အခန်း (၂၈၃-၂၈၄)
Vol. 29 Ch. 283-284
အခန်း (၂၈၃) မဟာကလဲ့စား အောင်မြင်ခြင်း
"အင်မော်တယ် မိုးကြိုးမန္တန်လား..."
ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ချင်ဝမ်၏ အမူအယာမှာလည်း လေးနက်သွားသည်။ အဆင့် ၅ အင်မော်တယ် မန္တန်စက္ကူသည် အင်မော်တယ်ဘုရင် တစ်ပါး၏ စွမ်းအားကို သိုလှောင်ထားခြင်းဖြစ်ရာ သူမအနေဖြင့် တောင့်ခံနိုင်စွမ်းမရှိသည်မှာ အသေအချာပင်။
ထို့ကြောင့် နောက်တစ်စက္ကန့်တွင် ချင်ဝမ်သည် ဝန်လေးခြင်းမရှိဘဲ ရှောင်တိမ်းလိုက်တော့သည်။ သူမ၏ သွက်လက်လှပသော လှုပ်ရှားမှုများကြောင့် ချင်ဝမ်၏ အရှိန်မှာ နန်ကုန်းယွီကဲ့သို့သော လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်ထက်ပင် များစွာ ပိုမြန်သည်။
အင်မော်တယ် မိုးကြိုးတိုက်ကွက် အများစုမှာလည်း ချင်ဝမ်ကို ထိမှန်ခြင်း မရှိချေ။ အင်မော်တယ် မိုးကြိုးမန္တန်ကို အဆင့် ၅ အဖြစ် သတ်မှတ်ထားရခြင်းမှာ အင်မော်တယ်ဘုရင် ကနဦးအဆင့်၏ စွမ်းအား ပါဝင်သောကြောင့်သာ ဖြစ်ပြီး၊ ၎င်း၏ အရှိန်မှာမူ သာမန် အင်မော်တယ်ဘုရင် တစ်ဦး၏ တိုက်ကွက်ထက် များစွာ နှေးကွေးလှပေသည်။
ထို့ကြောင့် အင်မော်တယ် မိုးကြိုးမန္တန်ကို အသုံးပြုသူများသည် တစ်ဖက်လူကို ချုပ်နှောင်ထားနိုင်ချိန် သို့မဟုတ် အသက်လုရသည့် အခြေအနေမျိုးတွင်သာ အသုံးပြုလေ့ရှိကြသည်။
ယခုအခါ နန်ကုန်းယွီသည် အသက်လုရမည့် အခြေအနေသို့ ရောက်ရှိနေသည်မှာ ထင်ရှားလှပေ၏။ ဤအခိုက်အတန့်တွင် နန်ကုန်းယွီ၏ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။ အင်မော်တယ် မိုးကြိုးမန္တန်၏ စွမ်းအားကို အသုံးပြုပြီးနောက်တွင်ပင် သူမသည် ယနေ့တွင် ချင်ဝမ်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သိရှိသွားခဲ့သည်။
အင်မော်တယ် မိုးကြိုးမန္တန်သည် ချင်ဝမ်ကို အချိန်ဆွဲရန်အတွက်သာ အသုံးဝင်ပေလိမ့်မည်။ သူမသည် တိတ်တဆိတ်ပင် သူမ၏ မိခင်ထံသို့ အကူအညီတောင်းခံသည့် သတင်းစကား ပေးပို့ထားပြီး ဖြစ်ရာ မိခင်ဖြစ်သူ ရောက်ရှိလာသည်နှင့် ချင်ဝမ်၏ ဘဝမှာ အဆုံးသတ်သွားမည်ဟု ယူဆထားခြင်းပင်။
သို့သော် နန်ကုန်းယွီ မမျှော်လင့်ထားသည်မှာ သူမ၏ မိခင်သည် အင်မော်တယ် အရှင်မြတိ အထွတ်အထိပ်အဆင့် ရှိသော်လည်း ဝူလီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး ဖြစ်၏။ နန်ကုန်းကျွင်း၏ ထူးခြားသော အမူအယာကို သတိပြုမိပြီးနောက် နန်ကုန်းယွီ၏ မိခင်သည် ချင်ယွဲ့ဟွာ၏ စံအိမ်သို့ ရောက်ရှိလာခဲ့ပြီး ဝူလီနှင့် ရင်ဆိုင်ကာ အသက်ပျောက်ခဲ့ရပြီး ဖြစ်သည်။
နန်ကုန်းယွီ၏ မိခင် ရောက်မလာနိုင်သော်လည်း လက်ရှိတွင် ချင်ဝမ်၏ အခြေအနေမှာလည်း အလွန်ပင် စိုးရိမ်စရာ ကောင်းနေပေသည်။
သို့သော် ဝူလီမှာမူ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။ သူ၏ အမြင်တွင် ချင်ဝမ်၏ အစွမ်းမှာ ဤမျှသာ မကသေးဘဲ နန်ကုန်းယွီသာ သေဆုံးရမည်ဖြစ်ကြောင်း ယုံကြည်ထားသောကြောင့်ပင်။
နောက်တစ်စက္ကန့်တွင် အင်မော်တယ် မိုးကြိုးများ တိုက်ရိုက်ကျရောက်လာပြီး ချင်ဝမ်အား လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရ၏။
ဤသည်ကို မြင်သောအခါ နန်ကုန်းယွီသည် ဟားတိုက်၍ ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ကပြားမဆိုတာ ကပြားမပါပဲ... ငါ့ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး... စိတ်မပူပါနဲ့... အခုချက်ချင်းပဲ မင်းအမေဆီကို ပို့ပေးလိုက်မယ်..."
သို့ရာတွင် အင်မော်တယ် မိုးကြိုးများ ပျောက်ကွယ်သွားချိန်၌ ချင်ဝမ်သည် သူမ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်မိုးကြိုး ပျံသန်းဓားကို မြှောက်ကိုင်ကာ အင်မော်တယ် မိုးကြိုးတိုက်ကွက်ကို အတင်းအဓမ္မ စုပ်ယူထားသည်ကို မြင်လိုက်ရသည်။
သို့သော် ဤလုပ်ရပ်ကြောင့် ချင်ဝမ်တွင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ အင်မော်တယ် သွေးစက်များသည် တစ်စက်ချင်း စီးကျနေကာ၊ ကြည့်ရသည်မှာ အလွန်ပင် သွေးပျက်ဖွယ် ကောင်းလှ၏။
ဤမြင်ကွင်းကို မြင်ပြီးနောက် နန်ကုန်းယွီ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားခဲ့သော်လည်း သူမက လှောင်ပြောင်လျက် ပြောလိုက်သည်။
"နင်က ငါ့ကို ဘယ်တုန်းကမှ မယှဉ်နိုင်ခဲ့သလို အခုလည်း ယှဉ်နိုင်မှာ မဟုတ်ဘူး... သေဖို့သာ ပြင်ထားလိုက်တော့..."
နန်ကုန်းယွီ၏ စကားကို ကြားရချိန်တွင် ချင်ဝမ်သည် ရွှေရောင်မိုးကြိုး ပျံသန်းဓားကို ပြန်ချလိုက်ပြီး နန်ကုန်းယွီကို မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ စိုက်ကြည့်လိုက်၏။
"နင်ပြောတာ မှန်တယ်... အခုအချိန်မှာ ငါက နင့်ကို မယှဉ်နိုင်သေးဘူး... ဒါပေမဲ့ ဒါက ရိုးရှင်းပါတယ်... ငါ အဆင့်တက်လိုက်ရုံပဲပေါ့..."
ချင်ဝမ်၏ စကားအဆုံးတွင် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချီအရှိန်အဝါများမှာ နောက်တစ်စက္ကန့်တွင် သိသိသာသာ မြင့်တက်လာပြီး ၊ လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ ချက်ချင်းပင် တက်လှမ်းသွားတော့သည်။
နန်ကုန်းယွီ၏ အမူအယာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့ချေပြီ။ ချင်ဝမ်သည် ယခင်ကပင် သူမနှင့် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့ရာ ယခုအခါ ချင်ဝမ်က သူမနှင့် အဆင့်တူသို့ ရောက်ရှိလာပြီဖြစ်သဖြင့် သူမအနေဖြင့် တောင့်ခံနိုင်ဦးမည်လော။
"မဖြစ်နိုင်ဘူး... ငါ မယုံဘူး... သေရမှာက မင်းပဲ..."
နန်ကုန်းယွီသည် မျက်လုံးများ နီမြန်းလျက် မယုံကြည်နိုင်စွာပင် အော်ဟစ်လိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် အင်မော်တယ် မိုးကြိုးမန္တန် အချို့ကို ထပ်မံ အသက်သွင်းကာ ချင်ဝမ်ထံသို့ ပစ်လွှတ်လိုက်ပြန်သည်။
ချင်ဝမ်သည် လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းလိုက်သည်နှင့် တောင်တန်းကြီး၏ အထက် ကောင်းကင်ယံသည် မှောင်မှောင်မည်းမည်း ဖြစ်သွားကာ မိုးကြိုးကပ်ဘေးများ ပေါ်ပေါက်လာတော့သည်။
ချင်ဝမ်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။ အင်မော်တယ် မိုးကြိုးမန္တန်၏ စွမ်းအားများ ရှိနေသော်လည်း သူမသည် နန်ကုန်းယွီထံသို့ တိုးဝင်သွားခဲ့သည်။ သူမသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေစဉ်မှာပင် နန်ကုန်းယွီကို တိုက်ခိုက်ရမည်ဖြစ်ပြီး ဤသို့ပြုလုပ်မှသာ သူမကို အနိုင်ယူနိုင်မည် ဖြစ်သည်။
အမှန်စင်စစ် အခြေခံပိုင်းတွင် သူမသည် နန်ကုန်းယွီကို မယှဉ်နိုင်သည်မှာ သဘာဝပင်ဖြစ်သော်လည်း ၊ သို့သော် နန်ကုန်းယွီအနေဖြင့် သူမကို မယှဉ်နိုင်သည့် အချက်တစ်ခုမှာ သူမသည် အသက်နှင့်လဲ၍ တိုက်ခိုက်ရန် အမြဲအဆင်သင့် ရှိနေခြင်းပင် ဖြစ်သည်။ နန်ကုန်းယွီမှာ နန်ကုန်းမိသားစု၏ တတိယသခင်မလေးဖြစ်ပြီး ဇိမ်ခံဘဝတွင် နေသားကျနေသူဖြစ်ရာ သူမနင့် အသက်ချင်းလဲ၍ တိုက်ခိုက်ရဲမည် မဟုတ်ပေ။
ထို့ကြောင့် နန်ကုန်းယွီသည် သူမထံသို့ ချင်ဝမ် ပြေးဝင်လာသည်ကို မြင်သောအခါ ပထမဆုံး တုံ့ပြန်မှုမှာ အချိန်ဆွဲရန်နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရန်သာ ဖြစ်သည်။
ကံမကောင်းစွာပင် အခြေအနေများမှာ သူမ ထင်သလို ဖြစ်မလာခဲ့ချေ။ မိနစ်ပိုင်းအတွင်းမှာပင် ချင်ဝမ်သည် အင်မော်တယ် မိုးကြိုးများ၏ တိုက်ခိုက်မှုကို အံတုရင်း နန်ကုန်းယွီ၏ အနားသို့ ရောက်ရှိသွားတော့သည်။
ချင်ဝမ်သည် နန်ကုန်းယွီ၏ ရှေ့သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှ မိုးကြိုးကပ်ဘေးသည် ကျရောက်လာပြီး နန်ကုန်းယွီကိုပါ ကပ်ဘေးဖြတ်ကျော်သူအဖြစ် သတ်မှတ်လိုက်တော့သည်။ ကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးသည် ၎င်းတို့ နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လေတော့သည်။
ဤအခြေအနေမှာ ချင်ဝမ်အတွက် ခက်ခဲသလို နန်ကုန်းယွီအတွက်လည်း အတူတူပင် ဖြစ်သည်။ နန်ကုန်းယွီသည် မိုးကြိုးကပ်ဘေးကိုပါ ရင်ဆိုင်နေရသဖြင့် အမှားအယွင်းတစ်ခု ပြုလုပ်မိသွားကာ ချင်ဝမ်၏ အနားသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူမထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ရွှေရောင်မိုးကြိုး ပျံသန်းဓားကို မြင်လိုက်ရ၏။
"မလုပ်နဲ့..."
နန်ကုန်းယွီ၏ မျက်နှာမှာ အလွန်အမင်း ထိတ်လန့်သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ နန်ကုန်းယွီ၏ ခန္ဓာကိုယ်ပေါ်တွင် အဆင့် ၅ အင်မော်တယ် ဝတ်စုံတစ်ခု ပေါ်လာခဲ့သည်။ သူမ၏ အဆင့် ၅ အင်မော်တယ် ဝတ်စုံက ချင်ဝမ်၏ ဓားကို တားဆီးနိုင်မည်ဟု ယူဆထားသော်လည်း ထိုဓားက သူမ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ယခုမှသာ နန်ကုန်းယွီသည် အမှန်တကယ် ကြောက်ရွံ့သွားခဲ့ပြီး ချင်ဝမ်ကို အသက်နှင့်လဲ၍ ပြန်လည် တိုက်ခိုက်ရန် ကြံရွယ်သော်လည်း အချိန်နှောင်းသွားခဲ့ပေပြီ။ သူမ၏ ခန္ဓာကိုယ်အတွင်းတွင် ရွှေရောင်မိုးကြိုး ပျံသန်းဓား၏ စွမ်းအားများ ကြမ်းတမ်းစွာ စီးဆင်းနေသည်ကို ခံစားလိုက်ရပြီး သူမ သေဆုံးရတော့မည်ကို သိရှိသွားခဲ့သည်။
သို့သော် သူမ သေဆုံးခါနီးအချိန်အထိပင် နားမလည်နိုင်ဘဲ ရှိနေသေး၏။ သူမသည် ချင်ဝမ်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း ငါ့ကို တကယ် သတ်ရဲတာလား... ငါ့ရဲ့ မိဘတွေက မင်းကို အရေးယူမှာကို မကြောက်ဘူးလား..."
ချင်ဝမ်၏ ယခုအဆင့်လောက်ဖြင့် မိမိ၏ ဖခင်သာမက မိခင်ကပင် ချင်ဝမ်ကို လွယ်ကူစွာ သတ်နိုင်လိမ့်မည်ဟု ခံစားနေရခြင်းပင်။
သို့သော် ချင်ဝမ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
"စိတ်မပူပါနဲ့... ရှင့်ရဲ့ မိဘတွေက အောက်မှာ ရှင့်ကို စောင့်နေကြပြီ... အောက်ရောက်ရင် ကျွန်မအမေကိုသာ သွားပြီး တောင်းပန်လိုက်ပါတော့..."
ချင်ဝမ်၏ စကားအဆုံးတွင် နန်ကုန်းယွီသည် မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုများကြား၌ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။ နန်ကုန်းယွီ၏ သိုလှောင်လက်စွပ်ကို သိမ်းဆည်းပြီးနောက် ချင်ဝမ်သည်လည်း မိုးကြိုးကပ်ဘေး၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး ဝူလီ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဝူလီမှာမူ အနည်းငယ်မျှ စိုးရိမ်ခြင်း မရှိပေ။ အကြောင်းမှာ သာမန် မိုးကြိုးကပ်ဘေးမျှသည် ချင်ဝမ်အတွက် ဘာမှမဟုတ်ကြောင်း သူ သိနေသောကြောင့်ပင်။
မျှော်လင့်ထားသည့်အတိုင်းပင် ခေတ္တအကြာတွင် မိုးကြိုးကပ်ဘေးအတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး နောက်တစ်စက္ကန့်တွင် ချင်ဝမ်၏ ပုံရိပ်သည် နတ်ဘုရားတစ်ပါးကဲ့သို့ မိုးကြိုးကပ်ဘေးအတွင်းမှ ထွက်ပေါ်လာကာ သူမ၏ ချီအရှိန်အဝါမှာလည်း လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်တွင် တည်ငြိမ်သွားတော့သည်။
ထို့ပြင် နန်ကုန်းယွီကို သတ်ဖြတ်လိုက်ခြင်းကြောင့် သူမ၏ စိတ်ဝိညာဉ်မှ အတွင်းမိစ္ဆာမှာလည်း ပျက်စီးသွားခဲ့ပြီး ချင်ဝမ်၏ ကျင့်ကြံခြင်းနယ်ပယ်မှာ လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်မှ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန် ကပ်ဘေးဖြတ်ကျော်ရန်သာ လိုအပ်တော့သည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ချင်ဝမ်သည် အထွတ်အထိပ်အဆင့်သို့ ဤမျှ လျင်မြန်စွာ တက်လှမ်းရန် အစီအစဉ် မရှိသေးပေ။ အမှန်စင်စစ် သူမအနေဖြင့် အသင့်မဖြစ်သေးဘဲ ယခုအချိန်တွင် ကပ်ဘေးဖြတ်ကျော်ရန် ကြိုးစားခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် တူနေသောကြောင့်ပင်။
ထို့ကြောင့် ချင်ဝမ်သည် သူမ၏ ကျင့်ကြံခြင်းနယ်ပယ်ကို လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်တွင်သာ အတင်းအဓမ္မ ဖိနှိပ်ထားလိုက်ပြီး အသင့်ဖြစ်ချိန်မှသာ တိုက်ရိုက် ကပ်ဘေးဖြတ်ကျော်ကာ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်တော့သည်။
အခန်း (၂၈၄) အနည်းဆုံးတော့ ငါ့အနားမှာ မင်းရှိသေးတယ်
ခေတ္တအကြာတွင် ဝူလီသည် ချင်ဝမ်၏ရှေ့သို့ ရောက်ရှိလာသည်။ ချင်ဝမ်က ဝူလီကို ကြည့်ကာ အားငယ်သော်လည်း နွေးထွေးသော အပြုံးဖြင့် ပြောလိုက်၏။
"ဝူလီ... အခုတော့ ကျွန်မမှာ ပြန်စရာ အိမ်မရှိတော့ဘူး..."
ထိုစကားကို ကြားသောအခါ ဝူလီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမကို အလွန်ပင် တည်ကြည်လေးနက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး... အနည်းဆုံးတော့ မင်းအနားမှာ ငါရှိသေးတာပဲ... ငါက မင်းရဲ့ သူငယ်ချင်းအဖြစ် အမြဲရှိနေမှာပါ..."
ဝူလီ၏ စကားကြောင့် ချင်ဝမ်မှာ အံ့အားသင့်သွားရုံမျှမက စိတ်လှုပ်ရှားမှုများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဝူလီ..."
"ကောင်းပြီ... ဒါဆို နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာ ဆွေးနွေးရအောင်... နန်ကုန်းမိသားစုကို အမြစ်ပြတ် သုတ်သင်ပြီးရင် မင်းမှာ ဘာအစီအစဉ်ရှိလဲ..."
ချင်ဝမ်အနေဖြင့် သူမ၏ ရင်တွင်းစကားများကိုပင် စတင်၍ မဖွင့်ဟရသေးခင်မှာပင် ဝူလီက အလုပ်ကိစ္စများကို ချက်ချင်း ဆက်ပြောလိုက်သဖြင့် သူမ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားခဲ့သည်။ ဤကဲ့သို့ ကောင်းမွန်သော အခြေအနေနှင့် ပတ်ဝန်းကျင်ရောက်မှတော့ သူမ၏ ခံစားချက်ကို မဖွင့်ဟဘဲ မနေနိုင်တော့ချေ။
ထို့ကြောင့် ချင်ဝမ်သည် ဝူလီ၏ စကားကို မဆိုင်းမတွ တားလိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ဝန်လေးခြင်းမရှိဘဲ ပြောလိုက်တော့သည်။
"ဝူလီ... ကျွန်မ ရှင့်ကို သဘောကျတယ်... တာအိုအဖော် (အိမ်ထောင်ဖက်) အဖြစ် ပေါင်းဖက်ချင်တဲ့အထိ သဘောကျတာ..."
ပြောပြီးသည်နှင့် ချင်ဝမ်သည် ဝူလီ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူ့အနားသို့ တိုးသွားကာ ဝူလီ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်တော့သည်။
ဝူလီမှာ ချင်ဝမ်၏ ရုတ်တရက် အချစ်ဝန်ခံမှုကြောင့် မှင်တက်သွားပြီး အတော်ကြာအောင်ပင် မလှုပ်မယှက် ရပ်နေမိသည်။ နောက်ဆုံးမှ သူ သတိပြန်ဝင်လာခဲ့၏။ သူ၏ နှလုံးခုန်သံများမှာ အဘယ်ကြောင့် ဤမျှ မြန်ဆန်နေရသည်ကို သူကိုယ်တိုင်ပင် မသိတော့ချေ။ ဖြစ်နိုင်သည်မှာ ဤသည်မှာ အချစ်၏ အရသာပင် ဖြစ်ပေလိမ့်မည်။
တစ်ဖက်တွင်လည်း ဝူဟောက်သည် ဤမြင်ကွင်းကို အရိပ်ထဲမှ ကြည့်နေပြီးနောက် ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။
"ဒါမျိုးမှပေါ့... ဒီအတိုင်းပဲ ဆက်သွားစမ်း... ငါ့အတွက် မြေးမြစ်လေးတွေ အများကြီး မွေးပေးကြဦး..."
သူ စနောက်နေခြင်းပင်။ အမှန်တွင် ဝူဟောက်သည် ဝူလီနှင့် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တို့၏ တိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး ထိုတိုက်ပွဲသည် ဝူလီအတွက် အသက်အန္တရာယ် ရှိနိုင်သောကြောင့်ပင်။ အမှန်စင်စစ် ဝူဟောက်၏ ယခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် အထက်ဘုံတွင် ဖြစ်ပျက်သမျှကို အကုန်အစင် မြင်တွေ့နိုင်စွမ်း ရှိပေသည်။
ဝူဟောင်သည် ချင်ဝမ်နှင့် ဝူလီတို့၏ ထူးချွန်သော မျိုးရိုးဗီဇများ ပေါင်းစပ်ပြီးနောက် မွေးဖွားလာမည့် မျိုးဆက်သစ်များ၏ ပါရမီကို တွေးကြည့်ရုံဖြင့် ရင်ခုန်နေမိသည်။ ကံကြမ္မာ၏ သားတော်နှင့် သမီးတော်တို့ ပေါင်းဖက်ရာမှ နောက်ထပ် ကံကြမ္မာရှင်တစ်ဦး မွေးဖွားလာရန်မှာလည်း မဖြစ်နိုင်သည့် အရာ မဟုတ်ပေ။
ဝူလီမှာ အချစ်ရေးတွင် အနည်းငယ် ထုံထိုင်းသူ ဖြစ်သော်လည်း ချင်ဝမ်အပေါ် ခံစားချက် ရှိနေသူ ဖြစ်သည်။ ထို့ကြောင့် ချင်ဝမ်က စတင်ဖွင့်ပြောလိုက်ချိန်တွင် ဝူလီအနေဖြင့် ငြင်းဆန်ရန် အကြောင်းမရှိဘဲ ၎င်းတို့နှစ်ဦး ပေါင်းဖက်သွားကြတော့သည်။
ဤသည်ကို မြင်သောအခါ ဝူဟောက်သည် ကျေနပ်သော မျက်နှာထားဖြင့် လှည့်ထွက်သွားခဲ့သည်။ နန်ကုန်းမိသားစုသည် ဝူလီအတွက် ခြိမ်းခြောက်မှု မဟုတ်တော့သဖြင့် သူ ဆက်နေရန် မလိုတော့ချေ။
…
"ဟူး... နောက်ဆုံးတော့ လျိုထျန်းရွှေအင်မော်တယ် အဆင့်ကို ရောက်ပြီ..."
အခြားတစ်ဖက်တွင်မူ ဝူကျိန့်သည် နတ်ဘုရားလက်နက် ငါးပါး၏ ကူညီမှုဖြင့် မဟာသူတော်စင် ကနဦးအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် ထိုအဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ သူ၏ ကျင့်ကြံခြင်း အရှိန်အဝါမှာ သိသိသာသာ နှေးကွေးသွားသည်ကို ခံစားလိုက်ရ၏။
"ငါ့ခန္ဓာကိုယ်ထဲက နတ်ဘုရားလက်နက် ငါးပါးရဲ့ အဆင့်က နိမ့်လွန်းနေလို့လား... ဒီလက်နက်တွေရဲ့ အဆင့်ကို မြှင့်တင်ဖို့ နည်းလမ်း ရှာရတော့မယ် ထင်တယ်..."
ဝူကျိန့်က သူ့ဘာသာ တွေးနေမိသည်။ ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်သည် မူလကတည်းက ဝိညာဉ်အမြစ် မရှိပေ။ ဝိညာဉ်အမြစ် ဖြစ်ပေါ်စေသော ဆေးလုံးများကို စားသုံးလျှင်ပင် ခန္ဓာကိုယ်နှင့် မကိုက်ညီသဖြင့် အမြစ်တွယ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဝူကျိန့်၏ ကျင့်ကြံခြင်းမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားလက်နက် ငါးပါးပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုလက်နက်များ၏ အဆင့် မြင့်မားလာမှသာ သူ၏ အလားအလာမှာလည်း တိုးတက်လာမည် ဖြစ်သည်။
ထို့ပြင် ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်သည် ထိုလက်နက်များနှင့် ပေါင်းစည်းသွားပြီဖြစ်ရာ သူ့အနေဖြင့် ထိုလက်နက်များကို စိတ်တိုင်းကျ ပြောင်းလဲ၍ မရနိုင်ချေ။ သူသည် ယခုအခါ လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်နေပြီဖြစ်ရာ လက်နက်များကို အတင်းအဓမ္မ ပြောင်းလဲရန် ကြိုးစားပါက ဘေးဒုက္ခ စွမ်းအင်များကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ဘဲ အထက်ဘုံတစ်ခုလုံးကိုပင် ချက်ချင်း ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပေါက်ကွဲထွက်လာနိုင်ပေသည်။
လက်နက်များ အဆင့်မြှင့်တင်ရန်အတွက် သူကိုယ်တိုင် ကြိုးစားရန် လိုအပ်သည်။ အကြောင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အခြားမည်သူမှ ဝင်ရောက်၍ မရနိုင်သောကြောင့်ပင်။
ထို့ကြောင့် ဝူကျိန့်က ကျွင်းရှောင်းယောင်ထံသို့ သွားကာ အဆင့်မြင့် တာအိုအဆင့်ရှိသော လက်နက်ပန်းပဲဆရာများ ရှိမရှိ မေးမြန်းလာသဖြင့် ကျွင်းရှောင်းယောင်၏ မျက်နှာတွင် အံ့သြမှုများ ပေါ်လာတော့သည်။
"ဒီကိစ္စကို ဘာလို့ မေးတာလဲ..."
"ဆရာ... တပည့်က နောင်တစ်ချိန်မှာ ကိုယ်လိုချင်တဲ့ လက်နက်တွေကို ကိုယ်တိုင် ပုံဖော်နိုင်ဖို့ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာကို သင်ယူချင်လို့ပါ..."
ဝူကျိန့်က လက်အုပ်ချီကာ အလွန်ပင် တည်ကြည်စွာ ပြောလိုက်၏။ သူသည် သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကိုတော့ ထုတ်ဖော် မပြောခဲ့ပေ။ ကျွင်းရှောင်းယောင်အနေဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားလက်နက်များကို လိုချင်တပ်မက်စိတ် ရှိမရှိ သူကိုယ်တိုင်လည်း မသေချာသောကြောင့် ဖြစ်သည်။ အကယ်၍ ကျွင်းရှောင်းယောင်က တစ်ခုခု လုပ်ဆောင်ရန် ကြံစည်ပါက သူ့အနေဖြင့် ဒြပ်စင်ငါးပါး ခေါင်းလောင်းကို အသုံးမပြုဘဲ တားဆီးနိုင်မည် မဟုတ်ချေ။
ကျွင်းရှောင်းယောင်သည် ခဏမျှ တိတ်ဆိတ်သွားသော်လည်း နောက်ဆုံးတွင် ငြင်းပယ်ခြင်း မပြုခဲ့ပေ။ သူ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်ပြီးနောက် သင့်တော်သော ပစ်မှတ်တစ်ခုကို လျင်မြန်စွာ တွေ့ရှိသွားခဲ့သည်။
"ငါ အဆင့်မြင့် လက်နက်ပန်းပဲဆရာ တစ်ယောက်ကို သိတယ်... သူက အဆင့် ၈ ပန်းပဲဆရာ တစ်ယောက်ပဲ... ဒါပေမဲ့ သူ့ရဲ့ စရိုက်က အတော်လေး ထူးဆန်းတယ်... ငါကိုယ်တိုင် ကြားဝင်ပေးရင်တောင် မင်းကို တပည့်အဖြစ် လက်ခံဖို့ သူ သဘောတူချင်မှ တူမှာ... အဲ့ဒါကြောင့် မင်း သူ့ဆီမှာ တပည့် ဖြစ်ခွင့်ရမရဆိုတာက မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်..."
ကျွင်းရှောင်းယောင်၏ လေသံမှာ အဆုံးပိုင်းတွင် အနည်းငယ် ထူးဆန်းသွားပြီး တစ်ခုခုကို တွေးမိပုံရကာ မျက်နှာအမူအရာမှာလည်း ရှုပ်ထွေးသွားခဲ့သည်။
အထက်ဘုံတွင် ဆရာအများအပြား ရှိနေခြင်းမှာ ထူးဆန်းသည့် အရာ မဟုတ်ပေ။ အင်မော်တယ် မဟာဧကရာဇ် တစ်ပါးပင်လျှင် အရာရာကို အကုန်အစင် မသိနိုင်ပေ။
ကျွင်းရှောင်းယောင်၏ စကားကို ကြားသောအခါ ဝူကျိန့်မှာ စိတ်ဝင်စားသွားသည်။ သူ၏ ဆရာဖြစ်သူ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုငးအဆင့်နှင့် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ၏ အရှင်သခင်ကပင် တပည့်အဖြစ် လက်ခံခိုင်းရန် ခက်ခဲလိမ့်မည်ဟု ဆိုသော ထိုသူမှာ မည်သူနည်း။ အခြားသော မြင့်မြတ်နယ်မြေ အရှင်သခင်များပင်လျှင် သူ၏ ဆရာကို မျက်နှာသာ ပေးကြရသည် မဟုတ်လော။
သို့သော် ဝူကျိန့်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းကာ လေးနက်စွာ ပြောလိုက်သည်။
"ဆရာ… ကျွန်တော့်ကို အဲ့ဒီကိုသာ ခေါ်သွားပေးပါ... အောင်မြင်မှုဆိုတာ ကြိုးစားမှုနဲ့ ကံတရားအပေါ်မှာပဲ မူတည်တာပါ... အကယ်၍ တပည့် ဖြစ်ခွင့် မရဘူးဆိုရင်လည်း ဒါဟာ ကျွန်တော့်ရဲ့ ကံမကောင်းမှုလို့ပဲ သတ်မှတ်လိုက်ပါ့မယ်..."
"ကောင်းပြီ... မင်း ဆုံးဖြတ်ပြီးပြီဆိုရင် ငါ မင်းကို အဲ့ဒီကို ခေါ်သွားပေးမယ်..."
ပြောပြီးသည်နှင့် ကျွင်းရှောင်းယောင်သည် လက်ကို ဝှေ့ယမ်းလိုက်ကာ ဝူကျိန့်ကို ဒြပ်စင်ငါးပါးမြင့်မြတ်နယ်မြေ၏ အပြင်ဘက်သို့ တိုက်ရိုက် ခေါ်ဆောင်သွားတော့သည်။ သူ အကြံပြုသော ပန်းပဲဆရာမှာ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေမှ မဟုတ်ပေ။ မဟုတ်လျှင် သူ၏ အဆင့်အတန်းဖြင့် ထိုသူက သဘောတူမည် မဟုတ်ဟု ပြောစရာ အကြောင်းမရှိပေ။
ကျွင်းရှောင်းယောင် ကိုယ်တိုင် ဝူကျိန့်ကို လက်နက်သွန်းလုပ်ခြင်း မသင်ပေးရခြင်းမှာ သူကိုယ်တိုင်လည်း ထိုအတတ်ပညာတွင် အားမသန်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဝူကျိန့်သည် လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ အခြေခံ အသိပညာများဖြင့် သင်ကြားပေးရန်မှာလည်း ခက်ခဲနေပြီ ဖြစ်သည်။ ထို့ကြောင့် လက်နက်သွန်းလုပ်ခြင်း ကျွမ်းကျင်သူ တစ်ဦးထံသို့ လမ်းညွှန်ပေးခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။