← Chapters

အခန်း (၉၇၃-၉၇၄)

Vol. 94 Ch. 973-974

အခန်း (၉၇၃-၉၇၄)

Vol. 94 Ch. 973-974

အခန်း (၉၇၃) အသက်ရှင်လျက်

"သူဟာ တကယ့် မင်းသမီး မင်ယု ဟုတ် မဟုတ် ဆိုတာကို အတည်ပြုချင်တယ်ဆိုရင်တော့ ဒါက လွယ်လွယ်လေးပါ။ မင်ယု တစ်ယောက်တည်းပဲ သိနိုင်တဲ့ အကြောင်းအရာတွေကို မေးမြန်းကြည့်လိုက်ပါ။ ဒါပေမဲ့... ခင်ဗျားတို့က သူ့ကို တိုက်ခိုက်ဖို့ ကြံစည်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့" လုံချန်းက သူ၏ နေရာတွင် မားမားမတ်မတ် ရပ်လျက် အစောင့်တပ်မှူးအား သတိပေးလိုက်လေသည်။

မင်ယုကို ဖမ်းဆီးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ခံရရန် သူ ဘယ်သောအခါမျှ ခွင့်ပြုမည် မဟုတ်ချေ။ သူမသည် သူ၏ မိန်းကလေး ဖြစ်ပြီး သူမကို ဘေးကင်းအောင် စောင့်ရှောက်ရန်မှာ သူ၏ တာဝန်သာ ဖြစ်ပေသည်။

ဧကရာဇ် လုကျွင်းဝေသည် လုံချန်းအား ကြည့်ကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ လုံချန်း၏ မျက်ဝန်းထဲမှ ရိုးသားမှုနှင့် မင်ယုအပေါ် ထားရှိသော ဂရုစိုက်မှုများကို သူ မြင်တွေ့နိုင်ပေသည်။ သူသည် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးနှင့် လုံးဝ မတူချေ။ လုပ်ကြံသတ်ဖြတ်သူများမှာ ဤကဲ့သို့ ပြင်းပြသော စိတ်ဓာတ်ဖြင့် တစ်စုံတစ်ဦးကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူ၏ ရှေ့မှောက်တွင် ရပ်နေသော မင်ယုမှာလည်း သူ၏ သမီးအရင်း ဖြစ်ကြောင်း သူ ခံစားမိနေ၏။ သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များနှင့် စိုးရိမ်ပူပန်မှုများမှာ အတုအယောင် မဖြစ်နိုင်ချေ။ သူမသည် အစစ်အမှန် ဖြစ်ကြောင်း သူ အသေအချာ ယုံကြည်ပြီးသား ဖြစ်သည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် သူ အတည်ပြုရန် လိုအပ်နေသေး၏။

"လက်နက်တွေကို ချလိုက်ကြစမ်း။ ငါ့သမီးကို ဘယ်သူမှ ဓားနဲ့ မချိန်ရဘူး။ တကယ်လို့ သူဟာ အယောင်ဆောင် တစ်ယောက် ဖြစ်နေခဲ့ရင်တောင်မှ ငါ အတည်မပြုနိုင်ခင်အထိ သူ့ကို မတိုက်ခိုက်ကြနဲ့" ဧကရာဇ် လုကျွင်းဝေက သူ၏ လူများကို အမိန့်ပေးလိုက်လေသည်။

"ဒါပေမဲ့ အရှင်မင်းကြီး..." အစောင့်တပ်မှူးက လှမ်း၍ ပြောလိုက်သော်လည်း...

"ဘာဆင်ခြေမှ မပေးနဲ့။ အခုချက်ချင်း လက်နက်တွေကို ချလိုက်ကြစမ်း" ဧကရာဇ် လုကျွင်းဝေက ဟိန်းဟောက်လိုက်၏။

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

ဧကရာဇ် မည်မျှအထိ တည်ကြည်လေးနက်နေသည်ကို မြင်လိုက်ရသောအခါ အစောင့်များမှာ အလျင်အမြန်ပင် လက်နက်များကို ချလိုက်ကြလေတော့သည်။ သူတို့သည် ဧကရာဇ်၏ ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေကြသော်လည်း ဤသည်မှာ သူတို့ လုပ်ဆောင်နိုင်သမျှ အရာပင် ဖြစ်၏။

အကယ်၍ သူတို့ကသာ ဆက်လက် ငြင်းဆန်နေမည်ဆိုပါက ၎င်းမှာ ဧကရာဇ်အား ဆန့်ကျင်ခြင်း ဖြစ်သွားကာ သေဒဏ်ထိုက်သော ပြစ်မှု ဖြစ်ပေလိမ့်မည်။

သူ၏ လူများ လက်နက်ချသွားသည်ကို မြင်ရသောအခါ ဧကရာဇ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် လက်နက်ကို ကိုင်ဆောင်ထားဆဲ ဖြစ်သော လုံချန်းဘက်သို့ သူ၏ အကြည့်အား လွှဲပြောင်းလိုက်လေသည်။

"အခု သူတို့ လက်နက်တွေ ချလိုက်ပြီဆိုတော့ မင်းလည်း မင်းရဲ့ လက်နက်ကို ပြန်သိမ်းလိုက်တော့" သူက လုံချန်းအား အမိန့်ပေးလိုက်၏။

လုံချန်းသည် မင်ယု သို့မဟုတ် သူ့ထံသို့ ချိန်ရွယ်ထားသော လက်နက် တစ်စုံတစ်ရာ မရှိတော့သည်ကို သေချာစေရန် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘုရင်ဓားကို ပြန်သိမ်းလိုက်သော်လည်း မင်ယု၏ ရှေ့မှ ဖယ်ပေးခြင်း မရှိသေးပေ။

"ခမည်းတော်..." မင်ယုက သူမ၏ ဖခင်အား ကြည့်ကာ ခပ်တိုးတိုး ခေါ်လိုက်မိ၏။ သူမသည် ဖခင်ဖြစ်သူ၏ ရှေ့မှောက်တွင် ရပ်နေရသော်လည်း သူမ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပြနေရသည်ကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေရလေသည်။

ဧကရာဇ် လုကျွင်းဝေသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ထိုမိန်းကလေးအား ပြန်လည် စိုက်ကြည့်လိုက်၏။ သူ၏ သမီးတော်အား ဤကဲ့သို့ စစ်ဆေးမေးမြန်းနေရခြင်းအတွက် သူ အနည်းငယ် နောင်တရနေပုံလည်း ရပေသည်။

အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့ပြီးမှ သူ၏ထံသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း သူမ မည်သူဖြစ်ကြောင်း သက်သေမပြနိုင်သေးသရွေ့ သူမကို သူ ပွေ့ဖက်ခွင့် မရှိသေးချေ။

"မင်ယု... မင်းဟာ အစစ်အမှန် ဖြစ်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့လည်း ဧကရာဇ်တစ်ပါးအနေနဲ့ ငါ့လူတွေ စိတ်ကျေနပ်သွားအောင် မေးခွန်းအချို့ မေးမြန်းဖို့က ငါ့ရဲ့ တာဝန်ဖြစ်နေတယ်။ သူတို့ကိုလည်း အသေအချာ သိစေချင်တယ်။ မင်းအပေါ် ဘယ်သူမှ သံသယ မရှိစေချင်ဘူး။ အဲဒါကြောင့် ဒီဖခင်ဖြစ်သူကို ခွင့်လွှတ်ပေးပါ" သူက မင်ယုအား ညင်သာစွာ ပြောဆိုလိုက်လေသည်။

"ရပါတယ် ခမည်းတော်။ သမီး နားလည်ပါတယ်။ ခမည်းတော်ကို ပြန်တွေ့ရတာနဲ့တင် သမီး အလွန် ဝမ်းသာနေပါပြီ။ နောက်ဆုံးတော့... နောက်ဆုံးတော့ သမီး ပြန်ရောက်လာခဲ့ပြီ" မင်ယုက ပြောဆိုရင်း မနေနိုင်ဘဲ ငိုချလိုက်လေတော့သည်။

မျက်ရည်များမှာ သူမ၏ ပါးပြင်ပေါ်သို့ တောက်လျှောက် စီးကျလာ၏။

လုံချန်းသည် နောက်သို့ လှည့်ကြည့်ကာ ငိုနေသော မင်ယုကို မြင်လိုက်ရသောအခါ သူမ၏ လက်အား ညင်သာစွာ ဆုပ်ကိုင်လျက် ကျောပြင်ကို ပုတ်ပေးကာ နှစ်သိမ့်ပေးလိုက်လေသည်။

ဧကရာဇ်မင်းမြတ်သည်လည်း ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ သူသည် မင်ယု၏ အနားသို့ သွားရောက်ကာ သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုသော်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်ကာ ရပ်တန့်လိုက်လေသည်။

"မင်ယု... ငါ့ကို ဖြေပေးပါ။ မင်းရဲ့ အထူး ခန္ဓာကိုယ် အမည်ကို ပြောပြပါ" ဧကရာဇ် လုကျွင်းဝေက မင်ယုအား မေးမြန်းလိုက်၏။

"အထူး ခန္ဓာကိုယ် ဟုတ်လား။ အဲဒါက ကျိန်စာသင့် ခန္ဓာကိုယ်တစ်ခု ဖြစ်တဲ့ နတ်ဘုရား ဗျာဒိတ် ခန္ဓာကိုယ်ပါ။ အဲဒါကြောင့် သမီးရဲ့ ကျင့်စဉ်တိုးတက်မှုနှုန်းက မိသားစုထဲက တခြားသူတွေထက် ပိုပြီး နှေးကွေးနေရတာပါ" မင်ယုက ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်သည်။

"မှန်တယ်။ ဒီအကြောင်းကို သူစိမ်းတွေ သိနိုင်စရာ မရှိဘူး" ဧကရာဇ် လုကျွင်းဝေက ကျေနပ်စွာဖြင့် ခေါင်းညိတ်လျက် တီးတိုးရေရွတ်လိုက်၏။

"ဒါပေမဲ့ စိတ်ချရအောင် နောက်ထပ် မေးခွန်းတစ်ခုလောက် ထပ်မေးပါရစေဦး" သူက ဆက်ပြောလိုက်လေသည်။

"သမီး အားလုံးကို ဖြေပါ့မယ်" မင်ယုက ပြန်ပြော၏။

"မင်း အသက် ၉ နှစ် အရွယ်တုန်းက ကိစ္စတစ်ခု လုပ်မိလို့ ပထမဆုံးအကြိမ် အဆူခံခဲ့ရဖူးတယ်။ အဲဒါက ငါတို့ မင်းကို အပြင်းအထန် ဆူပူခဲ့တဲ့ တစ်ခုတည်းသော အကြိမ်ပဲ။ မင်း ဘာလုပ်ခဲ့သလဲ ဆိုတာကို ပြောပြပါ" ဧကရာဇ် လုကျွင်းဝေက ဆက်လက် မေးမြန်းလိုက်လေသည်။

"သမီး..." မင်ယုသည် အတိတ်က ကိစ္စများကို ပြန်လည် စဉ်းစားရန် ကြိုးစားလိုက်၏။ ထိုစဉ်က သူမ အလွန် ငယ်ရွယ်သေးသော်လည်း ထိုအဖြစ်အပျက်ကို သူမ ကောင်းစွာ မှတ်မိနေဆဲပင် ဖြစ်သည်။

သူမက ဆက်လက်၍ ပြောလိုက်သည်။ "သမီး... ခမည်းတော်ရဲ့ အဖိုးတန်တဲ့ ရှေးဟောင်း ပန်းအိုးကြီးကို ခွဲမိခဲ့တာပါ။ အဲဒါက ခမည်းတော်က သမီးကို ဘယ်တော့မှ မဝင်ရဘူးလို့ တားမြစ်ထားတဲ့ အခန်းထဲမှာ ရှိနေတာပါ။ အဲဒါကြောင့် သမီး ခမည်းတော်ဆီကနေ အပြင်းအထန် အဆူခံခဲ့ရတာပါ"

"မှန်တာပေါ့" မင်ယု၏ အဖြေကို ကြားလိုက်ရသောအခါ ဧကရာဇ် လူကျွင်းဝေ၏ နှုတ်ခမ်းထက်တွင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာလေတော့သည်။

"ဖယ်ပေးကြစမ်း။ သူဟာ ငါ့ရဲ့ သမီးတော် အစစ်ပဲ။အတည်ပြုပြီးပြီ" သူသည် အစောင့်များအား အမိန့်ပေးလိုက်ရာ အစောင့်များမှာလည်း သူ၏ အမိန့်ကို နာခံလိုက်ကြ၏။

အစောင့်များသည် ဘေးသို့ ဖယ်ပေးလိုက်ကြပြီး ဧကရာဇ်နှင့် မင်ယုကြားရှိ လမ်းကြောင်းကို ဖွင့်ပေးလိုက်ကြလေသည်။

လုံချန်းသည်လည်း ထိုနည်းတူစွာပင် ဘေးသို့ ဖယ်ပေးလိုက်၏။ သူ၏လက်မှာမူ မင်ယု၏ လက်ကို ဆုပ်ကိုင်ထားဆဲပင်။

"သွားပါ... နင့်ရဲ့ ခမည်းတော်ဆီကို သွားလိုက်ပါ" လုံချန်းက မင်ယု၏လက်ကို လွှတ်ပေးရင်း ညင်သာစွာ ပြောလိုက်လေသည်။

မင်ယုသည် စကားတစ်ခွန်း ပြောရန် နှုတ်ခမ်းဟလိုက်သော်လည်း မည်သည့်အသံမှ ထွက်မလာခဲ့ချေ။ သို့သော် လုံချန်းကမူ သူမ ပြောချင်သည့် စကားကို နားလည်နေ၏။ သူမသည် သူ့အား ကျေးဇူးတင်နေခြင်း ဖြစ်ပေသည်။

"ဒီကလေးမလေးကတော့... ငါ့ကို ကျေးဇူးတင်စရာ လိုလို့လား။ ကဲ... သွားပါတော့၊ နင့်ရဲ့ ခမည်းတော်ကို အကြာကြီး မစောင့်ခိုင်းပါနဲ့။ သူ နင့်ကို စောင့်နေခဲ့ရတာ ကြာလှပြီ" လုံချန်းက ခပ်ပြုံးပြုံး ပြောလိုက်လေသည်။

မင်ယုသည် ပလ္လင်အနားတွင် ရပ်နေသော လူကြီးထံသို့ အကြည့်လွှဲလိုက်၏။ သူမနှင့် သူ၏ကြားတွင် မည်သည့် အဟန့်အတားမျှ မရှိတော့သောအခါ မျက်ရည်များမှာ တောက်လျှောက် စီးကျလာလေတော့သည်။

သူမသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ကြိုဆိုနေသော ဖခင်ဖြစ်သူထံသို့ ပြေးသွားလေတော့သည်။ ဖခင်ဖြစ်သူမှာလည်း နောက်ဆုံးတွင် မျက်ရည်များကို မထိန်းချုပ်နိုင်တော့ချေ။

သူ၏ သမီးတော် ပြန်ရောက်လာခဲ့ပြီ။ သေဆုံးသွားပြီဟု သူ ထင်မှတ်ထားခဲ့သော သမီးတော်လေးမှာ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူမသည် အသက်ရှင်လျက် ဘေးကင်းစွာ ရှိနေပေသည်။ သူ၏ ရင်ထဲရှိ ခံစားချက်အားလုံးမှာ မျက်ရည်များအဖြစ် စီးကျလာပြီး နောက်ဆုံးတွင် သူ၏ သမီးတော်အား ပွေ့ဖက်ခွင့် ရရှိသွားလေတော့သည်။

မင်ယုသည် သူမ၏ ဖခင်အား တင်းတင်းကျပ်ကျပ် ဖက်ထားရင်း ငိုကြွေးနေမိ၏။

"သမီး ပြန်ရောက်လာပြီ... သမီး ပြန်ရောက်လာပြီ ယုအာ..." ဧကရာဇ်မင်းမြတ်က တိုးညှင်းသော လေသံဖြင့် မြွက်ဟလိုက်လေသည်။

မင်ယုကမူ ပြန်မဖြေနိုင်ဘဲ ဆက်လက်၍သာ ငိုနေမိ၏။

အတန်ကြာမှ သူမသည် နှုတ်ခမ်းဟကာ ဆိုလေသည်။ "တောင်းပန်ပါတယ် ခမည်းတော်... သမီး အစ်ကို့ကို မကယ်တင်နိုင်ခဲ့ဘူး။ အစ်ကို အသတ်ခံရတာကို မြင်ပြီး သမီးကတော့ လူကြောက်လို ထွက်ပြေးခဲ့ရတယ်"

"အသတ်ခံရတယ် ဟုတ်လား။ သမီး ဘာတွေ ပြောနေတာလဲ။ သမီး အစ်ကိုကလည်း အသက်ရှင်နေပါတယ်" ဧကရာဇ်မင်းမြတ်က နားမလည်နိုင်စွာဖြင့် ပြောကြားလိုက်လေသည်။

"သူ အသက်ရှင်နေတယ် ဟုတ်လား။ သမီး မျက်စိရှေ့တင် ဖေကျန်က သူ့ကို သတ်လိုက်တာကို မြင်ခဲ့တာပါ။ ဖေကျန်က သမီးကို မြင်သွားလို့ သမီးကိုပါ သတ်ဖို့ လူလွှတ်ခဲ့သေးတယ်။ အဲဒီနောက်မှာ သမီးက လူတစ်ယောက်နဲ့ တွေ့ပြီး သူပေးတဲ့ အရာတစ်ခုက သမီးကို တခြားကမ္ဘာတစ်ခုဆီ ပို့ဆောင်ပေးခဲ့တာပါ။ အခုမှ သမီး ပြန်လာနိုင်တာ။ ဒါပေမဲ့... သမီး အသေအချာ ယုံကြည်တာကတော့ အစ်ကို အသတ်ခံလိုက်ရတာပါပဲ။ သူ ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်မှာလဲ" မင်ယုက မေးမြန်းလိုက်၏။

'စိတ်ဝင်စားစရာပဲ။ သူကတော့ သူ့အစ်ကို သေသွားပြီဆိုတာကို အသေအချာ ယုံကြည်နေတာပဲ။ သူ သူ့အလောင်းကို မမြင်လိုက်ဘူးလို့ ငါ ထင်ထားတာ။ ဒါပေမဲ့ သူက အဲဒီလောက်တောင် သေချာနေတယ်ဆိုရင် သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေရတာလဲ' လုံချန်းသည် မေးစေ့ကို ပွတ်သပ်ရင်း တွေးတောနေမိလေတော့သည်။

အခန်း (၉၇၄) အိမ်ထောင်ပြုပြီးပြီ

"ဖေကျန်က သူ့ကို သတ်လိုက်တယ် ဟုတ်လား။ သမီး ဘာကို ဆိုလိုတာလဲ။ သူ အဲဒီလို လုပ်ခဲ့တယ်ဆိုတာ အဖေ တစ်ခွန်းမှ မကြားမိပါဘူး။ သူ အဖေ့ကို ပြောပြတာကတော့ သူနှစ်သက်တဲ့ မိန်းကလေးက သူ့ကို သူနဲ့အတူ ထွက်ပြေးဖို့ ပြောခဲ့တယ်တဲ့။ သူက ထိုမိန်းကလေးကို စွဲလန်းသွားခဲ့ပေမဲ့ နောက်မှ အဲဒီမိန်းကလေးက စိတ်မနှံ့တဲ့သူ ဖြစ်နေမှန်း သိလိုက်ရတယ်တဲ့။ သူ ပြန်လာဖို့ ကြိုးစားတဲ့အခါမှာတော့ ဆေးခတ်ခံရပြီး အကျဉ်းချခံထားရတာပါလို့ပဲ ပြောခဲ့တယ်" ဧကရာဇ် လုကျွင်းဝေက သမီးဖြစ်သူ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်လျက် ပြောလိုက်လေသည်။

"ဖေကျန်က ဘယ်ကနေ ရောက်လာတာလဲ" သူက ဆက်လက် မေးမြန်း၏။ "ဒါတွေက ဘာတွေလဲ။ သူကိုယ်တိုင်တောင် မမြင်ခဲ့တဲ့ အရာတွေကို သမီးက ဘယ်လိုလုပ် မြင်နိုင်ရတာလဲ"

"သူ ခမည်းတော်ကို မပြောပြဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။ သူ သေသွားပြီလေ၊ သူက ခမည်းတော်ကို ဘယ်လိုလုပ်ပြီး ပြောပြနိုင်မှာလဲ" မင်ယုက နားမလည်နိုင်စွာဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"သမီး... သမီး ဘာတွေ ပြောနေလဲဆိုတာ အဖေ မသိပေမဲ့ သူ အသက်ရှင်နေပါတယ်။ သူက အခု အပြင်ကို ကိစ္စတစ်ခုနဲ့ သွားနေတာပါ။ ညနေပိုင်း သူပြန်လာတဲ့အခါ သမီး သူ့ကို တွေ့နိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ တစ်ခုခု နားလည်မှု လွဲနေတာပဲ ဖြစ်လိမ့်မယ်။ သူ ပြန်ရောက်လာရင် သမီးကို ရှင်းပြပါလိမ့်မယ်" ဧကရာဇ်က သမီးဖြစ်သူ၏ ခေါင်းကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်လေသည်။

သူသည် မင်ယု၏ စကားကို မယုံကြည်သေးဘဲ သမီးဖြစ်သူ တစ်ခုခုအား နားလည်မှု လွဲနေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်နေဆဲပင်။

"ဘာပဲဖြစ်ဖြစ်... သမီး အနားယူသင့်ပြီ။ အခုမှ ပြန်ရောက်လာတာ မဟုတ်လား။ ကဲ... သွားကြစို့။ သမီးရဲ့ မယ်တော်သာ သမီး ပြန်ရောက်လာတာကို သိရင် အလွန် ဝမ်းသာသွားမှာပဲ" သူက ပြောဆိုရင်း မတ်တတ်ရပ်လိုက်၏။

သူသည် သမီးဖြစ်သူ၏ လက်ကို ဆွဲကာ ပလ္လင်နောက်ဘက်ရှိ တံခါးဆီသို့ ဦးတည် လျှောက်လှမ်းသွားလေသည်။ သို့သော် မင်ယုက နောက်သို့ လှည့်ကြည့်ကာ တစ်စုံတစ်ခုကို ပြောရန် ကြိုးစားနေသည်အား မြင်လိုက်ရသောအခါ သူ ရပ်တန့်လိုက်မိ၏။

သမီးဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ရသည့် စိတ်လှုပ်ရှားမှုများကြားတွင် သမီးနှင့်အတူ ပါလာသော လူငယ်လေးအကြောင်းကို သူ လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။

"ဩော်... ဟုတ်သားပဲ၊ ငါ မေ့သွားတယ်၊ ဒီလူငယ်က ဘယ်သူလဲ" သူက လုံချန်းအား စိုက်ကြည့်ရင်း မေးမြန်းလိုက်လေသည်။

"သူ့နာမည်က လုံချန်းပါ။ သူက..." မင်ယုသည် သူမ၏ မျက်နှာထက်တွင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာလျက် လုံချန်းအကြောင်းကို စတင် ရှင်းပြလိုက်၏။

မင်ယုက သူ့အား မည်သို့ မိတ်ဆက်ပေးမည်နည်းဟု လုံချန်းကလည်း စိတ်ဝင်တစား တွေးတောနေမိလေသည်။ သူမ အမှန်အတိုင်း ပြောမည်လော သို့မဟုတ် ဝေ့ဝိုက်၍ ပြောမည်လော။ ခမည်းတော်ဖြစ်သူ၏ ရှေ့မှောက်တွင် ပွင့်ပွင့်လင်းလင်း ပြောရန်မှာ သူမအတွက် အလွန် ခက်ခဲသော ကိစ္စဖြစ်မည်မှာ အသေအချာပင်။

သူမက သူ့ကို သူငယ်ချင်းတစ်ဦးအနေဖြင့်သာ မိတ်ဆက်ပေးပြီးမှ အခြေအနေအား ကြည့်ကာ အမှန်အတိုင်း ဖြည်းဖြည်းချင်း ပြောပြမည်လောဟုလည်း သူ တွေးနေမိ၏။

မင်ယုသည် လုံချန်းအကြောင်းကို ပြောပြနေရင်း အနည်းငယ်မျှ ရပ်တန့်သွား၏။ ခဏအကြာတွင် သူမက ဆက်လက်၍ - "သူက... သမီးရဲ့ ခင်ပွန်းပါ"

"ဘာ..."

သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ ဧကရာဇ်မင်းမြတ်၏ ပါးစပ်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဟသွားလေတော့သည်။

'အိမ်ထောင်ပြုပြီးပြီ ဟုတ်လား။ သူက ဘယ်လိုလုပ်ပြီး အိမ်ထောင်ပြုသွားနိုင်တာလဲ' သူ ကြားလိုက်ရသည့် စကားကို သူ ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေရ၏။ သူ၏ သမီးတော်လေးက အိမ်ထောင်ပြုသွားခဲ့ပြီလော။

လုံချန်းက မင်ယုအား ကာကွယ်ပေးရန် ကြိုးစားနေသည်ကို မြင်ကတည်းက လုံချန်းသည် မင်ယုအပေါ် စိတ်ဝင်စားနေသည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူတို့နှစ်ဦးက အိမ်ထောင်သည်များ ဖြစ်နေကြသည်ဟု သိလိုက်ရချိန်တွင်မူ...။

ထိုသည်က မည်သို့သော ပြက်လုံးမျိုးနည်း။

လုံချန်း ကိုယ်တိုင်ပင်လျှင် မင်ယု၏ ပွင့်လင်းလွန်းလှသော မိတ်ဆက်မှုကြောင့် အံ့ဩသွားရလေသည်။

"မှန်ပါတယ် ခမည်းတော်။ သူက သမီးရဲ့ အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ရုံတင်မကဘဲ သမီးကိုလည်း အစစအရာရာ ဂရုစိုက်ပေးခဲ့တာပါ။ သမီး သူ့ကို လက်ထပ်လိုက်ပါပြီ" မင်ယုက ခေါင်းလေးငုံ့ကာ ဖခင်ဖြစ်သူအား ပြောပြလိုက်လေသည်။

ဧကရာဇ် လုကျွင်းဝေသည် စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲ ပါးစပ်ကိုသာ အကြိမ်ကြိမ် ပွင့်ဟနေမိ၏။ သူ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ သူ၏ ရှေ့မှောက်တွင် ရပ်နေသော ထိုလူငယ်မှာ သူ၏ သမက် ဖြစ်နေသည်လော။

သားတော်နှင့် သမီးတော် ပြန်ရောက်လာရုံတင်မကဘဲ သူ၏ မိသားစုမှာလည်း အင်အားတောင့်တင်းလာခဲ့ပြီ ဖြစ်၏။ သူ သမက်တစ်ယောက် ရလိုက်ပြီပေါ့။ မကြာမီတွင်လည်း ချန်ယုနှင့် သားတော်တို့ လက်ထပ်ကြလျှင် ချွေးမတစ်ယောက်လည်း ရဦးမည် မဟုတ်လော။ ထိုအရာ အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။

ထိုအရာများက အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားရသနည်း။

"အိမ်ထောင်ပြုပြီးပြီ ဟုတ်လား။ သမီး နောက်နေတာလား။ သမီးက ကလေးပဲ ရှိသေးတာကို" သူက မေးမြန်းလိုက်လေသည်။

သူ၏ အမြင်တွင်မူ သမီးဖြစ်သူမှာ ဤမျှလောက် မြန်မြန်ဆန်ဆန် အိမ်ထောင်ပြုရန်အတွက် အလွန် ငယ်ရွယ်သေးသည်ဟု ထင်မြင်နေဆဲပင်။

မင်ယုက ခေါင်းငုံ့ထားဆဲပင် ရှိပြီး ပြန်လည် ဖြေကြားလိုက်သည်။ "ခမည်းတော်... သမီး အရွယ်ရောက်နေပါပြီ။ ဒါကို သမီး အသေအချာ တွေးတောခဲ့တာပါ။ သူက သမီးအတွက် တစ်ဦးတည်းသော သူပါပဲ။ ခမည်းတော်ဆီက ခွင့်ပြုချက်မယူဘဲ လက်ထပ်ခဲ့မိတဲ့အတွက် သမီးကို ခွင့်လွှတ်ပေးပါ"

ဧကရာဇ် လုကျွင်းဝေသည် သမီးဖြစ်သူအား ကြည့်လိုက်ပြီးနောက် လုံချန်းဘက်သို့ သူ၏ အကြည့်ကို လွှဲပြောင်းလိုက်လေသည်။ သူ မည်သို့ တုံ့ပြန်ရမည်ကို မသိချေ။ ထိုအရာများက အလွန်ပင် ရုတ်တရက် ဆန်လွန်းလှ၏။

သို့သော် သူ မည်သို့ တတ်နိုင်မည်နည်း။ သူ၏ သမီးတော်က လက်ထပ်ပြီးသွားပြီ ဖြစ်၏။ သူ လက်ခံရန်မှလွဲ၍ အခြား ရွေးချယ်စရာ ရှိပါဦးမည်လော။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ရပါတယ်။ သမီယရဲ့ ဆုံးဖြတ်ချက်ကို အဖေ ယုံကြည်ပါတယ်။ သမီး ဒီလို ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့အတွက် သူ့ဆီမှာ အရည်အချင်း တစ်ခုခု ရှိတာကို သမီး တွေ့ခဲ့လို့ပဲ ဖြစ်မှာပါ။ သမီးကို အဖေ ယုံကြည်ပါတယ်။ စိတ်မပူပါနဲ့" ဧကရာဇ် လုကျွင်းဝေက သမီးဖြစ်သူ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်လေသည်။

မင်ယုသည် သူမ၏ ဆုံးဖြတ်ချက်ကို လက်ခံပေးသည့်အတွက် ဖခင်ဖြစ်သူအား ကျေးဇူးတင်လျက် တင်းတင်းကျပ်ကျပ် ပြန်လည် ပွေ့ဖက်လိုက်မိ၏။ ဖခင်ဖြစ်သူက သူမအား ဆူပူမည် သို့မဟုတ် လုံချန်းအား ဒုက္ခပေးမည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ထိုကဲ့သို့သော ကိစ္စမျိုး တစ်ခုမျှ ဖြစ်မလာခဲ့ချေ။

သူမ အလွန်ပင် ပျော်ရွှင်နေမိသည်။ သူမ၏ မိသားစုမှာ ဘေးကင်းနေပြီ ဖြစ်၏။ သူမ ထင်မှတ်ထားသကဲ့သို့ စစ်ပွဲက သူတို့ကို သတ်ဖြတ်ခြင်း မပြုနိုင်ခဲ့ချေ။ အရာအားလုံးက အမှန်တကယ်ပင် အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အစ်ကိုကလည်း အသက်ရှင်နေသေးသည် မဟုတ်လော။ သူမ သူ့ကို တွေ့ဆုံရန်ပင် မစောင့်နိုင်တော့ချေ။

အကယ်၍ ထိုအရာ အားလုံးက အမှန်တကယ် ဖြစ်နေခဲ့လျှင်မူ ထိုသည်က သူမအတွက် အကောင်းဆုံးသော အရာပင် ဖြစ်ပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း သူမ နတ်ဘုရားများကိုသာ ကျေးဇူးတင်နေမိတော့သည်။

"မင်းရဲ့ နာမည်က ဘယ်သူလဲ။ စိတ်မကောင်းပါဘူး... ငါ မေ့သွားလို့ပါ" ဧကရာဇ်က လုံချန်းအား မေးမြန်းလိုက်၏။

"ရပါတယ် ခင်ဗျာ။ ကျွန်တော်လည်း ကျွန်တော့်နာမည်ကို အရှင်မင်းကြီးကို မပြောရသေးပါဘူး" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်လေသည်။ "အရှင်မင်းကြီး အခုလို စိတ်လှုပ်ရှားနေတာကို ကျွန်တော် နားလည်ပါတယ်"

"ဘာပဲဖြစ်ဖြစ်... ကျွန်တော့်နာမည်က လုံချန်းပါ။ ယောက္ခမတော်ကို အခုလို ဘေးကင်းကင်းနဲ့ တွေ့ရတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ မင်ယုက အရှင့်ရဲ့ ဘေးကင်းရေးအတွက် ဘယ်လောက်တောင် စိုးရိမ်နေခဲ့လဲဆိုတာ ကျွန်တော် ပြောပြလို့တောင် ကုန်မှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့... ကျွန်တော့်ရဲ့ တာဝန်တွေထဲက တစ်ခု ပြီးမြောက်သွားခဲ့ပါပြီ" သူက ဆက်လက် ပြောကြားလိုက်၏။

ဧကရာဇ်သည် လုံချန်းအား အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်ကာ ခေါင်းညိတ်လိုက်လေသည်။ "ဟားဟားဟား... ငါ့သမီးကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာ ဖြစ်ပေမဲ့ အခုတော့ ငါတို့က မိသားစုတွေ ဖြစ်သွားကြပြီပဲ။ မင်းကို ကျေးဇူးတင်စကား ပြောနေဖို့ မလိုတော့ဘူးလို့ ငါ ထင်ပါတယ်"

"မင်းက ဘာလို့ အဲဒီလောက်တောင် အဝေးမှာ ရပ်နေရတာလဲ။ အနားကို လာခဲ့စမ်းပါ" သူက လုံချန်းအား အနားသို့ လာရန် လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်လေသည်။

လုံချန်းသည် အနားရှိ အစောင့်များကို တစ်ချက် ကြည့်လိုက်ပြီး သူတို့က သူ့အား ဧကရာဇ်အနားသို့ ချဉ်းကပ်ခွင့် ပေးမည်လောဟု တွေးနေမိ၏။ သူ ကြိုးစားကြည့်ရန်သာ ရှိတော့သည်။

လုံချန်းသည် ဧကရာဇ်ထံသို့ လျှောက်လှမ်းသွားလေသည်။ ကံကောင်းထောက်မစွာဖြင့် အစောင့်များထဲမှ မည်သူမျှ သူ့အား တားဆီးခြင်း မပြုခဲ့ကြချေ။ မင်ယုသည် တကယ့် မင်းသမီးဖြစ်ကြောင်း အတည်ပြုပြီးသွားပြီ ဖြစ်သလို မင်းသမီး ကိုယ်တိုင်ကလည်း သူ့အား သူမ၏ ခင်ပွန်းဟု မိတ်ဆက်ပေးထားပြီး ဖြစ်၏။

ထိုအချက်က လုံချန်းအား သမက်တော် ဖြစ်သွားစေခဲ့ပြီ ဖြစ်သည်။ သမက်တော်အား တားဆီးရန်မှာမူ သူတို့ ရူးသွပ်နေမှသာလျှင် ဖြစ်ပေလိမ့်မည်။ ယခင်ကမူ မင်ယု၏ အထောက်အထားကို အတည်မပြုနိုင်သေးသဖြင့် တားဆီးခွင့် ရှိခဲ့သော်လည်း ယခုမူ သူတို့တွင် ထိုကဲ့သို့ ပြုလုပ်ရန် အခွင့်အရေး မရှိတော့ချေ။

သူတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူတို့၏ ဧကရာဇ်အတွက် ဝမ်းမြောက်ပေးရန်သာ ဖြစ်တော့သည်။ အင်ပါယာအတွက် ပျော်ရွှင်မှုများ အားလုံး ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ မကြာမီတွင်လည်း အောင်ပွဲခံ ပွဲတော်တစ်ခု ကျင်းပတော့မည်ဟု သူတို့ ယုံကြည်နေကြလေသည်။

လုံချန်းသည် ဧကရာဇ်၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားကာ သူ၏ ရှေ့အနည်းငယ် အကွာတွင် ရပ်တန့်လိုက်၏။

ဧကရာဇ်မင်းမြတ်သည် ပြုံးရွှင်လျက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး လုံချန်းအား ရင်းနှီးနွေးထွေးစွာ ပွေ့ဖက်လိုက်လေတော့သည်။

All Chapters