အခန်း (၂၈၉-၂၉၀)
Vol. 29 Ch. 289-290
အခန်း (၂၈၉) ဝူထျန်းခွန်း ရောက်ရှိလာခြင်းနှင့် သူ၏ မသိသေးသော အတိတ်
"ပြောစမ်း... အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ"
အလွန်အမင်း ညှိုးငယ်နေသော ဖခင်ဖြစ်သူ၏ မျက်နှာကို ကြည့်ရင်း လုမုန့်ယွမ်မှာလည်း အလွန်ပင် စိုးရိမ်မကင်း ဖြစ်နေမိသော်လည်း နောက်ဆုံးတွင် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
လုမုန့်ယွမ် ပြောပြသမျှကို ကြားပြီးနောက် လုရန်၏ အမူအယာမှာ အလွန်ပင် ကြည့်ရဆိုးသွားခဲ့ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့သည်။
"ပေါက်ကရတွေ... သူက မင်းအသက်ကို ကယ်ခဲ့ရုံတင်လေ၊ အဲ့ဒါကို မင်းက ကိုယ့်ကိုယ်ကိုယ် စတေးပြီး ပြန်ပေးဆပ်စရာ လိုလို့လား"
"ဒါပေမဲ့ ဖေဖေ... သူသာ မရှိခဲ့ရင် သမီး လျှို့ဝှက်နယ်မြေထဲမှာ သေတာ ကြာလှပြီ... သမီးကိုယ်တိုင်လည်း ဒါကို လိုလိုလားလား လုပ်ခဲ့တာပါ၊ ကိုယ်ဝန်ရလာလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး"
လုမုန့်ယွမ်၏ မျက်နှာမှာ တည်ငြိမ်နေပြီး ထိုစဉ်က ဖြစ်ရပ်အတွက် နောင်တရပုံ မပေါ်ပေ။ အကြောင်းမှာ ထိုစဉ်က အခြေအနေမှာ အလွန်ပင် စိုးရိမ်ရပြီး အခြားတစ်ယောက်သာ မရှိခဲ့ပါက သူမသည် ထိုလျှို့ဝှက်နယ်မြေထဲမှာတင် ပျောက်ကွယ်သွားနိုင်သောကြောင့် ဖြစ်သည်။ အတန်ကြာမှ လုရန်သည် သက်ပြင်းချကာ လက်လျှော့လိုက်ရတော့သည်။
"ဒီကလေးကတော့ ထူးခြားလွန်းတယ်... သူ့ကို ငါတို့ရဲ့ အချိန်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှာပဲ ထားလိုက်ပါ... ဒါပေမဲ့ မင်းတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို အပြင်လူတွေ မသိစေနဲ့ဦး၊ သတင်းပေါက်ကြားသွားရင် မင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်။ ဒါနဲ့... အဲ့ဒီကောင်က ဘယ်အင်အားစုကလဲဆိုတာ မင်းမှတ်မိသေးလား"
ဤမေးခွန်းကို ကြားသောအခါ လုမုန့်ယွမ်က ခေါင်းယမ်းလိုက်သည်။ သူမ၏ လေသံတွင် ဝမ်းနည်းမှု အချို့ ရှိနေ၏။
"မသိဘူး... သူနဲ့ ဆုံခဲ့တာက တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ၊ အဲ့ဒီနောက်ပိုင်းလည်း သူ့အကြောင်းကို သေချာစုံစမ်းဖို့ မကြိုးစားခဲ့မိဘူး"
"ငါ မင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး... တစ်ဖက်လူကို ဒီလောက် အခွင့်အရေး အလကား ပေးလိုက်တာတောင် မင်းက သွားပြီး ရင်ဆိုင်ဖို့တောင် အစီအစဉ် မရှိဘူးလား"
"ဖေဖေ..."
လုရန်က ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်သော်လည်း လုမုန့်ယွမ်က လက်ဝှေ့ယမ်းကာ ဖခင်ဖြစ်သူကို စိတ်အေးအောင် အရင်လုပ်လိုက်သည်။
"ဖေဖေ... ဒါက သမီးရဲ့ ဆုံးဖြတ်ချက်မို့လို့ ကျေးဇူးပြုပြီး လေးစားပေးပါ"
"အေးပါ... ထားလိုက်ပါတော့၊ ငါ ဘာတတ်နိုင်မှာလဲ... မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သမီးပဲလေ"
လုရန်သည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသော်လည်း တိတ်တဆိတ် စေလွှတ်ထားသော အစောင့်များကိုတော့ ပြန်မခေါ်ခဲ့ပေ။ သမီးဖြစ်သူက စူးစမ်းလိုစိတ် မရှိသော်လည်း ဖခင်တစ်ဦးဖြစ်သော သူကတော့ စူးစမ်းလိုစိတ် ရှိပေသည်။
အကယ်၍ တစ်ဖက်လူကသာ သမီးဖြစ်သူကို တမင်ရည်ရွယ်ပြီး ချဉ်းကပ်ခဲ့ခြင်း ဖြစ်ပါက သမီးဖြစ်သူကို စိတ်မချမ်းသာအောင် လုပ်မည့် အကြောင်းရင်းများကို အစကတည်းက အမြစ်ပြတ် သုတ်သင်ပစ်ရန် သူ ဝန်လေးမည် မဟုတ်ချေ။
နောက်တစ်စက္ကန့်တွင် လူပုံရိပ် နှစ်ခုမှာ လုရန်နှင့် လုမုန့်ယွမ်တို့၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာတော့သည်။ လုမုန့်ယွမ်သည် ဝူထျန်းခွန်းကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းများမှာ ကျုံ့ဝင်သွားခဲ့သည်။ သူမအနေဖြင့် ဝူထျန်းခွန်းကို မည်သို့ မမှတ်မိဘဲ နေမည်နည်း။
'ဝူထျန်းခွန်းသာ မရှိခဲ့ရင် ငါဟာ အဲ့ဒီ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ရဲ့ လက်ထဲမှာ သေခဲ့ရမှာ... ဒါပေမဲ့ ဝူထျန်းခွန်းကြောင့်ပဲ ငါ့ရဲ့ အပျိုစင်ဘဝ ဆုံးရှုံးခဲ့ရပြီး ဒီနေ့ ဝူကျန့်ယွီလေးကို မွေးဖွားခဲ့ရတာပဲ'
လုမုန့်ယွမ် တိတ်ဆိတ်နေပြီး ဆန့်ကျင်ဘက်အနေဖြင့် လုရန်မှာမူ စိုးရိမ်ထိတ်လန့်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူသည် လက်ကို ဝှေ့ယမ်းကာ အချိန်နှင့် ဟင်းလင်းပြင် ခေါင်းလောင်းကို လက်ထဲသို့ ဆင့်ခေါ်လိုက်သည်။ ရှေ့ရှိ ဝူဟောက်နှင့် ဝူထျန်းခွန်းကို ကြည့်ကာ တည်ကြည်သော အမူအယာဖြင့် မေးမြန်းလိုက်၏။
"မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ"
ဝူထျန်းခွန်း၏ အဆင့်မှာ စစ်မှန်အင်မော်တယ် အထွတ်အထိပ်ဖြစ်ကြောင်း သူ အတိုင်းသား မြင်နေရသော်လည်း ဝူဟောက်၏ အရှိန်အဝါမှာမူ နက်ရှိုင်းသော ချောက်ကမ္ဘာကြီးကဲ့သို့ပင် မည်သို့မျှ ခန့်မှန်း၍ မရနိုင်ချေ။
ဝူဟောက်သည် သူ၏ ရှေ့တည့်တည့်တွင် ရပ်နေသော်လည်း ဝူဟောက် ရှိနေခြင်းကိုပင် သူ သေချာ အာရုံမခံနိုင်ချေ။ ထို့ကြောင့် လုရန်သည် ဝူဟောက်နှင့် ဝူထျန်းခွန်းမှာ ပြဿနာ ရှာရန် ရောက်လာကြသူများဟု အလိုအလျောက် ထင်မှတ်လိုက်မိခြင်းပင်။
ဝူထျန်းခွန်းကမူ လုရန်၏ စကားကို နားမဝင်တော့ချေ။ သူ၏ အကြည့်မှာ လုရန်၏ အနောက်တွင် ရပ်နေသော လုမုန့်ယွမ်ထံသို့သာ ချက်ချင်း ရောက်ရှိသွားပြီး သူ၏ အမူအယာမှာ အလွန်ပင် ရှုပ်ထွေးသွားခဲ့သည်။ သူသည် လုမုန့်ယွမ်ကို မှတ်မိသော်လည်း မှတ်ဉာဏ်မှာ သိပ်မနက်ရှိုင်းလှချေ။
အမှန်စင်စစ် ဝူထျန်းခွန်းသည် ဆေးခတ်ခံထားရသဖြင့် ထိုစဉ်က အဖြစ်အပျက်ကို သေချာမမှတ်မိခြင်းပင် ဖြစ်သည်။
ထိုစဉ် ဝူဟောက်က စကားစတင် ပြောလိုက်သည်။
"ငါက ဝူမိသားစုရဲ့ ဘိုးဘေး 'ဝူဟောက်' ပဲ... ဒါက ငါ့မြေး၊ ပြီးတော့ မင်းရဲ့ မြေးလေးရဲ့ ဖခင်လည်း ဟုတ်တယ်"
ဝူဟောက်၏ စကားကို ကြားသောအခါ လုရန်မှာ မယုံကြည်နိုင်သော မျက်နှာဖြင့် ဖြစ်သွားသလို ဝူထျန်းခွန်း ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။ သူ ဘာမှ မမှတ်မိပါဘဲနှင့် ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဖခင်တစ်ဦး ဖြစ်သွားရသနည်း။ သို့သော် ဝူထျန်းခွန်းသည် ဘိုးဘေး၏စကားကို မည်သည့်အခါမျှ သံသယ မရှိခဲ့ပေ။
လုရန်သည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ သမီးဖြစ်သူ၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအယာများကို မြင်လိုက်ရသဖြင့် ဤကိစ္စမှာ အမှန်တကယ် ဖြစ်နိုင်ကြောင်း သိရှိသွားခဲ့သည်။ ထို့နောက် လုရန်သည် အသက်ကို ပြင်းပြင်းရှူကာ ဝူဟောက်ဘက်သို့ လှည့်၍ မေးလိုက်သည်။
"ဒါဆိုရင် စီနီယာ... ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ အစီအစဉ် ရှိပါသလဲ"
ဝူဟောက်တွင် တိုက်ခိုက်လိုသော ဆန္ဒ မရှိကြောင်း လုရန် သိရှိနိုင်သည်။ ဝူဟောက်၏ မခန့်မှန်းနိုင်သော အစွမ်းများနှင့် ပေါင်းစပ်လိုက်လျှင် လုရန်အနေဖြင့် တိုက်ခိုက်ရန် မစိတ်ကူးဝံ့ပေ။
ဝူဟောက်က လက်ဝှေ့ယမ်းကာ တိုက်ရိုက် ပြောလိုက်တော့သည်။
"ငါတို့ ဝူမိသားစုက လုမုန့်ယွမ်ကို တရားဝင် လက်ထပ်ခွင့် တောင်းပါတယ်... စိတ်ချပါ၊ လုမုန့်ယွမ်က ငါတို့ ဝူမိသားစုဝင် ဖြစ်လာတဲ့နောက်မှာ သူမကို ဘယ်တော့မှ မျက်နှာမညှိုးစေရဘူးလို့ ငါ အာမခံတယ်"
ဤသည်ကို ကြားသောအခါ လုရန်မှာ ခဏမျှ တိတ်ဆိတ်သွားပြီး ဆုံးဖြတ်ချက်ကို သမီးဖြစ်သူ လုမုန့်ယွမ်ဘက်သို့ လွှဲပြောင်းပေးလိုက်သည်။
"သမီး... ဒါနဲ့ ပတ်သက်ပြီး သမီးရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလဲ"
လုမုန့်ယွမ်သည် ခေါင်းငုံ့ကာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဝူထျန်းခွန်းကို ကြည့်ကာ တိုးညင်းစွာ မေးလိုက်၏။
"ဒါဆို ရှင်ကော... ရှင့်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲ"
ဝူထျန်းခွန်းမှာ အလွန်ပင် စိတ်ရှုပ်ထွေးသွားရသည်။ ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ကြီး ဇနီးနှင့် သားတစ်ယောက် ရလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သို့သော် သွေးမျိုးဆက် ဆက်နွှယ်မှုအရ ရှေ့ရှိ ကလေးငယ်မှာ သူ၏ ရင်သွေး အစစ်အမှန် ဖြစ်ကြောင်း သူ သိရှိနေသည်။
ထိုသို့ တွေးပြီးနောက် ဝူထျန်းခွန်းသည် လုမုန့်ယွမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်တော့သည်။
"မင်းသာ စိတ်မရှိဘူးဆိုရင် ငါ မင်းရဲ့ တာအိုအဖော် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်... အကယ်၍ ငါသာ မင်းအပေါ် သစ္စာဖောက်ခဲ့ရင် ငါ့ကို မိုးကြိုးပစ်ပါစေ”
ဝူထျန်းခွန်း စကားအဆုံးတွင် ဟင်းလင်းပြင်အတွင်းမှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာရာ ကောင်းကင်တာအိုက ဤကတိသစ္စာကို တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြသနေသည်။ လုမုန့်ယွမ်မှာလည်း စိတ်လှုပ်ရှားသွားပြီး လုရန်ကို ပြောလိုက်၏။
"ဖေဖေ... သူပါပဲ"
သမီးဖြစ်သူ စကားအဆုံးတွင် လုရန်၏ အမူအယာမှာ အလွန်ပင် ရှုပ်ထွေးသွားသော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ထို့ပြင် ဝူဟောက်၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိနိုင်သည်။ အကယ်၍ ဝူဟောက်သာ လှုပ်ရှားခဲ့လျှင် အထက်ဘုံတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော 'သွေးဝိညာဉ်ဂိုဏ်း' ကိုပင် ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု လုရန် တွေးမိသော်လည်း၊ ဝူဟောက်၏ အစွမ်းကို သူ အရင် စမ်းသပ်ကြည့်ရန် လိုအပ်ပေသည်။
အပိုင်း(၂၉၀) ဝူဟောက်၏ ယဉ်ကျေးစွာငြင်းပယ်မှု
“တာအိုမိတ်ဆွေဝူ... ကျွန်တော် မင်းနဲ့ ခင်ခင်မင်မင် လက်ရည်စမ်းချင်ပါတယ်”
လုရန်သည် ဝူဟောက်ကို တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အချိန်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၏ အရှင်သခင်တစ်ဦးအနေဖြင့် သူသည် အချိန်ကို ထိန်းချုပ်နိုင်သည့် 'အချိန်ခန္ဓာကိုယ်' ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ဝူဟောက်သည် အနည်းငယ် နေရခက်သလို ဖြစ်သွားသော်လည်း နောက်ဆုံးတွင် သဘောတူ ခေါင်းညိတ်လိုက်သည်။
“လုရန်က လက်ရည်စမ်းချင်မှတော့ စမ်းရတာပေါ့”
ဝူဟောက် စကားအဆုံးတွင် လက်ကို ဝှေ့ယမ်းလိုက်ရာ ရှိနေသူအားလုံးကို သူ၏ နတ်အသိစိတ်ကမ္ဘာထဲသို့ ချက်ချင်း ခေါ်ဆောင်သွားတော့သည်။
လုရန် တုန်လှုပ်သွားသည်။ အကြောင်းမှာ သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဝူဟောက်၏ ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဝူဟောက်၏ ကျင့်ကြံခြင်းအဆင့်မှာ သူထက် အနည်းဆုံး တစ်ဆင့်မြင့်ကြောင်း သက်သေပြနေခြင်းပင်။
ဝူကျန့်ယွီအတွက်မူ ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူ၏ ကမ္ဘာအမြင်မှာ လုံးဝ ပျက်စီးသွားခဲ့သည်။
'အစက ငါ့အမေနဲ့ အဖိုးရဲ့ အဝတ်အစားတွေကို ကြည့်ပြီး ငါ ရှေးခေတ်ကမ္ဘာကို ရောက်နေတာလို့ ထင်ခဲ့တာ... ဒါပေမဲ့ အခုအခြေအနေအရ ကြည့်ရင်တော့ ဒါက ကျင့်ကြံခြင်းကမ္ဘာပဲ၊ ငါသာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရင် ငါတော့ နတ်ဘုရား ဖြစ်တော့မှာပဲ’
ထိုစဉ် လုရန်သည် လက်ကို ဝှေ့ယမ်းကာ အချိန်နှင့် ဟင်းလင်းပြင် ခေါင်းလောင်းကို ဆင့်ခေါ်လိုက်ပြီး ဝူဟောက်ကို ပြောလိုက်၏။
“ကျွန်တော် စတင်တိုက်ခိုက်တော့မယ်...တာအိုမိတ်ဆွေ သတိထားပါ”
“အင်း”
ဝူဟောက်က တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။ သူသည် သူ၏ ကျင့်ကြံခြင်းကို အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့်အထိ လျှော့ချလိုက်ပြီး လုရန်အနေဖြင့် သူ၏ တိုက်ကွက် သုံးကွက်ကို ခံနိုင်ရည် ရှိမရှိ စမ်းသပ်ရန် ပြင်လိုက်သည်။
လုရန်သည် သူ၏ စွမ်းအားများကို ခေါင်းလောင်းထဲသို့ ထည့်သွင်းလိုက်ရာ ခဏချင်းမှာပင် ခေါင်းလောင်းထဲမှ အနက်ရောင် အလင်းလုံးတစ်ခု ထွက်ပေါ်လာပြီး ဝူဟောက်ထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ဝူဟောက်သည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုအလင်းလုံးကို ဘေးသို့ လွင့်စင်သွားအောင် ပုတ်ထုတ်လိုက်သည်။
“လုရန်... မင်းမှာရှိတဲ့ စွမ်းရည်အကုန် ထုတ်သုံးတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင်တော့ အခုပဲ အရှုံးပေးလိုက်တော့”
လုရန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ခေါင်းလောင်းအတွင်းသို့ စီးဝင်စေလိုက်သည်။ ခေါင်းလောင်း၏ ပတ်ဝန်းကျင်ရှိ အချိန်များမှာ အဆက်မပြတ် မြင့်တက်လာနေသည်။
“တာအိုမိတ်ဆွေ... သတိထားပါ”
လုရန် စွမ်းအားစုဆောင်းပြီးသည်နှင့် အချိန်စွမ်းအားများသည် ဝူဟောက်ထံသို့ တစ်စက္ကန့်လျှင် နှစ်ပေါင်း သန်းချီ၍ နောက်ပြန်ဆွဲသည့် အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။ ဝူဟောက်သည် အဆင့် ၉ အင်မော်တယ်ဓားတစ်စင်းကို လက်ထဲ၌ ဆင့်ခေါ်ကာ ဓားဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုဓားချက်မှာ အချိန်၏ အတားအဆီးများကို ကျော်လွန်ကာ လုရန်၏ ရှေ့သို့ ရောက်ရှိချိန်တွင် ကွယ်ပျောက်သွားခဲ့သည်။
လုရန်သည် ခေါငိးလောင်းကို သိမ်းဆည်းလိုက်ပြီး သူ၏ မျက်နှာမှာ ခါးသီးမှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဝူဘိုးဘေး... ကျွန်တော် ရှုံးပါပြီ”
သူသည် ဝူဟောက်ကို ကြည့်ကာ လေးနက်စွာ တောင်းဆိုလိုက်သည်။
“ဝူဘိုးဘေး... ကျွန်တော့်မှာ တောင်းဆိုစရာ အကူအညီတစ်ခု ရှိပါတယ်”
ဝူဟောက်သည် လက်ဝှေ့ယမ်းကာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
“မင်း ဘာပြောမလဲဆိုတာ ငါ သိတယ်... ဒါပေမဲ့ ငါ ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ဘူး... သွေးဝိညာဉ်ဂိုဏ်း ဆိုတာက ငါ ကိုယ်တိုင် ကိုင်တွယ်ဖို့တောင် မထိုက်တန်တဲ့ အရာပဲ... အချိန်တန်ရင် တစ်စုံတစ်ယောက်က ဒါကို ရှင်းလင်းသွားလိမ့်မယ်”
လုရန်သည် ဝူဟောက်ကို ဆက်လက် မတောင်းဆိုတော့ပေ။ သူ သိချင်သည်မှာ ဝူဟောက် ပြောနေသည့် လှုပ်ရှားလာမည့် ထိုတစ်စုံတစ်ယောက်မှာ မည်သူဖြစ်မည်နည်း ဆိုသည်ကိုပင်။
လုမုန့်ယွမ်၏ ရင်ခွင်ထဲရှိ ဝူကျန့်ယွီမှာမူ ဝူဟောက်နှင့် လုရန်တို့၏ တိုက်ပွဲကို မြင်ပြီးနောက် မှင်တက်သွားရသည်။
ဤမျှ အစွမ်းထက်သော နောက်ခံရှိနေမှတော့ သူ နတ်ဘုရား ဖြစ်ရန်မှာ အသာလေးပင်။ သို့သော် ဝူကျန့်ယွီသည် သူ၏ မူလဇစ်မြစ်ကို ဘိုးဘေးများ ရိပ်မိသွားမည်ကို စိုးရိမ်ကာ မျက်နှာ တင်းမာသွားခဲ့သော်လည်း လုမုန့်ယွမ်ကမူ ကလေးငယ် ဆာလောင်နေသည်ဟုသာ ထင်မှတ်သွားလေသည်။