ဂိုဏ်းတူအစ်ကိုကြီး လင်ဟူချုံး
Vol. 11 Ch. 119
“မသိဘူး... ပြီးတော့လည်း ဝင်မပါချင်ဘူး”
ယွဲ့ပုချွင်၏ သိုင်းပညာ အဆင့်အတန်းမှာ ရှောင်မီမီထက် လုံးဝ မနိမ့်ကျကြောင်း ချူကျန့် ခန့်မှန်းမိ၏။ ထိုမျှ အစွမ်းထက်သော သိုင်းဆရာကြီး တစ်ဦးအနေဖြင့် သူတို့၏ စကားပြောသံများကို အလွယ်တကူ ကြားနိုင်စွမ်း ရှိရာ ကျန်းရှောင်ယွီ ဆက်မပြောစေရန် သူက တားမြစ်လိုက်ခြင်း ဖြစ်သည်။
ကျန်းရှောင်ယွီက ပျင်းရိပျင်းတွဲဖြင့် နှုတ်ခမ်းလေး စူကာ ဘုရားကျောင်း မျက်နှာကျက်ကိုသာ ငေးမောကြည့်နေ၏။ ပြိုင်ဘက်ကင်း နတ်သိုင်း ငါးပါး ကို ပြန်လည် စဉ်းစားနေခြင်း ဖြစ်မည်ဟု ခန့်မှန်းမိသဖြင့် ချူကျန့်လည်း သူ့ကို ဆက်မနှောင့်ယှက်တော့ဘဲ မျက်လုံးမှိတ်ကာ အနားယူလိုက်တော့၏။
ရုတ်တရက် သူ၏ ခေါင်းပေါ်ရှိ အမိုးမှ အုတ်ကြွပ်ချပ်များ လေပြင်းကြောင့် လွင့်ထွက်သွားပြီး မိုးရေများ တဟုန်ထိုး ကျဆင်းလာတော့သည်။ ချူကျန့် တစ်ယောက် ကပျာကယာ ခုန်ထလိုက်သော်လည်း တစ်ကိုယ်လုံး ရေစိုရွှဲသွားရသည်။
ကျန်းရှောင်ယွီမှာမူ အားပါးတရ ရယ်လိုက်ပြီး လှောင်ပြောင်တော့၏။
“ဟားဟား... အစ်ကိုချူ... ခင်ဗျား ဒီရက်ပိုင်း ရေနဲ့ပတ်သက်ပြီး ကံမကောင်းဘူး ဆိုတာ သေချာသွားပြီ”
သူက ချူကျန့်၏ ဘေးတွင် ကပ်ထိုင်နေသော်လည်း မိုးရေတစ်စက်မျှပင် မစိုခဲ့ချေ။ လေပြင်းများကြောင့် မိုးရေများက ချူကျန့်ကိုသာ တမင်တကာ ဦးတည်၍ ရွာကျလာသကဲ့သို့ ဖြစ်နေပြီး ချူကျန့် တစ်ယောက် ခေါင်းမှ ခြေဖျားအထိ ရေစိုရွှဲသွားရ၏။
ချူကျန့် တစ်ယောက် ဆဲရေးတိုင်းထွာလုမတတ် ဖြစ်သွားတော့၏။
'သောက်ကျိုးနည်း... ဒါက ကံတရား အမှတ် (၄၀) ရဲ့ အကျိုးကျေးဇူးတဲ့လား ကောင်းကျိုး တစ်စက်ကလေးမှ မပေးတဲ့အပြင် နေရာတကာမှာ လိုက်ပြီး ဂျင်းထည့်နေသေးတယ်...'
သူ၏ မျက်နှာပေါ်မှ မိုးရေများကို အသည်းအသန် သုတ်ဖယ်နေစဉ် ပဝါတစ်ထည်က သူ့ရှေ့သို့ ရုတ်တရက် ရောက်လာ၏။
ကျန်းရှောင်ယွီ သဘောကောင်းသွားပြီး ပေးသည်ဟု ထင်ကာ ချူကျန့်က နှာခေါင်းရှုံ့လျက် ဆွဲယူပြီး မျက်နှာကို ကပျာကယာ သုတ်ပစ်လိုက်၏။ သို့သော် ထိုပဝါမှ မွှေးပျံ့သော ရနံ့လေး ထွက်ပေါ်နေသည်ကို သတိပြုမိသွားတော့သည်။
'ကျန်းရှောင်ယွီရဲ့ ပဝါက ဒီလောက် မွှေးစရာ အကြောင်းမှ မရှိတာ...'
လှည့်ကြည့်လိုက်ရာ အသက် (၁၇)၊ (၁၈) နှစ်ခန့်ရှိ ဟွာဆန်းဂိုဏ်းမှ မိန်းကလေး တပည့် တစ်ဦးက သူ့အား ပေးခဲ့ခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထိုမိန်းကလေးမှာ ဆန်အိတ်များကို သယ်ဆောင်လာပြီး ထမင်းဟင်း ချက်ပြုတ်ရန် သွားရင်း အမှတ်မထင် ဝင်ပေးသွားခြင်း ဖြစ်ပုံရသည်။
ထိုမိန်းကလေးမှာ သိမ်မွေ့ပြီး နူးညံ့လှပသော ရုပ်ရည်မျိုး ရှိ၏။ ချူကျန့်က သူမကို ကြည့်နေသည်ကို မြင်သောအခါ၊ မျက်နှာလေး နီမြန်းသွားကာ ခေါင်းကို ငုံ့ထားပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဟို... ဒီပဝါလေး... ရှင်... ရှင် သုံးလိုက်ပါ”
ပြောပြောဆိုဆိုနှင့်ပင် အခြား မိန်းကလေး တပည့်များဆီသို့ ထွက်ပြေးသွားတော့၏။
အခြား မိန်းကလေးများက သူမကို ချက်ချင်း ဝိုင်းအုံလာကြပြီး ပြုံးစိစိဖြင့် တစ်စုံတစ်ရာကို တီးတိုး ပြောဆိုနေကြ၏။ သိမ်မွေ့လှပသော ထိုမိန်းကလေးမှာ မျက်နှာလေး နီရဲကာ အသည်းအသန် ခေါင်းယမ်း ငြင်းဆိုနေသော်လည်း သူငယ်ချင်းများ၏ စနောက်မှုများကို ပိုမို ခံရတော့သည်။ သို့သော် ဂိုဏ်းချုပ်ကြီး ပါလာသဖြင့် မိန်းကလေးများမှာ အရမ်းကြီး မဆူညံရဲကြဘဲ အချိန်အနည်းငယ် ကြာအောင် တီးတိုး ရယ်မော စနောက်ကြပြီးနောက် မီးမွှေး၍ ထမင်းဟင်း ချက်ရန် ပြင်ဆင်ကြ၏။
ကျန်းရှောင်ယွီက သွားဖြဲကာ ပြုံးရင်း ချူကျန့် အနားသို့ ကပ်လာ၏။
“အစ်ကိုချူ... ခင်ဗျားက ရေနဲ့ ပတ်သက်ပြီး ကံမကောင်းတာ မဟုတ်ဘူး မိန်းမတွေနဲ့ ပတ်သက်ပြီး ကံမကောင်းတာ ဖြစ်ရမယ်ဗျ”
'ငါက မိန်းမတွေနဲ့ ပတ်သက်ပြီး ကံမကောင်းဘူး ဟုတ်လား...'
ချူကျန့်က ထိုစကားကို လုံးဝ မယုံကြည်ချေ။ အကယ်၍ သူ၏ လက်တွေ့ကမ္ဘာရှိ ရုပ်ရည်မျိုးဖြင့်သာ ဆိုပါက ရူးသွပ်နေသော မိန်းကလေး အချို့ကို ဆွဲဆောင်နိုင်ကောင်း ဆွဲဆောင်နိုင်ပေလိမ့်မည်။ သို့သော် ယခုအခါ အန်ပီစီ ရုပ်ရည်ကို အလွန် သာမန်ဆန်ပြီး မျက်စိထဲ မဝင်လောက်အောင် တမင် ဖန်တီးထားခဲ့သည် မဟုတ်လော။ ထို့အပြင် ကျန်းရှောင်ယွီ ကဲ့သို့ အလွန်တရာ ချောမော ခန့်ညားပြီး ဆွဲဆောင်မှု အပြည့်ရှိသော လူငယ်လေး တစ်ဦးက ဘေးတွင် ရှိနေပါလျက်နှင့် မျက်ကန်း မိန်းကလေးကလွဲ၍ မည်သူကများ သူ့ကို အာရုံစိုက်နေမည်နည်း။
ကျန်းရှောင်ယွီ၏ မျက်နှာပြောင်တိုက်နေသော ပုံစံကို ကြည့်ပြီး ချူကျန့် တစ်ယောက် ဒေါသထွက်လာကာ သစ်တော်သီး တစ်လုံးကို ထုတ်ယူပြီး ကျန်းရှောင်ယွီ၏ ပါးစပ်ထဲသို့ အတင်း ထိုးသိပ်လိုက်တော့၏။
“မင်း သစ်တော်သီးသာ စားနေစမ်းပါကွာ”
ကျန်းရှောင်ယွီမှာ ဒေါသထွက်ခြင်း လုံးဝ မရှိဘဲ သစ်တော်သီးကို တစ်ကိုက် ကိုက်စားလိုက်ပြီး ရယ်ကာ ပြောလာသည်။
“အစ်ကိုချူ... ကျွန်တော် မသတိပေးဘူးလို့ မပြောနဲ့နော် မိန်းမတွေ ဆိုတာ ပြဿနာပဲ အထူးသဖြင့် ခင်ဗျားအပေါ် ကောင်းပြတဲ့ မိန်းမတွေဆို ပိုဆိုးတယ် သူတို့က ခင်ဗျားကို ဒုက္ခပေးချင်နေတာပဲ အဲ့ဒီလို နည်းလမ်းတွေနဲ့ ခင်ဗျားကို သူတို့ အနားမှာ ထားချင်ကြတာ သူက ခင်ဗျားအပေါ် ပိုကြင်နာပြလေလေ ခင်ဗျားအတွက် ပိုအန္တရာယ် များလေလေပဲ သတိမထားရင် တစ်သက်လုံး အချုပ်အနှောင် ခံရပြီး လွတ်လပ်ခွင့် ပျောက်သွားလိမ့်မယ်”
ချူကျန့်က သူ့ကို တစ်ချက် စောင်းကြည့်လိုက်၏။
“အတွေ့အကြုံ တွေလား”
ကျန်းရှောင်ယွီမှာ တစ်စုံတစ်ရာကို သတိရသွားသည့်အလား မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူ၏ ပေါ့ပါး လွတ်လပ်သော အပြုံးကို ချက်ချင်း ပြန်လည် ဖန်တီးလိုက်သည်။
“ဟေး... ကျွန်တော်.. ကျန်းရှောင်ယွီ ဆိုတာ တစ်လောကလုံးမှာ အသိဉာဏ် အကောင်းဆုံးဗျ ဘာ အတွေ့အကြုံမှ မလိုဘူး ခေါင်းလေး နည်းနည်း သုံးလိုက်ရုံနဲ့ အကုန် သိတယ်”
သူ၏ ကြွားလုံးထုတ်မှုများကို ချူကျန့် ဆက်နားမထောင်ချင်တော့ချေ။ သူက လက်ကို ဆန့်ထုတ်ကာ ကျန်းရှောင်ယွီ၏ အရှေ့ တစ်လက်မခန့် အကွာရှိ နေရာတစ်ခုကို လက်ညှိုးဖြင့် ထောက်ပြလိုက်ပြီး ထို့နောက် လေထဲတွင် အခြား နေရာတစ်ခုကို ထပ်မံ ထောက်ပြလိုက်၏။
အစပိုင်းတွင် ကျန်းရှောင်ယွီမှာ ချူကျန့် ဘာလုပ်နေမှန်း နားမလည်ခဲ့သော်လည်း ချူကျန့်၏ လက်ချောင်း လှုပ်ရှားမှုများကို ကြည့်ရင်း သူ၏ မျက်လုံးများ အရောင်လက်လာတော့သည်။ ချူကျန့်က နောက်တစ်ကြိမ် ထပ်မံ ပြသလိုက်ပြီးနောက် ကျန်းရှောင်ယွီမှာ ချက်ချင်း ပါးစပ်ပိတ်သွားပြီး နက်ရှိုင်းသော အတွေးကမ္ဘာထဲသို့ နစ်မြုပ်သွားတော့၏။
တကယ်တော့ ချူကျန့်သည် နှလုံးသား သိုင်းကွက် အစပြုအဆင့်ရှိ အရေးကြီးသော သွေးကြောဆုံ တစ်ခုကို ထောက်ပြနေခြင်း ဖြစ်သည်။ သိုင်းကျမ်း ရှိရုံဖြင့် မလုံလောက်ဘဲ အတွင်းအား ကျင့်ကြံရာတွင် လမ်းညွှန်ပြသမှုက များစွာ အရေးပါလှ၏။ တစ်စုံတစ်ယောက်က သော့ချက်ကျသော သွေးကြောဆုံများကို ထောက်ပြ လမ်းညွှန်ပေးနိုင်ပါက ကျင့်ကြံမှု အမြန်နှုန်းမှာ အဆပေါင်းများစွာ တိုးတက်လာမည်မှာ ယုံမှားဖွယ် မရှိပေ။
ပါးစပ်သရမ်းသော ကောင်လေး ပါးစပ်ပိတ်သွားသည်ကို မြင်သောအခါ ချူကျန့်က လက်ကို ပြန်ရုတ်လိုက်ပြီး နားနေရန် နေရာခြောက် တစ်ခုကို ရှာဖွေရန် ပြင်လိုက်တော့သည်။
“သခင်လေးချူ... ဒီမှာ လာထိုင်ပါလား ကျွန်တော့်နားမှာ နေရာလွတ် ရှိသေးတယ်”
မလှမ်းမကမ်းရှိ ဟွာဆန်းဂိုဏ်း တပည့်တစ်ဦးက မတ်တပ်ရပ်ကာ ချူကျန့်ကို လက်ယပ်ခေါ်လိုက်၏။
ချူကျန့် လှည့်ကြည့်လိုက်ရာ ထိုလူငယ်မှာ အသက် (၂၅)၊ (၂၆) နှစ်ခန့်ရှိပြီး၊ မျက်နှာသွယ်သွယ် ဓားကဲ့သို့ စူးရှသော မျက်ခုံး ပါးလွှာသော နှုတ်ခမ်းများနှင့် အနည်းငယ် ဖြူရော်သော အသားအရေကို ပိုင်ဆိုင်ထားကြောင်း တွေ့လိုက်ရသည်။ သူက ခန်းမ ထောင့်တစ်နေရာရှိ ခေါင်းလောင်းစင်ကြီးကို မှီကာ ချူကျန့်အား လက်ယပ်ခေါ်နေခြင်း ဖြစ်သည်။
ထိုနေရာမှာ အခြား ဟွာဆန်းဂိုဏ်းဝင် များနှင့် အနည်းငယ် လွတ်ကင်းနေသည်ကို မြင်သောအခါ ချူကျန့်က ခေတ္တမျှ စဉ်းစားပြီး သွားထိုင်လိုက်၏။
“အစ်ကို့ရဲ့ နာမည်ကို သိခွင့်ပြုပါလား”
“ဟွာဆန်းဂိုဏ်း ရဲ့ စီနီယာအစ်ကိုကြီး လင်ဟူချုံး ပါ”
“ဩော်... ဟွာဆန်းဂိုဏ်း က သူရဲကောင်း လူငယ်လေး လင်ဟူချုံး ကိုး အရင်က မသိခဲ့လို့ တောင်းပန်ပါတယ်ဗျာ”
ချူကျန့်က ယဉ်ကျေးမှု အရ စကားအနည်းငယ် ပြန်ပြောလိုက်သော်လည်း သူ၏ ရင်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။ ဟွာဆန်းဂိုဏ်း ၏ ဂုဏ်သိက္ခာကြီးမားလှသော စီနီယာအစ်ကိုကြီး တစ်ဦးက အဘယ်ကြောင့် ဤမျှ အထီးကျန်နေသည့် ပုံပေါက်နေရသနည်း။ အထူးသဖြင့် သူ၏ သာမန် ဝတ်စုံ ရှုပ်ပွနေသော ဆံပင်များနှင့် လက်ထဲရှိ အရက်ဘူး တို့ကြောင့် ပို၍ပင် လွမ်းဆွေးနေသည့်ပုံ ပေါက်နေပြီး အခြား တက်ကြွနေသော ဟွာဆန်း တပည့်များနှင့် လုံးဝ အံမဝင်သကဲ့သို့ ဖြစ်နေချေသည်။
“သူရဲကောင်း လူငယ်လေး လို့ မခေါ်ပါနဲ့ဗျာ ကျွန်တော့်ကို လင်ဟူချုံး လို့ပဲ ခေါ်ပါ ကျွန်တော်က ဘယ်ကလာ သူရဲကောင်း လူငယ်လေး ဖြစ်ရမှာလဲ”
လင်ဟူချုံးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်အလား ပြုံးကာ ပြန်ပြောလိုက်၏။
ချူကျန့်၏ ကြွယ်ဝလှသော အတွေ့အကြုံများအရ ဤ လင်ဟူချုံး ဆိုသူမှာ စည်းကမ်းဘောင်များအတွင်း မနေလိုဘဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်လိုသူ တစ်ဦးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ရသည်။
“ဒါဆိုလည်း အစ်ကိုလင်ဟူ... ကျွန်တော့်ကိုလည်း သူရဲကောင်း လူငယ်လေး ချူ လို့ မခေါ်ပါနဲ့တော့ ချူလော့ကျွင်း လို့ပဲ ခေါ်ပါ ဟွာဆန်းဂိုဏ်း က သိုင်းလောကထဲမှာ လေ့ကျင့်ရေးဆင်းဖို့ အပြင်ထွက်လာကြတာလား”
အတူတကွ ထိုင်ဖြစ်သွားပြီဖြစ်ရာ သူတို့ နှစ်ဦး စကားစမြည် ပြောဖြစ်သွားကြ၏။
“အင်း...”
လင်ဟူချုံးက ခေါင်းညိတ်လိုက်ပြီး...
“ပြီးတော့... ဂိုဏ်းတူညီလေး လင် ကို သူ့ရဲ့ အဘိုးအိမ် လိုက်ပို့ပေးရင်းနဲ့ပေါ့...”
သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ညှိုးနွမ်းသွားတော့သည်။
ချူကျန့်က သူ၏ အကြည့်များအတိုင်း လိုက်ကြည့်လိုက်ရာ ချောမောသော လူငယ်တစ်ဦးနှင့် လှပသော မိန်းကလေး တစ်ဦးတို့ အလွန် ရင်းနှီးစွာ စကားပြောဆိုနေကြသည်ကို တွေ့လိုက်ရ၏။ သူတို့ နှစ်ဦးမှာ အပြန်အလှန် ပြုံးရွှင်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ချစ်မေတ္တာများ ပြည့်နှက်နေသည်မှာ အထင်းသားပင်။
လင်ဟူချုံး၏ မျက်နှာအမူအရာကို ပြန်ကြည့်ပြီးနောက် ချူကျန့် ချက်ချင်း သဘောပေါက်သွားတော့၏။ ဤ ဂိုဏ်းတူအစ်ကိုကြီး လင်ဟူချုံး မှာ ထို လှပသော မိန်းကလေးကို တိတ်တဆိတ် ချစ်မြတ်နိုးနေပုံ ရပြီး ကံမကောင်းစွာဖြင့် ထိုမိန်းကလေးနှင့် ဂိုဏ်းတူညီလေး လင် တို့က အပြန်အလှန် သဘောကျနေကြခြင်း ဖြစ်ပေမည်။
'တစ်ဖက်သတ် အချစ်ပေါ့လေ...'
ချူကျန့်က ဘာမှ မသိလိုက်သကဲ့သို့ အကြည့်လွှဲလိုက်၏။ လင်ဟူချုံးက သူ၏ အရက်ဘူးကို မော့ကာ တိတ်တဆိတ် သောက်လိုက်သော်လည်း တစ်စက်မျှပင် မထွက်လာသည်ကို မြင်သောအခါ ချူကျန့်က အရက်အိုး တစ်အိုးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်
“ကျွန်တော့်ဆီမှာ ဝါးရွက်စိမ်း အရက် တစ်အိုး ရှိတယ် အစ်ကိုလင်ဟူ သောက်မလားဗျ”
“ကျေးဇူးတင်ပါတယ် အစ်ကိုချူ”
လင်ဟူချုံးက လှမ်းယူလိုက်ပြီး အားပါးတရ မော့သောက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သော နီရဲမှုတစ်ခု ပေါ်လာတော့၏။ ထို့နောက် သက်ပြင်းချကာ ပြောလိုက်သည်။
“အရက်ကောင်းပဲဗျာ”
အရက်အိုးကို ကိုင်ထားသော လင်ဟူချုံး၏ လက်များ အနည်းငယ် တုန်ရီနေသည်ကို ချူကျန့် သတိပြုမိလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအား တစ်စက်ကလေးမျှပင် မရှိတော့သကဲ့သို့ ဖြစ်နေရာ ချူကျန့်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရတော့၏။ သို့သော် သူတို့ နှစ်ဦးမှာ မရင်းနှီးကြသေးသလို ချူကျန့်ကလည်း အခြားသူများ၏ ကိစ္စများတွင် ဝင်မပါလိုသဖြင့် ဘာမှ မမေးတော့ဘဲ အရက်အကြောင်းများကိုသာ စတင် ဆွေးနွေးလိုက်၏။
အရက်အကြောင်း ပါလာသည်နှင့် လင်ဟူချုံးမှာ ချက်ချင်း စိတ်ဝင်စားသွားပြီး တတွတ်တွတ် ပြောဆိုတော့သည်။
ချူကျန့်မှာလည်း အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်ရာ အလိုက်သင့် ဝင်ရောက် ပြောဆိုနိုင်မှုကြောင့် လင်ဟူချုံးမှာ ပို၍ပင် ပျော်ရွှင်သွားပြီး ချူကျန့်နှင့်အတူ မကြာခဏ အရက်ခွက်ချင်း တိုက်ကာ သောက်သုံးတော့သည်။
ချူကျန့်၏ ခန္ဓာကိုယ်မှာ အဆိပ်ဒဏ် အားလုံးကို ခုခံနိုင်စွမ်း ရှိပြီး လုံးဝ မူးယစ်ခြင်း မရှိတော့သဖြင့် အရက်သောက်ခြင်းကြောင့် ပြဿနာများ ဖြစ်လာမည်ကို သူ စိုးရိမ်စရာ မလိုတော့ချေ။ ယခုအခါ သူ၏ သိုလှောင်အိတ်မှာ အရက်အိုးများဖြင့် ပြည့်နှက်နေပြီး၊ အရက်ကောင်း ရနိုင်သော မြို့များသို့ ဖြတ်သန်းသွားတိုင်း ဝယ်ယူ မြည်းစမ်းလေ့ ရှိ၏။ လင်ဟူချုံး တစ်ယောက် အရက်သောက်ရသည်ကို သဘောကျနေသည်ကို မြင်သောအခါ၊ ချူကျန့်က သူ၏ အရက်ကောင်းများကို တစ်အိုးပြီး တစ်အိုး ထုတ်ကာ တိုက်တော့သည်။
ကျန်းရှောင်ယွီက အရက်နံ့ ရသည်နှင့် ချက်ချင်းပင် ပြေးလာတော့၏။ လင်ဟူချုံးမှာလည်း မည်သည့် အားနာမှုမျှ မရှိဘဲ ကျန်းရှောင်ယွီကိုပါ အတူတကွ သောက်သုံးရန် ဖိတ်ခေါ်လိုက်၏။ သောက်ရင်း သောက်ရင်းဖြင့် လင်ဟူချုံး တစ်ယောက် ငြိမ်ကျသွားပြီး သေဆုံးသွားရှာသော အပြစ်ကင်းစင်သည့် ခြောက်ယောက်မြောက် ဂိုဏ်းတူညီလေး 'လုတကောင်း' ကို သတိရသွားပုံ ရ၏။
“ဂိုဏ်းတူအစ်ကိုကြီး... ထမင်းစားရအောင်”
နူးညံ့ သိမ်မွေ့လှသော မိန်းကလေး အသံလေး တစ်သံက သူတို့ သုံးဦး၏ အရက်ဝိုင်းကို ဖြတ်တောက်လိုက်၏။
ချူကျန့်အား ပဝါ ပေးခဲ့သော သိမ်မွေ့လှပသည့် မိန်းကလေးက သူတို့ အနားသို့ လျှောက်လာသည်။ နောက်တွင် ပါးစပ်ကို အုပ်ကာ ရယ်နေကြသော မိန်းကလေး တပည့် နှစ်ဦးလည်း ပါလာ၏။
“အေး... သိပါပြီ”
လင်ဟူချုံးက လက်ခါပြလိုက်သည်။
မိန်းကလေး တပည့် တစ်ဦးက သိမ်မွေ့သော မိန်းကလေးကို တံတောင်ဖြင့် ခပ်ဖွဖွလေး တွတ်လိုက်ရာ မိန်းကလေး၏ မျက်နှာမှာ ထပ်မံ နီရဲသွားပြန်တော့၏။ ထို့နောက် တိုးတိုးလေး ပြောလိုက်သည်။
“ဟို... သူရဲကောင်း လူငယ်လေး ချူ... သူရဲကောင်း လူငယ်လေး ချူ လည်း ကျွန်မတို့နဲ့ အတူ လာစားပါလား...ရှင့်အတွက်လည်း ထမင်းဟင်းတွေ ပြင်ဆင်ထားပါတယ်...”
မော့ကြည့်ရဲသည့် သတ္တိ လုံးဝ မရှိတော့ဘဲ လှည့်ကာ အပြေးအလွှား ထွက်သွားတော့၏။
နောက်ပါ မိန်းကလေး တပည့် နှစ်ဦးမှာလည်း ခစ်ခနဲ ရယ်ကာ သူမ နောက်သို့ လိုက်ပြေးသွားကြတော့သည်။