← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၇) - ယွမ်ကျောက်၏ သမိုင်းကြောင်း၊ ထောင်မျိုးနွယ်စုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ

“ရှေ့မှာက ယွမ်ကျောက် တိုင်းပြည်လား”

လော့ချန် အံ့သြတကြီး မေးလိုက်သည်။

ထောင်ရိရှန်းက ခေါင်းညိတ်ပြကာ “မှန်ပါတယ်.... ဒီတိုင်းပြည်ဟာ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ လက်အောက်ခံ ဖြစ်ခဲ့တာ နှစ်ပေါင်း လေးရာကျော်နေပါပြီ.... မိတ်ဆွေလော့.... ဘာများ ထူးခြားလို့လဲ”

“ဟားဟား....”

လော့ချန် အားရပါးရ ရယ်မောလိုက်သည်။

"တိုက်ဆိုင်လိုက်တာဗျာ၊ ကျွန်တော့်ရဲ့ ဇာတိက ဒီယွမ်ကျောက်တိုင်းပြည်မှာပဲလေ"

“ဗျာ”

ထောင်ရိရှန်းက သူ့ကို မယုံသင်္ကာ ကြည့်လိုက်သည်။ ယွမ်ကျောက်ဇာတိ ဖြစ်ပါလျက် မိမိအိမ်ပြန်လမ်းကို မမှတ်မိသယောင် ရှိနေခြင်းက ထူးဆန်းနေသည် မဟုတ်ပါလား။

လော့ချန်က လက်ကာပြကာ "အဲဒီတုန်းက တိုက်ဆိုင်မှုတစ်ခုကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်သွားပြီး တာဟဲဈေးမြို့တော်ဆီကို ထွက်ခွာသွားခဲ့တာပါ…. အဲဒီတုန်းက ငယ်သေးတော့ ကိစ္စတွေကို သိပ်မမှတ်မိတာကြောင့် အိမ်ပြန်လမ်းကို မေ့နေတာပါ" ဟု ဆိုသည်။

ထောင်ရိရှန်းက မယုံကြည်သလို ထပ်မေးသည်။

“ဟုတ်ရဲ့လားဗျာ”

"မုသားမဆိုပါဘူး…. ယွမ်ကျောက်တိုင်းပြည့်ရဲ့ ပိုင်ရှို့စီရင်စုဟာ ကျွန်တော့်ရဲ့ ဇာတိပါ"

ယွမ်ကျောက်တိုင်းပြည်တွင် ပိုင်ရှို့စီရင်စု အမှန်တကယ် ရှိသည်။ ၎င်းမှာ ချန်းရှန်းစီရင်စုနှင့် ကပ်လျက်ဖြစ်ပြီး တောတောင်ထူထပ်ကာ အလွန်ခေါင်သော နေရာတစ်ခု ဖြစ်သည်။

လော့ချန်က ယဉ်ကျေးသော အပြုံးဖြင့် ပြောလိုက်သည်။

"မိတ်ဆွေထောင်အနေနဲ့ ကျွန်တော့်ကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား.... ဇာတိမြေကို တစ်ခေါက်လောက် ပြန်ကြည့်ချင်လို့ပါ"

"ဒါကတော့...."

ထောင်ရိရှန်း အနည်းငယ် အကြပ်ရိုက်သွားသည်။

သူတင်မကဘဲ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့၏ မျက်နှာတွင်လည်း အခက်တွေ့ဟန်များ ပေါ်လာသည်။ သို့သော် လော့ချန်၏ တည်ငြိမ်သော အကြည့် ကျရောက်လာသောအခါ သူတို့နှစ်ဦးမှာ ဘာမှမပြောဘဲ ငြိမ်သက်သွားကြသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် သုံးဦး၏ ဖိအားကြောင့် ဖြစ်နိုင်သလို လော့ချန်၏ ယဉ်ကျေးပျူငှာမှုကြောင့်လည်း ဖြစ်နိုင်ပေသည်။ နောက်ဆုံးတွင် ထောင်ရိရှန်းက သဘောတူလိုက်တော့သည်။ သို့သော် သူတို့၏ လှေပျံများကို လူမမြင်အောင် ဖုံးကွယ်ထားရန်နှင့် သာမန်လူများကို မထိတ်လန့်စေရန် သူက တောင်းဆိုခဲ့သည်။

လော့ချန်တို့ကလည်း ကောင်းကင်တိမ်တိုက်များကို သုံးကာ လှေများကို ဖုံးကွယ်ပြီး ယွမ်ကျောက်တိုင်းပြည်အတွင်းသို့ အေးဆေးစွာ ဝင်ရောက်ခဲ့ကြသည်။

....

လှေပေါ်တွင် နန်ကုန်းကျင်းက လော့ချန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

“ယွမ်ကျောက်ကို ကျော်သွားပြီး ထျန်းလန် နတ်ဘုရားမြို့တော်ကို တန်းမသွားတာ ဘာလို့လဲ….”

လီရီရှန်းကလည်း "အချိန်ဆွဲနေရင် ဟော်ချွမ် ကျွန်မတို့နောက်ကို မီလာနိုင်တယ်.... မိတ်ဆွေလော့.... ရှင့်ရဲ့ အိမ်လွမ်းစိတ်က တကယ်ပဲ ဒီလောက် အရေးကြီးနေလို့လားရှင်” ဟု စိုးရိမ်တကြီးဖြင့် ဆိုရှာသည်။

လော့ချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဟော်ချွမ်သာ တကယ်လိုက်မယ်ဆိုရင် သူ့အစွမ်းနဲ့ လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက ကျွန်တော်တို့ကို မီနေပြီ"

“အမ်....”

လီရီရှန်းက ပြန်ပြောချင်သော်လည်း ဟော်ချွမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ၇ သို့ တက်လှမ်းနေခြင်းဖြစ်ရာ အချိန်သိပ်မကြာနိုင်ကြောင်း တွေးမိသွားသည်။ သူတို့ လှေပျံနှင့် အစွမ်းကုန် ပြေးနေသော်လည်း ဝါရင့်ကျင့်ကြံသူတစ်ဦး၏ အလျင်ကို မမှီနိုင်ပေ။ သူ ယခုထိ ရောက်မလာခြင်းမှာ တစ်စုံတစ်ရာက သူ့ကို တားဆီးထားခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

လော့ချန်က နန်ကုန်းကျင်းကို ကြည့်ကာ ရှင်းပြလိုက်သည်။

"ထျန်းလန်မြို့ကို သွားမှာကတော့ အသေအချာပဲ၊ ဒါပေမဲ့ မျက်စိစုံမှိတ်ပြီးတော့ မသွားသင့်ဘူး"

နန်ကုန်းကျင်း တွန့်ဆုတ်သွားသည်။

“မင်း ဆိုလိုတာက....”

လော့ချန်၏ လေသံမှာ တည်ငြိမ်နေသည်။

“ထျန်းလန် နတ်ဘုရားမြို့တော်ဟာ ဒီကနေဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် တစ်ရက်တည်းနဲ့ ရောက်နိုင်တဲ့ ခရီးပါ၊ ကျွန်တော်တို့ လှေတွေနဲ့ ဖြည်းဖြည်းသွားရင်တောင် ရက်နည်းနည်းပဲ ကြာမှာ၊ အလောသုံးဆယ် သွားနေမယ့်အစား အဲဒီက အခြေအနေတွေကို အရင် စုံစမ်းဖို့က ပိုအရေးကြီးတယ်"

လီရီရှန်းသည် လော့ချန်၏ အကြံကို သဘောကျသွားသည်။ ဘာမှမသိဘဲ ဇွတ်တိုးခြင်းမှာ ဒုက္ခရှာခြင်းသာ ဖြစ်သည်။ ထိုက်ရှန်းဈေးမြို့တော်သို့ သွားစဉ်ကလည်း ခန်းမျိုးနွယ်စု ရှိနေသေးသည်ဟု ထင်ခဲ့သော်လည်း ဟော်မျိုးနွယ်စုက သိမ်းပိုက်ထားသည်ကို တွေ့ခဲ့ရသဖြင့် အခက်ကြုံခဲ့ရသည်။

"ရှင်က ထောင်ရိရှန်းဆီကနေ သတင်းနှိုက်မလို့လား"

လော့ချန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“အတိအကျပဲ.... ဒီဒေသက ထျန်းလန်နဲ့ မဝေးဘူး.... သူဟာ ဆေးလုံးစိမ်းချိုင့်ဝှမ်းကနေ ဒီကို တာဝန်နဲ့ ရောက်နေတာဆိုတော့ ကျင့်ကြံရေး ပစ္စည်းတွေ လိုအပ်မှာပဲ.... အဲဒီအတွက် အနီးဆုံးနေရာက ထျန်းလန် ဖြစ်တဲ့အတွက် သူ အဲဒီကို ခဏခဏ သွားနေမှာ သေချာတယ်"

နန်ကုန်းကျင်းက မျက်မှောင်ကြုတ်ကာ “သူက ငါတို့ကို ပြောပြပါ့မလား” ဟု မေးလိုက်သည်။

လော့ချန်က ရယ်မောရင်း ဆိုသည်။

“တောင်းဆိုချက်တစ်ခုကိုတောင် မငြင်းရက်တဲ့သူဆီကနေ သတင်းအချို့ နှိုက်ဖို့လောက်က ဘာခက်တာမို့လဲဗျာ...."

....

နာရီဝက်ခန့် ပျံသန်းပြီးနောက် သူတို့၏ လှေပျံမှာ နန်းတော်တစ်ခုအတွင်းရှိ တားမြစ်ထားသော နေရာဖြစ်သည့် ကြယ်တာရာမျှော်စင်သို့ ဆင်းသက်လိုက်သည်။

"ဒါက ကျုပ်တို့ ဂိုဏ်းတပည့်တွေ ခေတ္တနေထိုင်တဲ့ နေရာပါ၊ ယွမ်ကျောက်ဘုရင်နဲ့ တော်ဝင်မိသားစုတောင် ဒီဘက်ကို လာဖို့ မဝံ့ရဲကြဘူး"

လှေပေါ်မှ ဆင်းသက်လာစဉ် အနီးနားရှိ အဆင့်မြင့် အဆောက်အအုံများဆီမှ ကျင့်ကြံသူများ၏ အကြည့်များကို ခံစားလိုက်ရသည်။ အများစုမှာ ချီသန့်စင်အဆင့် (၁) ကျင့်ကြံသူများ ဖြစ်ကြသည်။

လော့ချန်တို့မှာ ပတ်ဝန်းကျင်ကို ကြည့်ရင်း အံ့သြသွားကြသည်။ နန်းတော်အတွင်းရှိ ခမ်းနားထည်ဝါသော အဆောက်အအုံများ၊ တသွင်သွင် စီးဆင်းနေသော ရေကန်ငယ်များနှင့် ရောင်စုံပန်းမန်များ ဝေဆာနေသည့် ပန်းဥယာဉ်ကြီးများမှာ ကျင့်ကြံသူများ၏ ရိုးရှင်းသော နေထိုင်မှုပုံစံနှင့် လုံးဝ ကွဲပြားနေသည်။

"ယွမ်ကျောက်တိုင်းပြည်က ကျုပ်တို့ဂိုဏ်းရဲ့ တစ်ခုတည်းသော လူသားတိုင်းပြည်ဖြစ်လို့ ကျင့်ကြံသူအချို့ အမြဲရှိနေတတ်ပါတယ်"

"အဲဒီ အစောပိုင်းအဆင့် ကျင့်ကြံသူတွေကတော့ အလားအလာရှိတဲ့ ကလေးတွေကို အခြေခံ လေ့ကျင့်ပေးနေတာပါ၊ နောက်မှ ဂိုဏ်းကို ခေါ်သွားမှာ"

"မိတ်ဆွေတို့ ဒီမှာ ခဏနားနိုင်ပါတယ်"

ထောင်ရိရှန်းသည် မိတ်ဆက်ပြီးနောက် ပြန်ရန် ပြင်သော်လည်း လော့ချန်က လှမ်းဆွဲလိုက်သည်။

"မိတ်ဆွေထောင်…. ခင်ဗျား အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တာ မကြာသေးဘူး ထင်တယ်နော်"

ထောင်ရိရှန်းက အံ့သြစွာဖြင့် "မိတ်ဆွေက အမြင်စူးရှသားပဲ.... ဟုတ်ပါတယ်၊ ကျုပ် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တာ ဆယ်နှစ်ပဲ ရှိပါသေးတယ်.... အခြေအနေ တည်ငြိမ်သွားတော့မှ ဒီတာဝန်ကို လာထမ်းဆောင်တာပါ" ဟု ဆိုသည်။

လော့ချန်က ပြုံးလိုက်သည်။

"ဒါဆိုရင် ကျွန်တော်တို့ လေးယောက် ထိုင်ပြီးတော့ ကျင့်ကြံခြင်း အတွေ့အကြုံတွေကို နှီးနှောဖလှယ်ကြရင် မကောင်းဘူးလား"

ထောင်ရိရှန်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

"ကောင်းတာပေါ့၊ ကောင်းတာပေါ့" သူ ဝမ်းသာအားရ သဘောတူလိုက်သည်။

ထောင်ရိရှန်းမှာ ဂိုဏ်းကြီးမှ တပည့်ဖြစ်သော်လည်း နန်ကုန်းကျင်းနှင့် လီရီရှန်းတို့မှာ အတွေ့အကြုံရင့်သော ဝါရင့်ကျင့်ကြံသူများ ဖြစ်သည်ကို သူ တစ်ချက်ကြည့်ရုံဖြင့် သိသည်။ လော့ချန်ကိုယ်တိုင်ကလည်း ထူးခြားသော အရှိန်အဝါ ရှိနေသည်။ သူတို့နှင့် အတွေ့အကြုံ ဖလှယ်ခွင့်ရလျှင် သူ အလွန် အကျိုးရှိမည်မှာ သေချာသည်။

လော့ချန်၏ အကြံမှာ အလွယ်တကူ အောင်မြင်သွားသဖြင့် နန်ကုန်းကျင်းနှင့် လီရီရှန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

‘ဩော်.... ဒီလောက်တောင် လွယ်တာလား’

....

ကျင့်ကြံခြင်း နှီးနှောဖလှယ်ပွဲသည် ကြယ်တာရာမျှော်စင်၌ တစ်ရက်လုံး ကြာမြင့်ခဲ့သည်။

ပွဲအပြီးတွင် ထောင်ရိရှန်းမှာ ကျေနပ်စွာဖြင့် ထွက်ခွာသွားသလို၊ လော့ချန်တို့ သုံးဦးလည်း အလွန်ကျေနပ်သွားကြသည်။ ဆွေးနွေးပွဲအတွင်း လော့ချန်တို့သည် ထောင်ရိရှန်းထံမှ ထျန်းလန်မြို့၏ လက်ရှိအခြေအနေကို သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းခဲ့ကြသည်။

မေးမြန်းပြီးနောက် ထျန်းလန် နတ်ဘုရားမြို့တော် အနီးတစ်ဝိုက်၏ အခြေအနေကို သူတို့ ကောင်းကောင်း သိလိုက်ရသည်။ အခြေအနေမှာ အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း အတွင်းထဲတွင်မူ အပြောင်းအလဲများ ရှိနေသည်။ ဝိညာဉ်သန္ဓေတည် ဂိုဏ်းကြီးနှစ်ခုကြား တိုက်ပွဲမှာ (၆) နှစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် ယခုအခါ အခြားဂိုဏ်းများကိုပါ စည်းရုံးကာ တစ်ဖက်နှင့်တစ်ဖက် အားပြိုင်သည့် စစ်ပွဲရှည်ကြီး အသွင်သို့ ပြောင်းလဲသွားသည်။ အိုက်လောင်တောင်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း တို့မှာ တိမ်ပြိုဂိုဏ်းဘက်မှ ရပ်တည်နေကြသည်။

တစ်ဖက်တွင်လည်း ကျောက်စိမ်းအိုးဂိုဏ်းသည် ၎င်းတို့၏ မဟာမိတ်ဖြစ်သော မီးလျှံမဟာမိတ်ကို သွေးထိုးပေးကာ ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် တိုက်ပွဲငယ်များ ဖြစ်ပွားစေနေသည်။ ထို့ပြင် ဓားဂိုဏ်းသည် မြောက်ဘက်မှ ရေခဲခံတပ်နှင့် ကြားနေဖြစ်သော ဘုရင်မပန်းဂိုဏ်း (ပန်းမျိုးတစ်ရာနန်းတော်) တို့ကိုလည်း သူတို့ဘက်ပါအောင် စည်းရုံးနေကြသည်။

ဤအရာအားလုံးကို ခြုံကြည့်လျှင် အလွန်ပင် ရှုပ်ထွေးနေသည်မှာ ထင်ရှားသည်။ သို့သော် ထျန်းလန် နတ်ဘုရားမြို့တော်မှာမူ ထူးထူးခြားခြား တည်ငြိမ်နေသည်။ အကြောင်းမှာ ထျန်းလန်မြို့သည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း ပူးပေါင်းတည်ထောင်ထားသော မြို့တော်ကြီးဖြစ်သဖြင့် အချင်းချင်း တိုက်ခိုက်နေကြသော်လည်း မြို့ကို မထိခိုက်စေရန် နားလည်မှု ယူထားကြသောကြောင့် ဖြစ်သည်။

"ဒီလိုဆိုရင် ထျန်းလန်ကို သွားတာက အကောင်းဆုံး ရွေးချယ်မှုပဲပေါ့" ဟု နန်ကုန်းကျင်းက တွေးတောစွာ ပြောလိုက်သည်။

လီရီရှန်းက ခေါင်းညိတ်လိုက်ရင်း လော့ချန်ကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“လော့ချန်.... ရှင် တော်တော် အမြော်အမြင် ရှိတာပဲ…. အစကတည်းက နေရာမှန်ကို ရွေးခဲ့တာပဲ"

လော့ချန်မှာ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။ သူသည် အခြားနှစ်ဦးကဲ့သို့ စိတ်မချနိုင်သေးပေ။ ဤတည်ငြိမ်မှုမှာ မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းလည်း ဖြစ်နိုင်သည်။ အကယ်၍ ရေခဲခံတပ်နှင့် ဘုရင်မပန်းဂိုဏ်းတို့ပါ စစ်ပွဲထဲ ပါလာလျှင် ထျန်းလန် နတ်ဘုရားမြို့တော်လည်း လွတ်မည်မဟုတ်ပေ။

ထို့အပြင် ဤတည်ငြိမ်မှု၏ အောက်ခြေတွင် လျှို့ဝှက်ချက်များ ရှိနေနိုင်သည် မဟုတ်ပါလော။

"နှစ်ရက်လောက် နားပြီးရင် ထျန်းလန် နတ်ဘုရားမြို့တော်ကို ချက်ချင်း ထွက်ကြမယ်" ဟု လော့ချန် ခိုင်မာစွာ ပြောလိုက်သည်။

ကျောက်စိမ်းအိုး နယ်မြေတွင် ကောင်းမွန်သော ကျင့်ကြံရေးနေရာ အားလုံးမှာ ပိုင်ရှင် ရှိနေကြပြီးသား ဖြစ်သည်။ ထိုက်ရှန်းဈေးမြို့တော်ရှိ အဆင့်နိမ့် ဝိညာဉ်ကြောလေးပင်လျှင် မျိုးနွယ်စုကြီး နှစ်ခုက ခွဲဝေယူထားကြသည်။ တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်မူ ထျန်းလန်ကဲ့သို့သော မြို့တော်ကြီးများတွင်သာ ဝိညာဉ်ကြောများကို ငှားရမ်း၍ ရနိုင်သည်။ ထိုနေရာသို့ ရောက်မှသာ လော့ချန် သူ၏ ကျင့်ကြံမှုကို ပြန်လည် စတင်နိုင်မည် ဖြစ်သည်။

ထိုအခိုက် နန်ကုန်းကျင်းက စိတ်မရှည်စွာဖြင့် ညည်းညူလိုက်သည်။

“နှစ်ရက်လုံးလုံးလား သိပ်မကြာလွန်းဘူးလား”

လောလောဆယ်တွင် ထျန်းလန်သို့ အရောက်ချင်ဆုံးသူမှာ သူပင် ဖြစ်သည်။ လော့ချန်နှင့် လီရီရှန်းတို့နှင့် မတူဘဲ သူသည် ဒဏ်ရာရထားဆဲ ဖြစ်သည်။ သူ လိုအပ်သည်မှာ ချီစွမ်းအင် ကြွယ်ဝသော နေရာပင် ဖြစ်သည်။ ဝိညာဉ်ကြော ရှိသော နေရာသည်သာ သူ ပြန်လည် နာလန်ထူရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

လော့ချန်က ပြန်ဖြေသည်။

“ကျွန်တော့်အနေနဲ့ ဟန်ဆောင်ပန်ဆောင်လေးတော့ ဇာတိကို တစ်ခေါက် သွားကြည့်ရဦးမယ်လေဗျာ...."

ဤသည်မှာ သဘာဝကျပေသည်။ ယွမ်ကျောက်ကို သူ၏ ဇာတိဟု ပြောထားပြီးမှ တစ်ခေါက်မှ သွားမကြည့်လျှင် သံသယဝင်စရာ ဖြစ်လာပေလိမ့်မည်။

ထို့နောက် သူ လီရီရှန်းကို ကြည့်ကာ ဆိုသည်။

"မိတ်ဆွေလီ…. ခင်ဗျားတို့ မျိုးနွယ်စုက လူတွေ အရမ်းများလွန်းတာက ကျွန်တော်တို့ ခရီးစဉ်ကို နှောင့်နှေးစေတယ်…. ထျန်းလန်မြို့မှာ တစ်ခုခုဖြစ်လာရင် အဲဒီလူတွေက ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တယ်"

လီရီရှန်းက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မငြင်းနိုင်ပေ။

လော့ချန်က ဆက်ပြောသည်။

“ကျွန်တော့်အကြံပြုချက်ကတော့…. ဒီနှစ်ရက်အတွင်းမှာ ခင်ဗျား ထောင်ရိရှန်းနဲ့ စကားပြောကြည့်ပြီး လီမျိုးနွယ်စုက လူအချို့ကို ဒီ ယွမ်ကျောက်မှာ အခြေချပေးလို့ ရမလားဆိုတာ စုံစမ်းကြည့်ပါ…. မိတ်ဆွေလီ.... အများကြီး မတွေးပါနဲ့…. ထျန်းလန်နဲ့ ဒီနေရာက မဝေးဘူး…. အရာအားလုံး တည်ငြိမ်သွားမှ သူတို့ကို ပြန်လာခေါ်လည်း ရတာပဲ"

လီရီရှန်းမှာ တွန့်ဆုတ်နေသော်လည်း နန်ကုန်းကျင်းက ခေါင်းညိတ်ပြသောအခါ သဘောတူလိုက်ရသည်။ အမှန်တကယ်ပင် လူသားများမှာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။

လီရီရှန်း အံကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ၊ မိတ်ဆွေလော့.... ရှင် ပြောတဲ့အတိုင်းပဲ ကျွန်မ လုပ်ပါ့မယ်"

....

နောက်တစ်နေ့ နံနက်စောစောတွင်....။

ယွမ်ကျောက် နန်းတော်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အရှေ့တောင်ဘက်သို့ ဦးတည် ပျံသန်းသွားသည်။

‘ဇာတိ.... ဇာတိ....’

လော့ချန်သည် တိမ်တိုက်ပေါ် ရပ်နေရင်း ခေါင်းခါလိုက်မိသည်။ သူ့တွင် ပြန်စရာ အိမ် မရှိပေ။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ မိဘမဲ့ မဟုတ်သော်လည်း ဆွေမျိုးသားချင်းဟု ဆိုရလောက်စရာ မရှိပေ။ သူသည် သွေးသားဆက်စပ်သူများကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ စစ်မှန်သော ပန်းတိုင်မှာ ပိုင်ရှို့စီရင်စု ပြင်ပရှိ တောတောင်ထူထပ်သော နေရာ၊ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း ကံထူးခဲ့သော နေရာပင် ဖြစ်သည်။

"ဆေးဘုရင်ဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်ဟာ ဘာအကြောင်းမှမရှိဘဲ ဒီလို တောခေါင်တဲ့နေရာမှာ သေဆုံးနေခဲ့တာ.... အရင်ကတော့ မသင်္ကာစရာ မရှိဘူး ထင်ခဲ့ပေမဲ့ အခုတော့ အတော်လေး ထူးဆန်းနေပြီ"

"ပြီးတော့ ထောင်ရိရှန်း ပြောစကားအရ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ တိုက်ခိုက်ခံခဲ့ရဖူးတယ်ဆိုပဲ...."

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်....။

လော့ချန်သည် ထိုအချိန်ကာလကို တွေးရင်း ပြုံးလိုက်မိသည်။ ရုတ်တရက် သူ တောတွင်းတစ်နေရာတွင် ဆင်းသက်လိုက်သည်။ ထို့နောက် သူ၏ နတ်မျက်စိဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရာ မှတ်ဉာဏ်အကြွင်းအကျန်များ၏ လမ်းပြမှုဖြင့် သူ ရှာနေသော နေရာကို မကြာခင်မှာပင် တွေ့လိုက်ရသည်။

လော့ချန် တောင်ခါးပန်းပေါ်သို့ ခုန်ဆင်းလိုက်ပြီး နွယ်ပင်များ ဖုံးအုပ်နေသော လိုဏ်ဂူအဝတစ်ခုသို့ ဝင်ရောက်ခဲ့သည်။ ထိုနေရာတွင် မြေပုံအသေးလေးတစ်ခုကို သူ ချက်ချင်း မြင်လိုက်ရသည်။ သူ ထိုမြေပုံကို ကြည့်လိုက်သောအခါ မှတ်ဉာဏ်များ ပေါ်လာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အသက် ၁၇ နှစ်အရွယ် သူငယ်လေး တစ်ယောက်သည် ကျင့်ကြံသူ အဘိုးကြီး၏ အလောင်းကို တုန်တုန်ရင်ရင်ဖြင့် ဤနေရာတွင် မြှုပ်နှံခဲ့သည်ကို သူ မြင်ယောင်လာသည်။

“တောင်းပန်ပါတယ်....” ဟု သူ တိုးတိုးလေး ပြောလိုက်သည်။

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပုံမှာ ပွင့်ထွက်သွားသည်။ သို့သော် မြေအောက်ကို ကြည့်လိုက်သောအခါ သူ၏ မျက်မှောင်များမှာ ကြုတ်သွားတော့သည်။ မြေအောက်တွင် ဘာမှမရှိဘဲ ဟောင်းလောင်း ဖြစ်နေသည်။ အရိုးစု တစ်ခုပင် မကျန်တော့ပေ။

လော့ချန် မျက်ခုံးပင့်လိုက်ရင်း ရေရွတ်လိုက်သည်။

“စိတ်ဝင်စားစရာပဲ.... တကယ့်ကို စိတ်ဝင်စားစရာပဲ"

သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး မြေပုံကို မူလအတိုင်း ပြန်လုပ်ကာ လှည့်ထွက်လာခဲ့တော့သည်။

....

ကြယ်တာရာမျှော်စင်တွင် ဖြစ်သည်။

လှေပျံ သုံးစင်းမှာ ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ထောင်ရိရှန်းက ပြုံးရွှင်စွာဖြင့် သူတို့ သုံးဦးကို လိုက်လံပို့ဆောင်ပေးသည်။

“မိတ်ဆွေ နန်ကုန်း.... ခင်ဗျားရဲ့ ရိုးသားတဲ့ အကြံပေးချက်တွေအတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားကြောင့် ကျွန်တော် အများကြီး သိလိုက်ရတယ်”

နန်ကုန်းကျင်းက ချောင်းဟန့်လိုက်ရင်း “မလိုပါဘူး.... ခင်ဗျားရဲ့ စကားတွေကလည်း ကျွန်တော့်ရဲ့ သံသယတွေကို ရှင်းပေးနိုင်ခဲ့ပါတယ်.... ကျွန်တော် ဒဏ်ရာသက်သာသွားရင် အခြေခံတည်ဆောက်ခြင်း အဆင့် ၃ ကို တက်လှမ်းနိုင်မှာပါ" ဟု ဆိုသည်။

ထောင်ရိရှန်း ရယ်မောလိုက်သည်။

“ကျွန်တော့်ကို မြှောက်မနေပါနဲ့.... ကျွန်တော်က ရှေ့လူတွေ ပြောပြတာကို ပြန်ပြောပြတာပါ"

လီရီရှန်းသည် သူမ ရှေ့တွင် ရပ်နေသော လူသား သုံးဦးကို တွန့်ဆုတ်စွာ ကြည့်လိုက်သည်။ သူတို့မှာ ကျန်းမာသန်စွမ်းသူများ ဖြစ်ကြပြီး သာမန် ကိုယ်ခံပညာ သင်ယူလိုက်လျှင်ပင် ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်လာနိုင်သူများ ဖြစ်သည်။ သို့သော် သူမ စိတ်ကို တင်းထားလိုက်ပြီး ထောင်ရိရှန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။

“မိတ်ဆွေထောင်.... ကျွန်မရဲ့ မျိုးနွယ်စုဝင်တွေကို စောင့်ရှောက်ပေးဖို့ အားကိုးပါတယ်နော်"

ထောင်ရိရှန်းကလည်း ပြန်လည် ဦးညွှတ်လိုက်ရင်း ဆိုသည်။

“ရပါတယ်ဗျာ အားမနာပါနဲ့.... သူတို့က နဂါးမြင်း တွေကို ကောင်းကောင်း ထိန်းကျောင်းတတ်တယ်ဆိုတော့ ယွမ်ကျောက် တော်ဝင်မိသားစုက သူတို့ကို ဝမ်းသာအားရ လက်ခံမှာပါ"

ထို့နောက် ထောင်ရိရှန်းက လော့ချန်ဆီသို့ လျှောက်လာကာ "မိတ်ဆွေလော့ရဲ့ ဆေးဖော်စပ်မှု အတတ်ပညာကတော့ တကယ်ကို အံ့မခန်းပါပဲ၊ ကျုပ်တို့ဂိုဏ်းက အကြီးအကဲတွေနဲ့တောင် ယှဉ်နိုင်တယ်.... ခင်ဗျားနဲ့ နေ့နေ့ညည ဆေးပညာအကြောင်း ဆွေးနွေးချင်လိုက်တာဗျာ" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အနည်းငယ် ရင်းနှီးသွားသောအခါ ထောင်ရိရှန်းမှာ အလွန်ပင် ဖော်ရွေတတ်သူ ဖြစ်ပြီး မြှောက်ပင့်စကား ပြောရာတွင်လည်း ကျွမ်းကျင်သည်ကို တွေ့ရသည်။

လော့ချန်က နှိမ့်ချစွာဖြင့် "ကျွန်တော့်ရဲ့ အတတ်ပညာက သေးနုပ်ပါတယ်၊ ခင်ဗျားတို့လို ဂိုဏ်းကြီးတွေက ပညာရှင်တွေကို မမှီပါဘူး" ဟု ဆိုသည်။

“အို.... ခင်ဗျားက အရမ်း နှိမ့်ချတာပဲ”

ထောင်ရိရှန်းသည် လော့ချန်ကို အခြားသူများထက် ပို၍ ရင်းနှီးစွာ ဆက်ဆံလေသည်။

“နောက်နှစ်အနည်းငယ်ကြာရင် ကျုပ်ရဲ့ ဒီက တာဝန်ပြီးပါပြီ၊ အဲဒီအခါကျရင် ကျုပ် ထျန်းလန် နတ်ဘုရားမြို့တော်မှာ မိတ်ဆွေလော့ကို လာရှာမှာပါ"

လော့ချန်က ပြုံးလျက် “လာခဲ့ပါဗျာ.... အရက်ကောင်းတွေနဲ့ ကျွန်တော် စောင့်နေပါ့မယ်” ဟု ဖိတ်ခေေါ်လိုက်သည်။

ထောင်ရိရှန်းက လက်သီးဆုပ်ကာ နှုတ်ဆတ်လိုက်သည်။

“ခရီးလမ်း တစ်လျှောက် ဘေးကင်းပါစေ”

"နောက်မှ ပြန်ဆုံကြတာပေါ့"

ထောင်ရိရှန်းသည် ကြယ်တာရာမျှော်စင်တွင် ရပ်နေရင်း လှေပျံ သုံးစင်း တိမ်လိပ်များကြားသို့ တိုးဝင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။

သူ့နောက်တွင် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ တပည့်တစ်ဦး ရောက်လာပြီး “ဦးလေး.... အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူ သုံးယောက်ကို ဘာလို့ ဒီလောက် ယဉ်ကျေးပြနေရတာလဲ” ဟု မေးလိုက်သည်။

ထောင်ရိရှန်းက ခေါင်းခါရင်း ပြောလိုက်သည်။

“တစ်ကိုယ်တော် ကျင့်ကြံသူ ဟုတ်လား.... သူတို့က သာမန်လူတွေ မဟုတ်ဘူးလေ"

တပည့်ဖြစ်သူမှာ နားမလည်သလို ဖြစ်နေသည်။

“ဂိုဏ်းကြီးတစ်ခုရဲ့ အမြင်မှာဆိုရင် တစ်ကိုယ်တော် ကျင့်ကြံသူတွေနဲ့ မျိုးနွယ်စုဝင်တွေဆိုတာ ဘာမှမဟုတ်တဲ့ အရာတွေ မဟုတ်ဘူးလား”

ထောင်ရိရှန်းက တက်ကြွစွာ ပြောလိုက်သည်။

“မင်း နားမလည်ပါဘူး.... ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းဟာ အခုဆိုရင် ဂိုဏ်းကြီးတွေကြားက စစ်ပွဲမှာ ပါဝင်နေရပြီ.... ခြေလှမ်း တစ်ချက်မှားတာနဲ့ ပျက်စီးသွားနိုင်တယ်.... ဒီလူတွေနဲ့ မိတ်ဆွေဖွဲ့ထားတာဟာ အားကိုးတစ်ခု ရှာထားတာပဲ.... ပြီးတော့ ငါ့အစ်မကလည်း ဂိုဏ်းမှာ ရာထူးအတွက် ပြိုင်ဆိုင်နေရတာဆိုတော့.... ဒီလူတွေက သူမကို ကူညီနိုင်မယ့်သူတွေ ဖြစ်လာနိုင်တယ်"

ထောင်ရိရှန်းက အစ်မအကြောင်း ပြောလိုက်သောအခါ တပည့်ဖြစ်သူမှာ ချက်ချင်း သဘောပေါက်သွားသည်။

“ဦးလေးတို့ မောင်နှမနှစ်ယောက်သာ စည်းစည်းလုံးလုံး ရှိနေမယ်ဆိုရင် ထောင်မျိုးနွယ်စုဟာ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ တစ်ချိန်က ဂုဏ်သိက္ခာကို ပြန်ရမှာ သေချာပါတယ်”

ထောင်ရိရှန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

“ငါ ဒီနေ့ ဒီနေရာကို ရောက်နေတာဟာ အစ်မကြီးရဲ့ စောင့်ရှောက်မှုကြောင့်ပဲ.... အခုအချိန်မှာ ငါ တတ်နိုင်သမျှ ပြန်ကူညီပေးရမှာပေါ့"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၈) - ဒါ ထျန်းလျန် နတ်ဘုရားမြို့တော်လား

ကောင်းကင်ယံထက်တွင် ပြင်းထန်သော လေပြင်းများက တိမ်တိုက်များကို လွင့်စင်စေလျက် ရှိသည်။ လှေပျံ သုံးစင်းမှာ မြားတစ်စင်းကဲ့သို့ မြောက်ဘက်သို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

ကျွိ.... ကျွိ….

ဟောင်းနွမ်းလှသော လှေကိုယ်ထည်မှ တကျွိကျွိ အသံများမှာ မပြတ်ထွက်ပေါ်နေ၏။

လှေဦးတွင် ရပ်နေသော လော့ချန်သည် မျက်မှောင်ကြုတ်ကာ ခြေရင်းမှ လှေကို ကြည့်လိုက်သည်။ ဘေးနားရှိ မင်လုံယွီက အမြန်ပင် ပြောလိုက်သည်။

"ကျွန်တော်…. ကျွန်တော် တကယ် သေချာပြင်ထားတာပါ အဖွဲ့ချုပ်ခေါင်းဆောင်ရယ်…."

လော့ချန် ခေါင်းခါလိုက်သည်။

"ဒါ မင်းအပြစ် မဟုတ်ပါဘူး"

မင်လုံယွီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ကောင်းကင်သိန်းငှက်လှေပျံမှာ ယခုအခါ ပျက်စီးယိုယွင်းနေပြီး ပြိုကျတော့မည့် အခြေအနေ ရောက်နေခြင်းမှာ သူ့ကြောင့် မဟုတ်သည်မှာ အမှန်ပင်။

ကောင်းလင်လွင်ပြင် တိုက်ပွဲတွင် ဤလှေမှာ ထိပ်ဆုံးမှ ပါဝင်ခဲ့ရသည်။ ထူရှန်း၏ လေးလံသော မှော်တံဆိပ်ဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ရသလို မြေပြင်သို့ ဆင်းသက်ချိန်တွင်လည်း တာကျန်းဂိုဏ်း ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ဟော်ချွမ်၏ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းရန် ငါးရက်တိုင်တိုင် အနားမယူဘဲ အစွမ်းကုန် ပျံသန်းခဲ့ရသည်။

ပုံမှန်ဆိုလျှင် နှစ်လကြာမည့် ခရီးကို တစ်လမပြည့်မီ ရောက်အောင် လာခဲ့ရသည့်အတွက် တန်ဖိုးကြီး လှေအိုကြီးမှာ မခံနိုင်တော့ခြင်း ဖြစ်သည်။

အမှန်စင်စစ် ဤသည်မှာ လော့ချန်တစ်ယောက် လီရီရှန်းအား သူမ၏ လူအများအပြားကို ထားရစ်ခဲ့ရန် တိုက်တွန်းရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ လူများလွန်းပါက အရှိန်နှေးသည်သာမက လှေမှာလည်း ဝန်ကို မခံနိုင်တော့ပေ။ လော့ထျန်းအဖွဲ့သာမက နောက်ကလိုက်လာသော လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စုတို့၏ လှေများမှာလည်း ဖုန်ထူကာ ပျက်စီးယိုယွင်းနေပုံ ပေါက်နေသည်။

ကံကောင်းသည်မှာ ပန်းတိုင်သို့ ရောက်တော့မည် ဖြစ်သည်။

လှေပေါ်မှ တစ်စုံတစ်ဦးက လှမ်းအော်လိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်…. ဟိုဘက်က မက်မွန်တောင်ကို ကျော်လိုက်ရင် ထျန်းလန် နတ်ဘုရားမြို့တော်ကို မြင်ရပါပြီ"

"မက်မွန်တောင်"

လော့ချန် ထိုအမည်ကို ရေရွတ်ရင်း အောက်ဘက်ရှိ ရှုခင်းကို ငုံ့ကြည့်လိုက်သည်။

ရှေ့တွင် ပြေပြစ်သော တောင်တစ်တောင် ရှိနေသည်။ ၎င်းမှာ အလွန်မမြင့်သော်လည်း အလှအပမှာမူ ငြင်းချက်ထုတ်စရာ မရှိပေ။ တစ်တောင်လုံးတွင် မက်မွန်ပင်များဖြင့် ပြည့်နှက်နေပြီး ပန်းများမှာ လှိုင်လှိုင်ပွင့်နေသည်။ ယခုမှာ မက်မွန်ပန်းပွင့်ချိန် မဟုတ်သော်လည်း ထိုတောင်ပေါ်တွင်မူ ပန်းရောင်၊ အနီရောင်၊ ပန်းနုရောင် ပန်းများမှာ တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။

ပွင့်ချပ်လွှာများမှာ လေထဲတွင် ဝဲပျံနေကြပြီး ထိုပန်းပင်များကြားတွင် လက်ရာမြောက်လှသော အဆောင်ဆောင်၊ အနန်းနန်းများက ထိုးထွက်နေကြသည်။ သွယ်လျလှပသော ပုံရိပ်များမှာ ထိုအဆောင်များကြားတွင် ဟန်ပါပါ သွားလာနေကြပြီး ပန်းပွင့်များကြားတွင် ဆီးနှင်းများ ဝဲကျနေသကဲ့သို့ ထိုအမျိုးသမီးများ၏ အသားအရေမှာ ဝင်းပနေကြသည်။

လော့ချန် မျက်မှောင်ကြုတ်ကာ သူ၏ နတ်မျက်စိကို အားစိုက်ကြည့်လိုက်ရာ ရင်တုန်သွားစေသော မြင်ကွင်းများကို မြင်လိုက်ရသည်။ ၎င်းမှာ အာရုံငါးပါး ကာမဂုဏ်ကို အလူးအလဲ ခံစားနေကြသော ပွဲတော်တစ်ခုနှင့် တူနေသည်။

"အဟမ်း.... အဟမ်း...."

မင်လုံယွီက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"ဒီတောင်က ဘုရင်မပန်းဂိုဏ်းရဲ့ မက်မွန်ဘိုးဘိုး အဆက်အနွယ်တွေ ပိုင်တဲ့ နေရာပါ…. သူတို့ လုပ်ကိုင်တာတွေက.... အသားငါး ကာမဂုဏ် လုပ်ငန်းတွေပေါ့"

လော့ချန်က မျက်ခုံးပင့်လိုက်ရင်း "ဒါဆို တာဟဲစျေးမြို့တော်က ထျန်ရှန်းမျှော်စင်နဲ့ တူတာပေါ့" ဟု မေးလိုက်သည်။

မင်လုံယွီက ခါးသက်သက် ပြုံးလိုက်သည်။

"ထျန်ရှန်းမျှော်စင်လား.... ဒါနဲ့ယှဉ်ရင် အဲဒါက တောတွင်းက ဇရပ်လေးလိုပါပဲ ခေါင်းဆောင်.... မက်မွန်တောင်ဟာ ထျန်းလန် တစ်မြို့လုံးမှာ နာမည်ကြီးတယ်.... အစည်ကားဆုံး ရက်တွေမှာဆို ကျင့်ကြံသူ ထောင်ပေါင် များစွာဟာ ဒီက.... ဝန်ဆောင်မှုတွေအတွက် စုပြုံရောက်လာတတ်ကြတယ်လေ"

လော့ချန်သည် မင်လုံယွီအား ခပ်ကြာကြာ ကြည့်လိုက်ရင်း နောက်ပြောင်သော အပြုံးဖြင့် ဆိုသည်။

"အမယ်.... မင်း တော်တော် နှံ့စပ်နေပါလား.... ရောက်ဖူးတယ်ထင်တယ်"

မင်လုံယွီတစ်ယောက် ပျာပျာသလဲ ငြင်းတော့သည်။

"မဟုတ်ရပါဘူးဗျာ.... ကောလာဟလတွေပဲ ကြားဖူးတာပါ.... ကြားပဲ ကြားဖူးတာ၊ တစ်ခါမှ မရောက်ဖူးပါဘူး"

သူတို့နှစ်ဦး စကားပြောနေစဉ် လှေပေါ်ရှိ ကျင့်ကြံသူများလည်း အောက်ဘက်ရှိ မြင်ကွင်းကို သတိထားမိသွားကြသည်။ မက်မွန်ပင်များ၊ အလှနတ်သမီးလေးများနှင့် တဏှာရာဂ အငွေ့အသက်များမှာ တစ်တောင်လုံးကို မြူခိုးများအလား အတိ ဖုံးလွှမ်းနေလေရာ အချို့မှာ မျက်နှာများ ရဲတက်ကုန်ကြသည်။

အောက်ဘက်တွင်မူ ရဲတင်းသော အမျိုးသမီးကျင့်ကြံသူ အချို့က သူတို့အား မြင်သွားကာ ပိုးလက်ကိုင်ပုဝါများကို ဝှေ့ယမ်းပြနေကြသည်။

"မိတ်ဆွေတို့.... ဆင်းလာပြီး ကစားကြပါဦးလား" ဟု တစ်ဦးက ချိုသာလှသော အသံဖြင့် အော်ဟစ် ဖိတ်ခေါ်လိုက်သည်။

လော့ချန် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ ထျန်းလန်နတ်ဘုရားမြို့တော်၏ အဝင်ဝတွင် ဤကဲ့သို့ ပွင့်လင်းလွန်းသော နေရာမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားမိပေ။ ပိုးပန်းပင်ဂိုဏ်း၏ ထျန်းရှန်းမျှော်စင်မှာ ကလေးကစားစရာမျှသာ ရှိတော့သည်။

လော့ချန် လွမ်းဆွတ်စွာ ရေရွတ်လိုက်သည်။

"အင်း.... မိတ်ဆွေကျန်းသာ ရှိနေသေးရင် ဒီနေရာက သူ့အတွက်တော့ နိဗ္ဗာန်ဘုံပဲ ဖြစ်နေမှာ"

သို့သော် ထိုစကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ စိမ့်ခနဲ ဖြစ်သွားရသည်။ ၎င်းမှာ တတိယအဆင့် မိစ္ဆာဘုရင် သို့မဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြောင့် မဟုတ်ပေ။ သူ့နောက်တွင် မရီးဖြစ်သူ ရှို့ကုသည် သူမ၏ သားလေး ကျန်းယီလုံကို ပွေ့ချီကာ ဖြတ်လျှောက်သွားရင်း သူ့အား အေးစက်စက် တစ်ချက်ကြည့်သွားသောကြောင့် ဖြစ်သည်။ သူ စကားမှားသွားပြီ ဖြစ်သည်။

အောက်ဘက်မှ အမျိုးသမီးများ၏ မြှူဆွယ်သံများကြားမှပင် လှေပျံသည် မက်မွန်တောင်ကို ကျော်ဖြတ်ခဲ့သည်။ ထိုခဏတွင် လော့ချန် အသက်ရှူပင် မှားသွားရသည်။

ကြီးကျယ်ခမ်းနားလှသော မြို့တော်ကြီးတစ်ခုသည် အဝေးတွင် ဝင့်ကြွားစွာ တည်ရှိနေသည်။ ပြာနက်ရောင် မြို့ရိုးကြီးမှာ မိုးကုပ်စက်ဝိုင်း တစ်လျှောက် အဆုံးမရှိ သွယ်တန်းနေသည်။ အမြင့် ပေတစ်ထောင်နီးပါးရှိပြီး မိုင်ပေါင်း ရာချီ ရှည်လျားလေသည်။ မြို့ရိုးပေါ်မှ ထွက်ပေါ်နေသော ချီစွမ်းအင် လှိုင်းများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကျင့်ကြံမှုအဆင့် မြင့်လေ ထိုမြို့ရိုး၏ ထိတ်လန့်ဖွယ် ကောင်းမှုကို ခံစားရလေ ဖြစ်သည်။ ၎င်းမှာ မြို့ကြီးတစ်မြို့နှင့် မတူဘဲ မြေပြင်ပေါ်တွင် ဝပ်စင်းကာ နှစ်ပေါင်းထောင်ချီ အိပ်ပျော်နေသော ရှေးဟောင်း သားရဲကြီးတစ်ကောင်နှင့် တူနေသည်။ အကယ်၍ ၎င်းသာ နိုးထလာပါက မိုင်ပေါင်း တစ်ထောင်အတွင်းရှိ မြေပြင်ကို လောင်ကျွမ်းစေပြီး မြစ်ချောင်းအင်းအိုင်များကို ပြောင်းပြန်လှန်ပစ်နိုင်ပေလိမ့်မည်။

မြို့တော်၏ အလယ်ဗဟိုတွင်မူ တိမ်တိုက်များကြား တိုးဝင်နေသော အလွန်မြင့်မားသည့် တောင်ထိပ်ကြီးတစ်ခု ရှိနေသည်။ ထိုတောင်ထိပ်မှနေ၍ ဖြူဖွေးသော နဂါးကြီးတစ်ကောင် ပြုတ်ကျလာသကဲ့သို့ တဟုန်းဟုန်း မြည်သံနှင့်အတူ ရေတံခွန်ကြီးတစ်ခု စီးဆင်းနေသည်။ ထိုရေတံခွန်သည် ပေတစ်ထောင်နီးပါး ကျယ်ဝန်းပြီး အနက်အဆုံးမရှိသော ရေတံခွန်ကြီး တစ်ခုပင်။ ထိုဒလဟော စီးကျနေသော ရေတံခွန်ကြီး၏ ဘေးပတ်ပတ်လည်တွင် ရောင်စုံအလင်းတန်းများစွာမှာ ပိုးစုန်းကြူးများကဲ့သို့ အဝင်အထွက် ပြုနေကြသည်။ အခြေခံတည်ဆောက်ခြင်း အဆင့်၊ သို့မဟုတ် ရွှေအမြုတေ အဆင့်ရှိသော ကျင့်ကြံသူများ ပျံသန်းနေကြခြင်း ဖြစ်သည်။

လော့ချန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း တိုးညင်းစွာ မေးလိုက်မိသည်။

"အဲဒီ ရေတံခွန်က.... ဘယ်ကနေ စီးကျလာတာလဲ"

သူ့နားထဲတွင် တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ကောင်းကင်ပေါ်က စီးဆင်းကျလာတဲ့ ရေတံခွန်၊ လှိုင်းတံပိုးလို စည်ကားနေတဲ့ မြို့တော်… ဒီနေရာကတော့ ထျန်းလန်နတ်ဘုရားမြို့တော်ပါပဲ”

ထျန်းလန် နတ်ဘုရားမြို့တော်....။

လော့ချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး လှည့်ကြည့်လိုက်ရာ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများအားလုံးမှာ လှေဦးသို့ ထွက်လာကာ မှင်သက်စွာ ငေးမောကြည့်နေကြသည်ကို တွေ့ရသည်။

ဒုတိယ လှေပေါ်တွင် ကုန်းကုန်းကွကွ ဖြစ်နေသော နန်ကုန်းကျင်းသည် ကိုယ်ကို မတ်ရန် ကြိုးစားနေသည်။ ဤကြီးကျယ်ခမ်းနားသော မြင်ကွင်းရှေ့တွင် သူ၏ ပုံစံမှာ ပို၍ပင် နွမ်းလျနေပုံရသည်။ နန်ကုန်းချင်မှာမူ သူ၏ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အံ့သြလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ လီမျိုးနွယ်စု၏ လှေပေါ်တွင်မူ လီရီရှန်းသည် တိတ်ဆိတ်စွာ ရပ်နေရင်း သူမ၏ လှပသော မျက်ဝန်းများတွင် မျက်ရည်စများ ဝေ့သီနေသည်။

ဤနေရာသည်သာ ကျင့်ကြံသူများ အမှန်တကယ် တောင့်တသော နေရာ ဖြစ်ပေလိမ့်မည်။ တာဟဲစျေးမြို့တော်သည်မူ မြို့ပြင်မှ ခေါင်လှသော ရွာငယ်လေးနှင့်သာ တူနေတော့သည်။

အနီးအနားတွင် လီအောက်သည် သူ၏ တည်ငြိမ်မှုကို လုံးဝ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ ထိုမာနကြီးသော လူငယ်လေးမှာ ယခုမူ ကလေးတစ်ယောက်ကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် လှေပေါ်တွင် ပြေးလွှားရင်း အဝေးမှ မြို့တော်ကြီးကို လက်ညှိုးထိုး ပြနေတော့သည်။ သူ၏ မာန်မာနများမှာ အရိပ်အယောင်ပင် မကျန်တော့ပေ။

ရှူး....

သူတို့နောက်မှ အလင်းတန်းတစ်ခု ဖြတ်ပျံသွားသည်။ မက်မွန်တောင်ဘက်မှ လာသော အဝတ်အစား ဖရိုဖရဲနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးပင် ဖြစ်သည်။ ထိုသူသည် လှေများပေါ်မှ ဖြတ်သွားစဉ် "တောကတက်လာတဲ့ ကျင့်ကြံသူလေးတွေပါလား.... ဘယ်လိုလဲ…. ဆွံ့အသွားကြပြီလား" ဟု လှောင်သွားလေသည်။

သူ၏ အသံထဲတွင် ကဲ့ရဲ့မှုများ အထင်းသား ပါဝင်နေသည်။ အဆင့်နိမ့် ကျင့်ကြံသူ အတော်များများမှာ ရှက်လွန်းသဖြင့် မြေကြီးထဲ တိုးဝင်ချင်စိတ် ပေါက်သွားကြသည်။ လော့ချန်ကမူ ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ရင်း သူ၏ ညာလက်ကို မြှောက်လိုက်သည်။

"ခေါင်းကို မော့ထားကြစမ်း….. ရင်ကိုကော့ထား"

"ငါတို့ မြို့ထဲကို ဝင်မယ်"

ရှပ်....

လော့ထျန်းအဖွဲ့သားများအားလုံး ခေါင်းကို ဝံ့ကြွားစွာ မော့လိုက်ကြသည်။

အတိတ်ဟောင်းများကြားတွင် ဝေခွဲမရ ဖြစ်နေသော မင်လုံယွီသည် လော့ချန်ကို လေးစားစွာ ကြည့်လိုက်မိသည်။ ထိုခဏတွင် လော့ချန်ထံမှ ပြင်းပြသော ယုံကြည်ချက်နှင့် ခိုင်မာသော စိတ်ဓာတ်များ ထွက်ပေါ်နေသည်ကို သူ ခံစားလိုက်ရသည်။

ရပ်တန့်နေသော ကောင်းကင်သိန်းငှက်လှေမှာ ပြန်လည် စတင် လှုပ်ရှားလာပြီး ကျန်လှေနှစ်စင်းလည်း နောက်မှ ကပ်လိုက်လာသည်။ တောင်တန်းများစွာနှင့် ကျင့်ကြံသူများစွာ၏ အကြည့်များကို ဖြတ်ကျော်ကာ သူတို့သည် မြို့တော်၏ ကျယ်ဝန်းလှသော ကျုံးကြီးအပြင်ဘက်သို့ ဆိုက်ကပ်လိုက်ကြသည်။

ရုတ်တရက် ပြတ်သားပြီး အမိန့်ဆန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"လှေပေါ်က ဆင်းကြ…. ချီစွမ်းအင်တွေကို ရုပ်သိမ်းလိုက်ကြ”

“ထျန်းလန် နတ်ဘုရားမြို့တော်အတွင်းမှာ ပျံသန်းခွင့် မရှိဘူး…."

"လာရောက်တဲ့ ကျင့်ကြံသူတို့.... ကပ်ထားတဲ့ စည်းကမ်းတွေကို အရင် ဖတ်ကြစမ်း.... မစဉ်းစားဘဲ လုပ်မိရင် မင်းတို့ရဲ့ မာနတင်မကဘူး၊ အသက်ပါ ဆုံးရှုံးသွားလိမ့်မယ်.... တစ်ခုခုဖြစ်မှ ငါ လောင်ရွှီ သတိမပေးဘူး မပြောနဲ့"

ဝတ်ရုံဖြူဝတ် အဘိုးအိုတစ်ဦးက ဝင်ပေါက်တွင် ရပ်ကာ သတိပေးနေခြင်း ဖြစ်သည်။

ထျန်းလန်မှ ကျင့်ကြံသူများအားလုံး၏ အကြည့်မှာ ဖုန်ထူပြီး ပျက်စီးနေသော လှေသုံးစင်းဆီသို့ ရောက်ရှိလာသည်။

"ဟေး.... ကြည့်စမ်း၊ အဲဒီလှေတွေက ဘယ်လိုတောင် ညစ်ပတ်နေတာလဲ.... ဘယ်လောက်ကြာအောင် ခရီးနှင်လာတာလဲ မသိဘူး"

"ဟဲဟဲ.... အရှေ့ဆုံးက လှေဆိုရင် အချိန်မရွေး ပြိုကျတော့မယ့် ပုံပဲ"

"နှစ်အကြာကြီး ပြုပြင်မထားတာ သိသာတယ်.... ဒီလို အမှိုက်တွေကို ဘာလို့ ပျံသန်းခွင့် ပေးထားတာလဲ မသိဘူး"

"သူတို့က ဘယ်သူတွေလဲ"

"မသိပါဘူး.... ဝေးလံတဲ့ တောတွင်းကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဖြစ်မှာပေါ့"

လော့ချန်မှာ ထိုစကားလုံးတိုင်းကို ကြားနေရသည်။ သူ၏ ထက်မြက်သော အာရုံကြောင့် ကဲ့ရဲ့သံများနှင့် တီးတိုးပြောသံများမှာ သူ့နားနား ကပ်၍ ပြောနေသကဲ့သို့ပင်။ သူ ဘာမှ ပြန်မပြောသော်လည်း နှုတ်ခမ်းထောင့်မှ တုန်ယင်သွားမှုက သူ၏ စိတ်မရှည်မှုကို ပြသနေသည်။ သူ လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်သိန်းငှက်လှေမှာ ဖြည်းဖြည်းချင်း ဆင်းသက်လာတော့သည်။ သို့သော် မြေပြင်သို့ မရောက်မီမှာပင် အစောပိုင်းက အဘိုးအို၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ဘယ်မှာ ရပ်တာလဲ.... ဘယ်မှာ ရပ်တာလဲ...."

လှေသုံးစင်းစလုံးမှာ လေထဲတွင် တန့်သွားကြသည်။ လှေကို ထိန်းကျောင်းနေသော တွမ်ဖုန်းတို့မှာ ရှက်လွန်းသဖြင့် မျက်နှာများ နီမြန်းနေကြပြီး ဆင်းရမလို၊ တက်ရမလို ဝေခွဲမရ ဖြစ်နေကြသည်။ သူတို့အောက်တွင် ကျယ်ဝန်းသော ကွင်းပြင်ကြီး ရှိနေသည်မဟုတ်ပါလော။

‘ဒီအဘိုးကြီး.... ခဏလေး ဆင်းတာကို ဘာလို့ ပြဿနာ ရှာနေရတာလဲ’

သို့သော် ဒေါသ မထွက်မီမှာပင် လော့ချန်၏ တည်ငြိမ်သော အသံက အဖွဲ့ဝင်အားလုံး၏ နားထဲသို့ ရောက်လာသည်။

"စိတ်အေးအေး ထားကြ.... ငါတို့က ဒီကို အသစ်ရောက်လာသူတွေပဲ.... ဒေသန္တရ ဓလေ့ထုံးစံတွေကို လိုက်နာရမယ်"

တွမ်ဖုန်းတို့မှာ မကျေမနပ်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

အဘိုးကြီးက ထပ်မံ အော်လိုက်ပြန်သည်။

“နေရာမှားပြီး ရပ်ရင် ဒဏ်ငွေ ဆောင်ရမယ်ဟေ့.... လျိုဇီ ဒီကို လာခဲ့.... ဒီလူတွေကို လှေရပ်နားစခန်းဆီ ခေါ်သွားလိုက်စမ်း"

အဘိုးကြီး၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အနီးအနားတွင် စောင့်နေသော ပိန်ပိန်ပါးပါး လူငယ်လေး တစ်ဦးမှာ မျောက်တစ်ကောင်ကဲ့သို့ လေထဲ ခုန်တက်လာပြီး လှေရှေ့သို့ ရောက်လာတော့သည်။ လော့ချန်က ထိုလူငယ်လေး ရပ်နေခဲ့သော နေရာကို ငုံ့ကြည့်လိုက်ရာ အခြားသော ကျင့်ကြံသူ အချို့မှာ လက်နှေးသွားသဖြင့် မကျေမနပ် ကျိန်ဆဲရင်း လူစုခွဲသွားကြသည်ကို တွေ့လိုက်ရသည်။

‘လမ်းပြလုပ်တဲ့ အလုပ်အတွက်တောင် ပြိုင်ဆိုင်နေရတာလား’

လော့ချန် အံ့သြစွာ တွေးလိုက်မိသည်။ ထိုလူငယ်လေးမှာ ပြုံးဖြီးလျက် လှေဦးပိုင်းသို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ကျွန်တော့်နာမည်က ရွှီရှောင်လျို ပါ.... ဒီက လူတွေကတော့ လျိုဇီ လို့ပဲ ခေါ်ကြပါတယ်.... လူကြီးမင်းတို့ ကြိုက်သလို ခေါ်နိုင်ပါတယ်"

‘နောက်ထပ် ရွှီ တစ်ယောက်လား....’

လော့ချန် တီးတိုး ရေရွတ်ရင်း "လျိုဇီ.... ငါတို့ လှေတွေကို ဘယ်မှာ ရပ်ရမလဲ" ဟု မေးလိုက်သည်။

"ဒီဘက်ကို ကြွပါခင်ဗျာ”

လျိုဇီက ပြုံးပြရင်း ကြာပန်းတိမ်တိုက်တစ်ခုပေါ် ခုန်တက်ကာ ရှေ့မှ ဦးဆောင်သွားတော့သည်။ သူသည် ခဏခဏ နောက်သို့ လှည့်ကြည့်ကာ လော့ချန်အား မြှောက်ပင့်စကားများကို ပန်းပွင့်များ ကြဲချသကဲ့သို့ တဖွဲဖွဲ ပြောနေတော့သည်။

စီမာဟွေ့နန်သည် လော့ချန်၏ နောက်တွင် ရပ်နေပြီး ထိုလူငယ်၏ ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"သူက ချီသန့်စင်အဆင့် ၉ လား"

သူမအနားရှိ မင်လုံယွီက တိုးတိုးလေး ရယ်မောလိုက်ရင်း ဆိုသည်။

"စီမံခန့်ခွဲရေးမှူး.... ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ တစ်ယောက်က ဘာလို့ ဒီလို အောက်ခြေအလုပ်တွေ လုပ်နေရတာလဲလို့ တွေးနေတာလား"

စီမာဟွေ့နန်က ခေါင်းညိတ်ပြသည်။ သူမအတွက်မူ ဤမြင်ကွင်းမှာ လက်ခံရ ခက်ခဲလှသည်။ တာဟဲစျေးမြို့တော် သို့မဟုတ် ထိုက်ရှန်းဈေးမြို့တော်တွင်ဆိုလျှင် ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ တစ်ဦးမှာ လူရိုသေ၊ ရှင်ရိုသေရသော ပုဂ္ဂိုလ် ဖြစ်သည်။ ဂိုဏ်းငယ်တစ်ခု၏ အကြီးအကဲ သို့မဟုတ် အဖွဲ့ခေါင်းဆောင်အဆင့်ပင် ဖြစ်သည်။

သို့သော် ဤနေရာတွင်မူ လမ်းပြအလုပ်ကို ခါးကိုင်းကာ လုပ်ကိုင်နေသည်။ ၎င်းမှာ အလွန်ပင် ကွဲလွဲနေသော မြင်ကွင်း ဖြစ်သည်။ လော့ထျန်းအဖွဲ့ဝင် အတော်များများမှာလည်း ထိုသို့ပင် ခံစားနေရပုံရသည်။

မင်လုံယွီက အဓိပ္ပာယ်ပါပါ ဆက်ပြောသည်။

"ဘာလို့လဲဆိုတော့.... ဒါဟာ ထျန်းလန် နတ်ဘုရားမြို့တော် ဖြစ်လို့ပဲ.... ဒီမှာက ကျင့်ကြံသူတွေက မိုးပေါက်တွေလို များပြားပြီး အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူတွေကလည်း နေရာတိုင်းမှာ ရှိနေတာ…. အဆင့် (၉) ဆိုတာ ဘာမှ မဟုတ်ဘူး"

စီမာဟွေ့နန်က နားထောင်ပြီး ခေါင်းခါလိုက်မိသည်။ ကြားရသော်လည်း လက်ခံရန် ခက်ခဲနေဆဲပင်။

မင်လုံယွီက ဆက်လက်၍ ဆိုသည်။

"ထျန်းလန်လို မသေမျိုး မြို့တော်ကြီးတွေဟာ နယ်မြေအသီးသီးရဲ့ လမ်းဆုံလမ်းခွတွေပဲ.... ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ဆက်သွယ်ပေးတဲ့ အချက်အချာ နေရာတွေပေါ့.... ဒီမှာက အစွမ်းထက်တာထက် စီးပွားရေး၊ အရင်းအမြစ်နဲ့ ဩဇာအာဏာက ပိုအရေးကြီးတယ်.... ဒီလို မြို့ကြီးမှာ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူတွေဟာ အပေါ်ယံ အလွှာထဲကိုတောင် မရောက်နိုင်ကြဘူး"

သူ ပတ်ဝန်းကျင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။

"နောက်ခံမရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေဆိုရင် အနိုင်နိုင် ရုန်းကန်နေရတာ၊ အသေးအဖွဲ အလုပ်လေး တစ်ခုအတွက်တောင် လူတွေဟာ လုယက်နေကြရတယ်၊ ဒီနေရာက ပြိုင်ဆိုင်မှုဟာ ဘယ်ဈေးထက်မဆို ပိုပြင်းထန်တယ်၊ ကိုယ့်မှာ ပါရမီမရှိဘူးဆိုတာ သိတဲ့သူတွေဟာ ထျန်းလန်ကနေ ထွက်ခွာပြီး တောထဲမှာ ကံစမ်းဖို့ သွားကြတာပဲ၊ ကျွန်တော်လည်း အဲဒီလိုပဲ လုပ်ခဲ့တာလေ"

မင်လုံယွီ၏ အသံမှာ တည်ငြိမ်သော်လည်း လေးနက်လှသည်။ သူသည် စီမာဟွေ့နန်ကိုသာ ပြောနေခြင်း မဟုတ်ဘဲ လှေပေါ်ရှိ လော့ထျန်းအဖွဲ့ဝင် အားလုံးကို သတိပေးနေခြင်း ဖြစ်သည်။

လော့ချန်က သူ့ကို တစ်ချက် ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်မှ ပြုံးလိုက်မိသည်။

‘ဒါ မင်းရဲ့ သစ္စာရှိမှုကို ပြနေတာလား.... အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ ကိုယ့်ကိုယ်ကိုယ်တောင် ပါရမီမရှိဘူးလို့ ဥပမာပေးပြီး ပြောနေတာပဲ’

လော့ထျန်းအဖွဲ့မှ အလယ်အလတ်အဆင့် ကျင့်ကြံသူများမှာမူ တုန်လှုပ်သွားကြသည်မှာ သေချာသည်။ သူတို့သည် လော့ချန်၏ ဦးဆောင်မှုအောက်တွင် ကြိုးကြိုးစားစား နေထိုင်ရန် ဆုံးဖြတ်လိုက်ကြပုံရသည်။

‘ဒါပေမဲ့ နည်းနည်းတော့ ချဲ့ကားလွန်းတယ် မင်လုံယွီရာ’

လော့ချန် စိတ်ထဲမှနေ၍ မင်လုံယွီကို ချီးကျူးလိုက်သည်။

ရှေ့မှ ဦးဆောင်နေသော ရွှီရှောင်လျိုက လှည့်ကြည့်ရင်း ပြုံးပြသည်။

"မိတ်ဆွေ.... ခင်ဗျား ထျန်းလန်အကြောင်း တော်တော် သိပုံရသားပဲ"

မင်လုံယွီက သူ၏ ဝတ်ရုံစကို ပြင်လိုက်ရင်း လေးနက်စွာ ပြန်ဖြေသည်။

"ကျွန်တော်က မင်မျိုးနွယ်စုဝင် မင်လုံယွီ ပါ"

ရွှီရှောင်လျိုက အံ့သြသွားရသည်။

"မိတ်ဆွေက မင်မျိုးနွယ်စုကလား.... လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက နာမည်ကြီးခဲ့တဲ့ အစီအရင် မျိုးနွယ်စုလေ"

"ဟုတ်တယ်"

ရွှီရှောင်လျိုက ဆက်ပြောသည်။

"ဟား.... မင်းမျိုးနွယ်စုဝင်တွေ ကျန်နေသေးလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး.... နှမြောစရာပဲ.... ခင်ဗျားတို့ရဲ့ ဒန်ရှားတောင်ထိပ်ဟာ အခုဆိုရင် တစ်ကိုယ်တော် ကျင့်ကြံသူတွေနဲ့ မိစ္ဆာတွေ ခိုအောင်းတဲ့ နေရာ ဖြစ်နေပြီ.... အရင်တုန်းကလို ခန့်ညားထည်ဝါတဲ့ နေရာ မဟုတ်တော့ဘူး.... ခင်ဗျား ပြန်လာတာ မျိုးနွယ်စု နာမည်ကို ပြန်ဆယ်ဖို့လား"

ပြောရင်းနှင့် ရွှီရှောင်လျိုက လော့ချန်ကို တစ်ချက် ကြည့်လိုက်သည်။

‘အခြေခံတည်ဆောက်ခြင်း အဆင့်.... အရှိန်အဝါလည်း ရှိလှချည်လား’

ရွှီရှောင်လျို၏ စကားကြောင့် မင်လုံယွီ၏ အစောပိုင်းက ယုံကြည်မှုများမှာ အနည်းငယ် လျော့ပါးသွားသည်။

"အသက်ရှင်နေရတာတင် ကံကောင်းလှပါပြီ၊ မျိုးနွယ်စု နာမည်ကို ပြန်ဆယ်ဖို့ဆိုတာ ဝေးပါသေးတယ်၊ ပြီးတော့...."

သူ ခပ်ဖျော့ဖျော့ ရယ်လိုက်ရင်း ဆိုသည်။

"ထျန်းလန် နတ်ဘုရားမြို့တော်မှာ အနှစ်တစ်ရာဆိုတာ မျိုးနွယ်စုပေါင်းများစွာ ပေါ်ထွန်းလာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေတာပဲ.... ကျွန်တော့်မျိုးနွယ်စု ပျက်စီးတာက ထူးဆန်းတဲ့ အရာမှ မဟုတ်တာ"

ရွှီရှောင်လျိုက ခေါင်းညိတ်သည်။

"အဲဒါတော့ အမှန်ပဲ ကြေးမုံရေကန်က ဖူမျိုးနွယ်စုကို ကြည့်ဦး.... လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သူတို့ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်.... ဒါပေမဲ့ အနည်းဆုံးတော့ သူတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်က အခြေအနေ မကောင်းတာနဲ့ မျိုးနွယ်စုကို ခေါ်ပြီး ထွက်ပြေးသွားလို့ တော်သေးတာပေါ့.... ခင်ဗျားတို့ မျိုးနွယ်စုလို မဟုတ်ဘူး"

လော့ချန်၏ မျက်ခုံးများမှာ တွန့်သွားသည်။

‘ကြေးမုံရေကန်က ဖူမျိုးနွယ်စုလား.... ငါတို့ နှိမ်နင်းလိုက်တဲ့ အဲ့ဒီ ဖူမျိုးနွယ်စုပဲလား....’

ဖူမျိုးနွယ်စုမှာ ထျန်းလန်မှ လာခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည် မဟုတ်ပေလော။

စီမာဟွေ့နန်က အံ့သြစွာ ကြည့်လိုက်သည်။

မင်လုံယွီက ပုခုံးတွန့်ပြရင်း ဘာမှမတတ်နိုင်ဟန် ပြလိုက်သည်။

စီမာဟွေ့နန်မှာမူ မယုံနိုင်လောက်အောင် ရယ်မောလိုက်မိသည်။

‘ဒါဆို အဲဒါ သူတို့ပေါ့.... ဖူမျိုးနွယ်စုဟာ ထျန်းလန်မှာ မရှင်သန်နိုင်လို့ တာဟဲစျေးမြို့တော်ကို ထွက်ပြေးခဲ့ပေမဲ့၊ အဆုံးမှာတော့ ဒီမှာပဲ ဇာတ်သိမ်းသွားရတာပဲ’

မင်လုံယွီမှာ စိတ်ဓာတ်ပြန်တက်လာပုံရပြီး လေးနက်စွာ ပြောလိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်၊ စီမံခန့်ခွဲရေးမှူး.... မိတ်ဆွေရွှီကို အထင်မသေးနဲ့နော်.... သူလုပ်နေတဲ့ ဒီအလုပ်က တကယ်တော့ ဝင်ငွေ တော်တော်ကောင်းတာ.... ဘယ်သူမဆို လုပ်ခွင့်ရတာ မဟုတ်ဘူး"

လော့ချန်က မျက်ခုံးပင့်လိုက်ရင်း ဆိုသည်။

"ဟမ်.... ဟုတ်လား"

"ထျန်းလန် လှေရပ်နားစခန်းကနေ ကြိုဆိုပါတယ်"

ရွှီရှောင်လျိုသည် လော့ချန်အား ရိုသေစွာ ဦးညွှတ်ရင်း ပြောလိုက်သည်။

လော့ချန်သည် လှေအစွန်းမှနေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ဘက်တွင် ကျယ်ဝန်းလှသော လှေရပ်နားစခန်း ရှိနေပြီး လှေပျံပေါင်း ရာကျော်မှာ စနစ်တကျ ရပ်နားထားကြသည်။ ၎င်းတို့မှာ နေရောင်အောက်တွင် သားရဲကြီးတစ်ကောင်၏ အကြေးခွံများကဲ့သို့ တဖျတ်ဖျတ် တောက်ပနေကြသည်။

အချို့မှာ သေးငယ်ပြီး လူတစ်ဦး နှစ်ဦးသာ ဆံ့သော်လည်း၊ အချို့မှာမူ ပေငါးရာကျော် ရှည်လျားပြီး ထိပ်တန်းအဆင့် မှော်လက်နက်များ၏ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့နှင့် ယှဉ်လျှင် လော့ထျန်းအဖွဲ့၏ ပေသုံးရာခန့်ရှိသော လှေမှာ သာမန် အဆင့်မျှသာ ရှိတော့သည်။

ရွှီရှောင်လျိုက တက်ကြွစွာဖြင့် သူတို့အား လမ်းပြပေးသည်။

"ဒီဘက်ကို ကြွပါ.... ဒီနေရာမှာ အားလုံးကို အဆင်ပြေအောင် လုပ်ပေးပါ့မယ်"

လှေများ အပြည့်အဝ မဆင်းသက်မီမှာပင် သူ လက်နှစ်ဖက်ကို ပါးစပ်နား ကပ်ကာ လှေရပ်နားစခန်း တစ်ခုလုံး ကြားအောင် အော်လိုက်သည်။

"ဟေ့ ဧည့်သည်တွေ လာပြီ ဟေ့လူတွေ.... မြန်မြန်လုပ်ကြစမ်း"

အမှန်စင်စစ် သူ အော်စရာပင် မလိုပေ။ အောက်ဘက်တွင် ဖျင်ကြမ်းဝတ်ရုံဝတ် ကျင့်ကြံသူ အများအပြားမှာ ခေါင်းပြူကြည့်နေကြပြီး စိတ်အားထက်သန်စွာဖြင့် ပြေးလာကြတော့သည်။

လော့ချန် မျက်မှောင်ကြုတ်လိုက်ကာ လက်မြှောက်၍ ထိုသူများကို တားလိုက်သည်။

"နေဦး…. မင်းတို့ ဘာလုပ်ကြမလို့လဲ"

ရွှီရှောင်လျိုက မျက်တောင်ခတ်ရင်း ပြန်ဖြေသည်။

"အကြီးအကဲ.... လှေတွေကဗျာ.... အရမ်း ညစ်ပတ်နေတာပဲ.... မဆေးကြောချင်ဘူးလားဗျ၊ ပြီးတော့ ဒီနေရာက ပြုတ်ထွက်တော့မယ်၊ မပြင်ချင်ဘူးလား....”

“ကျွန်တော်တို့ ရှန်ကုန်းဂိုဏ်းက လှေပြင်တဲ့နေရာမှာ နာမည်ကြီးနော်.... အရင်ကထက် ပိုကောင်းသွားစေရမယ်လို့ အာမခံပါတယ်"

‘လှေဆေးတဲ့ အလုပ်၊ လှေပြင်တဲ့ အလုပ်’

လော့ချန် အံ့အားသင့်သွားသည်။ ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများ ရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။

"အလကားလား"

"မိတ်ဆွေက နောက်နေပြန်ပြီ"

စကားပြောလိုက်သူမှာ ရွှီရှောင်လျို မဟုတ်ပေ။ အရိပ်ရသော နေရာလေးတွင် ထိုင်နေသည့် သန်မာထွားကြိုင်းသော လူတစ်ဦး ဖြစ်သည်။ ထိုသူသည် သူ၏ ဆေးတံမှ မီးခိုးများကို မှုတ်ထုတ်လိုက်ရင်း လော့ချန်ကို ပြုံးပြလိုက်သည်။

လော့ချန် ထိုသူကို ကြည့်လိုက်ရာ သူသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေသည်ကို တွေ့ရသည်။ လှေဆင်းသက်နေစဉ်ကတည်းက ထိုလူ၏ တည်ရှိမှုကို လော့ချန် ခံစားမိခဲ့သည်။ တကယ်တမ်းတွင် ဤမြို့တံခါး အနီးတစ်ဝိုက်၌ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများစွာ ရှိနေကြသည်။

"မင်း နာမည် ဘယ်လို ခေါ်လဲ"

လော့ချန်က တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။

ထိုလူက ပြုံးလျက် "လုရုန်လို့ ခေါ်ပါတယ်"

လုရုန်သည် မတ်တတ်ရပ်လိုက်ရင်း မီးခိုးရောင် ဆေးတံကို ပါးစပ်တွင် တေ့ကာ အားရပါးရ တစ်ချက် ရှူလိုက်သည်။ ထို့နောက် ထူထပ်သော မီးခိုးဖြူများကို မှုတ်ထုတ်လိုက်ရာ ထိုမီးခိုးများမှာ လေထဲတွင် လွင့်စင်မသွားဘဲ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံကာ လှည့်ပတ်နေတော့သည်။ ထို့နောက် အသက်ဝင်နေသကဲ့သို့ပင် ထိုမီးခိုးများသည် သူ၏ အရေပြားပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဝင်သွားတော့သည်။

လော့ချန်မှာ ထိုမြင်ကွင်းကြောင့် အံ့သြသွားရသည်။

‘ဒါ.... သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ဆေးလိပ်သောက်နည်းပဲ.... တစ်ဆင့်ခံ မီးခိုးငွေ့ လုံးဝမရှိဘူး.... အတော်လေး ထူးဆန်းတာပဲ’

လုရုန်က လျှောက်လာရင်း အကြောဆန့်လိုက်ကာ ဆိုသည်။

"မိတ်ဆွေရဲ့ ပြက်လုံးက နည်းနည်းတော့ ရဲတင်းလွန်းတယ်၊ လှေပြင်ရတာဟာ ပင်ပန်းတဲ့အပြင် အချိန်နဲ့ ပစ္စည်းတွေ အများကြီး ကုန်တာ၊ ဘယ်လိုလုပ် အလကား ဖြစ်နိုင်မှာလဲ"

လော့ချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်ဝန်းများမှာမူ အေးစက်နေဆဲပင်။

"ဒါဆိုရင် မင်းလည်း ပြက်လုံးထုတ်နေတာပဲ ဖြစ်ရမယ်"

"အို.... ဟုတ်လား"

လုရုန်က စိတ်ဝင်စားသွားကာ လော့ချန် ဘာဆက်ပြောမည်ကို စောင့်ကြည့်နေတော့သည်။

All Chapters