ငါ့ကို လာနောက်နေတာလား
Vol. 11 Ch. 116
ချူကျန့်က ရှောင်မီမီ တစ်ယောက် အခြေအနေ မဟန်တော့မှန်း သိလိုက်သဖြင့် ထိပ်တိုက် ရင်ဆိုင်ခြင်းကို ရှောင်ရှားလိုက်သည်။ သူက အလွန် သိမ်မွေ့လှသော လှည့်စားမှု သိုင်းကွက် နှင့် လေတိုက်၍ ယိမ်းနွဲ့နေသော မိုးမခပင် ခြေလှမ်းများကို အသုံးပြုကာ ရှောင်တိမ်းလိုက်ပြီး ဟာကွက် တစ်ခုကို အမိအရ ဖမ်း၍ သူမ၏ ဓားပျော့ကို မိမိ၏ ဓားဖြင့် ဖယ်ထုတ်ကာ ရှောင်မီမီကို အားပါးတရ ကန်ထုတ်လိုက်တော့၏။
ရှောင်မီမီ၏ ဓားပျော့မှာ လေထဲသို့ လွင့်စင်သွားပြီး သူမ၏ ကိုယ်လုံးမှာလည်း နံရံထောင့်သို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်သွားသည်။ ဒေါသကြောင့် သူမ၏ မျက်နှာကြီးမှာ ရှုံ့မဲ့နေပြီး လက်ဖြင့် ဟိုစမ်းဒီစမ်း လုပ်လိုက်ရာ ကြေးကွင်းတစ်ခုကို စမ်းမိသွားတော့၏။ ၎င်းကို ကောက်ယူ၍ ချူကျန့်ဆီသို့ ပစ်ပေါက်ရန် ပြင်လိုက်စဉ်မှာပင် ထိုကြေးကွင်းနောက်၌ သံကြိုးတစ်ချောင်း ဆက်နေကြောင်း သူမ သတိပြုမိသွားသည်။ ထို့ကြောင့် အားကုန်ထုတ်၍ ရုတ်တရက် ဆွဲချလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင်ပင် ကျယ်လောင်လှသော မြည်ဟိန်းသံကြီး ထွက်ပေါ်လာပြီး၊ လျှို့ဝှက်ခန်းမကြီး တစ်ခုလုံး တုန်ခါသွားတော့၏။ မြင့်မားလှသော ကျောက်နံရံကြီးမှာ ဝုန်းခနဲ ပြိုကျသွားပြီး၊ ဆူပွက်နေသော ရေလှိုင်းလုံးကြီးများက တိုင်ဖွန်းမုန်တိုင်း တစ်ခုအလား တရကြမ်း ဝင်ရောက်လာ၏။
ဤရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ချူကျန့်ရော ရှောင်မီမီပါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြရသည်။ ရှောင်မီမီမှာ ဧရာမ ရေလှိုင်းလုံးကြီး၏ ပထမဆုံး သားကောင်ဖြစ်သွားပြီး အော်ဟစ်သံ တစ်ချက်ပေးကာ မျက်စိတစ်မှိတ်အတွင်း ရေအောက်သို့ နစ်မြုပ်သွားတော့၏။ ကျောက်နံရံနှင့် ပေသုံးဆယ်ခန့် အကွာတွင် ရှိနေသော ချူကျန့်မှာ ချက်ချင်း ကိုယ်ကို ကိုင်းကာ အနီးဆုံးရှိ ရွှေရောင် စက်ဝိုင်းပြားဆီသို့ အပြေးအလွှား သွားရောက် ဖက်တွယ်ထားလိုက်သည်။
နောက်တစ်စက္ကန့်တွင်ပင် ကြောက်ခမန်းလိလိ ရေစီးကြောင်းကြီးက သူ့ဆီသို့ ရိုက်ခတ်လာတော့၏။ ကံကောင်းထောက်မစွာဖြင့် စက်ဝိုင်းပြား၏ နောက်ကွယ်တွင် လုံခြုံစွာ ပုန်းကွယ်နေနိုင်ခဲ့သဖြင့် ရေလှိုင်း၏ အရှိန် သုံးပုံတစ်ပုံခန့်ကိုသာ သူ ခံစားလိုက်ရ၏။
သို့သော်ငြား ထိုအင်အားပြင်းလှသော ရေစီးကြောင်းကြောင့် သူ၏ ခြေထောက်များ ယိုင်နဲ့သွားရပြီး သွေးများပင် ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
သဘာဝတရား၏ စွမ်းအားဆိုသည်မှာ သူ၏ လက်ရှိ ခွန်အားဖြင့် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော အရာပင်တကား။
ရှောင်မီမီ၏ အခြေအနေမှာကား ပို၍ ဆိုးရွားလှသည်။ ရေလှိုင်းလုံးကြီးက သူမကို လွှင့်စဉ်သွားစေပြီး သံနံရံကြီးနှင့် အားပါးတရ သွားဆောင့်မိသည်ကို ချူကျန့် မြင်တွေ့လိုက်ရ၏။ ရေအောက်မှ ထွက်ပေါ်လာသော ထိုင်းမှိုင်းသည့် အသံကြီးကို နားထောင်ခြင်းအားဖြင့် ဤတိုက်ခိုက်မှုမှာ ထိပ်တန်း သိုင်းဆရာကြီး တစ်ဦး၏ အပြင်းထန်ဆုံး လက်ဝါးချက်နှင့် အနည်းဆုံးတော့ တူညီနေမည်မှာ အသေအချာပင်။
ရှောင်မီမီမှာ နာကျင်စွာ ညည်းတွားလိုက်ပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာရာ ရေပြင်တစ်ခုလုံး နီရဲသွားတော့၏။ သူမ၏ နဖူးမှလည်း သွေးများ စီးကျနေ၏။
သူမက ကပျာကယာ ရုန်းကန်ကာ ထရန် ကြိုးစားသော်လည်း အဆိပ်ဒဏ်နှင့် တိုက်မိသော ဒဏ်ရာများကြောင့် ရေမကူးနိုင်တော့ဘဲ သူမ၏ နောက်ဆုံး ခွန်အားလေးများ တဖြည်းဖြည်း ကုန်ဆုံးသွားရရှာသည်။
ကြောက်ရွံ့မှုနှင့် အသနားခံမှုများ ရောပြွမ်းနေသော ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ချူကျန့်ဆီသို့ သူမ လက်လှမ်းလာသော်လည်း၊ ချူကျန့်က ခံစားချက်မဲ့စွာဖြင့် တစ်ချက်သာ လှမ်းကြည့်ပြီး မျက်နှာလွှဲကာ ထွက်ပေါက် ရှာရန်သာ အာရုံစိုက်နေတော့၏။
'ကြည့်စမ်း... ဒီလို မိန်းမမျိုးကို သနားနေရင် ငါပါ ရေအောက် ရောက်သွားမှာပေါ့...'
ရေများက အခြား အခန်းများဆီသို့လည်း အရှိန်အဟုန်ဖြင့် စီးဝင်သွားသော်လည်း၊ ဤရေစီးကြောင်းမှာ မြစ်ကြီး တစ်စင်းမှ သွယ်တန်းထားပုံ ရကာ အဆက်မပြတ် ဝင်ရောက်နေသည်။ လျှို့ဝှက်ခန်းမထဲရှိ ရေမျက်နှာပြင်မှာ လျင်မြန်စွာ မြင့်တက်လာပြီး အသက်အနည်းငယ် ရှူလိုက်ချိန်အတွင်းမှာပင် ချူကျန့်၏ လည်ပင်းအထိ ရောက်ရှိလာတော့၏။
ရေအောက်တွင် ငြိမ်သက်သွားသော ရှောင်မီမီ၏ အလောင်းမှာ မျက်နှာ အောက်စိုက်လျက် တဖြည်းဖြည်း ပေါ်လာသည်။
‘ဘွမ်း’... ဆိုသော အသံနှင့်အတူ လူတစ်ယောက်က သူ့ဆီသို့ လျင်မြန်စွာ ရေကူးလာ၏။ ချူကျန့် လှည့်ကြည့်လိုက်ရာ ရေပေါ်သို့ ပေါ်လာသော ကျန်းရှောင်ယွီ၏ ခေါင်းကို တွေ့လိုက်ရသော်လည်း တုန်းဖန်းပုပိုက်ကိုမူ မတွေ့ရချေ။ တုန်းဖန်းပုပိုက် တစ်ယောက် စာအုပ်ထဲသို့ ပြန်ဝင်သွားပြီ ဖြစ်ကြောင်း ချူကျန့် ခံစားသိရှိလိုက်၏။
ကျန်းရှောင်ယွီက အနီးသို့ ကူးလာစဉ် သူ၏ လက်ထဲတွင် သိုင်းကျမ်း ငါးအုပ်စလုံးကို ကိုင်ထားဆဲ ဖြစ်ပြီး ရေစိုသွားမည်ကို အလွန် စိုးရိမ်နေပုံ ရ၏။
စောစောက ချူကျန့် ရုတ်တရက် တိုက်ခိုက်လိုက်ချိန်တွင် ရှောင်မီမီသည် ဓားဆွဲထုတ်ရန် လွယ်ကူစေရန်အတွက် ပြိုင်ဘက်ကင်း နတ်သိုင်း ငါးပါး ကို မတတ်သာဘဲ လွှတ်ချလိုက်ရရာ ကျန်းရှောင်ယွီ အတွက် အကွက်ဝင်သွားခြင်း ဖြစ်သည်။
ချူကျန့်တွင် သိုလှောင်အိတ် ပါလာသဖြင့် သူ့အတွက် သိမ်းပေးရန် လက်လှမ်းလိုက်၏။ သို့သော် လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဒါက ကျန်းရှောင်ယွီ အသက်စွန့်၍ ယူလာခဲ့သော လျှို့ဝှက် သိုင်းကျမ်းများ ဖြစ်ကြောင်း သတိရသွားသည်။ 'ငါ့လက်ထဲ ဘယ်လိုလုပ် အလွယ်တကူ ရောက်လာနိုင်မှာလဲ' ဟု တွေးလိုက်မိ၏။
သို့သော် သူ လက်ပြန်ရုတ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းရှောင်ယွီက သိုင်းကျမ်း အားလုံးကို သူ၏ လက်ထဲသို့ မထင်မှတ်ဘဲ ထိုးထည့်လိုက်ပြီး ကျောက်တံခါးဆီသို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
“ဟိုဘက်ကို သွားကြမယ် ရှောင်မီမီ ချထားခဲ့တဲ့ ကြိုးက အဲ့ဒီမှာ ရှိလောက်သေးတယ်...”
သူ စကားပင် မဆုံးလိုက် အဝေးရှိ သစ်သားနံရံကြီးမှာ ဝုန်းခနဲ ပြိုကျသွားပြီး ဆူပွက်နေသော ရေစီးကြောင်းကြီးက ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားတော့၏။ ချူကျန့်နှင့် ကျန်းရှောင်ယွီတို့မှာ မပြင်ဆင်ရသေးမီ ရေစီးကြောင်းနှင့်အတူ မျောပါသွားကြပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လျှို့ဝှက်ခန်းမကြီးထဲမှ အမှောင်ထုထဲသို့ ဆွဲခေါ်သွား ခံလိုက်ရတော့သည်။
ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ ရေပေါ်သို့ နောက်ဆုံးတွင် ပြန်ပေါ်လာနိုင်ခဲ့သော်လည်း၊ ဤနေရာသည် မည်သည့် နေရာဖြစ်ကြောင်း သူတို့ လုံးဝ မသိရှိကြတော့ချေ။ ရေစီးကြောင်းက သူတို့ကို အဝေးသို့ သယ်ဆောင်သွားစဉ် ရေကိုသာ အသည်းအသန် ကူးနေရတော့၏။
'ငါ့ကို လာနောက်နေတာလားကွာ'
ပျောက်ကွယ်သွားသော လျှို့ဝှက်ခန်းမကြီးကို ကြည့်ရင်း ချူကျန့် တစ်ယောက် ဆဲရေးတိုင်းထွာလုမတတ် ဖြစ်သွားတော့သည်။ ရှောင်မီမီကို အနိုင်နိုင် ရှင်းလင်းနိုင်ခဲ့ကာမှ ရတနာများ ပြည့်နှက်နေသော မြေအောက် နန်းတော်ကြီးထဲမှ ဤသို့ ခေါ်ထုတ်သွားခြင်း ခံလိုက်ရသည် မဟုတ်လော။ ထိုရတနာတွေကို ပြန်လာယူဖို့ အခွင့်အရေး ရပါဦးမလား ဆိုတာတောင် မသေချာတော့ချေ။
အဆင့်မြင့် ပစ္စည်းများ အချိန်မတိုင်မီ အမြောက်အမြား ထွက်ပေါ်လာမည်ကို တားဆီးရန် ဂိမ်း စနစ်ကြီးက တမင်တကာ ဖန်တီးလိုက်သော တိုက်ဆိုင်မှု တစ်ခုများလာ။
ချူကျန့်.. မကြည်မလင်.. တွေးတောမိလိုက်သေး၏။
သို့သော် ယခုအချိန်တွင် ထိုအရာများကို တွေးပူနေရန် အချိန်မရှိတော့ချေ။ ချူကျန့်က သူ၏ သိုလှောင်အိတ်ထဲမှ လေအပြည့် သွင်းထားသော သားရေအိတ်ကြီး တစ်လုံးကို အမြန် ထုတ်ယူလိုက်၏။ ဤတစ်ကြိမ်တွင်မူ ယခင်က နှင်းထုအောက်တွင် ပိတ်မိခဲ့သော အတွေ့အကြုံမှ သင်ခန်းစာယူကာ ရေချိုးကန် အရွယ်အစားရှိ သားရေအိတ်ကြီး တစ်လုံးကို ကြိုတင် ပြင်ဆင်ထားခဲ့ရာ အလွန် အသုံးတည့်သော ရေပေါ်ပေါ်သည့် ကိရိယာတစ်ခု ဖြစ်လာခဲ့တော့သည်။
မလှမ်းမကမ်းမှ ရေသံကို ကြားလိုက်ရသဖြင့် ကျန်းရှောင်ယွီ ဖြစ်ကြောင်း ချူကျန့် သိလိုက်သည်။ သူတို့ နှစ်ယောက် ကွဲကွာသွားမည်ကို စိုးရိမ်သဖြင့် ကြိုးတစ်ချောင်းကို ထုတ်ယူကာ အဝေးသို့ ပစ်ပေးလိုက်၏။
“ဖမ်းထား”
ကျန်းရှောင်ယွီက ကြိုးကို ဖမ်းမိသွားပြီးနောက် ချူကျန့်က အားကုန် ဆွဲယူလိုက်၏။
သူတို့ နှစ်ယောက်သား သားရေအိတ်ကြီး၏ တစ်ဖက်တစ်ချက်တွင် တွယ်ဖက်ထားလိုက်ကြသည်။ အနည်းဆုံးတော့ သူတို့၏ အထက်ပိုင်းမှာ ရေထဲတွင် မစိမ်နေရတော့သဖြင့် အနည်းငယ် သက်သောင့်သက်သာ ရှိသွား၏။ သို့သော် မြေအောက် ရေစီးကြောင်းကြီးမှာမူ အရှေ့သို့ တဝုန်းဝုန်း မြည်ဟိန်းလျက် ဆက်လက် စီးဆင်းနေပြီး အဆုံးအစကိုပင် မမြင်ရချေ။
သစ်သားနံရံကြီး၏ နောက်ကွယ်တွင် မြစ်လက်တက်များစွာ ရှိသော မြေအောက်မြစ် တစ်စင်း ရှိနေမည်ဟု ချူကျန့် ခန့်မှန်းလိုက်သည်။ သူနှင့် ကျန်းရှောင်ယွီတို့မှာ ရေကြီးမှုကြောင့် ထိုမြစ်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။
အမှောင်ထုထဲတွင် ဆူပွက်နေသော ရေစီးကြောင်းနှင့်အတူ မျောပါလာရင်း၊ ဘယ်ညာ အကြိမ်ပေါင်းများစွာ ကွေ့ပတ်ခဲ့ကြ၏။ ချူကျန့်၏ အလွန် ကောင်းမွန်သော မှတ်ဉာဏ်နှင့် လမ်းကြောင်း ခန့်မှန်းနိုင်စွမ်းဖြင့်ပင်လျှင် လမ်းကြောင်းကို အတိအကျ မှတ်မိရန် မဖြစ်နိုင်တော့ချေ။ မတတ်သာသည့်အဆုံး မြေအောက်မြစ်အတိုင်း ပြန်တက်ကာ ရတနာများ ယူမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရတော့၏။
အချိန် မည်မျှ ကြာသွားသည် မသိ သူတို့၏ ရှေ့တွင် ရုတ်တရက် တောက်ပသော အလင်းရောင် တစ်ခု ပေါ်ထွက်လာ၏။
သူတို့၏ ပတ်ဝန်းကျင်ကို သေချာ မကြည့်နိုင်မီမှာပင် လေထဲသို့ လွင့်ပျံသွားကြပြီး ခြေထောက်အောက်မှ နားကွဲမတတ် ဆူညံသော ရေသံကြီးနှင့်အတူ ရေမှုန်ရေမွှားများက လေထုထဲတွင် ပြည့်နှက်နေတော့၏။ ပေသုံးဆယ်ကျော် မြင့်သော ရေတံခွန်ကြီး တစ်ခုပင်။
“အား...”
ကျန်းရှောင်ယွီက အော်ဟစ်လိုက်ပြီး...
"ဘွမ်း... ဘွမ်း..."
ဆိုသော အသံများနှင့်အတူ သူတို့ နှစ်ဦးစလုံး ရေကန်နက်ကြီးထဲသို့ ပြုတ်ကျသွားကာ ရေစက်ရေပေါက်များ အမြောက်အမြား လွင့်စင်သွားတော့သည်။
ရေတံခွန်အောက်မှ ထွက်လာပြီး ကမ်းစပ်သို့ ရောက်ရှိသွားချိန်တွင်မူ သူတို့ နှစ်ဦးစလုံးမှာ ဖိုသီဖတ်သီ ဖြစ်နေပြီး မောဟိုက်နေကြလေပြီ။
ချူကျန့်မှာ အခြေအနေ သိပ်မဆိုးလှချေ။ နတ်ဘုရား အလင်းဖြာ အတွင်းအားကို လှည့်ပတ်လိုက်သည်နှင့် ကုန်ခမ်းသွားသော သူ၏ ခွန်အားနှင့် အတွင်းအားများမှာ လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာတော့၏။ ကျန်းရှောင်ယွီမှာမူ ကမ်းစပ်တွင် ပက်လက်လန်ကာ လက်တစ်ချောင်းမျှပင် မလှုပ်ချင်တော့လောက်အောင် ဖြစ်နေ၏။
ပေသုံးဆယ်ကျော် မြင့်သော ရေတံခွန်ပေါ်မှ ပြုတ်ကျလာသည်ကို အရိုးမကျိုးသွားခြင်းကပင် အလွန် ကံကောင်းလှသည်။ ချူကျန့်မှာ နတ်ဘုရား အလင်းဖြာ အတွင်းအား၏ ကာကွယ်မှု ရှိနေပြီး ကျန်းရှောင်ယွီမှာမူ ငယ်စဉ်ကတည်းက သံမဏိခန္ဓာကိုယ် ရရှိရန် လေ့ကျင့်ခံထားရသဖြင့် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သော ကိုယ်ခံအားကို ပိုင်ဆိုင်ထား၏။
ယခုအခါ ဆောင်းဦးပေါက်၍ ဆောင်းတွင်းသို့ ဝင်ရောက်စပြုနေပြီ ဖြစ်ရာ မြစ်ရေမှာ ရေခဲပမာ အေးစက်နေပြီး လေအေးများကလည်း တဝီဝီ တိုက်ခတ်နေ၏။ ကျန်းရှောင်ယွီ တစ်ယောက် နှာချေမှုများ ဆက်တိုက် ထွက်ပေါ်လာ၏။ ချူကျန့်က သူ့ကိုယ်ပေါ်တွင် ငြိတွယ်နေသော ရေညှိများကို ဆွဲဖယ်လိုက်ပြီး ကမ်းစပ်မှ ထကာ ကျန်းရှောင်ယွီကို တစ်ချက် ကန်လိုက်ပြီး သန့်ရှင်းသော အဝတ်အစား တစ်စုံကို ပစ်ပေးလိုက်၏။
“ထစမ်း... အဝတ်လဲလိုက်ဦး”
ကျန်းရှောင်ယွီ ဖမ်းမိသည် မဖမ်းမိသည်ကို သူ ဂရုမစိုက်တော့ဘဲ ကမ်းစပ်ရှိ ကွယ်ရာ တစ်နေရာသို့ သွားကာ ရေချိုးလိုက်ပြီး ချန်လင်းစု ပြင်ဆင်ပေးထားသော အဝတ်အစားများကို လဲလှယ်လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ရန် ဟိုဟိုဒီဒီ လိုက်ကြည့်တော့သည်။
မည်သည့် တောင်တန်းဒေသသို့ ရောက်နေကြောင်း သူ မသိသော်လည်း မလှမ်းမကမ်းတွင် ထူထပ်သော တောအုပ်ကြီး တစ်ခု ရှိနေသည်။ နေ့လယ်ခင်း အချိန်ဖြစ်ပြီး နေမင်းကြီးက ကောင်းကင်ထက်တွင် တောက်ပနေကာ ပေသုံးဆယ်ကျော် ကျယ်ဝန်းသော မြစ်ကြီးက သူတို့၏ ဘေးတွင် ကွေ့ကောက် စီးဆင်းနေ၏။ ကမ်းစပ် တစ်လျှောက် တိရစ္ဆာန် ခြေရာ အများအပြားကို တွေ့ရသော်လည်း လူနေထိုင်သည့် လက္ခဏာ တစ်ခုမျှ မတွေ့ရချေ။ လမ်းမေးရန် လူတစ်ယောက် ရှာတွေ့ဖို့ ဆိုသည်မှာ မျှော်လင့်ချက် မရှိသလောက်ပင်။
ချူကျန့်က ကျန်းရှောင်ယွီ အနားသို့ ပြန်လာခဲ့ရာ အဝတ်အစားများ လဲလှယ်ပြီးဖြစ်သော ကျန်းရှောင်ယွီမှာ မြစ်ကမ်းစပ်တွင် ချွန်ထက်သော သစ်ကိုင်းဖြင့် ငါးထိုးနေသည်ကို တွေ့လိုက်ရသည်။
ချူကျန့်မှာလည်း အလွန် ဆာလောင်နေပြီ ဖြစ်သော်လည်း သူ ငါးဖမ်းပြီး ချက်ပြုတ်နေသည်ကို စောင့်မနေနိုင်တော့ချေ။ သိုလှောင်အိတ်ထဲမှ အမဲခြောက် တစ်ထုပ်ကို ဆွဲထုတ်ကာ မေးလိုက်၏။
“စားမလား”
“အစ်ကိုချူ... ခင်ဗျားက တကယ် ပြင်ဆင်မှု အပြည့်ပဲ သားရေအိတ်၊ ကြိုး၊ အဝတ်အစားတွေကအစ အမဲခြောက်တောင် ပါသေးတယ်”
ကျန်းရှောင်ယွီက သစ်ကိုင်းကို လွှင့်ပစ်လိုက်ပြီး ဝမ်းသာအားရ အော်ဟစ်ကာ ပြေးလာတော့သည်။
သူတို့ နှစ်ဦးစလုံး သစ်ပင်ကြီး တစ်ပင်အောက်ရှိ လေကွယ်သော နေရာတစ်ခုကို ရှာတွေ့သွားပြီး၊ တုတ်ခိုင်သော သစ်ကိုင်းကြီး တစ်ခုပေါ်တွင် ထိုင်ကာ အမဲခြောက်များကို အငမ်းမရ စားသောက်ကြတော့သည်။
အနည်းဆုံး နှစ်ပိဿာခန့် ရှိမည့် အမဲခြောက် တစ်ထုပ်လုံးကို ကုန်စင်အောင် စားသောက်ပြီး အရက်တစ်အိုးကိုပါ သောက်လိုက်ပြီးနောက်မှ သူတို့ နှစ်ဦးစလုံး သက်ပြင်းချနိုင်တော့၏။ ချူကျန့်က "ပြိုင်ဘက်ကင်း နတ်သိုင်း ငါးပါး" ကို ထုတ်ယူကာ ကျန်းရှောင်ယွီ ထံသို့ ကမ်းပေးလိုက်၏။
“ရော့... မင်းဟာ”
ကျန်းရှောင်ယွီက လက်ခါပြလိုက်သည်။
“ဒီအရာကြီးကို သယ်သွားရတာ ပြဿနာချည်းပဲ ကျွန်တော်က ငတုံးမှ မဟုတ်တာ... ဘယ်သူက ဒီ ပြဿနာအိုးကြီးကို လိုချင်မှာလဲ”
“ဒါဆို မင်း ဘာလို့ ယူလာသေးလဲ”
“ခင်ဗျားက ပြဿနာတွေကို သဘောကျတယ် ထင်လို့လေ”
ချူကျန့်က မျက်လုံး လှန်ပြလိုက်ပြီး
“မင်းက ငတုံး မဟုတ်ရင်... ငါကရော ငတုံး ဖြစ်နေလို့လား”
သူ့စကားကြောင့် ကျန်းရှောင်ယွီက သွားဖြဲကာ ရယ်လိုက်၏။
“အဟဲ ဒါဆို... ဒါကြီးကို မီးရှို့ပစ်လိုက်ရင် ဘယ်လိုလဲ”