အခန်း (၉၆၅-၉၆၆)
Vol. 94 Ch. 965-966
အခန်း (၉၆၅) ငြင်းပယ်ခြင်း
ထိတ်လန့်စရာ သတင်းကို ကြားလိုက်ရသောအခါ လုံချန်းသည် မထိန်းနိုင်ဘဲ လွှတ်ခနဲ ရေရွတ်လိုက်မိ၏။ "သေလူက ပြန်လာတယ် ဟုတ်လား"
မင်ယုက သူမ၏ အစ်ကို သေဆုံးသွားပြီဟု ပြောခဲ့သည် မဟုတ်လော။ သူက မည်သို့ကြောင့် ပြန်ရောက်လာနိုင်သနည်း။
"သေလူ ဟုတ်လား။ မင်း ဘာကို ဆိုလိုတာလဲ" ဖူးဖူးလန်က ဇဝေဇဝါဖြင့် မေးလိုက်၏။
"ဪ..." ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ရေရွတ်လိုက်သည်။
"မင်း ဆိုလိုတာက သူ သေပြီလို့ အားလုံးက ထင်နေကြတာကို ပြောတာမလား။ အဲဒါတော့ ဟုတ်တာပေါ့။ မင်းသမီး ချန်ယုနဲ့ လက်မထပ်ချင်လို့ ထွက်ပြေးသွားကတည်းက သူက သေပြီးသားလူနဲ့ မခြားတော့ဘူးလေ။ တကယ်လို့သာ အဖမ်းခံရရင် အသတ်ခံရမှာ သေချာတာပဲ။ ငါ ပြောတာ မှန်တယ်မလား" သူက မေးလိုက်ရင်း လုံချန်း၏ စကားကို သူ မှန်အောင် ခန့်မှန်းနိုင်သည့်အတွက် ခေါင်းအား နောက်သို့ ပစ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်လေတော့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ သခင်လေးဟာ ပါရမီရှင်တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်တာပဲ" လုံချန်းက ခေါင်းညိတ်ရင်း ထောက်ခံလိုက်၏။ "ဒါဆို ကြယ်တာရာ မင်းသားက ဒီကို ရောက်လာတာပေါ့။ သူက မသေသေးဘူးပေါ့လေ"
"ဟုတ်တယ်။ သူက မသေရုံတင် မကဘူး၊ ဒီကိုလာပြီး တောင်းပန်တိုးလျှိုးသေးတယ်။ မင်းသမီး ချန်ယုကို လက်ထပ်ဖို့လည်း သဘောတူလိုက်တယ်။ ပြီးတော့ သူက ထိတ်လန့်စရာ အချက်တစ်ခုကိုလည်း ဝန်ခံသွားသေးတယ်" ဖူးဖူးလန်က ဆို၏။
"သူ ဘာကို ဝန်ခံသွားတာလဲ သခင်လေး" လုံချန်းက အံ့သြတကြီး မေးလိုက်သည်။ ဖေကျန်က သူ့အပေါ် လုပ်ကြံခဲ့သည်များကို သူ ဖွင့်ပြောလိုက်ပြီလား။
'သူ ဖေကျန်ကိုတော့ ဖွင့်ပြောမှာ မဟုတ်ဘူး။ မဟုတ်ရင် ငါ နန်းတော်ထဲ သွားတုန်းက လူတွေ ငါ့ကို တစ်မျိုး ကြည့်ကြမှာပေါ့။ အခုတော့ လူတွေက ငါ့ကို ပုံမှန်အတိုင်းပဲ ဆက်ဆံကြတာပဲ။ ဖေကျန်ရဲ့ မျက်နှာကို မမြင်ဖူးတဲ့သူက ဘယ်သူ ရှိမှာလဲ။ ဖေကျန်ရဲ့ အကြံအစည်တွေ ပေါက်ကြားသွားတာ မဟုတ်ဘူးဆိုတာ ငါ ကျိန်းသေပေါက် သိတယ်'
သူသည် ထိုအချက်ကို လုံးဝ မယုံကြည်နိုင်သဖြင့် ကိုယ့်ဘာကိုယ် တွေးတောနေမိ၏။
"သူ ဝန်ခံတာကတော့... မိန်းကလေး တစ်ယောက်က သူ့ကို ပြန်ပေးဆွဲသွားတာတဲ့။ ဆေးတိုက်ပြီး ခေါ်သွားတာပေါ့။ ပြီးတော့ စိတ္တဇဝေဒနာရှင် မိန်းမတစ်ယောက်က သူ့ကို ထောင်ထဲမှာ ပိတ်လှောင်ထားတာတဲ့။ အဲဒီမှာ သူ လပေါင်းများစွာ ကြာခဲ့တာပေါ့။ အခုမှ အဲဒီ စိတ္တဇမလေးကို သတ်ပြီး ထွက်ပြေး လွတ်မြောက်လာတာလို့ ပြောတယ်" ဖူးဖူးလန်က ရှင်းပြလေသည်။
"သူက ဓားစာခံအဖြစ် အဖမ်းခံထားရတာပေါ့လေ" လုံချန်းက အံ့သြဟန်ဖြင့် မေးလိုက်၏။
'မင်ယု မြင်တာ မှားနေတာလား။ ဘာလို့ သူ့အစ်ကို အသတ်ခံရတယ်လို့ ပြောတာလဲ။ ဒါမှမဟုတ် သူ သေပြီလို့ သူက ထင်နေပေမဲ့ သူက အသက်ရှင်နေပြီး ထောင်ထဲမှာ ပိတ်လှောင်ခံထားရတာများလား'
သူသည် အတွေးအမျိုးမျိုးဖြင့် အဖြေရှာနေမိသည်။ မည်သို့ဆိုစေ ဤအရာသည် သတင်းကောင်းပင် ဖြစ်၏။ အကယ်၍ သူမ၏ အစ်ကိုသာ အသက်ရှင်နေမည်ဆိုပါက မင်ယုအတွက် အလွန် ဝမ်းသာစရာ ဖြစ်ပေလိမ့်မည်။
"အေး... ငါ ကြားရသလောက်တော့ အဲဒီအတိုင်းပဲ။ သူ လိမ်နေတာလား၊ အမှန်ပြောတာလားတော့ ငါ မသိဘူး။ ဒါပေမဲ့ သူ ဒီကို လာတုန်းက အစောင့် တစ်ယောက်တည်းနဲ့ လာခဲ့တာ။ ငါတို့ ဧကရာဇ်မင်းမြတ်က သူ့ကို ယုံသွားပုံရတယ်။ အဲဒါကြောင့်လည်း သူ့ကို ပြန်လွှတ်လိုက်တာ ဖြစ်မှာပေါ့" ဖူးဖူးလန်က ထပ်လောင်း ပြောလိုက်သည်။
"ဟင်... အဲဒီလူက ပြန်သွားပြီလား သခင်လေး" လုံချန်းက မေးလိုက်၏။
'သူနဲ့တွေ့ပြီး မင်ယုနဲ့ ပြန်ဆုံအောင် ကူညီပေးလို့ ရမလားလို့ တွေးနေတာ။ ဒါပေမဲ့ သူက ထွက်သွားပြီပဲ။ ငါ နည်းနည်း နောက်ကျသွားပုံရတယ်။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်လေ။ တကယ်လို့ အဲဒီလူသာ ငါ့ကို ဖေကျန်ရဲ့ မျက်နှာနဲ့ တွေ့ခဲ့ရင် ဘာမှမစဉ်းစားဘဲ ငါ့ကို တိုက်ခိုက်တော့မှာ သေချာတယ်။ သူ ဒီမှာ မရှိတာကပဲ ငါ့အတွက် ကံကောင်းခြင်းတစ်ခုပါပဲ'
မင်ယု၏ အစ်ကို ဤနေရာတွင် မရှိခြင်းက သူ့အတွက် မည်မျှအထိ ကံကောင်းစေသနည်းဆိုသည်ကို သူ သဘောပေါက်သွား၏။
လုံချန်းက ဆက်လက် တွေးတောနေမိသည်မှာ မင်ယု၏ အစ်ကိုသည် ဖေကျန်၏ အကြောင်းကို ဖွင့်မပြောခဲ့ခြင်းမှာ သူ၏ ဇာတ်လမ်းအား လူများ သံသယ မဝင်စေချင်သောကြောင့် ဖြစ်ပေလိမ့်မည်။ သုံးလောကနှင့် ကြယ်တာရာမှာ ရင်းနှီးသော မဟာမိတ်များ ဖြစ်ကြရာ သုံးလောကကို အပြစ်တင်လိုက်ပါက ကြယ်တာရာအပေါ် သံသယဝင်လာစေနိုင်သည်။ ထို့ပြင် သုံးလောကအတွက် ချန်တီဘက်သို့ ဘက်ပြောင်းရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
အစ်ကိုဖြစ်သူက ဖေကျန်၏ အမည်အား မထုတ်ဘဲ မိန်းကလေးတစ်ဦးကိုသာ အပြစ်ပုံချခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်၏။
'ဒါက တကယ့်ကို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲ။ သူ ပြန်ပေးဆွဲခံရတယ်လို့ အကြောင်းပြပြီး တောင်းပန်လိုက်တာက ချန်တီနဲ့ ပိုပြီး ရင်းနှီးသွားစေတယ်။ မင်းသမီး ချန်ယုကို လက်ထပ်လိုက်ခြင်းအားဖြင့် ချန်တီ အင်ပါယာရဲ့ ဆွေမျိုးတော်စပ်သွားပြီး အင်ပါယာ နှစ်ခုလုံးကို ပိုမို ခိုင်မြဲစေမယ်။ ဒါက သုံးလောက အတွက်တော့ ပြဿနာပဲ။ မဆိုးပါဘူး'
လုံချန်းသည် မင်ယု၏ အစ်ကိုအကြောင်း ပြောခဲ့သည်များကို ပြန်လည် သတိရမိ၏။ သူမ၏ အစ်ကိုမှာ မဟာဗျူဟာပိုင်းတွင် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သူမ ပြောခဲ့ဖူးသည်။ အကယ်၍ ဤအစီအစဉ်သည် သူ၏ လက်ရာဆိုပါက သူ အသက်ရှင်နေသည်မှာ ယုတ္တိရှိလှပေသည်။ မင်ယု တစ်ခုခု မှားယွင်း မြင်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
"ဒါဆို အခု စစ်ပွဲက ပြီးသွားပြီလား သခင်လေး။ နှစ်ဖက်စလုံးက ဆုံးရှုံးမှု ဘယ်လောက်ရှိလဲ။ နန်းတွင်းက လူတွေရော ဘယ်သူတွေ သေဆုံးခဲ့သေးလဲ" ချန်းက စိတ်ဝင်တစား မေးလိုက်၏။
"စစ်ပွဲက အခုတော့ ခေတ္တ ရပ်ဆိုင်းထားတဲ့ အနေအထားမှာ ရှိတယ်။ ဧကရာဇ်မင်းမြတ်က ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ပြီးမှ သိရမှာပေါ့။ ငါ့အထင်တော့ သူက မင်းသမီးကို ပေးစားလိမ့်မယ် ထင်တာပဲ။ ကြယ်တာရာ မင်းသားက တကယ်ပဲ အဖမ်းခံထားရတာဆိုရင် သူ့မှာ အပြစ်မရှိဘူးလေ" ဖူးဖူးလန်က သုံးသပ်ပြ၏။
"အဲဒါဆိုရင် ငါတို့ အင်ပါယာက ကြယ်တာရာကို အပြစ်တင်ပြီး စစ်တိုက်ခဲ့တာက မှားယွင်းခဲ့တာပေါ့။ ဒီရန်ငြိုးတွေကို ဆွေမျိုးတော်စပ်မှုအဖြစ် ပြောင်းလဲလိုက်တာက တာဝန်ယူမှု ပြလိုက်တာပဲ။ ဒါပေမဲ့ အဲဒီလို မဖြစ်လာဖို့တော့ ငါ မျှော်လင့်တယ်" သူက ဆက်ပြောလေသည်။
"ဘာလို့ အဲဒီလို မဖြစ်စေချင်တာလဲ သခင်လေး" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ အခြား လျှို့ဝှက်ချက်များ ရှိနေသေးသည်လော။
"သေချာတာပေါ့... တကယ်လို့ မင်းသမီးက ကြယ်တာရာ မင်းသားနဲ့ လက်ထပ်လိုက်ရင် သူက ထွက်သွားရတော့မှာလေ။ အဲဒါဆိုရင် သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ငါ ဘယ်လိုလုပ် မြင်ရတော့မှာလဲ။ ပြီးတော့ သူ့ကို ငါ့အချစ်မှာ ကျရှုံးအောင် လုပ်ဖို့ အခွင့်အရေးလည်း ဆုံးရှုံးရမှာပေါ့။ အဲဒါက မကောင်းဘူးလေ" ဖူးဖူးလန်က ပြုံးစိစိဖြင့် ရှင်းပြလေသည်။
သူသည် လုံချန်းကို သူ၏ ယုံကြည်ရသော တပည့်လေးအဖြစ် သတ်မှတ်ထားသဖြင့် သူ၏ အတွေးများအား ဖုံးကွယ်ထားခြင်း မရှိတော့ချေ။
လုံချန်းမှာ ထိုစကားကို ကြားသောအခါ မျက်နှာကြီး ရွဲ့စောင်းသွားတော့၏။ အဖြေက အလွန်တရာမှ အဓိပ္ပာယ်မဲ့လွန်းလှသည်။ တစ်စုံတစ်ရာသော လျှို့ဝှက်ချက် ရှိလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ဤလူကမူ ရမ္မက်ဇောဖြင့်သာ တွေးတောနေခြင်း ဖြစ်၏။ ဤလူကို လူအဟု မသတ်မှတ်ဘဲ အခြား မည်သို့ သတ်မှတ်ရမည်နည်း။
"သခင်လေး... သေချာတာပေါ့။ မင်းသမီးနဲ့ ထိုက်တန်တာ သခင်လေး တစ်ယောက်တည်းပါပဲ" လုံချန်းက သူ၏ မြှောက်ပင့်သူ အသွင်ကို ဆက်လက် ထိန်းထားလိုက်၏။
"သခင်လေးပဲ သူ့ကို လက်ထပ်လိုက်ပါလား"
"အင်း... ငါ့နောက်မှာ မိန်းကလေးတွေ အများကြီး ရှိနေတာလေ။ ငါကတော့ ထပ်မလိုချင်တော့ဘူး။ ဒါပေမဲ့ ငါ စိတ်ပါရင်တော့ ချန်ယုနဲ့တွေ့ပြီး အလုပ်ဖြစ်အောင် လုပ်လိုက်ဦးမှာပေါ့" ဖူးဖူးလန်က ဂုဏ်ယူစွာ ကြေညာလိုက်၏။
'ဒီလူအကတော့... ငါ သိသမျှ ကြွားလုံးထုတ်တဲ့သူတွေထဲမှာ သူက အတော်ဆုံးပဲ' လုံချန်းက ခေါင်းခါရင်း တွေးလိုက်မိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်း တခြား ဘာသိချင်သေးလဲ။ ဒီနေ့ ငါ စိတ်ကောင်းဝင်နေတုန်း အကုန်မေးလိုက်။ ငါ ဖြေပေးမယ်" ဖူးဖူးလန်က လုံချန်းကို ပြောလိုက်၏။
"မေးခွန်းတွေကတော့ ဒါပါပဲ သခင်လေး။ သခင်လေးနဲ့ ဒီလောက်ကြာကြာ စကားပြောလိုက်ရတာ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေ ပြန်ကောင်းလာသလိုပဲ။ သခင်လေးရဲ့ ပညာရှိ အငွေ့အသက်တွေက ကျွန်တော့်ဆီကို ကူးစက်လာပုံရပါတယ်" လုံချန်းက မြှောက်ပင့်လိုက်ပြန်သည်။
"ဟားဟားဟား... ဟုတ်လား။ ငါကလည်း ပါရမီက ပါနေတော့ ဘာတတ်နိုင်မှာလဲ" ဖူးဖူးလန်က အကျယ်ကြီး ရယ်မောရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဆိုလေသည်။ "အို... နတ်ဘုရား အရှင်။ ကျွန်ုပ်ကို ဘာလို့ ဒီလောက်တောင် ပါရမီပါအောင် လုပ်ပေးခဲ့ရတာလဲ။ ကျွန်ုပ်ကို ဘာလို့ ဒီလောက်တောင် ရုပ်ချောပြီး ဆွဲဆောင်မှုရှိတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်စေခဲ့တာလဲ။ ဒီကမ္ဘာကြီးကို ပိုပြီး ကောင်းမွန်အောင် လုပ်ဖို့အတွက် ဒီလောက်ကြီးမားတဲ့ တာဝန်ကို ကျွန်ုပ်ရဲ့ ပုခုံးပေါ် ဘာလို့ တင်ပေးခဲ့ရတာလဲ"
သူသည် သူ၏ ပါရမီအတွက် နတ်ဘုရားများကိုပင် အပြစ်တင်နေသည့်အလား ဟန်ဆောင်နေလေသည်။
"စိတ်မပူပါနဲ့... အရှင်က ကျွန်ုပ်ကို ဒီလောက်အထိ ကြီးကျယ်အောင် လုပ်ပေးခဲ့မှတော့ အရှင့် ဆန္ဒအတိုင်း ဒီတာဝန်တွေကို ကျွန်ုပ် ထမ်းဆောင်ပါ့မယ်" သူက ထပ်လောင်း ပြောလိုက်ပြန်သည်။
'ဒီလူကတော့ တကယ့်ကို အရှက်မရှိတာပဲ။ သူ့ရဲ့ ပညာတွေ ငါ့ဆီ ကူး မကူးတော့ မသိဘူး။ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်နေရင်တော့ သူ့ရဲ့ အရှက်မရှိတဲ့ အကျင့်တွေ ငါ့ဆီ ကူးလာမှာတော့ သေချာတယ်'
လုံချန်းက မိမိကိုယ်မိမိ ပြန်လည် ချီးမွမ်းနေသော ဝဝတုတ်တုတ် လူကြီးကို ကြည့်ရင်း တွေးလိုက်မိ၏။
"သခင်လေး... သခင်လေးက တကယ့်ကို ကြီးကျယ်ပါတယ်။ ဒါပေမဲ့ သခင်လေးရဲ့ အချိန်တွေကလည်း အဖိုးတန်လှပါတယ်။ သခင်လေးရဲ့ အချိန်တွေကို ဒီထက်ပိုပြီး ဖြုန်းတီးပစ်တာဟာ ကမ္ဘာကြီးအတွက် မတရားမှု ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော် ခွင့်ပြုချက် တောင်းပါတယ်" လုံချန်းသည် နောက်သို့ လှည့်ကာ ထွက်ခွာရန် ပြင်လိုက်၏။
"ဟေ့... နေဦး၊ သွားစရာ မလိုပါဘူး။ ငါနဲ့ပဲ နေပါ။ ငါ့ရဲ့ အစေခံ လုပ်ပါ။ ငါ့ရဲ့ အချိန်တွေကို မင်းကို ပေးမယ်လေ" ဖူးဖူးလန်က ထွက်ခွာသွားသော လုံချန်းကို လှမ်းခေါ်လိုက်၏။
လုံချန်းမှာ မိမိကိုယ်မိမိ လက်ဖဝါးဖြင့် ရိုက်မိမတတ် ဖြစ်သွားရသည်။ သူသည် နောက်သို့ လှည့်ကာ ထိုလူအကို ဗြောင်ဆဲလိုက်ချင်သော်လည်း စိတ်ကို ထိန်းချုပ်လိုက်၏။
သူသည် မည်သို့မျှ ပြန်မပြောဘဲ လှည့်ပင် မကြည့်ဘဲ ဆက်လက် ထွက်ခွာလာခဲ့လေတော့သည်။
"ထူးဆန်းလိုက်တာ။ သူက ဘယ်လို ပရိသတ်မျိုးလဲ။ ငါ့ရဲ့ အစေခံ လုပ်ခွင့်ဆိုတဲ့ အခွင့်အရေးကောင်းကြီး ပေးတာတောင် လှည့်မကြည့်ဘဲ သွားတာလား"
ဖူးဖူးလန်သည် မိမိကိုယ်မိမိ မင်းသားတစ်ပါးဟု အမှန်တကယ် ထင်မှတ်နေခဲ့ပြီ ဖြစ်၏။ သူ၏ မောက်မာမှုများကြောင့် လုံချန်း နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်ကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
သူက နှာခေါင်းရှုံ့လိုက်ရင်း ဆိုလိုက်သည်။ "ထားလိုက်ပါတော့လေ... သူ့အတွက် ဆုံးရှုံးမှုပါပဲ" ထို့နောက် သူလည်း နောက်သို့ လှည့်၍ ထွက်ခွာသွားလေတော့သည်။
လုံချန်းသည် အတန်ငယ် ဝေးကွာသော နေရာသို့ ရောက်သောအခါ ဖေကျန် မည်သည့် သားရဲကို အသုံးပြုသနည်းဆိုသည်ကို သိရှိရန် သူ၏ သားရဲအိတ် အတွင်းသို့ ကြည့်လိုက်၏။ ဖေကျန်၏ အိတ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး နှစ်ကောင် ရှိနေသည်။ ထိုသားရဲ နှစ်ကောင်လုံးမှာ အလွန် လျင်မြန်ပြီး ခွန်အားကြီးမားပုံ ရလေသည်။
အခန်း (၉၆၆) ပျောက်ဆုံးနေသော မြွေ
လုံချန်းသည် ဖေကျန် ပိုင်ဆိုင်သော သားရဲများကို သိရှိရန် သူ၏ သားရဲအိတ်အတွင်းသို့ ကြည့်လိုက်၏။
ဖေကျန်သည် ဧကရာဇ်တစ်ပါး၏ သားတော်ဖြစ်ရာ သူ ခရီးသွားလာရာတွင် အသုံးပြုသော သားရဲများမှာ ညံ့ဖျင်းစရာ အကြောင်းမရှိချေ။ အကယ်၍ ထိုသားရဲများက သူ၏ သားရဲများထက် ပို၍ မြန်ဆန်ပါက ၎င်းတို့ကို အသုံးပြုရန် လုံချန်းက စဉ်းစားထားသည်။
တစ်ခုတည်းသော ပြဿနာမှာ ယဉ်ပါးပြီးသား သားရဲများသည် တခြားသူ၏ အမိန့်ကို မနာခံတတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဖေကျန်နှင့် သံယောဇဉ် တွယ်နေပါက လုံချန်းကို ကူညီရန် အခွင့်အလမ်းမှာ အလွန်နည်းပါးလှ၏။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဖေကျန် လက်မယဉ်ရသေးသော သားရဲတစ်ကောင်ကောင် ရှိနေဖို့သာ ဖြစ်သည်။
ထိုသို့ ဖြစ်နိုင်ခြေမှာလည်း မဆိုးလှချေ။ လူအများစုသည် ခရီးသွားလာရန်အတွက်သာ သားရဲများကို ထားရှိတတ်ကြပြီး ၎င်းတို့ကို အမှန်တကယ် ယဉ်ပါးအောင် မလုပ်ဆောင်ကြသည်မှာ များလှသည်။ အကယ်၍ အချိန်အနည်းငယ်မျှ သက်သာနိုင်မည်ဆိုပါက လုံချန်းသည် ဖေကျန်၏ အိတ်ထဲမှ ထိုကဲ့သို့သော သားရဲမျိုးကို ရှာဖွေအသုံးပြုမည် ဖြစ်၏။
သူသည် ဖေကျန်၏ သားရဲအိတ်ထဲသို့ ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော သားရဲ နှစ်ကောင်ကို တွေ့လိုက်ရသည်။
သားရဲတစ်ကောင်မှာ ခြင်္သေ့ဦးခေါင်း ရှိသော်လည်း ကံမကောင်းစွာဖြင့် ၎င်းတွင် ခြေထောက်တစ်ချောင်းတည်းသာ ရှိပြီး လက်သည်း နှစ်ခု ပါရှိသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ၎င်းတွင် အတောင်ပံများလည်း မပါရှိချေ။ ဤကဲ့သို့သော သားရဲမျိုးကို လုံချန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း ၎င်းသည် မပျံသန်းနိုင်ကြောင်း သူ ကျိန်းသေ သိလိုက်သည်။
ဤသားရဲသည် ဖေကျန်က ရန်သူများကို တိုက်ခိုက်ရန်အတွက်သာ ထားရှိသော သားရဲ ဖြစ်ပေလိမ့်မည်။ ကံဆိုးလှသော ဖေကျန်မှာမူ လုံချန်း၏ အဆိပ်မိခဲ့သဖြင့် သူ၏ သားရဲများကိုပင် အပြင်သို့ မခေါ်နိုင်ခဲ့ဘဲ ကုသရေးဆေးလုံးကိုပင် မသောက်နိုင်ခဲ့ချေ။
သူသည် မည်သို့မျှ မလုပ်နိုင်ဘဲ သေဆုံးသွားခဲ့ရရှာသည်။
ဒုတိယ သားရဲမှာမူ ပို၍ အဓိပ္ပာယ်ရှိလှ၏။ ၎င်းတွင် ငွေရောင်အတောင်ပံများ ပါရှိပြီး တောက်ပသော ငွေရောင်အရေပြားမှာ ငန်းတစ်ကောင်နှင့်ပင် ဆင်တူနေသည်။ ထိုကဲ့သို့သော စရိုက်မျိုးရှိသည့် ဖေကျန်က ဤမျှအထိ မိန်းကလေးဆန်သော သားရဲမျိုးကို အသုံးပြုလိမ့်မည်ဟု လုံချန်း မထင်ထားခဲ့ချေ။
ဖေကျန် အသုံးပြုသော သားရဲမှာ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း အမှန်တကယ်မှာမူ ချစ်စရာပင် ကောင်းနေသေးသည်။ သို့သော် ထိုငွေရောင်ငန်းကြီးမှာမူ အားကောင်းသော ကျင့်ကြံခြင်း စွမ်းအားများ ရှိနေပုံရ၏။ ထို့ပြင် ၎င်း၏ ထက်မြက်သော သွားများကို ကြည့်ခြင်းအားဖြင့် သာမန်ငန်းတစ်ကောင် မဟုတ်ဘဲ အခြားတစ်မျိုး ဖြစ်ကြောင်း လုံချန်း သိလိုက်သည်။
"နှမြောစရာပဲ... ဒီငန်းက ငါ့ရဲ့ မြွေဘုရင်ထက် စွမ်းအား နိမ့်နေတယ်။ သူ့ရဲ့ အမြန်နှုန်းကို မမီနိုင်လောက်ဘူး။ ဒီဖေကျန်မှာ ရှိတဲ့ သားရဲတွေက ငါ့သားရဲတွေရဲ့ အမြန်နှုန်းကိုတောင် မမီနိုင်လောက်အောင် ညံ့ဖျင်းနေတာပဲ" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။
မြန်မြန် ခရီးသွားခြင်းအားဖြင့် အချိန်ကုန်သက်သာလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ဖေကျန်၏ သားရဲများမှာ သူ၏ ကိုယ်ပိုင်သားရဲများထက်ပင် နှေးကွေးနေလေသည်။ သူသည် ဖေကျန်ကိုသာ စိတ်ထဲမှ ကျိန်ဆဲနေမိတော့၏။
အမှန်တကယ်မှာမူ ဖေကျန်၏ သားရဲများက ညံ့ဖျင်းနေခြင်း မဟုတ်ဘဲ လုံချန်း၏ သားရဲများက ပို၍ စွမ်းအားကြီးမားနေခြင်းသာ ဖြစ်သည်။ ၎င်းမှာ သားရဲတောင်တန်းတွင် ပေါက်ရောက်သော ရှားပါးဆေးဖက်ဝင် အပင်များကို စားသုံးခဲ့ခြင်းကြောင့်လည်း ပါဝင်ပေသည်။
ထိုဆေးပင်များက သူတို့ကို အချိန်တိုအတွင်း လျင်မြန်စွာ ကြီးထွားလာစေခဲ့ခြင်း ဖြစ်၏။
"ငါ့ရဲ့ သားရဲတွေကိုပဲ သုံးရတော့မှာပေါ့" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
"မြွေဘုရင်လား၊ ဒါမှမဟုတ် နေဝါးမျိုလင်းယုန်လား။ ဘယ်သူ့ကို သုံးရမလဲ။ မြွေဘုရင်က ပိုပြီး မြန်မြန် ခရီးရောက်နိုင်ပေမဲ့ တစ်လမ်းလုံး သူ့ရဲ့ ကြွားလုံးတွေနဲ့ စကားများတာကို ငါ နားထောင်နေရဦးမယ်" သူက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
"ဒါပေမဲ့ နေဝါးမျိုလင်းယုန်ကကျတော့ ပိုပြီး ငြိမ်သက်တယ်။ ခရီးသွားရတာ အေးအေးဆေးဆေး ရှိမှာပေါ့။ ဒါပေမဲ့ ကံမကောင်းတာက သူက ပိုပြီး နှေးတယ်။ သူနဲ့ဆိုရင် ခရီးက ပိုပြီး ကြာဦးမှာ" သူက သက်ပြင်းချရင်း ဆက်ပြောလေသည်။
သူသည် သက်တောင့်သက်သာ ရှိမှုနှင့် အမြန်နှုန်း ကြားတွင် ဗျာများနေ၏။ သူသည် တစ်ခုခုကိုသာ ရွေးချယ်ရပေမည်။
"ထားလိုက်ပါတော့လေ... အမြန်နှုန်းအတွက် ငါ့ရဲ့ သက်တောင့်သက်သာ ရှိမှုကို စတေးလိုက်ပါ့မယ်" ထိုသို့ ဆိုကာ သူသည် မြွေဘုရင်နှင့်အတူ သွားရန် ဆုံးဖြတ်လိုက်လေသည်။
သူသည် သူ၏ ဝိညာဉ်အာရုံကို ရှေးဟောင်းလက်စွပ် အတွင်းသို့ ပို့လွှတ်လိုက်၏။ သူသည် သားရဲနယ်မြေ အတွင်း မြွေဘုရင်ကို လိုက်ရှာလိုက်သည်။
"ဟင်... သူ ဒီမှာ မရှိပါလား"
မြွေဘုရင်သည် အခြားသော သားရဲများ ရှိနေသည့် နေရာတွင် မရှိသည်ကို သိလိုက်ရသောအခါ လုံချန်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားရ၏။ အချိန်အတော်များများတွင် ၎င်းတို့အားလုံးသည် စုစုဝေးဝေး ရှိနေတတ်ကြသည်။
သို့သော် ယခုအချိန်တွင်မူ ထိုနေရာ၌ မြွေဘုရင် တစ်ကောင်တည်းသာ ပျောက်ဆုံးနေလေသည်။
"ဒီကောင်တွေ တစ်ခုခု ဖြစ်ကြပြန်ပြီလား။ အဲဒီ ကြွားလုံးထုတ်တဲ့ ကောင်ကြီးကို ဝိုင်းပြီး အရှက်ခွဲလိုက်လို့ သူ ဒေါသထွက်ပြီး ထွက်သွားတာများလား" လုံချန်းက ဖြစ်နိုင်ခြေကို တွေးတောနေမိ၏။
သူသည် သားရဲနယ်မြေအတွင်း ပိုမို ကျယ်ပြန့်သော ဧရိယာသို့ သူ၏ ရှာဖွေမှုကို တိုးချဲ့လိုက်သည်။
နေရာအနှံ့ကို သေချာစွာ ရှာဖွေခဲ့သော်လည်း ကံမကောင်းစွာဖြင့် မြွေဘုရင်ကို ရှာမတွေ့ခဲ့ချေ။
"ထူးဆန်းလိုက်တာ။ သူ ဘယ်နေရာမှာမှ မရှိဘူးလား" သူက အံ့သြတကြီး အော်ဟစ်လိုက်၏။
မြွေဘုရင်သည် လုံးဝ ပျောက်ကွယ်သွားသည့်အလား ဖြစ်နေသည်။ သားရဲနယ်မြေအတွင်း မည်သည့်နေရာတွင်မှ မရှိချေ။
"မိုးကပဲ မြိုလိုက်တာလား၊ မြေကပဲ ဝါးလိုက်တာလား။ ဒါမှမဟုတ် ကောင်းကင်ဘုံက အဲဒီ ကြွားလုံးထုတ်တဲ့ ကောင်ကြီးကို အပြစ်ပေးဖို့ မိုးကြိုးတွေ ပစ်ချလိုက်တာလား။ သူ ဘယ်ကို ရောက်သွားတာလဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးတောနေမိသည်။
သားရဲနယ်မြေသည် ကြီးမားလှသော်လည်း ၎င်းသည် ပိတ်ထားသော နေရာတစ်ခု ဖြစ်၏။ မြွေဘုရင်က အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားနိုင်မည်နည်း။
"ဒီကောင် တစ်ခုခု လုပ်ပြီး အပြင်ကို ထွက်သွားတာလား" လုံချန်းက တွေးနေမိသည်။ ယခုအချိန်တွင်မူ ၎င်းမှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေ ဖြစ်၏။ ထိုကောင်သည် ထွက်ပြေးသွားတာ ဖြစ်ပေလိမ့်မည်။
"ဪ... ဟုတ်သားပဲ။ ငါ သူနဲ့ ရှိထားတဲ့ ပိုင်ရှင်နဲ့ သားရဲ ဆက်သွယ်မှုကို သုံးပြီး သူ ဘယ်မှာ ပုန်းနေလဲဆိုတာ ရှာကြည့်လို့ ရတာပဲ။ အဲဒီလိုမှ ရှာမတွေ့သေးဘူးဆိုရင်တော့ သူ ထွက်ပြေးသွားတာ သေချာပြီ" လုံချန်းက တွေးလိုက်မိ၏။
သူသည် ဝိညာဉ်အာရုံဖြင့် ရှာဖွေခြင်းကို ရပ်ဆိုင်းလိုက်ပြီး သူ၏ သားရဲဆက်သွယ်မှုအား အသုံးပြုကာ မြွေဘုရင်ကို ရှာဖွေလိုက်သည်။
ခဏအကြာတွင် သူသည် မြွေဘုရင်ကို ရှာတွေ့သွားသဖြင့် သက်ပြင်းချနိုင်တော့၏။ ခဏမျှ သူသည် မြွေဘုရင် ထွက်ပြေးသွားပြီဟု အမှန်တကယ် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အခုမှပင် စိတ်အေးသွားရတော့၏။
"ဒီငတုံးကတော့... ငါက သူ့အတွက် စိတ်ပူနေတာကို သူက ရေကူးနေတယ် ဟုတ်လား" လုံချန်းက ရေရွတ်လိုက်၏။ ထိုကဲ့သို့သော ကိစ္စအတွက် စိတ်ပူမိသည့်အတွက် သူကိုယ်တိုင်လည်း စိတ်ပျက်မိလေသည်။
မြွေဘုရင်ကို ရှာမတွေ့ခဲ့ခြင်းမှာ သူသည် ရေကန်တစ်ကန်၏ အောက်ခြေတွင် သူ၏ ကိုယ်လုံးကို သေးငယ်စွာ ပြုလုပ်၍ ရေကူးနေခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် လုံချန်း ရှာမတွေ့ခဲ့ခြင်း ဖြစ်ပေသည်။
လုံချန်းသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ဘဲ မြွေဘုရင်ကို အပြင်သို့ ခေါ်ယူလိုက်လေတော့သည်။
မြွေဘုရင်သည် ရေကန်အောက်ခြေသို့ ရောက်နေစဉ်အတွင်း ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားသည်ကို သိလိုက်ရ၏။ သူ၏ အရေပြားကို ထိတွေ့နေသော အေးစိမ့်သော ရေများမှာ နွေးထွေးသော လေများအဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ အပြာရောင်မှာလည်း အဝါနုရောင်သို့ ပြောင်းလဲသွားလေသည်။
ထို့ပြင် တိတ်ဆိတ်နေသော နေရာမှာလည်း မတိတ်ဆိတ်တော့ဘဲ သူ့ရှေ့တွင် လူတစ်ယောက် ရပ်နေလေ၏။
"တပည့်လေး လုံချန်း... မင်းက ငါ့ကို အေးအေးဆေးဆေးတောင် ရေချိုးခွင့် မပေးဘူးလား။ ပြီးတော့ မင်း ငါ ရေချိုးနေတာကို ချောင်းကြည့်နေတာလား။ မင်း... ဖောက်ပြန်တဲ့ကောင်၊ ငါ မင်းကို သတိပေးလိုက်မယ်နော်။ ငါက ဟိုလို သားရဲမျိုး မဟုတ်ဘူး" မြွေဘုရင်က နောက်သို့ ဆုတ်ရင်း ဗြောင်ပြောလိုက်လေတော့သည်။
မြွေဘုရင်၏ စကားကို ကြားသောအခါ လုံချန်း၏ မျက်နှာမှာ ထူးထူးဆန်းဆန်း ဖြစ်သွားရ၏။ ဤကောင်သည် အလွန်အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုနေခြင်း ဖြစ်သည်။
သူက ထိုကဲ့သို့သော သားရဲမျိုး မဟုတ်သည်မှာ မည်သည်ကို ဆိုလိုသနည်း။ လုံချန်းကို မည်သို့သော လူစားမျိုး ထင်နေသနည်း။ ထို့ပြင် မြွေဘုရင် ရေချိုးနေသည်ကို မည်သူက ချောင်းကြည့်မည်နည်း။
"ထွီ..." သူသည် စိတ်ပျက်လွန်းသဖြင့် မြေပြင်ပေါ်သို့ တံတွေး တစ်ချက် ထွေးလိုက်မိ၏။
"မင်းက ဘာမို့လို့ ငါက ချောင်းကြည့်ရမှာလဲ။ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်လို့ ထင်နေတာလား။ ငတုံးလို မတွေးစမ်းနဲ့။ ငါ မင်းကို ခေါ်လိုက်တာက ငါ အကူအညီ လိုလို့။ အဲဒါကြောင့်ပဲ မင်းကို ရှာနေရတာ" သူက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။
"ဪ... အဲဒါလား။ တော်ပါသေးတယ်" မြွေဘုရင်က သက်ပြင်းချရင်း ဆိုလိုက်၏။
သူက အလွန်ပင် လေးနက်သော အမူအရာဖြင့် ဆက်ပြောသည်။ "ငါ့ရဲ့ ချောမောလှပတဲ့ ကောင်းကင်ဘုံက အသွင်အပြင်တွေက မင်းကိုတောင် ဆွဲဆောင်နိုင်သွားပြီလားလို့ ငါ ထင်နေတာ။ ငါ မင်းကို အမှန်အတိုင်း ပြောမယ်... အရင်က အဲဒီလို ဖြစ်ဖူးတယ်။ ကောင်းကင်ဘုံက မင်းသမီးတွေတင် မကဘူး၊ မင်းသားတချို့ဆီကတောင် လက်ထပ်ခွင့် ကမ်းလှမ်းချက်တွေ ငါ ရခဲ့ဖူးတယ်"
"ဘုရားရေ... ငါ့ရဲ့ ရွေးချယ်မှုအတွက် နောင်တရဖို့ အခုဆိုရင် နောက်ကျသွားပြီလား မသိဘူး" လုံချန်းက သူ၏ မျက်နှာကို လက်ဖဝါးဖြင့် အုပ်ရင်း ရေရွတ်လိုက်မိ၏။
"ဒါတင် မကသေးဘူး၊ ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ မိဖုရားတောင်မှ ငါ့ကို အလိုရှိခဲ့တာ။ ငါကတော့ တန်းပြီး ငြင်းလိုက်တာပဲ။ ငါက ငါ့ထက် အသက်ကြီးတဲ့သူတွေကို စိတ်မဝင်စားဘူးလေ" မြွေဘုရင်က ဆက်တိုက် ပြောဆိုနေပြီး လုံချန်းကမူ သူ၏ စိတ်ကို ထိန်းချုပ်ရန်အတွက် တစ်စုံတစ်ယောက်အား သွားပြီး ထိုးကြိတ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားလိုက်ရသည်။
"မင်းကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး" လုံချန်းက ခေါင်းခါရင်း ပြောလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ်... ကိုယ်လုံးကို ကြီးလိုက်တော့။ ငါတို့ သွားကြစို့"
"ငါက ဘာလို့ ပြောင်းလဲရမှာလဲ။ ငါက ဒီကမ္ဘာမှာ အကောင်းဆုံးပဲလေ။ ဒီကမ္ဘာကြီးအတွက် ငါက သိပ်ကို တော်နေလို့လည်း မပြောင်းလဲနိုင်တာပါ" မြွေဘုရင်က အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ်... ငါတို့ ဘယ်သွားမှာလဲ" သူက မေးလိုက်သည်။
"မင်ယုရဲ့ အင်ပါယာကို သွားမှာ" လုံချန်းက ပြန်ဖြေလိုက်၏။
"အဲဒါက သူ့ရဲ့ အင်ပါယာလား၊ ဒါမှမဟုတ် ကောင်းကင်ဘုံက စိတ်ကူးယဉ် ကမ္ဘာတစ်ခုလား။ မင်း သူ့အင်ပါယာကို သွားမယ်လို့ ပြောနေတာ ကြာလှပြီ။ အခုတော့ မင်းရဲ့ ရည်ရွယ်ချက်ကို ငါ သံသယဝင်လာပြီ။ ငါတို့ တကယ်ပဲ သူ့အင်ပါယာကို သွားမှာလား၊ ဒါမှမဟုတ် ငါနဲ့အတူ ခရီးသွားချင်လို့ အကြောင်းပြတာလား" မြွေဘုရင်က သံသယဖြင့် မေးမြန်းလိုက်သည်။
"အမှန်အတိုင်း ပြောရရင်... ဒါက လိမ်တာဆိုရင် ငါ့ကို အခုပဲ ပြောလိုက်ပါ။ ငါ့ကို လိမ်စရာ မလိုပါဘူး။ ငါနဲ့အတူ ရှိနေရတာကို မင်း နှစ်သက်တယ်ဆိုတာ ပြောလိုက်ရုံပါပဲ။ မရှက်ပါနဲ့... မင်းက ငါ့ရဲ့ လက်ရုံးတစ်ဆူပဲလေ။ မင်း စကားနည်းနည်း များတတ်ပေမဲ့ ငါ မင်းကို ပစ်မထားပါဘူး" မြွေဘုရင်က ဂုဏ်ယူစွာ ကြေညာလိုက်လေတော့သည်။