အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အပိုင်း ၆၀၇
မကောင်းမှု လုပ်ပြီးသည့်နောက် သဲလွန်စတွေကို ဖျောက်ဖို့ သူမ သတိရရမည်။ မော့ချူးသည် မိတ်ကပ်ဖျက်ဆေးနှင့် မိတ်ကပ်ဖျက်သည့် ဖော့ပြားများကို တိတ်တဆိတ် ယူလိုက်သည်။
သူမသည် နျဉ်ယွိယွမ်၏ မျက်နှာကို မိတ်ကပ်ဖျက်ပေးရန် ပြင်လိုက်စဉ်မှာပင် မိတ်ကပ်ဖျက်ဆေးက သူ၏ မျက်နှာကို ထိလိုက်သည်နှင့် သူ၏ မျက်လုံးများက ချက်ချင်း ပွင့်လာတော့သည်။ ဒါက မော့ချူးကို တကယ်ပဲ လန့်သွားစေခဲ့သည်။
သူ ရုတ်တရက် နိုးလာလို့တင် မဟုတ်ဘဲ အလှလေးတစ်ယောက်က မျက်လုံးဖွင့်လိုက်သည့် ခဏလေးအတွင်းမှာပင် မိန်းမလျာ တစ်ယောက်လို ဖြစ်သွားသောကြောင့်ပင် ဖြစ်သည်။ ထိုရိုက်ခတ်မှုက ကြီးမားလှသည်။
မှန်ပါသည်။ နျဉ်ယွိယွမ် မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားသည်။ အရင် အိပ်ပျော်နေစဉ်က သူသည် အလွန်နူးညံ့သော်လည်း အခုတော့ သူသည် အေးစက်ပြီး ခပ်စိမ်းစိမ်း ဖြစ်သွားခဲ့သည်။ သာမန်လူ မည်သူမဆို သူ၏ လိင်အမျိုးအစားကို ခွဲခြားနိုင်မည်ဖြစ်သည်။
ဒါပေမယ့် သူ၏ မျက်နှာပေါ်တွင် မိတ်ကပ်များ ရှိမနေဘူးလား။ ထို့ပြင် သူမက အမျိုးသမီး မိတ်ကပ်ကို လိမ်းပေးထားခြင်း ဖြစ်သည်။ သေသေချာချာ ကြည့်လျှင် သူသည် မိန်းမလျာတစ်ယောက်နှင့် တူနေသည်။ ထို့ပြင် ပိုကြည့်လေ ပိုကြောက်စရာကောင်းလေပင် ဖြစ်နေသည်။ သူ၏ အရှိန်အဝါနှင့် မိတ်ကပ်မှာ လုံးဝကို လိုက်ဖက်မှု မရှိဘဲ အလွန်ထူးဆန်းနေတော့သည်။
“ဘာဖြစ်လို့လဲ။” နျဉ်ယွိယွမ်သည် ပုံမှန်ဆိုလျှင် စောစောနိုးသော်လည်း ယနေ့မှာတော့ ထူးခြားနေသည်။
အဓိကမှာ မနေ့ညက သူ ကိစ္စတွေကို အတော်နောက်ကျသည်အထိ စဉ်းစားနေခဲ့သောကြောင့် ဖြစ်သည်။ မနက် ၃ နာရီ ၄ နာရီလောက်မှ သူ အိပ်ပျော်ခဲ့သည်။ သူ အိပ်ပျော်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်တွင် မော့ချူး၏ အငွေ့အသက်များ ပြည့်နှက်နေသဖြင့် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ သူ နိုးလာသည့်အခါ ၈ နာရီ ထိုးလုနီးပါးပင် ဖြစ်နေပြီ။
သေသေချာချာ တွက်ကြည့်လျှင် သူသည် ကြာကြာမအိပ်ခဲ့ရဘဲ အများဆုံး ၄ နာရီ ၅ နာရီလောက်သာ အိပ်ခဲ့ရသည်။ သို့သော် မော့ချူး၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို မြင်ရသည့်အခါ သူ မရယ်ဘဲ မနေနိုင်တော့ပေ။
သို့သော် သူ၏ မျက်နှာပေါ်က မိတ်ကပ်ကိုသာ သူ မြင်လိုက်ရလျှင်တော့ နျဉ်ယွိယွမ်သည် ရယ်နိုင်လိမ့်မည် မဟုတ်ပေ။
“ကျွန်မ မျက်နှာသွားသစ်တော့မယ်။ ရှင် နောက်ထပ် ခဏလောက် ထပ်အိပ်လိုက်ဦးလေ။” ပြောပြောဆိုဆိုဖြင့် မော့ချူးသည် မိတ်ကပ်များကို တာမီနယ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမသည် အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ကုတင်ပေါ်မှ ဆင်းကာ ရေချိုးခန်းသို့ တန်းပြေးသွားတော့သည်။
ထို့နောက် သူမ တံခါးကို တင်းတင်းပိတ်လိုက်သည်။ နျဉ်ယွိယွမ် သူ့မျက်နှာသူ မြင်လို့ လုံးဝမဖြစ်ပေ။ မဟုတ်ရင်တော့ သူမ သေချာပေါက် အသတ်ခံရလိမ့်မည်။
မော့ချူးသည် ရေချိုးခန်းထဲတွင် နျဉ်ယွိယွမ် မသိအောင် သဲလွန်စတွေကို ဘယ်လိုဖျောက်ရမလဲဆိုတာကို စဉ်းစားနေသည်။ ထို့နောက် သူမသည် စင်ပေါ်က မျက်နှာပေါင်းတင်ဆေးကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ဝင်းလက်သွားတော့သည်။ ရပြီ။
မော့ချူးသည် မျက်နှာပေါင်းတင်ဆေးကို ကိုင်ကာ ရေချိုးခန်းထဲမှ ရေဇလုံလေးကို ယူလာခဲ့သည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာပြီး “နျဉ်ယွိယွမ်၊ ကျွန်မ ရှင့်ကို ပေါင်းတင်ပေးမယ်လေ။”
နျဉ်ယွိယွမ်သည် နိုးနေပြီဖြစ်ပြီး သူ၏ မျက်နှာပေါ်ရှိ ဆွဲဆောင်မှုရှိသော မိတ်ကပ်ကြီးဖြင့် အင်္ကျီဝတ်နေသည်။
မော့ချူးသာ စိတ်ကို ကောင်းကောင်း မထိန်းနိုင်လျှင် သူမ အကျယ်ကြီး ရယ်မိတော့မည်။ နျဉ်ယွိယွမ်၏ အခုပုံစံမှာ တကယ်ကို ရယ်စရာကောင်းလှသည်။ ၂၁ ရာစုက ဖျော်ဖြေရေးသမားတွေထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေသည်။
“ဘာ၊ မျက်နှာပေါင်းတင်မယ် ဟုတ်လား။” နျဉ်ယွိယွမ် ခဏတာ မှင်တက်သွားပြီးမှ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “ကိုယ်က ယောက်ျားကြီးတန်မဲ့ ဘာလို့ မျက်နှာပေါင်းတင်ရမှာလဲ။”
“ဟို... ကျွန်မတို့ မနေ့က စားနပ်ရိက္ခာတွေ သွားဝယ်မယ်လို့ ပြောထားတယ် မဟုတ်လား။” မော့ချူး မျက်လုံးလေး ကစားလိုက်ပြီး အကြောင်းပြချက် တစ်ခုကို အမြန်စဉ်းစားလိုက်သည်။ “ဒီနေ့ အဲဒီအခွင့်အရေးကို သုံးပြီး သွားလို့ရတာပဲလေ။ ဒါပေမယ့် ရှင့်အသားအရေကို ကြည့်ဦး။ ကြမ်းတမ်းနေတာပဲ၊ မျက်နှာပေါင်းတင်လိုက်ရင် ချက်ချင်း ထူးခြားသွားမှာ။”
နျဉ်ယွိယွမ်က ငြင်းဆဲပင်။ “ရပါတယ်၊ ကိုယ်က ကျင့်သားရနေပါပြီ။”
'ဖက်ခ်' မော့ချူး ခြေဆောင့်လိုက်မိသည်။ သူသာ မျက်နှာပေါင်းတင်တာကို ခွင့်မပြုရင် သူမ ဘယ်လို အကြောင်းပြချက်နဲ့ နျဉ်ယွိယွမ်ရဲ့ မိတ်ကပ်တွေကို ဆေးကြောပေးနိုင်တော့မှာလဲ။
“ရှင် လုပ်မှာလား၊ မလုပ်ဘူးလား။” မော့ချူး သူ့ကို စိုက်ကြည့်လိုက်သော်လည်း နျဉ်ယွိယွမ်ကတော့ ဘာမှ မဖြစ်သလိုပင်။
“နျဉ်ယွိယွမ်... အကိုနျဉ်... ဦးလေးနျဉ်။” မာမာထန်ထန် ပြောလို့မရသည့်အခါ မော့ချူးသည် ချွဲနွဲ့သည့် နည်းလမ်းကို အသုံးပြုတော့သည်။ ခေါ်လို့ရသမျှ အမည်နာမတွေ အကုန်သုံးပြီး သူမ တတ်နိုင်သမျှ အချွဲဆုံးပုံစံဖြင့် ပြောလိုက်သည်။
နျဉ်ယွိယွမ်သည် တကယ်ပင် အလျှော့ပေးလိုက်ရတော့သည်။ ကြည့်စမ်း... ခုနက ဘာမှ မဖြစ်သလို နေနေသည့် မျက်နှာမှာ ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။
မော့ချူးက အားထပ်စိုက်လိုက်သည်။ “ဦးလေးနျဉ်၊ ကျွန်မပြောတာကို နားထောင်ပေးပါနော်၊ ဟုတ်ပြီလား။”
ဤအသံကို ကြားရသည့်အခါ မော့ချူး ကိုယ်တိုင်တောင် အရိုးတွေ ပျော့သွားသလို ခံစားရသည်၊ နျဉ်ယွိယွမ်လို အမျိုးသားတစ်ယောက်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
“မင်း ကိုယ့်ကို ယောက်ျားလို့ ခေါ်ပေးနိုင်မလား။” နျဉ်ယွိယွမ်အတွက် ဤကဲ့သို့သော ရှားပါးသည့် အခွင့်အရေးကို ရရှိရန် မလွယ်ကူလှသဖြင့် သူသည် သဘာဝကျကျပင် အခွင့်ကောင်းယူလိုက်သည်။
မော့ချူး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ တစ်လက်မပေးရင် တစ်တောင်လောက် လိုချင်နေတာပဲ။
နျဉ်ယွိယွမ်က ပြုံးနေပြီး ဘာမှ မပြောပေ။ သူ၏ ပုံစံမှာ ‘မင်းသာ မပူးပေါင်းရင် ငါလည်း မပူးပေါင်းဘူး’ ဟု ပြောနေသကဲ့သို့ပင်။
'ကောင်းပြီ။ ရှင်နိုင်တယ်' မော့ချူး နှုတ်ခမ်းစူလိုက်ပြီး သူမ၏ အသံကို တမင်တကာ ဆွဲကာ ချွဲနွဲ့လေး ခေါ်လိုက်သည်။ “ယောကျ်ား…”
နျဉ်ယွိယွမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ယိမ်းထိုးသွားတော့သည်။ “လိမ္မာလိုက်တဲ့ ကောင်မလေး။”
“အခု မျက်နှာပေါင်းတင်လို့ ရပြီလား။” မော့ချူးသည် သူမလက်ထဲမှ ပစ္စည်းများကို လှုပ်ယမ်းရင်း မျှော်လင့်တကြီး မေးလိုက်သည်။ ... အကယ်၍ နျဉ်ယွိယွမ်သာ ‘ဟင့်အင်း’ ဟု ပြောရဲလျှင် သူမသည် သူ့အပေါ် ခုန်အုပ်ကာ အားရပါးရ ကိုက်ပစ်လိုက်လိမ့်မည်။
“ရပြီ။” နျဉ်ယွိယွမ်သည်လည်း အချိန်တန်လျှင် အလျှော့ပေးရမည်ကို သိရှိသဖြင့် နောက်ဆုံးတွင် ခေါင်းညိတ်ကာ သဘောတူလိုက်တော့သည်။
မော့ချူး သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။ သူမ နောက်ဆုံးတော့ တာဝန်ကျေပွန်သွားပြီ။
“အရင်ဆုံး မျက်နှာကို သုတ်ပေးမယ်နော်...” မော့ချူးသည် လက်ကိုင်ပုဝါကို မြှောက်ကာ ကျေနပ်နေသော အကြည့်များဖြင့် နျဉ်ယွိယွမ်၏ မျက်နှာကို ထိတွေ့လိုက်သည်။ “ လာလေ။”
သဲလွန်စတွေကို ဖျောက်ဖျက်ဖို့ကတော့ လက်တစ်ကမ်းအလိုမှာပဲ ရှိတော့သည်...
မော့ချူး၏ လက်ကိုင်ပုဝါသည် နျဉ်ယွိယွမ်၏ မျက်နှာကို ထိလုနီးပါးပင်... ရုတ်တရက် သန်မာသော လက်တစ်ဖက်က လှမ်းလာပြီး သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။
“ဒီမိတ်ကပ်က မဆိုးဘူးပဲ။ မင်းကြည့်ရတာရော လှတယ်လို့ ထင်လား။” နျဉ်ယွိယွမ်၏ အသံက မော့ချူး၏ နားနားတွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ အသံနေအထားမှာ အရင်အတိုင်း နူးညံ့နေသော်လည်း ပြောလိုက်သည့် စကားအကြောင်းအရာကတော့ သူမကို အကြီးအကျယ် လန့်သွားစေခဲ့သည်။
'သွားပြီ... နျဉ်ယွိယွမ် ဒါကို သိနေတာလား' မော့ချူး အံ့အားသင့်စွာဖြင့် သူ့ကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေးမှာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ 'မဟုတ်သေးပါဘူး၊ ဒီလူက ဘယ်လိုလုပ် သိသွားတာလဲ'
“ဟိုမှာ ကြည့်လိုက်ဦး။” နျဉ်ယွိယွမ်က မော့ချူးကို မေးငေါ့ပြလိုက်သည်။ နျဉ်ယွိယွမ် ညွှန်ပြသည့် ဘက်ကို ကြည့်လိုက်သည့်အခါ မော့ချူး ငိုချင်စိတ်တောင် ပေါက်သွားတော့သည်။ တကယ့်ကို ပေါ့ဆမိတဲ့ အမှားပဲ။ သူမရဲ့ မှန်တင်ခုံပေါ်မှာ မှန်အသေးလေး တစ်ချပ် ရှိနေတာကိုး။
နျဉ်ယွိယွမ် နိုးလာကတည်းက အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့တာပဲ။ သူမကတော့ သူ့မျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်ဖို့ နည်းလမ်းတွေ စဉ်းစားနေခဲ့တာ။ နျဉ်ယွိယွမ်က အားလုံးကို သိနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
'အိုင်းရား။ အမှားပဲ၊ တကယ့်ကို အမှားကြီးပဲ' မော့ချူး စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ခေါင်းကို သူမ ပြန်ရိုက်လိုက်မိသည်။ 'ဒါမျိုး ဖြစ်လာမှန်းသာ သိခဲ့ရင် သူမ ခုနက အောက်ကျနောက်ကျ ခံပြီး တောင်းပန်နေမှာ မဟုတ်ဘူး။ အဲဒါတွေက လုံးဝ မလိုအပ်ခဲ့တာပဲ'
“တော်တော့။” နျဉ်ယွိယွမ်က ရယ်ချင်စိတ်ကို အောင့်ထားရင်း မော့ချူး၏ ဖြူနုသော ပါးပြင်လေးကို လှမ်းဆွဲလိုက်သည်။ “ကိုယ် မင်းကို စိတ်မဆိုးပါဘူး။ အမြန်သာ ကိုယ့်မျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်ပေးတော့။ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေလို့။”
“ဟုတ်ကဲ့။ သိပါပြီရှင်။” မော့ချူးက နောက်ပြောင်သည့်အနေဖြင့် စစ်သားတစ်ယောက်လို အလေးပြုလိုက်ပြီးနောက် နျဉ်ယွိယွမ်၏ မိတ်ကပ်များကို အမြန်ပင် ဖျက်ပေးလိုက်တော့သည်။
မိတ်ကပ်တွေ ဖျက်ပြီးနောက် သူမသည် ရေဖြင့် သူ၏ မျက်နှာကို အသာအယာ ပုတ်ပေးလိုက်ပြီးမှ ဂရုတစိုက် မေးလိုက်သည်။ “ဘယ်လိုလဲ၊ နေလို့ကောင်းလား။” အစပိုင်းတွင် မော့ချူးလေး၏ နူးညံ့သော လက်ကလေးဖြင့် အပုတ်ခံရခြင်းက အနည်းငယ် ထူးဆန်းနေသော်လည်း နောက်ပိုင်းတွင်တော့ အတော်လေး နေလို့ကောင်းလာခဲ့သည်…
မော့ချူး မျက်နှာကို အသာအယာပုတ်ပေးခြင်း ပြီးဆုံးသွားသည့်အခါ နျဉ်ယွိယွမ်က ရယ်ကာ မျှတသော အကဲဖြတ်ချက်ကို ပေးလိုက်သည်။ “မင်းရဲ့ လက်ရာက မဆိုးဘူးပဲ။”
'ဒါပေါ့' မော့ချူးက ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်သည်။ 'အရင်တုန်းက သူမ အလှပြင်ဆိုင်မှာ ခြောက်လကျော်လောက် နေခဲ့ဖူးတာလေ။ အချိန်အကြာကြီး မဟုတ်ခဲ့ရင်တောင်မှ လက်ရာပိုင်းနဲ့ ပတ်သက်လာရင်တော့ သူမက ပညာရှင်အဆင့်ပဲ။'
“ကောင်းပြီ အောက်ဆင်းကြရအောင်။” နျဉ်ယွိယွမ် ရယ်မောလိုက်သည်။ ဘာကြောင့်လဲတော့ မသိသော်လည်း ဤမိန်းကလေးနှင့်အတူ ရှိနေသည့်အခါ သူသည် အလွန်ပျော်ရွှင်ပြီး စိတ်လက်ပေါ့ပါးနေတတ်သည်။ “မင်း ဈေးဝယ်ထွက်ချင်သေးတယ် မဟုတ်လား။”
“ဟုတ်တယ်၊ ဟုတ်တယ်။” အမျိုးသမီးတိုင်းကတော့ ဈေးဝယ်ထွက်ရတာကို ဝါသနာပါကြသည်။ ဒါကို ကြားလိုက်ရသည့်အခါ မော့ချူးက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ မော့ယန်ကတော့ အောက်ထပ်တွင် ရောက်နှင့်နေပြီ။ သူသည် နျဉ်ယွိယွမ်ကဲ့သို့ ချက်ပြုတ်ခြင်းအတတ်ပညာ မရှိသော်လည်း ဘယ်လို ပါးနပ်ရမလဲဆိုတာကိုတော့ သိသည်။
သူသည် မော့ချူး ကြိုတင်ပြင်ဆင်ထားသော ကောက်ညှင်းလုံး အများအပြားကို ယူကာ တာမီနယ်ထဲသို့ ထည့်ထားခဲ့သည်။ သူ စားချင်သည့်အခါတွင် ရေနွေးပူပူထဲ ထည့်ပြုတ်ပြီး မုန့်လုံးလေးများ ပေါ်လာသည်အထိ စောင့်ကာ စားရုံသာဖြစ်သည်။
သူတို့နှစ်ယောက် အောက်ဆင်းလာသည်ကို မြင်သည်နှင့် မော့ယန်သည် ဘာမှ မပြောဘဲ နျဉ်ယွိယွမ်ကို တမင်တကာ လျစ်လျူရှုထားလိုက်သည်။ သူက ချူးလေးကိုသာ မေးလိုက်သည်။ “ကောက်ညှင်းလုံး စားမလား။ အစ်ကို ပြုတ်ပေးမယ်။”
“ဟုတ်ကဲ့။” မော့ချူးက မငြင်းဘဲ ပြုံးကာ သဘောတူလိုက်သည်။ မော့ယန်၏ မျက်နှာမှာ ဝင်းပသွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “ဒါဆို ခဏစောင့်နော်။ အခုချက်ချင်း ပြုတ်ပေးမယ်။ နှမ်းနဲ့လား ဒါမှမဟုတ် သကြားညိုနဲ့လား။”
“တစ်ဝက်စီပဲ ပေးပါ။ ရှစ်လုံးဆိုရင် ညီမအတွက် လုံလောက်ပါပြီ။” မော့ချူး၏ အစားအသောက်မှာ အလွန်အမင်း မများသော်လည်း နည်းလှသည်တော့ မဟုတ်ပေ။ သူမသည် လက်သီးဆုပ်အရွယ် ကောက်ညှင်းလုံး တစ်လုံး၏ သုံးပုံတစ်ပုံခန့်ကို စားနိုင်သည်။ အစားကောင်းသည့် အချိန်ဆိုလျှင် ဆယ်လုံးကျော်တောင် စားနိုင်သော်လည်း အခုက မနက်စာဖြစ်သဖြင့် အများကြီး မစားနိုင်ပေ။
“ကောင်းပြီ၊ ပြဿနာမရှိဘူး။” မော့ယန်က ပြုံးကာ သဘောတူလိုက်သည်။ နျဉ်ယွိယွမ်ကိုတော့ မော့ချူးက ‘မတတ်နိုင်ဘူး’ ဆိုသည့် အကြည့်မျိုးသာ ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဤလူမှာ သူ့ဘာသာသူသာ မနက်စာ ချက်စားရတော့သည်။
သို့သော် ကံကောင်းထောက်မစွာပင် သူ၏ ချက်ပြုတ်မှု အတတ်ပညာမှာ အတော်လေး ကောင်းမွန်လှသည်။ သူ့မှာ ကောက်ညှင်းလုံး မရှိသော်လည်း ထမင်းကြော်ကိုတော့ အလွယ်တကူ ကြော်စားနိုင်သည်။ မကြာမီပင် မော့ချူး၏ ကောက်ညှင်းလုံးများ အဆင်သင့် ဖြစ်သွားခဲ့သည်။
သူမကိုယ်တိုင် ဤအရာအားလုံးကို လုံးထားခြင်းဖြစ်ပြီး အထဲက အစာသွတ်တွေကိုလည်း ကိုယ်တိုင် စပ်ထားခြင်းဖြစ်သည်။ ချိုမြိန်မှုရော၊ အနေအထားရောက အတော်လေးကို အဆင်ပြေလှသည်။
အမှန်တော့ မော့ချူးသည် နှမ်းစာသွတ်ထားသော ကောက်ညှင်းလုံးကို ပိုကြိုက်သည်၊ အကြောင်းမှာ အရသာမှာ အလွန်ထူးခြားသောကြောင့် ဖြစ်သည်။ တစ်ကိုက် ကိုက်လိုက်လျှင် နှမ်းလေးများက ပါးစပ်ထဲတွင် အရည်ပျော်ကာ စီးကျလာတတ်သည်။ သကြားဖြူလေးနှင့် တွဲဖက်လိုက်သည့်အခါ အလွန်ပင် မွှေးပျံ့လှသည်။
သကြားညိုအရသာ ကောက်ညှင်းလုံးများမှာလည်း အရသာရှိသော်လည်း အများကြီးစားလျှင်တော့ အီသွားတတ်သည်။ သို့သော် အဆင်ပြေမည်ဆိုလျှင် သူမက နှစ်မျိုးလုံးကို ရောစားရတာကို ပိုကြိုက်သည်။ ဒါက မုန့်၏ အရသာကြောင့်တင် မဟုတ်ဘဲ စိတ်ဝင်စားစရာ ကောင်းသောကြောင့် ဖြစ်သည်။
မုန့်လုံးလေး တစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည့်အခါ ထိုမုန့်လုံး၏ အရသာကို ခန့်မှန်းရခြင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ကိုက်လိုက်သည်နှင့် အထဲက အစာများက စီးထွက်လာပြီး အဖြေမှာ ချက်ချင်းပင် လျှာပေါ်တွင် ပေါ်လွင်သွားတော့သည်။ မှန်အောင် ခန့်မှန်းနိုင်လိုက်လျှင် ရရှိသည့် အောင်မြင်မှု ခံစားချက်က အလွန်ပင် စိတ်ဝင်စားစရာ ကောင်းသည်။
ဤကဲ့သို့ တွေးတောရင်း မော့ချူးသည် ကောက်ညှင်းလုံး တစ်ပန်းကန်လုံးကို အမြန်ပင် ကုန်အောင် စားလိုက်တော့သည်။ နျဉ်ယွိယွမ်နှင့် မော့ယန်တို့ နှစ်ယောက်လုံးမှာ စစ်တပ်တွင် စားသောက်ရသည်ကို ကျင့်သားရနေသဖြင့် စားနှုန်းမှာ အလွန်ပင် မြန်ဆန်လှသည်။ နျဉ်ယွိယွမ်သည် မော့ချူးထက်တောင် အရင် ကုန်အောင် စားနိုင်ခဲ့သည်။
အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၆၀၈
“ ပန်းကန်တွေကို ဒီအတိုင်း ထားလိုက်။” အိမ်တွင် မော့ချူးက ချက်ပြုတ်ပြီး မော့ယန်က တစ်ခါတရံ ကူညီပေးလေ့ရှိသည်။ သို့သော် သူတို့နှစ်ယောက်လုံးက ပန်းကန်ဆေးရတာကို မကြိုက်ကြပေ။ ထို့ကြောင့် အိမ်အလုပ်များအတွက် အိမ်အကူ စက်ရုပ်တစ်ခုကို ဝယ်ယူထားပြီး ထိုအရာများကို လုပ်ဆောင်စေသည်။
“အို... ဒါနဲ့ အစ်ကို။” မော့ချူးသည် ပန်းကန်များနှင့် တူများကို မီးဖိုချောင်ထဲတွင် ထားခဲ့လိုက်သည်။ ခေတ္တကြာလျှင် အိမ်အကူစက်ရုပ်က လာရောက် ဆေးကြောပေးလိမ့်မည်။ ထို့နောက် မူလနေရာများတွင် သေသေသပ်သပ် ပြန်ထားပေးလိမ့်မည်။ “နျဉ်ယွိယွမ်နဲ့ ကျွန်မက အခွင့်ကြုံတုန်း စားနပ်ရိက္ခာတွေ သွားဝယ်မလို့။ အစ်ကိုပါ လိုက်ခဲ့မလား။”
နျဉ်ယွိယွမ်က မော့ယန်ကို မသိမသာ ခိုးကြည့်လိုက်သည်။ သူနှင့် ချူးလေးတို့ နှစ်ယောက်တည်း ဒိတ်လုပ်နိုင်ရန် မော့ယန်က ငြင်းလိုက်ဖို့ကို စိတ်ထဲကနေ ပြင်းပြင်းထန်ထန် ဆုတောင်းနေခဲ့သည်။
အမှန်တော့ မော့ယန်သည် ဈေးဝယ်ထွက်ရခြင်းကို အမှန်တကယ် စိတ်မဝင်စားပေ။ သူ တစ်ခုခု ဝယ်ချင်လျှင်ပင် စတားနက်ကနေ ဝယ်ယူပြီး အိမ်အရောက် ပို့ခိုင်းသည်ကိုသာ ကျင့်သားရနေသည်။ ငြင်းပယ်ရန် ပြင်နေသော မော့ယန်သည် နျဉ်ယွိယွမ်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ချက်ချင်း စိတ်ပြောင်းသွားတော့သည်။ “ကောင်းပြီလေ၊ ငါလည်း မင်းတို့နဲ့ လိုက်ခဲ့မယ်။”
ဒီလူက တမင်တကာ လုပ်တာပဲ။ နျဉ်ယွိယွမ် ဒါကို လုံးဝ မသံသယဖြစ်မိပေ။ မော့ယန်က မျက်ခုံးကို အသာပင့်ပြလိုက်ပြီး ‘ငါ တမင်လုပ်တာပဲ၊ တတ်နိုင်ရင် လာရိုက်လေ’ ဆိုသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။
... နျဉ်ယွိယွမ် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ၊ နောက်ဆုံးတော့ သူတို့ သုံးယောက်သား ခရီးစဉ်ကတော့ အတည်ဖြစ်သွားခဲ့သည်။ ရှေ့တစ်ကီလိုမီတာပင် မပြည့်သော နေရာတွင် ကုန်ပစ္စည်းမျိုးစုံ ရရှိနိုင်သော စူပါမားကတ်ကြီး တစ်ခု ရှိပြီး ထိုနေရာမှာပင် သူတို့၏ ပန်းတိုင်ဖြစ်သည်။
သူတို့ သုံးယောက်လုံးမှာ လူသိများသူများ ဖြစ်ကြသဖြင့် အပြင်အဆင်များကို ပြောင်းလဲထားကြသည်။ အလွန်အမင်း ထူးခြားနေအောင် မလုပ်ထားသော်လည်း အနီးကပ် သေသေချာချာ လာမကြည့်လျှင်တော့ သူတို့ မည်သူမည်ဝါဖြစ်ကြောင်း သိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့ သုံးယောက်မှာ မည်သည့် ပြဿနာမျှ မရှိဘဲ စူပါမားကတ်ထဲသို့ ချောချောမွေ့မွေ့ ဝင်နိုင်ခဲ့ကြသည်။ ကြည့်ရသည်မှာ သူတို့၏ ရုပ်ဖျက်မှုမှာ အတော်လေး အောင်မြင်လှသည်။ ဤရုပ်ဖျက်မှု အစီအစဉ်ကို ဦးဆောင်သူဖြစ်သည့် မော့ချူးက ပြောလိုက်သည်။ “တော်ကြတယ်။”
နောက်တစ်ခါလည်း ဒါကို ဆက်ပြီး ထိန်းသိမ်းထားရမည်။ မော့ချူး၏ အမြင်တွင်တော့ ဤစူပါမားကတ်၏ အတိုင်းအတာမှာ အလွန်ပင် ကြီးမားလှသည်။
၎င်းကို အထပ်ခြောက်ထပ် ခွဲထားပြီး အထပ်တိုင်းတွင် သီးခြား အရောင်းကောင်တာများ ရှိသည်။ ဥပမာအားဖြင့် ပထမထပ်တွင် အစားအသောက်များ ရောင်းချသည်။ အမှန်တော့ အထဲက ပစ္စည်းတွေရဲ့ သုံးပုံနှစ်ပုံလောက်က မော့ချူး ထုတ်လုပ်ထားသည့် အရာများပင်။ ဒုတိယထပ်တွင်မူ အဝတ်အထည်များ ရောင်းချသည်။ ကုန်အမှတ်တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံနှင့် ဈေးနှုန်းမျိုးစုံကို တွေ့ရှိနိုင်သည်။
ထို့နောက် တတိယထပ်တွင် ပရိဘောဂများ၊ စတုတ္ထထပ်တွင် လျှပ်စစ်ပစ္စည်းများနှင့် ပဉ္စမထပ်တွင်မူ... “ပထမထပ်ကို အရင်သွားကြရအောင်။” မော့ချူးသည် ဘေးနားက တွန်းလှည်းလေး တစ်ခုကို ယူလိုက်ပြီး ၎င်းပေါ်ရှိ နံပါတ်ပြားကို ယူလိုက်သည်။
ဤတွန်းလှည်းကို တွန်းနေစရာ မလိုပေ။ ၎င်းပေါ်ရှိ သံလိုက်ဓာတ် စနစ်က နံပါတ်ပြား နောက်သို့ လိုက်ပါသွားစေမည်ဖြစ်သည်။ ထို့ပြင် ၎င်းတွင် အထူး အာရုံခံစနစ်လည်း ပါရှိသည်။ လူများ သို့မဟုတ် အခြားတွန်းလှည်းများနှင့် တိုးမိတော့မည်ဆိုလျှင် အလိုအလျောက် ရှောင်တိမ်းသွားမည်ဖြစ်ပြီး ၎င်း၏ အာရုံခံနိုင်စွမ်းမှာ အလွန်မြင့်မားလှသည်။
ပထမထပ်သို့ လှမ်းဝင်လိုက်သည်နှင့် မော့ချူးသည် ပြင်းရှသော ရနံ့တစ်ခုကို ရရှိလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အစားအသောက်ရနံ့များဖြင့် ဝန်းရံခံထားရသလိုပင် ရှိနေသည်။ သူမ ရှေ့သို့ တစ်လှမ်းပင် မတိုးနိုင်တော့ပေ။
မော့ချူးတို့၏ ရှေ့တွင် အရောင်းခန်းမမှာ အစွန်းနှစ်ဖက် ရောက်နေသကဲ့သို့ ဖြစ်နေသည်။ တစ်ဖက်တွင် လူအနည်းငယ်သာ ရှိသော်လည်း အခြားတစ်ဖက်တွင်မူ လူတန်းကြီးက ရှည်လျားလှသည်။ ... ဟင်။ မော့ချူး သိချင်စိတ်ဖြင့် အနီးသို့ သွားကြည့်လိုက်သည်။
နောက်ဆုံးတွင် နှစ်ဖက်လုံးမှ ပစ္စည်းများမှာ အတူတူပင်ဖြစ်ပြီး ဈေးနှုန်းမှာလည်း တစ်ခုမှ မကွာခြားသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားခဲ့သည်။ သို့သော် အရောင်းရလဒ်ကတော့ ကောင်းကင်နှင့် မြေကြီးလို ကွာခြားနေသည်။
မော့ချူးသည် ဘေးမှနေ၍ အချိန်အတော်ကြာ တိတ်တဆိတ် စောင့်ကြည့်နေပြီးနောက် မကြာမီပင် အကြောင်းရင်းကို သိရှိသွားခဲ့သည်။ နှစ်ဖက်စလုံးမှ ပစ္စည်းများမှာ အတူတူပင် ဖြစ်သော်လည်း ဆန့်ကျင်ဘက် ဖြစ်နေသည့် အရာတစ်ခု ရှိနေသည်။
၎င်းမှာ မမြင်နိုင်သော အရာတစ်ခုဖြစ်သည့် ဝန်ဆောင်မှုပေးသော စိတ်ထား ပင်ဖြစ်သည်။ မှန်ပါသည်။ တစ်ဖက်မှ ဝန်ဆောင်မှုပေးသူများမှာ အေးစက်သော စိတ်ထားရှိပြီး ဝယ်ယူသူများက မေးမြန်းသည့်အခါတွင်လည်း လျစ်လျူရှုထားကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အရောင်းအဝယ်မှာ သဘာဝကျကျပင် အေးစက်နေတော့သည်။
အခြားတစ်ဖက်တွင်မူ ဝန်ဆောင်မှုပေးသူများက ပြုံးရွှင်နေကြပြီး နွေးထွေးဖော်ရွေကြသဖြင့် စီးပွားရေးမှာ သဘာဝကျကျပင် ပိုကောင်းမွန်လှသည်။ နှစ်ဖက်မှာ သိသိသာသာကို ကွာခြားနေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရွေးချယ်စရာ ရှိနေသည့် အခြေအနေမျိုးတွင် လူတိုင်းက အရည်အသွေးမြင့် ဝန်ဆောင်မှုကိုသာ ရွေးချယ်ချင်ကြသည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ တခြားလူတွေရဲ့ အေးစက်တဲ့ မျက်နှာပေးနဲ့ အထင်သေးတဲ့ အကြည့်တွေကို အကြည့်မခံချင်ကြဘူးလေ။
သူတို့ရှေ့က အရောင်းရလဒ်တွေကတော့ အကောင်းဆုံး သက်သေပင် ဖြစ်သည်။ အရေးကြီးကိစ္စ မဟုတ်သရွေ့တော့ လူတိုင်းက ပိုကောင်းတဲ့ ဝန်ဆောင်မှု ပတ်ဝန်းကျင်ကို ခံစားနိုင်ဖို့အတွက် လူတန်းရှည်မှာ အချိန်အကြာကြီး စောင့်ရတာကို ပိုနှစ်သက်ကြသည်။
အမှန်တော့ ဤအချက်ကို ၂၁ ရာစုကတည်းက သတိထားမိခဲ့ပြီး အလေးထားခဲ့ကြခြင်းဖြစ်သည်။ လူသိများသော လုပ်ငန်းအချို့ဆိုလျှင် ‘အရည်အသွေးမြင့် ဝန်ဆောင်မှု’ ဆိုသည့် စကားလုံးဖြင့် စတင်ခဲ့ပြီးမှ ဈေးကွက်ကို သိမ်းပိုက်ကာ လုပ်ငန်းနယ်ပယ်တစ်ခုလုံး၏ ထိပ်သီးများ ဖြစ်လာခဲ့ကြခြင်းပင် ဖြစ်သည်။
အဖွဲ့ချုပ်က ဤကဏ္ဍတွင် အခုထိ ဘာမှ မသိသေးတာကို မော့ချူး တစ်ခါမှ သတိမထားမိခဲ့ပေ။ ဒါဟာ ရှာဖွေရဦးမယ့် နယ်ပယ်အသစ်တစ်ခုပဲ။ ခြုံပြောရရင် အဖွဲ့ချုပ်ကြီးဟာ လူမှုဆက်ဆံရေး ကဏ္ဍမှာ အတော်လေး လိုအပ်ချက် ရှိနေသေးသည်။ တစ်ခါတရံမှာ တိုးတက်မလာတဲ့အပြင် နောက်ပြန်တောင် ဆုတ်နေသလိုပင် ဖြစ်နေသည်။
အဖွဲ့ချုပ်က ထုတ်လုပ်သူ အများစုက သူတို့ ထုတ်ကုန်တွေရဲ့ စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်နေကြပြီး ဝန်ဆောင်မှု နယ်ပယ်ကိုတော့ အခုထိ ရှာမတွေ့သေးတာမျိုးပေါ့။ ဒါပေမယ့် ဒါက သူမအတွက် အခွင့်အရေး တစ်ခု ဖြစ်လာစေတယ်... ဒါကို တွေးမိလိုက်သည့်အခါ မော့ချူး မသိမသာ ခိုးရယ်လိုက်မိသည်။
သို့သော် သူမသည် ထိုထောင့်ကို ကွေ့လိုက်ပြီး စိတ်ဝိညာဉ်အစားအစာမုန့်များ သီးသန့်ရောင်းချသည့် နေရာသို့ ရောက်သွားသည့်အခါမှာတော့ သူမ မရယ်နိုင်တော့ပေ။
သူမ၏ ရှေ့တည့်တည့်တွင် ရှိနေသော ဆိုင်မှာ သူမ၏ စိတ်ဝိညာဉ်အစားအစာမုန့်များကို အဓိကထား ရောင်းချသည့် ဆိုင်ပင် ဖြစ်သည်။
ဆိုင်အတွင်းပိုင်းကို အလွန်လက်ရာမြောက်စွာ ပြင်ဆင်မွမ်းမံထားပြီး မုန့်များ၏ သင်းပျံ့သောရနံ့မှာ လေထုထဲတွင် ပျံ့လွင့်နေသည်။ လူအများအပြား ဆိုင်ထဲသို့ အဝင်အထွက် ပြုလုပ်နေကြပြီး ဆိုင်အတွင်း၌လည်း လူများဖြင့် ပြည့်နှက်နေလေသည်။
ဤစည်ကားမှုနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်မှာ ဆိုင်ရှိ ဝန်ထမ်းများ၏ ဝတ်ကျေတန်းကျေ ဆက်ဆံရေးပင် ဖြစ်သည်။
စကားလက်ဆုံပြောနေကြသူကပြော၊ အင်တာနက်သုံးနေသူကသုံးနှင့်... သူတို့အားလုံးမှာ ဘေးတွင် ရပ်နေကြသော်လည်း အလှဆင်ပစ္စည်းများအလား ဘာအလုပ်မှ မလုပ်ဘဲ နေနေကြသည်။
ဒါကို မြင်လိုက်ရသည့်အခါ မော့ချူး၏ မျက်နှာမှာ လုံးဝ ပျက်သွားတော့သည်…
သူမသည် နျဉ်ယွိယွမ်နှင့် ကျန်တဲ့လူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆိုင်ထဲသို့ လျှောက်လှမ်းဝင်သွားကာ လူတန်းတစ်ခု၏ နောက်ဆုံးတွင် ဝင်ရပ်လိုက်တော့သည်။
ရှေ့တွင်ရှိနေသော လူအုပ်ကြီးမှာ မော့ချူးကဲ့သို့ မိန်းကလေးကို သတိမထားမိကြပေ။ သူမ၏ ရှေ့တွင်ရှိနေသော အမျိုးသမီး တစ်ယောက်သာ နောက်လှည့်၍ သူမကို အေးစက်စွာ တစ်ချက်ကြည့်ပြီး မျက်နှာပြန်လွှဲသွားသည်။
“ဟင်း... စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဒီကို ပစ္စည်းလာဝယ်တိုင်း အမြဲတမ်း တန်းစီနေရတာပဲ။” ရှေ့က အမျိုးသမီးက သူမ၏ အဖော်များကို ညည်းတွားပြနေပြီး သူမ၏ မျက်နှာတွင်လည်း စိတ်ပျက်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
“ကဲပါ... သူတို့ဆီက အစားအသောက်တွေက တကယ် အရသာရှိတာကိုး။” နောက်ထပ် မိန်းကလေးတစ်ယောက်က ဝင်ပြောလိုက်ပြီး သွားရည်ကျမတတ် မျက်နှာပေးမျိုး လုပ်ပြခဲ့သည်။ “အထူးသဖြင့် သူတို့ရဲ့ ပဲကိတ်ကတော့ ငါ့ရဲ့ အကြိုက်ဆုံးပဲ။”
“ငါကတော့ မုန့်ကြွပ်လေးတွေကို ပိုကြိုက်တယ်။ အဲဒီအရသာက စွဲလမ်းဖို့ ကောင်းလွန်းတယ်။” ထိုအမျိုးသမီးက ခေါင်းညိတ် ထောက်ခံလိုက်ပြီးမှ စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။ “ဒါပေမယ့် ဒီက ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကတော့ သိပ်မကောင်းဘူး။ ပြီးခဲ့တဲ့တစ်ခေါက်ကဆို ငါ ဒေါသထွက်လွန်းလို့ သေတောင်သေနိုင်တယ်။ ဒီက အစားအသောက်တွေက တကယ် အရသာရှိနေလို့သာပေါ့၊ မဟုတ်ရင် ငါ နောက်တစ်ခါ လုံးဝ လာမှာမဟုတ်ဘူး။”
“ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တယ်။”
…
မော့ချူး ပစ္စည်းဝယ်ရန် အလှည့်ရောက်လာသည့်အခါတွင်မူ၊ ‘မကောင်းသော ဆက်ဆံရေး’ ဆိုသည်မှာ မည်သို့ဆိုလိုကြောင်း သူမ ကောင်းကောင်းကြီး နားလည်သွားတော့သည်။
“မင်္ဂလာပါ၊ ဒါလေးက ဘယ်လောက်လဲဟင်။” မော့ချူးက မုန့်တစ်ခုကို အသာအယာ ညွှန်ပြလိုက်ပြီး အလွန်စိတ်ဝင်စားနေသည့် ပုံစံမျိုး ဖမ်းလိုက်သည်။
သူမ၏ ရှေ့တွင် ရပ်နေသော ဝန်ထမ်းမှာ သူမကို လုံးဝ လျစ်လျူရှုထားသည်။ သူတို့မှာ အင်တာနက်ပေါ်က သတင်းများကို ဖတ်ကြည့်ရန်သာ အလုပ်ရှုပ်နေကြသည်။ အတော်ကြာမှ ခပ်အေးအေးပင် ပြောလိုက်သည်။ “ဘေးမှာ ရေးထားတာ မတွေ့ဘူးလား။ ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်ပါလား။”
မော့ချူးမှာ ချက်ချင်းပင် စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်သွားတော့သည်။
ကောင်းလိုက်လေခြင်း... အရောင်းဝန်ထမ်းက ဝယ်ယူသူထက်တောင် ပိုပြီး ဂုဏ်မောက်နေပါလား။ ဒါက ဘာသဘောလဲ။
စိတ်ထဲက ဒေါသကို အောင့်ထားရင်း မော့ချူးက လှည့်ပတ်ကြည့်လိုက်သည်။ အတော်ကြာ ရှာဖွေပြီးသည့်တိုင် သူမမေးသည့်ဈေးနှုန်းကို ရှာမတွေ့သေးပေ။ “... ဘယ်နေရာမှာ ရေးထားလို့လဲ။”
“နင်က မျက်စိမမြင်ဘူးလား။” ဝန်ထမ်းက သူမကို ငေါက်လိုက်သည်။ ထို့နောက် ဘေးဘက်သို့ အသာအယာ လက်ညှိုးထိုးပြလိုက်သည်။ “ဒီမှာလေ၊ မဟုတ်ဘူးလား။”
သူမ ညွှန်ပြသည့် ဘက်ကို ကြည့်လိုက်သည့်အခါ မော့ချူးမှာ ဆွံ့အသွားရတော့သည်။
လက်ဖဝါးခန့်ပင် မရှိသော စက္ကူပြားအသေးလေးပေါ်တွင် “အထပ်တစ်ထောင်မုန့် တစ်ဘူးကို ဖက်ဒရယ် ဒင်္ဂါး ၅၀၀” ဟု ပေါ့ပေါ့တန်တန် ရေးသားထားလေသည်။
... မော့ချူး၏ နဖူးကြောများမှာ ဒေါသကြောင့် သိသိသာသာ လှုပ်ခတ်သွားသည်။
သူ့ရှေ့က မုန့်က သိသိသာသာကို ရူယီကိတ် ဖြစ်နေတာကို၊ ဘယ်လိုလုပ်ပြီး အထပ်တစ်ထောင်မုန့် ဖြစ်နိုင်မှာလဲ။ ဒီလောက် ထင်ရှားတဲ့ အမှားမျိုးကို ဘယ်လိုများ လုပ်နိုင်ရတာလဲ။
“ဒါက အထပ်တစ်ထောင်မုန့် မဟုတ်ဘူး ထင်တယ်နော်။ တစ်ခုခု မှားနေတာလား...” မော့ချူး စကားမဆုံးခင်မှာပင် ထိုဝန်ထမ်းက ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်သည်။ “နင်က လာပြီး ရန်စနေတာလား။ ပစ္စည်းရော၊ ဈေးနှုန်းရောက ဒီမှာ အားလုံးရှိတယ်။ ဝယ်ချင်ရင်ဝယ်၊ မဝယ်ချင်ရင် ဖယ်ပေးလိုက်။ တခြားလူတွေကို လာပြီး အနှောင့်အယှက် မပေးနဲ့။”
မော့ချူးသည် ပုံမှန်အားဖြင့် စိတ်ရှည်သူ တစ်ယောက် ဖြစ်သော်လည်း ဤစကားများကို ကြားလိုက်ရသည့်အခါတွင်မူ ဒေါသက ငယ်ထိပ်သို့ ဆောင့်တက်သွားတော့သည်။
“နင်တို့ရဲ့ ဆိုင်မန်နေဂျာ ဘယ်မှာလဲ။”
မော့ချူး၏ မျက်နှာအမူအရာမှာ အေးစက်သွားတော့သည်။ ယခုအချိန်တွင် သူမအနေဖြင့် ‘တိတ်တဆိတ် စုံစမ်းရန်’ ဆိုသည့် အကြံအစည်များ မရှိတော့ပေ။ ဤကဲ့သို့သော ဝန်ဆောင်မှု အရည်အသွေးမျိုးနှင့် သူမ၏ မုန့်များကသာ အရသာမရှိခဲ့လျှင် ဝယ်ယူသူများကို အကြီးအကျယ် စိတ်ပျက်အောင် လုပ်မိပြီးသား ဖြစ်နေပေလိမ့်မည်။
ဝန်ထမ်းက မော့ချူးကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။ “ငါတို့ ဆိုင်မန်နေဂျာကို ဘာကိစ္စနဲ့ ရှာတာလဲ။”
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။” မော့ချူးက သူမကို လှောင်ပြုံးပြလိုက်သည်။ “နင့်ကို တိုင်စာတင်မလို့။”
ဒါကို ကြားလိုက်ရသည့်အခါ ဝန်ထမ်းမှာ ခေတ္တမျှ ကြောင်သွားပြီးမှ အော်ကာ ရယ်မောလိုက်တော့သည်။ “ဟားဟား၊ နင်က ငါ့ကို တိုင်ဦးမလို့လား။ တိုင်လေ၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။”
ဤမျှအထိ ထောင်လွှားနေသော ပုံစံကြောင့် မော့ချူး၏ မျက်ခုံးများမှာ ပိုတွန့်ချိုးသွားရသည်။ ဤဝန်ဆောင်မှု အရည်အသွေးကို ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်နေပြီဆိုသည်မှာ ထင်ရှားလှသည်။
မော့ချူး ကြောင်တောင်တောင်ဖြင့် ရပ်နေသည်ကို မြင်သောအခါ ဝန်ထမ်းက သူမကို မထီမဲ့မြင် ပြုကာ မျက်စောင်းထိုးလိုက်သည်။ “မဝယ်နိုင်ရင်လည်း ဒီတိုင်းနေပေါ့၊ ဘာလို့ ဝယ်နိုင်တဲ့ပုံစံမျိုးနဲ့ လာဟန်ဆောင်နေတာလဲ။ ကျွတ်စ်။”
အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၆၀၉
သူတို့နှစ်ဦး၏ အချေအတင် စကားပြောသံမှာ အတော်လေး ကျယ်လောင်သဖြင့် မကြာမီပင် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားတော့သည်။ လူတန်းနောက်မှ လူများမှာလည်း တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိုးတိုးဖြင့် စပြောလာကြသဖြင့် အခြေအနေမှာ ပို၍ ရှုပ်ထွေးသွားလေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် မည်သည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မှ ထွက်လာ၍ တားဆီးခြင်း သို့မဟုတ် ဖြေရှင်းပေးခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့မှာ မမြင်ချင်ယောင် ဆောင်နေကြပြီး သူတို့နှင့် မဆိုင်သကဲ့သို့ပင် နေနေကြသည်…
မော့ချူး အံကြိတ်လိုက်မိသည်။
သူမ၏ နောက်တွင်ရှိနေသော အမျိုးသားတစ်ဦးကပင် သူမကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ “ထားလိုက်ပါတော့၊ ဒီဆိုင်က ဝန်ထမ်းတွေက အမြဲတမ်း ဒီလိုပါပဲ။ တစ်ခုခု မြန်မြန်ဝယ်ပြီး ပြန်တာပဲ ကောင်းပါတယ်။ မဟုတ်ရင် နောက်ကျသွားရင် ဘာမှ ဝယ်ရမှာ မဟုတ်တော့ဘူး။”
ဒါကို ကြားလိုက်ရသည့်အခါ မော့ချူး ဘာမှ ထပ်မပြောတော့ပေ။ သူမ၏ ရှေ့တွင်ရှိနေသော ရူယီကိတ် ဘူးအချို့ကို ယူကာ တွန်းလှည်းထဲသို့ ထည့်လိုက်သည်…
သူမ လက်လှမ်းလိုက်ရုံရှိသေး၊ တစ်စုံတစ်ယောက်က သူမကို တားလိုက်သည်။ မော့ကြည့်လိုက်သည့်အခါ ထိုဝန်ထမ်းပင် ဖြစ်နေပြန်သည်။
“နင် ငါတို့ ဆိုင်မန်နေဂျာကို ရှာနေတာ မဟုတ်လား။ လာလေ၊ ငါ လိုက်ပို့ပေးမယ်။”
'ဒီကိတ်မုန့်ကိုတော့ ဝယ်ဖို့ စိတ်တောင်မကူးနဲ့။ နောက်ဆုံးကနေ ပြန်သွားတန်းစီလိုက်တော့။ ဒါပေမယ့် ကြည့်ရတာတော့ နင့်အလှည့်ရောက်တဲ့အချိန်ဆို ဆိုင်တောင် ပိတ်သွားလောက်ပြီ။' ဤသို့ တွေးမိသည်နှင့် ဝန်ထမ်းမှာ သူမ၏ နှုတ်ခမ်းထောင့်များကို တွန့်ကွေးကာ နှာခေါင်းရှုံ့လိုက်သည်။ 'နင့်လို လူမျိုးက ငါ့ကို တိုင်ချင်သေးတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး။'
ဒါကို ကြားလိုက်ရသည့်အခါ မော့ချူး၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားသည်။
ကောင်းပြီလေ။
'နင်က ငါ့ကို လာပြီး ဆွပေးနေမှတော့ ငါ ရက်စက်တယ်လို့ မပြောနဲ့တော့။'
ဆိုင်၏ နောက်ဘက်တွင် မန်နေဂျာရုံးခန်း ရှိနေသဖြင့် ငါးမိနစ်ပင် မပြည့်သော အချိန်အတွင်း ရောက်ရှိသွားကြသည်။
“ဒေါက် ဒေါက်။” ဝန်ထမ်းက တံခါးကို အသာအယာ ခေါက်လိုက်သည်။
“ဝင်ခဲ့ပါ။” အတွင်းမှ အမျိုးသား အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအမျိုးသမီးက ပြုံးရွှင်သော မျက်နှာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ “ဦးလေး၊ တစ်ယောက်ယောက်က ဦးလေးကို ရှာနေတယ်။ သူက ကျွန်မကို... တိုင်စာတင်ချင်လို့တဲ့။”
သူ့ရှေ့တွင် ရှိနေသော မန်နေဂျာမှာ အတော်လေး လူရည်သန့်သော်လည်း သူပြောလိုက်သည့် စကားများကတော့ နားဝင်မချိုလှပေ။ သူက မျက်ခုံးပင့်လိုက်ပြီး မော့ချူးကို ကြည့်ကာ ပြောလိုက်သည်။ “တိုင်စာတင်မလို့လား။ စိတ်မကောင်းပါဘူး၊ မင်း မှားနေပြီ ထင်တယ်။ ငါတို့ဆီမှာ အဲဒီလို လုပ်ထုံးလုပ်နည်းမျိုး မရှိဘူး။”
ဤစကားတစ်ခွန်းဖြင့် မော့ချူး၏ လမ်းစကို ပိတ်လိုက်ခြင်းပင်။
ဒါကို မြင်လိုက်ရသည့်အခါ ဝန်ထမ်းမှာ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး မော့ချူးကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ 'တွေ့တယ်မလား'
“မိန်းကလေး၊ အဲဒီလောက်လည်း ဒေါသမထွက်ပါနဲ့။” ဆိုင်မန်နေဂျာက ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး မော့ချူးကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။ “စကားပြောချင်တယ်ဆိုရင်လည်း ငါတို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့ ရတာပဲ မဟုတ်ဘူးလား။”
ဆွေးနွေးမယ်ဟုတ်လား။
ဘယ်လိုလုပ်ပြီး ဆွေးနွေးမှာလဲ။
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီဦးလေးနဲ့ တူမက တစ်လေသံတည်းပါလား။
မော့ချူးမှာ ဒေါသထွက်မည့်အစား ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့၊ ကျွန်မတို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးဖို့ တကယ် လိုအပ်နေတာပါ။”
ဤသို့ပြောလိုက်သည်နှင့် မော့ချူး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ကြည်သွားတော့သည်။ သူမ ပြောလိုက်သည့် စကားလုံးတိုင်းမှာ ပေါင်တစ်ထောင်လောက် လေးလံနေသကဲ့သို့ပင်။
“ပထမဆုံးအနေနဲ့ ဒီဝန်ထမ်းကိုတော့ အလုပ်ထုတ်မှာ သေချာတယ်။” မော့ချူးက ဘေးနားက ကြောင်အသွားသော အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်ပြီး ဆိုင်မန်နေဂျာဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ “ရှင်နဲ့ ပတ်သက်လို့ကတော့ စိတ်မပူပါနဲ့။ မကြာခင်မှာ ရှင့်နေရာကို တခြားလူတစ်ယောက် လာပြီး အစားထိုးပါလိမ့်မယ်။”
... ဘာပြောတယ်။
ဝန်ထမ်းမှာ မော့ချူးကို အံ့အားသင့်စွာဖြင့် အတော်ကြာ စိုက်ကြည့်နေပြီးမှ အော်ကာ ရယ်မောလိုက်ပြန်သည်။ “နင် ရူးသွားတာလား၊ နင်က ငါ့ကို အလုပ်ထုတ်ဦးမလို့လား။ နင်က ဘာကောင်မို့လို့လဲ။”
ဆိုင်မန်နေဂျာမှာမူ ထိုဝန်ထမ်းထက် ပို၍ အတွေ့အကြုံရှိသူ ဖြစ်သည်။ မော့ချူး၏ စကားများကို ကြားလိုက်ရသည့်အခါ သူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူမကို မယုံနိုင်သကဲ့သို့ စိုက်ကြည့်လိုက်သည်။ “မင်းက...”
ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင်တော့ မော့ချူးက သူတို့ကို လျစ်လျူရှုမည့် အလှည့်ပင် ဖြစ်သည်။ သူမသည် ချက်ချင်းပင် တာမီနယ်ကို ဖွင့်လိုက်ပြီး ဝီလ် ဆီသို့ ဖုန်းခေါ်လိုက်တော့သည်။
ဗီဒီယို ဖုန်းမျက်နှာပြင် ပွင့်လာပြီး တစ်ဖက်ကလူကို မြင်လိုက်ရသည့်အခါ ဆိုင်မန်နေဂျာ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားတော့သည်။
သူ့ရှေ့က သာမန်ကာလျှံကာ ပုံစံရှိသော အမျိုးသမီးက သူတို့ရဲ့ သူဌေးကြီး ဝီလ်ကို တိုက်ရိုက် ဆက်သွယ်နိုင်တာလား။ သူမရဲ့ အဆင့်အတန်းက လုံးဝ မရိုးရှင်းဘူးဆိုတာ ထင်ရှားနေပြီ။
သူ မစော်ကားသင့်သော လူကို စော်ကားမိပြီဆိုသည်ကို သိလိုက်ရသည့်အခါ ဆိုင်မန်နေဂျာမှာ သိသိသာသာကို ထိတ်လန့်သွားတော့သည်။ သူ ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း မော့ချူးက သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ ဤတစ်ကြိမ်တွင် သူ အကြီးအကျယ် ထိတ်လန့်သွားပြီး မကြာမီပင် သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာတော့သည်။
မော့ချူးတွင် သူ့ကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူမသည် ဝီလ်ကို ဤနေရာက အခြေအနေများအကြောင်း အကျဉ်းချုံး ပြောပြလိုက်သည်။ နောက်ဆုံးတွင် သူမက နိဂုံးချုပ်လိုက်သည်။ “ဒီလူနှစ်ယောက်ကိုတော့ လုံးဝ ဆက်မထားပါနဲ့။ ကျန်တဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ ကျွန်မ ပြန်လာမှ အကျယ်တဝင့် ပြောပြမယ်။”
“ကောင်းပါပြီ၊ ငါ နားလည်ပါပြီ။” ဝီလ်က တည်ကြည်သော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဗီဒီယိုဖုန်း ချလိုက်ပြီးနောက် သူသည် မော့ချူးနှင့် ဤကိစ္စကို ဆွေးနွေးရန်အတွက် ယနေ့ညပိုင်း အစီအစဉ်အားလုံးကို ချက်ချင်း ဖျက်လိုက်တော့သည်။
အခြားတစ်ဖက်တွင်မူ ဝီလ်၏ ပါးစပ်မှ “ချူးလေး” ဆိုသည့် စကားလုံး ထွက်လာသည်ကို ကြားလိုက်ရသည့်အခါ ဆိုင်မန်နေဂျာ၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာတော့သည်။
ဒီလူကများ…
မဟုတ်ဘူး၊ မဖြစ်နိုင်တာ။
ဆိုင်မန်နေဂျာသည် ရုတ်တရက် ခေါင်းလှည့်ကာ မော့ချူးကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ အတန်ကြာ ကြည့်ပြီးနောက်တွင်မူ သူမ၏ ရုပ်ဖျက်ထားမှုကို သူ မြင်သွားတော့သည်။ ဟုတ်တယ်၊ ဒီမျက်နှာပုံစံနဲ့ ဒီမျက်နှာပေါက်... ဒါ တကယ်ပဲ မော့ချူးပဲ။
ထိုအခါ ဆိုင်မန်နေဂျာ၏ မျက်နှာမှာ လုံးဝ ဖြူလျော်သွားတော့သည်။
... သွားပြီ၊ ဒီတစ်ခါတော့ သူ တကယ်ကို သွားပြီ။
ဝီလ်က သူတို့ရဲ့ သူဌေးကြီးဆိုရင်၊ သူ့ရှေ့က မော့ချူးဟာ သူတို့အားလုံးရဲ့ အထက်က သူဌေးမကြီးပေါ့။
သူက သူမကို ဖားဖို့ အစွမ်းကုန် ကြိုးစားသင့်တာကို ခုနက သူ ဘာတွေ ပြောမိလိုက်တာလဲ။
ခုနက သူ၏ အပြုအမူကို တွေးမိသည့်အခါ ဆိုင်မန်နေဂျာမှာ မိမိကိုယ်ကို ပါးရိုက်ချင်စိတ်တောင် ပေါက်သွားတော့သည်။
“ဟို... မမလေး မော့ချူး၊ တောင်းပန်ပါတယ်၊ ကျွန်တော် ခုနက မမလေးမှန်း မသိလိုက်လို့ပါ... ဒါတွေအားလုံးက ကျွန်တော့်အမှားပါ၊ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးပါဦး။ နောက်ဆိုရင် ကျွန်တော့်ရဲ့ အပြုအမူတွေကို သေချာပေါက် ပြုပြင်ပါ့မယ်၊ ဘယ်တော့မှ အဲဒီလို ထပ်မလုပ်တော့ပါဘူး။” မော့ချူး ခေါင်းလှည့်လိုက်သည်ကို မြင်သောအခါ ဆိုင်မန်နေဂျာမှာ ခုနကနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော ရိုသေကိုင်းရှိုင်းသည့် ပုံစံဖြင့် ကုလားထိုင်မှ ချက်ချင်း ထရပ်လိုက်တော့သည်။
သူ၏ လက်ရှိအလုပ်မှာ လစာကောင်းရုံသာမက မုန့်အသစ်များကိုလည်း ကြိုတင် ရရှိနိုင်သဖြင့် သူ၏ မိတ်ဆွေများကြားတွင် အတော်လေး မျက်နှာပွင့်ခဲ့ရသည်။ ဒီအလုပ်ကိုသာ ဆုံးရှုံးလိုက်ရလျှင် သူ၏ သက်တောင့်သက်သာရှိသော ဘဝလေးမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ဒါကို တွေးမိသည့်အခါ ဆိုင်မန်နေဂျာမှာ နောင်တများစွာ ရနေတော့သည်။ ဘာကြောင့်များ သူ ခုနက လူမှားခဲ့ရတာလဲ။
ဤအချိန်တွင် ဘေးနားက ဝန်ထမ်းမှာလည်း လုံးဝ ဆွံ့အသွားရတော့သည်။ မော့ချူးလား။
သူ့ရှေ့က အမျိုးသမီးက တကယ်ပဲ မော့ချူးလား။ ဒါဆို ခုနက သူမ ပြောခဲ့တာတွေက…
မျက်တောင်တစ်မှိတ်လေးအတွင်းမှာပင် မူလက ထောင်လွှားနေသော အမျိုးသမီးမှာ ကြောက်ရွံ့တုန်လှုပ်နေသော ငုံးလေးတစ်ကောင်အလား ဖြစ်သွားတော့သည်။ သူမမှာ အသက်ကိုတောင် ပြင်းပြင်းမရှူရဲတော့ပေ…
မော့ချူးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူတို့ကို ဘာမှ ထပ်မပြောတော့ဘဲ အပြင်သို့ လှမ်းထွက်ခဲ့သည်။ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းတို့က ဒါကို မြင်သောအခါ သူမနောက်သို့ အပြေးအလွှား လိုက်လာကြပြီး ထပ်ရှင်းပြရန် ကြိုးစားကြသည်။
ကံမကောင်းစွာဖြင့် မော့ချူး၏ အေးစက်သော အကြည့်များက သူတို့နှစ်ဦးလုံးကို ထိုနေရာတွင်ပင် တောင့်တင်းသွားခဲ့သည်။ သူတို့မှာ ပါးစပ်ပင် ဟမရတော့ပေ...
မော့ချူး စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်လာသည်ကို မြင်လျှင် နျဉ်ယွိယွမ်သည် အမြန် ရှေ့သို့ တိုးလာပြီး သူမကို သေချာကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။ သူတို့ မင်းကို အနိုင်ကျင့်ကြလို့လား"
သူမ၏ ဘေးတွင်လည်း မော့ယန်က စိုးရိမ်တကြီး ကြည့်နေပြီး အကယ်၍ သူမက "ဟုတ်တယ်" ဟုသာ ဖြေလိုက်ပါက ချက်ချင်း အထဲသို့ ပြေးဝင်ကာ သင်ခန်းစာ ပေးတော့မည့် အမူအရာမျိုး ရှိနေသည်။
၎င်းကို မြင်သောအခါ မော့ချူး၏ စိတ်ထဲရှိ ဒေါသများမှာ တဖြည်းဖြည်း ပြေပျောက်သွားခဲ့သည်။ သူမက ရယ်မောလျက် ခေါင်းခါပြကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
"စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး။ အလုပ်ကိစ္စ ပြဿနာ နည်းနည်းရှိလို့ပါ။ အခု အားလုံး ပြေလည်သွားပါပြီ"
ထိုစကားကြောင့် နျဉ်ယွိယွမ်နှင့် မော့ယန်တို့မှာ သက်ပြင်းချနိုင်သွားကြသည်။ သူတို့သည် မော့ချူး၏ လက်ကို ဆွဲကာ ပြောလိုက်ကြသည်။
"သွားကြစို့။ မင်း ဈေးဝယ်ထွက်ချင်တယ် ပြောတာမလား"
"ဟုတ်တယ်!"
မော့ချူးသည် ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက် မဖြစ်လိုတော့သဖြင့် ၎င်းကို မေ့ပစ်လိုက်ပြီး နျဉ်ယွိယွမ်တို့နှင့်အတူ ဆက်ဈေးဝယ်နေလိုက်သည်။
ပထမထပ်ရှိ အစားအစာအပိုင်းတွင် စိတ်ဝိညာဉ်အစားအစာနှင့် မုန့်များမှလွဲ၍ ကျန်သည့်အရာများမှာ မော့ချူးအတွက် ကြည့်ရုံသာ ကြည့်နိုင်ပြီး စား၍မရသော အရာများ ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် သူတို့ ဒုတိယထပ်သို့ အမြန် တက်ခဲ့ကြသည်။
ဒုတိယထပ်မှာ အဝတ်အစား ရောင်းချသည့် နေရာဖြစ်သည်။
အထဲသို့ ဝင်လိုက်သည်နှင့် မော့ချူးသည် ဆိုင်ရှေ့တွင် စံပြအဖြစ် ပြသထားသည့် အမျိုးသား ကုတ်အင်္ကျီတစ်ထည်ကို သဘောကျသွားသည်။
၎င်းမှာ အပ်ချုပ် ခပ်စိပ်စိပ်ရှိပြီး ရှေးဟောင်းဒီဇိုင်း အနည်းငယ် ပါဝင်သည်။ အပေါ်ဝတ် အင်္ကျီရှည်နှင့် ဆင်တူသော်လည်း သပ်ရပ်သော ဝတ်စုံတစ်ခု၏ ခိုင်မာပြတ်သားသည့် ပုံစံကိုလည်း ဆောင်ကြဉ်းပေးထားသည်။ အကောင်းဆုံးအချက်မှာ ထိုနှစ်ခုကို ပေါင်းစပ်ထားပုံမှာ အနေတော်ဖြစ်ပြီး ရိုးရှင်းသော်လည်း ခမ်းနားသည့် အသွင်ကို ဆောင်နေခြင်းပင်။
"ဒါလေး ကြည့်ကောင်းတယ်!"
မော့ချူးက လှည့်ကြည့်ကာ သူမဘေးရှိ လူနှစ်ဦးကို တွန်းပေးလိုက်သည်။ သူမက ပြုံးလျက် ဆိုသည်။
"စမ်းဝတ်ကြည့်ကြပါဦးလား။ ကြည့်ကောင်းရင် ဝယ်ကြတာပေါ့"
နျဉ်ယွိယွမ်၏ အဝတ်အစားများမှာ အများအားဖြင့် သီးသန့်မှာယူ ချုပ်လုပ်ထားခြင်း ဖြစ်သဖြင့် အပြင်ဆိုင်များတွင် ဝယ်လေ့ဝယ်ထ မရှိပေ။ သို့သော် ၎င်းမှာ ရှောင်ချူး(ချူးလေး)၏ ဆန္ဒဖြစ်နေရာ သူ မည်သို့ ငြင်းနိုင်ပါမည်နည်း။
မော့ယန်ကလည်း လိမ္မာပါးနပ်စွာဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။
ထို့ကြောင့် မော့ချူးသည် ထိုလူနှစ်ဦးကို ဆိုင်ထဲသို့ ခေါ်သွားခဲ့သည်။
"တစ်ဆိတ်လောက်ပါ၊ ဒီအင်္ကျီကို တခြားအရောင်တွေ ရှိသေးလား"
မော့ချူးက မော်ဒယ်အရုပ်တွင် ဝတ်ထားသော အင်္ကျီကို ညွှန်ပြကာ တိုးတိုးလေး မေးလိုက်သည်။
ဆိုင်၏ ပြင်ဆင်ထားပုံအရ ၎င်းမှာ ပထမတန်းစား အမှတ်တံဆိပ်တစ်ခု ဖြစ်ကြောင်း သိသာလှသည်။ အရောင်းဝန်ထမ်း၏ အမူအရာမှာလည်း ယခင်က ဆုံခဲ့ရသူများထက် များစွာ သာလွန်ကောင်းမွန်သည်။
"ဒီအနက်ရောင်အပြင် မီးခိုးရောင်နဲ့ အပြာရင့်ရောင်လည်း ရှိပါတယ်"
"အဲဒါတွေကို ထုတ်ပေးလို့ ရမလား။ ကျွန်မတို့ စမ်းကြည့်ချင်လို့"
မော့ချူးက အင်္ကျီသားကို လက်ဖြင့် ထိကြည့်လိုက်သည်။ အသားမှာ အတော်လေး ခိုင်မာပြီး ထိတွေ့ရသည်မှာ ကောင်းမွန်လှသည်။ ဝတ်လိုက်လျှင်လည်း နေရထိုင်ရ ကောင်းမွန်ပေလိမ့်မည်။
"ရပါတယ်"
ဝန်ထမ်းက ခေါင်းငြိမ့်ကာ အရောင်သုံးမျိုးလုံးကို လျင်မြန်စွာ ထုတ်ပေးခဲ့သည်။
"ဘယ်အရောင်ကို ကြိုက်လဲ"
မော့ချူးက နျဉ်ယွိယွမ်နှင့် သူမ၏ အစ်ကိုဖြစ်သူကို လှည့်မေးလိုက်သည်။
"ဘယ်အရောင်မဆို ရပါတယ်"
သူသည် မြင့်မြတ်သော မိသားစုမှ လာသူဖြစ်သော်လည်း နျဉ်ယွိယွမ်မှာ ထိုအရာများအပေါ် ဇီဇာကြောင်သူ မဟုတ်ပေ။
"ရှောင်ချူး၊ မင်းပဲ ရွေးပေးပါ"
မော့ယန်က ဤကိစ္စကို မော့ချူးထံသို့သာ လွှဲလိုက်သည်။ အမှန်တကယ်တော့ သူ၏ မျက်စိထဲတွင် ထိုအရောင်သုံးမျိုးမှာ အတူတူပင်ဖြစ်ပြီး ဝတ်လိုက်လျှင်လည်း ထူးခြားမည် မဟုတ်ဟု ထင်နေခြင်း ဖြစ်သည်။
"အင်း... ဒါဆိုရင် ကျွန်မပဲ ရွေးပေးရမှာပေါ့"
မော့ချူး ခေါင်းလေးစောင်းကာ မေးလိုက်သည်။
ထိုလူနှစ်ဦးလုံးက မည်သည့် ကန့်ကွက်မှုမျှ မရှိဘဲ သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ကြသည်။
မော့ချူး၏ အကြည့်မှာ အင်္ကျီအရောင် သုံးမျိုးပေါ်သို့ ဖြတ်သန်းသွားသည်။ ခဏအကြာတွင် သူမ ဆုံးဖြတ်ချက် ချလိုက်သည်။
"နျဉ်... ယောက်ျား၊ ဒီမီးခိုးရောင်လေးကို စမ်းဝတ်ကြည့်ပါလား"
မော့ချူးသည် နျဉ်ယွိယွမ်၏ အမည်ကို လွှတ်ခနဲ ခေါ်မိတော့မည့်အချိန်တွင် ဘေး၌ အရောင်းဝန်ထမ်း ရှိနေသည်ကို သတိရသဖြင့် စကားကို ချက်ချင်း ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
အမှန်ပင် သူမ ထိုသို့ ခေါ်လိုက်သည်ကို ကြားသောအခါ နျဉ်ယွိယွမ်၏ မျက်ဝန်းများမှာ ချက်ချင်း လင်းလက်သွားခဲ့သည်။ ယနေ့ ခရီးစဉ်မှာ တကယ်ကို တန်ဖိုးရှိလှသည်ဟု သူ ခံစားလိုက်ရသည်။
သူသည် ချက်ချင်း ခေါင်းငြိမ့်ကာ မီးခိုးရောင် အင်္ကျီကို ယူ၍ အဝတ်လဲခန်းသို့ လျှောက်သွားတော့သည်။