← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၉) - လူလိမ်လေးတွေ…. မင်းတို့အကြံ ဒါအကုန်လား

မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်မသိ၊ ကျယ်ပြောလှသော လှေရပ်နားစခန်းတစ်ခုလုံးတွင် ကျင့်ကြံသူအုပ်စုငယ်လေးများ တရိပ်ရိပ် ပေါ်လာကြသည်။ သူတို့သည် သုံးယောက်တစ်တွဲ၊ လေးယောက်တစ်အုပ်စုဖြင့် ရောက်ရှိလာကြပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာ ကွဲပြားသော်လည်း ရင်ဘတ်ပေါ်ရှိ တံဆိပ်များမှာမူ ဂိုဏ်းအသီးသီးကို ကိုယ်စားပြုနေကြသည်။ ကြည့်ရသည်မှာ ဤလှေရပ်နားစခန်းကြီးကို ဂိုဏ်းသုံးဂိုဏ်းက ဖက်စပ်လုပ်ကိုင်နေကြခြင်း ဖြစ်ဟန်တူသည်။

လုရုန်တို့၏ ရှန်ကုန်းဂိုဏ်းမှာ ထိုအထဲမှ တစ်ခုဖြစ်သည်။ ကျန်အဖွဲ့နှစ်ဖွဲ့မှ ကျင့်ကြံသူများမှာမူ အဝေးမှနေ၍ အခြေအနေကို ပွဲကြည့်ပရိသတ်သဖွယ် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ သူတို့၏ အမူအရာများမှာ ပေါ့ပါးနေပြီး ပြဇာတ်တစ်ခုကို စောင့်မျှော်နေသကဲ့သို့ပင်။

ထိုအတောအတွင်း နန်ကုန်းကျင်းနှင့် လီရီရှန်းတို့သည် လော့ချန်၏ နောက်သို့ ရောက်နေပြီးဖြစ်သည်။ လော့ချန်က လုရုန်ကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့ ဒီမှာ လာရပ်တာက ဒေသန္တရ ထုံးစံကို လေးစားလို့ပဲ ပြဿနာရှာဖို့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ လှေဆင်းတာနဲ့ မင်းတို့လူတွေက လှေဆေးမယ်၊ ပြင်မယ် ဆိုပြီးပဲ ဇွတ်အတင်း ပြောနေကြတယ်"

သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ လေသံမှာ ဓားတစ်စင်းကဲ့သို့ ထက်ရှလာသည်။

"ကဲ.... အဲ့တော့ ငါ မေးပါရစေ.... အဲဒီအတွက် အဖိုးအခက ဘယ်လောက်လဲ.... ဈေးနှုန်းလည်း အတိအကျမရှိ၊ ကြိုတင်အသိပေးတာလည်း မရှိဘူး.... တကယ်လို့ မင်းတို့က ငါ့လှေကို ဆေးကြောပြီးမှ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ တောင်းရင် ငါ ဘယ်လိုလုပ်မလဲ ဟမ်…."

လော့ချန်၏ မေးခွန်းကြောင့် လုရုန်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ ထို့နောက် ဘေးနားရှိ လျိုဇီကို လှမ်းရိုက်လိုက်သည်။

ဖြောင်း....

ရိုက်ချက်သံ ပြင်းပြင်းတစ်ချက် လေထဲတွင် ဟိန်းထွက်သွားသည်။ အနီးတွင် ရပ်နေသော ရွှီရှောင်လျို၏ ဘယ်ဘက်ပါးပေါ်တွင် နီရဲသော လက်ဝါးရာကြီး ထင်ကျန်ရစ်တော့သည်။

လုရုန်က ဟိန်းဟောက်လိုက်သည်။

"လျိုဇီ မင်း ဘာတွေလုပ်နေတာလဲ.... ဒီလူကြီးမင်းကို လမ်းမှာ ဘာမှ ရှင်းမပြခဲ့ဘူးလား.... အမ်.... မိတ်ဆွေကို ဘယ်လို ခေါ်ရမလဲ"

လုရုန်က စကားကို ရပ်ကာ လော့ချန်ကို ကြည့်လိုက်သည်။

လော့ချန်က နှာခေါင်းရှုံ့လျက် "ငါ့ကို တန်ချန်ဇီလို့ပဲ ခေါ်ပါ" ဟု အေးစက်စွာ ပြောလိုက်သည်။

‘နာမည်ရင်းကို မပြောဘဲ ဘွဲ့အမည်ကိုပဲ ပြောတာလား’

လုရုန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် နောက်ထပ် လက်ဝါးတစ်ချက် ထပ်ကျွေးလိုက်ပြန်သည်။

ဖြောင်း....

ယခုမူ လျိုဇီ၏ ညာဘက်ပါးပေါ်တွင်လည်း လက်ဝါးရာကြီး ထင်သွားပြန်ရာ ဘယ်ညာ ညီညာစွာဖြင့် ကြည့်ရဆိုးလှသော ပုံသဏ္ဌာန် ဖြစ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် လော့ထျန်းအဖွဲ့၊ လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စုမှ ကျင့်ကြံသူများမှာ မှင်သက်သွားကြသည်။ သူတို့သည် မျက်တောင်တခတ်ခတ်ဖြင့် မယုံနိုင်သလို ကြည့်နေကြသည်။ အချို့မှာမူ ထိုသို့သော ရိုင်းစိုင်းသော ဆက်ဆံမှုကို ဒေါသတကြီး ကြည့်နေကြသည်။

လော့ချန်က စိတ်မရှည်စွာ ပြောလိုက်သည်။

"တော်တော့.... ပြောစရာရှိတာပေါ့.... ဒီလို အပေါစား ပြဇာတ်တွေ လာမကပြနဲ့"

လုရုန်က အနေခက်စွာ ရယ်မောလိုက်ရင်း အရိုက်ခံရသူထက် ပိုနာနေသယောင် သူ၏ လက်ချောင်းများကို ပွတ်သပ်နေသည်။

"မိတ်ဆွေ တန်ချန်ဇီ.... စိတ်မဆိုးပါနဲ့၊ ဒါက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပါ.... စိတ်ချပါ၊ ကျွန်တော်တို့ဟာ တရားမျှတတဲ့ စီးပွားရေးသမားတွေပါ.... လိမ်လည်တာ၊ ခြိမ်းခြောက်တာမျိုး လုံးဝ မရှိစေရဘူး"

လော့ချန် လှောင်ပြုံး ပြုံးလိုက်သည်။

‘တရားမျှတတယ်တဲ့လား.... ခုနကသာ လှေကို ပေးကိုင်လိုက်ရင် ငါတို့ဘက်က ဘာတတ်နိုင်တော့မှာလဲ’

လုရုန်က တက်ကြွစွာ ဆက်ပြောသည်။

"လှေဆေးခကတော့ လှေရဲ့ အရွယ်အစားပေါ် မူတည်ပါတယ်.... ၃ ပေအောက်ဆိုရင် ဝိညာဉ်ကျောက်တုံး ၁ တုံး၊ ပေ ၃၀ အောက်ဆိုရင် ၅ တုံး၊ အခု မိတ်ဆွေတို့ရဲ့ လှေကြီးမျိုးဆိုရင်တော့ တစ်ခါဆေးရင် ၅၀ ကျသင့်မှာပါ”

ဈေးနှုန်းကို ကြားလိုက်ရသောအခါ အနောက်ရှိ ကျင့်ကြံသူများကြားတွင် ဆူညံသွားတော့သည်။ သူတို့ တီးတိုး ရေရွတ်ကြသည်။

"ဒါက ဓားပြတိုက်တာထက် ဆိုးနေပါလားဟေ"

"ဒါ အနိုင်ကျင့်တာပဲ" ဟု နောက်တစ်ဦးက ဝင်ပြောလိုက်သည်။

"အဲဒီ ဝိညာဉ်ကျောက်တုံး ၅၀ ဆိုရင် ချီစွမ်းအင်ဖြည့်ဆေး ဈေးတစ်ဝက်စာလောက်ရှိတယ်"

မကျေနပ်သံများက လူအုပ်ကြားတွင် လှိုင်းထသကဲ့သို့ ပျံ့နှံ့သွားသည်။

လီရီရှန်းက ရုတ်တရက် လှည့်ကြည့်ကာ သူမလူများကို စိုက်ကြည့်လိုက်သည်။ သူမ၏ လီမျိုးနွယ်စုဝင်များမှာ တာဟဲစျေးမြို့တော်တွင် အခွင့်ထူးခံများအဖြစ် နေထိုင်လာခဲ့ကြသဖြင့် ပါးစပ်ဖွာတတ်ကြသည်။ ဤ ထျန်းလန် နတ်ဘုရားမြို့တော်ကြီးတွင်ပင် သူတို့၏ အပြုအမူကို မဆင်ခြင်ဘဲ ဒုက္ခရှာနေကြခြင်း ဖြစ်သည်။

ဆန့်ကျင်ဘက်မှာမူ လော့ထျန်းအဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့သည် လော့ချန်၏ နောက်ကျောကိုသာ ရိုသေစွာ စိုက်ကြည့်နေကြပြီး မည်သူတစ်ဦးမျှ စကားတစ်လုံးပင် မဟကြပေ။ နန်ကုန်းမျိုးနွယ်စုဝင်များမှာလည်း ထိုနည်းတူပင် တည်ငြိမ်နေကြသည်။

လီရီရှန်း၏ အကြည့်ကြောင့် မကျေနပ်သံများ တိတ်ဆိတ်သွားတော့သည်။

လုရုန်က ဘာမှမကြားသယောင် ဟန်ဆောင်ကာ ဆက်ပြောသည်။

"စိတ်အေးအေးထားပါ.... ဒါက သာမန် ရေလုံးနဲ့ ပက်ပြီး ဆေးတာမျိုး မဟုတ်ပါဘူး၊ လှေပျံဆိုတာ မှော်လက်နက် တစ်ခုပဲ၊ သေချာ မကိုင်တွယ်ရင် သံချေးတက်တာ၊ ပျက်စီးတာတွေ ဖြစ်တတ်တယ်၊ ပေါ့ပေါ့ဆဆ လုပ်မိရင် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ထိခိုက်နိုင်တယ်၊ သာမန်အချိန်မှာ မသိသာပေမဲ့ အရေးကြုံလာရင် အသက်အန္တရာယ်အထိ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့ရဲ့ ဆေးကြောမှုက အလွန် စေ့စပ်ပါတယ်၊ ရေမှန်ကူ အတတ်နဲ့ အရင် စစ်ဆေးတယ်၊ ပြီးမှ သန့်စင်ခြင်း မှော်အတတ်တွေ၊ ဖုန်မှုန့်ခါတဲ့ အတတ်တွေနဲ့ လုပ်ပြီး ကျွန်တော်တို့ရဲ့ သီးသန့် ဝိညာဉ်ဆေးရည်နဲ့ အဆုံးသတ်တာပါ၊ အစွန်းအထင်း တစ်စက်တောင် မကျန်စေရဘူး"

လုရုန်က လက်ကို မြှောက်ကာ လက်ချောင်းများကို ဖြန့်ပြလိုက်ရာ သူ့ဘေးရှိ လျိုဇီမှာ ရိုက်ခံရမည် စိုးသဖြင့် တွန့်သွားမိသည်။ လုရုန်က လက်ကို ခါယမ်းပြရင်း "၅၀ ဆိုတာ တကယ်တော့ အလကားပေးနေတာနဲ့ တူတူပဲ" ဟု ဆိုသည်။

"၅၀.... အင်း တကယ် မများဘူးပဲ" ဟု လော့ချန်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။

"ဒါဆို လှေပြင်ခကကော"

ကောင်းကင်သိန်းငှက်လှေမှာ တစ်လမ်းလုံး အရှိန်ကုန် မောင်းလာသဖြင့် တကယ့်ကို ပြိုကျတော့မည့် အခြေအနေ ဖြစ်နေသည်။ ဈေးမကြီးလျှင် ပြင်ဖို့ စဉ်းစားနိုင်သည်။ တွမ်ဖုန်းသည် မှော်လက်နက် သွန်းလုပ်ရာတွင် ကျွမ်းကျင်သော်လည်း လှေပျံကဲ့သို့ အကြီးစား မှော်လက်နက်များကိုမူ သာမန်ကာလျှံကာသာ ပြင်နိုင်ခြင်း ဖြစ်သည်။

လုရုန်က ယုံကြည်မှုအပြည့်ဖြင့် ဆေးတံကို ကိုင်ကာ လှေဆီသို့ လျှောက်သွားသည်။ သူသည် ကျွမ်းကျင်သော အမူအရာဖြင့် လှေကိုယ်ထည်ကို ဆေးတံဖြင့် ခေါက်ကြည့်လိုက်၊ စစ်ဆေးလိုက် လုပ်နေသည်။ တစ်ခါတစ်ရံတွင် သူ၏ ဝိညာဉ်အာရုံကို လှေအတွင်းပိုင်းအထိ ထိုးဖောက် စစ်ဆေးနေတော့သည်။

ခဏအကြာတွင် သူ ပြန်လှည့်လာကာ ပြုံးဖြဲဖြဲဖြင့် ဆိုသည်။

"အမှန်အတိုင်း ပြောရရင် မိတ်ဆွေတို့ရဲ့ ဒီလှေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာက ပျံလွှားဂိုဏ်းရဲ့ ထုတ်ကုန်ပဲ.... အခုဆို ဒါက အရမ်းရှေးကျနေပြီ.... အသုံးပြုထားတဲ့ ပစ္စည်းအချို့ဆိုရင် အခု ရှာဖို့တောင် ခက်တယ်.... အစီအရင်ပိုင်းကတော့ ပိုဆိုးတာပေါ့၊ တပ်ဆင်ထားတဲ့ အစီအရင်တွေက ကောင်းပေမဲ့ လှေပျံနဲ့ မကိုက်ညီဘူး၊ ကြည့်ရတာ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်"

ဤစကားကြောင့် မင်လုံယွီ၏ မျက်နှာ ရဲတက်သွားသည်။ သူ အပင်ပန်းခံ တပ်ဆင်ထားသော အစီအရင်မှာ ဝါရင့်ကျင့်ကြံသူ၏ အမြင်တွင် ဟိုမရောက် ဒီမရောက် ဖြစ်နေသည် မဟုတ်ပါလော။

လုရုန်က လက်ချောင်း လေးချောင်း ထပ်ထောင်ပြလိုက်သည်။ အနီးရှိ လျိုဇီမှာ ထပ်အရိုက်ခံရမည် ထင်သဖြင့် တုန်သွားပြန်သည်။

လုရုန်က ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။

"ကျွန်တော် ခန့်မှန်းကြည့်သလောက်တော့ ခင်ဗျားတို့ အကောင်းဆုံး ပြန်ဖြစ်ချင်တယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ထက် မနည်း ကုန်ကျပါလိမ့်မယ်…. မိတ်ဆွေ တန်ချန်ဇီ.... ဒါဟာ လုံးဝ ဈေးမတင်ထားဘူးဆိုတာ ကျွန်တော် ကျိန်ဆိုရဲပါတယ်"

စကားအဆုံးတွင် လုရုန်မှာ မျှော်လင့်ချက်အပြည့်ဖြင့် လော့ချန်၏ တုံ့ပြန်မှုကို စောင့်နေတော့သည်။

လော့ချန် ရုတ်တရက် အားရပါးရ ရယ်မောလိုက်တော့သည်။

"ဟား.... ဟား.... ဟား...."

၎င်းမှာ ဒေါသကြောင့် ထွက်လာသော ရယ်သံပင်။ ထိုဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး အနည်းငယ် ထပ်ပေါင်းလိုက်လျှင် အသစ်စက်စက် အဆင့်မြင့် လှေကြီးတစ်စင်းပင် ဝယ်၍ ရနေပြီ ဖြစ်သည်။ လုရုန်က သူတို့အား ဈေးကွက်မသိသော တောသားများဟု ထင်နေပုံရသည်။

လော့ချန် ရယ်သည်ကို မြင်သောအခါ လုရုန်က သဘောတူသည်ဟု ထင်မှတ်ကာ ပြုံးဖြဲဖြဲဖြင့် ဆိုသည်။

"ဒါဆို မိတ်ဆွေက...."

"မဆေးဘူး" ဟု လော့ချန် ပြတ်သားစွာ ဖြတ်ပြောလိုက်သည်။

"ဗျာ"

လုရုန်မှာ မျက်တောင်တခတ်ခတ်ဖြင့် ကြောင်သွားသည်။

လော့ချန်က ဆက်ပြောသည်။

"မပြင်ဘူး"

"အဲ...."

လုရုန်၏ အပြုံးများ ပျောက်ကွယ်သွားသည်။

"မိတ်ဆွေ.... ခင်ဗျား ကျွန်တော့်ကို လာနောက်နေတာလားဗျာ"

လော့ချန်၏ အပြုံးများလည်း ပျောက်ကွယ်သွားကာ ပြောလိုက်သည်။

"မြို့တံခါးက အဘိုးကြီးက ငါတို့ကို ဒီမှာ လှေရပ်ဖို့ပဲ ပြောတာ…. မဖြစ်မနေ ဆေးရမယ်၊ ပြင်ရမယ်လို့ မပြောဘူး"

လုရုန် ဆွံ့အသွားပြီး ဒေါသတကြီးဖြင့် ပြုံးလိုက်သည်။ သူသည် လော့ချန်နှင့် ဆက်၍ စကားမပြောတော့ဘဲ အရိပ်အောက်သို့ ပြန်သွားကာ ဆေးတံကိုသာ ဖွာနေတော့သည်။

လော့ချန်က သူ့ကို တစ်ချက်ကြည့်ပြီးမှ လျိုဇီဘက် လှည့်ကာ မေးလိုက်သည်။

"လှေရပ်ခက ဘယ်လောက်လဲ"

စောစောက တက်ကြွမှုများ လုံးဝ ပျောက်ကွယ်သွားသော လျိုဇီက ကြောက်ကြောက်လန့်လန့်ဖြင့် ဆိုသည်။

"ဒီလို လှေအရွယ်အစားဆိုရင် တစ်ရက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ကျသင့်ပါမယ်"

"အချိန်ကန့်သတ်ချက် ရှိလား"

"ဟုတ်ကဲ့…. တစ်လကျော်သွားရင်တော့ တစ်ရက်ကို နှစ်တုံး ဖြစ်သွားပါလိမ့်မယ်"

လော့ချန်က "ဒီမှာထားရင် ငါတို့ရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အခိုးခံရတာမျိုး မရှိဘူးလို့ ဘယ်လို အာမခံမလဲ" ဟု ထပ်မေးလိုက်သည်။

"ထျန်းလန်မြို့က အုပ်ချုပ်သူတွေက ဒီမှာ ပုံရိပ်ဖမ်းမှန်ချပ်တွေ တပ်ထားပါတယ်…. အမြဲတမ်း စောင့်ကြည့်နေတာပါ…. တကယ်လို့ ခိုးယူတာ ရှိခဲ့ရင် မြို့ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သူခိုးကို ဖမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ"

လော့ချန်၏ လေသံမှာ အနည်းငယ် ပျော့သွားကာ "တကယ်လို့ ရပ်ထားတုန်း လှေ ထိခိုက်ပျက်စီးသွားရင်ကော" ဟု ဆက်မေးလိုက်သည်။

"အဲဒါ.... အဲဒါမျိုး မဖြစ်နိုင်ပါဘူး"

"ကောင်းပြီ…. ဆယ်ရက်စာ ပေးမယ်"

လော့ချန် ပြောလိုက်သည်နှင့် စီမာဟွေ့နန်က ရှေ့သို့ လှည့်လာပြီး လျိုဇီ၏ လက်ထဲသို့ ဝိညာဉ်ကျောက်တုံး ဆယ်တုံး ထည့်ပေးလိုက်သည်။

"ကျွန်မတို့လည်း ဆယ်ရက်စာ ရပ်မယ်"

လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စုတို့ကလည်း ထိုနည်းတူပင် ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးကြသည်။

လျိုဇီသည် ဝိညာဉ်ကျောက်တုံးများကို ယူကာ လှေရပ်နားစခန်းအစွန်းရှိ အဆောင်လေးထဲသို့ အပြေးအလွှား သွားခဲ့သည်။ ခဏအကြာတွင် သူသည် ထူးဆန်းသော တံဆိပ်ပြား သုံးခုကို ကိုင်ဆောင်ကာ ပြန်လာခဲ့သည်။ ၎င်းမှာ သစ်သားလည်းမဟုတ်၊ သံလည်းမဟုတ်သော ပစ္စည်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

"ဒါတွေက မိတ်ဆွေတို့ရဲ့ ရပ်နားခွင့် တံဆိပ်တွေပါ.... နောက်ပိုင်း ငွေရှင်းတဲ့အခါ ဒါတွေ လိုပါလိမ့်မယ်"

လုရုန်သည် သူ၏ အဆောင်အောက်မှနေ၍ မီးခိုးများ မှုတ်ထုတ်ရင်း တိတ်တဆိတ် ကြည့်နေခဲ့သည်။ လော့ချန်တို့ ထွက်သွားတော့မည်ဟု ထင်နေစဉ်မှာပင် လော့ချန်က ရုတ်တရက် နောက်ပြန်လှည့်ကာ လျိုဇီကို ကြည့်လိုက်သည်။

"ငါတို့ လမ်းပြတစ်ယောက် လိုတယ်…. မင်း မုန့်ဖိုးလေး ဘာလေး ရချင်လား"

လျိုဇီမှာ ခဏတာ မှင်သက်သွားပြီးမှ ဝမ်းသာအားရဖြင့် သူတို့နောက်သို့ အပြေးအလွှား လိုက်လာသည်။ လော့ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း လုရုန်ဘက်သို့ အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး သူ၏ လူများကို ဦးဆောင်ကာ ထွက်ခွာခဲ့တော့သည်။

သူတို့ ထွက်သွားပြီးနောက် ရှန်ကုန်းဂိုဏ်း၏ တစ်ဖက်ခြမ်းမှ ကျင့်ကြံသူများက အားရပါးရ ရယ်မောလိုက်ကြသည်။

"လုရုန် အရှက်ကွဲပြီဟေ့" ဟု တစ်ဦးက ဝမ်းသာအားရ အော်လိုက်သည်။

"သွားစမ်းပါ"

"လုရုန်.... စီးပွားရေးလုပ်တာကို နည်းနည်း ယဉ်ကျေးယဉ်ကျေး လုပ်သင့်တယ်ကွ၊ လူတိုင်းကို ဒီလို အမြတ်ကြီးစားဖို့ပဲ မစဉ်းစားပါနဲ့၊ မင်းသာ ယဉ်ကျေးခဲ့ရင် ဒီလို ဘယ်ဖြစ်မလဲကွာ" နောက်တစ်ဦးက လှောင်ပြောင်လိုက်သည်။

"လခွမ်းပဲ"

လုရုန်၏ မျက်နှာမှာ မည်းမှောင်နေပြီး လော့ချန် ထွက်သွားသည့် ဘက်ကို မိုက်ကြည့်ကြည့်ကာ ကျိန်ဆဲနေတော့သည်။

"တောက်…. ကပ်စေးနှဲတွေ.... ဘာမှ ညှစ်ထုတ်လို့ကို မရဘူး….”

သူသည် ဆေးတံကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးမှ မီးခိုးများကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုပ်ယူလိုက်သည်။ သူ၏ အကြည့်မှာ ဝေ့ဝဲသွားပြီးမှ လှေရပ်နားစခန်းတွင် ရပ်ထားသော ကောင်းကင်သိန်းငှက် လှေဆီသို့ ရောက်သွားသည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၃၀) - လော့ချန် ပြောတာလဲ မမှားပါဘူး

"ဈေးကြီးလိုက်တာ"

"အဟုတ်ပဲ.... လှေပျံတစ်စင်း ရပ်ဖို့တင် တစ်ရက်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးတဲ့"

"တကယ်တော့ ရပ်နားခက ထားပါတော့.... လှေအကြီးကြီးတွေကို သာမန် သိုလှောင်အိတ်ထဲ ထည့်လို့မှမရတာ.... ငါတို့မှာလည်း တည်းခိုဖို့နေရာ မရှိသေးတော့ လူငှားစောင့်ခိုင်းတယ်လို့ပဲ သဘောထားရမှာပဲ.... အဆိုးဆုံးက ဟို လှေဆေးခနဲ့ ပြင်ခပဲ" ဟု နောက်တစ်ဦးက ဝင်ပြောသည်။

"တောက်.... ငါတို့ကို ငတုံးတွေလို့ မှတ်နေကြတာပဲ"

"အမလေး ချန်ထုံရယ်.... မင်းကများ ပြောရသေးတယ်.... တာဟဲစျေးမြို့တော်မှာ အဆုံးအမြတ်စင်မြင့် ဖွင့်တုန်းက မင်းလည်း အပြင်လူတွေကို အဲ့လိုပဲ အနိုင်ကျင့်ခဲ့တာပဲ မလား...."

ချန်ထုံက နေရခက်စွာ "ဟေ့လူ.... အဲဒါက အရင်တုန်းကလေ.... အခုက အခုပေါ့.... ငါတို့အားလုံးက ညီအစ်ကိုတွေပဲဟာကို" ဟု ရယ်မောရင်း ဆိုသည်။

ကျန်တစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်က တော်တော် လူတွေအကြောင်း နောကြေတာပဲ.... အဲ့လူတွေ လူလိမ်တွေဆိုတာ မြင်မြင်ချင်း သူ သိတာပဲ"

"ဟုတ်တယ်.... သူတို့ လှေဆေးပေးမယ် ပြောတုန်းက တကယ်တော့ ငါတောင် ဝမ်းသာသွားသေးတယ်...."

"အဖွဲ့ချုပ်ခေါင်းဆောင်နောက် လိုက်ရင်တော့ ဘယ်တော့မှ မမှားဘူး.... သူက ငါတို့ကို ဘယ်တော့မှ ဒုက္ခတောထဲ တွန်းမပို့ဘူး"

"ငါ သိချင်တာက ငါတို့ ဘယ်မှာ တည်းကြမလဲ ဆိုတာပဲ.... ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲ မသိဘူး"

"အများကြီး မတွေးပါနဲ့ဦး.... အရင်ဆုံး ဒီ နတ်ဘုရားမြို့တော်ကြီးရဲ့ အလှကို ခံစားကြရအောင်"

"အေးကွာ.... အဝေးကကြည့်တာတောင် တော်တော် ထည်ဝါတာ.... အနီးကပ်ဆိုရင် ဘယ်လိုနေမလဲ မသိဘူး"

အနောက်ဘက်မှ ကျင့်ကြံသူများ၏ စကားသံများမှာ ယင်ကောင်အုပ်ကြီးကဲ့သို့ တစီစီ မြည်နေပြီး လှောင်ပြောင်သံများနှင့် ဝင့်ကြွားသံများ ရောပြွမ်းနေသည်။ သို့သော် လော့ချန်မှာမူ စကားတစ်လုံးမှ မကြားသကဲ့သို့ ရှေ့ဆက် လျှောက်နေသည်။

သူ ရွှီရှောင်လျိုကို ဘေးတိုက် ကြည့်ရင်း ပြောလိုက်သည်။

"လျိုဇီ.... မင်း အဲ့အပြင်လူတွေနဲ့ ပေါင်းပြီး ငါ့အပေါ် ဒီလိုလုပ်တာကတော့ကွာ.... ငါ ရင်နာတယ်"

လျိုဇီမှာ ကြောင်အသွားရသည်။

‘ဟမ်.... ခင်ဗျားကမှ အပြင်လူလေဗျာ.... မဟုတ်ဘူးလား’

လျိုဇီသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း ပြုံးကာ "အကြီးအကဲ.... ကျွန်တော် မှားသွားပါတယ်.... ကျွန်တော့်ကို မသတ်ပါနဲ့နော်.... ကျွန်တော့် ဦးလေးက ရေခဲခံတပ်က ကျင့်ကြံသူ တစ်ယောက်ပါ.... ကျွန်တော် ကျိန်ဆိုရဲပါတယ်" ဟု ဆိုသည်။

လော့ချန်က မျက်ခုံးပင့်လိုက်ရင်း "မင်းဦးလေး.... ဩော်.... မြို့တံခါးက အဲ့အဘိုးကြီးလား" ဟု မေးလိုက်သည်။

"ဟုတ်ပါတယ်.... ဟုတ်ပါတယ်" လော့ချန် စိတ်ဆိုးမည် စိုးသဖြင့် သူ ခေါင်းကို ဆက်တိုက် ညိတ်ပြနေတော့သည်။

"ဒါဆို မင်းက ရေခဲခံတပ် အဖွဲ့ဝင်လား"

"မဟုတ်ပါဘူး" ဟု လျိုဇီက ပြန်ဖြေသည်။

"တစ်ကိုယ်တော် ကျင့်ကြံသူလား"

"ဟုတ်ကဲ့"

သူ ခေါင်းညိတ်ပြနေရင်းမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားသည်။

"နေဦး.... အကြီးအကဲ.... ကျွန်တော်ဟာ ရှန်ကုန်းဂိုဏ်းက မဟုတ်ဘူးလို့ ဘယ်လို သိတာလဲ"

လော့ချန်က သူ၏ မေးစေ့ကို လျိုဇီဘက်သို့ ထိုးပြလိုက်သည်။

"မင်းရဲ့ ဝတ်ရုံကြောင့်ပေါ့"

လျိုဇီက သူ၏ ရိုးရှင်းသော ဝတ်ရုံဖြူကို ငုံ့ကြည့်လိုက်မှ အဖြေကို သိသွားတော့သည်။

သူ၏ ဝတ်ရုံမှာ ရှန်ကုန်းဂိုဏ်းသားများ၏ ဝတ်ရုံ မဟုတ်ပေ။ လော့ချန် သဘောကျစွာ ရယ်မောလိုက်သည်။ အမှန်စင်စစ် ဝတ်ရုံကြောင့်သာ မဟုတ်ပေ။ လျိုဇီ၏ လက်ဖဝါးများတွင် ရှန်ကုန်းဂိုဏ်းသားများကဲ့သို့ အချိန်ကြာမြင့်စွာ အလုပ်လုပ်ထားသည့် အသားမာများ မရှိသည်ကို လော့ချန် သတိပြုမိသည်။ ပို၍ အရေးကြီးသည်မှာ လှေဆေးရာတွင် သုံးသော အထူးသန့်စင်ဆေးရည်၏ ပြင်းရှရှ အနံ့မှာ လျိုဇီထံတွင် မရှိပေ။ လော့ချန်သည် သန့်စင်ခြင်း မှော်အတတ်တွင် အထွတ်အထိပ်သို့ ရောက်ရှိထားသူ ဖြစ်သဖြင့် ထိုကဲ့သို့သော အနံ့များကို အလွန် အာရုံခံနိုင်စွမ်း ရှိသည်။ လျိုဇီထံတွင် ထိုအနံ့ မရှိသည်မှာ သူသည် ထိုအလုပ်ကို ကျွမ်းကျင်သူ မဟုတ်ကြောင်း သက်သေပြနေသည်။

"မင်းဦးလေးက ရေခဲခံတပ်ကဆိုရင် လုရုန်က ဘာလို့ မင်းကို လူပုံအလယ်မှာ ဒီလောက်အထိ အရှက်ခွဲရဲတာလဲ.... ပြီးတော့ သူတို့က မင်းကို ဘယ်လောက်ပေးလို့ ဒီလောက် အားကြိုးမာန်တက် ဖောက်သည်ရှာပေးနေတာလဲ”

လျိုဇီက ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်လိုက်ရင်း ဆိုသည်။

"တစ်ဆယ် ရာခိုင်နှုန်းပါ"

"အမြတ်ရဲ့ တစ်ဆယ် ရာခိုင်နှုန်းလား"

"မဟုတ်ပါဘူး၊ ရတဲ့ အဖိုးအခရဲ့ တစ်ဆယ် ရာခိုင်နှုန်းပါ"

"ဒါကြောင့်ကိုး"

လော့ချန် သဘောပေါက်သွားသည်။ "တကယ်လို့ ငါ့လှေကို ပြင်ဖြစ်ခဲ့ရင် မင်းက ဝိညာဉ်ကျောက်ခဲ ရာနဲ့ချီ ရမှာကိုး.... ဒီနေ့တော့ မင်း ကံဆိုးတာပဲ.... ပါးနှစ်ချက်ပဲ အရိုက်ခံလိုက်ရတယ်"

လျိုဇီက ရင်ဘတ်ကို ပုတ်လိုက်ရင်း "ဒါက တန်ပါတယ်ဗျ" ဟု ဆိုသည်။

"ဟမ်"

လျိုဇီက ဂုဏ်ယူစွာ ရှင်းပြသည်။

"ကျွန်တော်က ထျန်းလန် နတ်ဘုရားမြို့တော်မှာ ကြီးပြင်းလာတာ.... ဒီနေရာရဲ့ အကြောင်းကို ကျွန်တော် အကုန်သိတယ်.... ပြီးတော့ ဦးလေးကလည်း ရေခဲခံတပ်မှာ မြို့စောင့်တာဝန် ကျနေတာ ဆယ်နှစ်ရှိပြီ.... ဒါကြောင့် သူတို့က ကျွန်တော့်ကို လှေရပ်နားစခန်းမှာ အလုပ်လုပ်ခွင့် ပေးထားတာ"

လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။

‘ဒါဆိုရင်တော့ အဆင်ပြေပြီ’

လျိုဇီကဲ့သို့ လူမျိုး လမ်းပြအဖြစ် ပါလာခြင်းက နောင်တွင် ကြုံတွေ့ရမည့် အခက်အခဲများစွာကို ရှောင်လွှဲနိုင်လိမ့်မည်။ သူသည် လော့ချန် အမှန်တကယ် လိုအပ်နေသော လူစားမျိုးပင်။ မြို့၏ အခြေအနေကို သိရှိရုံသာမက လမ်းဘေးကောက်ကျစ်မှုများကိုလည်း ကျွမ်းကျင်သူ ဖြစ်သည်။

မင်လုံယွီမှာ ပါရမီရှိပြီး အတွေ့အကြုံများသော်လည်း ထျန်းလန်နှင့် ဝေးကွာနေသည်မှာ ကြာပြီ ဖြစ်သည်။ မြို့တော်ကြီးမှာ တစ်ရက်နှင့်တစ်ရက် ပြောင်းလဲနေသဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထွက်ခွာသွားသူ တစ်ဦးအဖို့ လိုက်မှီရန် ခက်ခဲပေလိမ့်မည်။ လော့ချန်အတွက်မူ လျိုဇီကဲ့သို့ ဖြတ်ထိုးဉာဏ်ကောင်းပြီး စပ်စပ်စုစု ရှိသော ဒေသခံတစ်ဦးက ပို၍ အသုံးဝင်ပေသည်။

လော့ချန်က သဘောကျသော အမူအရာဖြင့် "ကဲ.... မင်းမှာ နောက်ထပ် ဘာလှည့်ကွက်တွေ ကျန်သေးလဲ" ဟု မေးလိုက်သည်။

လျိုဇီက ခေါင်းကို ဆက်တိုက် ခါယမ်းပြသည်။

"မရှိတော့ပါဘူး…. လုံးဝ မရှိတော့ပါဘူးဗျာ"

သူ မဝံ့ရဲတော့ပေ။ သူ့ရှေ့ရှိ အမျိုးသားမှာ ဘာမှမသိသော ငတုံး မဟုတ်ပေ။ မာနကြီးသူလည်း မဟုတ်၊ အနိုင်ကျင့်သူလည်း မဟုတ်သော်လည်း အရေးကြီးဆုံးမှာ သူသည် အားနည်းသူ မဟုတ်ခြင်းပင်။ လုရုန်နှင့် စကားအနည်းငယ် ပြောရုံဖြင့် လှေရပ်နားစခန်း၏ အသေးစိတ် အချက်အလက် အားလုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် အသာစီးရယူသွားနိုင်သည်။

လော့ချန် ပေါ့ပေါ့ပါးပါးပင် ထပ်မေးလိုက်သည်။

"ဒါဆို ရှန်ကုန်းဂိုဏ်းရဲ့ အခြေအနေက ဘယ်လိုလဲ"

လျိုဇီက နှာခေါင်းရှုံ့လိုက်ရင်း "အခြေအနေကတော့ မကောင်းပါဘူး.... တစ်ဂိုဏ်းလုံးမှာ နာမည်မရှိတဲ့သူ နှစ်ယောက် သုံးယောက်လောက်ပဲ ရှိတာ.... သူတို့က ကံကောင်းလို့ ပညာရပ်ကောင်း တချို့ကို ရခဲ့တာ၊ ပြီးတော့ လက်သိပ်ထိုး ငွေပေးပြီး ဒီလှေရပ်နားစခန်းက နေရာလေးတစ်ခုနဲ့ မြို့ထဲက အသေးစား စီးပွားရေးလေးတွေကို လုပ်ကိုင်နေတာပါ"

သူ ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်လိုက်ရင်း ဆိုသည်။

"ကျွန်တော် သူတို့ကို ကူညီပေးရတာကတော့...."

"အင်း.... ပြောစမ်းပါဦးကွ"

"ဟုတ်ကဲ့.... အဲ"

လျိုဇီက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဂိုဏ်းထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက် ရှိပါတယ်၊ သူတို့က တစ်လှည့်စီ စီမံခန့်ခွဲကြတာ...."

သူတို့ သတိမထားမိခင်မှာပင် မြို့ရိုးဆီသို့ ပြန်ရောက်လာကြသည်။

"အကြီးအကဲ.... အားလုံး မြို့ထဲကို ဝင်ကြမှာလား"

လော့ချန်က ခပ်အေးအေးပင် ခေါင်းညိတ်ပြသည်။

"အင်း"

လျိုဇီက ခေါင်းကို ကုတ်ရင်း မတတ်သာသလို လေသံဖြင့် ဆိုသည်။

“မြို့ထဲဝင်ခက တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးစီ ကျမှာပါ.... ပြီးတော့ တစ်ရက်ပဲ နေခွင့်ရှိတာ၊ ထွက်ပြီး ပြန်ဝင်ရင် ထပ်ပေးရမယ်.... နည်းနည်းတော့ ဈေးကြီးတယ်ဗျ"

ပြောနေရင်းနှင့် သူ လော့ချန်ကို မသိမသာ ခိုးကြည့်လိုက်သည်။ ဤသူမှာ အမှန်တကယ် ငွေကြေးကြွယ်ဝလွန်း၍ အမှုမထားသူလော သို့မဟုတ် အလွန်အမင်း နှမြောတတ်သူလောဆိုသည်ကို သူ ဝေခွဲမရ ဖြစ်နေသည်။ လှေရပ်နားစခန်းတွင် လော့ချန်သည် လှေဆေးခကိုပင် မပေးလိုခဲ့ပေ။ သို့သော် သူ၏ ဝတ်ရုံမှာ တောက်ပြောင်နေပြီး သူ၏ အရှိန်အဝါမှာလည်း လူဆင်းရဲတစ်ဦးနှင့် လုံးဝ မတူပေ။

လော့ချန်က ပြုံးလိုက်ရင်း စီမာဟွေ့နန်ကို အချက်ပြလိုက်သည်။ စီမာဟွေ့နန်က စကားတစ်လုံးမှ မဆိုဘဲ ရှေ့သို့ တိုးလာကာ လျိုဇီကို လိုက်ခဲ့ရန် အချက်ပြသည်။ သူတို့နှစ်ဦးသည် မြို့ဝင်ကြေး ပေးဆောင်ရမည့် နေရာသို့ သွားကြတော့သည်။

လူအုပ်ကြီး မြို့ဝင်ပေါက်အနီးတွင် စောင့်ဆိုင်းနေစဉ် လီရီရှန်းနှင့် နန်ကုန်းကျင်းတို့သည် လော့ချန်ထံသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။

နန်ကုန်းကျင်းက "မိတ်ဆွေလော့.... စောစောက မင်း နည်းနည်းများ များသွားသလားလို့.... လုရုန်ကို လူပုံအလယ်မှာ အရှက်ခွဲလိုက်တာက ပြဿနာ ဖြစ်လာနိုင်တယ်နော်" ဟု စိုးရိမ်တကြီးဖြင့် ဆိုသည်။

လော့ချန်သည် နန်ကုန်းကျင်းအား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ထို့နောက် လီရီရှန်းဘက် လှည့်ကာ “မိတ်ဆွေလီရော အဲဒီလိုပဲ ထင်သလား" ဟု မေးလိုက်သည်။

လီရီရှန်းမှာ တွန့်ဆုတ်သွားသည်။ သူမ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်သွားပြီး စကားပြောရန် ဟန်ပြင်သော်လည်း ခေတ္တရပ်တန့်ကာ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်သည်။

လော့ချန် သူတို့အား နှာခေါင်းရှုံ့ကာ ကြည့်လိုက်သည်။

"သူက အရင်ဆုံး လာစတာလေ.... ကျွန်တော် သူ့ကို အရှက်ခွဲတော့ ဘာဖြစ်လဲ.... အပြင်လူ ဖြစ်နေတာနဲ့ပဲ ခေါင်းငုံ့ပြီး အနိုင်ကျင့်ခံနေရမှာလား.... စီးပွားရေးလုပ်တဲ့ နေရာမှာ ရှက်နေကြောက်နေလို့ မရဘူးဗျ…. မျက်နှာ နည်းနည်းတောင် အပျက်မခံနိုင်ဘူးဆိုရင် စီးပွားရေးလုပ်မနေနဲ့တော့"

လီရီရှန်း၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည်။ နန်ကုန်းကျင်းမှာမူ တာဟဲစျေးမြို့တော်တွင် လော့ချန် မည်သို့ အောင်မြင်လာခဲ့သည်ကို ပြန်လည် မြင်ယောင်လာသည်။ သူသည် တာကျန်းဂိုဏ်းနှင့် ရွှမ်ယီအဖွဲ့တို့၏ မဟာမိတ်ကို ချေမှုန်းခဲ့သည်။ ဖူမျိုးနွယ်စုကို အစဖျောက်ခဲ့သည်။ ဖိအားမျိုးစုံကြားမှ ရှောင်ဟွမ်းတောင်ကို သိမ်းပိုက်ကာ တွမ်မျိုးနွယ်စုကို အနိုင်ယူပြီး အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ၏ အလယ်တွင် နေရာတစ်နေရာ ရယူခဲ့သည်။ ထိုအောင်မြင်မှုများကြောင့်ပင် သူ အခြေခံအုတ်မြစ်ကို စိတ်ကြိုက် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လော့ချန်သည် အခြားသူများ၏ အောက်တွင် အသာတကြည် ငုံ့ခံနေမည့်သူ မဟုတ်သည်မှာ ထင်ရှားလှသည်။

သို့သော် ယခုကား အခြေအနေချင်း မတူပေ။

နန်ကုန်းကျင်းက သက်ပြင်းချလိုက်သည်။

"တို့တွေ ဒီနေရာရဲ့ အခြေအနေကို မသိသေးဘူးလေ.... တကယ်လို့ မထိသင့်တဲ့သူကို သွားထိမိရင် ဘယ်လိုလုပ်မလဲ"

လော့ချန်က သူ့ကို အေးစက်စက် ကြည့်လိုက်ရင်း ဆိုသည်။

"လှေရပ်နားစခန်းက သူများငွေ အချောင်ယူချင်တဲ့ ကောင်တွေကို ကြောက်နေရဦးမှာလား"

လီရီရှန်းက တွန့်ဆုတ်စွာဖြင့် "တချို့က အင်အားကြီးတဲ့ နောက်ခံတွေကို သုံးပြီး အနိုင်ကျင့်တတ်ကြတယ်လေ" ဟု ဆိုရှာသည်။

လော့ချန် နှာခေါင်းရှုံ့လိုက်ပြန်သည်။

"ဒါဆိုရင်လည်း အဲ့ကောင် လုရုန်ရဲ့ နောက်ခံက သိပ်မကြီးနိုင်ပါဘူး.... သူက ကျန်တဲ့ အုပ်စုနှစ်စုနဲ့တောင် အမြတ်ခွဲဝေနေရသေးတာပဲ"

လှေရပ်နားစခန်းမှာ ဖက်စပ်လုပ်ကိုင်ခြင်း ဖြစ်သည်။ လုရုန် တစ်ယောက်တည်း၏ ပိုင်နက် မဟုတ်ပေ။

လီရီရှန်းနှင့် နန်ကုန်းကျင်းတို့၏ မျက်ဝန်းများတွင် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ လော့ချန် ခေါင်းခါလိုက်မိသည်။ ထိုသူတို့သည် တာဟဲစျေးမြို့တော်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုကြီး နှစ်ခု၏ ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။ ထိုစဉ်က သူတို့ မာန်တက်ကာ ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ သို့သော် ယခု ထျန်းလန် နတ်ဘုရားမြို့တော်တွင်မူ အလွန် ကြောက်ရွံ့တုန်လှုပ်နေကြပြီး ပြဿနာ ဖြစ်မည်ကို စိုးရိမ်နေကြသည်။

လော့ချန် နားလည်ပေးနိုင်သည်။ မရင်းနှီးသော နေရာတွင် အနေအထိုင် ဆင်ခြင်ခြင်းက မှန်ကန်သော လုပ်ရပ် ဖြစ်သည်။ သို့သော် ကန့်သတ်ချက် တစ်ခုတော့ ရှိပေသည်။

‘တစ်ယောက်ယောက်က လည်ပင်းကို ဓားနဲ့ထောက်ထားတဲ့အချိန်မှာတောင် ခေါင်းမဖော်ရဲဘဲ ပုန်းနေရင်.... အဲဒါ ကျင့်ကြံနေတာ မဟုတ်တော့ဘူး.... လိပ်လို အသက်ရှင်ဖို့ပဲ လုပ်နေတာ ဖြစ်သွားပြီ’

‘ငါ ရှာဖွေနေတဲ့ အရာဟာ လွတ်လပ်မှုနဲ့ ထာဝရရှင်သန်ခြင်းပဲ.... လိပ်တစ်ကောင်လို ကြောက်ရွံ့ပြီး ရှင်သန်နေရမယ့် ထာဝရ မဟုတ်ဘူး”

ထိုသို့ တွေးတောရင်း လော့ချန် ထိုနှစ်ဦးကို ထားရစ်ခဲ့ကာ စီမာဟွေ့နန်ဆီသို့ သွားလိုက်သည်။

နောက်တွင်ကျန်ခဲ့သော နန်ကုန်းကျင်းက ရုတ်တရက် သက်ပြင်းချလိုက်သည်။ ပိုင်မျိုးနွယ်စုနှင့် သူတို့၏ လူများ နန်ကုန်းမျိုးနွယ်စုကို ဝိုင်းထားစဉ်က အခိုက်အတန့်ကို သူ သတိရသွားသည်။ အကယ်၍ ထိုစဉ်က သူသာ သေတွင်းထဲကမှ ပြန်လည် တိုက်ခိုက်ရန် မဆုံးဖြတ်ခဲ့လျှင် နန်ကုန်းမျိုးနွယ်စုမှာ ဤလောကမှ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်လိမ့်မည်။

လီရီရှန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေသော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။

‘လော့ချန် ပြောတာလဲ မမှားပါဘူး....’

တာဟဲစျေးမြို့တော်မှ ထွက်ခွာလာကတည်းက သူမ၏ အားနည်းချက်များကို ပို၍ ခံစားလာရသည်။ သူမတွင် ပြတ်သားသော စိတ်ဓာတ်မရှိသလို နည်းဗျူဟာပိုင်းတွင်လည်း အားနည်းသည်။ အမြော်အမြင် နည်းပါးပြီး သူမ၏ လူများကို အုပ်ချုပ်ရာတွင်လည်း အားနည်းလှသည်။ အမှောင်ထဲတွင် လမ်းလျှောက်နေရသကဲ့သို့ပင်။

‘ငါ တကယ်ပဲ လီမျိုးနွယ်စုကို ဦးဆောင်ပြီး ဒီ ထျန်းလန် နတ်ဘုရားမြို့တော်မှာ အခြေချနိုင်ပါ့မလား....’

သူမတွင် ထိုမေးခွန်းအတွက် အဖြေမရှိပေ။ သူမ စိတ်ထဲတွင် ဖူမျိုးနွယ်စု ပျက်စီးသွားခဲ့သည့် နောက်ဆုံးမြင်ကွင်းများ ပြန်လည် ပေါ်လာသည်။ သူတို့သည် ထျန်းလန်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် တာဟဲစျေးမြို့တော်၌ပင် အဆုံးသတ်ခဲ့ရသည်။ သူတို့ ပျက်စီးသွားရခြင်းမှာ မျိုးနွယ်စုကို ကာကွယ်ပေးနိုင်မည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မရှိခဲ့သောကြောင့်လော။ သို့သော် ထိုအရာမှာ အကြောင်းရင်းအမှန် ဖြစ်မနေခဲ့လောက်ပေ။

All Chapters