ဧကရာဇ်လ ကောင်းကင်နယ်ပယ်
Vol. 33 Ch. 323
အသိဉာဏ်ပွင့်အင်မော်တယ်သစ်ပင်သည် ကန်းရှန်း၊ ဧကရာဇ်လနှင့် ကျင်းတိန်ဟူသော ပင်မကောင်းကင်နယ်ပယ်သုံးခု၏ အစွန်အဖျား၊ အလယ်အင်မော်တယ်လောက၏ အနားသတ်တွင် တည်ရှိသည်။ ၎င်း၏ တည်နေရာမှာ အတည်တကျရှိပြီး ပြောင်းလဲခြင်းမရှိပေ။ ဆိုရလျှင် ဤသစ်ပင်သည် အလယ်အင်မော်တယ်လောက၏ နယ်နိမိတ်အတွင်း၌ ရှိနေခြင်းမဟုတ်ဘဲ ၎င်းနှင့်အနီးဆုံးနေရာတွင် ရှိနေခြင်းသာဖြစ်သည်။ ၎င်းသည် ပေါ်ထွန်းလာသည့် ၈၁ နှစ်တာ ကာလမှလွဲ၍ ကျန်ရှိသော အချိန်များတွင် မြင်နိုင်၊ ကိုင်တွယ်နိုင်ခြင်း မရှိပေ။
ခရီးစဉ်တစ်လျှောက်တွင် သူတို့သည် တယ်လီပို့ဝင်္ကပါများနှင့် သင်္ဘောပျံများကို အလှည့်ကျ အသုံးပြုခဲ့ကြပြီး ခရီးမှာ အတော်ပင် ချောမွေ့ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသင်္ဘောပေါ်တွင် အလယ်အင်မော်တယ်လောက၏ အထွတ်အထိပ် ပုဂ္ဂိုလ်များဖြစ်ကြသော အင်မော်တယ်ဘုရင်များနှင့် နတ်ဆိုးဘုရင်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ ရက် ၂၀ တိတိ ကြာမြင့်ပြီးနောက်တွင် သူတို့သည် ဧကရာဇ်လ ကောင်းကင်နယ်ပယ်သို့ ဆိုက်ရောက်လာ၏။
အစ်ကိုကြီးချန်မှာ ဤကမ္ဘာတွင် လမည်မျှရှိသည်ကို အတိအကျ မသိသော်လည်း ဧကရာဇ်လ ကောင်းကင်နယ်ပယ်ကိုယ်တိုင်က တောက်ပနေသော လမင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤနေရာသို့ ရောက်ရှိသည့်အခါတွင် အင်မော်တယ်အဆီအနှစ်စွမ်းအင်မှာ အလွန်ကျဲပါးသွားသော်လည်း လရောင်စွမ်းအားများက သူတို့၏တစ်ကိုယ်လုံးသို့ ဖြာကျနေလေသည်။
"ဒါက လမျိုးနွယ်စုရဲ့ နယ်မြေပဲ"
"လမျိုးနွယ်စုဝင်တွေက ပြင်ပလူတွေကို အလွန်ဖယ်ကြဉ်တတ်ကြပြီး အပြင်လောကနဲ့ သိပ်ပြီးဆက်ဆံလေ့မရှိဘူး။ ငါတို့ ပြီးခဲ့တဲ့အကြိမ်က ရွေးချယ်ခဲ့တဲ့ အပေါက်ကလည်း ဒီနေရာမှာပဲ"
ရှောင်ခွန်နှင့် ကျိယွမ်တို့ နှစ်ဦးစလုံးသည် ပြီးခဲ့သည့်အကြိမ်က ဝင်ရောက်ခဲ့ဖူးသူများ ဖြစ်သဖြင့် အတွေ့အကြုံရှိသောလမ်းပြများဟု ဆိုနိုင်သည်။ အသိဉာဏ်ပွင့်အင်မော်တယ်သစ်ပင်သည် အလယ်အင်မော်တယ်လောက၏ အစွန်းအဖျားကျော်လွန်ရှိ နိဗ္ဗာန်ဘုံ၏ အန္တရာယ်ရှိသော ဇုန်ထဲတွင် တည်ရှိပြီး ယင်းနေရာမှာ အင်မော်တယ်ဧကရာဇ်အဆင့်အောက် မည်သူမျှ အသက်မရှင်နိုင်သော နေရာဖြစ်သည်။ ထို့ကြောင့် သစ်ပင်ကြီးမှာ အလွန်ပင် ကြီးမားလှသော်လည်း မည်သည့်အရပ်မျက်နှာမှမဆို ပျံဝင်သွား၍မရနိုင်ပေ။ သစ်ပင်ထဲသို့ ဝင်ရောက်ရန်အတွက် ၎င်း၏ အာရုံခံအမျှင်တန်းများမှတစ်ဆင့် ဝင်ရောက်ရမည် ဖြစ်သည်။
အသိဉာဏ်ပွင့်အင်မော်တယ်သစ်ပင် ပေါ်လာပြီးနောက်တွင် အာရုံခံအမျှင်တန်း သုံးခုသည် ပင်မကောင်းကင်နယ်ပယ် သုံးခုသို့ အသီးသီးဆက်သွယ်သွားမည်။ ထိုအခါ ဤနေရာသုံးခုမှာ အတည်တကျရှိသော ဘေးကင်းသည့် ဝင်ပေါက်သုံးခု ဖြစ်လာတော့သည်။ ဧကရာဇ်လ ကောင်းကင်နယ်ပယ်ရှိ ဝင်ပေါက်ကိုမူ လမျိုးနွယ်စုမှ စောင့်ကြပ်နေပြီး အခြားမည်သူမဆို ဝင်ရောက်လိုပါက ၎င်းတို့ထံမှ ဖြတ်သန်းခွင့်တောင်းရပေမည်။
"ဒီလမျိုးနွယ်စုဝင်တွေက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို စောင့်ကြပ်ထားနိုင်တာ တကယ်ကို အထင်ကြီးစရာပဲ"
အစ်ကိုကြီးချန်မှာ ယခုအခါတွင် စည်းမျဉ်းများကို နားလည်သွားပြီ ဖြစ်သည်။ ဝင်ပေါက် သုံးခုအနက် ကန်းရှန်း ကောင်းကင်နယ်ပယ်ရှိ ဝင်ပေါက်မှာ လူ ၃၀၁ ဦးကို ခွင့်ပြုပြီး ကျင်းတိန် ကောင်းကင်နယ်ပယ်မှာ ၁၆၁ ဦးသာ ခွင့်ပြုကာ ဧကရာဇ်လ ကောင်းကင်နယ်ပယ်မှာမူ ၂၇၁ ဦးကို ခွင့်ပြုသည်။ ဤအရေအတွက် ပြည့်သွားသည်နှင့် တစ်ပြိုင်နက် အသိဉာဏ်ပွင့်အင်မော်တယ်သစ်ပင်၏ အာရုံခံအမျှင်တန်းများ ကွယ်ပျောက်သွားမည် ဖြစ်သည်။ နောက်မှ ကျန်ခဲ့သူများ မည်မျှပင် အစွမ်းထက်စေကာမူ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
စုစုပေါင်း ၇၃၃ နေရာသာ ရှိပြီး အလယ်အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင်အရေအတွက်ကို အတိအကျမသိရသော်လည်း ထောင်ဂဏန်းထက် မနည်းသည်မှာ သေချာသည်။ အင်မော်တယ်လောက သုံးပိုင်းကွဲသွားပြီးနောက်တွင် အထက်အင်မော်တယ်လောက၌ အသိဉာဏ်ပွင့်အင်မော်တယ်သစ်ပင်သို့ သွားနိုင်သော ဝင်ပေါက် မရှိတော့ပေ။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအတွင်း အင်မော်တယ်ဘုရင်အများအပြားသည် နှစ်ပေါင်း သန်း ၅၀ လျှင် တစ်ကြိမ်သာရနိုင်သော အသိဉာဏ်ပွင့်အင်မော်တယ်သစ်ပင်၏ အခွင့်အရေးအတွက် အလယ်အင်မော်တယ်လောကတွင်ပင် တမင်တကာနေရစ်နေခဲ့ကြပြီး အဆင့်မတက်ခဲ့ကြပေ။ ၎င်းတို့အတွက်မူ ၎င်းတို့၏ ပင်ကိုအခြေခံမှာ အလွန်အရေးကြီးလှသဖြင့် ဤအခွင့်အရေးကို အလွတ်မခံနိုင်ကြခြင်းဖြစ်သည်။
အချိန်ကျလာသောအခါ အလယ်အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင်များ အားလုံးသည် ဤပင်မကောင်းကင်နယ်ပယ်သုံးခု၏ ဝင်ပေါက်များသို့ စုရုံးရောက်ရှိလာကြပေလိမ့်မည်။ အချို့သောသူများမှာ ဝင်ရောက်နိုင်ခြင်း မရှိဘဲ ကျန်ရစ်ရမည်မှာ ကံကြမ္မာပင်။ ဤမျှ အရေးကြီးသော ဝင်ပေါက်တစ်ခုမှာ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်ပေမည်။ အင်အားမရှိဘဲနှင့် ဆုပ်ကိုင်ထားရန် မဖြစ်နိုင်ပေ။
နတ်ဆိုးဘုရင်ရှောင်ခွန်က ရယ်မောလိုက်သည်။
"ဂိုဏ်းချုပ်ကျန်း မသိသေးတာ ဖြစ်နိုင်ပေမယ့် လမျိုးနွယ်စုက သိပ်ပြီး အားမကောင်းဘူး။ သူတို့မှာ စုစုပေါင်း အင်မော်တယ်ဘုရင်နှစ်ပါးပဲ ရှိတာပါ"
အစ်ကိုကြီးချန်မှာ အံ့အားသင့်သွားရသည်။
"ဒါဆိုရင် သူတို့က ဒီဝင်ပေါက်ကို ဘယ်လိုများ ကာကွယ်ထားတာလဲ"
အင်မော်တယ်ဘုရင်နှစ်ပါးက ဦးဆောင်နေသည်ဆိုပါက ၎င်းတို့ကို ဂိုဏ်းကြီးတစ်ခုအဆင့် အင်အားစုအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် ပြင်ပမှ လောဘတက်နေသော အင်မော်တယ်ဘုရင်များစွာ၏ မျက်လုံးများကို တားဆီးရန်မှာမူ လုံးဝ မလုံလောက်ပေ။
ရှောင်ခွန်က ဆက်ရှင်းပြသည်။
"လမျိုးနွယ်စုရဲ့ဝင်ပေါက်က သဘာဝအတိုင်းဖြစ်တည်နေတဲ့ လယဇ်ပူဇော်မှု မြင့်မြတ်နယ်မြေပဲ။ အဲဒါကို လမျိုးနွယ်စု သွေးမျိုးဆက်ရှိတဲ့ အင်မော်တယ်ဘုရင်တစ်ပါးကပဲ ဖွင့်နိုင်တာ။ တခြား ဘယ်သူကပဲ လုယူလုယူ အသုံးမဝင်ဘူး"
အင်မော်တယ်ဘုရင်ဝူကျွယ်ကလည်း ဖြည့်စွက်ပြောကြားလိုက်သည်။
"လွန်ခဲ့တဲ့နှစ်သန်းခြောက်ဆယ်လောက်က တစ်ယောက်ယောက်က သူတို့ကိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ရလဒ်အနေနဲ့ လမျိုးနွယ်စုဝင်တွေက တိုက်ခိုက်မနေဘဲ ဆုတ်ခွာသွားပြီး ဧကရာဇ်လ ကောင်းကင်နယ်ပယ်ကနေ လုံးဝထွက်ခွာသွားကြတယ်။ နှစ်သန်းငါးဆယ်ကာလရောက်တဲ့အခါမှာ လမျိုးနွယ်စု အင်မော်တယ်ဘုရင်တွေ မရှိတော့တာကြောင့် ဝင်ပေါက်ကို လုံးဝဖွင့်လို့မရတော့ဘူး။ အဲဒီအခွင့်အရေးကို လက်လွှတ်ရတော့မယ်ဆိုတာ မြင်တဲ့အခါမှာ လူတိုင်းက စိတ်ပျက်အားငယ်ကုန်ကြတာပေါ့။ နောက်ဆုံးမှာတော့ အင်မော်တယ်ဘုရင်ရာပေါင်းများစွာက သူတို့ကို လေးလေးစားစားနဲ့ ပြန်လာဖို့ သွားဖိတ်ခေါ်ခဲ့ရတယ်။ တတ်နိုင်သမျှ ချိုချိုသာသာ ပြောဆိုခဲ့ရုံတင်မကဘဲ ဧကရာဇ်လ ကောင်းကင်နယ်ပယ်ကို တိုက်ခိုက်ခဲ့တဲ့ အင်မော်တယ်ဘုရင်တွေကိုပါ သုတ်သင်ဖယ်ရှားပေးခဲ့ရတယ်။ အဲဒီတော့မှ သူတို့က ဝင်ပေါက်ကို ပြန်ဖွင့်ပေးဖို့ နောက်ဆုံးမှာ လက်ခံခဲ့ကြတာ။ အဲဒီအချိန်ကစပြီး ဘယ်သူကမှ လမျိုးနွယ်စုကို မထိရဲကြတော့ဘူး"
"သူတို့က တကယ်ပဲ အဲဒီလောက်အထိ မာနကြီးကြတာလား"
အစ်ကိုကြီးချန်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"သူတို့ မျိုးနွယ်စုဝင်တွေကို ပြန်ပေးဆွဲပြီး ဓားစာခံအဖြစ်သုံးပြီးတော့မှ ဘာလို့ အဓမ္မ မခိုင်းကြတာလဲ"
ရှောင်ခွန်နှင့် နတ်ဆိုးဘုရင်ရှာလီတို့မှာ တိတ်တဆိတ် လက်မထောင်လိုက်ကြသည်။
အစ်ကိုကြီး၊ ခင်ဗျားရဲ့ အတွေးအခေါ်က ငါတို့ နတ်ဆိုးကျင့်ကြံသူတွေရဲ့ စိတ်ကြိုက်ပဲ။
ကျိယွမ်က သက်ပြင်းချလိုက်သည်။
"အဲဒါကတော့ လမျိုးနွယ်စုမှာ ငါတို့လိုမျိုး သံယောဇဉ် တရားတွေမရှိလို့ပဲ။ သူတို့က သူတို့ရဲ့ မျိုးနွယ်စုဝင်တွေရဲ့ အသက်ရှင်ခြင်း၊ သေခြင်းကို လုံးဝဂရုမစိုက်ကြဘူး"
"တခြား ဝင်ပေါက်နှစ်ခုကရော ဘယ်လိုလဲ"
"တခြားဝင်ပေါက်နှစ်ခုက ဒီလိုမဟုတ်ဘူး။ အဲဒါတွေကို ရှေးဟောင်း အင်မော်တယ်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်းတွေက ပူးတွဲထိန်းချုပ်ထားကြပြီး အင်အားအပေါ်မှာပဲ အခြေခံပြီး သိမ်းပိုက်ထားကြတာ"
အစ်ကိုကြီးချန်က မမှတ်ချက်မပေးဘဲ မနေနိုင်တော့ပေ။
"တခြားလူတွေက ခေါင်းကွဲအောင် တိုက်နေကြရချိန်မှာ ဒီလမျိုးနွယ်စုကတော့ ကံကောင်းလိုက်တာ။ ကောင်းကင်ကပဲ သူတို့ကို အသင့်ကျွေးထားသလို ဖြစ်နေတာပဲ"
ဘေးနားရှိ ထျန်းရှုခန်းမမှ ကျွမ်းကျင်သူများမှာ ဆွံ့အသွားကြရသည်။ ဤလူသည် ယနေ့မှသာ ဤအကြောင်းအရာများကို သိရှိရသည်အထိ မည်မျှတောင် ဗဟုသုတ နည်းပါးနေရသနည်း။
မြောင်ယွီသည် အသံလှိုင်းဖြင့် သတင်းစကား ပို့လိုက်ရတော့သည်။
"ငါတို့ အခု လမျိုးနွယ်စုရဲ့ နယ်မြေထဲမှာရှိနေတာ။ ဒီလို စကားမျိုးတွေက သူတို့ကို မပျော်မရွှင် ဖြစ်စေလိမ့်မယ်။ ဂိုဏ်းချုပ်ကျန်းအနေနဲ့ နောင်မှာ ကိုယ့်ရဲ့အပြောအဆိုနဲ့ အပြုအမူကို ဆင်ခြင်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ဘာ...
ငါက သူတို့ရဲ့ ခံစားချက်ကိုပါ ထည့်တွေးပေးနေရမှာလား။
အစ်ကိုကြီးချန်၏ စိတ်ကူးများမှာ လွင့်ပျံသွားတော့သည်။
ဧကရာဇ်လ ကောင်းကင်နယ်ပယ်မှာ ကျယ်ပြောလှသော်လည်း လမျိုးနွယ်စု လူဦးရေမှာမူ ကျဲပါးလှသည်။ လမ်းတစ်လျှောက်တွင် မြို့ကြီးပြကြီးများ သို့မဟုတ် ဂိုဏ်းအဆောက်အအုံများကို လုံးဝမတွေ့ရသလောက်ပင်။ ရံဖန်ရံခါတွင် လမျိုးနွယ်စုဝင် အုပ်စုငယ်လေးများကို တွေ့ရတတ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သာမန်လူသားများနှင့်ဆင်တူသော်လည်း ၎င်းတို့၏ မျက်နှာများမှာ ကြည်လင်နေပြီး နူးညံ့သော အမြှေးပါးတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေကာ အတွင်းရှိ အရိုးများနှင့် သွေးကြောအမျှင်တန်းများကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဤသည်မှာ အစ်ကိုကြီးချန်၏ အလှအပစံနှုန်းနှင့် လုံးဝမကိုက်ညီသဖြင့် ခဏမျှကြည့်ပြီးနောက်တွင် စိတ်ဝင်စားမှု လျော့နည်းသွားတော့သည်။
လမျိုးနွယ်စု၏ အချက်အခြာနယ်မြေဖြစ်သော လအင်မော်တယ်နန်းတော်သို့ ပျံသန်းရောက်ရှိသည့်အခါတွင် မြောင်ယွီနှင့် ထျန်းရှုခန်းမမှ အင်မော်တယ်ဘုရင်၁၂ ပါးတို့သည် တစ်ပါးပြီးတစ်ပါး မြေပြင်သို့ ဆင်းသက်လိုက်ကြပြီး လမ်းလျှောက်၍ သွားကြတော့သည်။ လူသစ်တစ်ဦးအနေဖြင့် အစ်ကိုကြီးချန်သည် အဘယ်ကြောင့်ဆိုသည်ကို နားမလည်သော်လည်း လိုက်နာကာ ဆင်းသက်လိုက်သည်။
သူက ဖြတ်ကာမေးလိုက်သည်။
"ငါတို့ ဘာလို့ ပျံပြီးမသွားကြတာလဲ"
မြောင်ယွီက အသံလှိုင်းဖြင့် ထပ်မံရှင်းပြသည်။
"လအင်မော်တယ်နန်းတော်က လမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့နယ်မြေပဲ။ အဲဒီမှာ ပျံသန်းခြင်းကို တားမြစ်ထားတယ်၊ မဟုတ်ရင် သူတို့ကို မလေးစားရာ ရောက်လိမ့်မယ်"
"ဒါဆိုရင် ငါတို့က သူတို့ကို မလေးစားရင် ဘာဖြစ်မှာလဲ"
"ဒါဆိုရင် ရှင် အသိဉာဏ်ပွင့်အင်မော်တယ်သစ်ပင်ထဲကို ဝင်ခွင့်ရမှာ မဟုတ်ဘူး"
အစ်ကိုကြီးချန်တွင် မေးခွန်းများ ပိုမိုရှိနေသေးသည်ကို မြင်သောအခါ မြောင်ယွီသည် အသံလှိုင်းဖြင့်ပင် တိုက်ရိုက် ကြားဖြတ်ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်ကျန်း၊ ရှင့်ရဲ့ နောက်ခံက အတော်လေး ကြီးမားနိုင်တယ်ဆိုတာ ကျွန်မသိပါတယ်"
သူမက လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ လက်ရှိအခြေအနေကို နားလည်စေချင်တယ်။ လမျိုးနွယ်စု တစ်ခုတည်းကပဲ ဧကရာဇ်လ ကောင်းကင်နယ်ပယ်ရဲ့ ဝင်ပေါက်ကို ဖွင့်နိုင်တာ။ အခွင့်အာဏာက သူတို့လက်ထဲမှာ ရှိနေတယ်။ ဖွင့်တဲ့နေ့မှာ ဘယ်သူဝင်ရမလဲဆိုတာကို သူတို့ကပဲဆုံးဖြတ်မှာ။ မလိုအပ်တဲ့ အကြောင်းပြချက်တွေကြောင့် ဒီလိုအခွင့်အရေးမျိုးကို အဆုံးရှုံးမခံချင်ဘူးလို့ ယုံကြည်တယ်"
အစ်ကိုကြီးချန်က စိတ်ဝင်တစား မေးလိုက်သည်။
"ဒါဆိုရင် မင်းက ဘာလို့ တခြား ကောင်းကင်နယ်ပယ် နှစ်ခုရဲ့ ဝင်ပေါက်တွေကို မရွေးချယ်ခဲ့တာလဲ"
ရှေ့မှ လမ်းလျှောက်နေသော မြောင်ယွီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အေးဆေးစွာပင် ပြောလိုက်သည်။
"အဲဒီ ဝင်ပေါက် နှစ်ခုမှာ အင်မော်တယ်နဲ့ နတ်ဆိုးတွေရဲ့ အုပ်စုကြီးနှစ်ခုက ဖွဲ့စည်းထားပြီးသား။ ရှင့်အနေနဲ့ သူတို့အုပ်စုထဲကို ဝင်ရောက်ပြီး သူတို့ရဲ့ ထောက်ခံမှုကို မရဘူးဆိုရင် ဝင်ခွင့်ရမှာ မဟုတ်ဘူး။ အဲဒီအုပ်စု နှစ်ခုကြားက ရှေးဟောင်း အင်မော်တယ်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်းတွေကြားမှာ ရှိနေတဲ့ ရန်ငြိုးတွေက အချိန်အတော်ကြာခဲ့ပြီ။ အထက်အင်မော်တယ်လောကတောင် အဲဒီကိစ္စမှာ ချွင်းချက် မရှိဘူး။ အဲဒါက အင်မော်တယ်လောကရဲ့ အလွန်နက်ရှိုင်းတဲ့ ဝဲဂယက်တစ်ခုပဲ"
ထျန်းရှုခန်းမမှာ အမှန်စင်စစ် ကြားနေဖြစ်သည်ဟု ကြေညာထားသော ကုန်သည်အဖွဲ့အစည်း တစ်ခုဖြစ်သည်။ အင်မော်တယ် သို့မဟုတ် နတ်ဆိုး အုပ်စုတစ်စုစုထဲသို့ ဝင်ရောက်ခြင်းသည် ၎င်းတို့၏ ရပ်တည်ချက်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ပေလိမ့်မည်။
၎င်းတို့နှစ်ဦး အသံလှိုင်းဖြင့် ဆက်သွယ်နေစဉ်အတွင်း အဖွဲ့သည် လအင်မော်တယ်နန်းတော်၏ အကာအကွယ်စည်း အစွန်းသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြသည်။ မြင့်မြတ်အင်မော်တယ်အဆင့်မျှသာရှိသော လမျိုးနွယ်စု အမျိုးသားတစ်ဦးသည် လူတိုင်းကို အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။
"ထျန်းရှုခန်းမကလား"
မြောင်ယွီက ခေါင်းညိတ်လိုက်သည်။
"မှန်တယ်"
"ထျန်းရှုခန်းမမှာ စုစုပေါင်း အင်မော်တယ်ဘုရင် ၁၂ ပါးပဲ ရှိတာ။ ကျန်တဲ့အုတ်ရောရောကျောက်ရောရောတွေက ဘယ်သူတွေလဲ"