← Chapters

အနာဂတ်ကိုခန့်မှန်ခြင်း

Vol. 28 Ch. 381

အနာဂတ်ကိုခန့်မှန်ခြင်း

Vol. 28 Ch. 381

အခန်း (၃၈၁) အနာဂတ်ကိုခန့်မှန်ခြင်း

ဆရာဖြစ်သူအတွက် အိမ်ထောင်ဖက်ရှာပေးရန်မှာ တကယ်တော့ မလွယ်လှပေ။

သို့သော် ယခုကြားရသည့်စကားကတော့ ကျန်းလန်ကို အံ့အားသင့်စေခဲ့သည်မှာ အမှန်ပင်။

တစ်ချိန်တုန်းက ဆရာဒေါ်လေးမြောင်ယွဲ့ သူ့ကိုပြောဖူးသည့်စကားများကို ပြန်သတိရမိသည်။

ထိုစဉ်က ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာဖြစ်သူကို အချိန်အကြာကြီး သဘောကျနေခဲ့ပြီး သူ့ကိုပင် အောင်သွယ်လုပ်ပေးပါရန် ပြောခဲ့သည်။

ဒီတော့…

ကြည့်ရသည်မှာ ဆရာဒေါ်လေးက ဆရာဖြစ်သူကို ကြည်ညိုလေးစားရာမှ ချစ်ခင်တွယ်တာခြင်းအဖြစ် သံယောဇဉ် အရောင်ပြောင်းလဲသွားခြင်းများလား။

သို့မဟုတ် သူမအနေဖြင့် ဆရာဖြစ်သူကို သဘောကျသည်ဆိုသည့်အချက်က အမှန်တရားဖြစ်ပြီး သူ့ကို အောင်သွယ်လုပ်ခိုင်းခြင်းက တမင်သက်သက် နောက်ပြောင်ပြောဆိုခြင်းလား။

ဘာပဲဖြစ်ဖြစ် အကြောင်းအရာ (၂)ခုလုံးကလည်း အမှန်တရား ဖြစ်နေနိုင်ပြန်သည်။

ကျန်းလန် စိတ်ထဲမှကြိတ်ပြီး သက်ပြင်းချလိုက်သည်။ ဆရာဒေါ်လေးမြောင်ယွဲ့ကို ဆရာဖြစ်သူအတွက် အိမ်ထောင်ဖက်အဖြစ်သတ်မှတ်ထားခြင်းမှ ဖယ်ရှား၍ မရနိုင်သေးပေ။

သူမသည် ဆရာဖြစ်သူအတွက် ပထမရွေးချယ်မှုပင် ဖြစ်သည်။

နောင်တစ်ချိန်ကျမှ ဤကိစ္စနှင့်ပတ်သက်ပြီး ဆရာဖြစ်သူ မည်သို့ခံစားရသည်ကို မေးကြည့်ရပေမည်။

ကျန်းလန် ဆရာဒေါ်လေးချန်ရှီကို လှမ်းကြည့်လိုက်၏။

ယခု အခွင့်အရေးရတုန်း ဆရာဖြစ်သူ၏ သဘောထားအမြင်မည်သို့ရှိသည်ကို မေးမြန်းကြည့်သင့်ပါသလား။

မေးကြည့်ခြင်းအားဖြင့် အနာဂတ်အတွက်လည်း ပြင်ဆင်မှုများ ကောင်းမွန်စွာ ပြုလုပ်နိုင်မည် ဖြစ်၏။

သို့သော် ကျန်းလန် စကားမပြောခင်မှာပင် ချန်ရှီက ရုတ်တရက် စကားဆိုသည်။

''မင်းက မြောင်ယွဲ့အကြောင်းမေးတယ်ဆိုတော့ တပည့်တစ်ယောက်အနေနဲ့ ပုဝါအောက်က သူ့မျက်နှာ ဘယ်လိုရှိတယ်ဆိုတာ စိတ်ဝင်စားတယ် မဟုတ်လား''

ကျန်းလန်က ခေါင်းခါယမ်းရင်း...

''စိတ်မဝင်စားပါဘူး''

သူ အမှန်တကယ်လည်း စိတ်မဝင်စားပေ။

ဆရာဒေါ်လေးမြောင်ယွဲ့ မျက်နှာကို ပုဝါဖြင့် ဖုံးအုပ်ထားသည်ဖြစ်စေ ၊ ဖုံးအုပ်မထားသည်ဖြစ်စေ သူ့အတွက် ဘာမှမထူးခြားပေ။

ချန်ရှီ အနည်းငယ်အံ့အားသင့်သွားသည်။

မြောင်ယွဲ့က မျက်နှာကို ပုဝါဖြင့်ဖုံးကွယ်ထားသောကြောင့် လျှို့ဝှက်ဆန်းကျယ်သည့်အသွင်ဆောင်နေသည်မှာ အမှန်ပင်။

တပည့်အတော်များများက ပုဝါအောက်မှ သူမ၏မျက်နှာအကြောင်းကို သိချင်ကြသည်။

သို့ပေသိ ကျန်းလန်ကတော့ အမှန်တကယ်ပင် ထိုကိစ္စကို သိချင်စိတ်မရှိဘူးလား။

ချန်ရှီက...

"ဒါဆို ဘာထပ်မေးချင်သေးလဲ"

ကျန်းလန် မည်သည့်မေးခွန်းမေးမြန်းမည်ကို သူမ မခန့်မှန်းနိုင်တော့ပေ။

ကျန်းလန်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီး...

"ကျွန်တော့်ဆရာ... သူ့မှာရော သဘောကျတဲ့မိန်းကလေးရှိလားဗျ"

ထိုမေးခွန်းကို ဖြေဆိုရန် ချန်ရှီ အချိန်အတော်ကြာအောင် စဉ်းစားလိုက်ရသည်။

ပြီးမှ...

"အရင်တုန်းကတော့ မင်းရဲ့ဆရာနဲ့ ငါက ညီအစ်ကိုကောင်းတွေပါပဲ ၊ နောက်တော့ ကျား မ ဆိုတာ မတူညီတဲ့အတွက် ငါတို့ တဖြည်းဖြည်း ဝေးကွာသွားပြီး တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုခဲ့ကြတယ်"

ချန်ရှီက ဆက်ပြောသည်။

"ဒါပေမဲ့ အဲဒီအချိန်တွေတုန်းကတော့ သူက ဘယ်မိန်းကလေးကို စိတ်ဝင်စားတယ် ဘာညာဆိုတာမျိုး မရှိခဲ့ပါဘူး ၊ မင်းသိချင်တာ အဲဒါမဟုတ်လား"

"ဆိုတော့... သူ့စိတ်ထဲ ဘယ်မိန်းကလေးမှ ရှိခဲ့ပုံမပေါ်ဘူး ၊ ဒါပေမဲ့ မဟုတ်ဘူးဆိုရင်လည်း အခုတော့ ထားလိုက်တော့ ၊ နောက်မှ နက္ခတ်ပညာအသုံးပြုပြီး ငါ သူ့အကြောင်း တွက်ချက်ပေးမယ်"

ကျန်းလန် : "……"

ဆရာနဲ့ ဆရာဒေါ်လေးချန်ရှီတို့က ညီအစ်ကိုကောင်းတွေ…တဲ့။

အတိတ်အချိန်များတုန်းက တောင်သခင်များကြား ဇာတ်လမ်းများစွာ ရှိခဲ့ရမည်ဟု ကျန်းလန် ရိပ်မိလိုက်သည်။

ချန်ရှီက…

"မင်းရဲ့ဆရာက မင်းကို ငါ့ဆီလွှတ်နိုင်ဖို့အတွက် သူ့အစွမ်းရှိသမျှ အကုန်သုံးခဲ့တယ် ၊ မင်းကတော့ ဒီကိစ္စတွေ ငါနဲ့လာပြီး ဆွေးနွေးနေတာလား"

ကျန်းလန်မှာ တောင်သခင်များ၏ အတိတ်ဇာတ်ကြောင်းများကို ဆွေးနွေးရန် ဤနေရာသို့ ရောက်လာသည့်အလား မော့ကျန်းသုန့်နှင့် မြောင်ယွဲ့ အကြောင်းများကို မေးမြန်းနေသည် မဟုတ်ပါလား။

ကျန်းလန်ကတော့ မော့ကျန်းသုန့်နှင့် မြောင်ယွဲ့ကို အောင်သွယ်ရန် ကြိုးစားနေခြင်းပင်။

ဆရာဖြစ်သူကို မေးရမည်မှာလည်း အနည်းငယ် အခက်တွေ့နေလေရာ ကြုံတုန်း ဆရာဒေါ်လေးချန်ရှီကို မေးမြန်းကြည့်ရခြင်း ဖြစ်၏။

ချန်ရှီက ကျန်းလန်ကို ကြည့်လိုက်သည်။

ဒီကောင်လေးက သူ့အကြောင်းကိုတော့ မသိချင်ဘဲ အခြားသူများအကြောင်း အဘယ့်ကြောင့် သိချင်နေရပါသနည်း။

ကျန်းလန်က ခေါင်းငုံ့ဦးညွှတ်လိုက်ရင်း...

"ဆရာဒေါ်လေးကို အနှောက်အယှက်ပေးမိတာ တောင်းပန်ပါတယ်"

ချန်ရှီက...

"မင်းလျှောက်ရမယ့် အင်မော်တယ်လမ်းအတွက် စိတ်ရှုတ်ထွေးနေသလား"

ကျန်းလန်က ခေါင်းခါယမ်းရင်း...

"အရင်ကတော့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လမ်းပျောက်သွားတာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး"

"ကောင်းတယ် ၊ ကောင်းတယ် ၊ ဒါနဲ့ စကားမစပ်..."

ချန်ရှီက သူမ၏အကြမ်းပန်းကန်ထဲသို့ အကြမ်းရည်ငှဲ့ထည့်ရင်း စကားဆက်ပြောသည်။

"ကျောက်စိမ်းရေကန်နတ်ဘုရားမက ကျူးချင်ရဲ့ တပည့်မဟုတ်လား ၊ ငါကြားတာ ကျူးချင်က သူ့ကို အတော်လေး ချစ်ခင်တယ်ဆို"

ကျန်းလန်က ခေါင်းညိတ်ရင်း...

"ဟုတ်ပါတယ် ဆရာဒေါ်လေး"

ရှောင်ယွိသည် ဆရာဖြစ်သူရှိသည့် တတိယတောင်ထွတ်တွင် နေထိုင်ရသည်ကို ပိုမိုသဘောကျသူ ဖြစ်သည်။

ချန်ရှီက...

"ဒါဖြင့် အတော်ပဲ ၊ သူ အားတဲ့အချိန်ကျမှ ကျူးချင်းကို မေးခွန်းတစ်ခု မေးခိုင်းရမယ် ၊ ကျူးချင်က မိန်းကလေးတွေနဲ့ပတ်သက်ရင် သာမန်မိတ်ဆွေသူငယ်ချင်းထက်ပိုတဲ့ ခံစားချက်မျိုး ရှိတတ်သလားဆိုတာကိုပေါ့"

ကျန်းလန် : "……"

ထိုမေးခွန်းက ရိုးသားပါရဲ့လားဟု ကျန်းလန် သံသယဝင်မိသည်။

ဆရာဒေါ်လေးမြောင်ယွဲ့၏ လုပ်ရပ်ကို မှန်းဆပြီး ဆရာဒေါ်လေးချန်ရှီကလည်း သူ့ကို ကျီစယ်လှည့်စားနေသည်လားဟု ကျန်းလန်တွေးလိုက်သည်။

"မင်း အကြမ်းရည် မသောက်ဘူးလား"

ချန်ရှီက အကြမ်းရည်များကို သူမ ပန်းကန်းထဲ ငှဲ့ထည့်ရင်း အတွေးလွန်နေသည့် ကျန်းလန်ကို မေးသည်။

ကျန်းလန်က သူ့ရှေ့မှ အကြမ်းပန်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် တစ်ငုံသောက်လိုက်သည်။

မသောက်လျှင် ဆရာဒေါ်လေးချန်ရှီကို မထီမဲ့မြင်ပြုရာ ကျပေမည်။

ထို့ကြောင့် တစ်ငုံမျှ ဟန်ပြသောက်လိုက်ခြင်းပင်။

အကြမ်းရည် သောက်ဖြစ်ခြင်းမှာ သူ့အတွက် ဒုတိယအကြိမ် ဖြစ်သည်။ ပထမတစ်ကြိမ် အကြမ်းရည်သောက်ခဲ့သည်က သေရည်ဆိုင်တွင် လုပ်အားပေးရန် လူရွေးချယ်စဉ်က ဖြစ်သည်။

"အရသာဘယ်လိုလဲ"

ချန်ရှီက သူမလက်ထဲမှ အကြမ်းပန်းကန်ကို ချလိုက်ပြီး ပြုံးရင်းမေးသည်။

ကျန်းလန်က...

"နည်းနည်းခါးတယ်"

အမှန်တော့ နည်းနည်းခါးခြင်း မဟုတ်ပေ။ အလွန်ခါးသက်လှ၏။

တစ်ငုံမျှသောက်လိုက်သည့်တိုင် ခါးသက်မှုက ဆိုးရွားလွန်းလေရာ ၊ တစ်ခွက်လုံးများသောက်မိလျှင်တော့...

အကြမ်းရည်သောက်ရသလိုမဟုတ်ဘဲ ဆေးခါးကြီး သောက်ရသလို ဖြစ်နေပေလိမ့်မည်။

ချန်ရှီက...

"ကျင့်ကြံသူတွေက အသက်ရှည်ကြတာမှန်ပေမယ့် ကျင့်စဉ်လမ်းက မချောမွေ့တာများတယ် ၊ ဒါကြောင့် ခါးသက်တယ်ဆိုတာ မဆန်းပါဘူး ၊ အနာဂတ်မှာ မင်း နားလည်လာမှာပါ ၊ သြော်... ဒါနဲ့..."

သူမက ကျန်းလန်ကို ကြည့်ရင်း စကားဆက်ပြောသည်။

"မင်း ဒီကိုရောက်လာကတည်းက တစ်ခုခုကို နားလည်မှုလွဲနေတာ ဖြစ်ရမယ် ၊ တကယ်တော့ မင်းအကြောင်း နတ်က္ခတ်ပညာအသုံးပြုပြီး ဗေဒင်တွက်ပေးဖို့ မင်းရဲ့ဆရာက ဒီကိုလွှတ်လိုက်တာ မဟုတ်ဘူး"

"မင်းမေးချင်တဲ့ မေးခွန်းလေးတွေရှိရင် ဖြေပေးလိုက်ဖို့တော့ သူက တောင်းဆိုထားပါတယ်လေ ၊ အခု မေးခွန်းတွေလည်း မေးပြီးသွားပြီဆိုတော့ အင်မော်တယ်လမ်း ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေ့ကြုံခံစားကြည့်လိုက်ပါဦး"

ဆရာဒေါ်လေးချန်ရှီ၏ စကားသံများက ကျန်းလန်၏နားထဲ မြည်ဟည်းထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ကျန်းလန်သည် အဆုံးမရှိသည့် ကြယ်စင်ကောင်းကင်တစ်ခုဆီသို့ ရောက်ရှိသွားသည်။

သူ့ပတ်ဝန်းကျင်တွင် ကြယ်စင်များက စီးဆင်းလျှက် မည်သည့်အသံမှ ထပ်မံကြားသိရခြင်း မရှိတော့ပေ။

ပြောင်းလဲသွားသည့်ပတ်ဝန်းကျင်တစ်ခုလုံးကို ကျန်းလန် စောင့်ကြည့်နေသည်။

ထို့နောက် သူ့ခြေလှမ်းများ အလိုလို ရှေ့သို့တိုးသွားကြောင်း ခံစားရသည်။

ကျန်းလန်က မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူဖြစ်သည်။

ရွှေခန္ဓာကျင့်စဉ်အောင်မြင်ပြီး သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးနဲ့မြေမှ အသိအမှတ်ပြုခြင်းကို ခံယူပြီးလျှင် တာ့လော်အင်မော်တယ်အဆင့် တက်ရောက်နိုင်တော့မည် ဖြစ်သည်။

ထိုအချိန်...

သူ၏ ကျင့်ကြံခြင်းအဆင့်တက်ရောက်ခြင်းနှင့်ပတ်သက်သည့် ပြောင်းလဲမှုများကို စတင်ခံစားရသည်။

သူ တာ့လော်အင်မော်တယ် ဖြစ်လာနိုင်မည်လား။

ယခု ကြုံတွေ့ရသည်က သေရည်ဆိုင်အနောက်ဘက်တွင် အင်မော်တယ်တံခါး ရှာဖွေရသည်နှင့် မတူညီပေ။ ဤသည်က ခန့်မှန်းမှုတစ်ခု ဖြစ်သည်။

ဖြစ်ပေါ်လာနိုင်သည့် အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို ခန့်မှန်းခြင်းသာ ဖြစ်သည်။

တာ့လော်အင်မော်တယ်အဆင့် တက်ရောက်နိုင်ရန်အတွက် တာအိုကိုနားလည်ခြင်းနှင့် ရွှေခန္ဓာရရှိခြင်းကို ပေါင်းစည်းရပေမည်။

ထိုအဆင့်က အရေးကြီးလွန်းပြီး အနည်းငယ်မျှသောအမှားကျူးလွန်မိခြင်းက ကျရှုံးခြင်းဆီ ဦးတည်သွားနိုင်သည်။

ယခု ခန့်မှန်းမှုနက္ခတ်ပညာတွင် မရမတွက်နိုင်သည့် ကျရှုံးမှုများကို ကျန်းလန် တွေ့မြင်နေရသည်။

ကျန်းလန်ကို ကိုယ်စားပြုသည့် မျဉ်းကြောင်းငယ်တစ်ခုသည် ဝင်္ကပါကို အဆက်မပြတ် ဖြတ်သန်းလျှက် မရေမတွက်နိုင်သည့် ကျရှုံးမှုများဆီ ဦးတည်နေသည်။

သို့သော် မျဉ်းကြောင်းငယ်က ရပ်တန့်သွားခြင်း မရှိပေ။ ကျရှုံးမှုတစ်ခု ကြုံရလေတိုင်း နောက်ပြန်လှည့်ပြီး အသစ်သောလမ်းတစ်လမ်းကို ရှာဖွေကာ ရှေ့ဆက်သွားနေသည်။

၎င်းမျဉ်းကြောင်းငယ်က အောင်မြင်မှုမရမချင်း လှုပ်ရှားလျှက် ရှိ၏။

အချိန်မည်မျှကြာသွားသည်မသိ။ ကျန်းလန်သည်လည်း မရေမတွက်နိုင်သည့် ကျရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

တာ့လော်အင်မော်တယ်အဆင့်တက်ရောက်ရန်က သူ တွေးထားသည်ထက် များစွာခက်ခဲကြောင်း နားလည်လိုက်သည်။

ကျင့်ကြံခြင်းအဆင့်တက်ရာတွင် မရေမတွက်နိုင်သည့် ပြောင်းလဲမှုဖြစ်စဉ်များရှိနေပြီး များစွာသော မတော်တဆမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။

ကျန်းလန်အနေဖြင့် လုံလောက်သည့် ပြင်ဆင်မှုမရှိလျှင် ကျင့်ကြံခြင်းအဆင့်မတက်ရောက်နိုင်ဘဲ အသက်ပျောက်ရမည် ဖြစ်သည်။

အချိန်ကာလက အလွန်ရှည်လျားခဲ့ပြီး အဆုံးသတ်တွင်တော့ မရေမတွက်နိုင်သည့် ကြိုးစားအားထုတ်မှုများစွာဖြင့် တာ့လော်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ရွှေရောင်အလင်းတန်းများ လင်းလက်ထွက်ပေါ်လာသည်။

သူ တာ့လော်အင်မော်တယ်အဆင့်သို့ တက်ရောက်သွားသည်ကို ကျန်းလန်ကိုယ်တိုင် တွေ့မြင်နေရသည်။

သူက အနာဂတ်တွင် နက်ရှိုင်းကျယ်ပြန့်သည့် မဟာတာအိုကို အောင်နိုင်ခဲ့ဟန်တူသည်။

''ခရက်''

ပတ်ဝန်းကျင်ရှိ မြင်ကွင်းတစ်ခုလုံးကွဲအက်သွားသည်။

ဤခန့်မှန်းမှုနက္ခတ်ပညာကို ဆရာဒေါ်လေးချန်ရှီ သူ့အတွက် အသုံးပြုပေးရန် ဆရာဖြစ်သူက အလွန်ကြီးမားသည့် တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရဟန်တူသည်။

ဤအခွင့်အရေးက အင်မော်တယ်အဆင့်တက်လှမ်းရာတွင် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများ ၊ အခက်အခဲများကို ကြိုတင်တွေ့ကြုံခံစားစေသည်။

သို့သော် သူက အင်မော်တယ်ဖြစ်ပြီးနေလေရာ တာ့လော်အင်မော်တယ်အဆင့် တက်လှမ်းရန် ဖြစ်နိုင်ခြေများနှင့် နည်းလမ်းများကို ကြိုတင်တွေ့ကြုံခံစားခဲ့ရသည်။

ယခု အတွေ့အကြုံမှ ကံကောင်းသည့် အခွင့်အရေးတစ်ခု ရရှိခဲ့သည်ကတော့ အမှန်ပင်။

ထို့ပြင်…

ရရှိခဲ့သည့်အခွင့်အရေးသည် ဆရာဖြစ်သူမျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။

ဆရာဖြစ်သူ သူ့အတွက် ရှာဖွေပေးခဲ့သမျှ

အခွင့်ကောင်းများအားလုံးသည် အမြဲတမ်း  အကောင်းဆုံးအရာတွေချည်း ဖြစ်သည်။

ယခု ကြုံတွေ့ရသည့် ခန့်မှန်းမှုနက္ခတ်ပညာက အမှန်ကတယ်ပင် သူမျှော်လင့်ထားသည်ကို ကျော်လွန်ခဲ့သည်။

ယခင်ကတော့ ဆရာဒေါ်လေးချန်ရှီက နက္ခတ်ပညာဖြင့် သူ့အကြောင်း ခန့်မှန်းဟောပြောပေးမည်ဟုသာ တွေးထင်ခဲ့သည်။ ယခုလို သူကိုယ်တိုင် ပါဝင်လုပ်ဆောင်ရသည့် ခန့်မှန်းမှုနက္ခတ်ပညာမျိုး အသုံးပြုနိုက်မည်ဟု တွေးထင်မထားခဲ့ပေ။

ယခုတော့ ဆရာဒေါ်လေးချန်ရှီက အနာဂတ်ကိုခန့်မှန်းနိုင်သည့် နည်းလမ်းတစ်ခုကိုသာ ထောက်ပံ့ပေးခဲ့ပြီး ကျန်သည့်ကိစ္စကို သူကိုယ်တိုင် သိမြင်အောင် ပြုလုပ်ရခြင်း ဖြစ်သည်။

ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

သူ့မျက်လုံးများထဲတွင် နေရာင်ခြည်များ ထွန်းလင်းတောက်ပနေသည်ကို တွေ့မြင်လိုက်ရသည်။

ထို့နောက် သူ့နံဘေးတွင် မိန်းကလေးငယ်တစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူမက ပါးပြင်ကို လက်နှစ်ဖက်ဖြင့် ထောက်ရင်း မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကို ကြည့်နေ၏။

သူ မျက်လုံးများဖွင့်လာသည်ကို တွေ့သည်နှင့် သူမ အံ့အားသင့်စွာဖြင့် ပြုံးလိုက်သည်။

''ဂိုဏ်းတူမောင်လေး ၊ နိုးလာပြီလား''

သူမက အခြားသူမဟုတ် ၊ ရှောင်ယွိပင် ဖြစ်သည်။

ကျန်းလန် နိုးထမလာသည်မှာ အချိန်အတော်ကြာသွားပုံရသည်။ မဟုတ်ရင် ရှောင်ယွိ ဤနေရာသို့ ရောက်လာမည် မဟုတ်ပေ။

"ဂိုဏ်းတူအစ်မ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ကျန်းလန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"ဂိုဏ်းတူမောင်လေး"

ရှောင်ယွိနှုတ်ခမ်းစူရင်း မကျေမနပ်ဖြင့် သူ့ကို ခေါ်လိုက်သည်။

ပြီးမှ...

''ရှင်ကလေ နိုးထလာတိုင်း ဒီလိုမေးခွန်းမျိုးချည်း မေးတာပဲ ၊ ဉာဏ်အလင်းတစ်ခါပွင့်တိုင်း ပြင်ပကအချိန်တွေအကုန်လုံးကို မေ့လျော့ကုန်တာပဲ''

သူမက ဆက်ပြောသည်။

''ဒါပေမဲ့ ဒီတစ်ခေါက် ကျွန်မ ရှင့်အနားရှိနေတာ ကံကောင်းတယ်မှတ် ၊ မဟုတ်လို့ကတော့ ရှင့်ခေါင်းပေါ် ငှက်တွေအသိုက်လာဆောက်နေလောက်ပြီ''

ကျန်းလန် : ''……''

All Chapters