အကန့်အသတ်မဲ့အနာဂတ်ကိုလျှောက်လှမ်းနိုင်ရန်
Vol. 28 Ch. 379
အခန်း (၃၇၉) အကန့်အသတ်မဲ့အနာဂတ်ကိုလျှောက်လှမ်းနိုင်ရန်
မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ အဆင့်တက်ရောက်ပြီးနောက် ကျန်းလန်က ရရှိထားသည့် ကျင့်ကြံခြင်းအဆင့်နှင့် ကျွမ်းဝင်မှုရှိစေရန် ဆက်လက်ကျင့်ကြံခဲ့သည်။
ပြင်ပလောကသို့ထွက်ခွာသည့်အချိန်တွင် မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ဖြင့် ထွက်ခွာနိုင်မည်ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ တစ်စုံတစ်ခု မှားယွင်းမည်ဆိုလျှင် သေချာပေါက် ဆိုးရွားသည့် အကျိုးဆက်များ ရရှိမည် ဖြစ်သည်။
ထို့ကြောင့် ကိုယ်ရောက်ရှိနေသည့် ကျင့်ကြံခြင်းအဆင့်နှင့် ကျွမ်းဝင်မှုရှိနေစေရန် လိုအပ်သည်။
***
အချိန် (၃)လ ကြာမြင့်ခဲ့ပြီးနောက်…
ကျန်းလန်ထံသို့ ဆရာဖြစ်သူထံမှ စာတစ်စောင်ရောက်ရှိလာသည်။ စာပါအကြောင်းအရာကို ဖတ်ရှုပြီးနောက် ကျန်းလန် အနည်းငယ် အံ့အားသင့်သွား၏။
"ဆဋ္ဌမတောင်ထွတ်ကိုသွားပြီး ဆရာဒေါ်လေးချန်ရှီနဲ့ သွားတွေ့ရမယ်တဲ့…"
ကျန်းလန် ရေရွတ်လိုက်သည်။
ဆရာဖြစ်သူက အဘယ့်ကြောင့် ဆဋ္ဌမတောင်ထွတ်သို့ သွားခိုုင်းရပါသနည်း။ သူ နားမလည်နိုင်ပေ။ သူက ဆရာဒေါ်လေးချန်ရှီကို တစ်ခါမှပင် တွေ့မြင်ဖူးခြင်းမရှိလေရာ သူမကို သွားတွေ့ပြီး ဘာလုပ်ရပါမည်နည်း။
"ငါ အင်မော်တယ်အဆင့်တက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဆရာက သွားတွေ့ခိုင်းတာများလား"
ကျန်းလန်တွေးလိုက်သည်။
ထိုအချက်က ဖြစ်နိုင်ခြေ မြင့်မားသည်။
ယခု ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၃၀) ရှိပြီ ဖြစ်သည်။ အများအမြင်တွင် မရှိမှုအာကာသအဆင့်အောင်မြင်ခဲ့ပြီဖြစ်လေရာ အင်မော်တယ်ဖြစ်လာရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
နောက်ထပ်ဆယ်စုနှစ်အနည်းငယ်ဆိုလျှင် သူ အင်မော်တယ်အဖြစ်သို့ ရောက်ရှိတော့မည် ဖြစ်၏။
ဆရာဖြစ်သူက သူ့ကို နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား ပေးအပ်ထားပြီးဖြစ်ရာ သူ အင်မော်တယ်အဖြစ် အဆင့်တက်ရန်အတွက် ထိုတန်ခိုးစွမ်းအားထက် ကောင်းမွန်သည့်အရာ မရှိနိုင်ပေ။ ထိုတန်ခိုးစွမ်းအားက သူ့အတွက် ထူးခြားသည့်အခွင့်အရေးတစ်ခု ဖြစ်၏။
"ဆဋ္ဌမတောင်ထွတ်ကို ငါ တစ်ခါမှ မရောက်ဖူးဘူး ၊ ဒီတော့ အဲဒီကိုသွားရင်း စနစ်မှတ်ပုံတင်လို့ရတယ်"
ကျန်းလန် တွေးလိုက်သည်။
ယခုနောက်ပိုင်း နေရာအသစ်များတွင် စနစ်မှတ်ပုံတင်မှသာ ထူးခြားသည့်ပစ္စည်းများ ရရှိနိုင်ခြေများသည်။ ထို့ပြင် သူ၏ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ထူးခြားသည့်ပစ္စည်းများ ရရှိရန်မှာလည်း အခွင့်အရေး နည်းပါးလာသည်။
မရဏဂူထဲတွင် နေ့စဉ် စနစ်မှတ်ပုံတင်ခြင်းမှ ရရှိသည့် ပစ္စည်းများက တစ်နေ့တခြား အသုံးဝင်ခြင်း မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ သူက ထိုပစ္စည်းများအားလုံးကို သိမ်းဆည်းထားပြီး လိုအပ်လျှင် ကျင့်ကြံခြင်းတွင် အသုံးပြုလေ့ ရှိသည်။
မန္တန်များ ၊ မှော်ဝင်လက်နက်များ။
သူရရှိထားသည့် ထိုအရာများအားလုံးက အစွမ်းသတ္တိအတူတူပင် ဖြစ်သည်။ သုံးရလွယ်ကူသော်လည်း ကျွမ်းကျင်အောင် လေ့ကျင့်ရန်မှာတော့ သူ၏စွမ်းအားကို အသုံးပြုရန် လိုအပ်သည်။
သို့ပေသိ သူက နွားရိုင်းကိုးကောင်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားများအပေါ်တွင် ပိုမိုအားထုတ်ကျင့်ကြံပြီး စွမ်းအားများစွာ အသုံးပြုနေလေရာ ထိုမန္တန်များနှင့် မှော်ဝင်ပစ္စည်းများအပေါ်တွင် သိပ်ပြီး အချိန်မပေးနိုင်ပေ။
နွားရိုင်းကိုးကောင်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားတို့ကလည်း ကျင့်ကြံရာတွင် အားထုတ်မှုများစွာလိုအပ်သည့် ကျင့်စဉ်များ ဖြစ်ကြသည် မဟုတ်ပါလား။
***
ဆဋ္ဌမတောင်ထွတ်။
ကျန်းလန် တောင်ခြေတွင်ရပ်နေရင်း တောင်ထိပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူက ဓားကိုစီးနှင်ကာ တောင်ပေါ်သို့တက်သွားရန် ရည်ရွယ်ထား၏။
ဆဋ္ဌမတောင်ထွတ်မှ ဆရာဒေါ်လေးက အပြင်သို့ ထွက်ခဲသည်။ အချို့တပည့်များက သူမကို ယောကျ်ားလေးတစ်ယောက် ဖြစ်သည်ဟု ဆိုကြပြီး အချို့ကတော့ မိန်းကလေးဟု ပြောကြပြန်သည်။
ကျန်းလန် ဆရာဖြစ်သူကို မေးမြန်းကြည့်သည့်အခါ ဆရာဒေါ်လေးချန်ရှီက မိန်းကလေးကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆိုလျှင် သူမက ယောကျ်ားလေးတစ်ယောက်ဖြစ်သည်ဟု အဘယ့်ကြောင့် ကောလဟလများက ထွက်ပေါ်ရပါသနည်း။
"ဒီ ဆရာဒေါ်လေးက ရှေ့ဖြစ်ဟောတာနဲ့ နက္ခတ်ပညာမှာ အရမ်းတော်တယ်လို့ ကြားဖူးတယ် ၊ ဆရာက သူ့ကို သွားတွေ့ခိုင်းတယ်ဆိုတော့ အဲဒီပညာတွေနဲ့ ပတ်သက်ပြီး အကူအညီယူစေချင်လို့များလားမသိဘူး"
ကျန်းလန် တွေးလိုက်သည်။
ကျန်းလန်ကတော့ နက္ခတ်ပညာအသုံးပြုပြီး သူ့အကြောင်း ဗေဒင်တွက်ခံရမည်ကို မနှစ်သက်ပေ။ သူက လျှို့ဝှက်ချက်များစွာရှိသူတစ်ယောက် ဖြစ်သည်။
ကံကောင်းသည်မှာ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုပြီး လျှို့ဝှက်ချက်များအားလုံးကို ဖုံးကွယ်ထားနိုင်ခြင်းပင်။ ထို့ကြောင့် ဆရာဒေါ်လေးချန်ရှီ၏ နက္ခတ်ပညာက သူ့အကြောင်း ထိုးဖောက်ကြည့်မြင်နိုင်မည် မဟုတ်ပေ။
သို့သော် တစ်ခါတစ်ရံတွင် အန္တရယ်ဆိုသည်က ရုတ်တရက် ရောက်လာတတ်သည်။ နက္ခတ်ပညာကြောင့် သူ အန္တရယ်တစ်စုံတစ်ရာ မဖြစ်ဟု ကျိန်းသေအာမမခံနိုင်ပေ။
သို့ဖြစ်ရာ ဖြစ်နိုင်လျှင် ကျန်းလန်မှာ ဆဋ္ဌမတောင်ထွတ်မှ ဆရာဒေါ်လေးနှင့် တွေ့ဆုံရမည်ကို ရှောင်ရှားလိုသည်။ သို့ပေသိ ဆရာဖြစ်သူက စေလွှတ်နေသည်ဖြစ်ရာ ငြင်းမရသည့် အနေအထား ဖြစ်သည်။
"ဘာမှ မဖြစ်လောက်ဘူးလို့ မျှော်လင့်ပါတယ်"
ကျန်းလန် တွေးလိုက်ရင်းဖြင့် ဆဋ္ဌမတောင်ထွတ်ဆီသို့ ပျံသန်းထွက်ခွာသွားသည်။
သူက ဆရာဖြစ်သူ လမ်းညွှန်ပေးသည့် နေရာဆီသို့ ဦးတည်သွားခဲ့သည်။ လမ်းတစ်လျှောက်ရှိ အခြေအနေများကိုလည်း သူ အလွန်သတိထားသွားခဲ့သည်။
ဆရာဒေါ်လေးချန်ရှီက မည်သို့သောလူစားမျိုးဖြစ်သည်ကို မသိရှိလေရာ တစ်စုံတစ်ခု မှားယွင်းသွားပါက သူမကို စော်ကားသလို ဖြစ်သွားမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် အမှားအယွင်းမရှိအောင် ရိုသေလေးစားစွာ နေထိုင်ပြုမူရမည် ဖြစ်၏။
သူ့အနေဖြင့် ဆရာဒေါ်လေး၏ ချီးကျူးခံရမှုကို မလိုအပ်ပေ။ သူမက သူ့ကို အလယ်အလတ်အဆင့်ဟု သတ်မှတ်ပါက ပို၍ပင်ကေင်းမွန်ပေလိမ့်မည်။
သူက သူမကို မစော်ကားမိသရွေ့ အရာအားလုံး အဆင်ပြေမည် ဖြစ်သည်။
ခဏအကြာတွင်…။
ကျန်းလန် စမ်းချောင်းငယ်တစ်ခုအနားသို့ ရောက်ရှိလာသည်။
ပန်းပွင့်များနေရာတိုင်းတွင်ပွင့်လန်းနေပြီး စမ်းရေကလည်း ကြည်လင်လွန်းသဖြင့် အောက်ခြေသို့ပင် ထိုးဖောက်တွေ့မြင်နေရသည်။
စမ်းချောင်းလေးနံဘေးတွင်တော့ ဝါးအိမ်လေးတစ်လုံးရှိနေ၏။
ကျန်းလန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း လူသူတစ်ယောက်တစ်လေကိုပင် တွေ့မြင်ရခြင်း မရှိပေ။
ထိုစဉ်…
"ကျန်လန်လား…"
သူ့အနောက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းလန် မဆိုင်းမတွပင် နောက်သို့လှည့်ကြည့်လိုက်တော့ ရှည်လျားသည့် ဆံနွယ်များကို ပိုင်ဆိုင်ထားသည့် ချောမောလှပသော မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမက ဆံပင်များကို သပ်ရပ်စွာ စည်းနှောင်ထားပြီး နားရွက်နောက်မှ ဆံပင်အချို့က ရင်ဘတ်ထက်သို့ ကျဆင်းနေသည်။ သူမ၏ဆံနွယ်များက ခါးထိအောင် ရှည်လျားလေသည်။
သူမဝတ်ဆင်ထားသည့် ဝတ်ရုံကတော့ နေ ၊ လ နှင့် နက္ခတ်တရာများဖြင့် ပြည့်နေသည့် ဝတ်ရုံတစ်ခု ဖြစ်သည်။ အမှတ်တမဲ့ ကြည့်လိုက်လျှင် သူမသည် ကြယ်ရောင်စုံသော ကောင်းကင်အလယ်တွင် မတ်တတ်ရပ်နေသည့် နတ်သမီးတစ်ပါးပမာ ထင်မှတ်ရ၏။
ထိုမိန်းမပျိုက…
အလွန်တရာ ချောမောလှပသော်လည်း ယောကျ်ားလေးတစ်ယောက်ပမာ ရဲရင့်ဖျတ်လတ်ဟန်လည်း ရှိသည်။ မိန်းပမျိုးတစ်ယောက်ပမာ အလှကျက်သရေနှင့် ပြည့်စုံသလို ယောကျ်ားပျိုတစ်ယောက်ပမာလည်း ခန့်ညားကြည့်ကောင်းလှသည်။
သူမသည်ကား ဆဋ္ဌမတောင်ထွတ်၏ တောင်သခင်မ ချန်ရှီပင် ဖြစ်တော့၏။
ကျန်းလန်က ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
"တပည့်ကျန်းလန် ဆရာဒေါ်လေးကို ဂါရဝပြုပါတယ်"
ထိုမိန်းမပျိုက သူ လာရောက်တွေ့ဆုံသည့် တောင်သခင်မချန်ရှိဖြစ်ကြောင်း သိရှိလိုက်ပြီး သူမက နက္ခတ်ပညာတွင် ကျွမ်းကျင်သူ ဖြစ်သည်။
ချန်ရှီက…
"ရတယ်… ၊ ပုံမှန်အတိုင်းပဲနေပါ ၊ အရင်တုန်းက မင်းတည်ဆောက်ထားတဲ့ အစီအရင်တွေကို ငါ တွေ့ဖူးပါတယ် ၊ အတော်လေးကို အထင်ကြီးလောက်စရာပါပဲ"
သူမက ကျန်းလန်နံဘေးမှ ဖြတ်လျှောက်သွားရင်း…
"အခုရော အဲဒီ မရဏဂူက အစီအရင်ကို အဆင့်မြှင့်တင်ထားသေးလား"
ချန်ရှီက ဝါးအိမ်လေးရှိရာသို့ လမ်းလျှောက်သွားခြင်း ဖြစ်လေရာ ကျန်းလန်လည်း သူမနောက်မှ လိုက်သွားသည်။
"ဟုတ်ကဲ့ ၊ ကျွန်တော် အပြောင်းအလဲအချို့ လုပ်ထားပါတယ်"
"မင်းရဲ့ဆရာက ငါ့ဆီအကူအညီတောင်းတော့ ငါ အတော်လေး အံ့အားသင့်သွားတယ် ၊ သူက တော်ရုံ ငါ့ကို မဆက်သွယ်တတ်ဘူးလေ"
ချန်ရှီက ကျန်းလန်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
"မင်းရဲ့ဆရာက မင်းအပေါ် အရမ်းကောင်းတာပဲ"
ကျန်းလန် မည်သည့်စကားမှ ပြန်မပြောဘဲ မျက်ခုံးများကို တွန့်ချိုးထားမိသည်။
သူ နားလည်သည်။
သူ့ဆရာ သူ့အပေါ် မည်မျှကောင်းကြောင်း သူ နားလည်သည်။ သူရရှိထားသောအရာများ မည်မျှတန်ဖိုးကြီးသည်ကို နားလည်လေ ဆရာ့စိတ်သဘောထားကို ပိုပြီးနားလည်လေပဲ ဖြစ်သည်။
ဆရာဖြစ်သူက သူ့အတွက် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ပေးအပ်ခဲ့သည်။ ထို့ပြင် နာမ်ဝိညာဉ်ရောင်ပြန်ပညာနှင့် သေရည်ဆိုင်တွင် သူကြုံတွေ့ခဲ့သည့် အခွင့်အရေးကောင်းများအတွက် ဆရာဖြစ်သူက အခကြေးငွေ ပေးဆပ်ခဲ့ရသည်။
သူက အများအမြင်တွင် အင်မော်တယ် မဖြစ်သေးလေရာ ဆရာဖြစ်သူ သူ့ကိုပေးအပ်လေ့ရှိသည့် ရင်းမြစ်ပစ္စည်းများကတော့ သိပ်ပြီးအသုံးမဝင်လှပေ။ သို့သော် အချို့သောရင်းမြစ်ပစ္စည်းများကတော့ အသုံးဝင်လေ၏။
သို့ဖြစ်ရာ ဆရာဖြစ်သူက သူ့အပေါ်ကောင်းသည့်အတွက် သူကလည်း တပည့်တစ်ယောက်အနေဖြင့် တာဝန်ကျေပွန်ရမည် ဖြစ်သည်။
ထို့ကြောင့်ပင် လုန်ယွိနှင့် စေ့စပ်ရမည့်ကိစ္စမျိုးတွင် ဆရာ့စကားနားထောင်ကာ တစ်ချက်မတုံ့ဆိုင်းဘဲ သဘောတူခဲ့သည်။ နတ်လူသားမျိုးနွယ်များနှင့် နဂါးမျိုးနွယ်များ၏ စိန်ခေါ်ခြင်းကိုလည်း လက်ခံခဲ့သည်ပင်။
ထိုအရာများအားလုံးက သူ စီစဉ်ထားသည့် ကျင့်စဉ်လမ်းနှင့် သွေဖည်နေသည့်တိုင် တစ်ချက်မငြင်းဆန်းခဲ့ပေ။
ကျန်းလန်က သူလက်ခံနိုင်သည့်အရာမှန်သမျှကို မည်သည့်အခါမှ ငြင်းဆန်ခဲ့ခြင်း မရှိပေ။ ယခုလည်း ထိုသို့ပင်ဖြစ်သလို နောင်လည်း ထိုသို့ပင် ဖြစ်နေပေလိမ့်မည်။
ယခု "ဆရာဖြစ်သူက သူ့အပေါ်အရမ်းကောင်းသည်" ဟု ဆရာဒေါ်လေးချန်ရှီက ဆိုသည်။ နောင်တစ်ချိန်တွင် "တပည့်ကောင်းတစ်ယောက်ပိုင်ဆိုင်ထားသည်" ဆိုသည့်စကားမျိုးကို သူမက သူ့ဆရာကို ပြောဆိုရပေလိမ့်မည်။
စမ်းချောင်းလေးနံဘေးရှိ ဝါးအိမ်လေးရှေ့တွင် ဝါးစားပွဲနှင့် ဝါးကုလားထိုင်လေးများရှိနေပြီး အကြမ်းရည်တစ်အိုး တည်ခင်းထားသည်။
ချန်ရှီက…
"ထိုင်ပါ…"
"ကျေးဇူးပါပဲ ဆရာဒေါ်လေး"
ကျန်းလန်က သူမကို ကျေးဇူးတင်ကြောင်းပြောရင်း စားပွဲတစ်ဖက်ရှိထိုင်ခုံတွင် ဂရုတစိုက်ဝင်ထိုင်လိုက်သည်။
သူ ဘာလုပ်ရမှန်း မသိပေ။ ဆရာဖြစ်သူကလည်း ဘာလုပ်ရမည်ကို မမှာကြားလိုက်သလို ဆရာဒေါ်လေးကလည်း ပြောပြခြင်း မရှိသေးပေ။
ချန်ရှီက…
"မင်းရဲ့ ဆရာက မင်းအတွက် ဘာလို့ အဲဒီလောက်အလုပ်တွေ လုပ်ပေးခဲ့လဲ သိလား"
ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…
"ကျွန်တော်က ပါရမီရှင်တစ်ယောက် မဟုတ်လို့ပါ"
သူက ပါရမီရှင်တစ်ယောက်မဟုတ်သဖြင့် ကျင့်ကြံခြင်းတွင် အရည်အချင်း အားနည်းခဲ့သည်။ မဟုတ်လျှင် ဆရာဖြစ်သူက သူ ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် ထိုမျှလောက် ဒုက္ခခံရမည် မဟုတ်ပေ။
သူ ကျင့်ကြံခြင်းအဆင့်တစ်ခု အောင်မြင်ပြီးတိုင်း ဆရာဖြစ်သူက အခွင့်အရေးကောင်းတစ်ခု ရရှိနိုင်သည့် နေရာတစ်ခုကို ရှာဖွေစေလွှတ်လေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းက သူ့အတွက် ကျင့်ကြံခြင်းအဆင့်တက်ရန် အထောက်အကူပြုသည်။
ချန်ရှီက…
"ပါရမီရှင် ဖြစ်ခြင်း မဖြစ်ခြင်းက အရေးကြီးတယ်လို့ မင်းထင်သလား"
ကျန်းလန်က…
"ဟုတ်ကဲ့…"
ပင်ကိုယ်ပါရမီက အရေးကြီးသည်မှာ အမှန်ပင်။
လုံလောက်သည့် ပါရမီဓာတ်ခံမရှိလျှင် အင်မော်တယ်အဆင့်သို့ တက်ရောက်ရန် မဖြစ်နိုင်ပေ။
ချန်ရှီက…
"ဒါဖြင့် ကျင့်စဉ်လမ်းတစ်လျှောက်မှာ အရေးအကြီးဆုံးက ဘာလို့ မင်းထင်သလဲ"
သူမက ကျန်းလန်ကို အခက်တွေ့အောင် မလုပ်ဘဲ စကားဆက်ပြောသည်။
"ငါ့အမြင်တော့ ကျင့်စဉ်လမ်းတစ်လျှောက်မှာ အလားအလာကောင်းရှိဖို့က ပိုအရေးကြီးတယ်လို့ ယူဆတယ်"
ချန်ရှီက လက်ကိုမြှောက်လိုက်ပြီး အကြမ်းရည်အိုးကို ကိုင်လိုက်သည်။ ထို့နောက် သူမက အကြမ်းပန်းကန်တစ်လုံးကို ယူလိုက်ပြီး ကျန်းလန်အတွက် အကြမ်းရည်ငှဲ့ထည့်ပေးလိုက်၏။
"ပါရမီဆိုတာက ကျင့်ကြံသူတစ်ယောက်ကို အလားအလာကောင်းရှိလာဖို့အတွက် ချိတ်ဆက်ပေးတဲ့ လမ်းကြောင်းတစ်ခုပဲ ၊ ဒါပေမဲ့ လမ်းကြောင်းက အဲဒီတစ်ခုတည်းရှိတာ မဟုတ်ဘူး ၊ ကံကြမ္မာကောင်းနဲ့ အခွင့်အရေးတွေကလည်း အလားအလာကောင်းကို ဖွင့်ပေးနိုင်တဲ့ လမ်းကြောင်းတွေပါပဲ"
သူမက ဆက်ပြောသည်။
"ဒါပေမဲ့ ပါရမီဆိုတာက တစ်ခါတစ်ရံမှာ အဟန့်အတားတစ်ခုတောင် ဖြစ်လာနိုုင်တယ် ၊ အမှန်တော့ ပါရမီရှင် မဟုတ်သူတွေမှာလည်း ဖြစ်နိုင်ခြေတွေအများကြီးရှိပါတယ် ၊ အဲဒါကတော့ ပါရမီရှိမှ အောင်မြင်နိုင်မယ်ဆိုတဲ့ အဟန့်အတားကြီးကို ချိုးဖျက်ပြီး အလားအလာကောင်းကို တိုက်ရိုက်ရှာဖွေဖို့ပါပဲ ၊ အဲဒါဆိုရင် ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ဖို့ ဘာခက်လိမ့်မလဲ ၊ ပြီးတော့ မင်းရဲ့ဆရာက…"
ချန်ရှီက ကျန်းလန်ကို မော့ကြည့်လိုက်ပြီး စကားဆက်ပြောသည်။
"မင်းက အဲဒီလိုလူတစ်ယောက်ဖြစ်တယ်ဆိုတာ မင်းရဲ့ဆရာက ယုံကြည်ထားတယ် ၊ မင်းရဲ့အနာဂတ်က အဆုံးမရှိတဲ့ အလားအလာကောင်းတွေနဲ့ ပြည့်နေတယ်လို့ သူက ယူဆတယ် ၊ ဘာလို့လဲဆိုတော့ မင်းက ပါရမီရှင်တစ်ယောက် မဟုတ်ပေမယ့် ကြိုးစားအားထုတ်မှု ၊ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကိုကြည့်ပြီး သူက သိမြင်ခဲ့တာဖြစ်တယ် ၊ မင်းမှာရှိနေတဲ့ အရည်အချင်းတွေအားလုံးက အလားအလာကောင်းရှိတဲ့ လူတစ်ယောက်ဖြစ်လာဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေပဲ"
"ပါရမီရှိခြင်း မရှိခြင်းဆိုတဲ့ အဟန့်အတားကို ချိုးဖျက်ပစ်နိုုင်တဲ့ အကြောင်းအရာတွေအများကြီး မင်းမှာ ရှိနေတယ် ၊ အခုဆိုရင် အင်မော်တယ်အဆင့်တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ၊ မင်းရဲ့ဆရာ ဖြစ်စေချင်တာက တကယ်လို့ မင်းမှာ ချိုးဖျက်ရခက်နေတဲ့ အဟန့်အတားတွေရှိနေခဲ့ရင် ကူညီပေးဖို့ပါပဲ ၊ ဒါမှ မင်းက အင်မော်တယ်တစ်ပါး ဖြစ်လာပြီး အကန့်အသတ်မဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်"