်နေဆဲပင်။ ၎င်း၏ စိမ်းဖန့်ဖန့် ဝံပုလွေမျက်လုံးများက ဟန်ယွီလင်၏ လှပချစ်စဖွယ်ကောင်းသော မျက်နှာပေါ်တွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် "လူသားတွေထဲက ခရမ်းရောင်နန်းတော်အဆင့် အမျိုးသမီးကျင့်ကြံသူဆိုတာ တကယ်ကို ရှားပါးတာပဲ..." ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် ၎င်းက လျှာကြီးဖြင့် ထပ်မံသပ်လိုက်ပြီး "မင်းလို အမျိုးသမီးကျင့်ကြံသူမှာ ကျင့်ကြံဖော်မရှိလောက်ဘူး မဟုတ်လား" ဟု မေးလိုက်၏။
ဟန်ယွီလင်၏ မျက်လုံးများထဲတွင် ပြင်းထန်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် စုန်ယန်၏ အသံမှာ သူမ၏ စိတ်ထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။
"မင်းက ငါ့ကို မင်းရဲ့ ကျင့်ကြံဖော်လို့ ပြောမယ်ဆိုရင်ဖြစ်ဖြစ် ဒါမှမဟုတ် ငါ့ကို မြင်မြင်ချင်း ချစ်မိသွားလို့ မင်းနှလုံးသားထဲမှာ တခြားသူအတွက် နေရာမရှိဘူးလို့ ပြောမယ်ဆိုရင်ဖြစ်ဖြစ်... အဲဒါကို ငါ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူးနော်။ အချည်းနှီး အားမထုတ်နဲ့တော့"
ဟန်ယွီလင် : ...
သူမက စိတ်ထဲမှပင် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။
"ရှင်ကတော့ တကယ့်ကို အစွန်းရောက်အောင်ပြီး သတိကြီးလွန်းတာပဲ။ ကျွန်မကလည်း ရှင့်ကို သဘောကျနေတာ မဟုတ်ပါဘူးနော်"
ထို့နောက် သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ခေါင်းမော့လိုက်ပြီး ဝံပုလွေမိစ္ဆာကြီးကို ပြောလိုက်သည်။
"အရှင် ရှေးဟောင်းသရဲကို တင်ပြရရင်... ကျွန်မမှာ ကျင့်ကြံဖော် မရှိပါဘူး"
ဝံပုလွေမိစ္ဆာကြီး စကားမပြောမီမှာပင် သူမက ဆက်လက်၍ "ဒါပေမဲ့ ကျွန်မက ကျင့်ကြံဖော် ရှာဖို့လည်း စိတ်ကူးမရှိပါဘူး" ဟု ပြောလိုက်သည်။
ရှေးဟောင်းသရဲမှာ အံ့အားသင့်သွားဟန်တူပြီး ဤအမျိုးသမီးကျင့်ကြံသူက သူ့ကို တိုက်ရိုက်ငြင်းဆိုရဲလိမ့်မည်ဟု မမျှော်လင့်ထားပုံပင်။
သူ၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားပြီး ပွင့်ပွင့်လင်းလင်းပင် "ငါကလည်း မင်းကို သိပ်သဘောကျနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခရမ်းရောင်နန်းတော်အဆင့် အမျိုးသမီးကျင့်ကြံသူတွေက ရှားတယ်လေ။ ဒါကြောင့် ဒီလိုလုပ်ရအောင်... မင်း ငါ့နောက်မှာ သုံးနှစ်လောက် လိုက်ခဲ့။ အဲဒီနောက်မှာတော့ မင်း ထွက်သွားလို့ရပြီ"
ဟန်ယွီလင် : ...
သူမက ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။
"အကြီးအကဲ... ကျွန်မက လူကြီးမင်းတို့အတွက် အလုပ်အကျွေးပြုနေတာပါ။ ဒါပေမဲ့ ရလာတဲ့ ရလဒ်က ဒီလိုမျိုးဆိုတော့ ဒါက စိတ်ပျက်စရာ မကောင်းဘူးလား"
အမြီးခြောက်ချောင်းပါ မြေခွေးနီက စားပွဲကို လက်သည်းဖြင့် ခေါက်လိုက်ပြီး "ကဲ... တော်ကြတော့ ဒီကိစ္စကို ဒီမှာပဲ ရပ်ထားလိုက်ပါ။ တခြားကိစ္စတွေကိုတော့ ဝိညာဉ်နယ်မြေထဲ စူးစမ်းပြီးမှပဲ ဆက်ပြောကြတာပေါ့" ဟု ပြောလိုက်သည်။
သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် "လူစုံသလောက်ရှိပြီဆိုတော့ ငါ စည်းကမ်းတွေကို ရှင်းပြမယ်" ဟု ပြောလိုက်သည်။
မကြာမီမှာပင် ကလေးငိုသံသခင်မှာ သာယာငြိမ့်ညောင်းသော အသံဖြင့် စတင်
ရှင်းပြတော့သည်။
ကလေးငိုသံသခင်က ပထမဦးစွာ အကျိတ်နယ်မြေ၏ အခြေအနေကို ရှင်းပြသည်။
ထို့နောက် သူက စည်းကမ်းများကို ရှင်းလင်းစွာ ပြောခဲ့သည်။ ဝိညာဉ်နယ်မြေအတွင်းသို့ ရောက်ရှိသည်နှင့် လူတိုင်းသည် လျှို့ဝှက်နယ်မြေများဆီသို့ ကျပန်းရောက်ရှိသွားမည် ဖြစ်သော်လည်း မည်သို့ပင် ခွဲဝေချထားခြင်း ခံရသည်ဖြစ်စေ အကယ်၍ ရတနာရှာဖွေသူသုံးဦးနှင့် တွေ့ဆုံပါက သူတို့ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ပြီး ထို့နောက် နောက်ထပ် လျှို့ဝှက်နယ်မြေတစ်ခုသို့ အမြန်ဆုံး ဝင်ရောက်ရမည်ပင်။
"ဝိညာဉ်နယ်မြေရဲ့ အဆုံးသတ်ကို မရောက်ခင်မှာ တကယ့်ကို အသက်အန္တရာယ် ပေးနိုင်တဲ့ အရင်းအမြစ် လေးခု ရှိတယ်"
"ပထမ အရင်းအမြစ်ကတော့ ရှာကူကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တဝါဆန်းမျိုးစုံပဲ။ ဒီသတ္တဝါတွေက လျှို့ဝှက်နယ်မြေထဲမှာ အရင်ကတည်းက ရှိနေတဲ့ မိစ္ဆာသားရဲတွေ ဖြစ်နိုင်သလို ရှာကူကြောင့် ဗီဇပြောင်းသွားတဲ့ မူလ ချန်ဝမ်ကျားမျိုးနွယ်စုရဲ့ အလောင်းတွေလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က များသောအားဖြင့် သတ်မှတ်ထားတဲ့ နယ်မြေတွေမှာပဲ ရှိတတ်ကြတာ။ မင်းတို့အနေနဲ့ သေချာစူးစမ်းပြီး သူတို့နယ်မြေထဲ မဝင်အောင် ရှောင်မယ် ဒါမှမဟုတ် မတော်တဆ ဝင်သွားရင်လည်း အမြန်ဆုံး ပြန်ထွက်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်"
"ဒုတိယ အရင်းအမြစ်ကတော့ ဒုက္ခပင်လယ်ရဲ့ အရှိန်အဝါကြောင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေပဲ။ မင်းတို့ အကျိတ်နယ်မြေရဲ့ အခြေအနေ သုံးရပ်အကြောင်းကို ကြားဖူးမှာ မဟုတ်ဘူး။ ဒီအခြေအနေ သုံးရပ်ဆိုတာ ဒုက္ခပင်လယ်ရဲ့ ပုံသဏ္ဌာန်ကို ပြောတာမဟုတ်ဘဲ အရှိန်အဝါတွေ ဝင်ရောက်လာတဲ့အခါ ဝိညာဉ်နယ်မြေမှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို ပြောတာ။
ပထမ အခြေအနေကတော့ မြူနှင်းပဲ။ မြူတွေကြားထဲမှာ အချိန်အကြာကြီး နေမိရင် မင်းတို့ဆီမှာ သူစိမ်းတစ်ယောက်ရဲ့ အကျိုးအကြောင်း အကြွေးတွေ ကပ်ပါလာလိမ့်မယ်။ အလွယ်ပြောရရင်တော့ မင်းတို့ ရူးသွားနိုင်တယ်။ ဒါပေမဲ့ မြူမရှိတဲ့နေရာကို အချိန်မီ ပြန်ရောက်လာရင်တော့ တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ပါတယ်။
ဒုတိယ အခြေအနေကတော့ နှင်းပဲ။ အကယ်၍ နှင်းတွေနဲ့ ထိတွေ့မိပြီး ခန္ဓာကိုယ်ရဲ့ နေရာအတော်များများမှာ နှင်းတွေ စုပုံလာပြီဆိုရင် မင်းတို့ရဲ့ အကျိုးအကြောင်း အကြွေးတွေက အေးခဲသွားလိမ့်မယ်။ အရှင်းဆုံးပြောရရင် မင်းတို့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားလိမ့်မယ်။ နှင်းမရှိတဲ့နေရာကို သွားပြီး အချိန်အတန်ကြာ နေထိုင်မှသာ မှတ်ဉာဏ်တွေ ပြန်ရလာမှာပါ။
တတိယ အခြေအနေနဲ့ အကြောက်စရာအကောင်းဆုံးကတော့ မိုးပဲ။ ဒီမိုးက များသောအားဖြင့် ရုတ်တရက် ရွာချတဲ့ မိုးမျိုး ဖြစ်တတ်တယ်။ အဲဒီမိုးမိပြီဆိုရင် မင်းတို့ဆီမှာ ရှိသမျှ အကျိုးအကြောင်း အကြွေးတွေက အမြန်ဆုံး ဆေးကြောခံလိုက်ရပြီး အသစ်တွေနဲ့ အစားထိုးခံရလိမ့်မယ်။ အဲဒီအသစ်တွေကလည်း ထပ်ခါတလဲလဲ ဆေးကြောခံနေရဦးမှာပဲ... မိုးတိတ်သွားတဲ့အထိပေါ့။ မိုးတိတ်သွားတဲ့ အချိန်မှာ မင်းတို့ဆီမှာ နောက်ဆုံးကျန်ခဲ့တဲ့ အကျိုးအကြောင်း အကြွေးက ဘာလဲ။ အဲဒါကပဲ မင်းတို့ရဲ့ ဘဝအသစ် ဖြစ်သွားလိမ့်မယ်။ မင်းတို့ရဲ့ ဝိညာဉ်က မပြောင်းလဲသွားပေမဲ့ မင်းတို့ကတော့ အရင်ကနဲ့ လုံးဝမတူတဲ့ လူတစ်ယောက် ဖြစ်သွားလိမ့်မယ်"
"တတိယ အရင်းအမြစ်ကတော့ တောင်နဲ့ပင်လယ် မိစ္ဆာမျိုးနွယ်စုထဲက တခြား ခရမ်းရောင်နန်းတော် အဆင့်တွေပဲ။ သူတို့က တခြားနေရာတွေကနေ ခိုးဝင်လာတာမျိုး ဖြစ်နိုင်သလို အဆုံးစွန်သော မိစ္ဆာရတနာကို ရည်ရွယ်တာလည်း ဖြစ်နိုင်တယ်။ ငါတို့ဘက်က သူတို့အာရုံကို တခြားဆီ လွှဲထားပေမဲ့ တချို့ကတော့ ဝင်သွားနိုင်တာပဲ"
"စတုတ္ထ အရင်းအမြစ်ကတော့ ခိုးဝင်လာတဲ့ ရှေးဟောင်းမျိုးနွယ်စုတွေပဲ။ ငါတို့က ရှေးဟောင်းမျိုးနွယ်စုတွေရဲ့ နယ်မြေနဲ့ အလှမ်းဝေးနေသလို သူတို့ ဒီဘက်ကို ရောက်လာဖို့ကလည်း ခဲယဉ်းပါတယ်။ သူတို့ထဲက ခရမ်းရောင်နန်းတော် အဆင့်တွေက ဒီလိုအရှုပ်အထွေးထဲမှာ အသက်စွန့်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်။ ဒါပေမဲ့... အဲဒီဖြစ်နိုင်ချေကိုတော့ လုံးဝ ထုတ်ပယ်ထားလို့ မရဘူး"
"ကဲ... ဒီလောက်ဆိုရင် ရပြီ။ နယ်မြေထဲကို ဆက်သွားကြစမ်း။ ငါတို့ အဆုံးသတ်မှာ ပြန်ဆုံကြမယ်"
ကလေးငိုသံသခင်က စကားပြောပြီးနောက် ငြိမ်သက်စွာ ဘေးသို့ ဖယ်ပေးလိုက်သည်။ သွေးနီရောင်နန်းတော်အဆင့် အကြီးအကဲ ၅၃ ဦးမှာ တစ်ဦးပြီးတစ်ဦး အရင်
ဝင်သွားကြပြီးနောက် စုန်ယန်နှင့် ဟန်ယွီလင်တို့လည်း နောက်က လိုက်ပါသွားကြလေတော့သည်။
အခန်း။ ၂၅၀
လူများအားလုံး ဝင်ရောက်သွားပြီးသည့်နောက်တွင်မှ ကလေးငိုသံသခင်၊ ရှေးဟောင်းသွားနှင့် သမင်မိစ္ဆာတို့သည် ရတနာရှာဖွေသူတစ်ဦးစီကို ဖမ်းဆွဲကာ ရှေးဟောင်းအရိုးစုကြီးကို တစ်ချက်ကြည့်ပြီးနောက် အတူတကွ လှမ်းဝင်သွားကြသည်။
...
...
ဝုန်း
တိမ်တိုက်များကိုပင် မှောက်ခုံလှန်ပစ်နိုင်လောက်သော တုန်ဟီးသည့် မိုးချိန်းသံကြီးက အဝေးမှ ထွက်ပေါ်လာသည်။ ထို့နောက် လျှပ်စီးတန်းများက မြွေအုပ်ကြီးသဖွယ် ကောင်းကင်ယံ၌ ဟိုဒီပြေးလွှားနေပြီး လေထုထဲတွင် ခရမ်းရောင်အလင်းတန်းများကို ယှက်နွယ်ကာ တောက်ပစေသည်။
စုန်ယန်သည် လျှို့ဝှက်နယ်မြေထဲသို့ ခြေချမိသည်နှင့် ထိုမိုးချိန်းသံကို ကြားလိုက်ရပြီး လျှပ်စီးတန်းများကို မြင်လိုက်ရသည်။
ရှူး... ရှူး... ရှူး
သူ၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။ လွတ်မြောက်ခြင်းအတတ်ကို အသုံးပြု၍ လျှပ်တပြက် လှုပ်ရှားလိုက်ရာ သူ၏ အကြည့်ရောက်သည့်နေရာသို့ သူ၏ကိုယ်က ရောက်ရှိနေပြီဖြစ်သည်။ သူသည် ဆွေးမြည့်ပျက်စီးနေသော ရှေးဟောင်း အိမ်ကြီးတစ်လုံး၏ အမိုးစွန်းအောက်သို့ အမြန်ဆုံး ခုန်ဆင်းလိုက်သည်။
ထိုအိမ်ကြီးမှာ ရှေးဟောင်းပုံစံဖြစ်ပြီး နန်းတွင်းရေးကို ငြီးငွေ့၍ တောတောင်ထဲတွင် လာရောက်အခြေချနေထိုင်သော သူဌေးကြီးတစ်ဦး တည်ဆောက်ထားသည့်နှယ် ရှိလှသည်။
စုန်ယန်၏ ဖိနပ်က မြေပြင်ပေါ်သို့ ထိလိုက်သည်နှင့် အမိုးစွန်း၏ တစ်ဖက်တစ်ချက်ရှိ မီးအိမ်များမှာ ထူးဆန်းစွာ လင်းထိန်လာသည်။
လေထဲတွင် တုန်ရင်ချောက်ချားဖွယ် ဝေ့ယမ်းနေသော ထိုမီးအိမ်များက မြေပြင်ပေါ်သို့ သွေးရောင်လွှမ်းသော အနီရောင်အလင်းတန်းများကို ဖြာကျနေစေသည်။
စုန်ယန်က လက်ကိုမြှောက်ကာ စက္ကူရုပ်တစ်ရုပ်ကို ထုတ်၍ လွှင့်ပစ်လိုက်သည်။
ဝိညာဉ်ကျင့်ကြံသူများအသင်းမှ ကျင့်ကြံသူတစ်ဦးအဖို့ စက္ကူရုပ်အသုံးပြုခြင်းမှာ သာမန်ကိစ္စပင်။
ဤစက္ကူရုပ်မှာ သွေးအလောင်းဂိုဏ်းချုပ်နှင့် ထောင်ပေါင်းများစွာသော ကြိုးကြာဂိုဏ်းမှ သစ္စာဖောက်အကြီးအကဲတို့၏ အလောင်းများမှ ထွက်သော အနှစ်သာရသွေးဖြင့် ပြုလုပ်ထားသည့် ယင်စက္ကူရုပ်အမျိုးအစားဖြစ်ပြီး စုစုပေါင်း အခုနှစ်ဆယ် ရှိသည်။
ယင်စက္ကူရုပ်မှာ တံခါးကို အမြန်တွန်းဖွင့်ကာ အတွင်းသို့ ပြေးဝင်သွားသည်။
မကြာမီ ဘေးဘက်မှ ကြမ်းတမ်းပြီး ထိတ်လန့်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ အရှိန်မှာ အလွန်မြန်လှသဖြင့် ယင်စက္ကူရုပ်မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။
ဝုန်း
ယင်စက္ကူရုပ်မှာ တိုက်ရိုက်ပင် ပေါက်ကွဲသွားတော့သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံ၌ မွဲပြာရောင် မိုးစက်မိုးပေါက်များ ထူထပ်စွာ ပေါ်လာသည်။ ၎င်းမှာ အက်ကွဲနေသော အိုးမည်းအောက်ခြေကြီးတစ်ခု လေထဲတွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး မြေပြင်ပေါ်သို့ မကျလာသေးသော်လည်း စုန်ယန်ကမူ စတင်လှုပ်ရှားနေပြီဖြစ်သည်။
သူသည် လျှို့ဝှက်နယ်မြေထဲ ခြေချရုံရှိသေးသော်လည်း အကျိတ်နယ်မြေ၏ အခြေအနေသုံးရပ်အနက် အကြောက်စရာအကောင်းဆုံးဖြစ်သော မိုးနှင့် ထိပ်တိုက်တိုးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
နောက်တစ်စက္ကန့်တွင် စုန်ယန်သည် ထူးကဲလေနှင့် စိတ်စွမ်းအားနှစ်မျိုးစပ် လွတ်မြောက်ခြင်းအတတ်ကို တစ်ပြိုင်နက် အသုံးပြုလိုက်သည်။
ဤပူးတွဲအတတ်ကြောင့် သူ၏အရှိန်မှာ ယုံကြည်နိုင်စရာမရှိအောင် မြန်ဆန်သွားသည်။ အချိန်မှာ ရပ်တန့်မသွားသော်လည်း ရုတ်တရက် ရွာကျလာသော မိုးစက်များမှာ ခရုများ တရွေ့ရွေ့သွားနေသကဲ့သို့ နှေးကွေးသွားပြီး ယင်စက္ကူရုပ် ပေါက်ကွဲသွားသည့် အိမ်ကြီးအတွင်းမှ မှောင်မည်းနေသော ဟင်းလင်းပြင်ထဲရှိ သတ္တဝါဆန်း၏ ပုံရိပ်မှာလည်း အေးခဲနေသကဲ့သို့ ဖြစ်သွားသည်။
သတ္တဝါဆန်းက အေးခဲနေသော်လည်း စုန်ယန်ကမူ မဟုတ်ပေ။
ယင်စက္ကူရုပ်မှတစ်ဆင့် ထိုသတ္တဝါဆန်းကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထူးဆန်းသော ပုံရိပ်တစ်ခုကိုမူ သူ မှန်းဆနိုင်လိုက်သည်။
သူ ရောက်သွားပြီဖြစ်သလို သူ၏ လက်ညှိုးကလည်း ရောက်သွားပြီဖြစ်သည်။
ကြယ်ကြွေလက်ညှိုးတစ်ချက်ဖြင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများစွာမှာ ချက်ချင်းပင် အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုသတ္တဝါဆန်းကို မတူညီသော ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံနှင့် တိုက်ခိုက်မှုပုံစံမျိုးစုံဖြင့် တရစပ် တိုက်ခိုက်လိုက်သည်။
ဂျွတ် ဝုန်း….
သတ္တဝါဆန်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
ကြွေမွသွားသော အရိုးစုများကြားမှ ပျစ်ချွဲလှသော သတ်ဖြတ်ခြင်းအရည်များနှင့် တည်မြဲသောမိစ္ဆာမှုန်လေးများ ထွက်ပေါ်လာသည်။
စုန်ယန်သည် လေဟာနယ်ထဲသို့ လက်လှမ်းကာ ထိုအလောင်းကို ဆွဲထုတ်လိုက်ပြီး ထိုအမှုန်အမွှားများနှင့် ထိတွေ့ပွတ်တိုက်စေလိုက်သည်။ ထို့နောက် အလွန်လျင်မြန်သော အရှိန်ဖြင့် သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်၏။
"ရန်သူကို စူးစမ်း၊ သတ်ဖြတ်၊ အလောင်းကောက်၊ မိစ္ဆာစွမ်းအားစုပ်ယူ" ဆိုသည့် သူအလွန်ကျွမ်းကျင်နေသော လုပ်ငန်းစဥ်တစ်ခု ပြီးဆုံးသွားချိန်တွင်မှ ကောင်းကင်ယံမှ မိုးစက်များ စတင်ကျဆင်းလာတော့သည်။
ဖတ်... ဖတ်... ဖတ် ဖတ်...
ကောင်းကင်ဘုံရှိ ရေလှောင်တမံကြီး၏ တံခါးများ ပွင့်ထွက်သွားသည့်အလား သည်းထန်စွာ ရွာချလိုက်သော မိုးကြီးပင်။ စုန်ယန်သည် အိမ်အတွင်းသို့ အမြန်ဆုံး ဝင်လိုက်သည်။
အိမ်ထဲတွင် တစ်လောကလုံး အမှောင်အတိကျနေပြီး အိမ်ထောင်ပရိဘောဂများမှာလည်း စုံလင်စွာ ရှိနေသည်။
သို့သော် စုန်ယန် ဝင်လိုက်သည်နှင့် လေထု၏ လှုပ်ရှားမှုကြောင့် စားပွဲနှင့် ကုလားထိုင်အများအပြားမှာ ဖုန်မှုန့်များအဖြစ် လွင့်စင်သွားကြပြီး အနည်းငယ်မာသော နေရာများမှာမူ ကြမ်းပြင်နှင့် ထိခိုက်ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားကြသည်။
ခဏချင်းမှာပင် အိမ်ကြီးအတွင်း၌ ဘာမှမရှိတော့ဘဲ ဗလာကျင်းသွားတော့သည်။ စုန်ယန်က အဝေးမှ မိုးစက်များကို ငေးကြည့်နေမိသည်။ ထိုမိုးစက်များထဲတွင် ထူးဆန်းသော စိတ်စွမ်းအားတစ်ခု ရှိနေသည်ကို သူ ခံစားနေရသည်။
ထူးကဲအဆင့် ကျင့်ကြံသူများက ထူးဆန်းသည့်ပစ္စည်းများကို သုံးကြသည်။ သွေးနီရောင်နန်းတော်က သွေးစွမ်းအားကို အားကိုးကြသည်။ သို့သော် ခရမ်းရောင်နန်းတော်အဆင့်မှစ၍ စိတ်စွမ်းအားကို သဘာဝအတိုင်း စတင်အသုံးပြုလာကြပြီ ဖြစ်သည်။
ရုတ်တရက် အဝေးတွင် လူရိပ်တစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုသူမှာ ပြာလဲ့ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်တွင် ဂိုဏ်းတံဆိပ်တစ်ခုကို ထွင်းထုထားသည်။ သိသာလှသည်မှာ ယခင်က တွေ့ခဲ့သော သွေးနီရောင်နန်းတော် ကျင့်ကြံသူ ၅၃ ဦးထဲမှ တစ်ယောက်ပင်။
ထိုကျင့်ကြံသူသည်လည်း ဤနေရာတွင် မိုးခိုရန် ရည်ရွယ်ပုံရသော်လည်း သူ၏အရှိန်မှာ မမီတော့ချေ။ ထို့ကြောင့် အပြင်ဘက်ရှိ ထူးဆန်းစွာ ခြောက်သွေ့နေသော သစ်ပင်အိုကြီးတစ်
ပင်အောက်တွင် အတင်းဝင်ရောက် ရပ်တန့်လိုက်ပြီး ထီးပုံစံ ထူးကဲရတနာတစ်ခုကို ထုတ်၍ ကာကွယ်လိုက်သည်။
ထီးမှ ထူထပ်သော ကာကွယ်ရေး အလင်းလွှာတစ်ခု ချက်ချင်း ပေါ်ထွက်လာသော်လည်း မိုးရေများကမူ မည်သို့မျှ သက်ရောက်မှုမရှိဘဲ ထိုအလင်းလွှာကို ဖြတ်သန်းကာ ကျင့်ကြံသူအပေါ်သို့ တိုက်ရိုက်ကျဆင်းသွားသည်။
ထိုကျင့်ကြံသူမှာ ချက်ချင်းပင် အေးခဲသွားသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားတော့သည်။ သူသည် မှင်တက်နေသူတစ်ယောက်ကဲ့သို့ ရပ်နေရင်း မျက်နှာကို ကောင်းကင်သို့ မော့ကာ သည်းထန်သော မိုးရေများကို အထိခံနေသည်။
စုန်ယန် ခေတ္တမျှ တန့်သွားပြီးနောက် သူ ရောက်နေသော အိမ်ကြီးကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ အိမ်ထဲရှိ ပရိဘောဂများ အကုန်ပျက်စီးသွားသော်လည်း အိမ်ကြီးမှာမူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ နံရံများပင် အကောင်းအတိုင်း ရှိနေသေးသည်။
သို့သော် ခဏမျှ စူးစမ်းကြည့်လိုက်သောအခါ အမိုးစွန်းဘက်မှ ထူးဆန်းသော "စီ... စီ..." ဟူသော အက်စစ်စားသည့် အသံမျိုးကို ကြားလိုက်ရသည်။ ဤအိမ်ကြီးသည် မိုးရေကို ခေတ္တမျှသာ တောင့်ခံနိုင်မည်ဖြစ်ပြီး လုံးဝ တိုက်စားခံရပြီးပါက နေထိုင်၍ ရတော့မည်မဟုတ်
သည်မှာ ရှင်းနေသည်။
အကျိတ်နယ်မြေ၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ မိုး၊ မြူနှင့် နှင်းများကို တောင့်ခံနိုင်မည့် နေရာများမှာ ပို၍ ရှားပါးလာမည်ကို ခန့်မှန်းရလွယ်ကူသည်။
သူသည် ယခုချက်ချင်း ပို၍ နက်ရှိုင်းစွာ ဝင်ရန် မရည်ရွယ်သေးပေ။ ယခင်က ဒုက္ခပင်လယ်၏ မျက်လှည့်နယ်မြေထဲ၌ မြင်ခဲ့ရသမျှ အများစုမှာ အတုအယောင်များ ဖြစ်သော်လည်း အမှန်တရားတစ်ခုတော့ ရှိနေသည်။
ထိုအရာက သူသည် ပထမဆုံး လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့ အလျင်စလို ဝင်ရောက်သွားမည် မဟုတ်ခြင်းပင်။
သူ့တွင် စက္ကူညှပ်နန်းတော်ဖြင့် ပြုလုပ်ထားသော စက္ကူအိမ် တစ်လုံး ရှိနေသည်။ ဤစက္ကူအိမ်၏ ထူးခြားချက်မှာ ချက်ချင်းကြီး ပျက်စီးမသွားသရွေ့ နေထိုင်ရန် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခြင်းပင်။