← Chapters

ခွန်လွန်တောင်၏ခွင့်ပြုချက်

Vol. 27 Ch. 377

ခွန်လွန်တောင်၏ခွင့်ပြုချက်

Vol. 27 Ch. 377

အခန်း (၃၇၇) ခွန်လွန်တောင်၏ခွင့်ပြုချက်

ယွိယွမ် အနည်းငယ် စိုးရိမ်ပူပန်သွားသည့်တိုင် မည်သို့မှ မတတ်နိုင်ပေ။

သူက ပေဖန်းအနားသို့ တိုးကပ်သွားပြီး…

"ဂိုဏ်းတူအစ်ကိုပေဖန်းလည်း ဒီကိုရောက်နေတာလား"

ပေဖန်းက လမင်းကိုကြည့်နေသည့်အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ယွိယွမ်ကို လှည့်ကြည့်လာသည်။

"ဂိုဏ်းတူညီလေး ယွိယွမ် ၊ မတွေ့တာကြာပြီနော်"

ယွိယွမ်က…

"ဟုတ်ကဲ့… နည်းနည်းတော့ ကြာပါပြီ"

သူ ပေဖန်းကို မလေးမစား မလုပ်ရဲပေ။

ပေဖန်းက…

"ဂိုဏ်းတူညီလေးက မရှိမှုအာကာသအဆင့်တောင် အောင်မြင်ပြီးပြီလား"

ယွိယွမ်က ခေါင်းငုံ့လိုက်ရင်း…

"အင်မော်တယ်ဖြစ်လာဖို့ အများကြီး လိုပါသေးတယ် ၊ ကျွန်တော်က မလောရဲပါဘူး"

သူ့မှာ စိတ်ထဲရှိသည့်အတိုင်းလည်း စကားများကို မပြောရဲပေ။ သူ့ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်လို့နေသည်။

ပေဖန်းက ယွိယန်ကိုကြည့်ပြီး သိမ်မွေ့သည့်လေသံဖြင့်…

"အင်မော်တယ်အဖြစ် အဆင့်တက်တယ်ဆိုတာ ပေါ့သေးသေးကိစ္စ မဟုတ်ဘူး ၊ မင်း အဆင့်တက်ချင်တယ်ဆိုရင်… ဂိုဏ်းတူညီလေးရေ… ပိုပြီး အာရုံစိုက်ရလိမ့်မယ် ၊ မင်းရဲ့ အဆင့်တက်ခြင်း ကျရှုံးမသွားအောင် ကာကွယ်မှုတွေ ပြုလုပ်ရမယ် ၊ မှန်ကန်တဲ့အချိန်ရောက်ပြီဆိုရင်တော့ လုံး၀ အချိန်ဆွဲမနေဘဲ အမြန်သာလုပ်လိုက် ၊ ကြိုပြီးလုပ်မိပြန်ရင်လည်း အကောင်းဆုံးအခွင့်အရေးနဲ့ လွဲချော်သွားတတ်တယ်"

ထိုစကားများကိုကြားတော့မှ ယွိယွမ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

သူ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ရန် "ခွန်လွန်တောင်၏ခွင့်ပြုချက်" ကို ရရှိပါမည်လား။

ခွန်လွန်တောင်က လူသားအင်မော်တယ်အဆင့် သူလျှိုတစ်ယောက်ကို လက်ခံထားနိုင်ပါမည်လား။

သူ သိချင်မိသည်။

မဟုတ်ပါက ရှင်းပစ်ခံရမည့် သူလျှိုများစာရင်းတွင် သူ ထိပ်ဆုံးက ပါဝင်နေပေလိမ့်မည်။

***

ကျန်းလန်က မက်မွန်တောထဲတွင် မတ်တတ်ရပ်လျှက် ရှိသည်။

သူက ပုံရိပ်ယောင်အစီအရင်ကို ပိတ်လိုက်သည့်တိုင် အချို့လူများက ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခြင်း မရှိကြသေးပေ။

ထို့နောက် သူက မက်မွန်တောတစ်ခွင်သို့ အသံပို့လွှတ်ကာ စကားပြောလိုက်သည်။

တည်ငြိမ်သည့် အသံတစ်သံက မက်မွန်တောထဲတွင် ထွက်ပေါ်လာသည်။

"ဂိုဏ်းတူညီအစ်ကိုမောင်နှမများ ၊ အစီအရင်က ပိတ်လိုက်ပါပြီ ၊ အားလုံးပဲ မက်မွန်တောထဲကနေ ထွက်ခွာသွားလို့ ရပါပြီ ၊ မက်မွန်တောထဲမှာ ဆက်နေဦးမယ်ဆိုရင်တော့ မရဏအငွေ့အသက်တွေကြောင့် ကိုယ်တွင်းမိစ္ဆာဝင်ရောက်မယ့်အန္တရယ်ရှိနိုင်ပါတယ်"

ကျန်းလန်၏ စကားသံက မက်မွန်တောတစ်ခွင်သို့ ပျံ့နှံ့သွားပြီး ဝင်္ကပါထဲရောက်နေသည့် လူများသာလျှင် ထိုအသံကို ကြားနိုင်၏။

နောက်ဆုံးတော့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်များထဲမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သူတို့အားလုံး သိလိုက်ကြသည်။

ဤနေရာမှ အစီအရင်သည် သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ သို့ဖြစ်ရာ ဤနေရာတွင် ကြာကြာဆက်နေခြင်းအားဖြင့် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်မည်ကို နားလည်လိုက်ကြသည်။

အချိန်မီသာ ရုန်းမထွက်နိုင်ခဲ့လျှင် ကိုယ်တွင်းမိစ္ဆာဝင်ရောက်ပြီး သူတို့၏ အင်မော်တယ်လမ်း ပျက်စီးသွားမည် ဖြစ်သည်။

***

“ဇာမဏီမျိုးနွယ်တွေလည်း ထွက်သွားကြရမှာဆိုတော့ အဋ္ဌမမင်းသားက သူတို့ကို လိုက်ပို့ပေးလိုက်ပါ”

ကျန်းလန်က လုန်မန်ကိုကြည့်ရင်း ပြောလိုက်သည်။

အစီအရင်ပိတ်လိုက်ပြီဖြစ်လေရာ ဇာမဏီမျိုးနွယ် (၂)ယောက်က အတင်းအကျပ်လှုပ်ရှားမှုပြမည်ဆိုလျှင် ပြဿနာ ရှိပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကျန်းလန်က သူတို့ (၂)ယောက်ဖြင့် တိုက်ခိုက်ရန် မဖြစ်နိုင်သောကြောင့်ပင်။

အများအမြင်တွင် သူ၏ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသအဆင့်မျှသာ ဖြစ်လေရာ တိုက်ခိုက်မည်ဆိုလျှင် ထို (၂)ယောက်ကို အနိုင်ရနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားကို အကူအညီတောင်းရခြင်း ဖြစ်၏။

အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်ဖြစ်သည့်အပြင် အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ရောက်နေပြီဖြစ်လေရာ ဇာမဏီမျိုးနွယ် (၂)ယောက် ယှဉ်နိုင်မည် မဟုတ်ပေ။

ကျန်းလန်ကို ကူညီရန် စိတ်အားထက်သန်နေသည့် အဋ္ဌမမင်းသားကတော့ ချက်ချင်းပင် သဘောတူလိုက်သည်။

ထို့နောက်သူက ဟုန်ယာနှင့် ဟုန်ယီကို လှမ်းကြည့်လိုက်သည်။

လုန်မန်၏အကြည့်ကိုရင်ဆိုင်ရသည့်အခါ ဟုန်ယီမှာ ကြောက်လွန်းသဖြင့် နေရာမှာပင် ပျောက်ကွယ်သွားချင်မိသည်။

ဟုန်ယာသည် အဝေးဆီမှ မက်မွန်ပန်းများကို လှမ်းကြည့်လိုက်သည်။

သူ တစ်ပွင့်ခူးဆွတ်နိုင်လျှင် ယှဉ်ပြိုင်ပွဲ အနိုင်ရမည် ဖြစ်သည်။

ကောင်ငယ်လေးက...

"ဟုန်ယာ သွားရအောင်ပါ"

လုန်မန်နှင့် တိုက်ခိုက်ကြမည်ဆိုလျှင် ဟုန်ယာအနေဖြင့် သေချာပေါက်ဒဏ်ရာရမည်ပင်။

နောက်ဆုံးတော့ ဟုန်ယာ ခေါင်းငုံ့လိုက်ပြီး ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားနောက်သို့ လိုက်သွားကာ မက်မွန်တောထဲမှ ထွက်ခွာသွားတော့သည်။

ကောင်ငယ်လေးကတော့ ကျန်းလန်ကို ကျေးဇူးတင်စွာဖြင့် လက်ပြနှုတ်ဆက်သွား၏။

သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့မှ ကျန်းလန်က ဝင်္ကပါအစီအရင်ကို ပြန်လည်အသက်သွင်းလိုက်သည်။

မက်မွန်တောတစ်ခုလုံးသည်လည်း ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

မက်မွန်တောထဲသို့ ဝင်လာသူများအားလုံး ထွက်ခွာသွားကြပြီ ဖြစ်သည်။

သို့သော် ကျန်းလန်ကတော့ စိတ်ချရစေရန်အတွက် မက်မွန်တောတစ်ခုလုံးကို လှည့်ပတ်စစ်ဆေးကြည့်လိုက်သည်။

ပုံရိပ်ယောင်အစီအရင်ကြောင့် လူပေါင်းများစွာ မက်မွန်တောကို လေးစားအထင်ကြီးသွားကြသည်။

နောက်ပိုင်းတွင် သူ၏အစီအရင်ပညာစွမ်းသည် ခွန်လွန်တပည့်များကြားတွင် ပြောစရာဖြစ်လာပေတော့မည်။

နဝမတောင်ထွတ်မှ ကျန်းလန်သည် အမှန်တကယ်ပင် ထိုသို့သော ကြောက်မက်ဖွယ်ရာအစီအရင်ကို ပြုလုပ်ခဲ့လေသည်လားဟု ဆွေးနွေးကြပေလိမ့်မည်။

သို့သော် ကျန်းလန်ကတော့ စိတ်မဝင်စားပေ။

ဆရာဖြစ်သူသာ သူ့ကို အလုပ်တစ်ခုခု မခိုင်းလျှင် ပြင်ပလောကသို့ မထွက်ခွာမီ တံခါးပိတ်ကျင့်ကြံခြင်းတစ်ကြိမ် ပြုလုပ်ရဦးမည် ဖြစ်၏။

***

နဝမတောင်ထွတ်အထက်ရှိ ကောင်းကင်ယံတွင်…

ဇာမဏီမျိုးနွယ်မှ တန်မီနှင့် ဟုန်ကျီ ၊ ခွန်လွန်တောင်မှ တောင်သခင်များဖြစ်သည့် မြောင်ယွဲ့နှင့် လျိုကျင်းတို့ ရှိနေကြသည်။

မက်မွန်တောထဲမှ ထွက်ခွာလာကြသည့် လူပေါင်းများစွာကို ကြည့်ရှုရင်း မြောင်ယွဲ့က စကားဆိုသည်။

"ရှင်တို့တွေ ရှုံးသွားပြီနော်"

တန်မီနှင့် ဟုန်ကျီတို့ မျက်နှာမကောင်းကြပေ။

ဤဝင်္ကပါအစီအရင်က အတော်လေး အားကောင်းလွန်းသည်။ ထို့ပြင် လမ်းတစ်ဝက်တွင် ပိုမိုအားကောင်းလာခြင်း ဖြစ်ကြောင်း သူတို့ ရိပ်မိခဲ့သည်။

အစီအရင်ကို ပြောင်းလဲသွားစေရန် တွန်းအားပေးသည်မှာ ဝင်္ကပါအတွင်းသို့ ဝင်ရောက်သွားသည့် လူအရေအတွက် ဖြစ်သည်။ ဝင်ရောက်သွာသူအရေအတွက် ကန့်သတ်ချက်ပြည့်သွားသည်နှင့် ပုံရိပ်ယောင်အစီအရင် ထွက်ပေါ်လာခဲ့သည်။

"ဟွန်း… မင်းတို့တွေက ခွန်လွန်တပည့်တွေကိုပါ ဝင်္ကပါထဲ ဝင်ခွင့်ပြုခဲ့လို့ ဒီလိုဖြစ်ရတာလေ ၊ အဲဒီလိုလုပ်လိုက်တော့ အစီအရင်က ပိုပြီးခက်ခဲသွားတာပေါ့ ၊ လူသားတွေက တကယ့်ကို စက်ဆုပ်စရာကောင်းလွန်းတယ်"

တန်မီက အေးစက်စွာ ဆိုသည်။

သူတို့က အခြေအနေပေါ်မူတည်ပြီး ခွန်လွန်တောင်အပေါ် အမြတ်ထုတ်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း တကယ်တမ်းတွင် ထောက်ချောက်အတွင်း သက်ဆင်းခဲ့ကြရသည်။

မြောင်ယွဲ့က တန်မီနဲ့ ဟုန်ကျီကိုကြည့်လိုက်ရင်း…

"ဘာလဲ ၊ ဒီအစီအရင်က နဝမတောင်ထွတ်က ကျန်းလန် လုပ်ထားတာမဟုတ်ဘူးလို့ ရှင်တို့က သံသယဝင်နေတာလား"

တန်မီက…

"အခုမှတော့ အဲဒါက ဘာအရေးကြီးတော့လို့လဲ"

သူတို့မှာ ရွေးခြယ်ခွင့် ရှိခဲ့ပါသလား။

မရှိခဲ့ပေ။

သူတို့ လောင်းကြေးထပ်ခဲ့ခြင်းသာ ဖြစ်သည်။

ပြီးတော့…

အစီအရင်ကို တစ်စုံတစ်ယောက်မှ ထိန်းချုပ်ထားကြောင်း သူတို့ သိခဲ့ရပြီး ထိန်းချုပ်မှုက အလွန်သိမ်မွေ့သည်။ အစီအရင်ကို တည်ဆောက်သူကသာလျှင် အစီအရင်ကို ရပ်တန့်လိုက်ခြင်း ဖြစ်၏။

လက်ရှိ နဝမတောင်ထွတ်တွင် တောင်သခင်မော့ကျန်းသုန့်နှင့် ကျန်းလန်သာရှိပြီး အခြားသော တန်ခိုးစွမ်းအားမြင့်မားသူများ မရှိပေ။

သို့ဖြစ်ရာ…

အစီအရင်ကို ကျန်းလန်ကိုယ်တိုင်ပြုလုပ်သည်ဆိုသည့်ကိစ္စတွင် ခွန်လွန်တောင်ဘက်က လှည့်စားခဲ့ခြင်း မရှိပေ။

အစီအရင်က အံ့မခန်းကောင်းမွန်လှပြီး အစီအရင်ပညာကျွမ်းကျင်သူမဟုတ်ပါက ထိုသို့ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မက်မွန်တောကို ဖန်တီးသူသည် အစီအရင်ပညာတွင် အမှန်တကယ် ကျွမ်းကျင်သူဖြစ်ကြောင်း ဝန်ခံရမည်ပင်။

မြောင်ယွဲ့က ကောင်းကင်ထက်တွင် မတ်တတ်ရပ်လျှက် ရှိပြီး သူမ၏ ဆံနွယ်များက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

သူမက မက်မွန်တောဆီသို့ ကြည့်နေသောအကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး…

"ဒါပေမဲ့ ရှင်တို့က စိတ်သဘောထား မဆိုးကြဘူးဆိုတော့ လက်ဆောင်ပဏ္ဏာတွေကို (၉၀)ရာနှုန်း မပေးပါနဲ့ ၊ ရှင်တို့ ဖြစ်စေချင်သလို (၈၀)ရာနှုန်းပဲ ပေးပါ"

ထိုစကားကိုကြားသည့်အခါ တန်မီရော ဟုန်ကျီပါ အံ့အားသင့်သွားကြသည်။

ဟုန်ကျီက…

"ခွန်လွန်တောင်က ကျွန်မတို့အပေါ် အတော်လေး ရက်ရောနေပါ့လား"

လက်ဆောင်တန်ဖိုး လျှော့ပေးရသည်ဆိုသော်ငြား စော်ကားသလိုတော့ ခံစားလိုက်ရသည်။

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

"ဘာလဲ ၊ မလိုချင်ဘူးလား"

ဟုန်ကျီက မြောင်ယွဲ့ကို အတန်ကြာစိုက်ကြည့်နေပြီးနောက် မပြောချင်သည့် စကားတစ်ခွန်းကို ဖြစ်ညှစ်ပြောလိုက်သည်။

"ကျွန်မတို့ လိုချင်ပါတယ်"

လက်ဆောင်ပစ္စည်းတန်ဖိုး (၁၀) ရာခိုင်နှုန်းလျော့နည်းသွားခြင်းက ခွန်လွန်တောင်အတွက် ပြဿနာမရှိသော်လည်း နှစ်ပေါင်းများစွာ စစ်ပန်းနေကြသည့် ဇာမဏီမျိုးနွယ်များအတွက်တော့ အလွန်များပြားသည့် ပမာဏဖြစ်သည်။

ဤသည်က သူတို့ကို အသက်ရှူချောင်စေသည်။

မြောင်ယွဲ့က…

"ဒါဖြင့် သဘောတူလိုက်ပြီ"

မကြာမီ တန်မီနှင့် ဟုန်ကျီတို့ ထွက်ခွာသွားကြသည်။

ဝူထုန်တောင်သို့ပြန်ပြီး ခွန်လွန်တောင်ကိုပေးရမည့် လက်ဆောင်ပစ္စည်းများ ပြင်ဆင်ရမည် မဟုတ်ပါလား။

ထိုအခါမှ လျိုကျင်းက မေးခွန်းထုတ်သည်။

"ဂိုဏ်းတူညီမလေး စိန်ခေါ်ပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က သူတို့ကို လက်ဆောင်ပစ္စည်းတန်ဖိုး (၁၀) ရာခိုင်နှုန်း လျှော့ပေးဖို့တော့ မဟုတ်ဘူးမလား"

မြောင်ယွဲ့က…

"ကျန်းလန်ကို အခြားသူတွေ ဘယ်လိုပဲဝေဖန်ပါစေ လုန်ယွိက အရေးမစိုက်တော့ဘူး ၊ သူ့အတွက် ကျင့်သားရနေပြီလေ ၊ ဒါပေမဲ့ လုန်ယွိက ခွန်လွန်တောင်အတွက် ထူးခြားတဲ့သူမဟုတ်လား… ၊ ဒါပေမဲ့…"

လုန်ယွိက အခြားသူများ၏ ထင်မြင်ချက်ကို အရေးမစိုက်ပေ။ ကျန်းလန်က သူမကို ဂရုတစိုက်ဖြင့် အသိအမှတ်ပြုနေသရွေ့ သူမအတွက် အဆင်ပြေလေသည်။

လုန်ယွိသည် ရင့်ကျက်ပြီး ပြောင်းလဲလာခဲ့သည်။ ထို့ပြင် သူမ ပိုပြီး ပျော်ရွှင်တတ်လာသည်။

ဤအရာများအားလုံးက ကျန်းလန်ကြောင့် ဖြစ်၏။

ယခုအချိန် သူမကို ကျန်းလန်မဟုတ်သည့် အခြားသူတစ်ယောက်နှင့် လက်ထပ်ခိုင်းမည်ဆိုလျှင် သူမက အသေခံမည့်သူ ဖြစ်သည်။

မြောင်ယွဲ့က တိုးလျသည့် လေသံဖြင့် ဆက်ပြောသည်။

"လက်ထပ်မင်္ဂလာပွဲကလည်း နီးပြီဆိုတော့ လူအတော်များများကလည်း သူတို့အတွက် ဆုမွန်ကောင်းတောင်းပေးကြတယ် ၊ ဒီတော့ ကျန်းလန်ကို ပိုပြီး ဂုဏ်သိက္ခာတက်အောင်လုပ်ပေးတာက သူတို့ (၂)ယောက်ကိုလည်း ပျော်ရွှင်စေလိမ့်မယ်"

လျိုကျင်းက…

"အင်း… အဲဒီအတွက် လက်ဆောင်ပစ္စည်း (၁၀)ရာခိုင်နှုန်းလျှော့ပေး လိုက်ရတာတော့ မဆိုးပါဘူးလေ"

ယခုဆိုလျှင် ကျန်းလန်လည်း ဂုဏ်သတင်းမြင့်တက်သွားသလို ဇာမဏီမျိုးနွယ်များသည်လည်း သူတို့ပေးရမည့် လက်ဆောင်ပစ္စည်းပမာဏ နည်းပါးသွားသည့်အတွက် စိတ်ပျော်ရွှင်သွားကြမည် ဖြစ်သည်။

အခြေအနေက နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အခြေအနေပင် ဖြစ်တော့၏။

***

နဝမတောင်ထွတ်အစွန်းတွင် မော့ကျန်းသုန့် မတ်တတ်ရပ်နေ၏။

သူက နဝမတောင်ထွတ်မှ ထွက်ခွာသွားကြသူများကို မည်သည့်စကားမှ မဆိုဘဲ ကြည့်နေခဲ့သည်။ အားလုံး ထွက်ခွာသွားပြီဆိုတော့မှ သူက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ရှိရာသို့ အာရုံစိုက်လိုက်သည်။

လက်ရှိတွင် အလင်းတိုင် (၃)ခု ထွန်းလင်းနေပြီး မကြာခင် စတုတ္ထမြောက်အလင်းတိုင် ထွန်းလင်းတောက်ပလာတော့မည် ဖြစ်သည်။

အလင်းတိုင် (၉)ခုလုံး ထွန်းညှိပြီးချိန်တွင် မင်္ဂလာလက်ထပ်ပွဲနေ့ရက် ရောက်ရှိပေလိမ့်မည်။ ထိုအချိန်ရောက်သည်အထိ ကျန်းလန် အင်မော်တယ်မဖြစ်သေးဘူးဆိုလျှင်တော့ ဖိအားများ ရင်ဆိုင်ရနိုင်သည်။

သူ့အနေဖြင့် ကျန်းလန်အတွက် တစ်ခုခု လုပ်ပေးသင့်လေသည်။

***

မက်မွန်တောတစ်ခုလုံးကို စစ်ဆေးပြီးနောက် ကျန်းလန် ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။

တစ်ချက်မျှ တုံ့ဆိုင်းနေပြီးနောက် သူ ကျောက်စိမ်းရေကန်သို့ ထွက်လာခဲ့သည်။ ယနေ့ ရှောင်ယွိ ရောက်မလာသဖြင့် သူက ကျောက်စိမ်းရေကန်သို့ လိုက်သွားခြင်းပင်။

အဘယ်ကြောင့်ဆိုသော ယနေ့က သူနှင့် ရှောင်ယွိ စိန်ခေါ်ပွဲပြုလုပ်ရမည့် နေ့ရက်ဖြစ်သည် မဟုတ်ပါလား။

နဝမတောင်ထွတ်တွင်သာ စိန်ခေါ်ပွဲမလုပ်ဘဲ ကျောက်စိမ်းရေကန်တွင်သာ စိန်ခေါ်ပွဲလုပ်မည်ဆိုလျှင် သူမအတွက် နိုင်ခြေမြင့်မားသည်။ ကျောက်စိမ်းရေကန်က ရှောင်ယွိ၏ ပိုင်နက်ဖြစ်သည် မဟုတ်ပါလား။

သို့သော်…

ရှောင်ယွိ ပြောလိုက်သည့်စကားမှာ…

"ဂိုဏ်းတူမောင်လေး… ၊ နဝမတောင်ထွတ်မှ စိန်ခေါ်ပွဲလုပ်မှ တရားမျှတမှာပေါ့ ၊ အဲဒီမှာပဲ သွားပြိုင်ကြရအောင်"

ကျန်းလန် : "……"

"တကယ်ပါပဲ ၊ နဂါးတွေဟာ ကိုယ့်အကြောင်းကိုယ် နားမလည်ကြဘူးပဲ"

ကျန်းလန် တွေးလိုက်မိလေတော့၏။

All Chapters