← Chapters

အခန်း (၃၂၁-၃၂၂)

Vol. 33 Ch. 321-322

အခန်း (၃၂၁-၃၂၂)

Vol. 33 Ch. 321-322

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၁) - ကြက်သွေးရောင်ဖားတောင်ကြီး ပြိုကျသွားလေပြီ

လမင်းကြီး ကောင်းကင်အလယ်သို့ ရောက်ရှိလာချိန်တွင် လှေပျံ နှစ်စင်းနှင့် အလင်းတန်းပေါင်း တစ်ရာကျော်တို့သည် ညကောင်းကင်ယံကို ဖြတ်သန်းသွားကြသည်။ သူတို့အောက်တွင်မူ နဂါးမြင်းများသည် လွင်ပြင်ကို ဖြတ်ကျော်ကာ အရှိန်ပြင်းစွာ ပြေးလွှားနေကြပြီး ၎င်းတို့၏ ခွာသံများနှင့်အတူ ဖုန်မှုန့်များမှာ လေထဲတွင် တလူးလူးထနေတော့သည်။

ငွေစန္ဒာလမင်း၏ အလင်းရောင်အောက်တွင် ထိုစစ်သည်တော်များသည် အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ ချီတက်နေကြသည်။

“ဗျို့…မိတ်ဆွေနန်ကုန်း....”

“မိတ်ဆွေလီ....”

ခေါ်သံများကို ကြားလိုက်ရသောအခါ နှစ်ဖက်စလုံးမှာ တဖြည်းဖြည်း ချဉ်းကပ်ကာ ရပ်တန့်လိုက်ကြသည်။

နန်ကုန်းကျင်းသည် ကုန်းကုန်းကွကွဖြင့် ကောင်းလင်လွင်ပြင်မှ တိုက်ပွဲမြေပြင်ကို မှိုင်တွေစွာ စိုက်ကြည့်နေသည်။ လေထဲတွင် ပျံ့နှံ့နေသော သွေးညှီနံ့မှာ ပျို့အန်ချင်စရာ ကောင်းလောက်အောင် ပြင်းထန်လှသည်။ သူ ခါးသီးစွာ ရယ်မောလိုက်ရင်း “ကြည့်ရတာ မင်းတို့လည်း ငါတို့နဲ့ သူမသာ ကိုယ်မသာ ဖြစ်နေပါလားကွ....” ဟု ဆိုသည်။

ထိုစကားမှာ အနည်းငယ် နားဝင်ဆိုးသော်လည်း နန်ကုန်းမျိုးနွယ်စု၏ လှေပျံပေါ်တွင် ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သည်ကို မြင်လိုက်ရသောအခါ လော့ချန် သက်ပြင်းသာ ချလိုက်မိတော့သည်။

နန်ကုန်းမျိုးနွယ်စု၏ အထိအခိုက်မှာ လော့ထျန်းအဖွဲ့ထက်ပင် ပို၍ ဆိုးရွားလှသည်။ သူတို့သည် တာဟဲစျေးမြို့တော်သို့ ပထမဆုံး ရောက်ရှိလာစဉ်က တစ်နယ်တစ်ကျေးမှ ဘုရင်တစ်ပါးဟု မဆိုနိုင်သော်လည်း လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ ယခုမူ အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် သူတို့တွင် အင်အား လက်တစ်ဆုပ်စာမျှသာ ကျန်ရှိတော့သည်။

“အဟမ်း…. ခင်ဗျားတို့ နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဗျ” ဟု လော့ချန်က မေးလိုက်သည်။

လီရီရှန်းက ချက်ချင်းပင် ပြန်ဖြေသည်။

“ကျွန်မတို့က ဟော်မျိုးနွယ်စုကို ရန်စမိပြီးပြီဆိုတော့ အားလုံး ပူးပေါင်းပြီး ဒီဘုံရန်သူတော်ကြီးကို အတူတူ ခုခံရမှာပေါ့ရှင်”

‘တကယ့်ကို ပါးနပ်တဲ့ အမျိုးသမီးပဲ’ ဟု တွေးကာ လော့ချန် သူမကို တစ်ချက် ကြည့်လိုက်သည်။

သူမသည် ယွီရို့နှင့် လော့ချန်တို့ ပြောခဲ့သော စကားအားလုံးကို နန်ကုန်းကျင်းအား ပြောပြထားခြင်း မရှိသည်မှာ သိသာလှသည်။ အကယ်၍ လော့ချန် တစ်ယောက်တည်းကပင် ဟော်ချွမ်၏ ဒေါသအားလုံးကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိသွားလျှင် နန်ကုန်းကျင်းသည် သူတို့နှင့်အတူ ခရီးသွားရန် သဘောတူမည် မဟုတ်ပေ။

သို့သော် ယခုမူ သူတို့အားလုံးသည် ဟော်မျိုးနွယ်စုကို စုပေါင်းရန်စမိသူများ ဖြစ်နေသဖြင့် တစ်ယောက်ချင်းစီ အမဲလိုက်မခံရစေရန်အတွက် နန်ကုန်းကျင်းမှာ လော့ချန်တို့နှင့် ပူးပေါင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် သူ သက်ပြင်းချကာ စိတ်ပျက်လက်ပျက် ဆိုသည်။

“အတူတူ သွားကြတာပေါ့ကွာ.... တကယ်လို့ ဟော်ချွမ် ငါတို့နောက်ကို လိုက်လာရင်တောင် ငါတို့ သုံးယောက်ပေါင်းရင် သူ့ကို တောင့်ခံနိုင်မှာပါ”

“သုံးယောက်တင် မကဘူးရှင့်.... ကျွန်မတို့ဘက်မှာ မိတ်ဆွေဝမ်ယွမ်လည်း ရှိသေးတယ်လေ”

လီရီရှန်းက ဖြည့်စွက် ပြောလိုက်သည်။ ဝမ်ယွမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း အဆင့်မြင့် ကျင့်ကြံသူများကို အကြိမ်ကြိမ် အောင်နိုင်ခဲ့ခြင်းက သူမ၏ အသိအမှတ်ပြုမှုကို အပြည့်အဝ ရရှိသွားစေခဲ့သည်။

နန်ကုန်းကျင်းက ခေါင်းညိတ်လိုက်ရင်း သူ၏ မျက်နှာတွင် ရှားရှားပါးပါး ယုံကြည်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ခိုက်ရေးသမား လေးဦး ရှိနေသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်လယ်ပိုင်း ကျင့်ကြံသူ တစ်ဦးကိုပင် သူတို့ ကောင်းကောင်း ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

အကယ်၍ တစ်ဖက်လူ ဟော်ချွမ်သည် အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်နေလျှင်ပင် လူစုခွဲ ထွက်ပြေးနိုင်ကြသည်ဖြစ်ရာ ဟော်မျိုးနွယ်စုကို ကြောက်နေစရာမလိုပေ။ မည်သို့ပင်ဆိုစေကာမူ ဟော်ဟူကို ဓားစာခံအဖြစ် ဖမ်းထားခြင်းက ဟော်မျိုးနွယ်စုနှင့် ညှိနှိုင်းရာတွင် သူတို့အတွက် အခွင့်အရေး တစ်ခု ဖြစ်နေစေသည်။

ဤအချိန်တွင် လော့ထျန်းအဖွဲ့သည် စစ်မြေပြင်ကို ရှင်းလင်းပြီး ဖြစ်သည်။ တောက်လောင်နေသော မီးလျှံများအောက်တွင် အလောင်းအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

“သွားကြစို့.... ညတွင်းချင်း ခရီးနှင်ရမယ်.... ကျွန်တော်တို့ ကောင်းလင်လွင်ပြင်ကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်….” ဟု လော့ချန်က ခေါင်းဆောင်တစ်ဦးကဲ့သို့ သဘာဝကျကျပင် ပြောလိုက်သည်။

လီရီရှန်းရော နန်ကုန်းမျိုးနွယ်စုပါ ကန့်ကွက်ခြင်း မရှိကြပေ။ ဤတိုက်ပွဲတွင် လော့ထျန်းအဖွဲ့သည် အကြီးမားဆုံးသော ဖိအားကို ခံခဲ့ရသူများ ဖြစ်သည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ သုံးဦး၊ တာကျန်းဂိုဏ်း ကျင့်ကြံသူ တစ်ထောင်ကျော်နှင့် ကြီးမားလှသော ချောင်းမြောင်းတိုက်ခိုက်သည့် အစီအရင်ကြီးကိုပါ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ထိုသို့သော အားနည်းချက်များကြားမှ လော့ချန်သည် သူ၏ လူများကို ဦးဆောင်ကာ တောက်ပသော အောင်ပွဲကို အရယူပေးနိုင်ခဲ့သည်။ သူသည် အင်အားစု သုံးခုကြားတွင် ခေါင်းဆောင်အဖြစ် လုပ်ဆောင်ရန် အရည်အချင်း အပြည့်အဝ ရှိနေပြီ ဖြစ်သည်။

ထိုစဉ်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျွန်မ တောင်းဆိုစရာလေး တစ်ခု ရှိတယ်ရှင့်”

လီရီရှန်းသည် လော့ချန်တို့ နှစ်ဦးကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ရှင်တို့ရဲ့ လှေပျံပေါ်မှာ နေရာနည်းနည်းလောက် ပေးလို့ ရမလား....”

နန်ကုန်းကျင်း မျက်မှောင်ကြုတ်သွားသည်။ လော့ချန်သည် သူမ၏ နောက်မှ အလျင်အမြန် ရောက်ရှိလာသော လီမျိုးနွယ်စုမှ လူသားအုပ်စုကို ကြည့်လိုက်သည်။ သူတို့သည် နဂါးမြင်းများပေါ်တွင် ထိုင်နေကြပြီး အလွန်ပင် မောပန်းနွမ်းနယ်နေကြပုံရသည်။ လီမျိုးနွယ်စုသည် တာဟဲစျေးမြို့တော်တွင် နှစ်ပေါင်းများစွာ အေးချမ်းစွာ နေထိုင်ခဲ့ကြသူများ ဖြစ်သဖြင့် ဝိညာဉ်အမြစ် မပါရှိသော လူသား အမြောက်အမြား သူတို့ မျိုးနွယ်စုတွင် ရှိနေခဲ့သည်။ တာဟဲစျေးမြို့တော်မှ ထွက်ပြေးလာချိန်တွင် လီရီရှန်းသည် အံကြိတ်ကာ ထိုလူသားအများစုကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ နန်ကုန်းမျိုးနွယ်စုလည်း ထိုနည်းတူပင် ဖြစ်သည်။

သူတို့၏ အစီအစဉ်မှာ ရိုးရိုးလေးပင်။ တာဟဲစျေးမြို့တော်မှ ထွက်ခွာပြီး သင့်တော်သော ဝိညာဉ်ကြော တစ်ခုကို ရှာဖွေကာ အခြေချရန် ဖြစ်သည်။ ထိုလူသားများသည် ကျင့်ကြံမှု မရှိသော်လည်း နေ့စဉ်ကိစ္စများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ မျိုးနွယ်စုကို ထောက်ပံ့ရာတွင်လည်းကောင်း အသုံးဝင်လိမ့်မည် ဖြစ်သည်။ သို့သော် အရာအားလုံးက ဤမျှ မြန်မြန်ဆန်ဆန် ပျက်စီးသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ယခုမူ နန်ကုန်းမျိုးနွယ်စုမှ လူသားအားလုံးမှာ တောက်ပစမ်းရေ စျေးမြို့တော်မှ ပိုင်မျိုးနွယ်စုနှင့် တိုက်ပွဲတွင် သေဆုံးကုန်ကြပြီ ဖြစ်သည်။ ဤသည်မှာ ဝမ်းနည်းစရာ ကောင်းသော ဆုံးရှုံးမှု ဖြစ်သော်လည်း သူတို့၏ ခရီးစဉ်ကို ပို၍ မြန်ဆန် ပေါ့ပါးသွားစေခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် လီမျိုးနွယ်စုမှာ တိုက်ပွဲကြီးကြီးမားမား မကြုံခဲ့ရသဖြင့် လူအင်အားကို ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် ထိုကောင်းချီးမှာ ယခုအခါ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာတော့သည်။ အကြောင်းမှာ ထိုလူများကြောင့် သူတို့၏ ခရီးမှာ နှောင့်နှေးနေရပြီး ရွေးချယ်စရာ နည်းပါးသွားလေသည်။

“သူတို့အတွက် နေရာပေးဖို့ တောင်းဆိုပါရစေ.... ကျွန်မတို့ လီမျိုးနွယ်စုက ကျင့်ကြံသူတွေကတော့ မှော်လက်နက်တွေနဲ့ပဲ ပျံသန်းလိုက်ပါ့မယ်.... ကျွန်မ ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးချေဖို့ အဆင်သင့်ပါပဲ” ဟု လီရီရှန်းက အလျင်အမြန် ကမ်းလှမ်းလိုက်သည်။

နန်ကုန်းကျင်းက တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း လော့ချန်က အရင်ဦးအောင် ပိတ်ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံးတွေ မလိုပါဘူး.... သူတို့ကို ခေါ်သွားပေးလို့ ရပါတယ်.... ဒါပေမဲ့....”

သူသည် လူသားအုပ်စုကို အေးစက်လှသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။

“ဘေးကင်းလုံခြုံတဲ့ နေရာကို ရောက်တာနဲ့ သူတို့ကို ခင်ဗျား ထားခဲ့ရမယ်.... မဟုတ်ရင် ထျန်းလန်နတ်ဘုရားမြို့တော်ကို ရောက်တဲ့အခါ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်"

လီရီရှန်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ နန်ကုန်းကျင်းလည်း ဘာမှ ဆက်မပြောတော့ပေ။ လော့ထျန်းအဖွဲ့နှင့် မိမိတို့ နန်ကုန်းမျိုးနွယ်စုတွင် အကျအဆုံး များခဲ့သဖြင့် လှေပျံပေါ်တွင် နေရာလွတ်များ ရှိနေသည်။ ထိုလူသားများကို ခေါ်ဆောင်သွားရန်မှာ အခက်အခဲ မရှိလှပေ။

ခဏအကြာတွင် ကျင့်ကြံသူများ၏ အကူအညီဖြင့် လီမျိုးနွယ်စုမှ လူသားအားလုံးမှာ လှေပျံပေါ်သို့ ရောက်ရှိသွားကြသည်။ ကျန်ရှိနေသော နဂါးမြင်း တစ်ရာကျော်ကိုမူ လီမျိုးနွယ်စု၏ ဝိညာဉ်သားရဲအိတ်များထဲသို့ ထည့်သွင်းလိုက်ကြသည်။

ထိုအခါမှသာ လီရီရှန်း စိတ်သက်သာရာရစွာ အသက်ကို ဝဝရှူနိုင်တော့သည်။ သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ လှေပျံကြီးမှာ ညကောင်းကင်ယံသို့ တဖြည်းဖြည်း မြင့်တက်သွားတော့သည်။

....

နန်ကုန်းမျိုးနွယ်စု၏ လှေပျံပေါ်တွင်....။

နန်ကုန်းကျင်းသည် ကုန်းကုန်းကွကွဖြင့် လက်တစ်ဖက်က တောင်ဝှေးကို အားပြုထားရသည်။ သူသည် တောက်ပစမ်းရေဈေးမြို့တော်ရှိရာ ဘက်သို့ အဝေးမှ လှမ်းကြည့်နေပြီး ထိုနေရာမှ ကြီးမားသော ထင်းရှူးပင်ကြီးကိုပင် မြင်နေရသကဲ့သို့ ရှိသည်။ သူ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ဝမ်းနည်းမှုကို အံကြိတ်ကာ မျိုသိပ်ထားသည်။

“ဒီအရှက်ရမှုကို ငါ မှတ်ထားမယ်.... တစ်နေ့ကျရင် ငါ့ရဲ့ နန်ကုန်းမျိုးနွယ်စု ပြန်လာပြီး ထင်ရှူးတောင်ကို သွေးပင်လယ် ဝေစေရမယ်.... ချင်လေး တကယ်လို့ ငါ မအောင်မြင်ခဲ့ရင် မင်းရဲ့ အလှည့်ပဲ.... မင်း မအောင်မြင်ရင် နောက်မျိုးဆက်ကို လက်ဆင့်ကမ်းခဲ့.... ဒီအငြိုးကို ဘယ်တော့မှ မမေ့ကြနဲ့”

သူ့နောက်ရှိ နန်ကုန်းမျိုးနွယ်စု ကျင့်ကြံသူများသည်လည်း မျက်ဝန်းများတွင် ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်ကာ ကျယ်လောင် လေးနက်သော အသံဖြင့် ပြန်ဖြေကြသည်။

ဘီးတပ်ကုလားထိုင်ပေါ်ရှိ နန်ကုန်းချင်၏ ဖြူဖျော့သော မျက်နှာထက်ဝယ် ရက်စက်လှသော အမူအရာတစ်ခု ပေါ်လာသည်။

“ဒီရန်ငြိုးက ထာဝရ တည်ရှိနေလိမ့်မယ်.... ပိုင်မျိုးနွယ်စု.... မင်းတို့ကို ငါ့လက်နဲ့ သုတ်သင်မယ်”

ရှေ့ဆုံးမှ ဦးဆောင်နေသော လှေပျံကြီး၏ ဦးပိုင်းတွင်မူ လော့ချန်တစ်ယောက် ခန့်ညားစွာဖြင့် မတ်တပ်ရပ်နေသည်။ စီမာဟွေ့နန်နှင့် မုရုံချင်းလျန်တို့သည်လည်း သူ့နောက်တွင် တိတ်ဆိတ်စွာ ရပ်ကာ ရှေ့သို့ စိုက်ကြည့်နေကြသည်။ ညလေပြင်းက ခပ်ပြင်းပြင်း တိုက်ခတ်နေသော်လည်း ရင်ထဲမှ ဒေါသမီးကိုမူ မငြိမ်းသတ်နိုင်ရှာပေ။

လော့ချန် အောက်ဘက်ကို ငုံ့ကြည့်လိုက်သည်။ မီးလောင်ပြင်ကြီး ဖြစ်နေသော ကောင်းလင်လွင်ပြင်ကို ကြည့်ရင်း မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ လဲကျနေသော ကျောက်တိုင်များ၊ မီးထဲတွင် ပြာဖြစ်သွားသော အလောင်းများကို မြင်နေရသည်။ ထို့အပြင် မိတ်ဆွေရင်းကြီးတစ်ဦး၏ အသက်သည်လည်း ဤနေရာတွင် ထာဝရ ကျန်ရစ်ခဲ့လေပြီ။

လော့ချန် မျက်လုံးများကို မှိတ်လိုက်သည်။

“ငါက ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပေမဲ့ သူတို့တွေက ငါ့ကို လာဒုက္ခပေးကြတယ်.... ဒီလောကမှာ သန်ရာသူစားတဲ့ နိယာမကပဲ စိုးမိုးနေတာပဲ.... စိတ်ကူးယဉ်နေလို့တော့ မဖြစ်ချေဘူး"

ရုတ်တရက် သူ မျက်လုံးများကို ဖွင့်လိုက်ပြီး လာခဲ့သည့် လမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။

ဆယ်မိုင်၊ မိုင်တစ်ရာ၊ မိုင်တစ်ထောင်....။

အဝေးဆုံးနေရာကိုပင် ဖောက်ထွင်း မြင်နိုင်သကဲ့သို့ သူ၏ အမြင်အာရုံသည် ဖားအော်သံများ ပဲ့တင်ထပ်နေသည့် ကြက်သွေးရောင်ဖားတောင်ဆီသို့ ရောက်သွားသည်။

“ဟော်မျိုးနွယ်စု.... ငါ ဒီအငြိုးကို ဘယ်တော့မှ မမေ့ဘူး....”

“ငါ ပြန်လာခဲ့မယ်”

ညဇီးကွက်များ၏ အော်သံကား ဝမ်းနည်းဖွယ်ကောင်းလှပြီး အေးစက်သော လေပြင်းများကလည်း ကောင်းကင်တစ်ခွင်၌ အော်ဟစ်နေသကဲ့သို့ ထင်ရသည်။ ဖုန်မှုန့်များနှင့် မီးလျှံများအားလုံးမှာ အရှိန်ပြင်းစွာ ပျံသန်းနေသော လှေပျံ၏ နောက်ဘက်တွင် တဖြည်းဖြည်း ကျန်ရစ်ခဲ့လေပြီ။

....

“တန်ချန်ဇီ.... မင်းကများ ငါ့ကို ယွီမျိုးနွယ်စုနဲ့ ခြိမ်းခြောက်ရဲတယ်ပေါ့....”

မြစိမ်းရောင် သိန်းငှက်ဖြူကြီးပေါ်တွင် ထိုင်နေသော ယွီရို့၏ မျက်နှာမှာ ပျက်ယွင်းနေပြီး ဒေါသများ တလိပ်လိပ် တက်နေသည်။ သို့သော် ထိုဒေါသများ၏ အနက်ရှိုင်းဆုံးနေရာတွင်မူ ကြောက်ရွံ့မှုများမှာ ရိုးတွင်းခြင်ဆီထဲအထိ စိမ့်ဝင်နေသည်။ သူမ အမှန်တကယ် ကြောက်နေခဲ့ခြင်း ဖြစ်သည်။

လော့ချန်၏ စကားထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော ထူရှန်းနှင့် ဝမ်ဟိုင်ချောင်တို့ကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ထို သွေးစွန်းသော မှတ်တမ်းနှင့်အတူ သူ့တွင် ထိုကဲ့သို့ အာဏာရှိရှိ၊ အေးစက်စွာ ပြောဆိုနိုင်သော အခွင့်အရေး အပြည့်ရှိနေသည်။ သူမ လုံးဝ မချေပနိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ဆဲဆိုကြိမ်းမောင်းခြင်းဖြင့်သာ စိတ်ထဲမှ ထိတ်လန့်မှုကို ဖြေဖျောက်နေရသည်။

ခဏမျှ ဒေါသဖြေပြီးနောက် သူမ လီရီရှန်းကို သတိရသွားသည်။ လော့ချန်ဘက်မှ ရပ်တည်ခဲ့သော ထိုမိန်းမယုတ်ကိုလည်း သူမ ဆဲဆိုချင်မိသည်။ သို့သော် ကိုယ်တိုင်က လီမျိုးနွယ်စု နာမည်ကိုသုံး၍ လီရီရှန်းကို ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်လာသည်။

“ဩော်.... တကယ်ပဲ.... ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာတာပဲ”

သူမ ခါးသီးစွာ ရယ်မောလိုက်ပြီးနောက် ခြေဖဝါးအောက်ရှိ ဝိညာဉ်သားရဲကို ထိန်းကျောင်းကာ ထိုက်ရှန်းဈေးမြို့တော်ဘက်သို့ ပျံသန်းလိုက်သည်။ စိတ်ထဲတွင်မူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့် ဟော်ချွမ်ကို မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။ ကောင်းလင်လွင်ပြင်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူမ ပြောပြ၍ မရပေ။ လော့ချန်၏ ခြိမ်းခြောက်မှုမှာ သူမ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ အကယ်၍ သူမသာ ထိုအမိန့်ကို ဖီဆန်ခဲ့လျှင် ရလဒ်မှာ ဆိုးရွားပေလိမ့်မည်။

“ဝမ်ယွမ်ရဲ့ တိုက်ခိုက်စွမ်းရည်....အဲ့ဒီ အစီအရင်ပညာရှင်ရဲ့ သစ္စာဖောက်မှု....”

“ကောင်းပြီ၊ ဒါဆိုရင် ငါ အပြစ်အားလုံးကို တန်ချန်ဇီ အပေါ်မှာပဲ ပုံချလိုက်တော့မယ်....”

“ကောင်စုတ်…. မင်းက ဒီလောက် အာဏာပြချင်နေမှတော့ ဟော်ချွမ်ရဲ့ ဒေါသကို ခံနိုင်အောင်သာ ပြင်ထားပေတော့….”

“အို.... ဟို မိန်းမယုတ် လီရီရှန်းမှာလည်း တာဝန်ရှိတာပဲ.... သူသာ ငါ့ကို အတင်း လိုက်မဆွဲရင် ငါ ဟော်ဟူကို ကယ်နိုင်မှာပဲ....”

“ဟုတ်ပြီ၊ ဒါပဲ....”

စိတ်ကူးထဲတွင် အမျိုးမျိုး တွေးတောရင်း သူမ ဇာတ်လမ်းတစ်ပုဒ်ကို အကြမ်းဖျင်း ပြင်ဆင်ပြီးသွားလေပြီ။ အပြစ်အားလုံးကို လော့ချန်နှင့် လီရီရှန်းတို့အပေါ်သို့ သူမ ပုံချမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဟော်ချွမ်ရှေ့၌ သူမကိုယ်သူမ ယုန်သူငယ်လေးလို ဟန်ဆောင်ပြလိုက်မည် ဖြစ်သည်။

“ခဏလေး.... ငါ့ကိုယ်ပေါ်မှာ ဒဏ်ရာတချို့ ဖန်တီးထားရမလား….”

တစ်ခါတစ်ရံတွင် နာကျင်မှုဖြင့် လှည့်စားခြင်းက အခြားသူများ၏ ယုံကြည်မှုကို ရရှိရန် အကောင်းဆုံးလက်နက် မဟုတ်ပေလော။ သူမ ခဏမျှ တွန့်ဆုတ်နေစဉ်မှာပင် သူမ အောက်ရှိ သိန်းငှက်ဖြူကြီးမှာ ရုတ်တရက် ရပ်တန့်သွားသည်။

“ဟင်.... ဘာလို့ ရပ်လိုက်တာလဲ….”

သူမ ဘာဖြစ်နေမှန်း မသိခင်မှာပင် အဝေးမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ လန်ချန်းမြစ် ရှိရာသို့ သူမ လှည့်ကြည့်လိုက်ရာ မြစ်ရေများမှာ ဆူပွက်နေပြီး စွမ်းအားတစ်မျိုး ထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

ဧရာမ ဖားကြီးတစ်ကောင်မှာ မြစ်၏ အနက်ရှိုင်းဆုံး နေရာမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ပေတစ်ရာကျော် မြင့်မားပြီး အကျိအချွဲများ၊ ကြွက်သားများဖြင့် ပြည့်နှက်နေသည်။ ဖောင်းကြွနေသော ကျောကုန်းမှာ အဆိပ်ငွေ့များဖြင့် ပြည့်နှက်နေကာ ထက်ရှလှသော လက်သည်းများမှာလည်း သေစေနိုင်သော အလင်းတန်းများဖြင့် တောက်ပနေသည်။ ထူးဆန်းသည်မှာ ၎င်းတွင် ခြေထောက် သုံးချောင်းသာ ပါရှိခြင်း ဖြစ်သည်။

ဖားမိစ္ဆာကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဆိပ်ကမ်းတွင် ရပ်ထားသော ဝိညာဉ်သင်္ဘောကြီးများသည် သစ်ရွက်ခြောက်များအလား အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကြသည်။

ယွီရို့၏ တစ်ကိုယ်လုံး အေးစက်သွားပြီး တုန်ရင်နေသော အသံဖြင့် ရေရွတ်လိုက်သည်။

“ခြေသုံးချောင်း မြစ်မျိုဖားကြီး....”

“ဒါ.... ဒါ ဟိုတုန်းက သားရဲပဲ.... သူက အဆင့်တက်သွားတာပဲ.... တတိယအဆင့် အလယ်ပိုင်းတောင် ရောက်သွားတာလား….”

“မဟုတ်ဘူး.... သူ.... သူ ဘာလုပ်မလို့လဲ”

ယွီရို့၏ မျက်စိရှေ့တွင်ပင် ထိုဖားကြီးသည် အနီးနားရှိ ထိုက်ရှန်းဈေးမြို့တော်ဆီသို့ ဦးတည်သွားလေသည်။ ထို့နောက် သတိပေးချက် မရှိဘဲ ရပ်တန့်လိုက်သည်။ ၎င်းသည် ခေါင်းကို မော်ကြည့်လိုက်ပြီး အဝေးမှ ကြက်သွေးရောင်ဖားတောင် ရှိရာသို့ ကြည့်လိုက်ရာ မျက်လုံးများမှာ နီရဲ တောက်ပနေသည်။ ထိုနေရာမှ တစ်ခုခုက သူ့အား ဆွဲဆောင်နေသကဲ့သို့ပင်။

“ဝေါ့....”

တိုးညင်းသော အက်ရှရှ အော်သံတစ်သံကို ထုတ်ဖော်လိုက်ပြီးနောက် ထိုဖားကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ဝမ်းဗိုက်မှာ ပုံမှန်ထက် အဆပေါင်းများစွာ ဖောင်းကားလာသည်။ ထို့နောက် ခြေသုံးချောင်းဖြင့် မြေပြင်ကို အားပြုကာ ကန်လိုက်သည်။ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေပြင်မှ ဝုန်းကနဲ ပျံတက်သွားပြီး ကောင်းကင်ယံအထိ ရောက်ရှိသွားသည်။ မြစ်ရေများမှာလည်း ၎င်းနှင့်အတူ လိုက်ပါသွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ပြန်လည် ကျဆင်းလာသည်။ ထိုသားရဲကြီးမှာ လေထဲတွင် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြန်လည် ဆင်းသက်လိုက်ရာ ၎င်း၏ ပစ်မှတ်မှာ ရှင်းလင်းလှသည်။ ထိုပစ်မှတ်သည် ညအမှောင်အောက်တွင် တိတ်ဆိတ်နေသော ကြက်သွေးရောင် ဖားတောင်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကြက်သွေးရောင်ဖားတောင်၏ အနက်ရှိုင်းဆုံး နေရာတွင် လူတစ်ယောက်မှာ ဘေးအန္တရာယ်ကို အာရုံခံမိသည်အလား နိုးထလာသည်။ သူသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကျင့်ကြံရာမှ အတင်းအဓမ္မ ထွက်လာခဲ့သည်။

အဖြူရောင် ပေတံတစ်ချောင်းမှာ ကောင်းကင်သို့ ပျံတက်သွားပြီး ပေ တစ်ထောင်ခန့်အထိ ကြီးထွားလာသည်။

၎င်းမှာ တစ်ဦးတစ်ယောက်က သူ၏ မှော်ရတနာကို အစွမ်းကုန် အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော်လည်း ကြီးမားလှသည်ဟု ထင်ရသော ထိုမှော်ရတနာသည် ခြေသုံးချောင်း မြစ်မျိုဖား၏ ပေါ့ပေါ့ပါးပါး ပုတ်ထုတ်လိုက်မှုအောက်တွင် အလင်းတန်းများ မှိန်ဖျော့သွားကာ နောက်သို့ လွင့်ထွက်သွားသည်။

“မဖြစ်နိုင်ဘူး….”

အိုမင်းသော အသံတစ်သံ၏ ဝမ်းနည်းဖွယ် အော်သံမှာ ညကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ သို့သော် ဖားကြီးမှာ တောင်ပေါ်သို့ ပြုတ်ကျသွားပြီ ဖြစ်သည်။

ဝုန်း....

တောင်ပြိုသံကြီး မြည်ဟည်းထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ဆက်တိုက် ဖြစ်ပေါ်လာသော တုံ့ပြန်မှုများအလား ကြီးမားလှသော ချီစွမ်းအင်များမှာ ဆည်ကျိုးသကဲ့သို့ ထွက်ပေါ်လာတော့သည်။ တစ်ချိန်တည်းမှာပင် ကြက်သွေးရောင် ဖားတောင်၏ ထိပ်မှနေ၍ ပြင်းထန်သော မီးတောက်ကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။

ဝုန်း....

မီးတောင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော မီးတောက်များမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ချော်ရည်ပူများမှာ မြွေဆိုးများအလား တောင်စောင်းတစ်လျှောက် စီးဆင်းသွားတော့သည်။ ချက်ချင်းပင် လမ်းကြောင်းတစ်လျှောက် ရှိသမျှ အဆောက်အအုံများ၊ သစ်ပင်ပန်းမန်များမှာ ခဏချင်းပင် မီးလောင်ကျွမ်းကာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုက်ရှန်းဈေးမြို့တော်၏ အပြင်ဘက်တွင်မူ ယွီရို့သည် ကျောက်ရုပ်တစ်ရုပ်အလား အသက်ရှူရန်ပင် မေ့ကာ ရပ်နေမိသည်။ သူမ၏ လှပသော မျက်နှာလေးမှာ ဖြူဖျော့နေပြီး ပါးစပ်လေး အဟောင်းသားဖြင့် မျက်စိရှေ့တွင် ဖြစ်ပျက်နေသော ဘေးဒုက္ခကြီးကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေလေသည်။

ကြက်သွေးရောင်ဖားတောင်ကြီး ပြိုကျသွားလေပြီ။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၂) - ရွှေမီးဓားနှင့် ကမ္ဘာမြေတံဆိပ်တော်

တိမ်စိုင်တိမ်လိပ်တို့သည် စိမ်းစိုသော တောင်တန်းကြီးများကို ရစ်ပတ်ထားကြပြီး ကောင်းကင်ယံထက်တွင်မူ ငွေစန္ဒာလမင်းကြီးသည် အထီးကျန်စွာ ထွန်းလင်းနေသည်။

လိမ့်တက်နေသော တိမ်တိုက်များအောက်၌ လှေပျံသုံးစင်းသည် အစွမ်းကုန်အရှိန်မြှင့်ကာ အဆုံးမဲ့တောင်တန်းများကို ကျော်ဖြတ်နေကြသည်။ ၎င်းတို့နောက်တွင် တစ်စုံတစ်ဦးက လိုက်လံဖမ်းဆီးနေသကဲ့သို့ပင်။

ကောင်းကင်သိန်းငှက်လှေပျံပေါ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခန်းအတွင်း လော့ချန်သည် သူ့ရှေ့ရှိ သိုလှောင်အိတ်ပုံကြီးကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။

တွမ်ချန်ခွန်း၊ ဝမ်ဟိုင်ချောင်၊ ထူရှန်းနှင့် ဟော်ဟူတို့၏ သိုလှောင်အိတ်များအားလုံး သူ့လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် စိတ်ပျက်စရာ ကောင်းသည်မှာ ထိုအိတ်များမှာ သူ၏ လက်ထဲသို့ ရောက်နေရုံသာ ရှိသေးပြီး ဘာမှ လုပ်၍ မရသေးခြင်းပင်။

"ဒုက္ခပဲဟေ့.... မြင်သာမြင် မကြင်ရ ဖြစ်နေပြီ...."

အဆင့်နိမ့်ကျင့်ကြံသူများ၏ အိတ်များကို ဖွင့်ရန်မှာ မခက်ခဲသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အိတ်များမှာမူ ပြဿနာရှိသည်။ အိတ်ပေါ်တွင် စိတ်အာရုံတံဆိပ်ခတ်နှိပ်ထားရုံသာမက တွမ်ချန်ခွန်းကဲ့သို့ မြေခွေးအိုကြီးများဆိုလျှင် အစီအရင်အတားအဆီးများပါ ထည့်သွင်းထားတတ်ကြသည်။ ဤတံဆိပ်များကို ဖျက်ဆီးရန်မှာ တစ်နေ့တစ်ရက်နှင့် မပြီးနိုင်ဘဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်အာရုံဖြင့်သာ တဖြည်းဖြည်း ချေဖျက်ရမည်ဖြစ်သည်။

ထိပ်တန်း ဂိုဏ်းကြီးများမှ ဂိုဏ်းဝင်ကျင့်ကြံသူများကို လော့ချန် မနာလိုဖြစ်မိသည်။ ယခင်က မြောင်ဝမ်သည် မီရှုဟွာ ပေးခဲ့သော အခြေတည်ဆေးလုံး ကျောက်စိမ်းသေတ္တာပေါ်မှ တားမြစ်ချက်ကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။ အကယ်၍ ထိုသို့သော နည်းစနစ်များကို သိုလှောင်အိတ်များတွင် အသုံးပြုနိုင်လျှင် ဖွင့်ရန် အချိန်တစ်ဝက်ပင် ကြာမည်မဟုတ်ပေ။

“ဘယ်တတ်နိုင်မလဲ.... အခုတော့ ငါ အတင်းအဓမ္မပဲ ဖွင့်ရတော့မှာပေါ့”

လော့ချန် ထိုအိတ်လေးလုံးကို သိမ်းဆည်းလိုက်သည်။ ဝမ်ဟိုင်ချောင်နှင့် ထူရှန်းတို့၏ အိတ်များကိုမူ အခြေအနေ တည်ငြိမ်သွားမှသာ သူ ဖြည်းဖြည်းချင်း ဖွင့်ရန် စီစဉ်ထားသည်။ တွမ်ချန်ခွန်း၏ အိတ်မှာမူ သူ အချိန်အတော်ကြာအောင် တိုက်စားထားပြီး ဖြစ်သဖြင့် ပွင့်ခါနီး ဖြစ်နေပြီ ဖြစ်ရာ ၎င်းကို ဦးစားပေး လုပ်ဆောင်ရမည်။ ဟော်ဟူ၏ အိတ်မှာမူ ဝမ်ယွမ်က သူ့အား လာအပ်ထားခြင်းဖြစ်သည်။ ဝမ်ယွမ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးသဖြင့် စိတ်ဝိညာဉ်အာရုံကို အပြင်သို့ ထုတ်မသုံးနိုင်သေးရာ ဤအိတ်ကို မဖွင့်နိုင်ပေ။ ထို့ကြောင့် လော့ချန် အချိန်ရသည့်အခါ ဖြေရှင်းပေးရန် လာအပ်ထားခြင်း ဖြစ်သည်။

“အမယ်.... ဒီအယုတ်တမာ ဟော်ဟူရဲ့ အိတ်မှာတောင် တားမြစ်ချက်က ပါနေသေးတယ်”

စဉ်းစားကြည့်လျှင် မီးလျှံမဟာမိတ်သည် မှော်လက်နက်များ ပြုလုပ်ရာတွင် နာမည်ကြီးသော ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး အစီအရင်များနှင့် တားမြစ်ချက်များတွင် အလွန် ကျွမ်းကျင်ကြသည်။ ထို့ကြောင့် သူတို့၏ သာမန် တပည့်များပင်လျှင် ထိုပညာရပ်များကို အနည်းနှင့်အများ သိရှိကြခြင်းမှာ မဆန်းပေ။ ဤအိတ်ကိုလည်း ခဏ စောင့်ရဦးမည် ဖြစ်သည်။

နောက်ဆုံးတွင် စားပွဲပေါ်၌ ဖုန်များ ပေကျံနေသော သိုလှောင်အိတ် တစ်လုံးသာ ကျန်ရှိတော့သည်။ ၎င်းမှာ တိုက်ပွဲမြေပြင်တွင် သေချင်ယောင်ဆောင်နေသော ချီသန့်စင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လော့ချန်သည် ဤအိတ်ကို ဘာမှ မစဉ်းစားဘဲ ကောက်ယူခဲ့သည်။ ဤအိတ်ကို ဖွင့်ရန်မှာ လွယ်ကူလှသည်။ လော့ချန်သည် ချီစွမ်းအင် အနည်းငယ်ကို အသုံးပြုကာ အထဲမှ ကျန်ရှိနေသော အမှတ်အသားကို အလွယ်တကူ ဖျက်ဆီးလိုက်သည်။ အထဲမှ ပစ္စည်းများကို ထုတ်ကြည့်ရန် မလိုဘဲ ဝိညာဉ်အာရုံဖြင့် ကြည့်လိုက်ရုံဖြင့် အားလုံးကို ရှင်းလင်းစွာ မြင်တွေ့ရသည်။

အိတ်အတွင်း၌ အဆင့်နိမ့်ပစ္စည်းအချို့၊ ဆေးလုံးအချို့နှင့် လော့ချန်ကိုယ်တိုင် ဖော်စပ်ထားသော ကျောက်စိမ်းအမြုတေဆေးလုံး အချို့ကို တွေ့ရသည်။ အခြားထူးခြားသော မှော်လက်နက်များ မရှိသော်လည်း လိပ်ခွံသဏ္ဌာန် အရာတစ်ခုကို သူတွေ့လိုက်ရသည်။

ပုံမှန်အားဖြင့် အဆင့်နိမ့် ကျင့်ကြံသူ တစ်ဦးသည် ပိုကောင်းသော လက်နက်တစ်ခု ရရှိသည်နှင့် သူတို့၏ ယခင် အဆင့်နိမ့် ပစ္စည်းများကို ရောင်းချကာ အခြား လိုအပ်သော အရင်းအမြစ်များကို လဲလှယ်တတ်ကြသည်။ သံယောဇဉ်တွယ်နေမှသာ တစ်ခု သို့မဟုတ် နှစ်ခုလောက် သိမ်းထားတတ်ကြသည်။ ဥပမာအားဖြင့် လော့ချန်သည် သူ အသုံးမပြုတော့သော စိမ်းမြရတနာဓားကို ချွီလင်ကျွင်းအား လက်ဆောင်ပေးခဲ့သည်။ သူ အမြဲ သုံးခဲ့သော မီးတောက်လှံကိုမူ စုရှောင်လင်အား ဆုလာဘ်အဖြစ် ပေးအပ်ခဲ့သည်။ ရုပ်သေးရုပ်တို့နှင့် မှော်လက်နက်များကိုမူ အဖွဲ့၏ လိုအပ်ချက်နှင့် စွမ်းဆောင်ရည်အပေါ် မူတည်ကာ ခွဲဝေပေးခဲ့သည်။

လော့ချန် ကိုယ်တိုင်မှာမူ သူ အမှန်တကယ် လိုအပ်သည့် အရာများကိုသာ သိမ်းဆည်းထားသည်။ ထိုကဲ့သို့သော ရက်ရောမှုကြောင့်ပင် လော့ထျန်းအဖွဲ့သည် တည်ထောင်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း အလွန်ပင် စည်းလုံးညီညွတ်နေခြင်း ဖြစ်သည်။

ရှူး....

လက်ဝါးခန့်ရှိသော လိပ်ခွံတစ်ခုမှာ သူ၏ လက်ထဲသို့ ကျလာသည်။

လော့ချန် ထိုအရာကို ကြည့်ကာ ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။

“လိပ်ဝိညာဉ်ချပ်ဝတ်....”

“အင်း.... ဒါ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ.... နောက်အချိန်ရမှ သေချာ လေ့လာကြည့်ဦးမယ်"

သေချင်ယောင်ဆောင်ခဲ့သော ထိုကျင့်ကြံသူသည် ဤလိပ်ခွံကြောင့်ပင် လော့ချန်၏ စစ်ဆေးမှုကိုပင် လှည့်စားကာ သေချင်ယောင်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို သိမ်းဆည်းပြီးနောက် အခြားအရာများကိုမူ လော့ချန် အာရုံမလာတော့ပေ။ အားလုံးပေါင်းမှ ဝိညာဉ်ကျောက်တုံး ရာဂဏန်းမျှသာ တန်ဖိုးရှိသည်။ ပိုင်ဆိုင်မှုမှာ လော့ထျန်း၏ သာမန်အဖွဲ့ဝင်တစ်ဦးကိုပင် မယှဉ်နိုင်ပေ။

ထို့နောက် သူသည် တိုက်ပွဲမှ ရရှိလာသော ရတနာများကို စစ်ဆေးကြည့်လိုက်သည်။

ပထမဆုံးမှာ ရွှေမီးဓား ဟုခေါ်သော မှော်ရတနာ ဖြစ်သည်။ ၎င်းမှာ အဆင့်နိမ့်မှော်ရတနာသာ ဖြစ်သော်လည်း မီးဓာတ်အစီအရင်ငါးခုကို ထွင်းထုထားသဖြင့် လော့ချန်နှင့် အလွန်ကိုက်ညီလှသည်။

လော့ချန်၏ အဓိက ကျင့်စဉ်မှာ နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း ဖြစ်သော်လည်း သူ၏ အကောင်းဆုံး စွမ်းဆောင်ရည်များမှာမူ မီးနှင့် ပတ်သက်နေသည်။ ဆေးဖော်စပ်ရာတွင် လိုအပ်သော မီးများ၊ မီးလုံးမှော်အတတ်၊ နေမီးလျှံ၊ မြေပြိုခြင်း စသည့် မှော်အတတ်များမှာ မီးနှင့် ဆက်စပ်နေသလို သူ၏ ယခင် လက်နက် ဖြစ်သော မီးတောက်လှံမှာလည်း မီးဓာတ်ပင် ဖြစ်သည်။ သူ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းစဉ်က အသုံးပြုခဲ့သော နတ်ဒေဝါပျားရည်မှာလည်း ဒုတိယအဆင့် မီးဓာတ် သားရဲ ဖြစ်သော တိမ်မီးလျှံ ဂဠုန်ငှက်ကြီး၏ သွေးနှင့် အမြုတေတို့မှ ဖော်စပ်ထားခြင်း ဖြစ်သည်။

"အင်း.... ဒီဓားက တကယ်ကြီးကို အချိန်ကိုက်ရောက်လာတာပဲ"

သူသည် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ပြီးနောက် ထျန်းလန် နတ်ဘုရားမြို့တော်တွင် မှော်ရတနာ တစ်ခု ဝယ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် ယခုမူ ဤရွှေမီးဓား ရှိနေပြီ ဖြစ်သဖြင့် ထိုသို့ လုပ်ရန် မလိုတော့ပေ။

လော့ချန်သည် ရွှေမီးဓားကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းရင်း ပြုံးလိုက်မိသည်။ ဤမှော်ရတနာမှာ အစွမ်းထက်လှသဖြင့် သူ စိတ်ကြိုက် အသုံးပြုနိုင်ရန်အတွက် အချိန်အတော်ယူရဦးမည် ဖြစ်သည်။ ဝမ်ဟိုင်ချောင်သည် ဤမှော်ရတနာကို ရရှိပြီးနောက် ရက်အနည်းငယ်အတွင်း အသုံးပြုရန် ကြိုးစားခဲ့သဖြင့် ချီစွမ်းအင်များ ကုန်ခမ်းကာ လက်နှစ်ဖက်စလုံး ပျက်စီးသွားခဲ့ရသည်။ လော့ချန်၏ နောက်ဆုံး ဓားချက်ကို ရင်ဆိုင်ရချိန်တွင် သူ၌ ပြန်လည် ခုခံရန် အင်အားပင် မကျန်တော့ပေ။

“ဒါကို သာမန် လက်နက်တစ်ခုလို မဆက်ဆံမိဖို့ ငါ သတိထားရမယ်....” ဟု လော့ချန် သူ့ကိုယ်သူ သတိပေးလိုက်သည်။

ဒုတိယပစ္စည်းမှာ လက်ဝါးခန့်ရှိသော တံဆိပ်တုံးလေး ဖြစ်သည်။ ၎င်းမှာ မြေဓာတ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး အလွန်လေးလံလှသည်။ ခန္ဓာကိုယ် ကျင့်ကြံခြင်း ပထမအဆင့် ရောက်ရှိနေသော လော့ချန်ပင် ၎င်းကို မရန်အတွက် ချီစွမ်းအင်ကို အသုံးပြုနေရသည်။ ဤသည်မှာ ထိပ်တန်းအဆင့် မှော်လက်နက်ဖြစ်သည့် ကမ္ဘာမြေတံဆိပ်တော် ဖြစ်သည်။

“ဒါက ပိဿာပေါင်း ထောင်ချီတဲ့ အားနဲ့ တိုက်ခိုက်နိုင်ပြီး ရန်သူကို အလေးချိန်နဲ့ ဖိနှိပ်ပစ်နိုင်တဲ့ တံဆိပ်တော်ပဲ.... နှမြောစရာ ကောင်းတာက ဒါက ကျရှုံးသွားတဲ့ လက်နက်တစ်ခု ဖြစ်နေတာပဲ.... တကယ်လိို့သာ မှော်ရတနာ တစ်ခု ဖြစ်လာခဲ့ရင် ပိုပြီး ထူးခြားတဲ့ အစွမ်းတွေ ရှိမှာ သေချာတယ်.... အခုတော့ ဒါက အလေးချိန်ကလွဲရင် တခြား ဘာမှ မကောင်းဘူး.... ဒါပေမဲ့လဲ ငါ့ရဲ့ လက်နက်တိုက်ထဲမှာ ထည့်ထားဖို့တော့ တန်ပါတယ်”

လော့ချန်သည် တိုက်ခိုက်ရေးစနစ်ကို ဟန်ချက်ညီအောင် တည်ဆောက်ရာတွင် အမြဲ သတိရှိသူ ဖြစ်သည်။ ခံစစ်အတွက် သူ၌ ဝိညာဉ်ချုပ် နယ်ရုပ်၊ လေးရောင်ခြယ်ဆေးအိုးနှင့် အဆင့်မြင့်မှော်ဝတ်ရုံတို့ ရှိသဖြင့် အလွှာသုံးလွှာ ခံစစ် ရှိသည်။ တိုက်စစ်အတွက်မူ ဓားအမြုတေနှင့် အပြာရောင်ကတိုး မြွေနဂါးအလံကို အသုံးပြုကာ မှော်အတတ်မျိုးစုံဖြင့် အထောက်အပံ့ပြုထားသည်။ လှုပ်ရှားရန်နှင့် လိုအပ်ပါက ချက်ချင်းထပြေးရန်အတွက်မူ လေဟုန်စီးအတတ် နှင့် တိမ်နင်းဖိနပ်တို့ ရှိသည်။ ဤသည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် သူ၏ စွမ်းရည်မှာ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူ အများစုထက် သာလွန်လှသည်။ အကြောင်းမှာ မှော်ရတနာ၊ လက်နက်များ ဆိုသည်မှာ များလေကောင်းလေ မဟုတ်သောကြောင့်ပင်။

အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ဦး၏ ချီစွမ်းအင်မှာ ချီသန့်စင်အဆင့်ထက် များစွာ သာလွန်သော်လည်း ကန့်သတ်ချက် ရှိသည်။ မှော်ရတနာများကို အသုံးပြုရန်မှာ ဝိညာဉ်အာရုံ လိုအပ်သည်။ သာမန် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများမှာ အားကောင်းသော ဝိညာဉ်မရှိကြသဖြင့် သူတို့၏ ဝိညာဉ်အာရုံကို အဝေးသို့ ပို့ဆောင်ရန် ခက်ခဲကြသည်။ လော့ချန်သည် သူ ကြုံခဲ့ရသော တိုက်ပွဲများမှ များစွာ သင်ယူခဲ့ရသည်။

တွမ်ချန်ခွန်းသည် ဟယ်လော့ဓား၊ ကွေ့ရွှေမှော်ဝင်ပန်းချီနှင့် မှော်အတတ် အနည်းငယ်ကိုသာ အဓိက အားကိုးသည်။ ဝမ်ဟိုင်ချောင်မှာလည်း ထိပ်တန်းအဆင့် ဓားပျံနှင့် ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခုကိုသာ သုံးခဲ့ပြီး သူ၏ နောက်ဆုံး တိုက်ကွက်တွင်မှ ရွှေမီးဓားကို ထပ်တိုး အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထူရှန်းမှာမူ ပို၍ ဆိုးသည်။ သူသည် မြေကမ္ဘာတံဆိပ်တော်ဖြင့် တိုက်ခိုက်ပြီး ထိပ်တန်းအဆင့် သံမဏိဒိုင်းဖြင့် ကာကွယ်လေသည်။ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ပင်လျှင် ချီစွမ်းအင်ကို ချွေတာရန်အတွက် ချီစွမ်းအင် အနည်းငယ်သာ လိုအပ်သော ဓားပျံများကိုသာ အဓိက အသုံးပြုကြသည်။

နှိုင်းယှဉ်ကြည့်လျှင် လော့ချန်သည် သူ၏ နက်ရှိုင်းသော ဝိညာဉ်နှင့် များပြားလှသော ချီစွမ်းအင် ပမာဏတို့ကြောင့် မှော်ရတနာ အများအပြားကို အလွယ်တကူ အလှည့်ကျ အသုံးပြုနိုင်လေရာ ဤသည်မှာ အလွန် ရှားပါးလှသော စွမ်းရည်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် သူ၌ ရှောင်ဟေး ရှိနေသော ဝိညာဉ်သန့်စင်အလံ ဆိုသည့် လျှို့ဝှက်လက်နက်လည်း ရှိသေးသည်။

“ဒီရွှေမီးဓားကို အပြည့်အဝ သွေးပြီးသွားရင် ဒါက လျှို့ဝှက်လက်နက် ဖြစ်လာမှာပဲ.... ပြီးတော့ မြေကမ္ဘာတံဆိပ်တော်က သာမန် တိုက်ပွဲတွေမှာ နောက်ဆုံး အဆုံးသတ် တိုက်ကွက်အဖြစ် သုံးဖို့ အကောင်းဆုံးပဲ.... နှမြောစရာ ကောင်းတာက ဝမ်ဟိုင်ချောင်ရဲ့ ထူးဆန်းတဲ့ ခံစစ် မှော်ရတနာက တိုက်ပွဲမှာ ပျက်စီးသွားတာပဲ....”

စစ်ဆေးမှုများ အပြီးတွင် လော့ချန်သည် သူနှင့် အသင့်တော်ဆုံး ပစ္စည်းများကိုသာ သိမ်းဆည်းထားလိုက်သည်။ ပျက်စီးနေသော သံမဏိဒိုင်းနှင့် ဝမ်ဟိုင်ချောင်၏ ထိပ်တန်းအဆင့် ဓားပျံကိုမူ သူ သိမ်းထားမည် မဟုတ်ဘဲ နောက်ပိုင်းတွင် လော့ထျန်းအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အပေါ် မူတည်ကာ ဆုလာဘ်အဖြစ် ခွဲဝေပေးမည် ဖြစ်သည်။ ထိုအရာများက လော့ထျန်းအဖွဲ့၏ အင်အားကို တစ်ဖက်တစ်လမ်းမှ ပိုမို တောင့်တင်းလာစေမည် ဖြစ်သည်။ ဤပစ္စည်းများမှာ ဝိညာဉ်ကျောက်တုံး သောင်းချီ တန်ဖိုးရှိသဖြင့် သာမန်အားဖြင့် ကြည့်လျှင် ကြီးမားလှသော ပိုင်ဆိုင်မှု ဖြစ်သည်။ သို့သော် ဒုတိယအဆင့် ဆေးဖော်ဆရာ ဖြစ်သော လော့ချန်အတွက်မူ ဘာမှ မဟုတ်ပေ။

မဖွင့်ရသေးသော သိုလှောင်အိတ်များထဲမှ ဝိညာဉ်ကျောက်တုံးများနှင့် လော့ထျန်းအဖွဲ့၏ စာရင်းတွင် သူ အချိန်မရွေး ထုတ်ယူနိုင်သော ဝိညာဉ်ကျောက်တုံး သောင်းချီကို ထည့်မတွက်လျှင်ပင် သူ၏ ကိုယ်ပိုင် စုဆောင်းမှုမှာ ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ကျော်လွန်နေပြီ ဖြစ်သည်။ ထို့အပြင် သူ၏ သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ခန့် တန်ဖိုးရှိသော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများလည်း ရောင်းချရန် အသင့် ရှိနေသေးသည်။

“အဟက်.... လောလောဆယ်တော့ အပေါဆုံးက ငွေဖြစ်နေပြီ.... ငါ အခု လိုနေတာက အေးအေးဆေးဆေး ကျင့်ကြံဖို့ နေရာနဲ့ အချိန်ပဲ”

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက် ချရင်း ပစ္စည်းများကို သိမ်းဆည်းလိုက်ကာ စိတ်ဝိညာဉ်အာရုံဖြင့် အသံလှိုင်းတစ်ခု ပေးပို့လိုက်တော့သည်။

All Chapters