အခန်း (၉၇၁-၉၇၂)
Vol. 94 Ch. 971-972
အခန်း (၉၇၁) ဧကရာဇ်နှင့် တွေ့ဆုံခြင်း
"မင်းရဲ့ ကြွားဝါတတ်တဲ့ အကျင့်နဲ့ဆိုရင် မင်းအမြဲတမ်း အမှန်အတိုင်း ပြောတယ်လို့ ယုံမယ့်သူက ငတုံးပဲ ရှိလိမ့်မယ်" လုံချန်းက မြွေဘုရင်ကို ခနဲ့လိုက်၏။
"ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် မင်းပြောတာ အချို့ကတော့ မှန်ပါတယ်။ အဲဒီနှုတ်ခမ်းမွေးက သူ့နဲ့ မလိုက်ဖက်ဘူး။ ဒါပေမဲ့ မင်းက သူ့ကို စော်ကားတာ နည်းနည်းတော့ လွန်သွားတယ်" သူက ခပ်ယဲ့ယဲ့ ပြုံးရင်း ဆက်ပြောလိုက်သည်။
"မင်းလည်း သူ ရုပ်ဆိုးတယ်လို့ ထင်ရင် ထုတ်ပြောသင့်တာပေါ့။ ငါတို့က သူ့ကို အမှန်ပြပြီး ဝန်ဆောင်မှု ပေးနေတာပဲ။ သူ နှုတ်ခမ်းမွေး ရိတ်ဖို့ လိုအပ်နေပြီ။ အခုတော့ မင်းကြောင့် သူက ငါ့ကို အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ ထင်သွားပြီ" မြွေဘုရင်က မျက်လုံးလေး ကလန်ကလားဖြင့် ပြောလိုက်၏။
"အခု သူ့ရဲ့ ရုပ်ဆိုးတဲ့ နှုတ်ခမ်းမွေးကြောင့် စစ်ပွဲထဲမှာ သူ အရင်ဆုံး အသတ်ခံလိုက်ရရင် ဘယ်သူက တာဝန်ယူမှာလဲ။ မင်းပဲ၊ မင်းက သူ့ကို အမှန်တရားကို မပြောချင်လို့ပဲ" သူက ဇွဲနပဲဖြင့် ဆက်လက် ပြောကြားနေလေသည်။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ ဆိုသည်။ "ဟင်း... ဘာလို့ ဒီလောကကြီးက လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေရတာလဲ။ ဘာလို့ ဒီဘုရင်ကြီး တစ်ယောက်တည်းကပဲ အမြဲတမ်း အမှန်တရားကို ပြောဆိုရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းပိုးနေရတာလဲ။ ဘာလို့လဲ..."
"ဒီအရှက်မရှိတဲ့ကောင်ကတော့ ဘယ်တော့မှ သင်ခန်းစာရမှာ မဟုတ်ဘူး" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဘာပဲဖြစ်ဖြစ်... သူ့ကို ဘာမှ ထပ်မပြောနဲ့တော့။ သူ့ကို ထပ်ပြီး မစော်ကားနဲ့။ သူ နှုတ်ခမ်းမွေး ထားချင်တာ မထားချင်တာက သူ့သဘောပဲ။ မင်းမှာ ဝင်ပြောခွင့် မရှိဘူး"
"ဘာလို့ ဒီဘုရင်ကြီးက ပြောပိုင်ခွင့် မရှိရမှာလဲ။ ငါက ကောင်းကင်ဘုံ ဧကရာဇ်ကိုတောင် သွားတိုင်လို့ရတယ်။ အဲဒီ အဘိုးကြီးကတောင် ငါ့ကို ရိုရိုသေသေ နားထောင်ရမှာ။ ဒါ့အပြင် သူက ငါ့မျက်စိထဲကို ဝင်လာတာလေ။ အဲဒီမှာတင် သူ့ရဲ့ လွတ်လပ်ခွင့်က ဆုံးရှုံးသွားပြီ။ ငါ့ကို သူ့မျက်နှာကို ကြည့်ခိုင်းနေတာပဲ။ ငါမြင်ရတဲ့ အရာတွေအပေါ် ငါကတော့ ကန့်ကွက်ရမှာပဲ" မြွေဘုရင်က ပြန်လည် ချေပလိုက်လေသည်။
လုံချန်းက ပြန်လည် ပြောဆိုရန် ပြင်လိုက်သော်လည်း ရွှင်း၏ အသံကို ကြားလိုက်ရသဖြင့် ရပ်တန့်သွား၏။
"သူ နားလည်လိမ့်မယ်လို့ နင် တကယ် ထင်နေတာလား။ နင် အခု လုပ်နေတာက နံရံကို ခေါင်းနဲ့ တိုက်နေသလိုပဲ"
သူသည် ရွှင်း၏ အပြောကို လက်ခံလိုက်မိသည်။ ဤအခြေအနေအတွက် ထိုဥပမာမှာ အလွန်ပင် ဆီလျော်လှပေသည်။ သို့သော် သူ လက်မလျှော့နိုင်သေးချေ။ နန်းတွင်းအစောင့်တပ်မှူး ပြန်ရောက်လာချိန်တွင် မြွေဘုရင်က ထပ်မံ စော်ကားသည်ကို သူ အဖြစ်မခံနိုင်ပေ။
"အဲဒါတွေက အရေးမကြီးဘူး။ ငါ မင်းကို သတိပေးထားမယ်။ တကယ်လို့ မင်းသာ သူ့ရှေ့မှာ သူ့အကြောင်း တစ်စုံတစ်ရာ ထပ်ပြောဦးမယ်ဆိုရင်တော့ မင်းကို ပြန်သွင်းလိုက်ပြီး ဘယ်တော့မှ ပြန်မထုတ်တော့ဘူး။ ဒါ့အပြင် နှင်းခဲလေးကိုလည်း မင်းကို ပိုပြီး နှိပ်စက်ခိုင်းလိုက်ဦးမယ်" လုံချန်းက ထိရောက်သော ခြိမ်းခြောက်မှုတစ်ခုကို အသုံးပြုလိုက်၏။
"မင်း... မင်း မလုပ်ရဲပါဘူးကွာ။ ဒါ့အပြင် သူက ငါ့ကို မနှိပ်စက်နိုင်ပါဘူး။ ငါက ဘုရင်ကြီးပဲဥစ္စာ။ ဒါပေမဲ့လည်း... သူ့ကိုတော့ သွားမပြောနဲ့" မြွေဘုရင်က ချက်ချင်းပင် တုံ့ပြန်လိုက်လေသည်။
"ဒါဆို မင်း သူ့နှုတ်ခမ်းမွေးအကြောင်းကို ထပ်ပြီး မကန့်ကွက်တော့ဘူးပေါ့" လုံချန်းက သံသယဖြင့် မေးလိုက်သည်။
မြွေဘုရင်က ခေါင်းညိတ်ပြ၏။ "မပြောတော့ဘူး"
"ဒါမှ လိမ်မာတဲ့ ကောင်လေးပေါ့" လုံချန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဆံပင်ဖြူနှင့် လူကြီး ပြန်လည် ရောက်ရှိလာလေသည်။
"ငါ အရှင်မင်းကြီးနဲ့ စကားပြောခဲ့ပြီးပြီ။ သူ မင်းကို တွေ့ဖို့ သဘောတူတယ်။ ငါ့နောက်ကို လိုက်ခဲ့" သူက လုံချန်းအား ပြောလိုက်၏။
လုံချန်းသည် စောင့်ကြည့်နေသော မျက်လုံးများစွာကြားမှ ထိုလူ၏ အနောက်သို့ လိုက်ပါသွားလေသည်။
သူ့အား အစောင့်အကြပ်များစွာ ခြံရံလျက် နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားကြ၏။ သူသည် မည်သည့် သံသယမှ မဖြစ်စေရန် ပုံမှန်အတိုင်းပင် လျှောက်လှမ်းသွားလေသည်။ သူသည် ဤနေရာသို့ မကောင်းမှု ပြုလုပ်ရန် လာခြင်း မဟုတ်ကြောင်းကို ပြသရန် လိုအပ်ပေသည်။
ဆံပင်ဖြူနှင့် လူကြီးသည် လုံချန်းအား ပလ္လင်ခန်းမသို့ ခေါ်ဆောင်သွားစဉ် ရံဖန်ရံခါ နောက်သို့ လှည့်ကြည့်နေလေသည်။
"ဒီတံခါးရဲ့ အနောက်မှာ ငါတို့ရဲ့ ဧကရာဇ်မင်းမြတ် ရှိနေတယ်။ ဒါပေမဲ့ မင်းကို တစ်ခု သတိပေးလိုက်မယ်။ အထဲမှာ အလွန်တရာ အန္တရာယ်ရှိတဲ့ အစီအရင်တွေ အများကြီး ရှိတယ်။ တကယ်လို့ မင်း သံသယဖြစ်စရာ တစ်ခုခု လုပ်လိုက်မယ်ဆိုရင်တော့ မင်း မသိလိုက်ခင်မှာတင် အသတ်ခံရလိမ့်မယ်။ အဲဒါကြောင့် မင်းရဲ့ အပြုအမူတွေကို သတိထားဖို့နဲ့ ငါတို့ မတော်တဆ သတ်မိအောင် အကြောင်းမဖန်ဖို့ ငါ အကြံပေးချင်တယ်" ဆံပင်ဖြူနှင့် လူကြီးက ရွှေရောင်တံခါးကြီးရှေ့တွင် ရပ်ကာ ပြောလိုက်၏။
"ကျုပ် သတိထားပါ့မယ်" လုံချန်းက ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။
"အဲဒါမှပေါ့" ထိုသို့ ဆိုကာ ဆံပင်ဖြူနှင့် လူကြီးက တံခါးကို တွန်းဖွင့်လိုက်ရာ လှပခမ်းနားလှသော ပလ္လင်ခန်းမကြီး ပေါ်ထွက်လာလေတော့သည်။
လုံချန်းသည် အထဲသို့ ခြေမချရသေးသော်လည်း ခန်းမကြီး၏ အဆုံးရှိ ပလ္လင်တော်ပေါ်တွင် ထိုင်နေသော လူတစ်ဦးကို မြင်တွေ့နေရပြီ ဖြစ်၏။
လုံချန်းသည် ပလ္လင်ခန်းမအတွင်းသို့ ဝင်ရောက်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ခန်းမတစ်ခုလုံးတွင် အစောင့်များမှာ နေရာအနှံ့ ရှိနေကြ၏။ အမိုးနှင့် နံရံများတွင်လည်း အစီအရင်အချို့ကို မြင်တွေ့နေရလေသည်။
လုံချန်းသည် အစီအရင်များနှင့် ပတ်သက်၍ ဗဟုသုတအချို့ ရှိသဖြင့် ဤအရာများသည် သူ့ကို သတ်နိုင်သည့် တိုက်ခိုက်ရေး အစီအရင်များ ဖြစ်ကြောင်း သိရှိလိုက်၏။ သူသည် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ ဤအစီအရင်များမှာ မကြာသေးမီကမှ အသစ်ပြုလုပ်ထားပုံ ရပေသည်။
'ကြည့်ရတာ ဒါတွေအားလုံးကို ငါ့အတွက် ပြင်ဆင်ထားတာပဲ။ အရင်းအမြစ် ကြွယ်ဝတဲ့ အင်ပါယာတစ်ခုဆီကနေ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ဒါက နှမြောစရာပဲ။ အဲဒီအစီအရင်တွေက ချက်ချင်း အသက်ဝင်လာနိုင်ပေမဲ့ အဲဒီတိုက်ခိုက်မှုတွေက ငါ့ကို ဒုက္ခမပေးနိုင်ပါဘူး။ ငါ့အတွက် ပြဿနာ ဖြစ်နိုင်တာက ဟိုတစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ ငါ သတိရှိနေသရွေ့တော့ အဲဒါကိုလည်း ကိုင်တွယ်နိုင်မှာပါ' လုံချန်းသည် အစီအရင်များကို ကြည့်ရင်း တွေးတောနေမိ၏။
'ငါ ဘာတွေ တွေးနေတာလဲ။ ငါက ဒီကို တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူးပဲ' သူက ရုတ်တရက် သတိရသွားသည်။ ဤနေရာကို ရန်သူ့နယ်မြေဟု သတ်မှတ်ရန် မလိုအပ်ပေ။ ဤသည်မှာ မင်ယု၏ အိမ် မဟုတ်လော။
သို့သော်လည်း သတိရှိနေခြင်းကတော့ အကောင်းဆုံးပင်။
အစောင့်များနှင့် ဧကရာဇ်မှလွဲ၍ အခြားသူကို မတွေ့ရပေ။ မင်ယု၏ အစ်ကိုကိုလည်း ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း နန်းတွင်းအစောင့် ဝတ်စုံ ဝတ်မထားသော ဧကရာဇ်မင်းမြတ်မှလွဲ၍ အခြားသူအား မတွေ့ရချေ။
လုံချန်းသည် သူ၏ ယောက္ခမတော်အား နှုတ်ဆက်သည့်အနေဖြင့် ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။
"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"
"မင်းဆီမှာ မင်ယုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိတယ်လို့ ငါ့ကို ပြောတယ်။ ပြောစမ်းပါဦး... ငါ့သမီး ဘယ်မှာလဲ။ သူ ငါတို့ဆီက ထွက်သွားတာ ကြာလှပြီ။ သူ့ကို ပြန်တွေ့ဖို့ ငါ မျှော်လင့်ချက်တောင် ကုန်သလောက် ဖြစ်နေပြီ။ သူ ဘယ်မှာရှိလဲဆိုတာ မင်းသိရင် ငါ့ကို တစ်စက္ကန့်တောင် ထပ်မစောင့်ခိုင်းပါနဲ့တော့" ဧကရာဇ်က လုံချန်းအား ပြောကြားလိုက်လေသည်။
လုံချန်းသည် ထိုလူ၏ အသံထဲတွင် ဖခင်တစ်ဦး၏ ပူပန်သောကများကို ခံစားလိုက်ရ၏။ ထိုသည်ကလည်း ဖြစ်သင့်လှပေသည်။ မင်ယုမှာ ပျောက်ဆုံးနေသော သူ၏ တစ်ဦးတည်းသော သမီးတော် မဟုတ်ပါလော။
သမီးဖြစ်သူ ပျောက်ဆုံးသွားခြင်းကြောင့် ဖခင်ဖြစ်သူ မည်မျှအထိ ပူဆွေးနေရမည်ကို သူ ခန့်မှန်းကြည့်နိုင်ပေသည်။ ရှာဖွေမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မရရှိခဲ့ခြင်းက လူတစ်ယောက်ကို အလွန်အမင်း အသက်ရှူကျပ်စေလိမ့်မည် ဖြစ်သည်။
'သူက သားတော်နဲ့ သမီးတော်ကို တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့ရတာပဲ။ ကံကောင်းထောက်မစွာနဲ့ နတ်ဘုရားတွေက သူ့ဘက်မှာ ရှိနေပုံရတယ်။ အရင်ဆုံး သူ့သား ပြန်ရောက်လာတယ်၊ အခုတော့ သူ့သမီးနဲ့ တွေ့ရတော့မယ်' လုံချန်းသည် ထိုလူအား ကြည့်ရင်း တွေးနေမိ၏။
မင်ယု၏ မိသားစုဝင်အားလုံး ဘေးကင်းနေသည်ကို မြင်ရသဖြင့် သူ ဝမ်းသာမိသည်။ သူ အလွန် စိတ်လှုပ်ရှားနေမိ၏။ ခဏအကြာတွင် မင်ယုသည် သူမ၏ ဖခင်နှင့် တွေ့ဆုံရတော့မည်။ သူမ ငိုကြွေးမလား။ သို့မဟုတ် အိမ်မက်ဟုများ ထင်နေမည်လား။ သူ သိချင်မိလေသည်။
"မှန်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ သမီးတော်အကြောင်းကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် လိမ်လည်ပြောဆိုမိတဲ့ အချက်တစ်ခုတော့ ရှိနေပါတယ်" လုံချန်းက တိုးညှင်းစွာ လျှောက်တင်လိုက်လေတော့သည်။
အခန်း (၉၇၂) သွေးချောင်းစီးစေရမည်
"အရှင်မင်းကြီးရဲ့ သမီးတော်အကြောင်းကို ကျွန်တော် သိရှိတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် လိမ်လည်ပြောဆိုမိတဲ့ အချက်တစ်ခုတော့ ရှိနေပါတယ်" လုံချန်းက ဧကရာဇ်အား လျှောက်တင်လိုက်၏။
လုံချန်းက သူ လိမ်ပြောခဲ့သည်ဟု ဝန်ခံလိုက်သောအခါ ဧကရာဇ်၏ မျက်ဝန်းများမှာ စူးရှကျဉ်းမြောင်းသွားလေသည်။
နန်းတွင်းအစောင့်များမှာလည်း သံသယစိတ်တို့ဖြင့် ပြည့်နှက်သွားကြပြီး ဓားရိုးများကို တင်းတင်းဆုပ်ကိုင်ကာ လုံချန်းအား အချိန်မရွေး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်ကြလေသည်။
ဧကရာဇ် လုကျွင်းဝေသည် ရှည်လျားသော ဆံပင်နက်များရှိပြီး အသက်လေးဆယ်ကျော်ခန့် ရှိပြီဖြစ်သော နူးညံ့သိမ်မွေ့သည့် မျက်နှာထားမျိုး ရှိသူ ဖြစ်သည်။ ထိုနူးညံ့သော မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ အရိပ်ထင်နေသော်လည်း သူ၏ အတွင်းသန္တာန်ရှိ စစ်သည်တော်တစ်ဦး၏ စိတ်ဓာတ်ကား ယနေ့တိုင် အားကောင်းမောင်းသန် ရှိနေဆဲပင်။
သူသည် စစ်သည်တော်တစ်ဦး၏ ထက်မြက်သော အကြည့်များဖြင့် လုံချန်းအား စိုက်ကြည့်ကာ မေးမြန်းလိုက်၏။
"မင်း ဘာကို လိမ်ပြောခဲ့တာလဲ"
"အရှင်မင်းကြီးရဲ့ သမီးတော်ဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် သိတာကတော့ အမှန်တရားပါ။ သူမဟာ ကျွန်တော်နဲ့အတူ ရှိနေပြီးတော့ အစစအရာရာ ဘေးကင်းလုံခြုံစွာ ရှိနေပါတယ်" လုံချန်းက အလျင်အမြန်ပင် ရှင်းပြလိုက်လေသည်။
"မင်းနဲ့အတူ ရှိနေတယ် ဟုတ်လား။ ဒါဆို မင်းက ဘာလို့ လိမ်ပြောရတာလဲ။ မင်း ငါ့သမီးကို ပြန်ပေးဆွဲထားတာလား။ ငွေညှစ်ချင်လို့လား။ မင်း ဘာလိုချင်လဲဆိုတာကိုသာ အမြန်ပြောစမ်း" ဧကရာဇ် လုကျွင်းဝေက လုံချန်းအား မေးခွန်းထုတ်လိုက်၏။ ဖခင်တစ်ဦး၏ ပူပန်သောကများကို သူ၏ မျက်ဝန်းများထဲတွင် အထင်းသား မြင်တွေ့နေရလေသည်။
အကယ်၍ ဤအင်ပါယာအတွင်းရှိ ရှိသမျှသော ရွှေငွေရတနာအားလုံးကို တောင်းခံလိုက်မည်ဆိုလျှင်ပင် ဤဖခင်ဖြစ်သူ ဧကရာဇ်မှာ အနည်းငယ်မျှ တွန့်ဆုတ်နေလိမ့်မည် မဟုတ်ကြောင်း လုံချန်း အသေအချာ ယုံကြည်မိသည်။
"ကျွန်တော့်ဆီမှာ လူသားတွေကို ထည့်သွင်းထားနိုင်တဲ့ ရတနာတစ်ခု ရှိပါတယ်။ အဲဒီရတနာကို ကျွန်တော် တစ်ယောက်တည်းပဲ အသုံးပြုနိုင်တာပါ။ ခရီးတစ်လျှောက်လုံးမှာ အရှင်မင်းကြီးရဲ့ သမီးတော် ဘေးကင်းစေဖို့အတွက် အဲဒီရတနာထဲမှာ ထည့်သွင်းပြီး ခေါ်ဆောင်လာခဲ့တာပါ။ အရှင်မင်းကြီး ခွင့်ပြုမယ်ဆိုရင် သူ့ကို ကျွန်တော် အပြင်ကို ခေါ်ထုတ်ပေးချင်ပါတယ်" လုံချန်းက ခပ်တိုးတိုး လျှောက်တင်လိုက်သည်။
လူသားများကို ထည့်သွင်းထားနိုင်သော ရတနာတစ်ခု သူ၏လက်ဝယ် ရှိနေကြောင်း ထုတ်ဖော်ပြောဆိုရခြင်းကို သူ စိုးရိမ်ပူပန်ခြင်း မရှိပေ။
သူ လာခဲ့သော နေရာတွင် ဤကဲ့သို့သော ရတနာမျိုးမှာ အလွန်တရာ အဖိုးတန်ပြီး ကြားပင်မကြားဖူးသော အရာမျိုး ဖြစ်သော်ငြား ဤနေရာတွင်မူ အံ့ဩတုန်လှုပ်ဖွယ်ရာ အရာမျိုး မဟုတ်ချေ။ ဤလူသည် အဆင့်မြင့်လောက တစ်ခု၏ ဧကရာဇ် မဟုတ်လော။ ထို့ကြောင့် ဤကဲ့သို့သော အသုံးအဆောင်မျိုး ရှိခြင်းမှာ ပုံမှန်ပင် ဖြစ်သဖြင့် ဤရတနာကို လိုချင်တပ်မက်၍ သူ့နောက်သို့ လိုက်လံ ဒုက္ခပေးလိမ့်မည်ဟု မထင်ချေ။
သို့သော်လည်း ရတနာကို အသုံးပြုရန်အတွက် သူ ခွင့်တောင်းရန် လိုအပ်ပေသည်။ ၎င်းသည် မှော်လက်နက်တစ်ခု ဖြစ်နေသဖြင့် မင်ယု ထွက်ပေါ်လာချိန်တွင် နန်းတော်အတွင်းရှိ အစီအရင်များ အသက်ဝင်လာပြီး တိုက်ခိုက်ခြင်း ခံရနိုင်သောကြောင့် ဖြစ်၏။ ထို့အပြင် အစောင့်များကလည်း သူ့အား ရုတ်တရက် တိုက်ခိုက်လာနိုင်သဖြင့် ကြိုတင် အသိပေးထားခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
"သူက မင်းနဲ့အတူ ဒီကို ရောက်နေတယ် ဟုတ်လား" ဧကရာဇ်မင်းမြတ်မှာ အံ့ဩတုန်လှုပ်သွားရ၏။ ဧကရာဇ်တစ်ပါး၏ သိက္ခာထက် ဖခင်တစ်ဦး၏ ချစ်ခြင်းတရားက ပို၍ အားကောင်းသွားကာ သူသည် မနေနိုင်မထိုင်နိုင်ပင် ထရပ်လိုက်မိလေတော့သည်။
"မှန်ပါတယ်။ သူ ကျွန်တော်နဲ့အတူ ရှိနေပါတယ်။ အပြင်ကို ခေါ်ထုတ်လာတဲ့အခါ တိုက်ခိုက်ခြင်း မခံရဖို့အတွက် အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ကို ကျွန်တော် တောင်းချင်ပါတယ်။ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက် မရဘဲ ကျွန်တော် ဘာမှ လုပ်မှာ မဟုတ်ပါဘူး" လုံချန်းက ခေါင်းညိတ်ကာ ပြောကြားလိုက်သည်။
"ကောင်းပြီ" ဧကရာဇ်မင်းမြတ်က ခေါင်းညိတ်လိုက်လေသည်။
"ဘယ်သူမှ သူ့ကို မတိုက်ခိုက်စေနဲ့" သူက တပ်သားများအား အမိန့်ပေးလိုက်ပြီးနောက် လုံချန်းဘက်သို့ ပြန်လည် လှည့်ကြည့်ကာ သတိပေးလိုက်လေသည်။ "တစ်ခုတော့ မှတ်ထားပါ။ ဒါက မင်းရဲ့ လှည့်ကွက်တစ်ခု ဖြစ်ခဲ့ရင်တော့ ငါ မင်းကို ဘယ်လို ငရဲမျိုး ခံစားရအောင် လုပ်မလဲဆိုတာ မင်း သိစေရမယ်"
လုံချန်းက ခေါင်းညိတ်လိုက်ပြီးနောက် အခန်းတွင်း အခြေအနေကို အကဲခတ်ရန် တစ်ချက် ဝေ့ကြည့်လိုက်၏။ ထို့အပြင် မိမိကိုယ်ကိုယ် ဘေးကင်းစေရန်နှင့် ပတ်ဝန်းကျင်ကို ပိုမို သတိထားနိုင်ရန် သူ၏ ဝိညာဉ်အာရုံကို တစ်ခန်းလုံးသို့ ဖြန့်ကျက်ထားလိုက်လေသည်။
ဤသည်မှာ မင်ယု၏ အိမ် ဖြစ်သော်လည်း သူတို့၏ ဘေးကင်းလုံခြုံရေးမှာ လုံချန်းအတွက် ပထမဦးစားပေးပင် ဖြစ်တော့သည်။
သူသည် သူ၏ ဝိညာဉ်အာရုံကို ကမ္ဘာတုအတွင်းသို့ ချက်ချင်း စေလွှတ်လိုက်ကာ မင်ယုကို ရှာဖွေလိုက်၏။
မင်ယု ရေချိုးနေချိန် သို့မဟုတ် ဓားကိုင်ထားချိန်မျိုးတွင် အပြင်သို့ မခေါ်ထုတ်လိုသဖြင့် သူမ မည်သည့်အရာ လုပ်နေသည်ကို ဦးစွာ ကြည့်ရန် လိုအပ်ပေသည်။
ကမ္ဘာတုအတွင်းသို့ ကြည့်လိုက်သောအခါ မင်ယုသည် အနီးအနားရှိ တောအုပ်လေးအတွင်း၌ ဆေးဖက်ဝင် အပင်အချို့ကို ခူးဆွတ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ထိုအခြေအနေကို စိတ်ကျေနပ်သွားပြီးနောက် လုံချန်းသည် မင်ယုအား အပြင်သို့ ခေါ်ထုတ်လိုက်လေတော့သည်။
မင်ယုသည် ကမ္ဘာတုအတွင်းမှ ထွက်ပေါ်လာပြီး လုံချန်းနှင့် မျက်နှာချင်းဆိုင် အနေအထားဖြင့် ပေါ်ပေါက်လာ၏။ သူမ၏ ကျောဘက်ကမူ ဧကရာဇ်မင်းမြတ်ဘက်သို့ လှည့်လျက် ရှိနေလေသည်။
"အခု ငါတို့ ဘယ်ရောက်နေတာလဲ" မင်ယုက လုံချန်းအား မေးမြန်းရင်း နံရံအနီးတွင် ရပ်နေကြသော အစောင့်များကို ဘယ်ပြန်ညာပြန် ကြည့်လိုက်လေသည်။
သူမ၏ အသံကား အနောက်ဘက်တွင် ရပ်နေသော ဧကရာဇ် လုကျွင်းဝေ၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ ခံစားလိုက်ရစေ၏။ ဧကရာဇ်မှာ မျက်ဝန်းများ နီမြန်းလာကာ ထပ်မံ၍ မတ်တတ်ရပ်လိုက်မိပြန်သည်။
သူ့သမီး၏ အသံကို ကြားလိုက်ရချိန်တွင် သူ၏ မျက်ဝန်းများတွင်လည်း ထူးဆန်းသော စိုစွတ်မှုများ ဖြစ်ပေါ်လာလေသည်။ သူမ၏ ရုပ်သွင်မှာ ယခင်ကအတိုင်းပင် ဖြစ်၏။ မည်သည့် အပြောင်းအလဲမျှ မရှိလှချေ။
သူသည် စကားပြောရန် နှုတ်ဟလိုက်သော်လည်း မည်သည့် စကားလုံးမျှ ထွက်မလာခဲ့ချေ။ စိတ်လှုပ်ရှားမှုများ ပြင်းထန်လွန်းလှသဖြင့် သူ စကားပင် မပြောနိုင်အောင် ဖြစ်နေရ၏။ ကံကောင်းထောက်မစွာဖြင့် သူသည် မျက်ရည်များကို ထိန်းချုပ်လိုက်နိုင်ပြီး သူတစ်ပါးရှေ့တွင် ငိုကြွေးခြင်း မရှိစေရန် သတိပြုလိုက်လေသည်။
"ငါတို့က ထူးခြားတဲ့ နေရာတစ်ခုကို ရောက်နေတာပါ မင်ယု။ နင် ဒီနေရာကို သဘောကျလိမ့်မယ်လို့ ငါ ယုံကြည်တယ်" လုံချန်းက ခပ်နောက်နောက် ပြုံးပြရင်း မင်ယုအား ပြောလိုက်၏။
"အနောက်ကို လှည့်ကြည့်လိုက်ပါဦး"
မင်ယုသည် သူ၏စကားကြောင့် မျက်မှောင်ကြုတ်သွားသော်လည်း ဖြည်းညင်းစွာပင် နောက်သို့ လှည့်ကြည့်လိုက်လေသည်။ သူမသည် ပလ္လင်တော်နှင့် အနီးဆုံးတွင် ရပ်နေသော လူနှင့် မျက်နှာချင်းဆိုင်လိုက်ရချိန်တွင်မူ သူမ၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
သူမ၏ ရင်ထဲတွင် လေးလံလှသော ခံစားချက်ကြီးတစ်ခုက ဖုံးလွှမ်းသွားပြီး နှုတ်ခမ်းများမှာလည်း အကြိမ်ကြိမ် ပွင့်ဟကာ စကားလုံးများ ပျောက်ရှနေခဲ့၏။
နောက်ဆုံးတွင် သူမသည် မနေနိုင်တော့ဘဲ ဖခင်ဖြစ်သူအား ဖက်လဲတကင်း နှုတ်ဆက်ရန် ပြေးသွားလေတော့သည်။
"ရပ်စမ်း" အစောင့်တစ်ယောက်က သူမနှင့် ဧကရာဇ်မင်းမြတ်ကြားတွင် ပိတ်ရပ်လိုက်ပြီး ဓားဦးကို မင်ယုဘက်သို့ ချိန်ရွယ်လိုက်လေသည်။
မိမိ၏ ဇနီးသည်အား ဓားဖြင့် ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသောအခါ လုံချန်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် မင်ယု၏ ရှေ့မှောက်သို့ ရောက်ရှိသွားလေသည်။ သူ၏ လက်ထဲတွင်လည်း ရွှေရောင်ဓားတစ်စင်း ရှိနေပြီး ၎င်းကို မင်ယုအား ချိန်ရွယ်ထားသော အစောင့်ဘက်သို့ ပြန်လည် ချိန်ရွယ်လိုက်၏။
"တကယ်လို့ တစ်ယောက်ယောက်က သူ့ကို ထိခိုက်အောင် လုပ်ဖို့ ကြံစည်နေမယ်ဆိုရင်တော့ ဒီနေရာက သူ့ရဲ့ အိမ် ဖြစ်တာကို ကျွန်တော် မေ့သွားလိမ့်မယ်။ ဒီနေရာမှာ သွေးချောင်းစီးသွားစေရမယ်" လုံချန်းက အစောင့်များအား သတိပေးလိုက်လေသည်။
အခြားသော အစောင့်များကလည်း လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြပြီး လုံချန်းအား တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။
"ကလေးတစ်ယောက်က စကားကြီးစကားကျယ် ပြောလှချည်လား" အစောင့်တပ်မှူးက လုံချန်းအား လှောင်ပြောင်လိုက်လေသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါ့သမီးကို ဓားနဲ့ ချိန်ရွယ်တာ ချက်ချင်းရပ်စမ်း" ဧကရာဇ်မင်းမြတ်က အတန်ကြာမှ စကားတစ်ခွန်းကို ဟစ်အော် မိန့်ဆိုလိုက်လေသည်။
"ဒါပေမဲ့ အရှင်မင်းကြီး... ဒါဟာ ချန်တီရဲ့ အကွက်ဖြစ်နိုင်ပါတယ်။ မည်သူမည်ဝါဖြစ်ကြောင်း အသေအချာ မသိရဘဲ အရှင်မင်းကြီး အနားကို အကပ်မခံနိုင်ပါဘူး။ အရှင်မင်းကြီးကို လုပ်ကြံဖို့အတွက် မင်းသမီးနဲ့ တူအောင် တစ်ယောက်ယောက်ကို အယောင်ဆောင် ခိုင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပေါ့ဆလို့ မဖြစ်ပါဘူး" အစောင့်တပ်မှူးက ဧကရာဇ်အား ရိုသေစွာ လျှောက်တင်လိုက်လေသည်။
ထိုစကားက ဧကရာဇ်အား တွေးတောစရာ ဖြစ်သွားစေ၏။ ယခုခေတ်တွင် တစ်စုံတစ်ယောက်အား အယောင်ဆောင်ရန်မှာ ဖြစ်နိုင်ချေ ရှိပေသည်။ ထိုလူ၏ စကားမှာလည်း ယုတ္တိရှိလှပေသည်။ အကယ်၍ ဤမိန်းကလေးမှာ သူ၏ သမီးတော် မဟုတ်ဘဲ သမီးဖြစ်သူအပေါ် ထားရှိသည့် သူ၏ သံယောဇဉ်ကို အသုံးချကာ လုပ်ကြံရန် လာရောက်သော လုပ်ကြံသတ်ဖြတ်သူ တစ်ဦးသာ ဖြစ်နေခဲ့ပါမူ...။