အခန်း (၉၆၃-၉၆၄)
Vol. 94 Ch. 963-964
အခန်း (၉၆၃) သခင်လေး
"ဒါကို မင်းရဲ့ ရှုံးနိမ့်မှုလို့ မှတ်ယူလို့ ရပြီမလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
သူ၏ ဓားဦးဖျားသည် ချန်ယု၏ လည်ပင်းကို ထိကပ်နေသည်။ ကံကောင်းထောက်မစွာဖြင့် လုံချန်း၏ ထိန်းချုပ်မှုက ကောင်းမွန်လှသဖြင့် ဓားသွားက အရေပြားထဲသို့ တိုးဝင်သွားခြင်း မရှိချေ။ သို့သော် အနည်းငယ်မျှ အားထည့်လိုက်ရုံဖြင့် လည်ပင်းကို ဖောက်ထွက်သွားနိုင်သည်မှာ မြင်သာလှပေသည်။
"နင်... နင် လူလည်ကျတာပဲ" ချန်ယုက မကျေမနပ် ညည်းတွားလိုက်၏။ "တကယ့်ကို အရှက်မရှိလိုက်တာ"
"ဘာအရှက်မရှိတာလဲ။ အရှက်ရှိခြင်း၊ မရှိခြင်းနဲ့ ဘာမှမဆိုင်ဘူး။ တိုက်ပွဲမှာဆိုရင် ဘယ်လိုလှည့်ကွက်မျိုးမဆို သုံးခွင့်ရှိတာပဲ။ ဒါကို အသေအကြေတိုက်တဲ့ တကယ့် တိုက်ပွဲတစ်ပွဲလို သဘောထားမယ်လို့ နင်ကိုယ်တိုင် ပြောခဲ့တာ မဟုတ်လား။ အဲဒါကြောင့်လည်း နင် ငါ့ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခဲ့တာပဲလေ" လုံချန်းက လှောင်ပြုံးပြုံးရင်း ပြန်ပြောလိုက်၏။
"ဒီလို တိုက်ပွဲမျိုးမှာ ရန်သူက နင့်ကို ငဲ့ညှာလိမ့်မယ်လို့ တကယ်ပဲ မျှော်လင့်နေတာလား" သူက ဆက်ပြောလေသည်။
"တိုက်ပွဲရဲ့ အခြေအနေကို နင်က သတ်မှတ်ခဲ့တာ၊ ငါက အဲဒီအတိုင်း လိုက်ကစားပေးခဲ့တာပဲ။ ဒါကိုမှ ရှုံးနိမ့်တယ်လို့ မသတ်မှတ်နိုင်သေးဘူးဆိုရင်တော့ ငါလည်း ဘာမှ ပြောစရာ မရှိတော့ဘူး"
သူသည် ဘုရင်ဓားကို အောက်သို့ချကာ သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်၏။ လေးလံသော အနက်ရောင် ဓားကြီးကိုလည်း ထိုနည်းအတိုင်း သိမ်းဆည်းလိုက်ပြီးနောက် နောက်သို့ လှည့်ထွက်ခဲ့လေသည်။
"နင်... နင် ဘာလုပ်မလို့လဲ" ချန်ယုက လှမ်းမေးလိုက်၏။
"ငါ ပြောပြီးပြီပဲ။ နင် ဘာတွေးတွေး ငါ ဂရုမစိုက်ဘူး။ ငါ့မျက်လုံးထဲမှာတော့ နင်က သေပြီးသားလူပဲ။ ငါက သေပြီးသားလူနဲ့ မတိုက်ခိုက်ဘူး" လုံချန်းက ပျင်းရိစွာဖြင့် သူမကို တစ်ချက် လှည့်ကြည့်ရင်း ဆိုလိုက်၏။
"ငါ ပေးထားတဲ့ ကတိကို တည်ပြီးပြီ။ အခု ငါ့ကို ထွက်ခွာခွင့် ပေးရမယ်။ နင် ငါ့ကို တားလို့လည်း ရမှာမဟုတ်ဘူး။ တကယ်လို့ နင် တားဖို့ ကြိုးစားရင်တော့ နင်ကမှ တကယ့်ကို အရှက်မရှိတဲ့လူ ဖြစ်သွားလိမ့်မယ်" ထိုသို့ ပြောဆိုကာ သူသည် အပြင်သို့ လျှောက်လှမ်းသွားလေသည်။
"ဒါက..."
ချန်ယုသည် ပြောစရာ စကားလုံးမဲ့သွားရ၏။ လုံချန်း၏ စကားများမှာ ယုတ္တိရှိလှသဖြင့် သူမ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ သူမက အရှက်မရှိသည့်လူ ဖြစ်နေသည်လား။ ဟုတ်ပေသည်။ ဤတိုက်ပွဲကို အသေအကြေတိုက်ပွဲအဖြစ် ဖန်တီးခဲ့သူမှာ သူမကိုယ်တိုင်ပင် မဟုတ်လော။ အသေအကြေတိုက်ပွဲတွင် လှည့်စားခြင်းဆိုသည်မှာ မည်သို့ရှိအံ့နည်း။ ထိုသည်က သူ၏ စွမ်းဆောင်ရည်များသာ ဖြစ်သည်။ ထိုသည်ကို လူလည်ကျသည်ဟု သူမ မည်သို့ ခေါ်ဆိုနိုင်ပါမည်နည်း။
အတွေးပေါင်းများစွာ သူမ၏ ခေါင်းထဲတွင် ဝဲပျံနေပြီးနောက် သူမသည် အသက်ကို ဝဝရှူကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်လေသည်။
"နင် ပြောတာ မှန်ပါတယ်။ ငါ ရှုံးသွားပြီ" ချန်ယုက ဝန်ခံလိုက်၏။
"နင် အမှန်တရားကို လက်ခံနိုင်တာ ကောင်းပါတယ်။ အခုတော့ ငါ သွားတော့မယ်" လုံချန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်ရင်း ရှေ့သို့ ဆက်လျှောက်သွားလေသည်။
သူသည် ချန်ယု ဂျက်ချထားသော တံခါးကို ဖွင့်လိုက်၏။ တံခါးကို ဆွဲဖွင့်တော့မည့် ဆဲဆဲတွင် ချန်ယု၏ တောင်းဆိုသံကို ထပ်မံ ကြားလိုက်ရပြန်သည်။
"နင် တိုက်ပွဲမှာ နိုင်သွားပေမဲ့ ထွက်သွားဖို့ မလိုပါဘူး။ ငါ ကတိပေးထားတဲ့အတိုင်း လုပ်ပေးမှာပါ။ နင့်ရဲ့ အရှိအမှန်ကို ဘယ်သူမှ မသိစေရဘူး။ ဒါပေမဲ့ နင့်ကို တောင်းဆိုချင်တာတစ်ခု ရှိသေးတယ်၊ နင် နားထောင်ပေးမယ်လို့ မျှော်လင့်ပါတယ်" ချန်ယုက ခေါင်းငုံ့လျက် ပြောလိုက်၏။
"တောင်းဆိုချက် ဟုတ်လား" လုံချန်းက မျက်လုံးကို မှေးကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ "ဘာတောင်းဆိုချက်လဲ"
"ဒီမှာပဲ နေပါ။ နင်က တကယ်တော့ သုံးလောကရဲ့ မင်းသား မဟုတ်ဘူးလေ။ နင် အဲဒီကို သွားရင် အသတ်ခံရလိမ့်မယ်။ ဖခင်တစ်ယောက်အတွက်တော့ နင်က သူ့သား မဟုတ်ဘူးဆိုတာ သိဖို့ လွယ်ကူပါတယ်။ နင် ဒီမှာပဲ နေတာက အကောင်းဆုံးပါပဲ" ချန်ယုက ရှင်းပြလေသည်။
"စိတ်မပူပါနဲ့။ ငါ သုံးလောကကို သွားမှာ မဟုတ်ဘူး" လုံချန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"နင် သုံးလောကကို မသွားဘူး ဟုတ်လား။ ဒါဆို နင် ဘယ်ကို သွားမှာလဲ" ချန်ယုက စိတ်ဝင်တစား မေးမြန်းလိုက်သည်။
လုံချန်းသည် နဖူးကို ပွတ်သပ်ရင်း ခါးသက်သက် အပြုံးတစ်ခု ပြုံးလိုက်မိ၏။
"အရင်ဆုံး ငါ့ကို တစ်ခုလောက် ဖြေပေးပါ။ အဲဒါပြီးမှ ငါ နင့်ကို ပြောပြမယ်" သူက ချန်ယုကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"မေးလေ" ချန်ယုက တိုးတိုးလေး ပြောလိုက်၏။
"နင်က ဘယ်တုန်းက ငါ့မိန်းမ ဖြစ်သွားတာလဲ" လုံချန်းက မေးလိုက်၏။
"နင့်မိန်းမ ဟုတ်လား။ ဘာကို ဆိုလိုတာလဲ" ချန်ယုမှာ လုံချန်း၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။ သူ၏ မိန်းမသည်လော။ သူမက အဘယ်ကြောင့် သူ့မိန်းမ ဖြစ်ရမည်နည်း။ သို့မဟုတ် သူက သူမကို မိန်းမအဖြစ် လိုချင်နေသည်ဟု ဆိုလိုခြင်းလော။
"သေချာတာပေါ့... ငါက နင့်မိန်းမ မဟုတ်ဘူး" သူမက ဆက်ပြောလိုက်၏။
"မဟုတ်ဘူးလား၊ စိတ်ဝင်စားဖို့ ကောင်းသားပဲ" လုံချန်းက မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ "ဒါဆို နင် ငါ့ကို ချစ်နေတာလား"
"ဘာ... နင် ရူးသွားပြီလား။ ငါ သိသလောက်တော့ နင့်ခေါင်းကို ငါ အပြင်းအထန် မရိုက်မိသေးပါဘူး" ချန်ယုက ထိတ်လန့်တကြားဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိ၏။
သူ မည်သို့ ဖြစ်သွားသည်ကို သူမ နားမလည်တော့ချေ။ အဘယ်ကြောင့်များ လူအ,တစ်ယောက်လို မေးခွန်းများ မေးနေရသနည်း။
"ဒါဆို နင်က ငါ့မိန်းမလည်း မဟုတ်ဘူး၊ ငါ့ကို ချစ်တာလည်း မဟုတ်ဘူးပေါ့။ အဲဒါဆိုရင် ငါ ဘယ်သွားမလဲဆိုတာ နင့်ကို ဘာလို့ ပြောပြရမှာလဲ။ နင်ပဲ ရူးနေတာ မဟုတ်လား။ ငါနဲ့ နင်နဲ့က ဘာမှ မသက်ဆိုင်သလို သူငယ်ချင်းတွေလည်း မဟုတ်ဘူး။ ငါ ဘာလို့ နင့်ကို အကုန်ပြောပြနေရမှာလဲ"
သူသည် သူမကို နှာခေါင်းရှုံ့ပြလိုက်ပြီးနောက် နောက်သို့ လှည့်ထွက်ခဲ့၏။ သူသည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။
လုံချန်း အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် အလှမ်းဝေးဝေးတွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူမှာ သူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့သည့် တမန်တော် အမျိုးသမီးပင် ဖြစ်သည်။
ထိုအမျိုးသမီးသည် လေ့ကျင့်ရေးကွင်းအတွင်း မည်သို့ ဖြစ်ပျက်နေမည်နည်းဟု စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေလေသည်။ သူမသည် အရှက်မရှိသောသူဟု အထင်မခံလိုသဖြင့် အထဲသို့ ချောင်းမကြည့်ခဲ့ချေ။ ထို့ကြောင့် သူမ၏ စိတ်ကူးထဲတွင်သာ ပုံဖော်နေမိခြင်း ဖြစ်၏။
ကံမကောင်းစွာဖြင့် သူမ၏ စိတ်ကူးများမှာ စက္ကန့်နှင့်အမျှ ပို၍ ရမ္မက်ဆန်လာခဲ့သည်။ သူမ၏ စိတ်ကူးထဲတွင် ချန်ယုနှင့် လုံချန်းတို့သည် မြေပြင်ပေါ်တွင် ကိုယ်လုံးတီးဖြင့် ယုန်ရိုင်းများကဲ့သို့ ဗူးခါးပတ်နေကြသည်ကိုပင် မြင်ယောင်နေမိတော့၏။
တံခါးပွင့်သံ ကြားလိုက်ရသဖြင့် သူမသည် လေ့ကျင့်ရေးကွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ တံခါးဝတွင် ရပ်နေသော လုံချန်းကို သူမ မြင်လိုက်ရ၏။ သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး အသက်ရှူသံမှာလည်း ပုံမှန် မဟုတ်ချေ။
လုံချန်းကို ထိုကဲ့သို့ တွေ့လိုက်ရသောအခါ သူမ၏ မျက်နှာမှာ ရဲတက်သွားတော့၏။ သူ၏ အခြေအနေက သူမ၏ စိတ်ကူးယဉ်မှုများမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု ထင်မှတ်သွားစေသည်။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ တစ်စုံတစ်ရာမျှ မရှိခြင်းက သူမ၏ အထင်ကို ပိုမို ခိုင်မာစေခဲ့၏။
လုံချန်းသည် ချန်ယုနှင့် တိုက်ခိုက်ရန် အထဲသို့ ဝင်သွားခဲ့ပြီး ဒဏ်ရာ တစ်ချက်မျှ မရဘဲ ပြန်ထွက်လာလိမ့်မည်ဟု သူမ မတွေးမိခဲ့ချေ။
လုံချန်းသည် အမျိုးသမီး၏ နီမြန်းနေသော မျက်နှာကို ကြည့်လိုက်၏။ ထိုအမျိုးသမီး မည်သို့ တွေးနေသည်ကို သူ ရိပ်မိသွားသဖြင့် အတွေးတစ်ခု သူ၏ ခေါင်းထဲသို့ ဝင်လာသည်။ ဤအမျိုးသမီးကို နောက်ပြောင်ပြီး ပျော်စရာ ဖန်တီးရန် ယုတ်မာသော အကြံတစ်ခု သူ ထုတ်လိုက်၏။
သူသည် အထဲတွင် ရပ်နေသော ချန်ယုကို လှည့်ကြည့်လိုက်သည်။
"ချန်ယု၊ နင်က တကယ်ကို ဟုတ်တာပဲ။ သိပ်လည်း အားပါတာပဲ။ အဲဒီလို ထပ်လုပ်ဖို့ တစ်နေ့နေ့မှာ ငါ သေချာပေါက် ပြန်လာခဲ့ဦးမယ်" လုံချန်းက ပြုံးစိစိဖြင့် ပြောလိုက်၏။
ချန်ယုကမူ သူသည် တိုက်ပွဲအကြောင်းကို ပြောနေသည်ဟု ထင်လိုက်သဖြင့် ပြန်ဖြေလိုက်သည်။ "အေး... ငါ စောင့်နေမယ်"
သူမသည် လုံချန်းက အရာအားလုံးကို အထင်လွဲနေသော အမျိုးသမီးအား စနောက်ရန်အတွက် စကားနှစ်ခွ အဓိပ္ပာယ်ဖြင့် ပြောနေသည်ကို လုံးဝ မသိရှိခဲ့ချေ။
လုံချန်းသည် ထိုနေရာမှ ထွက်လာခဲ့၏။ သူတို့ လာခဲ့သည့် လမ်းကို သူ မှတ်မိနေသည်။ သူသည် ထိုလမ်းအတိုင်းပင် နန်းတော်မှ ပြန်လည် ထွက်ခွာလာခဲ့၏။ မထွက်ခွာမီက ချန်ယုထံမှ မြေပုံတစ်ခုကို ရယူခဲ့ပြီး ဖြစ်သဖြင့် ကြယ်တာရာ အင်ပါယာ မည်သည့်နေရာတွင် ရှိသည်ကို သူ သိနေသည်။
သူ အခု လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ ကြယ်တာရာ အင်ပါယာနှင့် ချန်တီ အင်ပါယာတို့၏ ဆက်ဆံရေးကို စုံစမ်းရန်သာ ဖြစ်၏။
သူသည် မြို့တော်၏ လမ်းမများပေါ်တွင် လမ်းလျှောက်ရင်း သူ့အား သံသယမဝင်ဘဲ အကြောင်းအရာ အားလုံးကို ပြောပြနိုင်လောက်မည့် လူအပုံစံမျိုးအား လိုက်လံ ရှာဖွေနေခဲ့သည်။ အသွင်အပြင်က လှည့်စားနိုင်သည်ကို သူ သိသော်လည်း ယခုလောလောဆယ်တွင် ထိုအပေါ်၌သာ အခြေခံရပေမည်။
မကြာမီမှာပင် လုံချန်းသည် ထိုကိစ္စအတွက် သင့်တော်မည့်သူတစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူမှာ ဝဝတုတ်တုတ်နှင့် မျက်နှာထားအရ မောက်မာသော သခင်လေးတစ်ဦးအသွင် ရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုလူသည် ဈေးကြီးသော အဝတ်အစားများကို ဝတ်ဆင်ထားခြင်း မရှိသဖြင့် သူသည် မိသားစုကြီးတစ်ခုမှ အမှန်တကယ် ဆင်းသက်လာသူ မဟုတ်ဘဲ မောက်မာမှုသာ ရှိနေသူဖြစ်ကြောင်း ထင်ရှားလှပေသည်။
လုံချန်းသည် အသက် နှစ်ဆယ်နှောင်းပိုင်းအရွယ်ရှိသော ထိုဆံပင်ရွှေရောင်နှင့် လူ၏ အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်၏။
"ခွင့်လွှတ်ပါဦး သခင်လေး" လုံချန်းက လှမ်းခေါ်လိုက်သည်။
"သခင်လေး ဟုတ်လား" ဝဝတုတ်တုတ် လူကြီးသည် လုံချန်း၏ ခေါ်သံကြောင့် နောက်သို့ လှည့်ကြည့်လိုက်၏။ သူ့နောက်တွင် မည်သည့် သခင်လေးများ လမ်းလျှောက်နေသနည်းဟု သူ သိချင်နေမိသည်။
"ဘယ်သူမှလည်း မရှိပါလား" သူက ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။
လုံချန်းက သခင်လေးဟု ခေါ်လိုက်သောအခါ ထိုလူသည် သူ့နောက်တွင် တစ်စုံတစ်ယောက် ရှိနေသည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သူမှ မရှိကြောင်း သိလိုက်ရသောအခါ သူသည် လုံချန်းကို အထင်လွဲသွားတော့၏။ လုံချန်းက သူ့ကို လှောင်ပြောင်နေသည်ဟု သူ ထင်မှတ်လိုက်သည်။
"မင်း... လူယုတ်မာ၊ မင်း ငါ့ကို ကစားချင်တာလား" ဝဝတုတ်တုတ် လူကြီးက လုံချန်းကို လက်ညှိုးငေါက်ငေါက်ထိုးရင်း အော်ဟစ်လိုက်၏။ သူ မည်မျှအထိ ဒေါသထွက်နေသနည်းဆိုပါက သူ၏ ဖောင်းကားနေသော ပါးပြင်များပင် တုန်ခါနေတော့သည်။
"သခင်လေး... ဘာကို ဆိုလိုတာလဲ ခင်ဗျာ။ ကျွန်တော့်ကို ပြန်ပြီး နောက်နေတာလား" လုံချန်းက ထိုလူ၏ အနားသို့ တိုးကပ်သွားရင်း မေးလိုက်၏။ သူသည် ထိုလူ၏ လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်လေသည်။
"သခင်လေးရဲ့ မျက်နှာပေါ်က ပညာရှိအငွေ့အသက်တွေကို ကြည့်တာနဲ့တင် သခင်လေးဟာ ကြီးကျယ်တဲ့ မိသားစုတစ်ခုက ဖြစ်ရမယ်ဆိုတာ ထင်ရှားနေပါတယ် ခင်ဗျာ။ သာမန်လူတစ်ယောက်ရဲ့ မျက်နှာမှာ ဒီလောက်အထိ ထက်မြက်တဲ့ အရှိန်အဝါမျိုး မရှိနိုင်ပါဘူး။ ကျွန်တော့်ကိုတော့ လိမ်လို့ မရပါဘူးနော်" လုံချန်းက မြှောက်ပင့်သော မျက်နှာထားဖြင့် အော်ပြောလိုက်၏။
ဝဝတုတ်တုတ် လူကြီးမှာ အံ့သြလွန်းသဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။ သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် လုံချန်းသည် သူ၏ အထောက်အထားကို အထင်လွဲနေသည်ဟု သူ သဘောပေါက်သွား၏။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဤမျှအထိ ချီးကျူးခံရခြင်း ဖြစ်သည်။ သူသည် မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်လေတော့သည်။
"မင်း မျက်လုံးက တော်တော် စူးရှတာပဲ။ ငါ့ကို ချက်ချင်း မှတ်မိတယ်ပေါ့။ ဟားဟားဟား... မင်း ပြောတာ မှန်တယ်။ ငါက မိသားစုကြီးတစ်ခုကပါ။ ဒါပေမဲ့ ငါက လူမသိအောင် အခြေအနေကို စောင့်ကြည့်နေတာ။ တခြားသူတွေကိုတော့ လျှောက်မပြောနဲ့ဦး" ထိုလူက သူ၏ မျက်နှာတစ်ခုလုံး ပြုံးဖြဲလျက် ပြောလိုက်၏။
သူသည် သူ၏ ညာဘက်လက်ကို လုံချန်း၏ ပုခုံးပေါ်သို့ တင်လိုက်လေတော့သည်။
အခန်း (၉၆၄) သေလူ ပြန်လာခြင်း
"မင်း ပြောတာ မှန်တယ်။ ငါက သူဌေးသား သခင်လေး တစ်ယောက်ပဲ။ ဒါပေမဲ့ ငါက လူမသိအောင် အခြေအနေကို စောင့်ကြည့်နေတာ။ ဒါကြောင့် ငါ့အကြောင်းကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦး" ဝဝတုတ်တုတ်နှင့် လူက လုံချန်း၏ ပုခုံးကို ဂုဏ်ယူဝင့်ကြွားစွာ ပုတ်ရင်း အကျယ်ကြီး ရယ်မောလိုက်၏။
"သေချာတာပေါ့ သခင်လေးရာ။ ကျွန်တော် သိတာပေါ့။ သခင်လေးလို ပုဂ္ဂိုလ်မျိုးက သာမန်လူ ဖြစ်နိုင်ပါ့မလား။ စိတ်မပူပါနဲ့... သခင်လေး အသွင်ယူထားတာကို ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး" လုံချန်းက မြှောက်ပင့်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
"လိမ္မာတယ် ငါ့တပည့်လေး" ဝဝတုတ်တုတ် လူကြီးက ချီးကျူးလိုက်သည်။
"သခင်လေး... ကျွန်တော်မျိုးရဲ့ နားထဲမှာ သခင်လေးရဲ့ အမည်နာမလေးကို ကြားခွင့်ပေးပါဦး" လုံချန်းက ထိုလူကို မေးလိုက်၏။
"ဟားဟားဟား... ရတာပေါ့။ ငါ့ရှေ့မှာ ရှိနေရတာကိုက မင်းအတွက် ကံကောင်းခြင်းပဲ။ မင်းက ငါ့ကို မှတ်မိနိုင်လောက်အောင် မျက်စိစူးရှတာကြောင့် ငါ ပြောပြမယ်" ထိုလူက ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်သည်။
"ငါ့နာမည်က ဖူးဖူးလန်တဲ့"
'ဖူးဖူးလန် ဟုတ်လား' လုံချန်းသည် ထိုနာမည်ကို ထူးဆန်းနေသော်လည်း မျက်နှာထားအား မပြောင်းလဲဘဲ ထိန်းထားလိုက်၏။ တစ်စုံတစ်ရာကြောင့် ထိုနာမည်က သူ့အတွက် ရယ်ချင်စရာ ဖြစ်နေလေသည်။
ဝဝတုတ်တုတ် လူကြီးနှင့် ရင်းနှီးအောင် လုပ်ပြီးနောက် လုံချန်းက အဓိက အကြောင်းအရာသို့ လှည့်လိုက်၏။ "သခင်လေး ဖူးဖူး... ကျွန်တော် သခင်လေးရဲ့ အကူအညီ လိုအပ်နေပါတယ်။ ဒီလို ဆင်းရဲသားလေးကို သခင်လေး ကူညီမှာ မဟုတ်လား ဟင်"
"ရတာပေါ့။ မင်း ဘာသိချင်လို့လဲ။ ငါ ကူညီပေးပါ့မယ်" ဖူးဖူးလန်က လုံချန်းကို ပြောလိုက်၏။
"ငါ လုပ်နိုင်တဲ့ အရာဆိုရင်တော့ မင်းကို ကူညီမယ်လို့ ငါ ကတိပေးတယ်" သူက ထပ်လောင်း ကတိပြုလိုက်ပြန်သည်။
"ကောင်းလိုက်တာ။ ကျွန်တော် သိချင်တာက သတင်း အချက်အလက်လေးတွေပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ခေါင်းကို တစ်ခုခုနဲ့ ထိမိထားလို့ မှတ်ဉာဏ်တွေက ရှုပ်ထွေးနေတယ် သခင်လေး။ ကျွန်တော့် ခေါင်းထဲက သတင်းအချက်အလက် တချို့က ရောထွေးကုန်လို့ပါ" လုံချန်းက သူ၏ ခေါင်းနောက်ဘက်ကို ပွတ်သပ်ရင်း ပွင့်ပွင့်လင်းလင်းပင် လိမ်ညာလိုက်၏။
"ကျွန်တော် သိထားတာတွေက အမှန်လား၊ အမှားလားဆိုတာ သေချာအောင်ရယ်၊ ပြီးတော့ သခင်လေးရဲ့ အကူအညီနဲ့ ကျွန်တော့် မှတ်ဉာဏ်ထဲက လစ်ဟင်းနေတာတွေကို ဖြည့်ဆည်းချင်လို့ပါ" သူက ဆက်ပြောလေသည်။
"ဟားဟားဟား..."
လုံချန်း၏ တောင်းဆိုချက်ကို ကြားသောအခါ ဖူးဖူးလန်က မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်တော့၏။ သူက လုံချန်းသည် ကြီးကြီးမားမား တစ်ခုခုကို တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကြီးမားသော တောင်းဆိုချက် ဖြစ်နေပါက ကတိပေးထားသော်လည်း မည်သို့ ငြင်းရမည်ကို အကြောင်းပြချက် ရှာထားခဲ့သေး၏။
လုံချန်းက ငွေကြေး တောင်းဆိုခြင်း သို့မဟုတ် သူ့အတွက် တစ်စုံတစ်ယောက်ကို ရိုက်နှက်ပေးရန် တောင်းဆိုလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် လုံချန်း သိချင်သည်မှာ သာမန် မေးခွန်းအချို့သာ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ ရယ်သံကို မထိန်းနိုင်တော့ချေ။
"ဒါလေးတင်လား။ မင်း လူမှန်ကို လာမေးတာပဲ။ ဒီကမ္ဘာမှာ သိသင့်သမျှ အကုန်လုံးကို ငါ သိတယ်။ ငါ မင်းကို သေချာပေါက် ကူညီနိုင်တာပေါ့ ငါ့တပည့်လေး" ဖူးဖူးလန်က သူ၏ ရယ်သံကို ထိန်းလိုက်ပြီးနောက် ကြေညာလိုက်၏။
"တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။ ကြင်နာတတ်တဲ့ သခင်လေးက ငြင်းမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိသားပဲ။ သခင်လေးက ပါရမီရှင် မင်းသားတစ်ပါး ဖြစ်နေမှာ သေချာပါတယ်။ ကျွန်တော့်လို လူမျိုးကို ဘာလို့ ငြင်းပါ့မလဲ။ သခင်လေးနဲ့ တွေ့ရတာ ကျွန်တော့်အတွက် တကယ့်ကို ဝမ်းသာစရာပါပဲ" လုံချန်းက မြှောက်ပင့်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
ဝဝတုတ်တုတ် လူကြီးမှာ ပို၍ပင် ဘဝင်မြင့်သွားတော့သည်။ လုံချန်းက သူ့ကို သခင်လေးအဆင့်မှ မင်းသားအဆင့်သို့ မြှင့်တင်လိုက်ခြင်း ဖြစ်၏။ သူသည် အလွန် ဝမ်းသာသွားသဖြင့် သူ၏ မျက်နှာတစ်ခုလုံး ပြုံးဖြဲနေသည်ကို လုံချန်း သတိပြုမိလိုက်သည်။ သူ၏ အစီအစဉ် အလုပ်ဖြစ်နေပြီ ဖြစ်၏။
ဤလူကို မင်းသားတစ်ပါးဟု ခံစားရအောင် လုပ်ပေးထားသရွေ့ ထိုလူသည် လုံချန်းအား လိမ်ညာမည် မဟုတ်ဘဲ အရာအားလုံးကို ပြန်ဖြေပေလိမ့်မည်။
သူ လိုချင်သည်မှာ အဖြေများသာ ဖြစ်သည်။ ထိုလူအ,ကို မင်းသားဟု အနည်းငယ် မြှောက်ပင့်ခေါ်ဝေါ်ရုံဖြင့် ဘာအရေးရှိအံ့နည်း။
"မေးလေ... လူငယ်လေး" ဖူးဖူးလန်က လုံချန်းကို လက်လှမ်းပြလိုက်ပြီးနောက် ခေါင်းအား မော့ကာ လမ်းလျှောက်လိုက်၏။
"သခင်လေး... ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ အင်ပါယာမှာ မင်းသမီးတစ်ပါး ရှိတယ် မဟုတ်လား။ ကျွန်တော် ပြောတာ မှန်သလား" လုံချန်းက အရင်ဆုံး မေးလိုက်သည်။ ၎င်းမှာ အဓိက အကြောင်းအရာနှင့် မဆိုင်သော မေးခွန်းတစ်ခု ဖြစ်သော်လည်း သူ၏ ဟန်ဆောင်မှုကို ခိုင်မာစေရန် အနည်းငယ် ပတ်မေးခြင်း ဖြစ်၏။
"မှန်တာပေါ့။ မင်းသမီး ချန်ယုလေ။ သူက တကယ့်ကို ပါရမီပါတဲ့ မိန်းကလေးတစ်ယောက်ပဲ" ဖူးဖူးလန်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။ သူသည် သူ၏ အသံကို နှိမ့်လိုက်ပြီး လုံချန်း တစ်ယောက်တည်း ကြားနိုင်ရန် တီးတိုး ပြောလိုက်သည်။
"ဒါပေမဲ့ သူက ငါ့လောက်တော့ ပါရမီ မပါပါဘူးလေ" သူက ထပ်လောင်း ပြောလိုက်ပြန်သည်။
"သေချာတာပေါ့ သခင်လေး။ သခင်လေး ဖူးဖူးရဲ့ ပါရမီကို သူ ဘယ်လိုလုပ် မီပါ့မလဲ" လုံချန်းက ထောက်ခံလိုက်၏။
"တခြား ဘာသိချင်သေးလဲ။ ဆက်မေးလေ။ သူ့ရဲ့ အလှအပအကြောင်းရော သိချင်လား" ဖူးဖူးလန်က မေးလိုက်၏။
သူသည် အသံကို ထပ်မံ နှိမ့်လိုက်ပြီး တိုးတိုးလေး ဆိုသည်။ "ငါ ကြားဖူးသလောက်ဆိုရင် သူက တကယ့်ကို ဆွဲဆောင်မှု ရှိတာတဲ့။ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ့်ကို ရှယ်ပဲ။ ရှိသင့်ရှိထိုက်တဲ့ နေရာတွေမှာ အကောက်အကွေးတွေနဲ့ စွဲမက်စရာကြီး။ ငါ သူ့ကို တစ်ခါ မြင်ဖူးတယ်။ သူ့ရဲ့ ရင်သားတွေက ဘယ်လောက်တောင် နူးညံ့မလဲ မသိဘူး။ ငါသာ တစ်ခါလောက် ထိခွင့်ရရင် သိပ်ကောင်းမှာပဲ။ အဲဒါတွေကို နမ်းရှိုက်ရရင် တကယ့်ကို အရသာ ရှိမှာ"
သူသည် ချန်ယုကို စိတ်ကူးယဉ်ရင်း သူ၏ နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်မိ၏။ သူ၏ မျက်လုံးများတွင် ရမ္မက်ဇောများ ထင်ဟပ်နေလေသည်။
'ဘုရားရေ... ဒီလူက ဘယ်လောက်တောင် ငတ်မွတ်နေတာလဲ။ ပြီးတော့ ချန်ယုက အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး' လုံချန်းက ထိုလူကို ခါးသက်သက် အပြုံးဖြင့် ကြည့်ရင်း တွေးလိုက်မိသည်။
ထိုလူ၏ ချီးမွမ်းခန်းကို ကြားသောအခါ ချန်ယု၏ မျက်နှာက သူ၏ မျက်စိထဲသို့ ပြန်လည် မြင်ယောင်လာခဲ့၏။ 'သူမကလည်း တကယ်တော့ မဆိုးပါဘူး။ ပြန်စဉ်းစားကြည့်ရင် သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ့်ကို အချိုးအစား ပြေပြစ်ပါတယ်' သူ၏ အယူအဆကို အနည်းငယ် ပြင်လိုက်မိလေသည်။
ဖူးဖူးလန်သည် သူ၏ နှုတ်ခမ်းထောင့်မှ တံတွေးများ ထွက်ကျလာသည်ကို သတိပြုမိသွား၏။ သူ၏ တပည့်လေးရှေ့တွင် ဤသို့ ဖြစ်နေခြင်းမှာ အနေရခက်စရာ ဖြစ်သဖြင့် မိမိကိုယ်မိမိ ထိန်းချုပ်လိုက်ရသည်။ သူသည် တံတွေးကို သုတ်လိုက်ပြီး စိတ်အေးအေး ထားလိုက်၏။
"အဟမ်း... ငါ ဆိုလိုတာက သူက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဒါပေမဲ့ ငါ့အတွက်တော့ မဟုတ်ပါဘူး။ ငါ့မှာ သူ့ထက် လှတဲ့ မင်းသမီး ရည်းစားတွေ အများကြီး ရှိတယ်လေ" သူ၏ အရှက်ကို ဖုံးရန် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
"သေချာတာပေါ့။ ကျွန်တော် မယုံကြည်စရာ အကြောင်းမရှိပါဘူး" လုံချန်းက အပြစ်ကင်းစင်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော့်မှာ မေးခွန်းတွေ ရှိသေးတယ် သခင်လေး။ ဆက်မေးလို့ ရမလား"
"မေးလေ... ဆက်မေးပါ" ဖူးဖူးလန်က ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ။ ကျွန်တော့်ရဲ့ နောက်ထပ်မေးခွန်းက အင်ပါယာနဲ့ ဆိုင်ပါတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့နဲ့ ကြယ်တာရာ အင်ပါယာက ရန်ဘက်တွေ မဟုတ်လား။ အဲဒီကိစ္စ ဘာဖြစ်သွားပြီလဲ။ ကြယ်တာရာ မင်းသားက မင်းသမီး ချန်ယုနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကို ကြားဖူးတာပဲ မှတ်မိတော့တယ်" လုံချန်းက ပြောလိုက်၏။
"အဲဒီနောက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျွန်တော့် ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူး။ သူတို့ နှစ်ယောက် လက်ထပ်ပြီးပြီလား၊ ဒါမှမဟုတ် မကြာခင် လက်ထပ်ကြတော့မှာလား" လုံချန်းက မေးလိုက်၏။
"အို... ဘုရားရေ။ မင်း မှတ်မိတာက အဲဒီမှာတင် ရပ်နေတာဆိုရင်တော့ မင်း တကယ့်ကို အံ့သြသွားလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးပဲ။ မင်း တော်တော်များများ မေ့သွားတာပဲ။ ငါကိုယ်တိုင်တောင် ဖြစ်ပျက်သွားတဲ့ အရာတွေကို တစ်ခါတလေ မယုံနိုင်အောင် ဖြစ်ရတယ်" ဖူးဖူးလန်က သူ၏ နဖူးကို ပွတ်သပ်ရင်း ပြောလိုက်၏။
"တကယ်လား သခင်လေး" လုံချန်းက အံ့သြဟန်ဖြင့် မေးလိုက်သည်။ "အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ"
"အိုက်ယား... အစကနေ ပြန်ပြောရမှာပေါ့။ ကြယ်တာရာ မင်းသားက မင်းသမီး ချန်ယုနဲ့ လက်ထပ်ရမှာလေ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူက တခြားမိန်းကလေး တစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့တယ်။ အဲဒီကိစ္စကတင် ကြီးမားတဲ့ လှုပ်ခတ်မှု ဖြစ်ခဲ့တာ။ ဒါပေမဲ့ အဲဒါတင် မကသေးဘူး။ ကြယ်တာရာ မင်းသမီးကလည်း အဲဒီနေ့မှာတင် ပျောက်ကွယ်သွားခဲ့တယ်" ဖူးဖူးလန်က လုံချန်းကို ရှင်းပြလိုက်၏။
"အမှန်အတိုင်း ပြောရရင် သူက သူ့ရဲ့ နန်းတော်ထဲမှာပဲ ပုန်းနေတယ်လို့ ငါ ယုံကြည်ပေမဲ့ အဲဒါက ငါ ဆုံးဖြတ်ရမယ့် ကိစ္စတော့ မဟုတ်ဘူးပေါ့" သူက ထပ်လောင်း ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စတွေက အခြေအနေကို ဘယ်လောက် ဆိုးရွားသွားစေလဲဆိုတာ မင်း ခန့်မှန်းကြည့်လို့ ရပါတယ်။ ငါတို့ အင်ပါယာက ကြယ်တာရာကို ကတိဖျက်မှုနဲ့ အပြစ်တင်တယ်၊ ကြယ်တာရာ အင်ပါယာကကျတော့ သူတို့ မင်းသမီးကို ငါတို့ ပြန်ပေးဆွဲတယ်လို့ စွပ်စွဲတယ်။ အင်ပါယာ နှစ်ခုကြားက ပြဿနာတွေက အများကြီး ကြီးထွားလာခဲ့တယ်"
"နှစ်လတောင် မပြည့်ခင်မှာပဲ အင်ပါယာ နှစ်ခုက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြတဲ့အထိ ဖြစ်သွားခဲ့တယ်။ စစ်ပွဲကြီး ဖြစ်ပွားခဲ့တာပေါ့" သူက ဆက်ပြောလေသည်။
'ဘာ... စစ်ပွဲက တကယ် စခဲ့တာလား။ အခြေအနေတွေ ဆိုးရွားလာဖို့ တစ်နှစ်နီးပါးလောက် ကြာလိမ့်မယ်လို့ မင်ယု ပြောခဲ့တယ် မဟုတ်လား။ အခုလို စောစောစီးစီး စခဲ့တယ်ဆိုရင် အခုလောက်ဆိုရင် အားလုံး ပြီးနေလောက်ပြီပေါ့' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ဤမြို့တော်ကြီးသည် စစ်ဖြစ်နေသော မြို့တစ်မြို့နှင့် လုံးဝ မတူချေ။ လူများမှာ ငြိမ်သက်အေးဆေးနေကြပြီး သက်တောင့်သက်သာ ရှိပုံရသည်။ စစ်ပွဲက ပြီးသွားပြီလား။
သူသည် ရှေ့က လူကို တိုက်ရိုက်ပင် မေးလိုက်ရန် ဆုံးဖြတ်လိုက်၏။
"စစ်ပွဲမှာ ဘာတွေ ဖြစ်ခဲ့လဲ သခင်လေး။ စစ်ပွဲက ပြီးသွားပြီလား"
"စစ်ပွဲ ဟုတ်လား...။ မင်း သိတဲ့အတိုင်းပဲ ငါတို့နဲ့ ကြယ်တာရာက ဆယ်စုနှစ်ပေါင်းများစွာ စစ်ဖြစ်နေတာ။ ဒါပေမဲ့ ဒီတစ်ခါလောက် ဆိုးဆိုးရွားရွား မဖြစ်ဖူးဘူး။ စစ်ပွဲမှာ လူတွေ အများကြီး သေကြရတယ်။ တကယ့်ကို သွေးချောင်းစီးခဲ့တာပဲ။ စစ်ထဲသွားတဲ့သူ အများစုက ပြန်မလာနိုင်ကြတော့ဘူး" ဖူးဖူးလန်က သက်ပြင်းချရင်း ရေရွတ်လိုက်၏။
"ငါ့သူငယ်ချင်း တစ်ယောက်တောင် စစ်ထဲ ပါသွားခဲ့တယ်။ သူ့မှာ ကလေးလေး နှစ်ယောက်နဲ့ အသစ်စက်စက် လက်ထပ်ထားတဲ့ ဇနီးသည်တောင် ရှိသေးတယ်။ သနားစရာကောင်းတဲ့ သူ့ဇနီးလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်သေရှာတာပဲ" သူက ထပ်လောင်း ပြောလိုက်သည်။
"ကျွန်တော့်ကို ရလဒ်လေး ပြောပြပါဦး။ ကျွန်တော်တို့ နိုင်လား။ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ" လုံချန်းက ထပ်မံ မေးမြန်းလိုက်၏။
"နောက်ထပ် ဘာဖြစ်လဲ ဟုတ်လား" ဖူးဖူးလန်က အဝေးက မိုးကုတ်စက်ဝိုင်းကို ငေးကြည့်ရင်း ရေရွတ်လိုက်၏။
"စစ်ပွဲက အချိန်တော်တော်ကြာအောင် ဆွဲခဲ့တာ။ အမှန်ဆိုရင် အခုထိ ပြီးဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မနေ့တင်ကပဲ အပစ်အခတ် ရပ်စဲလိုက်ကြတယ်" သူက လုံချန်းကို ပြုံးပြရင်း ပြောလိုက်၏။
"အပစ်အခတ် ရပ်စဲလိုက်တယ် ဟုတ်လား။ ဘာဖြစ်လို့လဲ သခင်လေး။ တစ်ယောက်သွေးကို တစ်ယောက် ဆာလောင်နေတဲ့ အင်ပါယာ နှစ်ခုက ဘာလို့ အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်ကြတာလဲ" လုံချန်းက အံ့သြတကြီး မေးလိုက်၏။
"အဲဒါက ကြယ်တာရာ မင်းသား ပြန်ရောက်လာလို့လေ။ သူ ဒီကို လာပြီး ငါတို့ ဧကရာဇ်ကို တောင်းပန်တယ်၊ ပြီးတော့ အပစ်အခတ် ရပ်စဲဖို့ သူကိုယ်တိုင် တောင်းဆိုခဲ့တာ။ သူက မင်းသမီး ချန်ယုကို လက်ထပ်ဖို့လည်း သဘောတူလိုက်တယ်" ဖူးဖူးလန်က လုံချန်းကို အသိပေးလိုက်လေသည်။
"သေလူက ပြန်လာတယ် ဟုတ်လား" လုံချန်းမှာ အံ့သြလွန်းသဖြင့် မထိန်းနိုင်ဘဲ လွှတ်ခနဲ အော်ပြောလိုက်မိလေတော့သည်။