← Chapters

မြေအောက် ရတနာတိုက်

Vol. 11 Ch. 111

မြေအောက် ရတနာတိုက်

Vol. 11 Ch. 111

ဤနေရာမှာ သာမန်ဂူစုတ် မဟုတ်ဘဲ လူပေါင်း ဒါဇင်ချီ ဝင်ဆံ့လောက်အောင် ကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှသော ရှစ်ထောင့်ပုံ လျှို့ဝှက်ခန်းမကြီး ဖြစ်၏။

နံရံရှစ်ဖက်ကို သံ၊ ကျောက်၊ ရွှေ၊ ငွေ၊ ကြေး၊ သံဖြူ နှင့် သစ်သား စသည့် မတူညီသော ပစ္စည်းများဖြင့် တည်ဆောက်ထား၏။ သူတို့ သုံးကောင် ထွက်ကျလာသည်မှာ သစ်သားနံရံ အပေါက်မှ ဖြစ်ရာ၊ တကယ့်ကို ကံထူးသည်။

ခန်းမထဲတွင် ကုလားထိုင်၊ စားပွဲ တစ်လုံးမျှ မရှိဘဲ လှည့်ရသည့် စက်ဝိုင်းပြား ရှစ်ခုနှင့် ရှုပ်ထွေးလှသော စက်သွားများသာ ရှိ၏။ နံရံတွင် မြှုပ်နှံထားသော အလင်းရောင်ပေးသည့် ကျောက်တုံးများကြောင့်သာ ပတ်ဝန်းကျင်ကို ဝိုးတဝါး မြင်ရသည်။

လေနုအေးလေး တစ်ချက် ဝှေ့ယမ်းသွားသော်လည်း၊ လေဝင်လေထွက်ပေါက်များ ဘယ်ချောင်တွင် ဝှက်ထားမှန်း ရှာမတွေ့ချေ။

“အားပါးပါး... ဒီရွှေနံရံကြီးက ရွှေအစစ်ကြီးတွေ”

ကျန်းယွီလန်က သူ၏ အရိုးဓားမြှောင်ဖြင့် ရွှေနံရံကို ခြစ်ကြည့်ရင်း ကမ္ဘာသစ်ကို တွေ့သွားသည့်အလား အော်ဟစ်လိုက်၏။

'ကြည့်စမ်း... ဒီနံရံကြီး တစ်ခုလုံးသာ ရွှေအစစ်တွေဆိုရင်တော့ ငါတို့ သူဌေးဖြစ်ပြီပေါ့ကွ'

ချူကျန့်၏ ရင်ထဲတွင် မှင်သက်သွားတော့သည်။

ကျန်းရှောင်ယွီမှာမူ လှည့်စက်ဝိုင်းပြားများကို ကလိနေ၏။ ဟိုကလိ ဒီကလိ လုပ်နေရင်းမှ၊ နံရံအလယ်ရှိ ကျောက်တံခါး တစ်ချပ်မှာ ဝုန်းခနဲ ပွင့်သွားတော့သည်။ သူက ရုတ်တရက် ခုန်ပေါက်လိုက်ပြီး အသံကျယ်ကြီးဖြင့် အော်၏။

“သွားကြစို့... ဒီအထဲမှာ ဘာတွေရှိလဲ သွားကြည့်ရအောင်”

မည်သို့ပင်ဖြစ်စေ ရွှေနံရံကြီးကို ထမ်းပြေး၍ မရနိုင်မှန်း သိနေကြသဖြင့်၊ သုံးကောင်သား မီးတုတ်ကိုယ်စီ ကိုင်ကာ ကျောက်တံခါးထဲသို့ အုပ်စုလိုက် ဝင်သွားကြလေသည်။

တံခါးဝမှ အပုပ်နံ့ကြီး တစ်ခု ဆီးကြိုတိုက်ခတ်လာပြီး၊ အတွင်းမှ မြင်ကွင်းကြောင့် သုံးယောက်စလုံး ငုတ်တုတ်မေ့သွားကြတော့သည်။

ကျောက်တံခါးထဲတွင် စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အရိုးစုကြီးများ ပြည့်နှက်နေ၏။ အနည်းဆုံး ရာဂဏန်းမက ရှိပေလိမ့်မည်။

ကျန်းရှောင်ယွီနှင့် ကျန်းယွီလန်တို့ နှစ်ကောင်မှာ မအောင့်နိုင်တော့ဘဲ အူတွေအသည်းတွေပါ ထွက်ကျမတတ် ဝေါ့ခနဲ အန်ချကြတော့သည်။ ချူကျန့်လည်း မျက်မှောင် ကုပ်သွား၏။ သွေးချောင်းစီးပြီး အလောင်းကောင်တွေ တောင်လိုပုံနေသည့် မြင်ကွင်းမျိုးကို သူ မစိမ်းလှသော်ငြား၊ ယခုမြင်ကွင်းမှာ တကယ့်ကို ကျောချမ်းပြီး ရွံစရာကောင်းလွန်းလှသည်။ အထူးသဖြင့် အပုပ်နံ့ကြီးမှာ ခေါင်းထဲအထိ ထိုးဖောက်ဝင်ရောက်လာသည်။

အချိန်အတန်ကြာ အန်ပြီးနောက် ကျန်းရှောင်ယွီ တစ်ယောက် မောဟိုက်စွာဖြင့် ရပ်တန့်သွားသည်။ သူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး တိုးတိုးလေး ပြော၏။

“သူတို့ ဝတ်ထားတဲ့ အဝတ်အစား စုတ်တွေကို ကြည့်ရတာ၊ ဒီမြေအောက်နန်းတော်ကြီးကို ဆောက်ခဲ့တဲ့ ပန်းရံသမားတွေကို နှုတ်ပိတ်တဲ့ အနေနဲ့ သတ်ပစ်ခဲ့တာ သေချာတယ်ကွ”

ထိုစဉ် အလောင်းပုံကြီး၏ အပေါ်ဘက် မျက်နှာကျက်မှ လေးထောင့် အပေါက်ငယ်တစ်ခု ရုတ်တရက် ပွင့်လာသဖြင့်၊ ကျန်းရှောင်ယွီလည်း ပါးစပ် ပိတ်သွားတော့သည်။

သုံးယောက်စလုံး အပေါ်သို့ ပြိုင်တူ မော့ကြည့်လိုက်ရာ ပေအတော်အမြင့်မှ အလင်းရောင် တစ်ခုကို တွေ့လိုက်ရ၏။ ထို့နောက် ရှောင်မီမီ၏ ခပ်သဲ့သဲ့ ညည်းတွားသံက အပေါ်မှ ဆင်းသက်လာ၏။

“နင်တို့ ကံဆိုးတာပဲ စည်းစိမ်ကို ခံစားခွင့် မပါလာဘူးပေါ့လေ ကောင်းရာသုဂတိလားကြပါစေ ငါ နင်တို့ကို လွမ်းနေမိမှာပါ”

ထို့နောက် အရာဝတ္ထု တစ်ခုပြီးတစ်ခု အပေါ်မှ ပြုတ်ကျလာတော့သည်။ ချူကျန့်က သူ၏ အံ့မခန်း အမြင်အာရုံဖြင့် ကြည့်လိုက်ရာ၊ ထိုအရာများမှာ ကျန်းယွီလန် အဆိပ်ခတ် သတ်ထားခဲ့သော လူသေအလောင်းများ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

အောက်ခြေရှိ လျှို့ဝှက်ကမ္ဘာကြီးအကြောင်း လုံးဝ မသိရှာသော ရှောင်မီမီသည် အပေါ်မှ အပေါက်ငယ်ကို ပိတ်ကာ ထွက်သွားတော့သည်။

ချူကျန့်က အမြင့်ကို ခန့်မှန်းကြည့်လိုက်ရာ၊ အပေါ်သို့ ပေငါးဆယ်၊ ခြောက်ဆယ်ခန့် မြင့်မည်ဖြစ်ရာ တွယ်တက်ရန် လုံးဝ မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် သုံးယောက်သား ကျောက်ခန်းမထဲမှ ကပျာကယာ ပြန်ထွက်လာခဲ့ကြ၏။ ကျန်းရှောင်ယွီက သက်ပြင်းချကာ ပြောသည်။

“ဟေ့... ဒီက အိမ်ရှင်က တကယ့်ကို အရင်းနှီးအကုန် ခံတာပဲ အသတ်ခံရတဲ့ ပန်းရံသမားတွေကို ပိတ်ပစ်ဖို့ အခန်းကြီး တစ်ခန်းတောင် သီးသန့် ဆောက်ပေးထားသေးတယ်”

ကျန်းယွီလန်ကလည်း ဝင်ပြော၏။

“ရှောင်မီမီ က ဒီအောက်မှာ ဘာရှိလဲဆိုတာ သိပုံမရဘူး သူက ဒီမြေအောက်နန်းတော်ကို အမှတ်မထင် တွေ့ပြီး သူ့ဟာသူ အပိုင်စီးထားတာ ဖြစ်ရမယ် ဒီလို ခမ်းနားတဲ့ နေရာကြီးကို ဘယ်သူကများ ဆောက်ခဲ့တာလဲ မသိဘူး”

သူက မျက်လုံးကို ကလယ်ကလယ် လုပ်ကာ ကျန်းရှောင်ယွီ လုပ်ခဲ့သလို ရွှေရောင် စက်ဝိုင်းပြားကြီးဆီသို့ ပြေးသွားပြီး လှည့်ကြည့်၏။ သို့သော် ဤတစ်ကြိမ်တွင် လှည့်နည်း မှားနေပုံရကာ အချိန်အတော်ကြာ ကလိနေသော်လည်း ဘာတုံ့ပြန်မှုမျှ မရချေ။

ကျန်းရှောင်ယွီကလည်း အခြား စက်ဝိုင်းပြားများကို ရမ်းသန်း လှည့်ကြည့်နေ၏။ ချူကျန့်ကမူ သူ၏ ကံတရား အမှတ် လေးဆယ် ကို ယုံကြည်စွာဖြင့် အနီးဆုံးရှိ ကြေးဝါရောင် စက်ဝိုင်းပြားကို ရွေးကာ အချက်အနည်းငယ် လှည့်လိုက်၏။

သူ၏ ကံတရားက တကယ်ပဲ ကမ္ဘာပျက်မတတ် ကောင်းလွန်းနေ၍လား မသိ ဆယ်ချက်ခန့် လှည့်လိုက်သည်နှင့် ‘ကျွီ’ ဆိုသော အသံ ထွက်လာပြီး ကြေးဝါရောင် နံရံမှ တံခါးပေါက်ငယ် တစ်ခု ပွင့်လာတော့၏။ သုံးယောက်သား မီးတုတ်များ ကိုင်ကာ ဝင်သွားကြရာ အတွင်းရှိ မြင်ကွင်းကြောင့် သုံးယောက်စလုံး၏ ပါးစပ်များ အောက်ဟောင်းလောင်း ဟသွားကြတော့သည်။

ဤနေရာမှာ အလွန် ကြီးမားကျယ်ဝန်းလှသော ခန်းမကြီး တစ်ခုဖြစ်ပြီး၊ အတွင်းတွင် သပ်ရပ်စွာ စီစဉ်ထားသော လက်နက်စင်ပေါင်း ဒါဇင်ချီ၍ ပြည့်နှက်နေ၏။

ဓားများနှင့် လက်နက်များထံမှ ထွက်ပေါ်နေသော အေးစက်စက် လူသတ်ငွေ့များကြောင့် သူတို့၏ ကျောရိုးများပင် စိမ့်တက်သွားရတော့၏။

သိုင်းလောကတွင် ကျင်လည်ခဲ့ဖူးသော ချူကျန့်ပင်လျှင် ဤမျှ များပြားလှသော လက်နက်များကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဓားရှည်၊ ဓားကောက် မျိုးစုံ၊ လျှို့ဝှက်လက်နက် မျိုးစုံနှင့်၊ ဘာအတွက် သုံးရမှန်းပင် မသိသော ပုံပန်းသဏ္ဌာန် ထူးဆန်းလှသည့် လက်နက်များပင် ပါဝင်သေးသည်။

ချူကျန့်က ဓားတစ်လက်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်ကြည့်လိုက်ရာ ဓားသွားမှာ အေးစက်စွာ တောက်ပနေပြီး ခရမ်းရောင် အလင်းတန်းလေးများ မှိန်ပျပျ ထွက်ပေါ်နေ၏။ ခရမ်းရောင်အဆင့် ပစ္စည်းပေတကား။

ထို့နောက် အလျား ဆယ်ပေကျော် ရှည်လျားပြီး ဓားသွားမှာ မြွေခေါင်းပုံစံ ရှိသော လှံရှည်ကြီး တစ်လက်ကို ကိုင်ကြည့်လိုက်ရာ လိမ္မော်ရောင် အလင်းတန်းများ တောက်ပနေပြန်သည်။

လိမ္မော်ရောင်အဆင့် လက်နက်ကြီးပင်။

အခြား လက်နက်များကို လိုက်ကြည့်လိုက်ရာ အားလုံးက ခရမ်းရောင် သို့မဟုတ် လိမ္မော်ရောင် အလင်းတန်းများ ထွက်ပေါ်နေကြ၏။

အားပါးပါး... စနစ်ကြီးရဲ့ ပစ္စည်းအရည်အသွေး သတ်မှတ်ချက်များဖြစ်သော အခြေခံ အဖြူ၊ သာမန် အပြာ၊ အလယ်အလတ် အပြာရင့်၊ အဆင့်မြင့် ခရမ်း၊ ထိပ်တန်း လိမ္မော်၊ ရတနာအဆင့် ငွေရောင်၊ နတ်အဆင့် ရွှေရောင် ဟူသော အဆင့်များအရ၊ ဤလက်နက်များ အားလုံးမှာ အဆင့်မြင့် ခရမ်းရောင်နှင့် အထက်များချည်းသာ ဖြစ်နေလေပြီ။

ဤလက်နက်တိုက်ကြီးက ဂိမ်း စနစ်ကြီး တစ်ခုလုံးကို ဖောက်ထွင်းပစ်လိုက်မည့် ဟာကွက်ကြီး တစ်ခုပင် ဖြစ်တော့သည်။

ယခုလက်ရှိ ဆာဗာသစ် တစ်ခုလုံးတွင် ခရမ်းရောင်အဆင့် ပစ္စည်းဟူ၍ ချူကျန့် ဝတ်ဆင်ထားသော ချန်လန် ရှောင်ယောင် ဝတ်ရုံ တစ်ထည်တည်းသာ ရှိသေးကြောင်း မှတ်သားရမည်ပင်။

ချူကျန့်၏ မျက်လုံးများမှာ ရွှေရောင် တောက်ပသွားတော့၏။

သည်လက်နက်များ အားလုံးကိုသာ သယ်သွားပြီး ရောင်းစားလိုက်မည် ဆိုပါက သူတော့ သေချာပေါက် သူဌေးကြီး ဖြစ်လေပြီ။ ရွှေတုံး သန်းနှစ်ဆယ် သန်းသုံးဆယ်လောက် ရဖို့ဆိုတာ အိပ်မက် မဟုတ်တော့ချေ။

သူက သိုလှောင်အိတ်ကို ကပျာကယာ ဖွင့်ကာ နေရာရှင်းလင်းရန် ကြိုးပမ်းလိုက်သော်လည်း သူ၏ အသုံးအဖြုန်း ကြီးခဲ့မှုများကို တွေးမိပြီး ရင်ကျိုးသွားရတော့သည်။ ချင်ရူယွင် ပေးထားခဲ့သော ဘက်စုံသုံး အိတ်နှစ်လုံးဖြင့် နေရာချဲ့ထားသော်ငြား သူ၏ သိုလှောင်အိတ်မှာ အကွက် တစ်ရာ့ငါးဆယ် သာ ပါဝင်ပြီး တစ်ကွက်လျှင် ပစ္စည်းတစ်ခုသာ ထည့်၍ ရ၏။ ယခုအခါ ထိုအိတ်ထဲတွင် အရေးပေါ် သုံးရန် ပစ္စည်းများနှင့် အခြား ကစားသမားများထံမှ လုယက်ထားသော သိုလှောင်အိတ်များဖြင့် ပြွတ်သိပ် ပြည့်နှက်နေချေပြီ။

ထို့အပြင် ကန့်သတ်ချက်များကြောင့် လုယက်ထားသော သိုလှောင်အိတ်များထဲမှ ပစ္စည်းများကိုသာ ထုတ်ယူ၍ ရပြီး အသစ် ပြန်ထည့်၍ မရနိုင်ချေ။

'အိုက်ယား... ငါ မလိုတဲ့ ပစ္စည်းတွေ အကုန် လွှင့်ပစ်လိုက်ရင်တောင်မှ ဒီကနေ လက်နက် တစ်ရာလောက်ပဲ သယ်သွားလို့ ရမှာပါလား...'

'ထားလိုက်ပါတော့... ဟိုကြည့် ဒီကြည့် အရင် လိုက်ရှာကြည့်ဦးမယ် ရတနာအဆင့် ငွေရောင်တို့၊ နတ်အဆင့် ရွှေရောင်တို့များ ပါမလားလို့ ပါရင် အဲ့ဒါတွေကို အရင် ကောက်ထည့်ရမယ်'

ချူကျန့် တစ်ယောက် မျက်လုံးလေး ကလယ်ကလယ်ဖြင့် လက်နက်များကို လိုက်ရှာနေစဉ် ကျန်းရှောင်ယွီနှင့် ကျန်းယွီလန်တို့မှာလည်း နေရာအနှံ့ရှိ လက်နက်များကို စိတ်လှုပ်ရှားစွာ ကိုင်တွယ်ကြည့်ရှုနေကြ၏။

“ကျန်းရှောင်ယွီ... ဒီလက်နက်က ဘာလဲဆိုတာ မင်း သိလား”

ကျန်းယွီလန်က ရွှေနဂါး လက်တံကြီး တစ်ခုနှင့် တူသော လက်နက်တစ်လက်ကို ကိုင်ကာ ကြွားလုံးထုတ်လိုက်၏။

“မသိဘူးလေကွာ”

“ဟေ့ကောင်... ဒါက သိုင်းလောကမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကိုးမျိုးပြောင်း နတ်နဂါး သရဲလန့်ဓား ကွ အသုံးဝင်ပုံ ကိုးမျိုးတောင် ပါတဲ့ သေမင်း လက်နက်ပဲ ဒီလက်နက်ကြောင့် သိုင်းဆရာကြီးတွေ မရေမတွက်နိုင်အောင် သေခဲ့ရဖူးတယ် သိုင်းလောကကနေ ပျောက်ကွယ်သွားတာ ဆယ်စုနှစ်ချီ နေပြီကို ဒီမှာ လာတွေ့ရမယ်လို့ ထင်မထားဘူး”

“ကြည့်ရတာ မင်းက ဒီ သရဲလန့်ဓား ကို တော်တော် သဘောကျနေပုံရတယ် ဘယ်လို သုံးရလဲရော မင်း သိလို့လား”

ကျန်းရှောင်ယွီက သူ၏ လက်ထဲရှိ အေးစက် ထက်မြက်လှသော ဓားတစ်လက်ကို ပေါ့ပေါ့ပါးပါး ကစားနေရင်း လှောင်ပြောင်လိုက်၏။

'ကျစ်... ငါ့ပါးစပ်ကလည်း ဖွာလွန်းပါတယ်...'

ကျန်းယွီလန်က သူ့ကိုယ်သူ အပြစ်တင်လိုက်ပြီးနောက် သရဲလန့်ဓားကို ပြန်ချထားကာ လက်ခါပြလိုက်သည်။

“အာ... မဟုတ်ပါဘူး ငါလည်း ဘယ်လို သုံးရမလဲ မသိပါဘူး နာမည် ကြားဖူးရုံ သက်သက်ပါ ဒီလို အမင်္ဂလာပေးမယ့် လက်နက်ကြီးကို ငါကတော့ အရမ်းမုန်းတာပဲ”

“ဟုတ်လား... မင်း မလိုချင်ရင် ငါ ယူလိုက်မယ်နော်”

ချူကျန့်က အနားသို့ လျှောက်လာပြီး၊ ထို ခရမ်းရောင်အဆင့် လက်နက်ကို အထာကျကျပင် ကောက်ယူ သိမ်းဆည်းလိုက်တော့သည်။

ကျန်းရှောင်ယွီက ပခုံးတွန့်ပြကာ ဂရုမစိုက်သည့် ပုံစံ ဖမ်းလိုက်၏။ ကျန်းယွီလန်မှာမူ တစ်ဖက်သို့ လှည့်သွားပြီး သူ၏ မျက်လုံးထဲမှ နာကျည်းမှုများကို အသည်းအသန် ဖုံးကွယ်လိုက်ရ၏။ သူ ပြန်လှည့်လာချိန်တွင်မူ ဖားယားယား အပြုံးကြီး တစ်ခုက နေရာယူနေပြန်သည်။

“အစ်ကိုကြီးရဲ့ သိုင်းပညာတွေက အရမ်း မြင့်မားတော့ ဒီလက်နက်ရဲ့ လူသတ်ငွေ့တွေကို သေချာပေါက် ဖိနှိပ်ထားနိုင်မှာပါ အစ်ကိုကြီး သိမ်းထားတာ အကောင်းဆုံးပါပဲ”

သူက ရယ်ရင်း ဟိုလျှောက် ဒီလျှောက် လုပ်နေကာ၊ ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ အာရုံလွှဲနေချိန်တွင် ကောင်းကင်ပြို မြေကြီးကွဲ အရိုးဖောက် နှလုံးခွင်း အပ် ဟု ခေါ်သော အလွန် အဆိပ်ပြင်းသည့် လျှို့ဝှက်လက်နက် တစ်ခုကို တိတ်တဆိတ် ကောက်ယူ၍ အင်္ကျီလက်စထဲသို့ ထိုးသွင်းလိုက်၏။ ထို့နောက် ဘာမှမဖြစ်သကဲ့သို့ ဆက်လျှောက်သွားတော့သည်။

သို့သော် သူ ခိုးယူလိုက်သည့် အချိန်လေးမှာပင် ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ မျက်လုံးချင်း ဖလှယ်လိုက်မိသည်ကို သူ မသိလိုက်ချေ။ ချူကျန့်က မျက်ရိပ်ပြလိုက်သည်နှင့်၊ ကျန်းရှောင်ယွီကလည်း အခြား သုံးထောင့်ပုံ လျှို့ဝှက်လက်နက် တစ်ခုကို အလွန် လျင်မြန်စွာ ကောက်ယူ သိမ်းဆည်းလိုက်၏။

ချူကျန့်က လက်နက်စင် နှစ်တန်းခန့်ကို လိုက်စစ်ဆေးကြည့်ရာ အစွမ်းအထက်ဆုံး လက်နက်များမှာ လိမ္မော်ရောင်အဆင့်သာ ရှိပြီး အရေအတွက်လည်း သိပ်မများလှကြောင်း တွေ့လိုက်ရသည်။ အများစုမှာ ခရမ်းရောင်အဆင့်များသာ ဖြစ်၏။

ချူကျန့်က လိမ္မော်ရောင်အဆင့် လက်နက်များကို ဦးစားပေး သိမ်းဆည်းရန် ဆုံးဖြတ်လိုက်သော်လည်း လက်နက်တစ်ခုကို ကောက်ယူရန် ပြင်လိုက်ချိန်မှာပင် စနစ် ထံမှ သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။

[သင်သည် လက်ရှိ ဇာတ်လမ်းကွင်းဆက် အဖြစ်အပျက်ကို ပြီးမြောက်အောင် မဆောင်ရွက်ရသေးသဖြင့် ပစ္စည်းများကို ဆက်လက် သိမ်းဆည်း၍ မရနိုင်ပါ]

'သောက်ကျိုးနည်း... ငါ့ကို တကယ်ကြီး လာနောက်နေတာလား... ဒီလို စည်းကမ်းချက်ကြီးလည်း ရှိသေးတာလားဟ…’

All Chapters