← Chapters

ဘယ်သူ နိုင်မလဲ

Vol. 11 Ch. 115

ဘယ်သူ နိုင်မလဲ

Vol. 11 Ch. 115

သို့သော် ချူကျန့်က အကွက်အောင်သွားသည်နှင့် လုံးဝ အချိန်ဆွဲမနေတော့ဘဲ လှည့်စားမှု သိုင်းကွက် ကို အသုံးပြုကာ နောက်သို့ လျှပ်စီးပမာ ခုန်ဆုတ်လိုက်၏။

လောကရှိ ကစားသမား အားလုံးထဲတွင် သူ့ကဲ့သို့သော သိုင်းဆရာကြီး တစ်ဦးသာလျှင် သိုင်းကွက်တစ်ခုကို တစ်ခေါက်တည်း ကြည့်ရုံဖြင့် ဤမျှ တိကျသေချာစွာ ထုတ်သုံးနိုင်စွမ်း ရှိပေလိမ့်မည်။

အစပြုအဆင့် လှည့်စားမှု သိုင်းကွက် မျှသာ ဖြစ်သော်ငြား ဂိမ်း စနစ်၏ နတ်အဆင့် အကျိုးသက်ရောက်မှုများ ပေါင်းစပ်သွားရာ အဆင့်မြင့် "မိစ္ဆာနှိမ်နင်းရေး ကြယ်ကြွေ နတ်စွန် ကိုယ်ဖော့ပညာ" ထက်ပင် အဆပေါင်းများစွာ ပို၍ လျင်မြန်နေချေပြီ။

ထိုအံ့မခန်း လျင်မြန်မှုနှင့်အတူ "လေတိုက်၍ ယိမ်းနွဲ့နေသော မိုးမခပင်" ရှောင်တိမ်းမှု သိုင်းကွက်တို့ ပေါင်းစပ်သွားမှုကြောင့် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်တော့ဟု ထင်ရသော ရှောင်မီမီ၏ လက်ဝါးချက်ကို ဆံခြည်တစ်မျှင် အကွာအဝေးမှ သီသီလေး ရှောင်တိမ်းနိုင်ခဲ့၏။ ထိုကြောက်ခမန်းလိလိ လက်ဝါးလေဟုန်ကြီးက သူ၏ ဘေးမှ ပွတ်တိုက်သွားသည်ကိုပင် သူ ခံစားလိုက်ရ၏။

ဤမျှ အသက်အန္တရာယ် ကြီးမားသော အခြေအနေတွင်ပင် ချူကျန့်၏ အကြည့်များက ရှောင်မီမီထံမှ တစ်စက္ကန့်လေးမျှပင် ခွာမသွားခဲ့ချေ။ သူမ၏ မျက်နှာပေါ်တွင် မည်းမှောင်သော အရိပ်အယောင်များ ပေါ်လာသည်ကို သူ တွေ့လိုက်ရသော်လည်း ချန်လင်းစု ကိုယ်တိုင် အထူး ဖော်စပ်ထားသော အသေမြန်စေသည့် အဆိပ်ကိုပင် သူမ၏ သန့်စင်သော အတွင်းအားများဖြင့် အတင်းအဖိ ဖိနှိပ်ထားနိုင်စွမ်း ရှိသည်မှာ တကယ့်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင် အစွမ်းထက်လွန်းလှသည်။

ရှောင်မီမီက သူမ၏ ရင်ဘတ်ထဲမှ ဖြေဆေး ပုလင်းများကို ထုတ်ယူရန် ပြင်လိုက်စဉ် ချူကျန့်မှာ သူမ၏ လက်ဝါးလေဟုန်ကြောင့် ပေနှစ်ဆယ်ခန့် နောက်သို့ လွင့်ထွက်သွားပြီ ဖြစ်ရာ တားဆီးရန် အချိန်မမီတော့ချေ။ ထို့ကြောင့် အံကို တင်းတင်းကြိတ်ကာ ကပျာကယာ ရေရွတ်လိုက်၏။

“ကိုယ်ပျောက်စနစ်ကနေ ထွက်စမ်း”

'တုန်းဖန်းပုပိုက်...အစုတ်ပလုတ်လေး... ဒီတစ်ခါတော့ မင်း လိမ္မာပါးနပ်စွာနဲ့ ငါ့ကို မကူညီဘူးဆိုရင် နောက်တစ်ခါ မင်းကို မုန့်ထပ်ကျွေးသေးလား ကြည့်လိုက်'

မှိန်ပျပျ အလင်းတန်း ဖြူဖြူလေးတစ်ခုနှင့်အတူ တုန်းဖန်းပုပိုက် ရုတ်တရက် ထွက်ပေါ်လာတော့၏။

တကယ်တော့ ချူကျန့်သည် အသေအလဲ တိုက်ပွဲ စတင်ကတည်းက သူမကို ခေါ်ထုတ်ထားပြီး ဖြစ်သည်။ သို့သော် တုန်းဖန်းပုပိုက်မှာ ကိုယ်ပျောက်စနစ် ဖြင့် ရှိနေသဖြင့် တိုက်ခိုက်၍ မရနိုင်သလို သူမကိုယ်တိုင်ကလည်း ဝင်ရောက် ကူညီလိုသည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။

ယခု ကိုယ်ပျောက်စနစ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် တုန်းဖန်းပုပိုက်သည် ရှောင်မီမီ၏ နောက်ကျောဘက်တွင် တစ္ဆေတစ်ကောင်အလား ပေါ်လာ၏။ ချူကျန့်၏ လူသတ်ချင်နေသော အကြည့်များအောက်တွင် သူမက နှုတ်ခမ်းလေး စူကာ လက်မလောက် ရှည်သော ငွေအပ် နှစ်ချောင်းကို မတတ်သာဘဲ ထုတ်ယူလိုက်ရရှာသည်။ ထို့နောက် သူမ၏ ကိုယ်လုံးလေးမှာ ချက်ချင်းပင် အရိပ်အယောင်များအဖြစ် ပြောင်းလဲသွားပြီး ရှောင်မီမီ၏ အရေးကြီး သွေးကြောဆုံများဆီသို့ အပ်များကို လျှပ်စီးပမာ ထိုးစိုက်လိုက်တော့၏။

တုန်းဖန်းပုပိုက်၏ ခွန်အား အမှတ်မှာ ချူကျန့်ကဲ့သို့ပင် (၃၀၀) မှတ်သာ ရှိသော်ငြား နေကြာ သိုင်းကျမ်း ကို အသုံးပြုလိုက်ချိန်တွင် သူမ၏ လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်အလား ဖမ်းဆုပ်ရခက်ပြီး နေရာအနှံ့တွင် အရိပ်များ ချန်ရစ်ခဲ့၏။ လျင်မြန်မှု အပိုင်းတွင်မူ အစပြုအဆင့် လှည့်စားမှု သိုင်းကွက် ကို အသုံးပြုထားသော ချူကျန့်ထက်ပင် အဆပေါင်းများစွာ သာလွန်နေချေပြီ။

ရှောင်မီမီမှာ ဤမျှ ဖမ်းဆုပ်ရခက်ပြီး ကြောက်စရာကောင်းသော သိုင်းပညာမျိုးကို တစ်ခါမှ မကြုံဖူးခဲ့သည်မှာ သေချာလှသည်။ ထို့အပြင် အဆိပ်ကို ခုခံရန်အတွက် အတွင်းအားများကို လှည့်ပတ်နေရသဖြင့် အရေးကြီးသော သွေးကြောဆုံများကိုသာ အနိုင်နိုင် ရှောင်တိမ်းနိုင်ခဲ့၏။ သို့သော်ငြား သုံးလက်မခန့် ရှည်သော ပန်းထိုးအပ်များက သူမ၏ ကိုယ်တွင်းကလီစာ အချို့ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ရာ ရုတ်တရက် အသည်းခိုက်မတတ် နာကျင်မှုကြောင့် လက်ထဲရှိ ဆေးပုလင်းမှာ မြေပြင်သို့ ပြုတ်ကျ ကွဲအက်သွားတော့သည်။

ရှောင်မီမီ၏ မျက်နှာမှာ ပြာနှမ်းသွား၏။ နတ်သမီးလေး တစ်ပါးပမာ လှပပြီး ကျော့ရှင်းလှသော ဤမိန်းမပျိုလေးက ဘယ်ကနေများ ရောက်လာပြီး ဤမျှ ကြောက်စရာကောင်းသော လျင်မြန်မှုမျိုးကို ပိုင်ဆိုင်ထားကြောင်း သူမ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရ၏။ သူမ၏ အကောင်းဆုံး အခြေအနေမှာတောင် ဤကောင်မလေးကို အနိုင်နိုင် ရင်ဆိုင်ရမည် ဖြစ်ရာ ယခု ခြေထောက် အဆိပ်မိပြီး လှုပ်ရှားမှုများ နှေးကွေးနေချိန်တွင်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ကျသွားသော ဆေးပုလင်းကို ကောက်ရန်ပင် မေ့သွားပြီး သူမက ခါးပတ်ကို ရုတ်တရက် ပုတ်လိုက်ရာ တစ်စုံတစ်ခု ပြုတ်ကျသွားပုံ ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ခြေရင်းမှ မည်းမှောင်သော မီးခိုးလုံးကြီး တစ်ခုက တရကြမ်း ပျံ့နှံ့လာတော့၏။ မီးတုတ် အလင်းရောင်ဖြင့်သာ မှိန်ပျပျ လင်းထိန်နေသော သံအိမ်ကြီးမှာ ချက်ချင်းပင် မွမ်းကျပ်စရာ ကောင်းသော မီးခိုးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

တုန်းဖန်းပုပိုက်က မီးခိုးများကို ရှောင်ရှားရန် ကပျာကယာ နောက်ဆုတ်လိုက်၏။ သူမသည် အိမ်မွေးတိရစ္ဆာန် ကဲ့သို့သော ဇာတ်ကောင်လေး ဖြစ်လာသော်ငြား သွေးသားနှင့် ဖွဲ့စည်းထားသူ ဖြစ်၏။ အထူးသဖြင့် စာအုပ်ထဲမှ ထွက်လာပြီး ကိုယ်ပျောက်စနစ်မှ ထွက်လိုက်ချိန်တွင်မူ သာမန် လူသားတစ်ဦးနှင့် လုံးဝ မကွာခြားတော့ဘဲ အဆိပ်မိခြင်း ဒဏ်ရာရခြင်းများ ဖြစ်နိုင်ချေ ရှိနေဆဲပင်။

“အသက်အောင့်ထား... ကျန်းရှောင်ယွီကို ကယ်ပြီး စာအုပ်ထဲ ပြန်ဝင်တော့”

သူမမှာ မိမိကဲ့သို့ အဆိပ်ဒဏ်ကို ခုခံနိုင်စွမ်း မရှိကြောင်း ချူကျန့် ကောင်းကောင်း သိထား၏။ ထို မည်းမှောင်သော မီးခိုးများမှာ သေချာပေါက် အဆိပ်ငွေ့များ ဖြစ်ပေမည်။ သူက စိတ်ချင်း ဆက်သွယ်ခြင်းဖြင့် အမြန် အမိန့်ပေးလိုက်ပြီးနောက် ရှောင်မီမီ နောက်သို့ ကိုယ်ဖော့ပညာ အသုံးပြုကာ လိုက်ပါသွားတော့၏။

'ရန်သူ အားနည်းနေချိန်မှာ အသေအလဲ နှိပ်ကွပ်ရမယ်' ဆိုသည်မှာ ချူကျန့်၏ ကိုယ်ပိုင် ဒဿနပင် ဖြစ်၏။

ထို့အပြင် ရှောင်မီမီကို ရှင်းလင်းပစ်နိုင်မှသာ လက်ရှိ ဇာတ်လမ်းကွင်းဆက် ပြီးဆုံးနိုင်ချေ ရှိပြီး လက်နက်တိုက်ထဲရှိ လက်နက်မျိုးစုံနှင့် ရတနာများကို သူ လွတ်လပ်စွာ သိမ်းဆည်းခွင့် ရမည် မဟုတ်လော။

အကယ်၍ သူသာ လိမ္မော်ရောင်နှင့် ခရမ်းရောင် လက်နက်များကို တတ်နိုင်သမျှ များများ ယူဆောင်သွားပြီး ရောင်းစားလိုက်နိုင်မည် ဆိုပါက ရွှေတုံး သန်းချီ ရရှိပြီး သူ၏ ရည်မှန်းချက်ဖြစ်သော သန်းတစ်ရာ နှင့် အလွန် နီးစပ်သွားမည်မှာ အသေအချာပင်။

ထို ရတနာများအတွက် ဆိုလျှင်တောင် ရှောင်မီမီကို သူ လုံးဝ အလွတ်ပေးမည် မဟုတ်ချေ။

မည်းမှောင်သော မီးခိုးငွေ့များက သံအိမ်ကြီး၏ ထက်ဝက်ခန့်ကို ဖုံးလွှမ်းသွားသော်လည်း လေထုလှုပ်ရှားမှုကို နားထောင်၍ လားရာကို ခန့်မှန်းတတ်သော ချူကျန့်အတွက်မူ အမြင်အာရုံ ချို့ယွင်းသွားခြင်းက သိပ်ပြီး ပြဿနာ မဟုတ်လှချေ။ ထို့အပြင် ရှောင်မီမီမှာ ခြေထောက် အဆိပ်မိနေသဖြင့် လှုပ်ရှားမှုများ နှေးကွေးနေပြီး ခြေသံများလည်း ပိုမို ပြင်းထန်နေ၏။

ရှောင်မီမီ တစ်ယောက် သံအိမ်ကြီး၏ ထွက်ပေါက်ဆီသို့ ပြေးနေကြောင်း သူ ချက်ချင်းပင် သိလိုက်ရသည်။

ချူကျန့်က လှည့်စားမှု သိုင်းကွက် ၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးကာ မီးခိုးငွေ့ တစ်တန်းပမာ ရှောင်မီမီ နောက်သို့ အပြင်းအထန် လိုက်ပါသွားပြီး အကွာအဝေးကို လျှော့ချလိုက်၏။

အကွာအဝေးကို ခန့်မှန်းပြီးနောက် ချူကျန့်က သိုင်းလောက၏ လျှို့ဝှက်လက်နက် ဓားတို ဒါဇင်ခန့်ကို တိတ်တဆိတ် ဆွဲထုတ်ကာ မိုးသီးမိုးပေါက်များပမာ ပစ်လွှတ်လိုက်တော့သည်။

ဤဓားတိုများနှင့် ယခင်က သွေးဓား အဘိုးအိုကို ရင်ဆိုင်စဉ်က အသုံးပြုခဲ့သော အခြား လျှို့ဝှက်လက်နက်များ အားလုံးမှာ လမ်းကြုံရာ မြို့လေးတစ်မြို့ရှိ ပန်းဘဲဖိုမှ ဝယ်ယူလာခဲ့ခြင်း ဖြစ်၏။ ၎င်းတို့မှာ အပေါဆုံး အဖြူရောင်အဆင့် ပစ္စည်းများသာ ဖြစ်သော်ငြား မိန်းကလေးလင် ကိုယ်တိုင် ဖော်စပ်ပေးထားသော အဆိပ်များကို သုတ်လိမ်းထားရာ ရှောင်မီမီ၏ အရေပြားကို အနည်းငယ် ပွတ်တိုက်မိရုံဖြင့်ပင် သူမ ဒုက္ခ အကြီးအကျယ် ရောက်သွားမည်မှာ သေချာလှသည်။

ဓားတိုများက လေထုကို ခွင်းကာ တဝီဝီ မြည်ဟိန်း၍ ပြေးဝင်သွား၏။ ရှောင်မီမီက ဓားပျော့ဖြင့် ကာကွယ်လိုက်သော်လည်း သူမ၏ ပြေးနေသော အရှိန်မှာ တုံ့ဆိုင်းသွားရတော့သည်။

အသေအလဲ တိုက်ခိုက်နေရင်းဖြင့် သူတို့ နှစ်ဦးမှာ သံအိမ်ကြီး အပြင်ဘက်ရှိ ရှစ်ထောင့်ပုံ လျှို့ဝှက်ခန်းမကြီးဆီသို့ ရောက်ရှိလာကြ၏။

ချူကျန့်က ရှေ့သို့ လျှပ်စီးပမာ ခုန်ဝင်သွားပြီး ယခင်က လုံးဝ မသုံးရသေးဘဲ ခါးတွင် ချိတ်ဆွဲထားသော "မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို" ကို ဆွဲထုတ်ကာ အားပါးတရ ခုတ်ပိုင်းချလိုက်တော့သည်။

အနက်ရောင် အလင်းတန်းမှာ မျက်စိကျိန်းမတတ် လိမ္မော်နီရောင်အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။ ၎င်းမှာ သူ ကိုယ်တိုင် ဖန်တီးထားသော ရတနာအဆင့် ဓားသိုင်းဖြစ်သည့် "နဂါးသတ် ဓားသိုင်း ဆယ့်ခုနစ်ကွက်" ပင် ဖြစ်တော့သည်။

ဓားလေဟုန်များက လှိုင်းလုံးကြီးများပမာ တရကြမ်း ဝင်ရောက်လာပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ရှောင်မီမီက သူမ၏ ဓားပျော့ကို အသည်းအသန် မြှောက်ကာ ဆယ့်ခြောက်ချက်တိတိ ကာကွယ်နိုင်ခဲ့သော်လည်း ဆယ့်ခုနစ်ချက်မြောက် ဓားချက် အကျတွင်မူ နောက်ဆုံး၌ လန့်ဖျတ်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ လွင့်ထွက်သွားတော့၏။

ချူကျန့်က ဆက်လက် ဖိကပ်ကာ သူမ၏ မျက်နှာဆီသို့ ဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်သည်။

ရှောင်မီမီမှာ အဆိပ်ကို ဆက်လက် ဖိနှိပ်ထား၍ မရနိုင်တော့ချေ။ သူမ၏ ကျန်ရှိနေသော ခွန်အား အားလုံးကို စုစည်းကာ ဓားကို မြှောက်၍ အသေအလဲ ကာကွယ်လိုက်ရ၏။ "ချွင်..." ဆိုသော ကျယ်လောင်သည့် အသံနှင့်အတူ နှစ်ဦးစလုံး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားကြရသည်။

မောဟိုက်နေသော ရှောင်မီမီက ရုတ်တရက် ချွဲနွဲ့ပြီး ညို့ဓာတ်ပြင်းလှသော လေသံဖြင့် ပြောလာ၏။

“ကျွန်မ အရှုံးပေးပါပြီ ရှင့်ရဲ့ အစေခံ လုပ်ပါ့မယ် အခုကစပြီး သခင်လေးကို သေချာ ပြုစုယုယပေးပါ့မယ် ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါနော်... ကျွန်မက လူပြုစု အရမ်းတော်တာ သခင်လေး နေ့တိုင်း နတ်ပြည် ရောက်နေသလို ခံစားရစေရမယ်လို့ အာမခံပါတယ်”

သူမ စကားပြောနေရင်း အသက်ရှူသံများမှာ ရမ္မက်ဆန်ဆန် ဆွဲဆောင်မှု အပြည့် ရှိနေပြီး အနည်းငယ် ဟနေသော နှုတ်ခမ်းနီနီလေးများကြားမှ လျှာနီနီလေးက သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွလေး လျှာသပ်ပြနေသေး၏။ သူမ၏ သွယ်လျသော ခါးလေးမှာလည်း မြွေတစ်ကောင်ပမာ ယိမ်းနွဲ့နေ၏။

သွေးဆူနေသော လူငယ်လေး တစ်ယောက်အတွက် ဤမျှ လှပသော မိန်းမပျိုလေး၏ ချွဲနွဲ့တောင်းပန်မှုများကို ငြင်းဆန်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ချူကျန့် တစ်ယောက် မျက်လုံးကြီး ပြူးကာ သွားရည်ကျမတတ် ဖြစ်သွားဟန်ဖြင့် တုံ့ဆိုင်းသွားပြီး မေးလိုက်၏။

“ခင်ဗျား တကယ် သဘောတူတာလား”

ထိုသို့ မေးလိုက်ရင်းနှင့်ပင် အခွင့်ကောင်းယူကာ လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး နတ်ဘုရား အလင်းဖြာ အတွင်းအားကို အရှိန်အဟုန်ဖြင့် လှည့်ပတ်လိုက်တော့၏။ ဓားချင်း ထိခိုက်မှုကြောင့် ထုံကျင်နေသော ခန္ဓာကိုယ် တစ်ခြမ်းမှာ ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားပြီး သူ၏ အတွင်းအားနှင့် ခွန်အားများလည်း အများစု ပြန်လည် ပြည့်ဖြိုးလာလေပြီ။

နတ်ဘုရား အလင်းဖြာ ကျင့်စဉ် ၏ "အဆုံးမဲ့ ရှင်သန်ခြင်း" ဆိုသည်မှာ တကယ့်ကို အံ့မခန်းပင်။

ရှောင်မီမီ၏ အပြုံးများမှာ ပိုမို ဆွဲဆောင်မှု ရှိလာတော့၏။ သူမက ခါးပတ်လေးကို ဆုပ်ကိုင်ကာ ချိုသာလှသော အသံဖြင့် ပြောလိုက်၏။

“သခင်လေး သဘောကျရင် ဒီနေရာမှာပဲ အရင် စမ်းကြည့်လို့ ရပါတယ်ရှင်...”

“အိုကေလေ... ဒါဆို ငါ အရင်ဆုံး ပစ္စည်းကို စမ်းသပ်ကြည့်ရတာပေါ့”

ချူကျန့်က နှာဘူးအပြုံးကြီး ပြုံးကာ ရှေ့သို့ ခုန်ဝင်သွားပြီး သူ၏ လက်ထဲရှိ "မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို" ကို အားကုန်ထုတ်၍ သနားညှာတာမှု ကင်းမဲ့စွာ ခုတ်ပိုင်းချလိုက်တော့၏။

'ကြည့်စမ်း... မိန်းမတွေ လှည့်စားတာ ခံရလောက်အောင် ငါက ငတုံးမှတ်နေလား'

သူ၏ ဓားချက် လားရာမှာ အလွန် အကွက်ကျလှသည်။ ဓားအရိပ်များက အရပ်ရှစ်မျက်နှာမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေ၏။ ရှောင်မီမီမှာ ဓားကို မြှောက်ကာ အတင်းအကြပ် ကာကွယ်လိုက်ရသော်လည်း ချူကျန့်၏ အစွမ်းထက်လှသော ဓားချက်ကြောင့် ခြေလှမ်းအတော်များများ နောက်ဆုတ်သွားရပြီး နံရံထောင့်သို့ ရောက်ရှိသွားကာ ပွင့်နေသော တံခါးပေါက် သုံးခုနှင့် ဝေးကွာသွားသဖြင့် လုံးဝ ထွက်ပြေးစရာ လမ်းမရှိတော့ချေ။

ရှောင်မီမီ၏ မျက်နှာပေါ်ရှိ မည်းမှောင်သော အရိပ်အယောင်များ ပိုမို ထင်ရှားလာရာ အဆိပ်ကို ဆက်လက် မထိန်းချုပ်နိုင်တော့ကြောင်း သိသာလှသည်။ သူမ၏ ရင်ဘတ်မှာ အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ရုတ်တရက် မျက်လုံးများ သွေးရောင်လွှမ်းသွားကာ စူးရှစွာ အော်ဟစ်လိုက်တော့၏။

“သေမယ်ဆိုရင် အတူတူ သေကြတာပေါ့”

သူမက အဆိပ်ကို ခုခံရန် အတွင်းအား သုံးနေခြင်းကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်ပြီး သူမ၏ ဓားပျော့ကို အေးစက်သော အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ချူကျန့်ဆီသို့ တရကြမ်း ထိုးသွင်းလိုက်တော့သည်။

ဒါက လုံးဝ ကာကွယ်ခြင်း မရှိတော့ဘဲ ကိုယ်သေရင် သူပါ သေရမည် ဆိုသော အသေအလဲ တိုက်ခိုက်မှုကြီးပင် ဖြစ်တော့၏။

All Chapters