← Chapters

အပြောင်းအလဲ

Vol. 11 Ch. 117

အပြောင်းအလဲ

Vol. 11 Ch. 117

“မီးရှို့စရာလားကွ”

ချူကျန့်က ဆဲရေးလိုက်ပြီး သိုင်းကျမ်းများကို သိမ်းဆည်းလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ နွေးထွေးသော ခံစားမှုလေး တစ်ခု ဖြတ်ပြေးသွား၏။

ကျန်းရှောင်ယွီ၏ စာဖတ်နှုန်းမှာ သူနှင့် မတိမ်းမယိမ်း ရှိကြောင်း သူ သိထား၏။ သူကိုယ်တိုင်ပင် စာအုပ်ငါးအုပ်စလုံးကို အလွတ်ကျက်မှတ်နိုင်ခဲ့ရာ ဉာဏ်ရည်ထက်မြက်လွန်းသော ဤကောင်လေးကလည်း အကုန်လုံးကို အလွတ်ရပြီး ဖြစ်မည်မှာ သေချာလှသည်။ ယခုကဲ့သို့ စာအုပ်ကို ထုတ်ပေးရခြင်းမှာ သူ အလွတ်မရလိုက်မည်ကို စိုးရိမ်သဖြင့် ပေးခြင်းသာ ဖြစ်ပေမည်။

စကားစမြည် ပြောဆိုပြီးနောက်တွင် "လူဆိုးတောင်ကြား" မှ လာသည်ဟု ကြွေးကြော်ကာ "တစ်လောကလုံးမှာ နံပါတ်တစ် လူဆိုး" ဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာ ခေါ်ဆိုလေ့ရှိသော ဤကျန်းရှောင်ယွီ ဆိုသည့် ကောင်လေးမှာ တကယ့်တမ်းတွင် မာနကြီးပြီး ပါးစပ်သရမ်းကာ ထူးခြားဆန်းကြယ်သူ တစ်ဦးမျှသာ ဖြစ်ပြီး စိတ်ထား မဆိုးကြောင်း ချူကျန့် သဘောပေါက်သွားတော့၏။ ထို့အပြင် မိတ်ဆွေအပေါ် သစ္စာရှိပြီး ဟာသဉာဏ်လည်း ရွှင်သေးသည်။

ကျန်းရှောင်ယွီက အကြောဆန့်လိုက်ပြီး ဘယ်က ခူးလာမှန်း မသိသော မြက်ပင်နုနုလေး တစ်ပင်ကို ပါးစပ်ထဲ ကိုက်ထားလိုက်၏။ ထို့နောက် သစ်ပင်ပင်စည်ကို မှီကာ သစ်ကိုင်းကြီး တစ်ခုပေါ်တွင် လှဲလျောင်းလျက် ပျင်းရိပျင်းတွဲ ပြောလိုက်သည်။

“ဒါနဲ့... အစ်ကိုချူ ရဲ့ ဓားဝိညာဉ် ညီမလေးကိုရော ထမင်းစားဖို့ မခေါ်တော့ဘူးလား”

တုန်းဖန်းပုပိုက် ဟုတ်လား ထိုကောင်မလေးက သူ၏ ဘေးတွင် ထိုင်ကာ အရသာရှိသော မုန့်များကို စားနေသည်မှာ ကြာပြီ ဖြစ်သည်။ ကိုယ်ပျောက်စနစ် ဖြင့် ရှိနေသဖြင့် ကျန်းရှောင်ယွီ မမြင်ရခြင်းသာ ဖြစ်၏။

ချူကျန့်သည် ရှောင်မီမီကို ရှင်းလင်းပေးခဲ့သော တုန်းဖန်းပုပိုက်အား ဆုချသည့်အနေဖြင့် ဤတစ်ကြိမ်တွင် မုန့်များကို ပုံမှန်ထက် သုံးဆ ပိုကျွေးထားခြင်း ဖြစ်သည်။

“ဒါပေါ့... ဓားဝိညာဉ်တွေက ဓားထဲမှာပဲ စားကြတာလေ”

ဓားဝိညာဉ် ဆိုသည်မှာ ကျန်းရှောင်ယွီကို ဂျင်းထည့်ရန် သက်သက် လိမ်ညာထားခြင်း ဖြစ်သော်လည်း ကျန်းရှောင်ယွီက အမှန်တကယ်ပင် ယုံကြည်သွားလေ၏။ အန်ပီစီများ အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို အလိုအလျောက် လက်ခံနိုင်ရန် ဂိမ်းစနစ်က ဖန်တီးပေးထားခြင်းလော ဆိုသည်မှာ စဉ်းစားစရာပင်။

“ကောင်းပါပြီ... အစ်ကိုချူက ခင်ဗျားရဲ့ အကြောင်းတွေကို မပြောပြရသေးဘူးနော် မနေ့က ဘယ်လိုလုပ်ပြီး အဲ့ဒီ တစ္ဆေချိုင့်ဝှမ်းကြီးထဲ ရောက်သွားတာလဲ”

“ဒီရက်ပိုင်း ရေနဲ့ ပတ်သက်ပြီး ကံမကောင်းဘူးလို့ မင်းကို ပြောသားပဲ။ ရုတ်တရက် ရေကြီးပြီး မျောပါသွားတာလေ... မင်း ယုံလား”

“ယုံတာပေါ့... ဘာလို့လဲဆိုတော့ ဒီနေ့လည်း ခင်ဗျား ရေနဲ့ ပတ်သက်ပြီး ကံမကောင်းပြန်ဘူးလေ”

ကျန်းရှောင်ယွီမှာ မနေနိုင်တော့ဘဲ ရယ်ချလိုက်ပြီး ဆက်မေး၏။

“ဒါဆို... ရေထဲ မျောပါသွားတဲ့ နေရာမှာ ခင်ဗျားက ဘာလုပ်နေတာလဲ”

ချူကျန့်က စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်သည်။

“လမ်းကြုံလို့ လူတစ်ယောက်ကို လိုက်ရှာနေတာကွ”

ကျန်းရှောင်ယွီက မေးစေ့ကို ပွတ်ကာ ဇိမ်ကျကျ ပြောလိုက်၏။

“ကျွန်တော် ခန့်မှန်းကြည့်ရမလား... အင်း... ခင်ဗျားက မိန်းမတစ်ယောက်ကို လိုက်ရှာနေတာ ဖြစ်ရမယ်၊ ပြီးတော့ အရမ်းလှတဲ့ မိန်းမ တစ်ယောက်ပေါ့ ခင်ဗျားအတွက် အရမ်း အရေးပါတဲ့ သူပဲ”

ချူကျန့်၏ မျက်ခုံးများ ပင့်တက်သွားသော်လည်း မျက်နှာအမူအရာကိုမူ သာမန်အတိုင်းသာ ထိန်းထားလိုက်ပြီး...

“မင်း မှန်းတာ မှားသွားပြီ ငါက ယောက်ျား တစ်ယောက်ကို ရှာနေတာ ပြီးတော့ တော်တော် အရုပ်ဆိုးတဲ့ ကောင်”

ကျန်းရှောင်ယွီက လက်ညှိုးကို ခါယမ်းပြလိုက်၏။

“မဖြစ်နိုင်ပါဘူးဗျာ... ခင်ဗျားက 'လမ်းကြုံလို့' ဆိုတဲ့ စကားကို သုံးလိုက်ကတည်းက သူက ခင်ဗျားအတွက် အရမ်း အရေးပါတယ် ဆိုတာ သက်သေပြနေတာပဲ သူ့ကို ရှာနေတယ်လို့ ပြောတဲ့ အချိန်မှာ ခင်ဗျားရဲ့ မျက်လုံးတွေထဲက စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်.. မြင်လိုက်ရတယ် ယောက်ျား တစ်ယောက်က.. နောက်ယောက်ျား တစ်ယောက်အတွက် ဒါမှမဟုတ် သာမန် မိန်းမ တစ်ယောက်အတွက် ဒီလိုမျိုး စိုးရိမ်ပူပန်မှုတွေ ပြသလေ့ မရှိဘူး ဒါကြောင့် ခင်ဗျားက လှပတဲ့ မိန်းမ တစ်ယောက်ကို ရှာနေတာ သေချာသလောက် ရှိတယ်”

'ဒီကောင်လေးက တကယ့်ကို မိစ္ဆာလေးပဲ... သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက တကယ့်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပဲ "လူဆိုးတောင်ကြား" ဆိုတဲ့ နေရာက ဒီလို မိစ္ဆာလေးမျိုးကို ဘယ်လိုများ မွေးထုတ်လိုက်တာလဲ မသိဘူး'

ချူကျန့်က ခေါင်းမာစွာဖြင့် ပြန်လည် ချေပလိုက်သည်။

“ကောင်းပြီလေ... ငါ ဝန်ခံပါတယ် ငါ ရှာနေတဲ့သူက အတော်လေး ကြည့်ကောင်းတာတော့ အမှန်ပဲ ဒါပေမဲ့ သူက မိန်းမ မဟုတ်ဘူး ကောင်မလေး တစ်ယောက်ပါ ပြီးတော့ သူက ငါ့ရဲ့ ဂိုဏ်းတူအစ်မ ဖြစ်နေလို့ ငါ့ကြောင့် သူ ဒုက္ခရောက်သွားမှာ စိုးလို့ လိုက်ရှာနေတာ သက်သက်ပဲ”

ကျန်းရှောင်ယွီက မျက်စိတစ်ဖက် မှိတ်ပြကာ မေးလိုက်၏။

“အစ်ကိုချူက... ကောင်မလေး တစ်ယောက်ကို ဂိုဏ်းတူအစ်မ လို့ ခေါ်ရတာ သဘောကျလို့လား”

လျှာသွက်လှသော ချူကျန့်ပင်လျှင် ကျန်းရှောင်ယွီ၏ မေးခွန်းကြောင့် ဆွံ့အသွားရပြီး သူ့အား စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်ကာ ပြောလိုက်၏။

“မင်းက စကား တော်တော် များတာပဲ”

ကျန်းရှောင်ယွီက သွားဖြဲကာ ရယ်လိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ... ကျွန်တော် ဆက်မပြောတော့ပါဘူး ကျွန်တော် မှတ်မိသလောက်ဆိုရင် ခင်ဗျားက ရှန်းချန်မြို့က သူရဲကောင်းကြီး ကော ရဲ့ တပည့် မဟုတ်လား ဒါဆို ခင်ဗျားရဲ့ ဂိုဏ်းတူအစ်မ ဆိုတာ ကော မိသားစုက သမီးပေါ့ သူက ကော စံအိမ်တော်မှာ မနေဘဲ အပြင်မှာ ဘာလာလုပ်နေတာလဲ”

“သူ ငါ့ကို လိုက်ရှာနေတယ်လို့ ကြားလို့လေ”

“ဟားဟားဟား... ဒါ တကယ့်ကို ရယ်စရာကြီးပဲ သူက ခင်ဗျားကို လိုက်ရှာဖို့ အပြင်ထွက်လာတယ် ခင်ဗျားကလည်း သူ့ကို နေရာအနှံ့ လိုက်ရှာနေတယ် ခင်ဗျားတို့ နှစ်ယောက်က တူတူပုန်းတမ်း ကစားနေကြတာလား”

ချူကျန့်၏ လူသတ်ချင်နေသော အကြည့်များအောက်တွင် ကျန်းရှောင်ယွီ တစ်ယောက် မနည်း အောင့်အီးကာ ရယ်သံကို ရပ်တန့်လိုက်ရ၏။

“ခင်ဗျားရဲ့ ဂိုဏ်းတူအစ်မကို ရှာရတာ လွယ်မယ်လို့ ခင်ဗျား ထင်နေတာလား”

ချူကျန့်က ခံစားချက်မဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

“မင်း ဈေးလယ်ခေါင်မှာ ရပ်ပြီး 'ချူလော့ကျွင်း ဒီမှာ ရှိတယ်ဟေ့' လို့ သွားအော်ပါလား”

ကျန်းရှောင်ယွီက လက်ခုပ်တီးကာ ရယ်လိုက်၏။

“ဒါမှမဟုတ်ရင် 'ချူလော့ကျွင်းရဲ့ ညီလေး ဒီမှာ ရှိတယ်ဟေ့' လို့ သွားအော်လိုက်ရင်ရော”

ချူကျန့် တစ်ယောက် မျက်လုံး လန်ပြလိုက်တော့၏။ ဆွေမျိုးစပ်ပြီး အမြတ်ထုတ်ချင်နေသော ဤအရှက်မရှိသည့် ကောင်လေးနှင့် ဆက်ပြောရန် ပျင်းရိသွားတော့သည်။

“ငါ သွားတော့မယ်”

ကျန်းရှောင်ယွီမှာ သူ့အကြိုက်နှင့် ကိုက်ညီပြီး စိတ်ဝင်စားစရာ ကောင်းသော လူတစ်ယောက်ကို နောက်ဆုံးတွင် ရှာတွေ့ထားပြီဖြစ်ရာ ကပျာကယာ ထထိုင်လိုက်၏။

“အခုပဲ သွားတော့မလို့လား ငါတို့ မနားကြတော့ဘူးလား”

“ငါ့လမ်း ငါသွားမယ်... မင်းကတော့ ဆက်အိပ်နေခဲ့”

ချူကျန့်က အစားအသောက်ခြောက် တစ်ထုပ်နှင့် အရက်တစ်အိုးကို ထုတ်ယူကာ သူ့ထံ ပစ်ပေးလိုက်၏။ ထို့နောက် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ မြစ်ကမ်းစပ်အတိုင်း လျှောက်သွားရန် ပြင်လိုက်သည်။

ချူကျန့်၏ ကျောပြင်ကို ကြည့်ရင်း ဘေးရှိ အစားအသောက်နှင့် အရက်ကို တစ်ချက် လှမ်းကြည့်ကာ ကျန်းရှောင်ယွီက တိုးတိုးလေး ရေရွတ်လိုက်၏။

“ငါ့ မိဘတွေကို သတ်သွားတဲ့ ရန်သူတွေကို လောလောဆယ် ရှာလို့ မရသေးဘူးဆိုတော့ ပြီးတော့ ငါ့မှာ အရေးတကြီး လုပ်စရာလည်း မရှိဘူးဆိုတော့ အစ်ကိုချူနဲ့အတူ သူ့ရဲ့ ဂိုဏ်းတူအစ်မကို လိုက်ရှာပေးရတာပေါ့ အာ... ငါ အရင်ဆုံး တစ်ရေးလောက် မအိပ်လိုက်ရတာတော့ နှမြောစရာပဲ ဒီလူက တော်တော် အလျင်လိုတာပဲ”

သူက သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်စေ့တွင် ယှက်ထားကာ သီချင်းလေး ညည်းရင်း ချူကျန့် နောက်သို့ လိုက်ပါသွားတော့သည်။

တကယ်တော့ ချူကျန့်သည် ကျန်းရှောင်ယွီ၏ တိုးတိုးလေး ရေရွတ်သံများကို အစောကတည်းက ကြားနေခဲ့ပြီး ဖြစ်၏။

ဤကောင်လေးမှာ ပျင်းရိနေသဖြင့် ပျော်စရာ တစ်ခုခုကို ရှာဖွေချင်နေသော်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံရန် ရှက်နေသဖြင့် သူ့ဘာသာသူ စကားပြောပြီး ဟန်ကိုယ့်ဖို့ လုပ်နေခြင်းသာ ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။

'တကယ့်ကို အရှက်မရှိတဲ့ မာနခဲလေးပဲ'

...

ယာယီ ပြုလုပ်ထားသော ဖောင်ပေါ်တွင် ထိုင်နေစဉ် ကျန်းရှောင်ယွီမှာ မည်သည့် အားနာမှုမျှ မရှိဘဲ သက်တောင့်သက်သာ အရှိဆုံးနှင့် နေရောင်အကောင်းဆုံး နေရာကို ယူထားလိုက်၏။ ဘယ်က ချိုးလာမှန်း မသိသော အရွက်များ ပါသည့် သစ်ကိုင်း တစ်ကိုင်းဖြင့် မျက်နှာကို ဖုံးအုပ်ကာ အိပ်မောကျသွားတော့သည်။

အစမှ အဆုံးတိုင်အောင် ဖောင်ကို ထိန်းကျောင်းရန် လုံးဝ ဂရုမစိုက်သလို ချူကျန့် ဘယ်ကို သွားမည်နည်း ဟုလည်း မမေးမြန်းခဲ့ချေ။ လှဲလျောင်းပြီးနောက် ချူကျန့် ပေးထားသော အရက်ကို အရသာခံ၍ အနည်းငယ် သောက်လိုက်ပြီးနောက် လက်မောင်းကို ခေါင်းအုံးကာ အိပ်ပျော်သွားတော့၏။

ချူကျန့်မှာ ငိုရမလို ရယ်ရမလို ဖြစ်နေတော့သည်။ ထို့နောက် အကြောင်းပြချက် မရှိဘဲ စည်းစိမ်ချမ်းသာစံအိမ်တော်မှ ကောတလု ကို ရုတ်တရက် သတိရသွားမိ၏။

ကောတလုမှာ ကျန်းရှောင်ယွီလောက် ဉာဏ်ရည် မထက်မြက်သလို ယန်ချီက ယောကျ်ားလေး အသွင်ယူထားသော မိန်းကလေး ဆိုသည်ကိုပင် မရိပ်မိခဲ့သော်ငြား သူတို့ နှစ်ဦးစလုံးမှာ လွတ်လပ်ပေါ့ပါးပြီး တက်ကြွရွှင်လန်းသော စိတ်သဘောထား မျိုးကို ပိုင်ဆိုင်ထားကြသည်။ လောကကြီး၏ မည်သည့်အရာကမျှ သူတို့၏ အကောင်းမြင်စိတ်ကို မဖျက်ဆီးနိုင်သည့်နှယ်ပင်။ သူတို့သည်လည်း အခက်အခဲများနှင့် ကျရှုံးမှုများကို ကြုံတွေ့ခဲ့ရပြီး အခြားသူများ၏ အမြင်တွင် ရယ်စရာကောင်းသော မိုက်မဲသည့် လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ကြသော်လည်း ဘဝကို မည်သို့ ဖြတ်သန်းရမည်နှင့် မည်သို့ ပိုမို ပျော်ရွှင်စွာ နေထိုင်ရမည်ကို သူတို့ ကောင်းကောင်း သိရှိကြသည်။

ချူကျန့် တစ်ယောက် သူတို့ကို ရုတ်တရက် အားကျသွားမိတော့၏။ အနည်းဆုံးတော့ မိမိက ဤကဲ့သို့ မလုပ်နိုင်ခဲ့ချေ။

တကယ်တော့ လက်တွေ့ကမ္ဘာရှိ သူ၏ နတ်ဘုရား တစ်ဆူပမာ စွမ်းအင်များဖြင့်ဆိုလျှင် သူသာ ချမ်းသာကြွယ်ဝပြီး အေးချမ်းစွာ နေထိုင်လိုပါက ဤကမ္ဘာပေါ်တွင် မည်သူကမျှ သူ့ကို အနှောင့်အယှက် ပေးနိုင်မည် မဟုတ်ချေ။

သို့သော်ငြား သူက အလိုအလျောက်ပင် မိမိကိုယ်ကို အမြဲ အလုပ်ရှုပ်နေစေပြီး ငွေရှာရန်သာ အမြဲ ကြိုးပမ်းနေခဲ့၏။ ကျန်းရှောင်ယွီကဲ့သို့ သတိလက်လွတ်ဖြင့် လုံးဝ အိပ်မောကျသွားခြင်းမျိုးကို သူ တစ်ခါမျှ မလုပ်ရဲခဲ့ပေ။

သူ လျှို့ဝှက် သိုင်းလောကမှ ထွက်ခွာလာခဲ့သည်မှာ ငါးနှစ် ခြောက်နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း ထိုနေရာရှိ သွေးထွက်သံယို အတွေ့အကြုံများက သူ၏ ရင်ထဲတွင် လေးလံစွာ ဖိစီးနေဆဲပင်။

မရေမတွက်နိုင်သော သေမင်းတံခါးဝ အတွေ့အကြုံများ သွေးနှင့် မျက်ရည်များမှ ပုံဖော်ထားသော အလိုအလျောက် တုံ့ပြန်မှုများကြောင့်၊ ငြိမ်းချမ်းသော ခေတ်သစ် လူ့အဖွဲ့အစည်းနှင့် သူ လုံးဝ အံဝင်ခွင်ကျ မဖြစ်နိုင်တော့ချေ။ နေ့စဉ် သိုင်းပညာ လေ့ကျင့်မှုများကို အကျင့်ပါနေဆဲ ဖြစ်ပြီး လူများကို အေးစက်စက် ဆက်ဆံကာ အမြဲတမ်း သတိထားနေဆဲ ဖြစ်သည်။ သူ၏ နှလုံးသားကို အုတ်ရိုးအထူကြီးဖြင့် ကာရံထားဆဲ ဖြစ်ပြီး အရာအားလုံးကို ကိုယ်ကျိုးစီးပွား အပေါ် အခြေခံ၍သာ တွက်ချက်နေဆဲ ဖြစ်၏။

စစ်မြေပြင်တွင် နှစ်အတော်ကြာ တိုက်ပွဲဝင်ခဲ့ရသူများသည် စိတ်ဒဏ်ရာလွန် ဖိစီးမှု ရောဂါ ကို ပြင်းထန်စွာ ခံစားရလေ့ရှိသည်ဟု ဆိုကြရာ ချူကျန့်လည်း ဤသို့သော ရောဂါလက္ခဏာမျိုး ရှိနေသည်ဟု သူကိုယ်သူ ခံစားမိသည်။ ဂုဏ်သတင်း ကျော်ကြားမှုကို လွန်ကဲစွာ ရှောင်ရှားခြင်းနှင့် အန္တရာယ်များကို လွန်ကဲစွာ သတိထားနေခြင်းတို့က အကောင်းဆုံး ဥပမာများပင် ဖြစ်တော့၏။

သူ၏ ငွေကြေး ရှာဖွေမှုများမှာလည်း နောက်ဆုံးတွင် သူ၏ အာရုံကို လွှဲပြောင်းရန် ရည်မှန်းချက်များ ချမှတ်ထားသည့် ဂိမ်း တစ်ခုနှင့် ပိုတူနေပြီး သူ၏ ရင်ထဲရှိ အဆုံးအစမဲ့ အမှောင်ထုကြီး၏ ဝါးမျိုခြင်းကို ခံရမည်ကို ရှောင်ရှားရန်သာ ဖြစ်လေသည်။

ဓားတစ်လက်ပမာ စူးရှလှသော လေအေးတစ်ချက် တိုက်ခတ်သွားရာ ချူကျန့် တစ်ယောက် အတွေးကမ္ဘာထဲမှ ချက်ချင်း လန့်နိုးလာတော့၏။

'မကြာသေးခင်ကများ ငါ တော်တော် ပြောင်းလဲသွားပြီလား... အရင်ကဆိုရင် ဒီလို ထူးဆန်းတဲ့ အတွေးမျိုးတွေ တစ်ခါမှ မတွေးဖူးပါဘူး’

All Chapters