← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇) အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိ၏ အကြီးအကျယ် တုန်လှုပ်မှု

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လတိတိ ကုန်ဆုံးသွားခဲ့သည်။

ဤတစ်လအတွင်း အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိသည် အရက်သောက်ရင်းသာ အချိန်ကုန်ဆုံးခဲ့ပြီး ဝူကျိန့်မှာမူ လက်နက်သွန်းလုပ်ခြင်း နည်းပညာများကို လေ့လာရာ၌သာ နစ်မြုပ်နေခဲ့သည်။

သူ၏ လက်နက်ပန်းပဲဆရာ အဆင့်မှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ဤတစ်လပတ်လုံး ဝူကျိန့်သည် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိထံသို့ မည်သည့်မေးခွန်းမှ သွားရောက်မမေးမြန်းခဲ့ပေ။

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိအနေဖြင့်လည်း အနှောင့်အယှက် မပေးသည်ကိုပင် သဘောကျနေသဖြင့် အတော်လေး စိတ်ချမ်းသာနေခဲ့သည်။

သို့သော် တစ်လပြည့်ပြီးနောက်တွင်မူ ဝူကျိန့်သည် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိ၏ တံခါးကို လာရောက်ခေါက်တော့သည်။

တံခါးကို ဖွင့်လိုက်ချိန်တွင် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိသည် သမ်းဝေလိုက်ပြီးနောက် အနည်းငယ် မဖော်ရွေသော လေသံဖြင့် မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲ... မင်း နားမလည်တာရှိရင် လာမေးလို့ ငါမပြောထားဘူးလား... အခု နားမလည်တာတစ်ခုခု ကြုံနေရပြီလား..."

"မဟုတ်ပါဘူး ဆရာ... ဆရာပေးထားတဲ့ ပစ္စည်းတွေက ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တော့လို့ပါ..."

ဝူကျိန့်က အမှန်အတိုင်း ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိက မကျေမနပ် ပြောဆိုရန် ပြင်လိုက်သော်လည်း…

"မင်းကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုတာ... နေဦး၊ ဘာ... ဘာပြောလိုက်တာလဲ..."

ဝမ်ချိသည် စကားပြောရင်း တစ်ခုခုကို သတိရသွားပုံရပြီး သူ၏ အမူအယာမှာ ချက်ချင်းပင် တည်ကြည်သွားခဲ့သည်။ သူ၏ စိတ်ထဲတွင် အလွန်ပင် မဖြစ်နိုင်သော အတွေးတစ်ခု ဝင်လာသော်လည်း ယခုထက်ထိ မယုံကြည်နိုင်သေးပေ။

ဝူကျိန့်က ထပ်မံ၍ ပြောပြလိုက်၏။

"ဆရာ... ကျွန်တော် ပြောချင်တာက ဆရာပေးထားတဲ့ သွန်းလုပ်ရေး ပစ္စည်းတွေက ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မလုံလောက်တော့ဘူးလို့ ပြောတာပါ..."

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... ငါပေးထားတဲ့ ပစ္စည်းတွေက အဆင့် ၂ အင်မော်တယ်လက်နက် တစ်ခုကို သွန်းလုပ်ဖို့အထိ လုံလောက်တဲ့ ပစ္စည်းတွေလေ..."

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိ၏ စကားများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူကိုယ်တိုင်ပင် အဆင့် ၂ အင်မော်တယ် လက်နက်ပန်းပဲဆရာ ဖြစ်လာရန် နှစ်ပေါင်း တစ်သောင်းခန့် အချိန်ယူခဲ့ရသည်။ သို့သော် ဝူကျိန့်က ဤပန်းတိုင်ကို တစ်လတည်းနှင့် ရောက်ရှိသွားသည် ဆိုသည်မှာ...။

ဝူကျိန့်သည် လျိုထျန်းရွှေအင်မော်တယ် တစ်ဦး ဖြစ်သော်လည်း ဤမျှ မြန်ဆန်လွန်းနေသည်မှာ မဖြစ်နိုင်သလောက်ပင်။

"မင်း အရင်က လက်နက်သွန်းလုပ်တဲ့ အတွေ့အကြုံရှိဖူးလား..."

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိက သံသယဖြင့် မေးမြန်းလိုက်သော်လည်း ဝူကျိန့်က အပြစ်ကင်းစင်စွာဖြင့် ပြန်ဖြေလိုက်၏။

"မရှိပါဘူး ဆရာ... ကျွန်တော် အရင်က သာမန် ဝိညာဉ်လက်နက်တွေကိုတောင် ဘယ်လိုသွန်းလုပ်ရမလဲ မသိခဲ့ပါဘူး...လွန်ခဲ့တဲ့ တစ်လကမှ စပြီး သင်ယူခဲ့တာပါ..."

"ဟူး... ဒါဆို မင်းသွန်းလုပ်ထားတဲ့ လက်ရာတွေကို ငါ့ကို ပြစမ်း..."

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိသည် အံ့သြလွန်း၍ လေကို ပြင်းပြင်းရှူလိုက်မိပြီး လက်ကို ဆန့်ထုတ်ကာ တောင်းကြည့်ခဲ့သည်။

အကယ်၍ ဝူကျိန့်သည် သုညကနေ စတင်ပြီး တစ်လတည်းနှင့် အဆင့် ၂ အင်မော်တယ် လက်နက်ပန်းပဲဆရာ အမှန်တကယ် ဖြစ်လာခဲ့လျှင် ဤသည်မှာ ပါရမီရှင်ဆိုသည်ထက် ပိုနေပေပြီ။

ဖရိုဖရဲမြင့်မြတ်နယ်မြေ မှ သူတော်စင်ပင်လျှင် ဤမျှအထိ လိမ်လည်လှည့်ဖျား၍ မရနိုင်ချေ။

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိသည် ဝူကျိန့်သွန်းလုပ်ထားသော လက်နက်များမှာ အရည်အသွေး ညံ့ဖျင်းလိမ့်မည်ဟု အစပိုင်းတွင် ယူဆထားခဲ့သည်။ သို့သော် ၎င်းတို့သည် အဆင့် ၂ လက်နက်များ ဖြစ်သော်လည်း အဆင့် ၃ နှင့် မခြားနားသော လက်ရာများ ဖြစ်သည်ကို မြင်လိုက်ရချိန်တွင် သူ တိတ်ဆိတ်သွားရတော့သည်။

'ငါတော့ လူလိမ်နဲ့ တွေ့နေပြီပဲ...'

"ဟူး... မင်းရဲ့ ပါရမီက ငါမြင်ဖူးသမျှထဲမှာ အစွမ်းထက်ဆုံးပဲ... မထင်မှတ်တဲ့ ကိစ္စတွေ မရှိရင်တော့ မင်းရဲ့ အောင်မြင်မှုတွေက ငါ့ကို သေချာပေါက် ကျော်တက်သွားလိမ့်မယ်... အဆင့် ၉ အင်မော်တယ် လက်နက်ပန်းပဲဆရာ ဖြစ်လာဖို့ဆိုတာ အချိန်ပြသနာပဲ”

ပြောရင်းနှင့် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိ၏ အသံမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ အကယ်၍ သူသာ ဝူကျိန့်ကို အဆင့် ၉ အင်မော်တယ် လက်နက်ပန်းပဲဆရာ တစ်ဦးဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့လျှင် သူသည် နောင်တမရှိဘဲ သေပျော်နိုင်ပေပြီ။

ယခင်က အထက်ဘုံတစ်ခုလုံးတွင် ပါရမီအရှိဆုံး လက်နက်ပန်းပဲဆရာမှာ သူကိုယ်တိုင် ဖြစ်ပြီး အဆင့် ၈ သို့ ရောက်ရန် နှစ်ပေါင်း ဆယ်သန်းသာ အချိန်ယူခဲ့ရသည်။ ဒုတိယ ပါရမီအရှိဆုံးသူမှာ နှစ်ပေါင်း သန်းတစ်ထောင် အချိန်ယူခဲ့ရသဖြင့် သူ့ကို မယှဉ်နိုင်ခဲ့ပေ။

ယခု ဝူကျိန့်၏ ပေါ်ထွက်လာမှုမှာ သူ၏ ကိုယ်ပိုင်စံချိန်ကို နှစ်ပေါင်း တစ်သန်းအတွင်းမှာပင် ချိုးဖျက်နိုင်ဖွယ် ရှိနေသဖြင့် သူ အတော်လေး စိတ်လှုပ်ရှားမိသည်။ သူသည် ဝူကျိန့်ကို တည်ကြည်သော အမူအယာဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒီနေ့ကစပြီး ငါကိုယ်တိုင် မင်းကို လက်နက်သွန်းလုပ်ခြင်း ကျင့်ကြံမှုမှာ လမ်းညွှန်ပေးမယ်... အရင်ဆုံး မင်းရဲ့ သွန်းလုပ်ခြင်း အတတ်ပညာကို ငါ့ကို သရုပ်ပြပါဦး..."

သူ၏ တာအိုအဖော် ကျဆုံးသွားပြီးနောက် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိသည် ဆက်လက် ကြိုးစားအားထုတ်ရန် ရည်မှန်းချက် ပျောက်ဆုံးသွားခဲ့သည်။ သူ၏ ယခင် ရည်မှန်းချက်မှာ သူ၏ တာအိုအဖော်ကို အဆင့် ၉ သို့မဟုတ် ထိုထက် မြင့်မားအောင် မြှင့်တင်ပေးရန် ဖြစ်ခဲ့သည်။

သို့သော် တာအိုအဖော် မရှိတော့ချိန်တွင် သူ၏ ရည်မှန်းချက်လည်း ပျောက်ကွယ်သွားခဲ့ရသည်။ယခုအခါ ဝူကျိန့်၏ ပေါ်ထွက်လာမှုသည် သူ့ကို ရည်မှန်းချက်သစ်တစ်ခု ပေးလိုက်ခြင်းပင်။

ထိုရည်မှန်းချက်မှာ ဝူကျိန့်ကို အဆင့် ၉ သို့မဟုတ် ထိုထက် မြင့်မားသော လက်နက်ပန်းပဲဆရာကြီး ဖြစ်အောင် လေ့ကျင့်ပေးရန် ဖြစ်သည်။

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိ၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ပြန်လည် မြင်တွေ့ရသောအခါ ဝူကျိန့်လည်း ကျေနပ်သွားမိသည်။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိကို ဝမ်ချိလက်နက်ဂိုဏ်း ပြန်လည်ထူထောင်ရန် တိုက်တွန်းရန်ပင် ဖြစ်၏။

ထိုသို့ တွေးပြီးနောက် ဝူကျိန့်သည် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ဆရာ... ကျွန်တော့်ရဲ့ တောင်းဆိုချက်တစ်ခုကို ဆရာ လိုက်လျောပေးစေချင်ပါတယ်..."

"အို... ဘာများလဲ..."

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိသည် ဝူကျိန့်၏ ပါရမီကြောင့် အံ့အားသင့်နေဆဲ ဖြစ်သဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

ဝူကျိန့်က ဝန်လေးခြင်းမရှိဘဲ ပြောလိုက်တော့သည်။

"နှစ်ပေါင်း တစ်ရာ ကြာတဲ့အခါ ဆရာ့အနေနဲ့ လောကထဲကို ပြန်လည် ဝင်ရောက်ပြီး ဝမ်ချိလက်နက်ဂိုဏ်းကို ပြန်လည် ထူထောင်ပေးဖို့ တောင်းဆိုချင်ပါတယ်..."

ဝူကျိန့်၏ စကားအဆုံးတွင် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိမှာ မှင်တက်သွားရသည်။ ထိုနာမည်ကို သူ မကြားရသည်မှာ ကြာလှပြီ ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် သူသည် သဘောတူခြင်းလည်း မပြု၊ ငြင်းပယ်ခြင်းလည်း မပြုခဲ့ပေ။

"ကြည့်ရသေးတာပေါ့... လောလောဆယ်တော့ ဝမ်ချိလက်နက်ဂိုဏ်းကို တည်ထောင်ဖို့ အစီအစဉ် မရှိသေးဘူး... မင်းရဲ့ လက်နက်ပန်းပဲဆရာ အဆင့် မြင့်တက်လာဖို့ကိုပဲ အရင် အာရုံစိုက်ရအောင်..."

ဤသည်ကို ကြားသောအခါ ဝူကျိန့်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်ကြည်သော အမူအယာဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒါဆိုရင် ကျွန်တော်နဲ့ ဆရာ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်..."

"ဘာ သဘောတူညီချက်လဲ..."

အင်မော်တယ်ဧကရာဇ် ဝမ်ချိမှာ စိတ်ဝင်စားသွားရပြန်သည်။

"အဲ့ဒါကတော့... ကျွန်တော် အဆင့် ၉ အင်မော်တယ် လက်နက်ပန်းပဲဆရာ ဖြစ်လာတဲ့အခါ ဆရာ့အနေနဲ့ လောကထဲကို ထွက်လာပြီး ဝမ်ချိလက်နက်ဂိုဏ်းကို ပြန်လည် ထူထောင်ပေးရမယ် ဆိုတာပါပဲ..."

ဝူကျိန့် ပြောလိုက်သော စကားများသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ ပါရမီအရ ၊ သူသည် အဆင့် ၉ လက်နက်ပန်းပဲဆရာ ဖြစ်လာလိမ့်မည်ဟု ယုံကြည်သည်။ဤသည်မှာ ပါရမီရှင်တစ်ဦး၏ ယုံကြည်ချက်ပင် ဖြစ်သည်။

ဝူကျိန့်၏ စကားကို ကြားသောအခါ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိလည်း စိတ်ဝင်တစား ပြုံးလိုက်မိသည်။

"စိတ်ဝင်စားစရာပဲ... ကောင်းပြီလေ၊ ဒါဆို ငါ မင်းနဲ့ သဘောတူညီချက် လုပ်မယ်... မင်း အဆင့် ၉ လက်နက်ပန်းပဲဆရာ ဖြစ်လာတဲ့နေ့မှာ ငါကိုယ်တိုင် တောင်ပေါ်က ဆင်းပြီး ဝမ်ချိလက်နက်ဂိုဏ်းကို ပြန်လည် ထူထောင်ပေးမယ်..."

အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိက ရယ်မောလျက် ပြောလိုက်သည်။ သူသည် ဝူကျိန့်၏ သွန်းလုပ်ခြင်း ပါရမီကို သံသယ မရှိသော်လည်း အစွမ်းထက်သော လက်နက်ပန်းပဲဆရာ တစ်ဦး ဖြစ်လာရန်မှာ ကျင့်ကြံခြင်း အဆင့်၏ ပံ့ပိုးမှုလည်း လိုအပ်ပေသည်။

ထို့ကြောင့် ဝူကျိန့်အနေဖြင့် အဆင့် ၉ လက်နက်ပန်းပဲဆရာ ဖြစ်လာရန်မှာ သူ၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ် အဆင့်သို့ ရောက်ရှိနေရန် လိုအပ်သည်။

ကျွင်းရှောင်းယောင်၏ စကားအရ ဝူကျိန့်၏ ပါရမီမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ သိထားသည်။ သို့သော် သူသည် အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာရန်မှာ အနည်းဆုံး နှစ်ပေါင်း တစ်သန်းခန့် အချိန်ယူရပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ဖြစ်နိုင်သည်မှာ သူ၏ စိတ်အတွင်းမှ နာကျင်မှုများကိုလည်း ဖြေဖျောက်နိုင်ပြီး ဖြစ်လိမ့်မည်ဖြစ်ရာ ၊ ဝမ်ချိလက်နက်ဂိုဏ်းကို ပြန်လည် ထူထောင်ရန်မှာလည်း ဘာမှ အရေးမကြီးတော့ချေ။

သို့သော် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချိသည် ဝူကျိန့်၏ ပါရမီကို လျှော့တွက်ထားခဲ့မိသည်။ မကြာမီမှာပင် ဝူကျိန့်၏ ပါရမီမှာ မည်မျှအထိ ထူးခြားဆန်းပြားသည်ကို သူ တွေ့မြင်ရတော့မည် ဖြစ်သည်။

အခန်း (၂၈၈) ကံကြမ္မာ၏သားတော် တစ်ကျော့ပြန် မွေးဖွားခြင်း၊ကူးပြောင်းလာသူလား

တစ်ဖက်တွင်မူ ဖုန်လိုင်အင်မော်တယ်ကျွန်းပေါ်ရှိ ဝူမိသားစု၏ လူဦးရေမှာ အချိန်ကြာလာသည်နှင့်အမျှ လူဦးရေ တစ်ထောင်ကျော်သို့ ရောက်ရှိလာခဲ့သည်။

ဝူမိသားစု၏ တတိယမြောက် မျိုးဆက်များဖြစ်ကြသော ဝူထျန်းခွန်းနှင့် ဝူချီထျန်းတို့မှာမူ ဖခင်ဖြစ်သူ ဝူရူလုံ၏ အိမ်ထောင်ပြုရန် တိုက်တွန်းမှုကို အမြဲတစေ ခံနေကြရသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ အတူဆုံမိတိုင်း ညည်းညူနေကြတော့သည်။

"အစ်ကိုကြီး... အဖေက ဘာလို့ ကျွန်တော်တို့ကို အိမ်ထောင်ပြုခိုင်းပြီး မိသားစုထူထောင်ဖို့ ဒီလောက်တောင် ဇွတ်အတင်း ပြောနေရတာလဲ မသိဘူးနော်"

ဝူထျန်းခွန်းက သက်ပြင်းချကာ အားငယ်သောလေသံဖြင့် ပြောလိုက်သည်။ သူသည် ယခုကဲ့သို့ တစ်ဦးတည်း လွတ်လွတ်လပ်လပ် နေရသည်မှာ ပို၍ကောင်းသည်ဟု ထင်မြင်သည်။

သူ၏ဖခင်မှာမူ မိခင်ဖြစ်သူ ရွှီချင်းရွှေ၏ ချုပ်ကိုင်မှုကို ခံနေရသော်လည်း ၎င်းကိုပင် ပျော်မွေ့နေပုံရရာ ဤသည်မှာ ဝူထျန်းခွန်းနှင့် ဝူချီထျန်းကဲ့သို့ လူပျိုကြီးများအဖို့ နားမလည်နိုင်သော အရာပင် ဖြစ်သည်။

သူသည် လက်ရှိအခြေအနေကို ကျေနပ်နေပေသည်။ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းဖြင့် သူသည် အထက်ဘုံ၏ မည်သည့်နေရာသို့မဆို ကြောက်ရွံ့ခြင်းမရှိဘဲ သွားလာနိုင်သည်။

ထို့ပြင် ဝူမျိုးနွယ်စု ကုန်သွယ်ရေးအသင်းမှာလည်း အထက်ဘုံတွင် နာမည်ရနေပြီဖြစ်ရာ အင်အားစုများစွာက ဝူမျိုးနွယ်စု ကုန်သွယ်ရေးအသင်းကို မျက်နှာသာ ပေးနေကြရသည်။

ထို့ပြင် ဖခင်ဖြစ်သူက ကျန်ရှိသော ဒေသကြီး လေးခုတွင်လည်း ဝူမျိုးနွယ်စု ကုန်သွယ်ရေးအသင်း ဌာနချုပ်များကို ဖွင့်လှစ်ရန် စီစဉ်နေသဖြင့် ၊ ၎င်းတို့ကို သွားရောက်စီမံခန့်ခွဲရန် လိုအပ်ဦးမည်ဖြစ်ရာ အိမ်ထောင်ပြုပြီး အခြေချရန် အချိန်မှာ ပို၍ပင် နည်းပါးသွားတော့မည် ဖြစ်သည်။

"ဘယ်သူသိမှာလဲ... လောလောဆယ်တော့ အချိန်ဆွဲထားကြတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ခဏကြာရင် အဖေလည်း ဘာမှပြောတော့မှာ မဟုတ်ပါဘူး... ဝူမိသားစုရဲ့ လက်ရှိအခြေအနေအရ မျိုးဆက်ဆက်ဖို့ ကျွန်တော်တို့ နှစ်ယောက်တည်းကိုပဲ အားကိုးနေစရာ မလိုတော့ဘူးလေ"

ဝူချီထျန်းက ဘေးမှနေ၍ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလျက် ပြောလိုက်သည်။ သူသည် ဝူထျန်းခွန်းထက် အခြေအနေ အနည်းငယ် ပိုကောင်းသည်ဟု ဆိုရမည်၊ အကြောင်းမှာ သူက အနည်းငယ် ပို၍ ငယ်သောကြောင့်ပင်။

အကယ်၍ ဖခင်ဖြစ်သူက သူ့ကို အိမ်ထောင်ပြုရန် တိုက်တွန်းလာပါက သူသည် သူ၏ ဆဋ္ဌမမြောက် အစ်ကိုကြီးကို အကြောင်းပြချက်အဖြစ် အသုံးချကာ အကာအကွယ် ယူလေ့ရှိသည်။

ဖခင်ဖြစ်သူက တစ်ခုခုပြောတိုင်း သူက ချက်ချင်းပင် "အစ်ကို(၆)တောင် မလောသေးတာ၊ ကျွန်တော်လည်း မလောသေးပါဘူး" ဟု ပြန်ပြောလေ့ရှိသည်။

ထို့ကြောင့် ဝူချီထျန်း၏ လက်ရှိ အရေးကြီးဆုံး ပန်းတိုင်မှာ ဆဋ္ဌမမြောက် အစ်ကိုကြီးကို လူပျိုကြီးဘဝမှာပင် ရှိနေအောင် ထိန်းထားရန် ဖြစ်သည်။ သူ့ကို ရည်းစားမရအောင် နည်းမျိုးစုံဖြင့် တားဆီးမည် ဖြစ်သည်။

ဤရည်ရွယ်ချက်အတွက် ဝူချီထျန်းသည် ဆဋ္ဌမမြောက် အစ်ကိုကြီးမှာ အမျိုးသမီးများကို စိတ်ဝင်စားခြင်းမရှိဟု သတင်းလွှင့်ကာ ၎င်းအပေါ်သို့ စိတ်ဝင်စားနေသော မိန်းမပျိူလေးများကို လက်လျှော့သွားအောင် လုပ်ဆောင်ခဲ့သည်။

ဝူချီထျန်းသည် ဝူထျန်းခွန်းကို အပြစ်မကင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုစဉ်မှာပင် ဝူထျန်းခွန်း၏ အမူအယာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အနောက်ဘက်ဒေသ ဆီသို့ လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ဝူချီထျန်းမှာ ဘာကြောင့်မှန်းမသိသော်လည်း မရေမရာသော စိုးရိမ်စိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် ဝူထျန်းခွန်း ကြည့်နေသော ဘက်သို့ လိုက်ကြည့်သော်လည်း ထူးခြားမှုကို မမြင်ရချေ။

ဝူထျန်းခွန်းကမူ တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။

"အဲ့ဒီဘက်က တစ်ခုခုက ငါ့ကို လှမ်းခေါ်နေသလို ခံစားရတယ်... ငါ သွားကြည့်မှ ဖြစ်မယ်”

ပြောပြီးသည်နှင့် ဝူချီထျန်း တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဝူထျန်းခွန်းမှာ တုံ့ဆိုင်းခြင်းမရှိ ကောင်းကင်သို့ ပျံတက်သွားကာ အနောက်ဘက်ဒေသဆီသို့ ဦးတည်သွားတော့သည်။

တစ်ချိန်တည်းမှာပင်

ဖုန်လိုင်အင်မော်တယ်ကျွန်းပေါ်၌ ကျင့်ကြံနေသော ဝူဟောက်သည်လည်း သူ၏ ကျင့်ကြံခြင်းမှ နိုးထလာခဲ့ပြီး သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"ငါ့ဝူမိသားစုမှာ ကံကြမ္မာသားတော်အသစ် တစ်ယောက် ပေါ်ထွက်လာပြန်ပြီ၊ နေဦး... သူက ဘာလို့ ဝူမိသားစုထဲမှာ မွေးမလာတာလဲ... ဟာ၊ ဘယ်လိုဖြစ်ပြီး အနောက်ဘက်ဒေသမှာ သွားမွေးနေရတာလဲ"

ဝူဟောက်၏ အမူအယာမှာ ခဏချင်းမှာပင် အမျိုးမျိုး ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။ သူ၏ စစ်မှန်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းဖြင့် ထိုသွေးမျိုးဆက်မှာ သူ၏ ဝူမိသားစုမှ ဖြစ်ကြောင်း သူ အလိုအလျောက် အာရုံခံမိနေခြင်းပင်။

သို့သော် ထိုကလေးမှာ အဘယ်ကြောင့် ဝူမိသားစုအတွင်း၌ မွေးမလာခဲ့သည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ထိုသို့ တွေးပြီးနောက် ဝူဟောက်သည် မတ်တပ်ရပ်လိုက်ပြီး အနောက်ဘက်ဒေသဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ လမ်းတွင် ဝူထျန်းခွန်းကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့သည်။

အခြားတစ်ဖက်တွင်မူ အနောက်ဘက်ဒေသရှိ အချိန်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ အတွင်း၌ ။

အနီးရှိ တာအိုကွင်းပြင်တစ်ခုတွင် ကြီးမားသော ထူးခြားဆန်းပြားသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာရာ ၊ အချိန်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှ တပည့်များမှာ ထိုနေရာသို့ လှည့်မကြည့်ဘဲ မနေနိုင်ကြတော့ချေ။

"အဲ့ဒီဘက်က စီနီယာအစ်မ လု ရဲ့ နယ်မြေ မဟုတ်လား... ဒီလောက် ကြောက်စရာကောင်းတဲ့ ဖြစ်စဉ်မျိုးဆိုတော့ စီနီယာအစ်မ လု အဆင့်တက်လိုက်တာများလား... ရွှေအင်မော်တယ် အဆင့်ကို ရောက်သွားတာလား"

" သူမက စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်နေတာမလား... ရွှေအင်မော်တယ် အဆင့်ကို တက်ရင် ဒီလို ထူးခြားတဲ့ ဖြစ်စဉ်မျိုးတွေ ပေါ်လာတတ်တာပဲ"

"စီနီယာအစ်မ လုက ပထမဆုံး ဖြစ်လာမှာကို မင်းက ခွင့်မပြုချင်ဘူးလား... နောက်ဆုံးတော့ စီနီယာအစ်မ လုက အသက် တစ်ထောင်အတွင်းမှာတင် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ပြီး ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းတာက မထူးဆန်းပါဘူး မဟုတ်လား"

"မင်းပြောတာလည်း ဟုတ်သားပဲ"

အချိန်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှ မရေမတွက်နိုင်သော တပည့်များသည် စီနီယာအစ်မ လု၏ တာအိုကွင်းပြင်ဘက်သို့ အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ နောက်ဆုံးတော့ သူတို့၏ စီနီယာအစ်မသည် အချိန်နှင့် ဟင်းလင်းပြင် ခေါင်းလောင်းကို ရှစ်ကြိမ်တိုင်တိုင် မြည်စေခဲ့သူ ဖြစ်ပြီး နောက်ထပ် မြင့်မြတ်နယ်မြေ အရှင်သခင် ဖြစ်လာမည့်သူအဖြစ် ချီးကျူးခံထားရသူ ဖြစ်သည်။

အရှင်သခင် လုရန် သည် ဤမြင်ကွင်းကို ရှုပ်ထွေးသော အမူအယာဖြင့် ကြည့်နေသည်။ သူ ဘာတွေးနေသည်ကို မသိနိုင်သော်လည်း အတော်ကြာမှ သက်ပြင်းချကာ ထိုထူးခြားသော ဖြစ်စဉ်ကို ဖိနှိပ်ပစ်လိုက်သည်။

ဤသည်မှာ ဘာမှန်း သူ မသိဘဲ နေပါမည်လော။ အကြောင်းရင်းကို သိထားသောကြောင့်ပင် သူ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေခြင်း ဖြစ်သည်။

သူ၏ အဖိုးတန်လှသော သမီးလေးက လက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ဆောင်လိမ့်မည်ဟု သူ နည်းနည်းမှ မမျှော်လင့်ထားခဲ့ချေ။

လုရန်၏ စူးရှသော အမြင်အာရုံအရ ၊ ဤသည်မှာ ထူးခြားသော ခန္ဓာကိုယ် ပိုင်ရှင်တစ်ဦး မွေးဖွားလာချိန်တွင် ပေါ်ပေါက်လာတတ်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်စဉ်မျိုး ဖြစ်ပေသည်။

ထိုနေရာတွင် သူ၏ သမီးတစ်ဦးတည်းသာ ရှိနေသည် မဟုတ်လော။ သူ၏ သမီးမှလွဲ၍ မည်သူက ဤကဲ့သို့သော ဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေနိုင်မည်နည်း။

'တောက်! ဘယ်ကောင်က ငါ့သမီးကို ဖျက်ဆီးလိုက်တာလဲ မသိဘူး... အဲ့ဒီကောင်ကို တွေ့တာနဲ့ ငါကိုယ်တိုင် သတ်ပစ်မယ်'

သမီးဖြစ်သူကို အလွန်အမင်း ချစ်မြတ်နိုးသော လုရန်အတွက်မူ သမီးဖြစ်သူမှာ သူ၏ အထိပါးမခံနိုင်ဆုံးသော ရတနာပင် ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ၏ မျက်စိအောက်မှာတင် သမီးဖြစ်သူကို ကိုယ်ဝန်ရအောင် လုပ်ဝံ့လိမ့်မည်ဟု သူ မည်သို့မျှ မထင်ထားခဲ့ချေ။ လုရန်အနေဖြင့် အဘယ်ကြောင့် ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။

" ဒါဘယ်သူ့လက်ချက်လဲဆိုတာ သွားစုံစမ်းစမ်း”

လုရန်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် အတွင်းမှ ပုံရိပ်အချို့ ဖြည်းညင်းစွာ ထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ လုရန်ကိုယ်တိုင် လေ့ကျင့်ပေးထားသော လျှို့ဝှက်အစောင့်များ ဖြစ်ကြပြီး ကျင့်ကြံခြင်း အဆင့်မှာ အင်မော်တယ် အရှင်မြတ်ထိ ရောက်ရှိထားပြီး ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လူပေါင်း သုံးရာခန့် ရှိနေပေသည်။

အစောင့်များ ထွက်ခွာသွားပြီးနောက် လုရန်သည် တောင်ပေါ်မှ ဆင်းကာ သမီးဖြစ်သူ၏ တာအိုကွင်းပြင်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ဆံပင်ပြာရောင်နှင့် လုမုန့်ယွမ်သည် ကလေးငယ်လေးတစ်ဦးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားသည်ကို တွေ့လိုက်ရ၏။ သူမ၏ အမူအယာမှာ အလွန်ပင် ရှုပ်ထွေးနေပြီး တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။

ရင်ခွင်ထဲရှိ ကလေးငယ်မှာမူ အလွန်ပင် တုန်လှုပ်ခြောက်ခြားနေပုံရ၏။

'ဒါ ဘယ်လိုဖြစ်တာလဲ... ငါ ကူးပြောင်း လာတာလား...'

ဝူကျန့်ယွီသည် အလွန်ပင် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ရှိ အသစ်အဆန်းများကို ကြည့်ကာ တွေးနေမိသည်။

သူသည် anime တစ်ခုကို ကြည့်နေခဲ့သည်ကို ဝေဝေဝါးဝါး မှတ်မိသည်။ ထို့နောက် အရာရာတိုင်းက မှောင်အတိ ကျသွားခဲ့သည်။ သူ ပြန်လည် နိုးထလာချိန်တွင် နတ်သမီးလေးတစ်ပါးနှင့် တူသော၊ မဟုတ်ဘူး…နတ်သမီးလေး အစစ်ပင် ဖြစ်သော အမျိုးသမီးတစ်ဦးက သူ့ကို ငုံ့ကြည့်နေသည်ကို မြင်လိုက်ရ၏။

ဝူကျန့်ယွီသည် အလွန်ကြောက်လန့်သွားသဖြင့် ထိုအမျိုးသမီးကို တွန်းထုတ်ရန် ကြိုးစားသော်လည်း လက်ကို မြှောက်လိုက်ချိန်တွင် သူ၏ လက်မှာ ဖောင်းဖောင်းအိအိနှင့် ကလေးလက်ကလေး ဖြစ်နေသည်ကို သတိထားမိလိုက်ပြီး သူသည် ကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

သူ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း အဓိပ္ပာယ်မရှိသော အသံများသာ ထွက်ပေါ်လာတော့သည်။

လုမုန့်ယွမ်သည်လည်း ရှေ့က ကလေးငယ်ထံမှ ထွက်ပေါ်လာသော အသံများကြောင့် စိတ်ဝင်စားသွားခဲ့သည်။

အလွန်ပင် လှပလွန်းသော ကလေးငယ်ကို ကြည့်ရင်း လုမုန့်ယွမ်၏ ညှိုးငယ်နေသော စိတ်များမှာ ပျောက်ကွယ်သွားခဲ့ပြီး အနည်းငယ် ပြုံးလိုက်မိတော့သည်။

သူမ၏ ရင်ခွင်ထဲရှိ ဝူကျန့်ယွီမှာမူ မိခင်ဖြစ်သူ၏ အပြုံးကြောင့် မှင်သက်သွားရသည်။ အကယ်၍ လူ့လောကတွင် နတ်သမီးတစ်ပါး အမှန်တကယ် ရှိခဲ့လျှင် ဤမြင်ကွင်းမှာ ထိုသို့သော ချီးမွမ်းမှုနှင့် ထိုက်တန်ပေလိမ့်မည်။

All Chapters