← Chapters

အခန်း (၉၆၇-၉၆၈)

Vol. 94 Ch. 967-968

အခန်း (၉၆၇-၉၆၈)

Vol. 94 Ch. 967-968

အခန်း (၉၆၇) နယ်စပ်ကို ဖြတ်ကျော်ခြင်း

လုံချန်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ခေါင်းခါလိုက်၏။ "မင်းနဲ့နေရင်တော့ ငါ တစ်နေ့ ရူးသွားမှာ အမှန်ပဲ။ အဲဒီနေ့ ရောက်လာတော့မယ်လို့ ငါ ကျိန်ပြောရဲတယ်"

မြွေဘုရင်က လုံချန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး ဆိုလေသည်။ "တစ်ခါတလေကျရင် မင်းပြောတာတွေကို ငါ နားမလည်နိုင်ဘူး ဖြစ်နေတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် အချိန်မဖြုန်းပါနဲ့တော့။ ငါတို့ သွားရမယ်" မြွေဘုရင်က ပြောပြောဆိုဆိုဖြင့် သူ၏ ကိုယ်လုံးကို စတင် ကြီးထွားစေလိုက်၏။

လုံချန်း၏ မျက်စိရှေ့၌ပင် မြွေဘုရင်သည် တဖြည်းဖြည်း ကြီးမားလာလေသည်။ ထိုမျှမက သူသည် ဈေးအတွင်းရှိ လူအပေါင်း၏ ရှေ့မှောက်တွင်ပင် ဤသို့ ပြုလုပ်လိုက်ခြင်း ဖြစ်၏။

ဤကဲ့သို့ ရှားပါးလှသော စွမ်းဆောင်ရည်မှာ လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး လူများစွာက လုံချန်းရှိရာသို့ လှည့်ကြည့်လာကြတော့သည်။

လုံချန်းကမူ ထိုအကြည့်များကို လျစ်လျူရှုထားလိုက်၏။ ယခင်ကဆိုလျှင်မူ သူသည် လူမသိအောင် နေထိုင်လိုသဖြင့် ဆိတ်ငြိမ်သော နေရာသို့ သွားပြီးမှ မြွေဘုရင်ကို ခေါ်ယူပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ ထိုသို့ စိုးရိမ်နေရန် မလိုတော့ချေ။

သူသည် ဖေကျန်၏ အသွင်ကို မယူထားတော့သဖြင့် အပူတပြင်း အရှာခံနေရသော ဝရမ်းပြေးတစ်ယောက် မဟုတ်တော့ဘဲ လွတ်လပ်သော လူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

သူသည် အပေါ်သို့ ပျံတက်လိုက်ပြီး ပျံသန်းရန် ပြင်နေသော မြွေဘုရင်၏ ကျောပေါ်သို့ ခုန်တက်လိုက်လေသည်။

"ဒါနဲ့... ဒီတစ်ခါရော မင်ယုရဲ့ အင်ပါယာကို တကယ်ပဲ ရောက်မှာလား။ ဒါမှမဟုတ် အရင်တစ်ခါလိုပဲ ရောက်ခါနီးမှ ပြန်ပို့ခံရပြီး ရက်နည်းနည်းကြာမှ မင်ယု အင်ပါယာကို သွားရမယ်လို့ ပြန်ခေါ်ဦးမှာလား" မြွေဘုရင်က လုံချန်းကို လှမ်းမေးလိုက်၏။

"စိတ်မပူပါနဲ့။ ဒီတစ်ခါတော့ တကယ်ပါ။ ငါတို့ အဲဒီကို သေချာပေါက် ရောက်မှာ။ ငါ အပြည့်အဝ ယုံကြည်တယ်" လုံချန်းက ညင်သာစွာ ပြန်ဖြေလိုက်၏။

"ဘာမှလည်း အမှားအယွင်း..."

သူသည် မည်သည့် အမှားအယွင်းမျှ ရှိလာမည် မဟုတ်ဟု ပြောရန် ပြင်လိုက်သော်လည်း စကားကို လမ်းခုလတ်တွင်ပင် ရပ်လိုက်၏။ မိမိကိုယ်မိမိ နိမိတ်မကောင်းသည့် စကားမျာယ မပြောမိအောင် ထိန်းလိုက်ခြင်း ဖြစ်သည်။

များသောအားဖြင့် လူတစ်ယောက်က "ဘာမှ အမှားအယွင်း မရှိနိုင်ဘူး" ဟု ပြောလိုက်လျှင် တစ်ခုခုက လွဲချော်သွားတတ်သည် မဟုတ်လော။ သူကိုယ်တိုင်လည်း ရွှင်း၏ နိမိတ်မကောင်းသော စကားများကြောင့် အခက်အခဲ အချို့ ကြုံတွေ့ခဲ့ဖူးလေသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ထိုနိမိတ်ဆိုးကို မပြောမိခင် ကိုယ့်ဘာကိုယ် ထိန်းလိုက်နိုင်ခဲ့၏။

"ဘာဖြစ်တာလဲ။ ဘာလို့ စကားကို ရပ်လိုက်တာလဲ" မြွေဘုရင်က မေးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... မင်းရဲ့ ယုံကြည်ချက်ကို ကြည့်ရတာ ဒီတစ်ခါတော့ အဟုတ်ပဲ ထင်ပါတယ်။ ငါကိုယ်တိုင်က မင်းကို ထောက်ပံ့ပေးနေတာပဲ။ အခုတော့ ဘာမှ အမှားအယွင်း မရှိနိုင်တော့ပါဘူး" မြွေဘုရင်က ကြေညာလိုက်လေတော့သည်။

လုံချန်းသည် မြွေဘုရင်ကို စကား ပြန်မပြောနိုင်ဘဲ ကြောင်ကြည့်နေမိ၏။ သူ တစ်ခုခု ပြောရန် နှုတ်ခမ်းကို ဟလိုက်သော်လည်း မည်သို့ ပြောရမှန်း မသိသဖြင့် ပြန်ပိတ်လိုက်ရသည်။

ဤကောင်ကမူ နိမိတ်ဆိုးကို ပြောချလိုက်ပြီ ဖြစ်၏။ မည်သည်မျှ မလွဲချော်စေဖို့ ဆုတောင်းရုံကလွဲပြီး သူ မည်သို့ တတ်နိုင်တော့မည်နည်း။ အော်ဟစ်နေလည်း အပိုပင် ဖြစ်၏။

"မြွေလေး..." အတော်ကြာမှ လုံချန်းက နှုတ်ခမ်းကို ဟလိုက်ပြီး မြွေဘုရင်ကို ခေါ်လိုက်သည်။

"အေး... ဘာလဲ" မြွေဘုရင်က လုံချန်း ညွှန်ပြသော ဘက်သို့ ပျံသန်းရင်း ပြန်ထူးလိုက်၏။

"ငါ မင်းကို သတ်လိုက်လို့ ရမလား" လုံချန်းက အလွန်ပင် လေးစားစွာဖြင့် မေးလိုက်လေသည်။

"ဟင်... ဘာပြောတယ်" မြွေဘုရင်က လန့်သွားပြီး အော်လိုက်၏။

"မင်းက သနားစရာကောင်းတဲ့ ဒီဘုရင်ကြီးကို သတ်ချင်တယ် ဟုတ်လား။ နောက်ဆုံးတော့ မင်းရဲ့ မနာလိုစိတ်ကို မထိန်းနိုင်တော့ဘူးပေါ့လေ။ ငါ သိသားပဲ... မင်း အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူးဆိုတာ။ ဘယ်ယောကျ်ားကများ သူ့မျက်စိရှေ့မှာ ဒီလောက်အထိ ရုပ်ချောပြီး ဆွဲဆောင်မှုရှိတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေတာကို ခံနိုင်ပါ့မလဲ" သူသည် လုံချန်းကို စကားပြောခွင့်ပင် မပေးဘဲ ဆက်တိုက် ပြောတော့၏။

"ဟင်း... အို နတ်ဘုရားတို့။ ကျွန်ုပ်ကို ဘာလို့ ဒီလောက် ရုပ်ချောအောင် လုပ်ပေးခဲ့တာလဲ။ ကျွန်ုပ်ရဲ့ လက်ရုံးဖြစ်တဲ့ သူတောင်မှ ကျွန်ုပ်ကို မနာလို ဖြစ်နေပြီ" မြွေဘုရင်က စိတ်ပျက်ဟန်ဖြင့် ကောင်းကင်ကို ကြည့်ကာ ညည်းတွားနေလေသည်။

"မင်း... ငတုံးရဲ့။ ငါ မင်းကို သတ်ချင်တာက အဲဒီအတွက် မဟုတ်ဘူး။ ငါ့ကို မကြာခင်မှာ အရူးဖြစ်သွားအောင် လုပ်မယ့် မင်းရဲ့ ပါးစပ်ကို ပိတ်ပစ်ချင်လို့ သတ်ချင်တာ" လုံချန်းက မြွေဘုရင်၏ အရှက်မရှိပုံကို အံ့သြရင်း ပြန်ပြောလိုက်၏။

"ဒါနဲ့... ငါ မင်းကို သတ်လို့ ရမလား" သူက ထပ်မေးလိုက်ပြန်သည်။

"ချေးပဲ... မင်း နောက်နေတာ ဖြစ်မှာပါ။ ဒီဘုရင်ကြီး စကားပြောတာကို ကြားချင်လွန်းလို့ သေမတတ် ဖြစ်နေတဲ့သူတွေ ဘယ်လောက်တောင် များလဲဆိုတာ မင်း သိလား။ အဲဒါကို မင်းက ငါ့ပါးစပ်ကို ပိတ်ချင်တယ် ဟုတ်လား။ မင်းက တကယ့်ကို ထူးဆန်းတဲ့ လူပဲ။ တကယ်တော့ မင်းက ယောကျ်ားတောင် မဟုတ်ဘူး ထင်တယ်" မြွေဘုရင်က အော်ဟစ်လိုက်၏။ "မင်းက တခြား တစ်ခုခု ဖြစ်နေမှာ သေချာတယ်"

"ဒီကောင် ပိုပြီး တော်လာပြီပဲ။ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားပြောစွမ်းရည်တွေက အဆင့်တက်လာတာပဲ။ သူ့ရဲ့ အရှက်မရှိမှုက ဘယ်အဆင့်ထိ သွားဦးမလဲ မသိဘူး။ လနည်းနည်း အတွင်းမှာပဲ သူက ငါ နားလည်နိုင်တဲ့ ကြွားလုံးထုတ်သူ အဆင့်ကနေ ငါတောင် နားမလည်နိုင်တော့တဲ့ အဆင့်ကို ရောက်သွားပြီ" လုံချန်းက မြွေဘုရင်ကို ငေးကြည့်ရင်း တီးတိုး ရေရွတ်လိုက်မိ၏။

မြွေဘုရင်ကမူ လုံချန်း ပြောသည်ကို ကြားသွားပြီး ပြန်လည် ညည်းတွားနေတော့သည်။

ဤသို့ဖြင့် လုံချန်းနှင့် မြွေဘုရင်တို့၏ အပြန်အလှန် စောင်းမြောင်းပြောဆိုမှုများဖြင့် ခရီးက ဆက်လက် ဖြစ်ပေါ်နေလေ၏။

ရက်အနည်းငယ် တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် လုံချန်းနှင့် ကြယ်တာရာ အင်ပါယာ ကြားမှ အကွာအဝေးမှာလည်း နီးကပ်လာခဲ့သည်။

"မကြာခင် ရောက်တော့မှာပဲ။ အခု ငါတို့ သွားနေတဲ့ အရှိန်နဲ့ဆိုရင် အများဆုံး ၄ နာရီ ဒါမှမဟုတ် ၅ နာရီလောက်ပဲ ကြာတော့မယ်" လုံချန်းက သူ၏ လက်ထဲမှ မြေပုံကို ကြည့်ရင်း ရေရွတ်လိုက်၏။

၎င်းမှာ ချန်ယုထံမှ ရရှိခဲ့သော ဤကမ္ဘာ၏ မြေပုံ ဖြစ်သည်။

သူသည် ချန်တီ အင်ပါယာ၏ လက်အောက်ခံ ဆန်းလစ် နိုင်ငံ၏ ရွာငယ်လေး တစ်ရွာ၏ အထက်တွင် ရောက်ရှိနေပြီ ဖြစ်၏။ ဤရွာကို ကျော်ဖြတ်ပြီးနောက် နောက်ထပ် မြို့မှာ ကြယ်တာရာ အင်ပါယာ၏ လက်အောက်ခံ ဖြစ်ပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ ဤနေရာသည် ချန်တီနှင့် ကြယ်တာရာတို့ အုပ်ချုပ်သော နယ်မြေ နှစ်ခုကြားမှ နယ်စပ် ဖြစ်နေခြင်းပင်။ နယ်စပ်တွင် လုံခြုံရေး အလွန် တင်းကျပ်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။

ထိုလုံခြုံရေးများက သူ့ကို တားဆီးနိုင်မည်လား။ ၎င်းမှာ သူကိုယ်တိုင်ပင် သိချင်နေသော အချက် ဖြစ်၏။

"နောက်ဆုံးတော့ ငါတို့ ရောက်တော့မှာပေါ့။ ဒီခရီးမှာ အချိန်တွေက သိပ်မြန်တာပဲ။ ငါတို့ ဒီလောက်အထိ ခရီးရောက်လာပြီဆိုတာတောင် ငါ မသိလိုက်ဘူး" မြွေဘုရင်က ကြယ်တာရာ အင်ပါယာနှင့် နီးကပ်လာပြီဟု ကြားသောအခါ ပြောလိုက်၏။

"မင်းအတွက်တော့ ခရီးက တိုချင်တိုမှာပေါ့။ ငါ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့ရသလဲဆိုတာ ငါပဲ သိတယ်" လုံချန်းက မျက်လုံးကို ဝေ့ဝဲရင်း ပြောလိုက်၏။

သူတို့ နှစ်ဦးသည် မနားတမ်း ခရီးဆက်ခဲ့ကြရာ မကြာမီမှာပင် ကြယ်တာရာ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။

လုံချန်း မျှော်လင့်ထားသည့်အတိုင်းပင် သူ ပထမဆုံး မြင်လိုက်ရသည်မှာ တန်းစီ၍ ဆောက်ထားသော တဲစခန်းများ ဖြစ်၏။ ထိုတဲများသည် နယ်စပ်တစ်လျှောက် ပြန့်နှံ့နေလေသည်။ အဝေးမှ တဲစခန်းများ အပြင်ဘက်တွင် စစ်သားအချို့ကိုလည်း တွေ့မြင်နေရ၏။

"အဲဒါတွေက ငါ မျှော်လင့်ထားသလိုပဲ ချန်တီ စစ်တပ်ရဲ့ ဝတ်စုံတွေပဲ။ စစ်ပွဲက အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမဲ့လည်း ချန်တီကို ဘယ်သူမှ ခိုးမဝင်နိုင်အောင် စစ်သားတွေကို နယ်စပ်မှာ ထားထားဆဲပဲပေါ့" လုံချန်းက တဲအပြင်ဘက်မှ စစ်သားများ၏ ဝတ်စုံကို ကြည့်ရင်း ရေရွတ်လိုက်၏။ "ကြယ်တာရာ စစ်တပ်ကတော့ တခြားတစ်ဖက်မှာ ရှိမှာပေါ့"

နေရာအနှံ့တွင် ချန်တီ အင်ပါယာ၏ အလံများကိုလည်း စိုက်ထူထားလေသည်။

သူသည် သူတို့ကို နှုတ်ဆက်ရန် ရပ်မနေဘဲ ဆက်လက် ပျံသန်းခဲ့၏။ စစ်သားများ၏ ခေါင်းပေါ်မှ ပျံသန်းသွားသော ဧရာမ မြွေကြီးမှာ သူတို့၏ အာရုံကို ဖမ်းစားလိုက်သည်။

"သားရဲကြီး တစ်ကောင်လား။ ဒီလို သားရဲမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး" ကင်းစောင့် စစ်သားတစ်ယောက်က ရေရွတ်လိုက်၏။

သူတို့သည် မြွေကြီး၏ အောက်တည့်တည့်တွင် ရှိနေသဖြင့် မြွေကျောပေါ်မှ လုံချန်းကို မမြင်နိုင်ကြချေ။ သူတို့က ထိုအရာကို နေရာတစ်ခုမှ တစ်ခုသို့ ပျံသန်းသွားသော သာမန် သားရဲတစ်ကောင်ဟုသာ ထင်မှတ်နေကြသည်။

"အရှိန်ကလည်း နှေးလိုက်တာ။ သိပ်ပြီး မစွမ်းတဲ့ ကောင် ဖြစ်မှာပါ။ ပြီးတော့ ရုပ်ကလည်း ဆိုးလိုက်တာ။ အရှိန်လေး နည်းနည်း မြန်မယ်၊ ဒါမှမဟုတ် ရုပ်လေး နည်းနည်း ချောမယ်ဆိုရင်တော့ ဖမ်းဖို့ ကြိုးစားကြည့်ဦးမယ်။ အခုတော့ အမှိုက် သားရဲတစ်ကောင်ပါပဲ" နောက်ထပ် စစ်သားတစ်ယောက်က ဆိုလိုက်၏။

မြွေဘုရင်သည် အတန်ငယ် ဝေးသော နေရာမှ ပျံသန်းနေသော်လည်း သူ့ကို စော်ကားပြောဆိုနေသော ထိုလူများ၏ စကားအား ကြားနေရ၏။

"အဲဒီ ကောင်စုတ်တွေ၊ ငါ သူတို့ကို သင်ခန်းစာ ပေးတာ ကြည့်နေလိုက်" သူက ဒေါသတကြီး အော်လိုက်လေသည်။

"ပါးစပ်ပိတ်ထား၊ မင်း ဘာမှ လုပ်စရာ မလိုဘူး။ မင်းသာ အောက်ကို ဆင်းဖို့ ကြိုးစားရင် မင်းကို အထဲ ပြန်ပို့ပစ်မယ်" လုံချန်းက မြွေဘုရင်ကို သတိပေးလိုက်၏။

"ဒါပေမဲ့ ဒီလူတွေက ဒီဘုရင်ကြီးကို စော်ကားနေတာလေ။ ငါ နှေးနှေးသွားနေတာက မင်း ခိုင်းလို့လေ။ အဲဒါကို သူတို့က ငါ့ကို အမှိုက်လို့ ခေါ်ရလား" မြွေဘုရင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"သူတို့က ငါ ထင်စေချင်တဲ့အတိုင်း ထင်နေကြတာ။ တကယ်လို့ ဒါက နှေးကွေးပြီး အသုံးမကျတဲ့ သားရဲတစ်ကောင်ဆိုရင် ဘယ်သူကမှ ဖမ်းဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ပြီးတော့ အသုံးမကျတဲ့ သားရဲတစ်ကောင်က ရန်သူ့အင်ပါယာထဲ ပျံဝင်သွားတာကိုလည်း ဘယ်သူကမှ တားမှာ မဟုတ်ဘူး" လုံချန်းက မြွေဘုရင်ကို ရှင်းပြလိုက်၏။

"တစ်ဖက်မှာကျတော့... တကယ်လို့ ဒီသားရဲက သူတို့ မျက်စိထဲမှာ ထူးခြားနေမယ်ဆိုရင် ပထမဆုံးအနေနဲ့ စစ်သားတွေက ဒီသားရဲကို ရန်သူ့နယ်မြေထဲ အဝင်ခံမှာ မဟုတ်ဘူး။ အဲဒီအစား သူတို့ကိုယ်တိုင် အသုံးချဖို့အတွက် ဖမ်းဖို့ ကြိုးစားကြလိမ့်မယ်။ ငါတို့ရဲ့ ရည်ရွယ်ချက်အတွက်ဆိုရင် သူတို့က မင်းကို အမှိုက်လို့ ထင်နေတာက ပိုကောင်းတယ်" သူက ဆက်ပြောလေသည်။

"ဒါတင် မကသေးဘူး၊ သူတို့က မင်းကို ဘယ်လိုပဲ ထင်ထင် ဘာအရေးရှိလဲ။ သူတို့က ငါတို့အတွက် အသုံးမကျတဲ့ လူတွေပဲလေ။ မင်းက အရူးတိုင်းကို မင်း ဘယ်လောက် ထူးခြားတယ်ဆိုတာ လိုက်ပြီး သင်ပြနေဦးမှာလား။ အဲဒါဆို မင်းမှာ ဂုဏ်သိက္ခာဆိုတာ ကျန်ပါဦးမလား။ အသိရှိစမ်းပါ မြွေလေးရယ်၊ အထာမနပ်ဘဲ မနေပါနဲ့။ ဒီအတိုင်းသာ ဆက်ပျံပါ" လုံချန်းက မြွေဘုရင်၏ ကျောကို ပုတ်ရင်း တိုက်တွန်းလိုက်၏။

"ဟွန်း... မင်း ပြောလို့သာ ငါ သူတို့ကို ပြဿနာ မရှာတာနော်။ ဒါပေမဲ့ ငါက အမှိုက် မဟုတ်ဘူး" မြွေဘုရင်က မကျေမနပ်ဖြင့် သဘောတူလိုက်ရ၏။

"ငါ သိပါတယ်... စိတ်မပူပါနဲ့" လုံချန်းက ပြန်ဖြေလိုက်သည်။

မြွေဘုရင်သည် ဆက်လက် ပျံသန်းခဲ့ရာ မကြာမီမှာပင် ချန်တီ စစ်သားများကို ကျော်လွန်သွားခဲ့သည်။ ခဏအကြာတွင်မူ သူသည် ကြယ်တာရာ စစ်သားများ၏ တဲစခန်းများ ရှိရာသို့ ရောက်ရှိလာခဲ့၏။

ကံမကောင်းစွာဖြင့်ပင်... ကြယ်တာရာ စစ်သားများသည် မြွေဘုရင် အနားမရောက်မီကတည်းက သူတို့ကို မြင်သွားကြလေသည်။ ထိုသို့ မြင်လိုက်ခြင်းကြောင့် မြွေကျောပေါ်တွင် ထိုင်နေသော လုံချန်းကိုလည်း သူတို့ အထင်အရှား မြင်တွေ့လိုက်ကြရလေတော့သည်။

အခန်း (၉၆၈) အထောက်အထား

"ဟင်... ချန်တီက တစ်ယောက်ယောက်ကို လွှတ်လိုက်တာလား။ တစ်ယောက်တည်းလား။ ဒါက ဘယ်လို တိုက်ခိုက်မှုမျိုးလဲ" ကြယ်တာရာ ကင်းစောင့်စစ်သား တစ်ယောက်က ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။

"မင်းကလည်း သံသယ သိပ်များတာပဲ သူငယ်ချင်းရာ။ တကယ်လို့ ဒါက ကျူးကျော်တာဆိုရင် ဘာလို့ လူတစ်ယောက်တည်း လွှတ်မှာလဲ။ ငါတို့ဆီကို သတင်းစကား တစ်ခုခု ပါးဖို့ လွှတ်လိုက်တဲ့ တမန်တော် ဖြစ်မှာပါ။ သူတို့ တစ်ခုခု ပြောစရာ ရှိလို့နေမှာပေါ့" နောက်ထပ် စစ်သား တစ်ယောက်က ဝင်ပြောလိုက်သည်။

"ဟုတ်တယ်။ အခုက အပစ်အခတ် ရပ်စဲထားတာပဲလေ။ သူတို့က ငါတို့ကို နောက်ကျောကနေ တိုက်ခိုက်ချင်ရင်တောင် ဒီလိုမျိုးကြီးတော့ လာမှာမဟုတ်ဘူး။ လူတစ်ယောက်တည်းနဲ့ အရှေ့တည့်တည့်ကနေ တိုက်ခိုက်ဖို့ဆိုတာ အရူးတွေပဲ လုပ်မှာပေါ့" နောက်ထပ် စစ်သား တစ်ဦးကလည်း ထောက်ခံလိုက်၏။

"အဲဒါက အရေးမကြီးဘူး" ခန့်ညားလေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

စစ်သား အားလုံးသည် ထိုအသံရှင်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။ "တပ်မှူး"

ယခုလေးတင် စကားပြောလိုက်သော နီကျင်ကျင် ဆံပင်နှင့် လူမှာ အခြားသူမဟုတ်ဘဲ ဤနေရာရှိ ကြယ်တာရာ စစ်တပ်ကို ဦးဆောင်နေသော တပ်မှူးပင် ဖြစ်၏။ သူသည် အလွန် စည်းကမ်းကြီးသူတစ်ဦးအဖြစ် လူသိများသည်။ သူသည် စာအုပ်ကြီးအတိုင်း ဗျူဟာခင်းတတ်သူ ဖြစ်သဖြင့် သူ့ကို လှည့်စားရန်မှာ မဖြစ်နိုင်သလောက်ပင်။

သူ့အမည်မှာ ဟန်ကျိမန်တျန် ဖြစ်၏။

ဟန်ကျိမန်တျန်သည် မည်သည့်အခါမျှ စွန့်စားခြင်း မပြုတတ်ချေ။ ဖြတ်လမ်းမှ သွားလျှင် ပိုလွယ်ကူမည် ဆိုသော်လည်း သူသည် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ အတိုင်းသာ လုပ်ဆောင်လေ့ရှိသည်။ လမ်းဟောင်းက သွားရမည်ဟု သတ်မှတ်ထားလျှင် ဖြတ်လမ်းရှိသော်လည်း သူသည် လမ်းဟောင်းမှသာ သွားတတ်သူ ဖြစ်၏။

သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး အဝေးမှ လုံချန်းကို တင်ဆောင်၍ ပျံသန်းလာသော မြွေကြီးကို စိုက်ကြည့်လိုက်သည်။

"ငါတို့ ပေါ့ဆလို့ မဖြစ်ဘူး။ ဘယ်သူ သိမလဲ... သူတို့က ငါတို့ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်ဖို့ အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်ကို လွှတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ငါတို့ သူတို့ကို အထင်သေးသွားအောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ငါတို့ဘက်က အားနည်းချက် ပြလို့မဖြစ်ဘူး။ ဒါကို တကယ့် ခြိမ်းခြောက်မှု တစ်ခုလို သဘောထားပြီး ငါတို့ဟာ အပစ်အခတ် ရပ်စဲထားလို့ ပေါ့ဆနေတဲ့ လူအ,တွေ မဟုတ်ကြောင်း သူတို့ကို ပြလိုက်ကြစမ်း" သူက ခပ်တိုးတိုး အမိန့်ပေးလိုက်၏။

"ငါတို့ လုံးဝ ပေါ့ဆလို့ မရဘူး။ ငါတို့ ချန်တီနဲ့ ဒီလောက်ကြာကြာ တိုက်ပွဲဖြစ်ခဲ့တာတောင် ဒီလို သားရဲမျိုးကို ငါ မြင်ဖူးတာ မမှတ်မိဘူး။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုရင် ဒီလူက ငါတို့ကို တိုက်ခိုက်နေတဲ့ စစ်တပ်ထဲက မဟုတ်ဘူးဆိုတာပဲ။ သူက ချန်တီရဲ့ နေပြည်တော်ကနေ လာတာ ဖြစ်ရမယ်။ သူက သတင်းစကား ပါးဖို့ လာတာပဲ ဖြစ်ဖြစ် သူ့ကို အစွမ်းထက်တဲ့ စစ်သည်တော် တစ်ယောက်လိုပဲ သဘောထားပြီး ဆက်ဆံရမယ်" ဟန်ကျိမန်တျန်က ဆိုသည်။

"ဟုတ်ကဲ့ပါ တပ်မှူး" စစ်သားအားလုံးက တညီတညွတ်တည်း ပြန်ထူးလိုက်ကြ၏။

သူတို့အားလုံးသည် ရှေ့သို့ တက်လိုက်ကြပြီး စနစ်တကျ လူစုခွဲကာ လုံချန်းကို တားဆီးရန် သူတို့၏ လက်နက်များအား အသင့် ထုတ်လိုက်ကြတော့သည်။

ဟန်ကျိမန်တျန်ကမူ အခြားသူများထက် အနည်းငယ် ရှေ့သို့ တက်၍ ရပ်နေ၏။ လောလောဆယ်တွင် လက်ထဲ၌ လက်နက် မကိုင်ထားသော တစ်ဦးတည်းသောသူမှာ သူပင် ဖြစ်သည်။

"တပ်မှူး... တဲထဲက ဓားကို သွားယူပေးရမလား" စစ်သား တစ်ယောက်က ဟန်ကျိမန်တျန်ကို မေးလိုက်၏။

"ရတယ်။ ငါ့မှာ နောက်ထပ် ဓားတစ်လက် ရှိသေးတယ်။ လိုအပ်တဲ့အချိန်ကျမှ အဲဒီဓားကို ထုတ်ပြမယ်။ အခုတော့ လက်ထဲမှာ ဘာမှ မရှိတာက ပိုကောင်းပါတယ်" ဟန်ကျိမန်တျန်က ဝေဝေဝါးဝါး ပြန်ဖြေလိုက်သည်။

သူ့လက်ထဲတွင် ဓားမရှိသည်က အဘယ်ကြောင့် ပိုကောင်းသည်ကို စစ်သားများက သိချင်နေကြသော်လည်း မည်သူမှ မမေးရဲကြချေ။

တိုက်ခိုက်ရန် အသင့်ပြင်နေသော အဝေးမှ ကင်းစောင့် စစ်သားများကို လုံချန်းလည်း သတိထားမိလိုက်၏။

"ကြယ်တာရာ ကင်းစောင့်တွေက ချန်တီက လူတွေထက် ပိုပြီး နိုးနိုးကြားကြား ရှိတယ်လို့ ပြောရမှာပဲ။ ငါ့ကို မြင်ရုံတင် မကဘူး၊ တားဆီးဖို့ပါ အသင့်ပြင်ထားကြတာပဲ" သူက မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်၏။

"ကောင်းတာပေါ့။ မင်းက သူတို့ မြင်အောင် လုပ်ချင်တာ မဟုတ်ဘူးလား။ ငါတို့ ဒီလောက် နှေးနှေးသွားနေမှတော့ သူတို့ မြင်မှာပေါ့။ ဒါ့အပြင် ငါတို့က သူတို့ ရန်သူတွေရှိတဲ့ ဘက်ကနေ လာနေတာဆိုတော့ သူတို့က နိုးနိုးကြားကြား ရှိနေရမှာပေါ့" မြွေဘုရင်က ပြန်ပြောလိုက်သည်။

"ငါ ထင်တယ်... ငါတို့သာ ဒီဘက်ကနေ ချန်တီ စစ်သားတွေဆီ သွားမယ်ဆိုရင်လည်း သူတို့ ငါတို့ကို အဝေးကတည်းက မြင်မှာပဲ" သူက ထပ်လောင်း ပြောလိုက်၏။

"စိတ်ဝင်စားဖို့ ကောင်းတယ်" မြွေဘုရင်၏ စကားကို ကြားသောအခါ လုံချန်းက ဆိုလိုက်၏။

"ဘာက စိတ်ဝင်စားဖို့ ကောင်းတာလဲ။ မင်း အဲဒါကို မသိဘူးလို့တော့ မပြောနဲ့ဦး" မြွေဘုရင်က မေးလိုက်သည်။

"ငါ သိတာပေါ့။ မင်း ပြောသလိုပဲ... ဒါက တမင် လုပ်ထားတာလေ" လုံချန်းက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်၏။ "အဲဒါကြောင့်လည်း ငါ ကြိုတင်ပြီးတော့ လှည့်စားခြင်း မျက်နှာဖုံးကို အသက်သွင်းထားတာပေါ့"

"ငါ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောတာက... မင်းလို ကောင်တောင်မှ သူတို့ ဘာလို့ ငါတို့ကို မြင်ရသလဲဆိုတဲ့ အကြောင်းအရင်းကို နားလည်နိုင်တဲ့ ဦးနှောက် ရှိနေတာကို သိလိုက်ရလို့ပဲ။ ငါ တကယ် မမျှော်လင့်ထားဘူး။ အံ့သြစရာပဲ" သူက ဆက်ပြောလေသည်။

"အင်း... မင်း ငါ့ကို စော်ကားနေသလို ခံစားနေရတယ်နော်" မြွေဘုရင်က ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။

"စော်ကားတာ ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။ ငါက မင်းကို ချီးကျူးနေတာလေ" လုံချန်းက မျက်နှာတွင် အပြုံးတစ်ခုဖြင့် အော်လိုက်သည်။ မြွေဘုရင်ကို ကိုင်တွယ်ရသည်မှာ စိတ်ပျက်စရာ ကောင်းသော်လည်း သူ့ကို စနောက်ရသည်မှာလည်း တစ်မျိုး ပျော်စရာ ကောင်းလှ၏။

"ဪ... ချီးကျူးတာလား။ ဒါဆိုရင်တော့ ကောင်းတာပေါ့" မြွေဘုရင်က လုံချန်း၏ စကားကို ယုံကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

"မကြာခင် အောက်ကို ဆင်းရတော့မယ်။ မဆင်းရင် သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ငါတို့ ခံရလိမ့်မယ်။ ငါတို့က ဗြောင်ကြီး သွားနေတာဆိုတော့ စနစ်တကျ လေးလေးစားစားပဲ ဝင်သွားကြတာပေါ့" လုံချန်းက မြွေဘုရင်ကို အမိန့်ပေးလိုက်၏။

မြွေဘုရင်သည် လုံချန်း၏ အမိန့်ကို နာခံကာ အောက်သို့ စတင် ဆင်းသက်လိုက်လေသည်။

မြွေဘုရင်သည် ဟန်ကျိမန်တျန်နှင့် မီတာအနည်းငယ် အကွာတွင် ဆင်းသက်လိုက်ပြီး မြေပြင်အထက်တွင် ဝဲပျံနေ၏။

လုံချန်းသည် မြွေဘုရင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ယုံကြည်မှုရှိသော အပြုံးတစ်ခုဖြင့် ထိုလူများရှိရာသို့ လျှောက်သွားလိုက်သည်။

"နှုတ်ဆက်ပါတယ် ကြယ်တာရာက စစ်သည်တွေ။ ငါကတော့ သုံးလောကက မင်းသား ဖေကျန်ပါ။ ငါတို့ ကမ္ဘာကြီးအတွက် တခြားကမ္ဘာတစ်ခုကို ငါနဲ့ တခြားသူတွေ သွားခဲ့ကြတယ်ဆိုတာ မင်းတို့ သိထားပြီးသား ဖြစ်မှာပါ။ အခု ငါ ပြန်ရောက်လာပြီမို့ အိမ်ပြန်ဖို့အတွက် မင်းတို့ အင်ပါယာကို ဖြတ်ကျော်သွားဖို့ လိုအပ်တယ်" လုံချန်းက ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။

"နင်... ငတုံးရဲ့၊ ဘာတွေ လုပ်နေတာလဲ။ မင်ယုရဲ့ အစ်ကိုက ဖေကျန် သူ့ကို သတ်ခဲ့တယ်ဆိုတာကို ချန်တီကို မပြောခဲ့ပေမဲ့ သူ့အင်ပါယာကိုတော့ ပြောပြထားမှာပေါ့။ သူတို့ မင်းသားကို နင် သတ်ခဲ့တယ်ဆိုတာ သိသွားရင် ဒီလူတွေ နင့်ကို တိုက်ခိုက်ကြတော့မှာပဲ" ရွှင်း၏ ကန့်ကွက်သံမှာ လုံချန်း မိတ်ဆက်လိုက်သည်နှင့် သူ၏ ဦးနှောက်ထဲတွင် ဟိန်းထွက်လာတော့၏။

'စိတ်မပူပါနဲ့။ သူတို့ မင်းသားကို တိုက်ခိုက်ခဲ့တာ ဖေကျန်ဆိုတာ သူတို့ မသိကြသေးဘူး။ မင်ယုရဲ့ အစ်ကိုက ဖေကျန်နဲ့ သုံးလောကရဲ့ အကြံအစည်ကို ချန်တီကို မပြောခဲ့သလိုပဲ၊ သူတို့ကလည်း ချန်တီကို မသိစေချင်သေးဘူးလေ' လုံချန်းက ရွှင်းကို စိတ်ထဲမှ ပြန်ပြောလိုက်၏။

'သေချာတာပေါ့... သူတို့က ကင်းစောင့်စစ်သား နည်းနည်းလောက်ကိုတော့ ဒါတွေ ပြောပြမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ပေါက်ကြားသွားမယ့် အန္တရာယ်ကို သူတို့ ဘာလို့ ခံယူမှာလဲ။ ဒီလူတွေက ဖေကျန်အပေါ်မှာ မကောင်းတဲ့ အတွေး ရှိနေစရာ အကြောင်းမရှိဘူး။ နင် လောင်းချင်ရင်တောင် ငါ လောင်းရဲတယ်' သူက ထပ်ပြောလိုက်သည်။

"ဘာကို လောင်းမှာလဲ" ရွှင်းက စစ်သားများ လုံချန်းကို မတိုက်ခိုက်သည်အား မြင်သောအခါ ဟန်ဆောင်ကာ ငြင်းဆိုလိုက်၏။ လုံချန်း ပြောတာ မှန်နေသည် မဟုတ်လော။

"လောင်းကြေး မရှိဘူး" သူမက ဆက်ပြောလေသည်။

လုံချန်းသည် သူမ၏ တုံ့ပြန်မှုကို ကြည့်ကာ ပြုံးလိုက်၏။ သူမ တွေးနိုင်သည်ကို သူလည်း တွေးနိုင်သည် မဟုတ်လော။

"မင်းသား ဖေကျန်လား။ မင်းသား ပြန်ရောက်လာပြီပေါ့။ အဲဒါ ကောင်းတာပေါ့။ သေချာတာပေါ့... ဒီအင်ပါယာကို မင်းသား ဖြတ်သွားလို့ ရပါတယ်။ မင်းသားက ကျွန်တော်တို့ရဲ့ မိတ်ဆွေပဲလေ" ဟန်ကျိမန်တျန်က သူ၏ အသံနေအသံထားကို ပြောင်းလဲလိုက်ပြီး ပြောလိုက်၏။ သူသည် အနည်းငယ် ပို၍ ရိုသေလေးစားစွာ စကားပြောလာလေသည်။

All Chapters