အခန်း (၃၂၅-၃၂၆)
Vol. 33 Ch. 325-326
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၂၅) - တက်ကြွလွန်းသော မင်လုံယွီ၊ သိုလှောင်အိတ် တားမြစ်ချက်ကို ဖွင့်ခြင်း
“အကုန်လုံး မှတ်တမ်းတင်ပြီးပါပြီ”
မုရုံချင်းလျန်က အေးဆေးစွာ ပြောလိုက်သည်။
“လောလောဆယ်တော့ ရှင့်ရဲ့ ခံစားခွင့်က ချီသန့်စင်အဆင့် (၉) ကျင့်ကြံသူတွေရဲ့ အခြေခံလစာအတိုင်းပဲ ရဦးမယ်.... မများဘူးနော်.... တစ်လကို ဝိညာဉ်ကျောက်တုံး ၃၀၀ နဲ့ မြူသန့်စင်ဆေးလုံး တစ်ပုလင်းပဲ.... နောင်ကျရင် ပြောင်းလဲနိုင်ပေမဲ့ အခုတော့ ဒီအတိုင်းပါပဲ"
မင်လုံယွီမှာ မယုံနိုင်ဘဲ မျက်လုံးများ ပြူးသွားရသည်။
‘ဘာ.... သိပ်မများဘူး ဟုတ်လား’
မကြာသေးမီက ကောင်းလင်လွင်ပြင် စစ်မြေပြင်တွင် ပစ္စည်းများ ကောက်ယူရင်း သူ အတော်အတန် ချမ်းသာကြွယ်ဝခဲ့သော်လည်း ယခုကြားလိုက်ရသည့် အရာနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ လော့ထျန်းအဖွဲ့၏ အခြေခံလစာမှာ တာကျန်းဂိုဏ်းထက်ပင် သာလွန်နေသည်။ ခန်းမခေါင်းဆောင်မုရုံ၏ ပြောပုံအရဆိုလျှင် ဤသည်မှာ အစပျိုးရုံသာ ရှိသေးပြီး ရှေ့တွင် ထပ်တက်ရန်သာရှိကာ လျော့နည်းသွားစရာ အကြောင်းမရှိပေ။
သူ အံ့သြတုန်လှုပ်စွာဖြင့် ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“အကြီးအကဲ တန်ချန်ဇီက သူ့လူတွေကို ကောင်းကောင်း ဆက်ဆံတယ်လို့ ကျွန်တော် ကြားဖူးတာ ကြာပါပြီ၊ ဒါပေမဲ့ အခြေခံ ခံစားခွင့်ကိုတောင် ဒီလောက် ရက်ရောလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
မုရုံချင်းလျန်သည် သူမ၏ ဆံနွယ်တစ်စကို နားနောက်သို့ သပ်လိုက်ရင်း ရယ်မောလိုက်သည်။
“ဒါကတော့ သဘာဝကျပါတယ်၊ တကယ်လို့ ရှင်က စီမံခန့်ခွဲသူ၊ အကြီးအကဲ ဒါမှမဟုတ် ခန်းမခေါင်းဆောင် တစ်ယောက် ဖြစ်လာရင်တော့ ခံစားခွင့်တွေက အဲဒီအပေါ် မူတည်ပြီး ထပ်တိုးလာဦးမှာပါ"
“အို.... ဟုတ်လား”
မင်လုံယွီ၏ စိတ်ဝင်စားမှုမှာ မြင့်တက်လာတော့သည်။
မုရုံချင်းလျန်သည် ထက်မြက်ပြီး အရည်အချင်းရှိကာ တည်ငြိမ်သူတစ်ဦး ဖြစ်သည်။ သူမသည် သူမ၏ ခင်ပွန်းဖြစ်သူ ချင်လျန်ချန်းဘက်တွင် အမြဲရပ်တည်ရင်း ဖိုရှန်းဂိုဏ်း ခေတ်ကတည်းက အုပ်ချုပ်ရေးပိုင်းတွင် တဖြည်းဖြည်း ကြိုးစားလာခဲ့သူ ဖြစ်သည်။ ယခု လော့ထျန်းအဖွဲ့တွင်မူ သူမသည် ကုသိုလ်တော်ခန်းမ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူကာ အဖွဲ့ဝင် လက်ခံခြင်းနှင့် ကြိုစားမှုများအား အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်နေသူ ဖြစ်သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံများကြောင့် သူမသည် လူအကဲခတ် ကျွမ်းကျင်ကာ အာဏာနှင့် လူတို့၏ သဘောသဘာဝကို နားလည်တတ်သော လောကီလူသားတစ်ဦး ဖြစ်လာခဲ့သည်။
လော့ချန်၏ အတွေးကို သိမြင်ရန်မှာ သူမအတွက် မခက်ခဲပေ။ မင်လုံယွီအား လော့ချန် လက်ခံလိုက်ခြင်းမှာ အတိတ်က အမှားများကို အလွယ်တကူ ခွင့်လွှတ်တတ်သောကြောင့် မဟုတ်ပေ။ လော့ချန်သည် အတိတ်က ရန်ငြိုးများကို အလုပ်ထဲတွင် ရောထွေးခြင်း မရှိသော်လည်း ၎င်းတို့ကို ကောင်းစွာ မှတ်မိနေသူ ဖြစ်သည်။ ထို့ပြင် မင်လုံယွီ၏ ကျင့်ကြံမှု အဆင့်ကြောင့်လည်း မဟုတ်ပြန်ပေ။ ချီသန့်စင် အထွတ်အထိပ်အဆင့်မှာ အထင်ကြီးဖွယ် ကောင်းသော်လည်း လော့ချန်နှင့် ဝမ်ယွမ်တို့၏ အင်အားကိုမူ မမီနိုင်ပေ။
မင်လုံယွီအား အခြားသူများနှင့် ခြားနားစေသည့် အချက်မှာ သူ၏ ထူးခြားလှသော အစီအရင် ပညာရပ်ဆိုင်ရာ ပါရမီပင် ဖြစ်သည်။ လောလောဆယ်တွင် လော့ချန်က သူ့အား မည်သည့် ရာထူးနှင့် လစာမျှ မပေးသေးခြင်းမှာ ဂရုမစိုက်၍ မဟုတ်ဘဲ သူ၏ စရိုက်ကို စမ်းသပ်နေခြင်းသာ ဖြစ်သည်။ နောင်တစ်ချိန်တွင် မင်လုံယွီကို အရေးပါသော နေရာတစ်ခု ပေးအပ်မည်မှာ သေချာသလောက် ရှိပေတော့သည်။
မုရုံချင်းလျန်သည် အခြေအနေကို အလျင်အမြန် သဘောပေါက်သူ ဖြစ်ရာ လော့ချန်၏ မဟာဗျူဟာကို ကူညီရန် ဝန်မလေးပေ။ ရက်ရောသော ခံစားခွင့်များသည် အကောင်းဆုံး ငါးစာပင် ဖြစ်သည်။
“ကျွန်မကိုပဲ ကြည့်လေ”
မုရုံချင်းလျန်က မျက်နှာကို ပြုံးစစလုပ်၍ ပြောလိုက်သည်။
“ခန်းမခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်မက တစ်လကို ဝိညာဉ်ကျောက်တုံး ၅၀၀ ရတယ်၊ မြူသန့်စင် ဆေးလုံး တစ်ပုလင်း အပြင် စိတ်ငြိမ်အမွှေးတိုင် တစ်ဘူးနဲ့ အထူးပြုလုပ်ထားတဲ့ အနှစ်သာရ မွေးမြူရည် တစ်အိုးလဲ ရသေးတယ်"
“မြူသန့်စင် ဆေးလုံးနဲ့ စိတ်ငြိမ်အမွှေးတိုင် အကြောင်းကိုတော့ ကျွန်တော် သိပါတယ်၊ အဲဒါတွေက ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူတွေအတွက် အကောင်းဆုံးပဲ”
ထို့နောက် သူ ဆက်မေးလိုက်သည်။
“ဒါပေမဲ့…. အဲဒီ အနှစ်သာရ မွေးမြူရေးရည် ဆိုတာက ဘာလဲဟင်”
ဈေးကွက်ထဲတွင် ထိုကဲ့သို့သော ပစ္စည်းများအကြောင်း သူ ကြားဖူးသော်လည်း တစ်စုံတစ်ဦး၏ လစဉ်လစာတွင် အထူးတလည် ထည့်သွင်းဖော်ပြရလောက်သည်ဆိုပါက သာမန် ပစ္စည်းတစ်ခု မဖြစ်နိုင်မှန်း သူ ရိပ်မိသည်။ သူ ထင်ထားသည့်အတိုင်းပင် မုရုံချင်းလျန်၏ နောက်ထပ် စကားများကြောင့် သူ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
“ဒီအနှစ်သာရ မွေးမြူရည်ကို အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ဈေးကွက်ထဲက ဆေးနည်းတွေကို အခြေခံပြီး အထူး ဖော်စပ်ထားတာလေ…. အဲဒါက ကျင့်ကြံသူတစ်ဦးရဲ့ သွေးအနှစ်သာရ၊ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကြောတွေကို ပြုစုပျိုးထောင်ရာမှာ ထူးခြားတဲ့ အာနိသင် ရှိတယ်…. အဲဒါကို ဆေးရေချိုးတဲ့အခါမှာ ရေရှည် အသုံးပြုမယ်ဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းဖို့အတွက် တော်တော်ကြီး အထောက်အကူ ဖြစ်စေတယ်ရှင့်"
မင်လုံယွီ၏ မျက်လုံးများမှာ အရောင်တဖိတ်ဖိတ် တောက်ပသွားတော့သည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် အပြည့်အဝ အသင့်ဖြစ်နေပြီဟု အမြဲ ယုံကြည်ထားသူ ဖြစ်သည်။ သူ၏ သန့်စင်ပြီးသော ချီစွမ်းအင် ဖြစ်စေ၊ ဝိညာဉ်အခြေခံ ဖြစ်စေ သူသည် ရွယ်တူများထဲတွင် ထူးချွန်သူ ဖြစ်သည်။ တစ်ခုတည်းသော ပြဿနာမှာ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ဖြစ်ပြီး ထိုအတွက် သူ့တွင် ထိရောက်သော နည်းလမ်း မရှိပေ။
ဈေးကွက်ထဲတွင် ရောင်းချသော သာမန်ဆေးများသည် ချီသန့်စင် အစောပိုင်း သို့မဟုတ် အလယ်ပိုင်းအဆင့် ကျင့်ကြံသူများအတွက်သာ အကျိုးရှိသည်။ မင်လုံယွီကဲ့သို့ အထွတ်အထိပ်အဆင့် ရောက်နေသူအတွက်မူ ၎င်းတို့မှာ အသုံးမဝင်တော့ပေ။ အကယ်၍ သူသာ လော့ချန်ထံမှ ထိုဆေးရည်ကို ရရှိနိုင်လျှင် သူ၏ ပြင်ဆင်မှုမှာ ပို၍ပင် ခိုင်မာသွားမည် မဟုတ်ပါလော။
မင်လုံယွီသည် မုရုံချင်းလျန်အား အားကျစွာ ကြည့်လိုက်မိသည်။
“ကျွန်တော်လည်း အကြီးအကဲ တန်ချန်ဇီ ကိုယ်တိုင် ဖော်စပ်ထားတဲ့ အဲဒီဆေးရည်ကို ဘယ်တော့လောက် ခံစားခွင့် ရမလဲဗျ မသိဘူးဗျာ”
မုရုံချင်းလျန်က သူ့အား ပြုံး၍ ကြည့်လိုက်သည်။
“ရှင်က အဲဒီဆေးရည်ကိုပဲ လိုချင်တာဆိုရင်တော့ အဲဒါက လုံးဝ မခက်ခဲပါဘူး"
“ဗျာ.... အဲဒါက ဘာကို ဆိုလိုတာလဲ”
မင်လုံယွီ၏ နှလုံးခုန်သံမှာ မြန်လာသည်။
မုရုံချင်းလျန်က ရှင်းပြသည်။
“ရှင်းရှင်းလေးပါ၊ ရှင်က လော့ထျန်းအဖွဲ့ဝင် တစ်ယောက် ဖြစ်လာပြီဆိုရင် ကုသိုလ်အမှတ် စနစ်ဆိုတာ ရှိတယ်၊ ရှင့်မှာ ကုသိုလ်အမှတ် အလုံအလောက် စုမိပြီဆိုရင် အဲဒီကုသိုလ်အမှတ်တွေကို သုံးပြီး ကုသိုလ်တော်ခန်းမက တာဝန်ခံ စီမာဝမ်ကျဲဆီမှာ အနှစ်သာရ မွေးမြူရည်နဲ့ လဲလှယ်လို့ ရပါတယ်"
“ကုသိုလ်အမှတ် ဟုတ်လား”
မင်လုံယွီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူသည် ရည်မှန်းချက် ကြီးမားသူတစ်ဦး ဖြစ်ပြီး အလုပ်လုပ်ရာတွင် အလွန်ပင် ပြတ်သားသူ ဖြစ်သည်။ သူ၏ မျိုးနွယ်စု အားကိုးမရတော့သောအခါ သူသည် ကျိုးချင်းနောက်သို့ လိုက်ကာ ထျန်းလန်အထိ ဝေးလံစွာ ခရီးနှင်ခဲ့သည်။ ဝမ်ဟိုင်ချောင် ကတိမတည်သောအခါလည်း မတွန့်ဆုတ်ဘဲ စွန့်ခွာခဲ့သည်။ ယခုအခါ သူသည် မဟာတာအိုလမ်းစဉ်ကို တိုင်တည် ကျိန်ဆိုခဲ့ပြီး လော့ချန်၏ လက်အောက်ရှိ လော့ထျန်းအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ သူ လုပ်သမျှ အရာအားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရေးအတွက်ပင် ဖြစ်သည်။ သို့ဖြစ်လေရာ ထိုပန်းတိုင်သို့ ရောက်ရန် အထောက်အကူ ဖြစ်စေမည့် အရာဖြစ်နေသရွေ့ သူ မလွတ်တမ်း ဆုပ်ကိုင်ရပေမည်။
မုရုံချင်းလျန်က ဆက်ပြောသည်။
“ကုသိုလ်အမှတ်ရဖို့က မခက်ခဲပါဘူး၊ ရှင့်ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး လော့ထျန်းအဖွဲ့ကို တတ်နိုင်တဲ့ဘက်က ကူညီပေးရုံပါပဲ၊ အဲဒါဆိုရင် ရှင့်ရဲ့ ကုသိုလ်အမှတ်တွေ စုမိလာပါလိမ့်မယ်၊ ဥပမာ ဆေးဝါးခန်းမဆောင်အတွက် ဆေးပင်တွေ စိုက်ပေးတာ၊ ဆေးဖော်ခန်းမဆောင်အတွက် ဆေးလုံးတွေ ဖော်ပေးတာ၊ လက်နက်ခန်းမဆောင်အတွက် လက်နက်တွေ လုပ်ပေးတာမျိုးပေါ့....”
မင်လုံယွီသည် လော့ချန်၏ အစောပိုင်း ညွှန်ကြားချက်ကို သတိရသွားကာ မျက်လုံးများ ဝင်းလက်သွားသည်။
“အကြီးအကဲ တန်ချန်ဇီ ပြောတာတော့ ကောင်းကင်သိန်းငှက် လှေပျံရဲ့ အစီအရင်တွေ တော်တော် ပျက်စီးနေတယ်တဲ့"
‘သူ သဘောပေါက်သွားပြီပဲ’
မုရုံချင်းလျန်က ထိုသို့ တွေးလိုက်ရင်း တောက်ပစွာ ပြုံးပြလိုက်သည်။
“မှန်တာပေါ့၊ ကျွန်မတို့က ရှင့်ရဲ့ ကျွမ်းကျင်မှုကို အရေးတကြီး လိုအပ်နေတာပါ"
မင်လုံယွီတစ်ယောက် ယုံကြည်ချက်အပြည့်ဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။
“ကျွန်တော် တတ်နိုင်တဲ့ အရာဆိုရင်တော့ အတတ်နိုင်ဆုံး လုပ်ပေးမှာပါဗျ....”
ထိပ်တန်းအဆင့် လှေပျံပေါ်ရှိ အစီအရင်ကို ပြုပြင်ရန်မှာ မင်လုံယွီအတွက် လက်ဖျောက်တီးရုံမျှသာ ဖြစ်သည်။ သူ ယုံကြည်မှုအပြည့်ဖြင့် ဝင့်ကြွားစွာ လှည့်ထွက်လိုက်ပြီး ကုသိုလ်အမှတ်များ စတင် စုဆောင်းရန် ပြင်တော့သည်။
သို့သော် မုရုံချင်းလျန်က သူ့ကို တားလိုက်သည်။
“ခဏလေးနေပါဦးရှင်.... ပြောစရာ ကျန်သေးတယ်ရှင့်.... အခု ရှင်က ကျွန်မတို့နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်နေပြီဆိုတော့ လက်နက်ခန်းမဆောင်ကနေ ရှင့်အတွက် အဖွဲ့ဝင် အမှတ်အသား တံဆိပ်ကို အမြန်ဆုံး သွန်းလုပ်ပေးပါလိမ့်မယ်.... အခုကစပြီး.... သူ့ကို အကြီးအကဲ တန်ချန်ဇီလို့ သူစိမ်းဆန်ဆန် မခေါ်ပါနဲ့တော့…."
သူမ၏ မျက်ဝန်းထဲမှ အဓိပ္ပာယ်ပါသော အကြည့်ကို မြင်လိုက်ရသောအခါ မင်လုံယွီ ခဏမျှ မှင်သက်သွားသည်။
ထို့နောက် သူ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့…. အဖွဲ့ချုပ်ခေါင်းဆောင်က ကျွန်တော့်ကို လက်ခံလိုက်မှတော့ ကျွန်တော် သူ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး”
ထိုသို့ ကတိစကား ဆိုပြီးနောက် သူသည် လေပွေတစ်ခုနှယ် လျင်မြန်စွာ လှည့်ထွက်သွားလေတော့သည်။
မုရုံချင်းလျန်သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး မှတ်တမ်းစာလိပ်ကို သိမ်းဆည်းလိုက်သည်။ မုန်တိုင်းထန်သော တိုက်ပွဲအပြီးတွင် လော့ထျန်းအဖွဲ့သည် တစ်ဖန် တိတ်ဆိတ်စွာ သန့်စင်သွားခဲ့ပြန်လေပြီ။ ၎င်းမှာ အတင်းအဓမ္မ နှိမ်နင်းခြင်းမျိုး မဟုတ်ဘဲ အားနည်းသူတို့ ဖယ်ခွာ၍ စစ်မှန်သော အားကောင်းသူတို့သာ ကျန်ရစ်သော သဘာဝတရား၏ ရွေးချယ်မှုပင် ဖြစ်သည်။
ကျန်ရှိနေသော ကျင့်ကြံသူများ၏ ရင်ထဲတွင်မူ မဏ္ဍိုင်သဖွယ် ခိုင်မာသော စည်းလုံးမှုစိတ်ဓာတ်များ ကိန်းအောင်းနေကြပြီ ဖြစ်သည်။ သူတို့၏ စည်းလုံးမှုမှာ နာမည်ကျော် ဂိုဏ်းကြီးများထက်ပင် ပိုမိုနက်ရှိုင်းပေလိမ့်မည်။ အကြောင်းမှာ သူတို့သည် သွေးချောင်းစီးသော တိုက်ပွဲမြေပြင်များတွင် ပုခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြပြီး သေမင်း၏ လက်တွင်းမှ တစ်ဦးကိုတစ်ဦး ရုန်းထွက်ကူညီခဲ့ကြသောကြောင့်ပင်။ တစ်ချိန်က ရန်သူလို သဘောထားခဲ့ကြသော တစ်ကိုယ်တော် ကျင့်ကြံသူများပင်လျှင် ယခုအခါ လော့ထျန်းအဖွဲ့၏ အမှတ်အသားအောက်တွင် သွေးသားရင်းချာများကဲ့သို့ သစ္စာမြဲမြံနေကြပြီ ဖြစ်သည်။
သို့သော် အဖွဲ့၌ အစီအရင် ပညာရပ်ပိုင်းတွင် ဟာကွက်ကြီးတစ်ခု ရှိနေသေးသည်။ တွမ်ဖုန်းသည် လက်နက်သွန်းလုပ်ခြင်းတွင် ထိပ်တန်းဖြစ်သော်လည်း အစီအရင် ပညာရပ်တွင်မူ လက်ဝင်လှသောကြောင့် ဖြစ်သည်။ မင်လုံယွီ ရောက်ရှိလာခြင်းက ထိုဟာကွက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။
အကယ်၍ မင်လုံယွီသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင် လော့ထျန်းအဖွဲ့အတွက် အမှန်တကယ်ပင် ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုသို့တွေးတောရင်း မုရုံချင်းလျန်၏ လှပသောမျက်မှောင်အစုံမှာ အနည်းငယ် ကြုတ်သွားမိသည်။
‘အင်း.... အခြေခံတည်ဆောက်ခြင်း.... အခြေတည်ဆေးလုံး.... လော့ချန်မှာ ရှိနေတဲ့ အခြေတည်ဆေးလုံးက မင်လုံယွီအတွက် ဖြစ်သွားနိုင်မလား.... ဒါပေမဲ့ အဲလိုဆို သူ အရင်က ပေးခဲ့တဲ့ ကတိနဲ့ ဆန့်ကျင်သွားမှာပေါ့....”
လောကတွင် ဝါစဉ် ဟူသည် ရှိရမြဲဖြစ်သည်။ အကယ်၍ ထိုစည်းမျဉ်းကို ဖောက်ဖျက်ခဲ့လျှင် ဝါရင့်ကျင့်ကြံသူများ၏ ရှေ့မှောက်တွင် လော့ချန်၏ ခန့်ညားသော ဂုဏ်သိက္ခာမှာ မှေးမှိန်သွားနိုင်ပေသည်။
"မဟုတ်ဘူး.... ငါ ဘာတွေ လျှောက်တွေးနေတာလဲ၊ သူက အဖွဲ့ရဲ့ ခေါင်းဆောင်လေ.... သူ ဘယ်သူ့ကို ပေးမယ်ဆိုတာက သူ့ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တာ၊ ဒါကို ငါက ဝင်ပြီး ပူပန်နေစရာ မလိုပါဘူး...."
မုရုံချင်းလျန်သည် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ၏ ရင်ထဲတွင်မူ တိတ်တဆိတ် သန္နိဋ္ဌာန်တစ်ခု ချလိုက်သည်။ သူမ၏ ကျင့်ကြံမှုကို ချီသန့်စင် အထွတ်အထိပ်သို့ အမြန်ဆုံး ရောက်အောင် တွန်းပို့ပြီး ထိုတန်ဖိုးကြီးလှသော ဆေးလုံးကို ရဲရဲဝံ့ဝံ့ တောင်းဆိုရပေမည်။ ရှိနှင့်နေပြီးသော ဆေးလုံးကိုမူ သူမ လုံးဝ စိတ်ကူးထဲမထည့်ပေ။ အကြောင်းမှာ ထိုဆေးလုံးသည် သူမ၏ ချစ်လှစွာသော ခင်ပွန်း ချင်လျန်ချန်းအတွက်သာ သီးသန့်ရည်ရွယ်ထားသောကြောင့်ပင်။
....
‘ငါတို့ လော့ထျန်းအဖွဲ့ထဲ မင်လုံယွီ ဝင်လာပြီတဲ့’
ဤသတင်းသည် လော့ထျန်းအဖွဲ့ရှိ ကျင့်ကြံသူများအကြား တောမီးနှယ် အလျင်အမြန် ပျံ့နှံ့သွားသည်။ မင်လုံယွီသည် လှေပျံပေါ်တွင် နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်နေကာ လက်နက်ခန်းမဆောင်မှ ဝါရင့်ကျင့်ကြံသူများကို ဦးဆောင်လျက် အစီအရင်များကို ကျွမ်းကျင်စွာ ပြုပြင်တော့သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ပစ္စည်းများကိုပင် စိုက်ထုတ်ကာ ကောင်းကင်သိန်းငှက် လှေပျံအတွက် လေပြင်းအစီအရင် ဟုခေါ်သော ဆန်းကြယ်လှသည့် အစီအရင်အသစ်တစ်ခုကို တည်ဆောက်ပေးခဲ့သည်။
ဤအစီအရင်သည် လက်ရှိရှိနေသော လေထိန်းချုပ်မှု အစီအရင်နှင့် ချိတ်ဆက်ကာ လေကာရံအတားအဆီးတစ်ခုကို ဖန်တီးပေးသော ကာကွယ်ရေး အစီအရင်တစ်ခု ဖြစ်သည်။ ၎င်း၏ ကာကွယ်နိုင်စွမ်းမှာ မူလ အစီအရင်ထက် များစွာ သာလွန်လှသည်။
အဆင့်နိမ့် ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကြီးပင် ဖြစ်သည်။ လှေပျံ၏ ကာကွယ်ရေးစွမ်းအား မြင့်မားလေလေ သူတို့၏ ခရီးလမ်းမှာ ပို၍ ဘေးကင်းလေလေ ဖြစ်သည်။ အနည်းဆုံးတော့ ကောင်းလင်လွင်ပြင်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ကောင်းကင်ပေါ်မှ အငြိုးတကြီး ခုန်ဆင်းတိုက်ခိုက်ခဲ့သည့် အိပ်မက်ဆိုးမျိုး ထပ်မဖြစ်အောင် ဟန့်တားပေးနိုင်လိမ့်မည်။
သို့သော် လော့ထျန်းအဖွဲ့အတွင်းရှိ အခြားသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူများအတွက်မူ ဤသည်မှာ စိတ်အေးစရာ သတင်းကောင်း မဟုတ်ခဲ့ပေ။
“မင်လုံယွီက ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးပဲ”
မင်လုံယွီသည် အဖွဲ့ထဲသို့ မနေ့တစ်နေ့ကမှ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း အလွန်ပင် တက်ကြွလွန်းနေသည်။ ဤလော့ထျန်းအဖွဲ့ကြီးကို သံယောဇဉ်တွယ်သွား၍လော။ လုံးဝ မဖြစ်နိုင်ပေ။ သူသည် ထိုအခြေတည်ဆေးလုံးကို ရရှိရန်အတွက် လော့ချန်၏ မျက်နှာသာရအောင် ဖားနေခြင်း ဖြစ်သည်ကို လူတိုင်း အထင်းသား မြင်နေရသည်။
ချီသန့်စင် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သဖြင့် မင်လုံယွီသည် ထိုဆေးလုံးကို အသည်းအသန် လိုအပ်နေသည်။ အမှန်စင်စစ် လော့ချန်သည် ထိုဆေးလုံးကို မိမိတို့တသိုက်အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ မိမိတို့သည်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရန်မှာ အချိန်တစ်ခုသာ လိုတော့လေသည်။
လူတိုင်းမှာ မုရုံချင်းလျန်ကဲ့သို့ လော့ချန်အပေါ် မလှုပ်မယှက် ယုံကြည်မှုမျိုး ရှိကြသည် မဟုတ်ပေ။ လော့ချန်အပေါ်တွင် ရိုသေမှု ရှိသော်လည်း လူတိုင်းတွင် ကိုယ်ပိုင် ရည်မှန်းချက်များ ရှိကြသည်။ ဤသည်မှာ ကိုယ်ကျင့်တရား မကောင်း၍ မဟုတ်ဘဲ မိမိ၏ အကျိုးစီးပွားကို ဦးစားပေးတတ်သော လူသားတို့၏ သဘာဝသာ ဖြစ်သည်။
ထိုအခြေအနေကြောင့် လော့ထျန်းအဖွဲ့အတွင်းရှိ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူများသည် မင်လုံယွီအပေါ် မလိုမုန်းထား ရှိလာကြတော့သည်။
....
တိတ်ဆိတ်သော အခန်းအတွင်းရှိ လော့ချန်မှာမူ အပြင်ဘက်တွင်ဖြစ်ပေါ်နေသော ဂယက်များကို မသိရှာပေ။ အကယ်၍ သူ သိလျှင်ပင် ခပ်ဖွဖွ ပြုံးရင်း လျစ်လျူရှုလိုက်မည်သာ။ သူသည် မင်လုံယွီအား ထိုဆေးလုံးမှာ သူ့အတွက် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်သည်။ အကယ်၍ လိုအပ်ပါက ထိုအမှန်တရားကို လူသိရှင်ကြား ပြောကြားကာ ထိုအတင်းအဖျင်းများကို ရပ်တန့်စေနိုင်သည်။
သို့သော် ထိုသို့ လုပ်ရန် မလိုပေ။ ဤကဲ့သို့ ဆွဲဆောင်မှုရှိသော ငါးစာသည် ကောင်းမွန်သော ပြိုင်ဆိုင်မှု တစ်ခုကို ဖြစ်ပေါ်စေပြီး သူ့လူများကို ပိုမို ကြိုးစားလာအောင် တွန်းအားပေးနိုင်သည်။ လော့ထျန်းအဖွဲ့တွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ အလွန်ပင် နည်းပါးနေသေးသည်။ အကယ်၍ သူသာ နောက်ထပ် အနည်းငယ်ကို ပျိုးထောင်နိုင်လျှင် အရာရာကို ကိုယ်တိုင် ခေါင်းခံ လုပ်နေစရာ မလိုတော့ပေ။
ထို့အပြင် လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ကဲ့သို့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ ရှိနေသဖြင့် သူတို့၏ စိတ်ကို ရယူရန် အထူးတလည် အားစိုက်နေစရာ မလိုပေ။ သူ ယခု လိုအပ်နေသည်မှာ အားမာန်အပြည့်ရှိသော တက်သစ်စ ပါရမီရှင်များပင် ဖြစ်သည်။
ကောင်းလင်လွင်ပြင်မှ ထွက်ခွာလာခဲ့သည်မှာ ငါးရက်တိုင်တိုင် ရှိသွားပြီ ဖြစ်သည်။
ကျင့်ကြံရာ အခန်းအတွင်းတွင် လော့ချန်၏ မျက်လုံးများမှာ လျှပ်စီးနှယ် ဝင်းခနဲ ပွင့်လာပြီး သူ၏ နတ်မျက်စိကို အစွမ်းကုန် ဖွင့်လိုက်သည်။ သူသည် ရှေ့ရှိ သိုလှောင်အိတ်ကို စူးစိုက်ကြည့်နေပြီး သူ၏ ဝိညာဉ်အာရုံမှာ အထဲသို့ အကြိမ်ကြိမ် ဝင်ထွက်ကာ စမ်းသပ်နေသည်။
ရုတ်တရက် လော့ချန်၏ စိတ်အာရုံတွင် လှိုင်းတစ်ခု ပြင်းထန်စွာ လှုပ်ခတ်သွားပြီး သူ၏ ဝိညာဉ်အာရုံ အစိတ်အပိုင်းလေး တစ်ခုမှာ အိတ်ထဲသို့ လျှောခနဲ တိုးဝင်သွားတော့သည်။ တားမြစ်ချက်များမှာ တစ်လက်မချင်း ဖြည်းဖြည်းချင်း ပွင့်ထွက်သွားသည်။ သူ၏ နှုတ်ခမ်းဖျားဝယ် အောင်နိုင်သူ၏ အပြုံးတစ်ပွင့် ပေါ်လာသည်။
“နောက်ဆုံးတော့ အဘိုးကြီး တွမ်ချန်ခွန်းရဲ့ ဝိညာဉ်အာရုံ တားမြစ်ချက်ကို ငါ ချိုးဖျက်နိုင်ခဲ့ပြီ"
လော့ချန် ပင်ပန်းနွမ်းနယ်နေသော်လည်း အလွန်ပင် ကျေနပ်ပီတိ ဖြစ်နေသည်။
ဤပစ္စည်းကို ရရှိခဲ့သည်မှာ ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့် ရှိပြီ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက်၊ လွန်ခဲ့သော သုံးနှစ်ခွဲပတ်လုံး သူ အားလပ်သည့် အချိန်တိုင်းတွင် ဤတားမြစ်ချက်ကို ဖြည်းဖြည်းချင်း တိုက်စားခဲ့ခြင်း ဖြစ်သည်။ ယခုမှသာ သူ အောင်မြင်စွာ ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် အထဲတွင် ရှိနေသည်များကို ချက်ချင်း မစစ်ဆေးသေးပေ။ ထိုအစား သူ၏ စိတ်ကို ခေတ္တ တည်ငြိမ်အောင် ထားလိုက်ပြီး ကိုယ်ပိုင် သိုလှောင်အိတ် တစ်ခုဆီသို့ ဝိညာဉ်အာရုံကို ပို့ဆောင်လိုက်သည်။ သူ ချီစွမ်းအင်ကို ထည့်သွင်းလိုက်ရာ အလွန်ပင် လွယ်ကူလှသော တားမြစ်ချက် အသေးလေးတစ်ခုမှာ စတင် ပုံဖော်လာသည်။
ဤသည်ကို မြင်သောအခါ လော့ချန် ပြုံးလိုက်မိသည်။ ထိုအိတ်ထဲတွင် ဘာရှိမှန်း သူ မသိသေးသော်လည်း ၎င်းကို ဖွင့်ရန် ကြိုးစားရင်း သူသည် အခြေခံ တားမြစ်ချက် နည်းစနစ်များတွင် ပိုမို ကျွမ်းကျင်လာပြီး သူ၏ ဝိညာဉ်အာရုံမှာလည်း များစွာ ပိုမို ထက်မြက်လာခဲ့သည်။
"အခု အခြေအနေအရဆိုရင် ငါ အစီအရင် ပညာရပ်တွေကို လေ့လာချင်တယ်ဆိုရင်တောင် အလွယ်တကူ တတ်မြောက်နိုင်မှာပဲ"
‘ဒီကောင် တယ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေပါလား’ ဟု ထင်ရက်စရာရှိသော်လည်း ဤသည်မှာ အမှန်တရားပင်။ သူ့တွင် ခိုင်မာသော ဝိညာဉ်အခြေခံ ရှိခဲ့ပြီး၊ ဝိညာဉ်သန့်စင်သူထံမှ ကောင်းထင်ယွမ် ရရှိခဲ့သော ဝိညာဉ်အာရုံဆိုင်ရာ ကျမ်းစာများကိုလည်း အသေအချာ လေ့လာထားခဲ့သည်။ နောက်ပိုင်းတွင် မီးလုံးမှော်အတတ်ကို ကျွမ်းကျင်အောင် လုပ်ဆောင်ရင်း အခြေခံ မှော်အတတ် ပညာရပ်အချို့ကိုလည်း သိရှိခဲ့သည်။ ယခုမူ တွမ်ချန်ခွန်း ကျေးဇူးကြောင့် သုံးနှစ်တာ ကြိုးစားမှု၏ အသီးအပွင့်များကို ရိတ်သိမ်းရတော့မည် ဖြစ်သည်။
သို့သော်လည်း ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။ မရေမတွက်နိုင်သော တားမြစ်ချက် ပုံစံမျိုးစုံနှင့် ရှုပ်ထွေးလှသော အစီအရင်များကို အမှန်တကယ် ကျွမ်းကျင်ရန်မှာမူ တစ်သက်တာလုံး ကြိုးစားအားထုတ်မှု လိုအပ်ပေလိမ့်မည်။ လော့ချန်သည် ထိုလမ်းစဉ်ကို အလွန်အကျွံ လိုက်စားရန် ရည်ရွယ်ချက် မရှိပေ။
“ကဲ.... ဒါဆိုရင် တွမ်မျိုးနွယ်စုရဲ့ ဘိုးဘေးကြီးက ဒီအိတ်ထဲမှာ ဘယ်လို ရတနာတွေ ချန်ထားခဲ့သလဲ ဆိုတာ ကြည့်ရအောင်….”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၂၆) - ရတနာသန္ဓေလောင်းနှင့် မီးခိုးရောင် ဓားအိမ်
မရေမတွက်နိုင်သော ရတနာများမှာ ဝင်းခနဲ၊ လက်ခနဲ ရောင်စုံတောက်ပနေလေသည်။
လော့ချန် မဆိုင်းမတွပင် ထိုသိုလှောင်အိတ်အတွင်းမှ ပစ္စည်းအားလုံးကို အခန်းအလယ်တွင် ပုံချလိုက်လေရာ ပစ္စည်းများမှာ တောင်ကုန်းငယ်တစ်ခုသဖွယ် ဖြစ်သွားတော့သည်။
သူ တံတွေးတစ်ချက် မျိုချလိုက်မိပြီး ရေရွတ်လိုက်သည်။
"ဒါမှ နှစ်ပေါင်းသုံးရာ သက်တမ်းရှိတဲ့ မိသားစုတစ်ခုရဲ့ အမွေအနှစ် အစစ်အမှန်ပဲ"
မှော်လက်နက်များ၊ မှော်လက်နက်များ၊ များစွာသော မှော်လက်နက်များ....။
မျက်စိတစ်ဆုံး ကြည့်လိုက်ရာ အဆင့်မြင့်မှော်လက်နက်ပေါင်း ဆယ်ခုထက်မနည်း ရှိနေသည်။ ထိုလက်နက်များမှာ သာမန် ဓားပျံများ မဟုတ်ကြပေ။ လော့ချန်၏ အမြင်အရ အပေါ်ယံကြည့်ရုံဖြင့်ပင် ထိုလက်နက်များ၏ အစွမ်းမှာ အဆင့်မြင့်လက်နက်များထဲတွင်ပင် အထူးကောင်းမွန်သော လက်ရာမွန်များဖြစ်ကြောင်း သိနိုင်သည်။ အချို့မှာ ထူးခြားသော အစွမ်းရှိသည့် အံ့ဖွယ်လက်နက်များပင် ဖြစ်ကြသည်။
“တွမ်ချန်ခွန်းက ဒါတွေကို သူ့မျိုးနွယ်စုထဲက ထူးချွန်တဲ့သူတွေကို ဆုချဖို့ သိမ်းထားတာ ဖြစ်ရမယ်” ဟု လော့ချန် တွေးလိုက်သည်။
မှော်လက်နက်များအပြင် ထူထဲသော ငွေရောင်အရည်တစ်မျိုးဖြင့် ပတ်ဖုံးထားသည့် ပစ္စည်းနှစ်ခုလည်း ရှိနေသေးသည်။ ထိုငွေရောင်အရည်မှာ အသက်ရှိသကဲ့သို့ တဖြည်းဖြည်း စီးဆင်းလှုပ်ရှားနေပြီး အတွင်းရှိ ပစ္စည်းများကို တင်းကျပ်စွာ ကာကွယ်ပေးထားသည်။
“ဒီပစ္စည်းက.... သန့်စင်ပြီးသား အဖိုးတန် ငွေသတ္တုလား”
ယခင်က တွမ်မျိုးနွယ်စု ဘဏ္ဍာတိုက်တွင် လော့ချန် ဤပစ္စည်းမျိုးကို မြင်ဖူးသည်။ ထိုစဉ်က တွေ့ခဲ့ရသည်မှာ သန့်စင်ခြင်းမရှိသေးသော ကျောက်ရိုင်းတုံးမျှသာ ဖြစ်သည်။ ယခုမူ အဆပေါင်းများစွာ သန့်စင်ပြီးသား အနှစ်သာရများ ဖြစ်နေသည်။
‘ဒါက ဘာအတွက် သုံးတာလဲဆိုတာကိုတော့ အချိန်ရမှ တွမ်ဖုန်းကို မေးကြည့်ရမယ်’ ဟု လော့ချန် တွေးလိုက်သည်။
ထို့နောက်တွင်မူ ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။ သာမန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ မဟုတ်ဘဲ အဆင့်လတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကာ အရေအတွက် ၂၀၀ ခန့်ရှိသည်။ တစ်နည်းအားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ နှင့် ညီမျှသည်။ အံ့သြစရာများမှာ ဤမျှနှင့် မပြီးသေးပေ။
“ဒါက.... အဆင့်မြင့် ဝိညာဉ်ကျောက်တုံးလား”
လော့ချန်သည် စိန်ပုံသဏ္ဌာန်ရှိသော ကြည်လင်တောက်ပသည့် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ရာ ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းများကို ခံစားလိုက်ရသည်။ ၎င်းမှာ သာမန်ဝိညာဉ်ကျောက်တုံးထက် နှစ်ဆခန့် ပိုကြီးပြီး အတွင်းမှ ချီစွမ်းအင်မှာ မြူခိုးကဲ့သို့ မဟုတ်ဘဲ နို့ရည်ကဲ့သို့ ပျစ်ချွဲကာ စီးဆင်းနေသည်။
"ဒီလောက်တောင် သန့်စင်နေတာလား"
အတွေးတစ်ခု ဝင်လာသဖြင့် လော့ချန် ထိုကျောက်တုံးကို တင်းတင်း ဆုပ်ကိုင်လိုက်ရာ အလွန်ပင် သန့်စင်သော ချီစွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စိမ့်ဝင်လာတော့သည်။
“ဒါကို တိုက်ရိုက် စုပ်ယူလို့ ရတာပဲ”
လော့ချန် မှင်သက်သွားရသည်။
ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကျောက်တုံးဆိုသည်မှာ အရင်းအမြစ်ထက် ငွေကြေးအဖြစ်သာ သုံးကြသည်။ ပုံမှန်အားဖြင့် ထိုကျောက်တုံးများအတွင်းရှိ စွမ်းအင်များကို တိုက်ရိုက် စုပ်ယူရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ ထိုစွမ်းအင်များသည် အလွန်ကြမ်းတမ်းလှသဖြင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပါက သွေးကြောများကို ပျက်စီးစေနိုင်သည်။
သို့သော် ဤဝိညာဉ်ကျောက်တုံးမှာမူ ထူးခြားနေသည်။ လော့ချန် ဤအကြောင်းကို ယခင်ကလည်း လေ့လာဖူးသည်။ ကျောက်တုံးများအတွင်းရှိ စွမ်းအင်များ ကြမ်းတမ်းနေရခြင်းမှာ သဘာဝကြောင့် မဟုတ်ဘဲ ၎င်းတို့ကို သွန်းလုပ်စဉ်က ထည့်သွင်းလိုက်သော အထူးပစ္စည်းတစ်မျိုးကြောင့် ဖြစ်သည်။ ထိုပစ္စည်းက နူးညံ့သိမ်မွေ့သော ချီစွမ်းအင်များကို ကြမ်းတမ်းသွားအောင် ညစ်ညမ်းစေခြင်း ဖြစ်သည်။
ဂိုဏ်းကြီးများတွင်သာ ထိုညစ်ညမ်းမှုကို ဖယ်ရှားပြီး စွမ်းအင်ကို ဘေးကင်းစွာ တိုက်ရိုက် စုပ်ယူနိုင်သော လျှို့ဝှက်ပညာရပ်များ ရှိကြသည်။ ထို့ကြောင့်ပင် ဂိုဏ်းသားများမှာ တစ်ကိုယ်တော် ကျင့်ကြံသူများထက် ခြေတစ်လှမ်းသာနေခြင်း ဖြစ်သည်။ ကျင့်ကြံမှုအဆင့် တူညီနေပါက ချီစွမ်းအင် ပမာဏကသာ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးသည်။ ဂိုဏ်းသားများသည် တိုက်ပွဲအလယ်တွင် ဝိညာဉ်ကျောက်တုံးမှ စွမ်းအင်ကို တိုက်ရိုက်ဖြည့်တင်းကာ ရန်သူကို အလွယ်တကူ နှိမ်နင်းနိုင်သည်။
လော့ချန်သည် ထိုလျှို့ဝှက်ပညာရပ်ကို မှောင်ခိုဈေးကွက်များတွင် အသည်းအသန် ရှာဖွေခဲ့ဖူးသော်လည်း ထျန်ရှင်းကျီကိုယ်တိုင်ကပင် ထိုပညာရပ်ကို လူအများမသိအောင် တမင် ဖုံးကွယ်ထားသကဲ့သို့ အစအနပင် ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် သူ လက်လျှော့ခဲ့ရသည်။ ယခုမူ ထိုကဲ့သို့သော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို မထင်မှတ်ဘဲ တွေ့လိုက်ရလေပြီ။
"အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်တုံးရဲ့ တန်ဖိုးက တစ်သောင်းထက်မကဘူး"
လော့ချန် ခန့်မှန်းလိုက်သည်။ တိုက်ပွဲအတွင်း အရေးပေါ် စွမ်းအင်ဖြည့်တင်းနိုင်မှုကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ၎င်းမှာ အသက်ကယ်လက်နက်တစ်ခုပင် ဖြစ်နိုင်ပေသည်။
“တွမ်မျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ထဲမှာ ဘာလို့ ဝိညာဉ်ကျောက်တုံးတွေ နည်းနေလဲဆိုတာ အခုမှ သိတော့တယ်…. ငါက တွမ်ချန်ခွန်းက သူ့မျိုးနွယ်စု ဆုတ်ယုတ်မှာ စိုးလို့ ဝိညာဉ်ကျောက်တုံးတွေကို အရင်းအမြစ်တွေနဲ့ လဲထားတယ် ထင်နေတာ….. တကယ်တော့ အဘိုးကြီးက အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံး သုံးသောင်းဖိုးလောက် ဖွက်ထားတာကိုး"
လော့ချန်သည် ကျေနပ်စွာဖြင့် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။ ၎င်းတို့မှာ ငွေကြေးထက် စစ်ဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်ကြသည်။ ထိုကျောက်တုံးများ ရှိမှသာ ကြီးမားသော ရုပ်သေးများ၊ အစီအရင်ကြီးများနှင့် တိုက်ရိုက် စွမ်းအင် ဖြည့်တင်းမှုများကို လုပ်ဆောင်နိုင်သည်။ သူ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းစဉ်က သူ၏ အဆင့်လတ် ဝိညာဉ်ကျောက်တုံးအားလုံး သုံးစွဲခဲ့ရသည်။ အကျပ်အတည်း ဆိုက်နေစဉ်အတွင်း သူသည် ရွှေကျောက်နန်းဆောင်မှ ခန်းတုံးယွဲ့နှင့် အပေးအယူလုပ်ကာ ဝိညာဉ်ကျောက်တုံး ၂၀၀ ကို အနိုင်နိုင် စုဆောင်းခဲ့ရသည်။ ယခုမူ မထင်မှတ်ဘဲ ကံကောင်းခြင်းများ ရောက်ရှိလာပြီ ဖြစ်ရာ လောလောဆယ်တွင် ဝိညာဉ်ကျောက်တုံး ကုန်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ဝိညာဉ်ကျောက်တုံးများပြီးနောက် နောက်ထပ် မှော်လက်နက် နှစ်ခုရှိသေးသည်။
၎င်းတို့မှာ အစောပိုင်းက မြင်ခဲ့ရသော လက်နက်များနှင့် အရှိန်အဝါချင်း မတူပေ။ တစ်ခုမှာ ကစားစရာ လက်ဆွဲဗုံလေး ဖြစ်ပြီး နောက်တစ်ခုမှာ ဓားအိမ် ဖြစ်သည်။
လက်ဆွဲဗုံကိုမူ လော့ချန် ရင်းနှီးနေသည်။ ၎င်းမှာ ထိပ်တန်းအဆင့် ရေဓာတ်မှော်လက်နက် ဖြစ်ပြီး တွမ်ချန်ခွန်းက ဝမ်ယွမ်အား မြေကြီးထဲ နစ်ဝင်အောင် တိုက်ခိုက်ခဲ့စဉ်က သုံးခဲ့သည့် အရာဖြစ်သည်။ အကယ်၍ လော့ချန်သာ နေမီးလျှံအတတ်ဖြင့် ဝင်မကူခဲ့လျှင် တွမ်ချန်ခွန်းသည် ဒဏ်ရာပြင်းထန်နေသော ဝမ်ယွမ်ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့လိမ့်မည်။ ထိုစဉ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းမှာ ဝမ်ယွမ် တောင့်ခံနိုင်သည့် အရာမဟုတ်ပေ။
"ဒီလက်နက်က ငါနဲ့ မကိုက်ဘူး.... ဒါပေမဲ့ အစ်ကိုတွမ်ကို ပေးလို့ရတယ်"
လော့ချန်သည် တွမ်ဖုန်းကို မျက်နှာသာပေးနေခြင်း မဟုတ်ပေ။ ဤသိုလှောင်အိတ်သည် သူတစ်ဦးတည်း ပိုင်ဆိုင်သည်မဟုတ်ဘဲ ဝမ်ယွမ်နှင့် တွမ်ဖုန်းတို့၏ ဝေစုများလည်း ပါဝင်သည်။ သူသည် ဟယ်လော့ဓားကိုပင် တွမ်ဖုန်းအား ပေးခဲ့ပြီးဖြစ်သည်။ ယခု ဤဗုံကိုပါ ထပ်ပေးလိုက်လျှင် တွမ်ဖုန်းသည် တွမ်မျိုးနွယ်စု ဘိုးဘေး၏ လက်နက်အားလုံးနီးပါးကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။ ဓားတစ်လက်၊ ဗုံတစ်လုံး နောက်ထပ် ပန်းချီတစ်ချပ်သာ လိုတော့သည်။
လော့ချန်သည် ဓားအိမ်ကို လှမ်းကြည့်လိုက်သည်။
"ဒါက တိမ်ပြိုဂိုဏ်းက ရှုကျီ လိုချင်နေတဲ့ဟာ ဖြစ်ရမယ်"
ယခင်က ရှုကျီသည် ထျန်းရှင်းကျီ၏ အမိန့်ဖြင့် တွမ်ချန်ခွန်းထံမှ မှာယူထားသော မှော်လက်နက်တစ်ခုကို လာယူရန် စီစဉ်ခဲ့ဖူးသည်။ ၎င်းမှာ ဤဓားအိမ်ပင် ဖြစ်သည်။
“ဘာလို့ ဓား မဟုတ်ဘဲ ဓားအိမ် ဖြစ်နေတာလဲ”
လော့ချန်သည် ထိုမီးခိုးရောင် ဓားအိမ်ကို လက်ထဲတွင် လှည့်ပတ်ကြည့်ရင်း ရေရွတ်လိုက်သည်။ ၎င်းမှာ အရှည် ခြောက်ပေခန့် ရှိပြီး သာမန် ပုံစံသာ ဖြစ်သည်။
“ထူးဆန်းတာပဲ.... သူ့ရဲ့ စွမ်းအင်လှိုင်းက လက်စွဲဗုံထက် မနိမ့်ဘူး.... ဒါပေမဲ့ ဘာလို့ အဆင့်နိမ့်ပဲ ရှိနေတာလဲ”
လော့ချန်၏ အကြည့်များမှာ ဓားအိမ်ပေါ်ရှိ အရောင်စုံ အပေါက် ခုနစ်ပေါက်ဆီသို့ ရောက်သွားသည်။
“ဒီအပေါက် အရွယ်အစားတွေက....”
ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူ ပါးစပ်ကို ဟကာ ဓားအမြုတေကို ထွေးထုတ်လိုက်သည်။
ဝုန်း....
ဓားအိမ်မှ မီးခိုးရောင် အလင်းတန်းများ ဖြာထွက်လာသည်။
လော့ချန်သည် မဝံ့မရဲဖြင့် ဓားအမြုတေကို ရွှေရောင်အပေါက်ထဲသို့ ထည့်လိုက်သည်။ ဓားလုံးမှာ ကွက်တိ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဓားအိမ်မှ ပြင်းထန်လှသော ဓားချီများ ဖြာထွက်လာတော့သည်။
ရှူး....
လော့ချန် မျက်လုံးများ ပြူးသွားကာ သူ၏ ခေါင်းကို အလိုအလျောက် ငုံ့လိုက်သဖြင့် ကံကောင်းသွားသည်။ ဓားချီတစ်ခုမှာ သူ၏ နားထင်ဘေးမှ ကပ်ပြီး ဖြတ်သွားကာ ဆံနွယ်အချို့ကို ဖြတ်တောက်သွားသည်။ သူ ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ တောက်လောင်နေသော ဓားချီသည် အခန်းကို ဖောက်ထွက်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို မြင်လိုက်ရသည်။ ဤပြင်းထန်သော ဖိအားကြောင့် အခန်းပြင်ပရှိ တိတ်ဆိတ်မှုမှာ ပျက်ပြားသွားတော့သည်။
အပြင်ဘက်တွင် အစီအရင်များကို ပြုပြင်နေသော မင်လုံယွီသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း မျက်လုံးများ ပြူးသွားတော့သည်။
“ဒါ.... ဓားချီမလား.... အခြေခံတည်ဆောက်ခြင်းအဆင့် ဓားကျင့်ကြံသူတွေပဲ ထုတ်ဖော်နိုင်တဲ့ ဒီလို ပြင်းထန်တဲ့ ဓားချီက ဘာလို့ အဖွဲ့ခေါင်းဆောင် အခန်းထဲကနေ ထွက်လာတာလဲ….”
ဒုန်း.... ဒုန်း.... ဒုန်း....
အလျင်စလို ပြေးလာသော ခြေသံများနှင့်အတူ အခန်းအပြင်မှ အသံများထွက်လာသည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... ဘာဖြစ်လို့လဲခင်ဗျာ.... အားလုံး အဆင်ပြေရဲ့လား”
မေးလိုက်သူမှာ စီမာရှန့်ပင် ဖြစ်သည်။ သူသည် တိုက်ခိုက်ရေးခန်းမမှ ကျင့်ကြံသူများနှင့်အတူ ကင်းလှည့်နေစဉ် ထိုဓားချီကို မြင်လိုက်ရခြင်း ဖြစ်သည်။
“ဘာမှ မဟုတ်ဘူး၊ မင်းတို့ သွားလို့ ရပြီ” ဟု အထဲမှ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
လော့ချန် ဘာမှ ရှင်းမပြသလို ရှင်းပြရန်လည်း မလိုပေ။ စီမာရှန့်တစ်ယောက် စိတ်အေးသွားကာ ပြန်ထွက်သွားလေသည်။
အခန်းအတွင်း၌မူ လော့ချန်သည် မိမိလက်ထဲမှ ဓားအိမ်ကို အံ့သြတကြီး ကြည့်နေမိသည်။ အစောပိုင်းက ပြင်းထန်ခဲ့သမျှ ယခုမူ ငြိမ်သက်သွားခဲ့လေပြီ။ သူ ချီစွမ်းအင်ကို ထည့်သွင်းလိုက်သောအခါ ၎င်းမှာ ထပ်မံ၍ မသောင်းကျန်းတော့ဘဲ ရိုးရှင်းသော မီးခိုးရောင်အဖြစ် ပြန်ပြောင်းသွားသည်။
သို့သော် ဓားအိမ်၏ ထိပ်ပိုင်းတွင် ရွှေရောင်အလင်းတစ်ခု စွဲထင်နေပြီး ၎င်း၏ အဆင့်မှာ….။
"ဟမ်…. အဆင့်နိမ့်ကနေ အဆင့်လတ်ကို တစ်ခါတည်း ခုန်တက်သွားတာလား"
"ဒါက တိုးတက်ပြောင်းလဲနိုင်စွမ်းရှိတဲ့ မှော်လက်နက်ပဲ"
"ဓားအမြုတေ တစ်ခုတည်းနဲ့တင် ဒီလောက်ဆိုရင်.... အပေါက်ခုနစ်ခုလုံး ပြည့်သွားရင် အဆင့်က ဘယ်လောက်ထိ တက်သွားမလဲ.... မှော်ရတနာအဆင့်အထိ ရောက်သွားမလား"
လော့ချန် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ထျန်းရှင်းကျိ အဘယ်ကြောင့် ဤပစ္စည်းအား အသည်းအသန် လိုချင်နေမှန်း သူ သိသွားလေပြီ။ ဤသည်မှာ သာမန်မှော်လက်နက် မဟုတ်ဘဲ မှော်ရတနာ သန္ဓေလောင်းပင် ဖြစ်သည်။
“ထျန်ရှင်းဇီက တွမ်ချန်ခွန်းကို ဒါ လုပ်ခိုင်းတာဟာ ကျောက်စိမ်းအိုး ဓားဂိုဏ်းက ဓားကျင့်ကြံသူတွေကို ရင်ဆိုင်ဖို့ ဖြစ်ရမယ်”
"ဒီဓားအိမ်မှာ နောက်ထပ် လျှို့ဝှက်ချက်တွေ ရှိဦးမှာပဲ"
လော့ချန်သည် ဓားအမြုတေကို ပြန်ထုတ်ကာ မျိုချလိုက်သည်။ လက်ရှိတွင် အဆင့်လတ်လက်နက်က သူ့အတွက် သိပ်အသုံးမဝင်သော်လည်း အနာဂတ်တွင် ဓားအမြုတေ ခုနစ်ခုလုံး စုံသွားပါက ဤဓားအိမ်မှာ တန်ဖိုးဖြတ်မရနိုင်သော ရတနာ ဖြစ်လာပေလိမ့်မည်။
သူသည် ဤဓားအိမ်ကို ထျန်းရှင်းကျီထံ ပြန်ပေးရန် စိတ်ကူးမရှိပေ။ ဤသည်မှာ သူ၏ ပစ္စည်းဖြစ်သွားပြီ မဟုတ်လော။ သူ ဓားအိမ်ကို သေချာစွာ သိမ်းဆည်းလိုက်ပြီး အခြားအရာများကို ကြည့်လိုက်သည်။
သတ္တုရိုင်းများနှင့် ဝိညာဉ်ရည်များ ပေါချင်းသောချင်း ရှိနေသည်။ လက်နက်သွန်းလုပ်သော မျိုးနွယ်စုအတွက် ထိုပစ္စည်းများမှာ မထူးဆန်းသော်လည်း၊ ထူးခြားသည်မှာ ၎င်းတို့အားလုံးသည် တတိယအဆင့် ပစ္စည်းများ ဖြစ်နေခြင်းပင်။
“ဒါတွေကိုတော့ လက်နက်ခန်းမဆောင်ကို ပေးပြီး လက်နက်တွေ လုပ်ခိုင်းရမယ်"
လော့ချန်သည် ဤ ပစ္စည်းများကို သိပ်စိတ်မဝင်စားပေ။ သူ စိတ်ဝင်စားသည်မှာ အခြားပစ္စည်းများ၊ အထူးသဖြင့် ဆေးလုံးများပင် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများအတွက် အထူးဖော်စပ်ထားသော ဒုတိယအဆင့် ဆေးလုံးများပင်။
“နဂါးပျံဆေးလုံး”
လော့ချန်သည် ကျောက်စိမ်းပုလင်းလေးကို ဖွင့်ကာ ရေရွတ်လိုက်သည်။ ၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် အသုံးများသော ဆေးလုံးဖြစ်သည်။ သို့သော် ဆေးဘုရင်ဂိုဏ်းမှ မဟုတ်ဘဲ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ထွက်ကုန်ဖြစ်သည်။
တစ်ခုတည်းသော အားနည်းချက်မှာ အဆင့် ၃ သာ ရှိခြင်းဖြစ်သည်။ အဆင့် ၃ နဂါးပျံဆေးလုံးမှာ ဒုတိယအဆင့် ဆေးလုံးများထဲတွင် အနိမ့်ဆုံး ဖြစ်သည်။ အကယ်၍ အဆင့် ၆ အထိ ရှိပါက အလယ်အလတ်အဆင့် ဖြစ်ပေလိမ့်မည်။ သတင်းများအရ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် အဆင့် ၉ ဆေးလုံးများကိုပင် ဖော်စပ်နိုင်ပြီး ၎င်းတို့ကို ဂိုဏ်းကြီးများမှ ပါရမီရှင် ကျင့်ကြံသူ များအတွက်သာ သီးသန့် ထားရှိသည်ဟု ဆိုသည်။
တွမ်ချန်ခွန်း ချန်ထားခဲ့သည်မှာ ပုလင်း သုံးပုလင်းမျှသာ ရှိသည်။ ၎င်းမှာ သူသည် ကျင့်ကြံခြင်းကို လက်လျှော့ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သဖြင့် ဆေးလုံးများကို ဆက်လက် မစုဆောင်းတော့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
လော့ချန် ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။ များများစားစား မဟုတ်သော်လည်း မရှိသည်နှင့်စာလျှင် ကောင်းသည်။ ထိုသုံးပုလင်းမှာ ဝိညာဉ်ကျောက်တုံး ၁၅၀၀ ခန့် တန်ဖိုးရှိသည်။ ဒုတိယအဆင့် ဆေးလုံးများမှာ ပုံမှန်အားဖြင့် ဝိညာဉ်ကျောက်တုံး သုံးရာခန့်မှ စတင်ပြီး ကျင့်ကြံရေးအတွက် ကောင်းမွန်သော နဂါးပျံဆေးလုံးမှာမူ တစ်ပုလင်းလျှင် ငါးရာခန့် ပေါက်ဈေး ရှိသည်။ လော့ချန်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ဆေးအဆိပ်များ ရှိနေသေးသဖြင့် လောလောဆယ် အသုံးမပြုနိုင်သေးသော်လည်း နောင်တွင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ဟင်”
နောက်ထပ် သူ အထုပ်ငယ်လေးတစ်ထုပ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်းမှ ပစ္စည်းများက သူ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ အရွယ်စုံ ကျောက်စိမ်းပုလင်း တစ်ဒါဇင်ကျော်ရှိပြီး တစ်ခုချင်းစီတွင် စာတိုလေးများ ကပ်ထားသည်။
“ပထမအဆင့် ချီသန့်စင်ဆေးလုံး၊ နိုးထခြင်းဆေးရည်၊ ဖန်သားနံ့သာဆီ....”
ဤအရာအားလုံးမှာ ချီသန့်စင်အဆင့် ၉ မှ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားသူများအတွက် အသုံးများသော ပစ္စည်းများ ဖြစ်သည်။ လော့ချန်၏ သံသယကို ပိုခိုင်မာစေသည့် အချက်မှာ လိပ်ထားသော လျှာပုံသဏ္ဌာန်ရှိသည့် သစ်မြစ်တစ်ခုကို တွေ့လိုက်ရခြင်းပင်။
မြေကမ္ဘာအမြစ်....။
ဤသည်မှာ ရွှေအမြုတေဂူသင်္ချိုင်းမှ ထွက်ပေါ်လာသော နှစ်ပေါင်းရှစ်ရာသက်တမ်းရှိ မြေကမ္ဘာအမြစ် ဖြစ်သည်။ ဤသစ်မြစ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းနိုင်စွမ်းကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပြီး အခြေတည် ဆေးလုံးပြီးလျှင် အကောင်းဆုံး ပစ္စည်းဖြစ်သည်။ တကယ်တမ်းတွင်မူ တည်ငြိမ်မှုနှင့် ဘေးကင်းမှုအပိုင်း၌ အခြေတည်ဆေးလုံး၏ ပြင်းထန်သော အာနိသင်ထက်ပင် သာလွန်ပေသေးသည်။
"ကြည့်ရတာ ဒီအထုပ်က တစ်စုံတစ်ယောက် အခြေခံတည်ဆောက်နိုင်ဖို့ ပြင်ဆင်ထားတာပဲ…. ဒါပေမဲ့ ဒီသစ်မြစ်က ဘာလို့ ကျန်နေတာလဲ၊ တွမ်ရွှေ မသုံးခဲ့တာလား"
လော့ချန်၏ ထင်မြင်ချက်အရ တန့်ချန်းခွန်းသည် ဤအရာကို သူ၏မြေးဖြစ်သူ တွမ်ရွှေအတွက် သုံးပြီးလောက်ပြီဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သူ ထိုသစ်မြစ်ကို ကိုင်ကြည့်လိုက်ရာ စာတိုလေးတစ်ခုကို တွေ့လိုက်ရသည်။
“တွမ်ဖုန်း”
လော့ချန် မှင်သက်သွားတော့သည်။
....
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
လော့ချန်သည် ပစ္စည်းများကို သုံးစု ခွဲပြီးကာစပင် ရှိသေးသည်။ အသံကြားသဖြင့် သူ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာကိစ္စလဲ”
အပြင်ဘက်မှ ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ စီမာဟွေ့နန် ပင် ဖြစ်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်ကို အစီရင်ခံပါတယ်၊ အပြင်မှာ သူစိမ်း အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်က လမ်းပိတ်ထားပါတယ်၊ သူက ဆေးလုံးစိမ်းချိုင့်ဝှမ်းက တပည့်လို့ ပြောပါတယ်ရှင်"
‘ဟင်....’
လော့ချန် မျက်ခုံးပင့်သွားပြီး ချက်ချင်း အပြင်သို့ ထွက်လိုက်သည်။
ကောင်းကင်ယံတွင် မျက်နှာနီမြန်းမြန်းနှင့် ခန့်ညားသော လူတစ်ဦးသည် တိမ်စီးလျက် ရပ်နေသည်။ သူသည် စိမ်းဖန့်ဖန့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် တိမ်တိုက်ကိုးခုပုံစံကို ပန်းထိုးထားသည်။ အရှိန်အဝါမှာ သာမန်လူသားများနှင့်မတူဘဲ မြင့်မြတ်လှသည်။ သူတစ်ဦးတည်းက လှေပျံ သုံးစင်းစလုံးကို တားဆီးထားခြင်း ဖြစ်သည်။
လီရီရှန်းနှင့် နန်ကုန်းကျင်းတို့လည်း အပြင်သို့ ထွက်လာကြသည်။
ထိုလူငယ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် သုံးဦးကို မြင်လိုက်ရသောအခါ မျက်နှာ အနည်းငယ် ပျက်သွားပြီး နောက်ဆုတ်ချင်စိတ် ဖြစ်ပေါ်လာပုံရသည်။
"မိတ်ဆွေ.... ကျွန်တော်တို့ကို တားရတဲ့ အကြောင်းရင်းက ဘာလဲ"
လော့ချန်က မေးလိုက်သည်။ တစ်ဖက်လူမှာ အတော်လေး သတိထားနေပြီး ချီစွမ်းအင်များကို အသင့်ပြင်ထားသည်ကို သူ မြင်နေရသည်။
ထိုလူက အခြေအနေကို ထိန်းညှိကာ မေးလိုက်သည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ သိပါရစေ…. ဘယ်အဖွဲ့အစည်းကလဲ"
လော့ချန်တို့ သုံးဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် မိတ်ဆက်လိုက်ကြသည်။
"လော့ထျန်းအဖွဲ့က လော့ချန်ပါ"
"နန်ကုန်းမျိုးနွယ်စုက နန်ကုန်းကျင်းပါ”
"လီမျိုးနွယ်စုက လီရီရှန်းပါ"
"ကျွန်တော်တို့တွေက တာဟဲဈေးမြို့တော်ကနေ ထျန်းလန်မြို့ကို သွားနေကြတာပါ" ဟု လော့ချန်က နိဂုံးချုပ်လိုက်သည်။
ထိုလူသည် စိတ်သက်သာရာရသွားကာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"တာဟဲက မိတ်ဆွေတွေပဲကိုး"
"ကျုပ်က ဆေးလုံးစိမ်းချိုင့်ဝှမ်းက ထောင်ရိရှန်းပါ၊ ဂါရဝပြုပါတယ်"
တစ်ဦးနှင့်တစ်ဦး သိသွားကြသဖြင့် အခြေအနေမှာ တင်းမာမှု လျော့ကျသွားသည်။
ထောင်ရိရှန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးရှေ့တွင် ရိုင်းပျစွာ မပြုမူရဲသလို လော့ချန်တို့မှာလည်း ကျော်ကြားလှသော ဆေးလုံးစိမ်းချိုင့်ဝှမ်းကို လေးစားမှု ပြရမည်ဖြစ်သည်။
"မိတ်ဆွေထောင်က ကျွန်တော်တို့ကို ဘာကြောင့် တားတာလဲဆိုတာ သိပါရစေ"
ထောင်ရိရှန်းက သူ၏ နောက်ဘက်ကို ညွှန်ပြကာ ဆိုသည်။
"ရှေ့က ယွမ်ကျောက်တိုင်းပြည်ဟာ ကျုပ်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ လက်အောက်ခံ လူသားတိုင်းပြည် ဖြစ်ပါတယ်…. ကျင့်ကြံသူတွေအနေနဲ့ အဆင့် (၁) ကျင့်ကြံသူဆိုရင် ခြောက်လထက် ပိုမနေရသလို၊ အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုရင် ဆယ်ရက်ထက် ပိုမနေရပါဘူး"
"ကျုပ်က ဒါကို သတိပေးဖို့ လာတာပါ"
ဤစကားကို ကြားသောအခါ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ နားလည်သွားကြသည်။
ကျင့်ကြံခြင်းလောကတွင် စည်းမျဉ်းတစ်ခု ရှိသည်။ ဂိုဏ်းကြီးများ၏ လက်အောက်ခံ လူသားတိုင်းပြည်များတွင် ကျင့်ကြံသူများ အကြာကြီး နေထိုင်ခွင့်မရှိပေ။ ၎င်းမှာ ကျင့်ကြံသူများက သာမန်လူများကို နှိပ်စက်မည်စိုး၍ဖြစ်သလို၊ လူသားတိုင်းပြည်မှ ထွက်ရှိသော အရင်းအမြစ်များကို ဂိုဏ်းကြီးများကသာ ရယူလိုခြင်းကြောင့်လည်း ဖြစ်သည်။ လော့ချန်သည်လည်း ဤစည်းမျဉ်းကို သိထားပြီးသား ဖြစ်သည်။ သို့သော် သူ အံ့သြသွားရသည်။
“ရှေ့မှာက ယွမ်ကျောက်တိုင်းပြည်လား”