← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 33 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 33 Ch. 323-324

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၃) - တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

ဤတိုက်ပွဲကြီးအပြီးတွင် တစ်ချိန်က ကျင့်ကြံသူ သုံးရာကျော်ဖြင့် ဝင့်ကြွားခဲ့သော လော့ထျန်းအဖွဲ့သည် လူအင်အား တစ်ရာကျော်ခန့်သာ ကျန်ရှိတော့သည်။ လူပေါင်း တစ်ထောင်ကျော် တင်ဆောင်နိုင်သော ကောင်းကင်သိန်းငှက် လှေပျံကြီးအတွက်မူ ထိုလူဦးရေမှာ စာဖွဲ့လောက်စရာ မဟုတ်ပေ။

လီမျိုးနွယ်စုမှ လူသားများကို လှေပေါ်တက်ခွင့် ပေးထားသော်လည်း အများစုမှာ ကုန်းပတ်ပေါ်နှင့် အခန်းကျယ်အချို့တွင်သာ စုပြုံနေကြရသည်။ ရလဒ်အနေဖြင့် လှေပျံကြီးမှာ အခန်းငယ်အများအပြား အသုံးမပြုဘဲ ကျန်ရှိနေသဖြင့် အတော်လေး ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။

လှေဦးပိုင်းတွင် အခန်းငယ်တစ်ခန်းကို သီးသန့် ခွဲထုတ်ထားပြီး ၎င်း၏ ဘေးပတ်ပတ်လည်ရှိ အခန်းများကိုလည်း တမင်သက်သက် အလွတ်ထားထားလေသည်။ ဤစီစဉ်မှုမှာ လီမျိုးနွယ်စုမှ လူသားများအတွက် နားမလည်နိုင်စရာ ဖြစ်နေပြီး "ဘာလို့ ဒီအခန်းတွေကို အလွတ်ထားပြီး ငါတို့ကိုကျ ကျဉ်းကျဉ်းကျပ်ကျပ် ထားရတာလဲ...." ဟု တိုးတိုးတိတ်တိတ် ဗျစ်တောက်ဗျစ်တောက် ပြောဆိုနေကြသည်။

လော့ထျန်းအဖွဲ့မှ ချီသန့်စင်အလယ်ပိုင်းနှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ထူးဆန်းနေကြသည်။ သို့သော် စီမာဟွေ့နန်၊ တွမ်ဖုန်းနှင့် အခြားသော ရာထူးကြီး အဖွဲ့ဝင်များအတွက်မူ ရှင်းလင်းလှသည်။ အမှန်စင်စစ် ဤသည်မှာ စီမာဟွေ့နန်ကိုယ်တိုင် ညွှန်ကြားထားသည့် အစီအစဉ် ဖြစ်သည်။

အကြောင်းမှာ ရိုးရိုးလေးပင်။ ထိုအခန်းထဲတွင် ရှိနေသူမှာ မင်လုံယွီ ဖြစ်နေသောကြောင့်ပင်။ သူသည် အလွန်ပင် ထိရှလွယ်ပြီး ရှုပ်ထွေးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် စီမာဟွေ့နန်ပင်လျှင် သူ့အား သတိထား ဆက်ဆံနေရသည်။ သူ့အား မည်သို့ စီမံမည်ဆိုသည်မှာ လော့ချန်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်။

….

အခန်းအတွင်း၌ မင်လုံယွီသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ရင်း သူ၏ ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်နေသည်။ သူ ချီသန့်စင်အဆင့် ၉ တွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ တာဟဲစျေးမြို့တော်သို့ ရောက်ရှိလာပြီးကတည်းက သူသည် တိုက်ခိုက်ခြင်းထက် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည်။

လွန်ခဲ့သော သုံးနှစ်က လော့ချန်၏ အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းခြင်းနှင့် ပတ်သက်သော ဟောပြောချက်တစ်ခုမှ သူ အတွေးအမြင်သစ်များ ရရှိခဲ့သည်။ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် တစ်နှစ်အကြာတွင် သူ ချီသန့်စင်အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ နောက်ထပ် နှစ်နှစ် ကုန်လွန်ခဲ့လေပြန်ပြီ။ ယခု သူ၏ ကျင့်ကြံမှုမှာ အပြည့်အဝ တည်ငြိမ်နေပြီဖြစ်ပြီး ချီစွမ်းအင်များမှာလည်း ထူထပ်သော တိမ်တိုက်များအလား စုစည်းနေကာ အချိန်မရွေး အရည်အဖြစ် ပြောင်းလဲနိုင်တော့မည့် အခြေအနေတွင် ရှိနေသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အပြည့်အဝ အသင့်ဖြစ်နေလေပြီ။ သို့သော် ထိုနောက်ဆုံးခြေလှမ်းကို သူ မလှမ်းရဲသေးပေ။ သို့မဟုတ် လှမ်းရန် မဝံ့ရဲသေးဟု ဆိုရမည်။

ကျင့်ကြံခြင်းလောကတွင် ဆေးလုံးများကို အားမကိုးဘဲ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းနိုင်သူများ ရှိသည်မှာ အမှန်ပင်။ သို့သော် ထိုသို့သော အခြေအနေများမှာ အလွန်ရှားပါးလှပြီး ကောင်းကင်ဝိညာဉ်အမြစ်ရှိသူများ သို့မဟုတ် ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိသူများသာ ဖြစ်တတ်သည်။

မိမိကဲ့သို့သော လူမျိုးအတွက်မူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးမှာ အလွန်အကန့်အသတ်ရှိပြီး တန်ဖိုးရှိလှသည်။ ၎င်းကို သူ အလဟဿ အဖြစ်မခံနိုင်ပေ။ အသက်အရွယ်မှာလည်း သူ့အတွက် ကြီးမားသော ဖိအားတစ်ခု ဖြစ်နေသည်။ အကယ်၍ သူ ကျရှုံးသွားပြီး ပြန်လည် နာလန်ထူရန် နှစ်ပေါင်းများစွာ အချိန်ယူလိုက်ရလျှင် အသက် ၆၀ မတိုင်မီ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် အကောင်းဆုံး အချိန်ကို လွတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် အခြားသူများထက် ပို၍ အသင့်ဖြစ်နေသည်ဟု ခံစားရသော်လည်း မကြိုးစားရဲသေးခြင်း ဖြစ်သည်။ သူ၏ ယခု ကျင့်ကြံနေမှုမှာ မျှော်လင့်ချက်ကြောင့်ထက် အလေ့အကျင့် တစ်ခုကြောင့်သာ ဖြစ်နေတော့သည်။

ကျင့်စဉ်တစ်ပတ်လည်ပြီးသည့်တိုင် သိသာသော တိုးတက်မှုကို မခံစားရသဖြင့် သူ မျက်လုံးများကို ဖွင့်ကာ စိတ်ပျက်စွာ သက်ပြင်းချလိုက်မိသည်။ သူ၏ ဝမ်းနည်းဖွယ် အတိတ်ပုံရိပ်များကလည်း တစ်ဖန် ပြန်လည် ပေါ်လာပြန်သည်။ ယခုအခါ ထိုအတိတ်စာမျက်နှာအချို့ကို သူ ဖြတ်တောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ရှေ့တွင် ဘာရှိနေမည်နည်း။

“ဟူး.... ငါ့ဘဝကလဲလေ.... အတိတ်မှာလဲ ရုန်းကန်ရ၊ လက်ရှိမှာလဲ လမ်းပျောက်၊ အနာဂတ်ကလည်း မရေရာမှုတွေနဲ့ ပြည့်နေတာပဲ….”

“အခြေအနေတွေ ဒီလို ဖြစ်လာမှတော့ ငါ လူမှားပြီး မယုံကြည်မိဖို့ပဲ ဆုတောင်းရတော့မှာပဲ….”

သူသည် အစီအရင် ပညာရပ်များနှင့် ပတ်သက်သော စာအုပ်တစ်အုပ်ကို ထုတ်ယူကာ စိတ်နှစ်ပြီး လေ့လာနေလိုက်သည်။ ဤရှုပ်ထွေးလှသော ကျင့်ကြံခြင်းလောကတွင် အစီအရင် ပညာရပ်၏ နက်နဲလှသော လျှို့ဝှက်ချက်များကသာ သူ့ကို စိတ်အေးချမ်းမှု ပေးနိုင်သည်။

“အင်း.... ဒီ ဒုတိယအဆင့်အစီအရင် တစ်ခု ဖြစ်တဲ့ အာရုံငါးပါး ကျောက်တိုင် အစီအရင်ကို ငါ အောင်အောင်မြင်မြင် ခင်းကျင်းနိုင်ခဲ့ပေမဲ့ ငါ့ကိုယ်ငါ တကယ့် ဒုတိယအဆင့် အစီအရင်ဆရာတစ်ယောက်လို့ မခေါ်နိုင်သေးဘူးပဲ.... ကောင်းလင်လွင်ပြင်က မရေမတွက်နိုင်တဲ့ ကျောက်တိုင်တွေကို အခြေခံပြီး ခင်းကျင်းခဲ့တာက ဖြတ်လမ်းတစ်ခု သုံးခဲ့တာပဲ.... ဒါပေမဲ့ အမြင်သစ်တွေတော့ ရခဲ့သားပဲ.... ဒီအစီအရင်က မြေဓာတ် နိယာမပေါ်မှာ အခြေခံထားတာပဲ.... တကယ်လို့ အဲ့ဒီတုန်းကသာ ငါ....”

အတွေးထဲတွင် နစ်ဝင်နေစဉ်မှာပင် သူ၏ နားထဲသို့ အသံလှိုင်းတစ်ခု ရောက်ရှိလာသည်။

သူ လန့်ဖြန့်သွားကာ ကုတင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်ပြီး စာအုပ်ကို ပိတ်ကာ မဆိုင်းမတွပင် ပြင်ဆင်တော့သည်။ ဦးစွာ မှော်ဝတ်ရုံနှင့် ခေါင်းဆောင်းကို သေသပ်အောင် ပြန်ပြင်လိုက်ပြီး သန့်စင်ခြင်းမှော်အတတ်ကို အသုံးပြုကာ သူ့ကိုယ်သူ သန့်ရှင်းလိုက်သည်။ ထို့နောက် အသက် ဝဝရှူကာ အခန်းထဲမှ ထွက်လာခဲ့သည်။

မြန်မြန်မဟုတ်၊ နှေးနှေးမဟုတ်သော ခြေလှမ်းများဖြင့် သူ လျှောက်လာစဉ် လော့ထျန်းအဖွဲ့ဝင် အချို့နှင့် လမ်းတွင် ဆုံလေသည်။ ထိုသူတို့၏ အထင်အမြင်သေးသော၊ မုန်းတီးသော အကြည့်များကို ရင်ဆိုင်ရသော်လည်း မင်လုံယွီ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။

‘ဒါတွေအားလုံးက မသေမျိုးလမ်းစဉ် အတွက်ပဲ’

နောက်ဆုံးတွင် လူပေါင်းများစွာ၏ ထူးဆန်းသော အကြည့်များအောက်မှ ဖြတ်ကျော်ကာ လှေပျံ၏ အလယ်ဗဟိုရှိ အခန်းသို့ ရောက်ရှိလာသည်။ သူ လက်နှစ်ဖက်ကို ယှက်ကာ အလေးအမြတ် ဦးညွှတ်လိုက်သည်။

“ဂါရဝပြုပါတယ်.... အကြီးအကဲ တန်ချန်ဇီ”

သူ၏ စကားလုံးများတွင် အမြင့်မြတ်ဆုံးသော ရိုသေမှုများ ပါဝင်နေသည်။ အထဲမှ “ဝင်ခဲ့ပါ” ဟူသော အသံကို ကြားရပြီးမှသာ သူ တံခါးကို တွန်းဖွင့်ရန် ဝံ့ရဲတော့သည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။ နက်ရှိုင်းပြီး ထိုးဖောက်မြင်နိုင်သော မျက်ဝန်းတစ်စုံမှာ ကောင်းကင်ယံမှ ငုံ့ကြည့်နေသကဲ့သို့ သူ့အား အပြင်ရော အတွင်းပါ ဖောက်ထွင်းကြည့်နေသည်ဟု ခံစားရသည်။ သူ၏ ဝိညာဉ်ပင်လျှင် ထိန်းမရအောင် တုန်ရင်နေပြီး အထက်တွင် ထိုင်နေသော ထိုလူ၏ ရှေ့တွင် ဝပ်တွား ရှိခိုးချင်စိတ်များ ပေါ်လာတော့သည်။ သူ အံကြိတ်ကာ အားတင်းပြီး ခေါင်းကို မော့လိုက်ကာ အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။

“ဟင်”

လော့ချန် အံ့သြသွားမိသည်။ သူသည် ဤတွေ့ဆုံမှုအတွက် ပြင်ဆင်မှုအချို့ ပြုလုပ်ထားသည်။ သူ၏ အစွမ်းအကုန် မထုတ်သုံးလျှင်ပင် အထွတ်အထိပ်အဆင့် နတ်မျက်စိမှော်အတတ်နှင့် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်တို့ဖြင့်ဆိုလျှင် မည်သည့် ချီသန့်စင်အဆင့် ကျင့်ကြံသူကိုမဆို တုန်လှုပ်ခြောက်ခြားသွားအောင် လွယ်လွယ်ကူကူ ဖိနှိပ်နိုင်သည်။ အကယ်၍ စိတ်ဓာတ် အနည်းငယ် ပျော့ညံ့သူ ဖြစ်ပါက ထိုနေရာတွင်ပင် လဲကျသွားပေလိမ့်မည်။ သို့သော် မထင်မှတ်ဘဲ ဤမင်လုံယွီမှာ သူ၏ ဝိညာဉ်ဖိအားကို တောင့်ခံနိုင်နေသည်။ အနိုင်နိုင် တောင့်ခံနေရခြင်း ဖြစ်သော်လည်း သူ လုပ်နိုင်ခဲ့သည်။

‘မင်လုံယွီ.... သူ့ရဲ့ ဝိညာဉ်အခြေခံက အတော်လေး နက်ရှိုင်းတာပဲ.... ငါ အဲ့ဒီအဆင့်တုန်းကထက် သိပ်မနိမ့်ဘူးပဲ....’ ဟု ချီးကျူးမှုများ ပါဝင်နေသည့် အတွေးတစ်ချက်နှင့်အတူ လော့ချန် သူ၏ ဖိအားကို လျှော့ချလိုက်သည်။

ပြင်းထန်လှသော မုန်တိုင်းကြီး ရုတ်တရက် ငြိမ်သက်သွားပြီး ကောင်းကင်ယံကြီး ပြန်လည် ကြည်လင်သွားသကဲ့သို့ပင်။

မင်လုံယွီသည် အသက်ရှူကျပ်စေသော ဖိအားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ယခုမှပင် သူ အသက်ဝဝရှူနိုင်တော့သည်။

ဟူး....

ရှေ့မှ အမျိုးသား၏ အရှိန်အဝါမှာ ဝမ်ဟိုင်ချောင်၊ ကျိုးချင်းတို့ထက် များစွာ ပိုမို အားကောင်းလှလေရာ သူ အလွန်ပင် သတိထားရပေမည်။ စကားအမှား သို့မဟုတ် အပြုအမူမျိုး လုံးဝ အဖြစ်မခံနိုင်ပေ။ မင်လုံယွီသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက် လော့ချန်၏ ရှေ့တွင် ရိုသေစွာ နေရာယူလိုက်သည်။

ထို့နောက် တိတ်ဆိတ်ခြင်းက အခန်းထဲတွင် ဖုံးလွှမ်းသွားသည်။

အထက်တွင် ထိုင်နေသူက ဘာမှ မပြောသလို၊ အောက်တွင် ရပ်နေသူကလည်း စကားစရန် မဝံ့ရဲပေ။

အတန်ကြာပြီးမှ အေးဆေး တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်း ဘယ်ကလာပြီး ဘယ်ကို သွားမှာလဲ”

မင်လုံယွီက အသက် ပြင်းပြင်းရှူကာ ပြန်ဖြေသည်။

“ထျန်းလန်ကနေ လာပါတယ်၊ မသေမျိုးလမ်းစဉ်ဆီ သွားမှာပါ ခင်ဗျာ”

လော့ချန်သည် ထိုစကားလုံးများကို မြိန်ယှက်စွာ ခံစားလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် ကွေးညွတ်သွားသည်။ မင်လုံယွီ၏ စိတ်ရင်းအမှန်မှာ စကား၏ ဒုတိယပိုင်းတွင် ပါဝင်နေသည်။

ယခုအခါ စကားဝိုင်း စတင်နိုင်ပြီ ဖြစ်ရာ လော့ချန် သူ အသိချင်ဆုံး မေးခွန်းကို ချက်ချင်း မေးလိုက်သည်။

“မင်း ဘာလို့ တာကျန်းဂိုဏ်းကို သစ္စာဖောက်ပြီး ငါ့ရဲ့ လော့ထျန်းအဖွဲ့ကို ကူညီခဲ့တာလဲ”

မင်လုံယွီက ပြန်ဖြေသည်။

“ကျွန်တော်က တာကျန်းဂိုဏ်းသား မဟုတ်ခဲ့ဖူးပါဘူး.... ဒါကြောင့် သစ္စာဖောက်တယ်ဆိုတာ မရှိပါဘူးဗျာ.... ပြီးတော့ ကျွန်တော်က လော့ထျန်းအဖွဲ့ကို ကူညီခဲ့တာ မဟုတ်ပါဘူး.... အကြီးအကဲ တန်ချန်ဇီကို ကူညီခဲ့တာပါ”

သူ စကားစ ရပ်လိုက်သော်လည်း လော့ချန်က သူ့အား စကားအကွန့်များဖြင့် လှည့်စားနေသည်ဟု ထင်သွားမည်စိုးသဖြင့် အလျင်အမြန် ဆက်ပြောသည်။

“အကြီးအကဲ တန်ချန်ဇီရယ်.... ကျွန်တော်က အခြေအမြစ် မရှိတဲ့ကောင် မဟုတ်ပါဘူး.... ကျွန်တော်က ပျက်စီးသွားပြီဖြစ်တဲ့ ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ မင်မျိုးနွယ်စုက လာတာပါ.... ကျွန်တော့်မျိုးဆက် ရောက်တဲ့အခါ လူသား အနည်းငယ်ကလွဲလို့ ကျင့်ကြံသူဆိုလို့ ကျွန်တော် တစ်ယောက်တည်းပဲ ကျန်တော့တယ်ဗျာ.... ကျွန်တော့်မှာ မျိုးနွယ်စုကို ပြန်လည် ထူထောင်နိုင်စွမ်း မရှိပေမဲ့ မသေမျိုးလမ်းစဉ်ကို စွန့်လွှတ်ဖို့လည်း အဆင်မပြေတာကြောင့် အဆက်အသွယ်တချို့ သုံးပြီး လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်က အကြီးအကဲ ကျိုးချင်းရဲ့ နောက်ကို လိုက်ခဲ့တာပါ.... စီးပွားရေး ကိစ္စတွေကြောင့် အကြီးအကဲကျိုးက ကျွန်တော့်ကို တာဟဲစျေးမြို့တော်ဆီ ခေါ်လာခဲ့တာ ဖြစ်ပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော် အဆုံးအဖြတ်စင်မြင့်ပေါ်မှာ တစ်ခါ တိုက်ပေးဖူးပါတယ်…."

လော့ချန် ခေါင်းညိတ်လိုက်သည်။ မင်လုံယွီကို သူ ပထမဆုံး မြင်တွေ့ခဲ့ရသည်မှာ ဖိုရှန်းဂိုဏ်းမှ နှလုံးစားကျား ဟန်တန်နှင့် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် တိုက်ခိုက်စဉ်က ဖြစ်သည်။ ထိုစဉ်က ဟန်တန်သည် ဖိုရှန်းဂိုဏ်း၏ ကျင့်ကြံသူများထဲတွင် နေရာတစ်နေရာ ရထားသူ ဖြစ်ခဲ့သည်။ ဟန်တန်သည် ချီသန့်စင် အထွတ်အထိပ်အဆင့် ရောက်နေပြီ ဖြစ်သော်လည်း မင်လုံယွီ၏ ထူးဆန်းသော အစီအရင်များကြောင့် အသေဆိုးဖြင့် သေခဲ့ရသည်။ ယခု နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လော့ချန် ထိုမြင်ကွင်းကို ကောင်းကောင်း မှတ်မိနေသေးသည်။

“နောက်ပိုင်းမှာ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီး နှစ်ခု အချင်းချင်း ပြဿနာဖြစ်ကြတော့ လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်လည်း အဲ့ဒီပဋိပက္ခထဲ ပါသွားခဲ့တယ်.... အကြီးအကဲကျိုးက ထျန်းလန် နတ်ဘုရားမြို့တော်ကို အမြန် ပြန်သွားခဲ့ပြီး ကျွန်တော့်ကို ဘာလုပ်ချင်လဲလို့ မေးခဲ့တယ်.... ကျွန်တော်ကတော့ တာဟဲစျေးမြို့တော်မှာပဲ နေရစ်ဖို့ ရွေးချယ်ခဲ့ပါတယ်"

ဤသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။ သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူ တစ်ဦးအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လှသော ထျန်းလန် နတ်ဘုရားမြို့တော်တွင် ရုန်းကန်ရသည်ထက် တာဟဲစျေးမြို့တော်တွင် ကံစမ်းရသည်မှာ ပို၍ ကောင်းမွန်သည်။ အရင်းအမြစ်များ ပေါများလှသဖြင့် အနာဂတ်အတွက် အခွင့်အရေးကောင်းများပင် ရရှိနိုင်သည်။

လော့ချန် သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။

“ဒါဆို မင်းက ဘာလို့ ဝမ်ဟိုင်ချောင်ဆီမှာ ခိုလှုံခဲ့တာလဲ”

“အကြီးအကဲ တန်ချန်ဇီရာ.... သူ…. သူ ကျွန်တော့်ကို အခြေတည်ဆေးလုံး တစ်လုံး ဝယ်ပေးမယ်လို့ ကတိပေးခဲ့လို့ပေါ့ဗျာ”

ထိုအကြောင်းကို စဉ်းစားလိုက်မိသောအခါ မင်လုံယွီ၏ မျက်နှာထက်ဝယ် ဒေါသများ အရိပ်ထင်သွားသည်။

“ပြီးတော့ ကျွန်တော်က သူ့လက်အောက်မှာ အလုပ်လုပ်ခဲ့တာ မဟုတ်ပါဘူး.... သူ့နဲ့ ပူးပေါင်းခဲ့တာပါ.... ကျွန်တော်က သူ့ကို အစီအရင်တွေနဲ့ ကူညီမယ်၊ သူက ကျွန်တော့်အတွက် အခြေတည်ဆေးလုံး ရှာဝယ်ပေးမယ်ပေါ့.... ဒါပေမဲ့ တကယ်တော့ အဲ့အဘိုးကြီးက အာချောင်ခဲ့တာဗျ.... အခွင့်အရေး မျက်စိရှေ့ ရှိတာတောင် သူ ကျွန်တော့်အတွက် တကယ် ကြိုးစားပေးတာမျိုး တစ်ခါမှ မရှိခဲ့ဘူး...."

လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့ ငါ မှတ်မိသလောက်ဆိုရင် ကောင်းလင်လွင်ပြင် တိုက်ပွဲတုန်းက သူက လူသိရှင်ကြား ကြေညာခဲ့တာပဲ၊ မင်းသာ ငါတို့ဘက်က ကျင့်ကြံသူတွေကို သတ်ပေးရင် ဟော်ဟူက မင်းကို အခြေတည်ဆေးလုံး ဆုချမယ်ဆိုပြီးတော့လေ”

မင်လုံယွီ ခါးသီးစွာ လှောင်ရယ်လိုက်သည်။

“အဲ့လို စကားမျိုးကို ဘယ်သူက ယုံမှာလဲဗျာ.... ဟော်ဟူမှာ မီးလျှံမဟာမိတ်ဆီကနေ အခြေတည်ဆေးလုံး ရနိုင်တဲ့ နည်းလမ်းရှိတာ မှန်ပါတယ်.... ဒါပေမဲ့ သူက အဲ့ဒီမှာ ဘာရာထူး၊ ဘာဂုဏ်ပုဒ်မှ ရှိတာ မဟုတ်ဘူးဗျ.... အခြေတည်ဆေးလုံး တစ်လုံးကို လဲလှယ်နိုင်ဖို့ သူ အနည်းဆုံး ဆယ်နှစ်လောက် ကြိုးစားရဦးမှာ.... ကျွန်တော်က အခု အသက် ၅၆ နှစ် ရှိနေပြီ.... အဲ့ဒီကတိပေးထားတဲ့ ဆုလာဘ်ကို မြင်ရဖို့ ကျွန်တော် အသက်ရှင်နေဦးမလားတောင် မသိဘူး"

လော့ချန် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အကောင်းဆုံး အသက်အရွယ်မှာ ၆၀ မတိုင်မီ ဖြစ်သည်။ ၆၀ ကျော်သွားပါက သွေးချီများ စတင် လျော့နည်းလာပြီး တက်ကြွသော ချီစွမ်းအားများလည်း တဖြည်းဖြည်း ဆုံးရှုံးလာတတ်သည်။ ထိုအချိန်တွင် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ရန် အခွင့်အရေးမှာ အလွန်ပင် နည်းပါးသွားတော့သည်။ ကံကောင်းထောက်မစွာ အောင်မြင်ခဲ့လျှင်ပင် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် အချိန်အလွန် နည်းပါးသွားမည် ဖြစ်သည်။

မင်လုံယွီ၏ မျက်နှာထက်ဝယ် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ သူ အံကြိတ်ကာ ဆက်ပြောသည်။

“ပြီးတော့ ဟော်မျိုးနွယ်စုက ထိပ်တန်း ကျင့်ကြံသူ မျိုးနွယ်စုတောင် မဟုတ်ဘူး၊ သူတို့ မျိုးနွယ်စုထဲမှာတင် အခြေတည်ဆေးလုံး လိုအပ်နေတဲ့ ကျင့်ကြံသူတွေ ဒုနဲ့ဒေးပဲ၊ ဟော်ဟူဆိုတာ လူယုတ်မာကောင်လေ၊ သူက ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို ပေးပါ့မလဲ၊ တကယ်လို့ သူ ဆေးလုံး ရလာခဲ့ရင်တောင် ကျွန်တော့်အလှည့် ဒီတစ်သက် ရောက်လာမှာ မဟုတ်ဘူး”

အမှန်ပင်။ ထိုကတိကို ပေးခဲ့သူမှာ ဝမ်ဟိုင်ချောင် ဖြစ်သဖြင့် ဟော်ဟူ တာဝန်ယူလိမ့်မည်မဟုတ်ပေ။ မင်လုံယွီသည် တစ်ချိန်က ရိုးအခဲ့ဖူးသဖြင့် ထိုကတိကို ယုံကြည်ခဲ့ဖူးသည်။ သို့သော် ယခုမူ သူ မရိုးအတော့ပေ။ တစ်ခါ အညာခံရဖူးသဖြင့် သူ အမှတ်သည်းခြေရှိသွားလေပြီ။

လော့ချန် သူ့အား နွေးထွေးစွာ ပြုံးပြလိုက်သည်။

"ဩော်.... ဒါကြောင့် မင်း ငါ့ဘက်ကို ပြောင်းလာတာပေါ့”

“ဒါနဲ့.... ကိစ္စတွေပြီးသွားရင် ငါ မင်းကို သတ်ပစ်မှာ ဒါမှမဟုတ် လှည့်စားမှာကို မင်းမကြောက်ဘူးလား"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၄) - အကြံဖြင့် ရောက်ရှိလာသော အဖွဲ့ဝင်သစ်တစ်ဦး

နူးညံ့ပျော့ပျောင်းသော ထိုစကားလုံးများနောက်၌ သေခြင်းတရား၏ အငွေ့အသက်များ ပုန်းကွယ်နေသည်။

မင်လုံယွီမှာ ခြေဖျားလက်ဖျားများပင် အေးစက်လာတော့သည်။ သူ လော့ချန်ကို စိုက်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

"ကျွန်တော် ထင်တာကတော့.... အကြီးအကဲက အဲ့လိုလုပ်ရက်မှာ မဟုတ်ဘူးလို့ပါ...."

"အို.... မင်းက ငါ့အကြောင်းကို တော်တော်လေး သိတယ်ပေါ့"

လော့ချန်က သူ့အား စိတ်ဝင်တစားရှိသော အမူအရာဖြင့် ကြည့်လိုက်သည်။

မင်လုံယွီ ခေါင်းငုံ့ကာ ပြန်ဖြေလေသည်၊

"လခြမ်းတောင်ကြား တိုက်ပွဲကတည်းက ကျွန်တော် အကြီးအကဲကို သတိထား ကြည့်နေခဲ့တာပါ.... အထူးသဖြင့် အကြီးအကဲက ဖိုရှန်းဂိုဏ်းကို ပြန်ဖွဲ့စည်းပြီး လော့ထျန်းအဖွဲ့ကို ကိုယ်တိုင် တည်ထောင်ခဲ့တာတွေကိုပေါ့....”

“အကြီးအကဲက မီလီ အပေါ်မှာ ကြင်နာခဲ့တယ်၊ ထျန်းရှန်းမျှော်စင်ကနေ နှင်ထုတ်ခံရတဲ့ အမျိုးသမီး ကျင့်ကြံသူတွေကိုလည်း လက်ခံစောင့်ရှောက်ပေးခဲ့တယ်၊ ဝမ်ယွမ်က ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမဲ့ အကြီးအကဲက သူ့ကို အခြေခံတည်ဆောက်ခြင်း အဆင့်အတန်းနဲ့ညီတဲ့ ထောက်ပံ့မှုတွေ ပေးခဲ့တယ်၊ တွမ်ဖုန်းမှာ တွမ်မျိုးနွယ်စုနဲ့ ရန်ငြိုးရှိတော့လည်း အကြီးအကဲက သူ့ကိုယ်စား ရင်ဆိုင်ပေးခဲ့တယ်၊ ကျိုးယွမ်လီနဲ့ လျိုချန်းတို့လို သာမန်လူတွေကိုလည်း အရေးပါတဲ့ နေရာတွေမှာ ခန့်ထားခဲ့တယ်၊ စီမာမောင်နှမတွေကိုလည်း ကျွန်တော် သိပ်သိပါတယ်၊ သူတို့က နယ်လှည့်ကုန်သည်တွေ ဖြစ်ပေမဲ့ တစ်ယောက်က လော့ထျန်းအဖွဲ့မှာ အခု ရာထူးကြီးကြီး ရထားပြီ…."

မင်လုံယွီ အသက် ပြင်းပြင်းရှူလိုက်ရာ အခန်းထဲတွင် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ အတန်ကြာမှ သူ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။ သူ၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး ထိုအစား ပြတ်သားမှုများ အစားထိုးဝင်ရောက်လာသည်။ သူ လော့ချန်ကို တည့်တည့်စိုက်ကြည့်ရင်း ဆက်ပြောသည်။

"ကျွန်တော် မင်လုံယွီ ဆိုတဲ့ကောင်က.... အရင်က လူအကဲခတ် မှားခဲ့တာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ အမှားတစ်ခုကိုတော့ ထပ်ခါတလဲလဲ မလုပ်တော့ပါဘူး၊ အကြီးအကဲလို မိတ်ဆွေအပေါ် ရက်ရောပြီး ရန်သူအပေါ် ရက်စက်တဲ့သူ၊ ပါရမီရှင်တွေကိုဆိုရင် ဇာစ်မြစ်နဲ့ အဆင့်အတန်း မခွဲခြားဘဲ အလေးထားတတ်တဲ့သူ....ပြီးတော့...."

လော့ချန်၏ မျက်ခုံးများ တွန့်သွားသည်။

‘ဟ.... ဒီလူ တရစပ်ကို လွှတ်နေတော့တာပဲ.... သူများကြားရင် ငါ့ကို နတ်ဘုရားတစ်ပါး ထင်နေရော့မယ်.... စကားပြောစွမ်းရည်ကတော့ ငါ့လောက်နီးနီးပဲ....’

"နောက်တစ်ချက်ကတော့ အကြီးအကဲတန်ချန်ဇီဟာ ပညာရှိပြီး မြင့်မြတ်တဲ့ ခေါင်းဆောင်တစ်ဦးဆိုတာ ဘယ်သူ့မေးမေး သိပါတယ်.... မီရှုဟွာတို့၊ ဝမ်ဟိုင်ချောင်တို့လား.... တော်စမ်းပါဗျာ.... အဲ့လူတွေက အကြီးအကဲရဲ့ ခြေဖျားတောင်မီတဲ့ လူတွေမဟုတ်ပါဘူး.... အကြီးအကဲကမမှ တကယ့်...."

မြှောက်ပင့်စကားကို မည်သူက မကြိုက်ဘဲ နေမည်နည်း။ လော့ချန်မှာ စိတ်ထဲတွင် ကျေနပ်ပီတိဖြာနေသော်လည်း အမူအရာကိုမူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"စကားလုံးတွေနဲ့ ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး...."

မင်လုံယွီတစ်ယောက် အတည်ပေါက်ကြီး ဆက်ပြောနေပြန်သည်။

"အကြီးအကဲ မှတ်မိသေးလား.... အကြီးအကဲရဲ့ အခြေခံတည်ဆောက်ခြင်း အဆင့်တက် ဂုဏ်ပြုပွဲတုန်းကလေ.... အရမ်းခန့်တာပဲဗျာ.... ဘာကိုမှ ဆရာစားမချန်ဘဲ အသိအမြင်တွေကို ဝေမျှပေးခဲ့တယ်.... အင်း.... အဲ့ဒါက အကြီးအကဲဟာ တစ်ဖို့တည်းသမား မဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ.... ပြီးတော့....”

“အခု ကိုယ်တိုင်က အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်နေပြီ ဆိုပေမဲ့ ဟော်မျိုးနွယ်စု လေလံပွဲမှာ အခြေတည်ဆေးလုံးကိုပါ ရအောင် ဝင်လုပေးခဲ့သေးတယ်၊ အဲ့ဒီဆေးလုံးက ဘယ်သူ့အတွက်လဲဆိုတာ အသိသာကြီးပါဗျာ…."

ဤနေရာအရောက် မင်လုံယွီ ခေတ္တစကားစရပ်ကာ ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။

"အကြီးအကဲ ကျွန်တော် အဲ့ဒီ အခြေတည်ဆေးလုံး လိုချင်တယ်ဗျာ…. ကျွန်တော် ဒီရောက်လာတာကလည်း အဲ့ဒါကြောင့်ပါ"

လော့ချန်၏ အပြုံးများ ပျောက်ကွယ်သွားသည်။ သူသည် အဝတ်အစား သေသေသပ်သပ်နှင့် မတ်မတ်ရပ်နေသော မင်လုံယွီကို အေးဆေးစွာ စိုက်ကြည့်လိုက်ရင်း စဉ်းစားလိုက်သည်။

‘အင်း.... အခုမှ တကယ့် ဆိုလိုရင်းကို ရောက်တာပဲ.... ကောင်းပြီ၊ မင်းမှာ ဘာရှိလဲ ကြည့်ရသေးတာပေါ့’

"အင်း.... လခြမ်းတောင်ကြား တိုက်ပွဲတုန်းက မင်း ငါတို့ရဲ့ မြေစောင့်အစီအရင်ကို ဖျက်ဆီးတယ်၊ တခြားသူတွေကို ဦးဆောင်ပြီး ငါ့တို့ကို ချောင်ပိတ်ခဲ့တယ်၊ ကောင်းလင်လွင်ပြင်မှာတော့ မင်း ငါ့ကို ကူညီခဲ့ပေမဲ့ အဲ့ဒါက တိုက်ပွဲအလယ်မှာ ဝမ်ဟိုင်ချောင်ကို သစ္စာဖောက်ခဲ့တာပဲ၊ ငါ့နေရာကနေ ကြည့်ရင် မင်းလို လူမျိုးကို ငါ လက်ခံသင့်တယ်လို့ ထင်လား…. ပြောပါဦး…."

ထို့နောက် လော့ချန် ဆက်ပြောလိုက်သည်။

"လူပုံအလယ်မှာ မင်းကို ငါ အသက်ချမ်းသာပေးခဲ့တာဟာ မင်းရဲ့ နောင်တရမှုကို ထောက်ထားပြီး ငါ သဘောထားကြီးပြခဲ့တာပဲ.... အဲ့ဒါကတင် တော်တော်လေး လုံလောက်နေပြီ.... ငါ့ကို စိတ်ပျော့တဲ့ လူအ တစ်ယောက်လို့တော့ မမှတ်လိုက်နဲ့နော်"

မင်လုံယွီသည် တစ်ချိန်က လော့ချန်၏ ရန်သူ ဖြစ်ခဲ့ဖူးရုံသာမက သစ္စာဖောက်သည့် သမိုင်းကြောင်းလည်း ရှိနေသည်။ ထိုသို့သောသူကို မည်သူက လက်ခံရဲမည်နည်း။ မင်လုံယွီ ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာပေ။ သူ ခဏမျှ ဆွံ့အသွားပြီး သူ၏ မျက်လုံးများတွင် မရေရာမှုများနှင့် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

ဒေါင်....

ကျောက်စိမ်းပြား တစ်ခု သူ၏ ခြေရင်းသို့ ကျလာသည်။

လော့ချန် အေးစက်စွာ ပြောလိုက်သည်။

"အဲ့မှာ…. သစ္စာဆိုစမ်း…. မင်းရဲ့ ဘဝတစ်လျှောက်လုံး ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ မဟာတာအိုလမ်းစဉ်ကို တိုင်တည်ပြီး သစ္စာဆိုလိုက်.... ပြီးတော့ လော့ထျန်းအဖွဲ့ကိုလည်း ဘာအတ္တမှ မပါဘဲ အစီအရင် ပညာရပ်တွေနဲ့ အစွမ်းကုန် ကူညီပါ့မယ်ဆိုတာပါ ထည့်"

မင်လုံယွီသည် ကျောက်စိမ်းပြားကို တုံ့ဆိုင်းစွာ ကောက်ယူလိုက်ရင်း ပို၍ ဇဝေဇဝါ ဖြစ်သွားသည်။ အကယ်၍ သာမန် သစ္စာဆိုမှုတစ်ခုဆိုလျှင် သူ နားလည်နိုင်သည်။ သို့သော် အဘယ်ကြောင့် ကျောက်စိမ်းပြားကို ကြားခံအဖြစ် သုံးရသနည်း။

သူ့၏ တုံ့ဆိုင်းမှုကို မြင်သောအခါ လော့ချန် တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း အသက် ၆၀ မပြည့်ခင်မှာ မင်းအတွက် အခြေတည်အဆင့် ဆေးတစ်မျိုး ရအောင် ရှာပေးပါ့မယ်လို့ ငါလည်း သစ္စာဆိုမယ်၊ လေလံပွဲမှာ ငါဝယ်ခဲ့တဲ့ ဆေးလုံးကိုတော့ မင်း စိတ်မကူးနဲ့ဦး…. ကြာလား"

မင်လုံယွီမှာ ဆွံ့အသွားပြီး စဉ်းစားလိုက်သည်။

‘အဲ့ဒီ အခြေတည်ဆေးလုံးက ငါ့အတွက် မဟုတ်ပြန်ဘူးပေါ့၊ နေပါဦး.... နောက်ထပ် ဆေး ရှာပေးမယ်လို့ ကတိပေးတာလား၊ ပြီးတော့ ကိုယ်တိုင်တောင် သစ္စာဆိုမယ်တဲ့လား’

မင်လုံယွီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် တွန့်ဆုတ်မနေတော့ဘဲ ထိုနေရာတွင်ပင် မဟာတာအိုလမ်းစဉ်ကြီးကို တိုင်တည်ကာ သစ္စာဆိုလိုက်တော့သည်။

လော့ချန်သည်လည်း ဆေးရအောင် ရှာပေးမည်ဟု သစ္စာဆိုလိုက်သည်။

သစ္စာဆိုမှုများ ပြီးဆုံးသွားသည်နှင့် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းပြားထဲသို့ ပေါင်းစပ်သွားသည်။ ထို့နောက် လော့ချန်က လက်ဟန်တံဆိပ်အချို့ကို ဖော်ဆောင်လိုက်ရာ ကျောက်စိမ်းပြားသည် အလင်းများကို စုပ်ယူလိုက်ပြီး ၎င်း၏ အရောင်မှာ ပို၍ နက်ရှိုင်းသွားတော့သည်။

လော့ချန် လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားကို သိုလှောင်အိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ ဤသည်မှာ ဝိညာဉ်သစ္စာတော်ပင် ဖြစ်သည်။ နှစ်ဦးနှစ်ဖက်လုံးကို ထိန်းချုပ်ထားပြီး စိတ်ဝိညာဉ်ချင်း ဆက်သွယ်ထားသည်။ သို့သော်လည်း ဤသစ္စာ၏ တကယ့် ဝန်ထုပ်ဝန်ပိုးမှာ မင်လုံယွီအပေါ်တွင်သာ ရှိသည်။ လော့ချန်ကမူ ကတိပေးထားသော ဆေးကို ပေးလိုက်သည်နှင့် ဤသစ္စာ၏ စည်းနှောင်မှုမှ လွတ်မြောက်မည်ဖြစ်သည်။

မင်လုံယွီသည် ထိုအချက်ကို ရိပ်မိပုံရသဖြင့် စိတ်မသက်မသာ ဖြစ်သွားသည်။ သူသည် တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုအောက် ရောက်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း ထိုခံစားချက်မှာ မကြာမီ ပျောက်ကွယ်သွားသည်။

‘ဟာ.... လျှောက်တွေးမနေနဲ့တော့…. လုပ်ပြီးသွားပြီပဲ.... အခု ငါ လုပ်နိုင်တာက အစွမ်းကုန် ကြိုးစားဖို့ပဲ....’

သူ ဝတ်ရုံကို ပြန်ပြင်လိုက်ပြီး နေရခက်စွာ မေးလိုက်သည်။

"ဒါဆို ကျွန်တော် အခု ဘာလုပ်ရမလဲဗျာ"

"မုရုံချင်းလျန်နဲ့ တွမ်ဖုန်းကို သွားရှာလိုက်ပါ…. မုရုံချင်းလျန်က မင်းကို အဖွဲ့ဝင်အဖြစ် အမည်စာရင်းသွင်းပေးလိမ့်မယ်…. တွမ်ဖုန်းကတော့ မင်းရဲ့ အစီအရင်အတတ်ပညာ အကူအညီ လိုနေတယ်"

လော့ချန်က ပြုံးလျက် ဆိုသည်။

"ဒီ ကောင်းကင်သိန်းငှက် လှေပျံကြီးက အပြင်ပန်းကြည့်ရင် ကောင်းနေပုံရပေမဲ့ အထဲက အစီအရင်တွေ အများကြီး ပျက်စီးနေတယ်.... ဒါက မင်းရဲ့ စွမ်းရည်ကို ပြသဖို့ အကောင်းဆုံး အချိန်ပဲ"

မင်လုံယွီ ယခုမှပင် စိတ်သက်သာရာရသွားတော့သည်။ လုပ်စရာ တစ်ခုခု ရှိနေသရွေ့ သူ အဆင်ပြေသည်။ ထိုနည်းဖြင့် သူသည် လော့ထျန်းအဖွဲ့ထဲသို့ အလျင်အမြန် ဝင်ဆံ့သွားနိုင်မည် ဖြစ်ပြီး အခြားသူများ၏ ထူးဆန်းသော အကြည့်များကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ.... ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦးဗျာ"

"အင်း.... သွားတော့"

တံခါးပွင့်သွားပြီး နေရောင်ခြည်များ အခန်းထဲသို့ ဖြာကျလာသည်။

သစ္စာဆိုမှုဖြင့် ချည်နှောင်ခံလိုက်ရသော်လည်း မင်လုံယွီသည် အခန်းထဲမှ ထွက်လာချိန်တွင် ဝင်လာစဉ်ကထက် ပို၍ ပေါ့ပါး လွတ်လပ်နေပုံရသည်။ သူ၏ ခြေလှမ်းများမှာ မြောက်ကြွနေပြီး ယခင်ထက် ပို၍ ယုံကြည်မှု ရှိနေပုံရသည်။

လော့ချန်သည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

ဤသည်မှာ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး၏ ကံကြမ္မာပင် ဖြစ်လိမ့်မည်။ အရာအားလုံးမှာ ကိုယ့်စိတ်တိုင်းကျ မဖြစ်သလို ကံကြမ္မာကို အနိုင်တိုက်ရန်မှာလည်း ခက်ခဲလှသည်။ သို့သော်လည်း သူသည် မင်လုံယွီအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုကို ပေးနိုင်ခဲ့သည်။

“အခြေခံတည်အဆင့်ရှိတဲ့ ဆေးလား.... ဟားဟား”

လော့ချန် ပြုံးလိုက်မိသည်။ ဤသည်မှာ သူ့အတွက် လုံးဝ မခက်ခဲပေ။ သူ၏ လက်ရှိ ကျင့်ကြံမှု၊ အင်အားနှင့် ကြွယ်ဝမှုတို့အရ လေလံပွဲတစ်ခုတွင် သူ စိတ်ဝင်စားကြောင်း အရိပ်အယောင်လေး ပြလိုက်ရုံဖြင့် အခြားသူများက ဖယ်ပေးကြလိမ့်မည်။ အကယ်၍ လေလံပွဲများမှ မရခဲ့လျှင်ပင် နတ်ဒေဝါပျားရည် တစ်သုတ် ကိုယ်တိုင် ဖော်စပ်ပြီး ကတိတည်အောင် လုပ်ပေးနိုင်သည်။ သို့သော် ထိုနည်းလမ်းကိုမူ မဖြစ်မနေ လိုအပ်မှသာ အသုံးပြုမည် ဖြစ်သည်။

လော့ချန်သည် ကျင့်ကြံခြင်းလောက၏ လုပ်ထုံးလုပ်နည်းများကို ကောင်းကောင်း နားလည်ထားသည်။ လေလံပွဲများတွင် ရောင်းချသော အခြေတည်ဆေးလုံးများမှာ ဂိုဏ်းကြီးများက တစ်ကိုယ်တော် ကျင့်ကြံသူများကို ကူညီရန် ထုတ်ပေးခြင်း မဟုတ်ဘဲ အောက်ခြေလူတန်းစားများကို ထိန်းချုပ်ရန်နှင့် လှည့်စားရန် အသုံးချသော လက်နက်များသာ ဖြစ်သည်။ ဤမျှော်လင့်ချက်လေး ရှိနေရုံဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ဂိုဏ်းကြီးများကို ပုန်ကန်ရန် အခွင့်အရေး နည်းပါးသွားသည်။

သို့သော် လော့ချန်တွင်မူ အခြေတည်ဆေးလုံးထက်ပင် ပို၍ စွမ်းဆောင်ရည် မြင့်မားသော အဆင့်တက်ခြင်းဆိုင်ရာ ဆေးများကို ဖော်စပ်နိုင်စွမ်း ရှိသည်။ အကယ်၍ ထိုလျှို့ဝှက်ချက်သာ ပေါက်ကြားသွားပါက သာမန် ကျောက်စိမ်းအမြုတေ ဆေးလုံးများကြောင့် ဖြစ်ပေါ်ခဲ့သော ရိုက်ခတ်မှုထက် အဆပေါင်းများစွာ ပိုမို ဆိုးရွားသော ဂယက်များ ဖြစ်လာပေလိမ့်မည်။

သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။

....

"အဖွဲ့ချုပ်ခေါင်းဆောင်က ရှင့်ကို ဘာရာထူး ပေးလိုက်လဲ"

မုရုံချင်းလျန်က မေးလိုက်သည်။

"ဘာမှ မပေးပါဘူး"

မင်လုံယွီက အေးဆေးစွာ ပြန်ဖြေသည်။

"လစာအတွက်ရော တစ်ခုခု ပြောသလား"

"မပြောပါဘူး"

"ဇာတိက ဘယ်မှာလဲ.... လက်ရှိ ကျင့်ကြံမှု အဆင့်ကရော"

"ကျွန်တော်က ထျန်းလန် နတ်ဘုရားမြို့တော်ကပါ.... လက်ရှိ ကျင့်ကြံမှုက ချီသန့်စင် အထွတ်အထိပ်ပါ"

မုရုံချင်းလျန် ခေတ္တရပ်သွားပြီး သူမရှေ့မှ အမျိုးသားကို မော့ကြည့်လိုက်သည်။ ဤအချိန် ရောက်လာလိမ့်မည်ဟု သူမ သိထားသော်လည်း မင်လုံယွီတစ်ယောက် လော့ထျန်းအဖွဲ့ထဲသို့ တကယ်ကြီး ဝင်လာသည်ကို သူမ မယုံနိုင်သေးပေ။ ဤလူသည် အမြဲ မိမိတို့နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့သူ ဖြစ်သည်။ ဖိုရှန်းဂိုဏ်း ရှိစဉ်က ဟန်တန်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို လခြမ်းတောင်ကြား တိုက်ပွဲတွင်လဲ မိမိတို့၏ အစီအရင်ကို ဖျက်ဆီးခဲ့သေးသည်။

နှစ်အနည်းငယ်အတွင်းမှာပင် အခြေအနေများကား ပြောင်းလဲသွားခဲ့လေပြီ။

ယခုမူ တစ်ချိန်က ရန်သူဖြစ်ခဲ့သူသည် သူမရှေ့တွင် ရပ်ကာ သူကိုယ်တိုင် ဆန့်ကျင်ခဲ့သော အဖွဲ့အစည်းသို့ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းနေသည်။ သူမကို ပို၍ အံ့သြစေသည့် အချက်မှာ သူသည် အဖွဲ့ချုပ်ခေါင်းဆောင်နှင့် တိုက်ခိုက်ရေးခန်းမ ခေါင်းဆောင်တို့ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်သော်လည်း မည်သည့် ရာထူးနှင့် လစာမှ မရှိခြင်းပင်။ လော့ထျန်းအဖွဲ့ထဲသို့ အခြား ရည်မှန်းချက်တစ်ခုဖြင့် ဝင်လာခဲ့ခြင်း ဖြစ်သည်မှာ ရှင်းလင်းလှသည်။

မုရုံချင်းလျန်သည် စိတ်ထဲမှ အံ့သြမှုများကို ထိန်းချုပ်ကာ မင်လုံယွီ၏ အချက်အလက်များကို မှတ်တမ်းထဲတွင် ဂရုတစိုက် ရေးသွင်းလိုက်သည်။

အမည် - မင်လုံယွီ

အဆင့် - ချီသန့်စင် အထွတ်အထိပ်အဆင့်

အသက် - ၅၆ နှစ်

ဝိညာဉ်အမြစ် - ရွှေ၊ မီး၊ မြေ (ဝိညာဉ်အမြစ် သုံးမျိုးစုံ ခန္ဓာကိုယ်)

ကျွမ်းကျင်မှု - အစီအရင် ပညာရပ်များ

ရာထူး - သာမန် အဖွဲ့ဝင်

All Chapters