ကျွန်မ ရှုံးတာကို ဝန်ခံပါတယ်
Vol. 27 Ch. 378
အခန်း (၃၇၈) ကျွန်မ ရှုံးတာကို ဝန်ခံပါတယ်
နံနက်ခင်းအချိန်။
"အား အား အား ... ကျွန်မ ရှုံးတာကို ဝန်ခံပါတယ်"
နဝမတောင်ထွတ်ရင်ပြင်ထက်တွင် ရှောင်ယွိက သူမခေါင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး နာကျင်စွာဖြင့် အော်ဟစ်ရင်းဆိုသည်။
ကျန်းလန်၏လက်ထဲတွင်တော့ သစ်သားဓားတစ်လက်ကိုင်ထား၏။
ရှောင်ယွိက နဝမတောင်ထွတ်တွင်သာ စိန်ခေါ်ပွဲပြုလုပ်ရန် အခိုင်အမာဆိုခဲ့သည်။ ထို့ကြောင့် ကျန်းလန်ကလည်း နဂါးသုတ်သင်ဓားသိုင်းကို သူမကို မြည်းစမ်းစေလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် နဝမတောင်ထွတ် ရင်ပြင်ထက်မှ အစီအရင်များစွာကြောင့် သူမအနေဖြင့် ကျန်းလန်ကို အနိုင်ရရန် အခွင့်အရေး မရှိပေ။
နောက်တစ်ကြိမ် ကျောက်စိမ်းရေကန်တွင် တိုက်ခိုက်မှသာ သူမ အနိုင်ရနိုင်ပေလိမ့်မည်။
ရှောင်ယွိက ခေါင်းကိုမော့လိုက်ပြီး ကျန်းလန်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။
"ဂိုဏ်းတူမောင်လေး"
သူမ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်၏။
ကျန်းလန်ကတော့ ခေါင်းငုံ့လျှက် မည်သည့်စကားမှ မဆိုပေ။
ရှောင်ယွိက စိတ်ဆိုးမပြေသေးဘဲ ကျန်းလန်ကို စိုက်ကြည့်နေ၏။ နောက်ဆုံးမှာတော့ သူမ စိတ်လျှော့လိုက်သည်
"ကောင်းပြီ ၊ နောက်ထပ် အနှစ် (၁၀၀) ကျွန်မ ရှင့်စကားနားထောင်ပေးမယ်"
ကျန်းလန်က လက်ထဲမှ သစ်သားဓားလေးကို ရှောင်ယွိထံပြန်ပေးလိုက်သည်။
သူမ သူ့စကားနားထောင်သည်ဖြစ်စေ ၊ နားမထောင်သည်ဖြစ်စေ သူ့အတွက် ဘာမှမထူးခြားပေ။
ရှောင်ယွိက အနည်းငယ် ကြည်ကြည်လင်လင် ဖြစ်လာပြီး...
"ဂိုဏ်းတူမောင်လေး ၊ နဝမတောင်ထွတ်ကို သန့်ရှင်းရေးမလုပ်တာ ကြာပြီ မဟုတ်လား ၊ ကျွန်မကို ရှင်နဲ့အတူ အလုပ်ကူလုပ်ဖို့ အမိန့်ပေးစေခိုင်းလို့ရတယ်နော်"
ရှောင်ယွိက ကျန်းလန်ကမ်းပေးလာသည့် သစ်သားဓားလေးကို လှမ်းယူရင်းဆိုသည်။
ကျန်းလန် : "......"
သောက်ကျိုးနဲ။
ဒီနဂါးမလေးက သူ့အလုပ်တွေကို ဝင်ရှုတ်ဖို့ စဉ်းစားနေပါလားဟု ကျန်းလန် တွေးလိုက်၏။
သို့သော် သူက ရှောင်ယွိစကားကို မငြင်းဆန်ခဲ့ပေ။
သူတို့ (၂)ယောက် နဝမတောင်ထွတ်ကို အတူတူ သန့်ရှင်းရေး လုပ်ကြသည်။
တကယ်တမ်းတော့ ရှောင်ယွိက သူ့ကို ကူညီလိုချင်းမဟုတ်ဘဲ ဆော့ကစားလိုခြင်းသာ ဖြစ်သည်။
သို့ပေသိ သူမ အနားတွင် ရှိနေသည့်အတွက် ကျန်းလန်၏ဘဝသည်လည်း စိုစိုပြေပြေဖြစ်နေခဲ့သည်။
ရှောင်ယွိ မေးမြန်းသည့် မေးခွန်းများကိုလည်း ကျန်းလန်မှာ မညည်းမညူ ဖြေရရှာသည်။
"ဂိုဏ်းတူမောင်လေ ၊ ဒီပန်းကအရမ်းလှတယ် ၊ စိုက်ထားလို့ မရဘူးလား"
"မရဘူး ၊ အဆိပ်အရမ်းပြင်းတယ်"
"ဒါဖြင့် ဒီသစ်ပင်ရော"
"အဲဒီသစ်ပင်က အစီအရင်တွေကို ဒုက္ခပေးနိုင်တယ်"
"ဂိုဏ်းတူမောင်လေး ၊ အိမ်ကိုပါ အသစ်ပြန်ဆောက်ကြရင် ကောင်းမလား"
"မဖြစ်ဘူး"
သူမဆန္ဒအတိုင်း သဘောတူလိုက်ပါက ရက်အနည်းငယ်အတွင်း အိမ်ကပြိုကျမည်ကို ကျန်းလန် သိရှိနေသည်။
ထို့နောက်တွင်တော့ ရှောင်ယွိက ကျန်းလန်ကို ကူညီဟန်ဆောင်ပြီး သစ်ရွက်လေးအနည်းအပါးကို ကူညီဖယ်ရှားပေးလိုက်သည်။
ညအချိန်။
ကျန်းလန်နှင့် လုန်ယွိတို့ ခြံဝင်းဆီသို့ ပြန်လာကြသည်။
ရှောင်ယွိက ကျန်းလန်နံဘေးတွင်ထိုင်ရင်း ခြေထောက်များကို နှိပ်နယ်နေ၏။
"ဂိုဏ်းတူမောင်လေး ၊ မပင်ပန်းဘူးလားဟင်"
ကျန်းလန်က...
"အင်း နည်းနည်းပေါ့"
အမှန်တော့ တစ်ယောက်တည်းအလုပ်လုပ်ရလျှင် မပင်ပန်းပေ။
ရှောင်ယွိက အနားမှ တကောက်ကောက်လိုက်ကာ ပေါက်ကရများလုပ်သည့်အတွက် သူ ပင်ပန်းနွမ်းနယ်ရသည်။
သို့သော် ရှောင်ယွိအနားရှိသည့်အတွက် စိတ်ကတော့ ပျော်ရွှင်နေမိသည်။
“ရော့”
ရှောင်ယွိက သစ်သားဓားလေးကို ကျန်းလန်ထံကမ်းပေးလိုက်ပြီး ကျန်းလန်ကို ကျောပေးကာ မှီထိုင်လိုက်သည်။
သူမက...
“ဂိုဏ်းတူမောင်လေး ၊ မလှုပ်နဲ့နော် ၊ ရှင့်ကိုမှီပြီး အိပ်မလို့”
ရှောင်ယွိအသံလေးက ပေါ့ပါးပြီး သာယာလွန်းသည်။
ကျန်းလန်က လက်ထဲတွင် သစ်သားဓားလေးကို ဆုပ်ကိုင်ထားပြီး နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးလိုက်သည်။
ရှောင်ယွိပြောသည့်အတိုင်း ခန္ဓာကိုယ်ကို သိပ်မလှုပ်ရှားဘဲ ငြိမ်နေခဲ့သည်။
"ဂိုဏ်းတူမောင်လေး ၊ ရှင် တံခါးပိတ်ကျင့်ကြံဦးမှာလား"
ရှောင်ယွိက မေးသည်။
ကျန်းလန်က...
''အင်း... ကိုယ် အချိန်အကြာကြီး အပြင်ထွက်မလာဘူးဆိုရင်တော့ ဉာဏ်အလင်းပွင့်တဲ့အခြေအနေကို ရောက်သွားလို့ပါ''
ဉာဏ်အလင်းပွင့်သည့် အခြေအနေ တစ်ခါရောက်လျှင် တာအိုကိုနားလည်ခြင်းကလည်း တစ်ဆင့်တိုးလာသည်။ ထိုအချိန်မျိုးတွင် သူက မရဏဂူထဲမှ အပြင်သို့မထွက်ဘဲ နှစ်အတန်ကြာကျင့်ကြံနေလေ့ ရှိသည်။
လက်ရှိတွင် မဟာတာအိုကို နက်ရှိုင်းစွာနားလည်မှုက ပိုမိုလေးနက်လာသည့်တိုင် အောင်မြင်သည့်အဆင့်တော့ မရောက်သေးပေ။
သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်က ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
တာ့လော်အင်မော်တယ်ဖြစ်ပြီးလျှင်တော့ တိုးတက်မှုက ပိုမိုမြန်ဆန်လာပေလိမ့်မည်။
ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း...
“ဂိုဏ်းတူမောင်လေး ၊ ရှင်က ကိုယ့်ကိုယ်ကိုယ် လျှို့ဝှက်ထားတဲ့ ပါရမီရှင်တစ်ယောက်လား ၊ ဘာလို့ မကြာခဏ ဉာဏ်အလင်းပွင့်နေရတာလဲ”
ကျန်းလန်က သူမမေးခွန်းကို ပြန်မဖြေပေ။
တကယ်တော့ သူက အမြဲတမ်းလည်း ဉာဏ်အလင်းပွင့်နေခြင်း မဟုတ်ပေ။
နှစ်အနည်းငယ်အတွင်း သို့မဟုတ် ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်မျှသာ ကြုံတွေ့ခြင်း ဖြစ်သည်။
ကျန်သည့်အချိန်အများစုတွင်တော့ သူက ဉာဏ်အလင်းပွင့်စေမည့် အကြောင်းအရာများကို ဖြည်းဖြည်းချင်း စုစောင်းနေသည်။
ဉာဏ်အလင်းပွင့်ခြင်းရရှိရန် ထူးခြားသည့် မှော်ဝင်ပစ္စည်းများအပေါ် မှီခိုအားထားရသည့်အချိန် ကျန်းလန်အတွက်တော့ အနည်းငယ်သာ ရှိသည်။
ဥပမာဆိုရသော် -
တတိယတောင်ထွတ် ၊ မှောင်ရုံနယ်မြေအတွင်းမှ ရေကန်က သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့သည့် နေရာတစ်ခု ဖြစ်သည်။
သေရည်ဆိုင်တွင် အကူလုပ်အားပေးရန် လူတွေ့စစ်ဆေးခံရစဉ်က သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုတိုက်သည့် လက်ဖက်ရည်ကြမ်းသည်လည်း အတူတူပင် ဖြစ်သည်။ သူ့စိတ်ကို ရှင်းလင်းသွားစေပြီး နားလည်နိုင်စွမ်းများကို မြင့်မားလာစေသည်။
လက်ရှိတွင်တော့ တာအိုတရားကို နားလည်သိမြင်ခြင်းကြောင့်သာ သူက ဉာဏ်အလင်းပွင့်ခြင်းများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
သူသည် တာအိုလမ်းစဉ်ကို နားလည်ရန် ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်ပြီး လုံလောက်သည့် ပြင်ဆင်မှုများနှင့် နားလည်မှုများ ရရှိသည့်အခါ ဉာဏ်အလင်းပွင့်ခြင်းက သူ့အလိုလို ဖြစ်ပေါ်လာသည်ပင်။
ကျန်းလန်က တိုးလျသည့်လေသံဖြင့်...
“ကိုယ့်လိုဖြစ်လာအောင် ဂိုဏ်းတူအစ်မလည်း ကြိုးစားလို့ရပါတယ်”
အစစ်အမှန်အင်မော်တယ် ဖြစ်လာပြီဆိုလျှင် ရှောင်ယွိသည်လည်း တာအိုကိုနားလည်ရန် ကြိုးစားရတော့မည် မဟုတ်ပါလား။
***
နောက်တစ်နေ့နံနက်။
ရှောင်ယွိ နဝမတောင်ထွတ်မှ ထွက်ခွာသွားပြီး ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ပြန်ခဲ့သည်။
ကျန်းလန်က အင်မော်တယ်ဖြစ်လာရန်အတွက် အရေးကြီးသည့်အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ သူမက သိပ်ပြီး အနှောက်အယှက် မပေးသင့်တော့ပေ။
ကျောက်စိမ်းရေကန်သို့ ရောက်သည်နှင့် ရှောင်ယွိ၏အသွင်က လုန်ယွိအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် သူမက ကျောက်စိမ်းရေကန်ထဲသို့ ဆင်းသွားပြီး မျက်နှာတစ်ဝက်ခန့်ကိုသာ ရေပေါ်တွင် ဖော်ထားသည်။
“ဂိုဏ်းတူမောင်လေးက တကယ် စိတ်ဆိုးဖို့ကောင်းတယ် ၊ ဒီတစ်ခေါက်လည်း သူ အနိုင်ရသွားပြန်ပြီ”
“နဝမတောင်ထွတ်က အစီအရင်တွေက ဘယ်လောက်တောင် အစွမ်းထက်ရတာလဲ"
လုန်ယွိက ရေပူဖောင်းများဖြစ်အောင် မှုတ်ထုတ်နေရင်း ဒေါသတကြီး ရေရွတ်နေသည်။
တကယ်ဆိုလျှင် သူမက အနိုင်ရယူလိုပြီး ကျန်းလန်ကို သူမအား ပွေ့ဖက်ခိုင်းရန် အမိန့်ပေးမည်ဟု ကြံစီထားခဲသည်။
သို့သော်…
ယခုတော့ သူမကသာ ကျန်းလန်၏စကားကို နောက်ထပ်အနှစ် (၁၀၀) နားထောင်ရပေတော့မည်။
သူမ ထိုသို့ ပြုလုပ်ရမည်ကို သဘောမကျသည့်တိုင် သူမမျက်နှာလေးက ရှက်သွေးဖြာလျှက် ရှိ၏။
ထို့နောက် သူမ ကျောက်စိမ်းရေကန်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေတာ့၏။
***
ရှောင်ယွိ ပြန်သွားတော့မှ ကျန်းလန် ခြံဝင်းဆီ ပြန်လာခဲ့သည်။
သာမန်ဆိုလျှင် တာအိုတရားဟောပြောသည့်နေရာသို့ သူ သွားရောက်လည်ပတ်မည် ဖြစ်ပြီး အခြားတပည့်များပြောဆိုဝဖေန်ကြသည့် ပျက်သုဉ်းတစ်စပြင်လောကြီးအကြောင်းနားထောင်မည် ဖြစ်သည်။
သို့မှသာ နတ်မိစ္ဆာများနှင့် တစ္ဆေတိုင်းပြည်၏ အခြေအနေကို သိရှိရမည် ဖြစ်သည်။
တစ္ဆေတိုင်းပြည်က နတ်ဘုရားရာထူး ရရှိသွားပြီဖြစ်လေရာ တိုက်ပွဲက အဆုံးသတ်တော့မည် ဖြစ်သည်။ သို့မဟုတ် အခြားအကြောင်းများလည်း ဖြစ်လာနိုင်သေးသည်။
ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် နတ်မိစ္ဆာများ ၊ မြေအောက်နတ်ဆိုးများ လှည့်ပတ်သွားလာနေကြသည်ကို သူ သိခဲ့ပြီး ဖြစ်သည်။
ထိုသူများသည်လည်း သူတို့ လိုအပ်သည့်အရာများ ရှိရပေမည်။
သူတို့က ရိုးရိုးရှင်းရှင်းပင် ခွန်လွန်တောင်အနား သွားလာနေကြသည်ကတော့ မဖြစ်နိုင်ပေ။
ကျန်းလန်ကတော့ မည်သည့်အရာကိုမှ စိတ်ပူပန်ခြင်း မရှိပေ။ သူက နတ်လူသားမျိုးနွယ်များကိုသာ အာရုံစိုက်သည်။
ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များသည် မဝေးတော့သည့်အနာဂတ်တွင် သူတို့လိုချင်သည့်အရာကို ရရှိသွားကြပေလိမ့်မည်။
သူတို့ (၂) ဖွဲ့လုံး လိုချင်သည့်အရာ ရရှိသွားသည်နှင့် တိုက်ပွဲက အဆုံးသတ်သွားမည် ဖြစ်၏။
ထိုအခါ နတ်လူသားမျိုးနွယ်များက သူ့ကို ပြန်လည်အာရုံစိုက်လာကြပြီး လှုပ်ရှားမှုများ ပြုလုပ်လာကြပေမည်။
ဤသည်က ပြဿနာများထဲမှ တစ်ခုပင် ဖြစ်သည်။
ထိုအချိန်ရောက်သည့်အခါ အပြင်ထွက်လျှင် အန္တရယ်ရှိနိုင်လေရာ သူက နဝမတောင်ထွတ်တွင် ဂူအောင်းနေရန်သာရှိသည်။
ယခုလောလောဆယ်မှာတော့ သူ၏အစီအရင်က စိန်ခေါ်မှုတစ်ခု ဖြစ်သွားသည့်အတွက် တောင်အောက်ဆင်းပြီး အခြေအနေ လေ့လာရန် မဖြစ်နိုင်တော့ပေ။
အခြားသူများက သူ့ကို စိတ်ဝင်စားနေကြတော့မည် ဖြစ်လေရာ သူ တောင်အောက်ဆင်းသွားသည်နှင့် သတိထားမိသွားကြပေလိမ့်မည်။
လက်ရှိတွင် သူတို့ ဆွေးနွေးပြောဆိုမှုများသည်လည်း သူ့အကြောင်းများသာ ဖြစ်နေပေလိမ့်မည်။
"ငါတော့ တောင်ပေါ်မှာပဲ ဆယ်စုနှစ်တစ်ခုလောက် တံခါးပိတ်ကျင့်ကြံမှ ထင်တယ်"
ကျန်းလန် တွေးလိုက်သည်။
ဆရာဖြစ်သူက သူ့အတွက် ကံကောင်းစေမည့် အခွင့်အရေးတစ်ခု မရှာပေးသရွေ့ သူက နှစ်ပေါင်း (၆၀)လုံးလုံး သူ တစ်ယောက်ထဲ ဂူအောင်းကျင့်ကြံနေရမည် ဖြစ်သည်။
ကိစ္စရပ်များကို ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ဆောင်ရမည် ဖြစ်၏။
***
နွေဦးရာသီကို ကျော်ဖြတ်ကာ ဆောင်းဦးရာသီသို့တိုင် ရောက်ခဲ့ပြီ။
ကျန်းလန်သည်လည်း ပုံမှန်အတိုင်း ကျင့်ကြံလျှက် ရှိသည်။ ကျင့်ကြံနေချိန်မှာတော့ သူက ခွန်လွန်တောင်တွင် ဖြစ်ပျက်နေသည့် ကိစ္စများကို အရးမစိုက်ခဲ့ပေ။
နှစ်အနည်းငယ်ကြာခဲ့ပြီးနောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်တွင် အလင်းတိုင် (၄)ခု ဖြစ်သွားသည်ကို သူ တွေ့မြင်ခဲ့ရသည်။
သို့သော် ကျန်းလန်က ထိုအရာများကို အရေးမစိုက်ဘဲ ဆက်လက်ကျင့်ကြံနေခဲ့သည်။
ကျင့်ကြံခြင်းအဆင့်တက်တော့မည်ဟု သူ ခံစားနေရသည်။
သူ့ သွေးကြောဆုံချက်များတွင် လှည့်ပတ်နေသည့် တာအိုတန်ခိုးစွမ်းအားများက ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ထိုအဆင့်ကို ကျော်ဖြတ်ပြီးလျှင် ရွှေခန္ဓာကျင့်စဉ်က ခြေတစ်လှမ်းတိုးတက်လာမည် ဖြစ်ပြီး တာအိုတန်ခိုးစွမ်းအားများက အရိုးများကို သန်မာစေရန် ဆက်လက်ကျင့်ကြံရမည် ဖြစ်၏။
ထိုအဆင့်သို့ရောက်လျှက် သူကမိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့် တာအိုကို နားလည်မှု တိုးတက်လာသလို ကျင့်ကြံခြင်းကလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။
ကြယ်ရောင်များက စီးဆင်းသွားပြီး နေနှင့်လက တလှည့်စီ ထွန်းလင်းတောက်ပခဲ့ကြသည်။
တိုက်ခတ်လာသည့်လေနှင့်အတူ အချိန်များကလည်း လျှင်မြန်စွာ ကုန်ဆုံးသွားသည်။
ကျန်းလန် မရဏဂူထဲတွင် ထိုင်နေရင်း သူ့ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသည့် အရာများကို ခံစားသိရှိနေသည်။
သူ့ခန္ဓာကိုယ်မ ရာနှင့်ချီသည့် သွေးကြောများသည် ရွှေရောင်အလင်းတန်းများနှင့် ပြည့်နက်လျှက် ရှိသည်။ သူတို့က ပြီးပြည့်စုံသည့်အဆင့်သို့ရောက်ရှိလာပြီး သူ၏ အရိုးများဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားသည်။
အချိန်စီးဆင်းဖြတ်သန်းသွားသည်ကို ကျန်းလန် မသိရှိတော့ပေ။
ကျန်းလန် ဗလာနယ်ထဲသို့ ကျရောက်သွားပြီး မဟာတာအိုတန်ခိုးစွမ်းအားများက သူ့ ပတ်ပတ်လည်တွင် စီးဆင်းလျှက်ရှိသည်။
တာအိုတန်ခိုးစွမ်းအားများက သူ၏ခန္ဓာကိုယ် အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားပြီး အရိုးများနှင့် ပေါင်းစပ်သွားသည်။
ကျန်းလန်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်။ ထိုအလင်းတန်းများက သူ့အရိုးများထဲမှ ထွက်ပေါ်လာခြင်းဖြစ်၏။
ထိုအချက်ကို သတိပြုမိလိုက်ချိန် ကျန်းလန်၏ မျက်ဝန်းများထဲမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။
သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကြီးမားသည့် စွမ်းအားများဖြင့် ပြည့်နက်နေသည့်အလား ခံစားရသည်။
ထို့နောက်တွင်တော့...
တန်ခိုးစွမ်းအားများ တဖြည်းဖြည်း လျော့ကျသွားပြီး ကျန်းလနမျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။
မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။
ဤကျင့်ကြံခြင်းအပိုင်းသည် အနှစ် (၂၀) တိုင် ကြာမြင့်ခဲ့သည်။
ကျန်းလန် ကျင့်ကြံခြင်းအဆင့် တက်ရောက်သွားပြီ ဖြစ်သည်။
လက်ရှိတွင် သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၃၀) ရှိခဲ့ပြီ ဖြစ်၏။