အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း ၁၈၃: အရှင်က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့အရှင်သခင် စူးချန်ကဲ... သခင်စူး ဖြစ်ရမယ်...
သေချာသည်မှာ အားချီ မပြောပြခဲ့သော လျှို့ဝှက်ချက်တချို့ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်လည်း ထိုအရာများကို မသိသောကြောင့်ပင်။
ဤရှေးဟောင်းအင်မော်တယ်သည် ထိုစဉ်က မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ပြုလုပ်ခဲ့သည်ကို မည်သူမျှ မသိချေ။ ထိုမောက်မာထောင်လွှားသော တည်ရှိမှုများအပေါ် သူမ၏ နားလည်မှုအပေါ် အခြေခံလျှင် ကောင်းကင် တက်လှမ်းခြင်းတံတား၏ ရှုပ်ထွေးသော ဖွဲ့စည်းပုံသည် နောင်လာနောက်သား ပါရမီရှင်များအတွက် အကျိုးရှိစေရန်သက်သက်မူ သေချာပေါက် မဟုတ်နိုင်ပေ။
"အင်မော်တယ်ဘုရင်... အင်မော်တယ် အခွင့်အရေး..."
နင်ဖူယောင်က အံ့အားသင့်နေသော မျက်နှာဖြင့် နားထောင်နေခဲ့သည်။
သေမျိုးများအားလုံးထက် ပို၍မြင့်မားစွာ ရပ်တည်နေသော ဒဏ္ဍာရီလာ အင်မော်တယ်များ အမှန်တကယ်ကို ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင်...
သူမ၏ရှေ့၌...
စူးချန်ကဲသည် သူ၏မျက်လုံးများကို အနည်းငယ် မှေးစင်းကာ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသော ခမ်းနားသည့် ရွှေရောင်တံတားကြီးကို တစ်ချက်ကြည့်ပြီး သူ၏ အမူအရာမှာ တည်ငြိမ်နေသည်။
"မင်းလည်း မစောင့်နိုင်ဘူး ထင်တယ်... လေးဆယ့်ကိုးရက်ရဲ့တစ်ဝက်တောင် မပြည့်သေးဘူး...ဒါပေမဲ့ မင်းက အပြည့်အဝ ပေါ်လာဖို့ စိတ်အားထက်သန်နေပြီပဲ... ကောင်းပြီလေ...ဒါဆိုလည်း ငါ စောင့်ရမယ့် အချိန် သက်သာတာပေါ့... မင်း ခေါ်လာတဲ့ ဒီကံကြမ္မာသားတော် တွေနဲ့ ကံကြမ္မာကောင်းပိုင်ရှင်တွေက ဘယ်လောက်တောင် အရည်အချင်းရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့..."
စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးလေး ရေရွတ်လိုက်သည်။
ယခုအချိန်တွင် သူသည် အစစ်အမှန် သူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံခြင်းတွင် ရှိနေသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအား မည်သည့်အဆင့်အထိ ရောက်ရှိနေသည်ကို အတိအကျ မသိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ လျှောက်လှမ်းနေသော လမ်းကြောင်းမှာ ယခင်က မည်သူမျှ မလျှောက်ဖူးသော လမ်းကြောင်း ဖြစ်နေသောကြောင့်ပင်။
လက်တွေ့ တိုက်ပွဲမှတစ်ဆင့်သာ ထိုအရာကို သူ အတည်ပြုနိုင်ပေမည်။
ထို့ပြင် သူ ယခုမှ ကဏဦး နားလည်ထားသော ကပ်ဘေးကိုးခု လောကဖျက်ဆီး ဓားနည်းစနစ်နှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် နေရာယူထားသော စစ်မှန်သော နဂါးရတနာဆေးလုံး၏ စွမ်းအားတို့ နှစ်ခုလုံးမှ ထက်ရှမှုကိုသွေးရန်အပြင် သူ၏ တာအိုကို အတည်ပြုရန် ပြိုင်ဘက်များ လိုအပ်သည်။
"သွားကြတာပေါ့..."
စူးချန်ကဲသည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ရာ သူ၏လေသံမှာ ဂရုမစိုက်ပုံရသည်။
နင်ဖူယောင်သည် ခေါင်းညိတ်ပြီး နောက်က လိုက်လာကာ သူမ၏စိတ်နှလုံးသားထဲတွင် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"အားချီ... စီနီယာအစ်ကိုက အကြွင်းမဲ့ အထွတ်အထိပ်ကို ရောက်နိုင်မယ်လို့ နင် ထင်လား..."
ဤကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်သော အခွင့်အရေး ထွက်ပေါ်လာပြီဖြစ်ရာ စီနီယာအစ်ကိုသည် သေချာပေါက် ပျက်ကွက်မည် မဟုတ်ပေ။
စီနီယာအစ်ကို ပြိုင်ဘက်ကင်းသည်ဟု သူမ အခိုင်အမာ ယုံကြည်သော်လည်း ယခုချိန်၌ သူတို့ ရင်ဆိုင်ရမည်မှာ ယွမ်ယန်နယ်မြေ သက်သက်မဟုတ်ဘဲ ကောင်းကင်ဘုံများအားလုံးပင်။ သူမသည် အနည်းငယ် မသေချာသကဲ့သို့ ခံစားမိပေ၏။
"ဒါက ခက်ခဲလိမ့်မယ်..."
အချိန်တခဏမျှ စဉ်းစားပြီးနောက် အားချီက ပြန်ဖြေလိုက်သည်။
ဤသည်မှာ သူမ၏စစ်မှန်သော အတွေးပင်။ စူးချန်ကဲသည် ထိပ်ဆုံးသို့ ရောက်ရန် မဖြစ်နိုင်ဟု သူမ ပြောနေခြင်း မဟုတ်ဘဲ အလွန်ခက်ခဲလိမ့်မည်ဟု ပြောနေခြင်းသာဖြစ်သည်။ အမှန်အားဖြင့် ဤအရာမှာ သူမ ပေးနိုင်သော အမြင့်မားဆုံး အကဲဖြတ်ချက်ပင်။
အကယ်၍ တခြားသူတစ်ယောက်သာဆိုလျှင် လူမိုက်တစ်ယောက်၏ အိပ်မက်ဟု သူမ ပြောမိပေမည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌...
စူးချန်ကဲက နင်ဖူယောင်ကို သူတို့ လာခဲ့သော နေရာသို့ ပြန်ခေါ်သွားခဲ့သည်။
သူတို့ကို ခေါ်ဆောင်လာသော နယ်မြေဖြတ်ကျော်သင်္ဘောသည် ထွက်ခွာသွားပြီဟု သူ မူလက တွေးထင်ခဲ့လေ၏။
သို့ရာတွင် ထိုနယ်မြေဖြတ်ကျော်သင်္ဘောသည် တောင်ကြား အထက်တွင် ပျံဝဲနေဆဲပင်။
သို့ရာတွင် ထိုအရာသည် ယခင်ကနှင့် မတူတော့ချေ။
သင်္ဘော၏ကိုယ်ထည်ပေါ်တွင် သိသာထင်ရှားသော တိုက်ပွဲအမှတ်အသား အများအပြား ရှိနေသည်။ တချို့သည် ဧရာမ လက်သည်းများဖြင့် ဆုတ်ဖြဲခံထားရသကဲ့သို့ ဖြစ်နေပြီး တချို့မှာ မိုးကြိုးပစ်ခံရ၍ မည်းတူးနေသော အကြွင်းအကျန်များ ရှိနေသည်။
စူးချန်ကဲသည် နယ်မြေဖြတ်ကျော်သင်္ဘောကို စူးစိုက်ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ယွမ်ရှန်းဂိုဏ်းမှ ထိုအဖိုးအိုသုံးဦး၏ အရှိန်အဝါကို ထိုသင်္ဘောပေါ်တွင် သူ မခံစားမိချေ။
"လူတစ်ယောက်လေးတောင် မရှိတော့ဘူး...ဒါက လီမိသားစုလား..."
စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်ပြီး သူ၏ မျက်လုံးများတွင် ဂရုမစိုက်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ သူသည် ပြဿနာ သွားရှာတတ်သော လူစားမျိုး မဟုတ်ပေ။
သို့သော် ယွမ်ရှန်းဂိုဏ်းမှ ထိုလူသုံးယောက်သည် သူ့ကြောင့် ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသည် ဆိုလျှင်မူ...
ထိုသို့ဆိုလျှင် လီမိသားစု သွားရမည့်လမ်းသို့ သူကိုယ်တိုင် လိုက်ပို့ရန် သူ ဝန်လေးနေမည် မဟုတ်ပေ။ ထိုအချိန်မှာပင် လေထုကို ထိုးခွင်းလာသော အသံ အနည်းငယ် ရုတ်တရက် ထွက်ပေါ်လာသည်။
"ဝှစ်..."
"ဝှစ်..."
"ဝှစ်..."
ပုံရိပ်ငါးခုသည် ပျံသန်းရေးသင်္ဘောထဲမှ သရဲတစ္ဆေများအလား ပြေးထွက်လာပြီး စူးချန်ကဲနှင့်နင်ဖူယောင်တို့၏ လမ်းကြောင်းကို ပေ ဆယ်ဂဏန်းလောက်အကွာမှ ချက်ချင်းပိတ်ဆို့လိုက်ကာ စက်ဝိုင်းခြမ်းပုံစံ ပြန့်ကျဲသွားပြီး ဝိုင်းရံမှုတစ်ခုကို ဖန်တီးလိုက်၏။
ယခုရောက်ရှိလာသူများအားလုံးမှာ အမျိုးသားများ ဖြစ်ကြပြီး ရင်ဘတ်တွင် လီအမှတ်အသားများ ရေးထိုးထားသော တူညီသည့် အစိမ်းရောင် ရင့်ရင့်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
သူတို့သည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်ခန့် ရှိပုံရပြီး ပိန်သွယ်သော မျက်နှာများနှင့် တည်ငြိမ်သော အရှိန်အဝါများ ရှိသည်။ သူတို့၏ကျင့်ကြံခြင်းများမှာ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွင် အားလုံး ရှိနေပေ၏။
ခေါင်းဆောင်သည် မျက်လုံးထောင့်တွင် ပါးလွှာသော အမာရွတ်တစ်ခု ရှိသည့် မျက်နှာထားအေးစက်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏အကြည့်မှာ လင်းယုန်တစ်ကောင်အလား စူးရှနေသည်။
လီဝမ်ကို လာခေါ်သော အဖိုးအိုသည်လည်း သူတို့အထဲတွင် ပါဝင်နေသည်။
"သခင်မလေးနင် ... မိသားစု ခေါင်းဆောင် ရဲ့ အမိန့်အရ ဒီနေရာမှာ ကျွန်တော်တို့ စောင့်နေတာ တော်တော်ကြာပြီ..."
လူလတ်ပိုင်းအမျိုးသားသည် ရှေ့သို့ ခြေတစ်လှမ်း ရှေ့လှမ်းကာ နင်ဖူယောင်ဆီသို့ ဦးတည်၍ သူ၏လက်ကို အနည်းငယ် ပူးဆုပ်လိုက်၏။ သူ၏ လေသံမှာ ရိုသေလေးစားပုံ ရသော်လည်း သူ၏ကိုယ်ဟန်အနေအထားမှာ အနည်းငယ် ဖြစ်ကတက်ဆန်းနိုင်နေသည်။
သူ၏အကြည့်သည် နင်ဖူယောင်ကို လျှင်မြန်စွာ ဝေ့ဝိုက်၍ ကြည့်လိုက်ပြီးနောက် သူမ ဝတ်ဆင်ထားသော ပွယောင်းယောင်း အမျိုးသားအစိမ်းရောင်ဝတ်ရုံအပေါ်တွင် တခဏကြာမျှ ရပ်တန့်သွားခဲ့သည်။ ထူးဆန်းမှု အရိပ်အယောင်တစ်ခုသည် သူ၏မျက်လုံးများတွင် မသိမသာ ဖြတ်ပြေးသွားသော်လည်း သူသည် မည်သည့်စကားမျှ သိပ်မပြောခဲ့ချေ။
ချက်ချင်းပင် သူ၏အကြည့်သည် စူးချန်ကဲအပေါ်သို့ ကျရောက်သွားပြီး သူက မျက်မှောင် ချက်ချင်းကြုတ်လိုက်၏။
"အရှင်က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ ရဲ့ အရှင်သခင် စူးချန်ကဲ...သခင်စူး ဖြစ်ရမယ်..."
"ကျွန်တော်တို့က မိသားစုခေါင်းဆောင်ရဲ့အမိန့်ကို နာခံပြီး ဆောင်ရွက်နေတာပါ... သခင် စူး ... ကျေးဇူးပြုပြီး ချင်ဟယ်မြို့ကို စကားပြောဖို့လိုက်လာခဲ့ပါ... ဒါ့ပြင် ယွမ်ရှန်းဂိုဏ်းက တာအိုမိတ်ဆွေသုံးယောက်ကိုလည်း လွန်ခဲ့တဲ့ ငါးရက်ကတည်းက အဲ့ဒီနေရာကို ဖိတ်ကြားထားပြီးပါပြီ..."
အမာရွတ်နှင့် လူလတ်ပိုင်းအမျိုးသားသည် တိုးညှင်းသော အသံဖြင့် ပြောဆိုလိုက်ကာ "ဖိတ်ကြားထား" ဟူသော စကားလုံးကို အထူးဖိပြောလိုက်သည်။
ထိုစကားအတွင်းရှိ ခြိမ်းခြောက်မှုသည် အလွန်သိသာရှင်းလင်းနေပေ၏။
အမှန်အားဖြင့် ဤအမာရွတ်နှင့် လူလတ်ပိုင်းအမျိုးသားသည် ရဲတင်းနေခြင်း မဟုတ်ဘဲ သူ့ထံတွင် ကျောထောက်နောက်ခံ ရှိနေသောကြောင့်ပင်။
လွန်ခဲ့သော လဝက်ခန့်က မြောက်ပိုင်းဒေသ၏ ကောင်းကင်ယံတွင် ဤဖရိုဖရဲတံတားကြီး ထွက်ပေါ်လာကတည်းက မြောက်ပိုင်းဒေသ၏ ကောင်းကင်ကြီး စတင်၍ ပြောင်းလဲလာခဲ့သည်။
ယခုအချိန်၌ မြောက်ပိုင်းဒေသနှင့် ယွမ်ယန်နယ်မြေ တစ်ခုလုံးတွင်ပင် နောက်ဆုံး ဆုံးဖြတ်ချက် ချခွင့်ရှိသူများမှာ ဒေသခံထိပ်သီးအင်အားစုများဟု ခေါ်ဆိုကြသူများ မဟုတ်တော့ချေ။ ဤသည်မှာ ကမ္ဘာအသင်္ချေမှ ပြိုင်ဘက်ကင်းပါရမီရှင်များနှင့် အမြင့်မြတ်ဆုံး ရှေးရိုးစဉ်လာ အမွေဆက်ခံသူများပင်။
ကောင်းကင်တက်လှမ်းခြင်းတံတား ထွက်ပေါ်လာပြီးနောက် ကမ္ဘာအသင်္ချေသို့ လမ်းကြောင်းများ အသက်ဝင်လာခဲ့သည်။ ကောင်းကင်လမ်းကြောင်း အခွင့်အရေးအတွက် ယှဉ်ပြိုင်ရန် သူတို့သည် ယွမ်ယန်နယ်မြေသို့ ဆင်းသက်လာခဲ့ပေ၏။
ယနေ့ခေတ်တွင် ယွမ်ယန်နယ်မြေ၌ အနည်းငယ် နာမည်ကြီးသော မည်သည့်အင်အားစုမဆို သူတို့၏အခြေခံအုတ်မြစ်ကို လာမည့် ဖရိုဖရဲ အခြေအနေတွင် ထိန်းသိမ်းရန်နှင့် ကံကြမ္မာကောင်းတချို့ကို ရှာဖွေရန် မျှော်လင့်ချက်ဖြင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးထံ တွယ်ကပ်ရန် သို့မဟုတ် ခိုလှုံရန် ရွေးချယ်ကြပေလိမ့်မည်။
သူတို့၏ချင်ဟယ်မြို့မှ လီမိသားစုသည် စိတ်ဝိညာဉ်နယ်မြေ၏ ထျန်းကန်းဂိုဏ်းမှ သူတော်စင်တစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။ ဤလူ ယူဆောင်လာသော ကျောထောက်နောက်ခံကြောင့် သူ့ထံ၌ အကြောက်တရား မရှိခဲ့ချေ။
နင်ဖူယောင်၏မျက်နှာ ချက်ချင်းအေးစက်တင်းမာသွားသည်။
တစ်ဖက်လူ၏လေသံတွင် ပါဝင်သော မကောင်းသည့် ရည်ရွယ်ချက်ကို သူမ မည်သို့ မရိပ်မိဘဲ နေမည်နည်း။
သူမကို ပို၍သတိထားစေသည်မှာ ဤလူများသည် လီမိသားစုမှ ဖြစ်နေသောကြောင့်ပင်။
သူမ၏အထောက်အထားကို သိနေသည့်တိုင် သူတို့သည် ဤကဲ့သို့ ပြုမူနေဆဲဖြစ်ပြီး စီနီယာအစ်ကို၏ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ အရှင်သခင်ဆိုသည့် အဆင့်အတန်းကိုပင် သူတို့ သိနေသည်။
ထိုအရာက ပြဿနာတစ်ခု ရှိနေသည်ကို ပို၍သိသာရှင်းလင်းသွားစေသည်။
စူးချန်ကဲသည် တစ်ဖက်လူကို ဂရုမစိုက်စွာဖြင့် တစ်ချက်ကြည့်လိုက်၏။
သို့ရာတွင် ဤအကြည့်တစ်ချက်တည်းကပင် ယုံကြည်မှု အနည်းငယ် ရှိနေသော လီမန်၏ နှလုံးသားကို ကဆုန်စိုင်းခုန်သွားစေခဲ့သည်။
သူ့ထံတွင် ကျောထောက်နောက်ခံ ရှိသော်လည်း သူတော်စင်အဆင့် တည်ရှိမှုအား တစ်ယောက်တည်းဖြင့် သတ်ဖြတ်နိုင်သော ဤလူငယ်ကို ရင်ဆိုင်ရခြင်းက သူ့ကို အနည်းငယ်စိုးရိမ်စေဆဲပင်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အတွေးများစွာသည် သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားပြီး လီမန်၏ကျောပြင်မှ အေးစက်သော ချွေးစေးများ စိမ့်ထွက်နေလေပြီ။
သူ၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုကို သူ အတင်းအကြပ် ဖိနှိပ်လိုက်ပြီး သူ၏မျက်နှာပေါ်ရှိ တမင်သက်သက် ထိန်းသိမ်းထားသော အေးစက်မှု လျှင်မြန်စွာ နူးညံ့ပျော့ပျောင်းသွားသည်။ သူ၏လေသံသည် ညင်သာလာကာ အနည်းငယ် တောင့်တင်းသော အပြုံးတစ်ခုကိုပင် ညှစ်ထုတ်လိုက်သည်။
"သခင် စူး ... ဒီကိစ္စကို မိသားစုခေါင်းဆောင် က ဆုံးဖြတ်ခဲ့တာပါ... ကျွန်တော်တို့က အမိန့်ကို နာခံနေရုံပါပဲ..."
စူးချန်ကဲသည် လီမန်၏ အနည်းငယ် မြှောက်ပင့်နေသော မျက်နှာကို နောက်တစ်ကြိမ်ပင် ထပ်မကြည့်တော့ချေ။ သူ၏အကြည့်သည် သူတို့ကို ကျော်လွန်သွားပြီး ထိုနယ်မြေဖြတ်ကျော် သင်္ဘောအပေါ် နောက်တစ်ကြိမ် ကျရောက်သွားကာ တခဏကြာမျှ ရပ်တန့်သွားသည်။
ထို့နောက် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ရာ သူ၏ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး တည်ငြိမ်ကာ ခံစားချက်မဲ့သော စကားလုံးနှစ်လုံးကို ပြောဆိုလိုက်၏။
"လမ်းပြ..."
"လမ်းပြစမ်း..."
စူးချန်ကဲက ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။
လီမန်သည် သူ၏စိတ်နှလုံးသားထဲတွင် ချက်ချင်း စိတ်သက်သာရာရသွားပြီးနောက် ပြောဆိုသည်။
"သခင်စူး ... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့နောက်ကို လိုက်ခဲ့ပါ..."
"စီနီယာအစ်ကို..."
နင်ဖူယောင်သည် သူမ၏စိတ်နှလုံးသားထဲတွင် တီးတိုးမရေရွတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကာ သူမ၏လှပသောမျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
သူမ စီနီယာအစ်ကို၏စွမ်းအားကို သူမ ယုံကြည်သော်လည်း တစ်ဖက်လူသည် မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေကြောင်း သိသာရှင်းလင်းနေပေ၏။ စီနီယာအစ်ကို၏စွမ်းအားကို သိနေသည့်တိုင် သူတို့သည် ဤသို့ပြုမူလာသဖြင့် သူတို့ထံတွင် အားကိုးစရာတစ်ခုခု သေချာပေါက် ရှိနေပေမည်။ ထိုနေရာသို့ အဆင်အခြင်မဲ့သွားခြင်းသည် အမှန်တကယ်ကို အလွန်အန္တရာယ်များလှသည်။
အခန်း ၁၈၄: ဟမ့်.. မင်းက ခွေးတစ်ကောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သေချာပေါက် သိတာပဲ...
စူးချန်ကဲ စကားပြောဆိုပြီးနောက် လီမန်သည် အနည်းငယ် စိတ်သက်သာရာရသွားပြီး ပြင်ဆင်ထားသော တခြားနယ်မြေဖြတ်ကျော်သင်္ဘော တစ်စင်းဆီသို့ သူတို့ကို လမ်းပြရန်အတွက် နောက်လှည့်ရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် နောက်တခဏတွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
စူးချန်ကဲက မသိမသာ မျက်မှောင်ကြုတ်လိုက်၏။
"အရမ်း နှေးတယ်..."
သူက ထိုစကားတစ်ခွန်းကို တည်ငြိမ်စွာ ပြောလိုက်သည်။
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်....
စူးချန်ကဲက သူ၏ဘယ်လက်ကို ဆန့်တန်းပြီး သူ၏နံဘေးရှိ နင်ဖူယောင်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
နင်ဖူယောင် တခဏမျှ ကြောင်အမ်းသွားပြီး စူးချန်ကဲကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏ညာလက်သည် ရှေ့သို့ဆန့်တန်းသွားပြီး လီမန်၏ လည်ပင်းနောက်ဘက်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။
လီမန်သည် တုံ့ပြန်ရန်ပင် မတတ်နိုင်ခဲ့ချေ။ သူသည် ခုခံ၍မရသော စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရပြီး လက်ချောင်းတစ်ချောင်းလေးမျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။
စူးချန်ကဲသည် သူ့ကို သတ်တော့မည်ဟု သူ တွေးထင်မိကာ သူ၏မျက်လုံးများတွင် ချက်ချင်းဆိုသလိုပင် အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။ သူ အော်ဟစ်ချင်ခဲ့သော်လည်း လည်ပင်းညှစ်ခံထားရသည့်အလား ခံစားရပြီး အသံတစ်သံမျှ မထွက်နိုင်ခဲ့ချေ။
နောက်တစ်စက္ကန့်တွင်...
စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။
သူ၏ခြေထောက်အောက်ရှိ လေဟာနယ်သည် မမြင်နိုင်သော လှိုင်းများနှင့်အတူ လှိုင်းထသွားပုံ ရသည်။ သူ၏ခြေထောက်အောက်တွင် ဟင်းလင်းပြင်သည် တွန့်ခေါက်ခြင်းခံရပြီး ဖြတ်ကျော်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ သစ်ပင်များနှင့် နယ်မြေဖြတ်ကျော်သင်္ဘောပင်လျှင် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဝေဝါးနေသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး နောက်သို့ပျံသန်းသွားသည်။
ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း ...
အပျက်အစီးနယ်မြေထဲတွင် ရှိနေစဉ်၌ သူ အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံခဲ့သော ဤသူတော်စင်အဆင့် နတ်ဘုရားစွမ်းရည်ကို ယခုသူ ထုတ်ဖော်အသုံးပြုလိုက်လေပြီ။
ခြေတစ်လှမ်းတည်းသည် သာမန်လှုပ်ရှားမှုနည်းစနစ်များနှင့် နှိုင်းယှဉ်၍ မရတော့ချေ။ ထိုအရာမှာ ဥပဒေသများကို အသုံးပြုခြင်းဖြစ်ပြီး ဟင်းလင်းပြင် အကွာအဝေးကို အချိန်တိုအတွင်း ကျော်လွန်သွားခြင်းပင်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌....
သူတို့သုံးဦး၏ပုံရိပ်များ ပျောက်ကွယ်သွားခဲ့သည်။
လီမိသားစု၏ ကျန်ရှိနေသော အစောင့်လေးဦးမှာ သစ်သားပန်းပုရုပ်များအလား နေရာတွင် အမြစ်တွယ်နေပြီး သူတို့၏ရှေ့ရှိ လွတ်နေသော နေရာကိုကြည့်လိုက် ပျံဝဲနေဆဲဖြစ်သော ပျံသန်းရေးသင်္ဘောကိုကြည့်လိုက်နှင့် ဘာဖြစ်သွားမှန်း လုံးဝနားမလည်နိုင်ခဲ့ချေ။
မြောက်ပိုင်းဒေသ....ချင်ဟယ်မြို့...
မြောက်ပိုင်းဒေသ၏အလယ်ဗဟိုတွင် တည်ရှိသော ဤမြို့မှာ လီမိသားစု၏ ဌာနချုပ်လည်း ဖြစ်သည်။
လီမိသားစုသည် နက်ရှိုင်းသောအုတ်မြစ်များဖြင့် ဤနေရာတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် အခိုင်အမာ နေရာယူထားခဲ့သည်။
ချင်ဟယ်မြို့၏ အလယ်ဗဟို၌...
လီမိသားစုစံအိမ်သည် ကျယ်ဝန်းသော နေရာတစ်ခုကို ဖုံးလွှမ်းထားပြီး ထူးကဲစွာ ခမ်းနားလှသည်။
ပင်မခန်းမထဲတွင် ကြိုးတပ်တူရိယာများနှင့် လေမှုတ်တူရိယာများ၏အသံများ ထွက်ပေါ်နေသည်။
အဓိကထိုင်ခုံပေါ်တွင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး မှီလျောင်းနေပြီး သူ၏မျက်နှာမှာ အနည်းငယ် မိန်းမဆန်သော ချောမောမှုရှိသည်။
သူသည် အသက် နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်အရွယ်ခန့် ရှိပြီး သူ၏မျက်နှာ အနည်းငယ် ဖြူရော်နေပေ၏။ သူ၏ပျင်းရိသော အကြည့်သည် မောက်မာထောင်လွှားမှုနှင့် သိသာရန် ခက်ခဲသော ရက်စက်ကြမ်းကြုတ်မှုတစ်ခုကို သယ်ဆောင်ထားသည်။
သူ၏လက်တစ်ဖက်ကို ကုလားထိုင်လက်ရန်းပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားပြီး တခြားလက်တစ်ဖက်သည် စိတ်ဝိညာဉ်ကျောက်စိမ်းဖြင့် ထွင်းထုထားသော အရက်ခွက်တစ်ခွက်ကို ဆော့ကစားနေသည်။
သူသည် တခြားသူမဟုတ်ဘဲ ထျန်းကန်း ဂိုဏ်း၏ သူတော်စင်လျှိုယွမ်ပင်။
သူ၏အောက်တွင် လီမိသားစု၏ ခေါင်းဆောင် လီချန်းလန် ထိုင်နေသည်။
တစ်ချိန်က ဒေသတွင်း အာဏာရှင်တစ်ဦး ဖြစ်ခဲ့သော ဤဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်ကျွမ်းကျင်သူမှာ ယခုအချိန်၌ လျှိုယွမ်အတွက် အရက်ငှဲ့ပေးပြီး အစားအစာများ တည်ခင်းပေးကာ သူ၏မျက်နှာပေါ်တွင် မြှောက်ပင့်နေသော အပြုံးတစ်ခုဖြင့် ဦးညွှတ်ကာ ခယဝပ်တွားနေသည်။
ခန်းမ၏အလယ်ဗဟိုတွင် ပါးလွှာသော ပိတ်ပါးများကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော မိန်းကလေးတချို့၏မျက်လုံးတွင် ထိတ်လန့်မှုအရိပ်အယောင်များ ရှိနေသည်။ သူမတို့သည် ခါးများကိုလှုပ်ယမ်းနေကာ အလေ့အကျင့်မရှိသော အကတစ်ခုအား လှည့်ပတ်၍ကပြရန် အတင်းအကြပ် ခိုင်းစေခံထားရသည်။
သူမတို့သည် ကျွမ်းကျင်ကချေသည်များမဟုတ်ဘဲ ဂိုဏ်းအသီးသီးမှ သူတော်စင်မိန်းမပျိုများနှင့် ထိပ်သီးမိသားစုများမှ အထူးချွန်ဆုံး သမီးပျိုများ ဖြစ်ကြပြီး လီမိသားစုက မြို့နှင့်ပတ်ဝန်းကျင်ဒေသများမှ အတင်းအကြပ် ဖိတ်ကြားထားခြင်းပင်။
"သူတော်စင် လျှို... ဒါက သက်တမ်းသုံးရာရှိ နှလုံးသားသန့်စင် လက်ဖက်ပင်ကနေ ခူးဆွတ်ထားပြီးတော့ အေးစက်ရေကန်ကနေ စိတ်ဝိညာဉ် စမ်းရေ နဲ့ ပေါင်းစပ်ထားတဲ့ အသစ်ရောက်လာတဲ့ ကြည်လင်စမ်းချောင်း နှင်းစက် ပါ... ဒါက စိတ်ကို အရမ်းလန်းဆန်းစေပါတယ်... ကျေးဇူးပြုပြီး သူတော်စင်က မြည်းစမ်းကြည့်ပါအုံး..."
လီချန်းလန်သည် စိတ်ဝိညာဉ်လက်ဖက်ရည် တစ်ခွက်ကို ဂရုတစိုက် လက်ကမ်းပေးလိုက်၏။
လျှိုယွမ်သည် သူ၏မျက်ခွံများကိုပင် လှန်ကြည့်ခဲ့ခြင်းမရှိချေ။ သူသည် ပျင်းရိစွာ ညည်းတွားလိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူလိုက်သော်လည်း အနံ့ခံပြီးနောက်မှာပင် မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပက်ထုတ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"အောက်ဘုံ က မြေကြီးနံ့...ဒါကို ဘယ်လိုလုပ် စိတ်ဝိညာဉ် လက်ဖက်ရည် လို့ ခေါ်နိုင်မှာလဲ... ထားလိုက်ပါတော့..."
လီချန်းလန်၏မျက်နှာပေါ်ရှိအပြုံး အေးခဲတောင့်တင်းသွားသော်လည်း မကျေနပ်မှုကို အနည်းငယ်မျှ မပြသဝံ့ဘဲ အကြိမ်ကြိမ် ခေါင်းညိတ်နေသည်။
"ဟမ့်.. မင်းက ခွေးတစ်ကောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သေချာပေါက် သိနေတာပဲ... စိတ်ချပါ... ဒီသူတော်စင် ပျော်နေသရွေ့ မင်းရဲ့ ကိစ္စတွေကို ငါ တာဝန်ယူပေးပါ့မယ်..."
လျှိုယွမ်သည် လှောင်ပြောင်လိုက်ပြီးနောက် အထင်သေးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဆက်ပြောသည်။
"နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူက သူတော်စင်ကို သတ်တာလား... အတုအယောင်သူတော်စင်နှစ်ယောက်ကို သတ်တာက ဘာဂုဏ်ယူဝံ့ကြွားစရာ ရှိလို့လဲ... ရေတွင်းအောက်ခြေကနေ ကောင်းကင်ကို ကြည့်နေတဲ့ ဖားသူငယ်တစ်ကောင်ထက် မပိုပါဘူး... ဒါပေမဲ့ ဒီအောက်ဘုံ မှာ ဒီအဆင့်အထိ ရောက်နိုင်တာက နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းတယ်... သူ ရောက်လာတဲ့အချိန်မှာ သူက အခြေအနေကို သိရင် အလုပ်အကျွေး တစ်ယောက်အနေနဲ့ သူ့ကို လက်ခံတာက သူ့ရဲ့ကံကောင်းမှုပဲ ဖြစ်မှာပါ..."
လီချန်းလန်၏နှလုံးခုန်သံ တစ်ချက်မှားသွားပြီး သူသည် အလျင်အမြန် ပြုံးလိုက်၏။
"သူတော်စင်ရဲ့ နတ်ဘုရားအရှိန်အဝါက ပြိုင်ဘက်ကင်းပါတယ်..."
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဘုန်း...
မယုံနိုင်လောက်အောင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသည် လီမိသားစုစံအိမ်၏ အထက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ မိုးကောင်းကင်ယံ၏ ထောင့်တစ်နေရာ ပြိုကျလာသည့်အလားပင်။
ပင်မခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ထုပ်တန်းများနှင့်တိုင်များ လှုပ်ယမ်းကာ ဖုန်မှုန့်များက မိုးရွာချသည့်အလား ကျဆင်းလာပေ၏။
သာယာငြိမ့်ငြောင်းစွာ ထွက်ပေါ်နေသော ဂီတသံများ ရုတ်တရက် ရပ်တန့်သွားပြီး အကသမားများ မြေပြင်ပေါ်သို့ လဲကျကာ အော်ဟစ်လိုက်ကြပြီး လီမိသားစုမှလူများ ထိတ်လန့်တကြားဖြင့် မတ်တတ်ထရပ်လိုက်ကြသည်။
"ဘာဖြစ်နေတာလဲ..."
လီချန်းလန် အံ့အားသင့်ပြီး ဒေါသထွက်နေကာ သူ၏နတ်ဘုရားစိတ်အာရုံကို ချက်ချင်းဖြန့်ကျက်လိုက်သည်။
လျှိုယွမ်သည်လည်း မျက်မှောင်ကြုတ်ပြီး သူ၏အရက်ခွက်ကို ချလိုက်ကာ အနှောင့်အယှက် ပေးခံရသဖြင့် မကျေနပ်သော အမူအရာတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
သို့ရာတွင် သူသည် တည်ငြိမ်စွာ ထိုင်နေပြီး ထိုအနှောင့်အယှက်ကို သူ၏စိတ်ထဲတွင် ထည့်မထားခဲ့ချေ။
ဤအောက်ဘုံရှိ ယွမ်ယန်နယ်မြေတွင် သူ့ကို ခြိမ်းခြောက်နိုင်မည့်အရာ တစ်ခုခု ရှိနေမည်ဟု သူ မယုံကြည်ခဲ့ချေ။
သို့ရာတွင် လီချန်းလန်၏ နတ်ဘုရားစိတ်အာရုံမှ ဖြတ်သန်းသွားသော မြင်ကွင်းသည် သူ၏ မျက်နှာကို ချက်ချင်းဖြူရော်သွားစေပြီး သူ၏ သွေးများ အေးခဲသွားသည့်အလားပင်။
လီမိသားစုစံအိမ်၏အထက်ရှိ ကာကွယ်ရေး ဝင်္ကပါသည် မည်သည့်အချိန်ကတည်းကမှန်း မသိရဘဲ လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားခဲ့လေပြီ။
အစောပိုင်းက ထိုကျယ်လောင်သော ပေါက်ကွဲသံမှာ လီမန်၏အလောင်း လီမိသားစုစံအိမ်၏ မြေပြင်ပေါ်သို့ ပြုတ်ကျလာသော အသံပင်။
ထို့ပြင် လေထဲတွင် ရပ်နေသော ပုံရိပ်နှစ်ခုကို သူ သတိပြုလိုက်မိသည်။
လေထုအလယ်တွင် ရှိနေသူမှာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံပင်များ လူးလွန့်နေကာ သူ့ထံ၌ တည်ငြိမ်သော အမူအရာရှိပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။ ထိုလူသည် စူးချန်ကဲပင်။
သူ၏ဘယ်ဘက်တွင် နင်ဖူယောင်သည် အရွယ်အစားကြီးမားသော ပွယောင်းယောင်း အမျိုးသားဝတ်ရုံကို ဝတ်ဆင်ထားကာ သူမ၏ လှပသော မျက်နှာပေါ်တွင် လည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် နင်ဖူယောင်၏ ပါးစပ် အနည်းငယ်ပွင့်ဟနေပြီး သူမ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
မိုင်ဆယ်သန်းကို ဖြတ်ကျော်သွားသော ထိုခြေတစ်လှမ်း၏ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပုံနှင့် ထူးဆန်းပြီး အရောင်အသွေးစုံလင်လှသော မြင်ကွင်းများသည် သူမ၏ နှလုံးသားထဲတွင် ကျန်ရစ်နေဆဲပင်။
"မင်း ဘယ်လိုတောင် ရဲတင်းတာလဲ..."
ပင်မ ခန်းမထဲတွင် လီချန်းလန်သည် အနည်းငယ် စိုးရိမ်နေသော်လည်း သူသည် တည်ငြိမ်ဟန်ဆောင်နေဆဲပင်။
နောက်တစ်စက္ကန့်တွင်...
သူသည် လျှိုယွမ်၏နောက်သို့ နောက်ဆုတ်လိုက်ပြီး ခန်းမ၏အပြင်ဘက်သို့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
"စူးချန်ကဲ... မင်းက ငါ့ရဲ့ လီမိသားစုစံအိမ်မှာ အကြမ်းဖက်ရဲပြီးတော့ သူတော်စင်လျှိုရဲ့ တိတ်ဆိတ်တဲ့ ကျင့်ကြံခြင်းကိုတောင် နှောင့်ယှက်ရဲတယ်... မင်းရဲ့အပြစ်ကို မင်း သိလား... အခုချက်ချင်း ဒူးထောက်ပြီး သူတော်စင် ဆီကနေ ခွင့်လွှတ်ဖို့ တောင်းပန်စမ်း..."
ဤအချိန်အခိုက်အတန့်တွင် လျှိုယွမ်သည် နောက်ဆုံးတွင် သူ၏မျက်ခုံးကိုပင့်လိုက်ပြီး ကောင်းကင်ယံရှိ အစိမ်းရောင်ဝတ်ရုံဝတ်ပုံရိပ်ကို ပျင်းရိစွာ ကြည့်လိုက်သည်။
သူ၏အကြည့်သည် စူးချန်ကဲအပေါ် တခဏကြာမျှ ရပ်တန့်သွားပြီးနောက် နင်ဖူယောင်အပေါ်သို့ ကျရောက်သွားကာ သူမ၏ အလွန် လှပသော မျက်နှာပေါ်တွင် အချိန်အတော်ကြာ ရပ်တန့်သွားခဲ့သည်။
"အိုး..."
"ထိပ်တန်းအဆင့်ပဲ..."
"မဆိုးဘူး... မဆိုးဘူး..."
"တောက်... ဒါက အဲ့ဒီ စူးချန်ကဲလား..."
လျှိုယွမ်သည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်ကာ မရှိသော ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး သူ၏နှုတ်ခမ်းများတွင် အထင်သေးသော အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူ၏အသံသည် မကျယ်လောင်သော်လည်း ထိုနေရာရှိ လူများအားလုံးထံသို့ ပီပြင်ရှင်းလင်းစွာ ရောက်ရှိသွားသည်။
"ငါ ထင်တဲ့အတိုင်း အသိဉာဏ်မဲ့တဲ့ အောက်ဘုံ က လူရိုင်းတစ်ယောက်ပဲ... သူ့ရဲ့ အသွင်အပြင်က တော်တော်လေး ကောင်းပေမဲ့ ကံမကောင်းစွာနဲ့ သူက စည်းမျဉ်းတွေကို မသိဘူး..."
"မင်းအတွက် ကျင့်ကြံဖို့ မလွယ်ကူခဲ့ဘူးဆိုတာကို ထည့်သွင်းစဉ်းစားပြီး ဒီသူတော်စင်က မင်းကို အခွင့်အရေးတစ်ခု ပေးမယ်..."
လျှိုယွမ်သည် လက်ညှိုးတစ်ချောင်း ဆန့်တန်းကာ စူးချန်ကဲကို ပျင်းရိငြီးငွေ့စွာ ညွှန်ပြလိုက်သည်။
"ဒူးထောက်ပြီး ကိုးကြိမ်ဦးညွှတ်... မင်းရဲ့ ကျင့်ကြံဆင့်ကို ချိတ်ပိတ်လိုက်... ပြီးတော့ မင်းဘေးက အဲ့ဒီအလှလေးကို ငါ့ဆီပေးအပ်လိုက်... ဒီသူတော်စင်က မင်းကို နာခံတဲ့ ခွေးတစ်ကောင် အနေနဲ့ ငါ့ရဲ့ဘေးမှာ ထားဖို့ စဉ်းစားပေးမယ်..."
လီချန်းလန်သည် ထိုစကားများကို နားထောင်ရင်း နှလုံးခုန်မြန်လာပေ၏။ စူးချန်ကဲ အခြေအနေကို နားလည်ပြီး အရှုံးပေးမည်ကို သူ မျှော်လင့်သလို ဝေဝါးသော စိုးရိမ်မှု ခံစားချက်တစ်ခုကိုလည်း သူ ခံစားနေရသည်။
နင်ဖူယောင်သည် ဒေါသကြောင့် တုန်ရီနေပြီး ရှေးဟောင်းဓားကို ကိုင်ထားသော သူမ၏ လက်ပေါ်ရှိ သွေးကြောများ ထောင်ထလာသည်။ သူမ၏စီနီယာအစ်ကိုသာ သူမရှေ့တွင် မရှိပါက သူမသည် ဓားကို ဆွဲမထုတ်ဘဲ နေနိုင်မည် မဟုတ်ချေ။
စူးချန်ကဲက နောက်ဆုံးတွင် တုံ့ပြန်လိုက်သည်။
နောက်တခဏတွင်...
ကောင်းကင်ကြီး ပြိုကျလာတော့သည်။
စူးချန်ကဲသည် သူ၏ညာလက်ကို ပေါ့ပေါ့ပါးပါးမြှောက်ကာ လက်ညှိုးနှင့်လက်ခလယ်ကို ပူးပြီး လျှိုယွမ်နှင့် လီချန်းလန်တို့ ရှိနေသော လေဟာနယ်ဆီသို့ ညင်သာစွာ ခုတ်ပိုင်းလိုက်သည်။
ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ချက်ချင်း ကျဆင်းလာပေ၏။
"ဘာ..."
လျှိုယွမ်၏မျက်နှာပေါ်ရှိ မောက်မာမှုနှင့် အထင်သေးမှုတို့ ချက်ချင်းအေးခဲတောင့်တင်းသွားပြီး အကန့်အသတ်မဲ့ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။