← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

Chapter 209

~

အခန်း ၂၀၉ : သမိုင်းတစ်လျှောက် အမြန်ဆုံး သူတော်စင်လောင်းလျာ ပြိုင်ပွဲ

~

​၂၀၇၇ ခုနှစ် ဇွန်လ ၂၈ ရက်။

​အမှတ်တရဖြစ်ထိုက်သော နေ့တစ်နေ့ပင် ဖြစ်သည်။

​နတ်ဘုရားတမန်တော် ချီ၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါရင်း ဂူချန်သည် တောင်ဘက်မဟာမိတ်အဖွဲ့၏ အစွန်အဖျားရှိ သတ်မှတ်ထားသော နေရာတစ်ခုသို့ မကြာမီ ရောက်ရှိသွားပြီး ထိုနေရာတွင် အနီရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည့် လူတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။

​တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူ၏ အချက်အလက်အားလုံးကို ဂူချန် သိရှိသွားသည်။ သူသည် အဆင့်ခုနစ် အစောပိုင်းအဆင့်ဖြစ်ပြီး အရှိန်အဝါမှာ တည်ငြိမ်မှုမရှိပေ။ ၎င်းမှာ အဆင့်တက်ရန် အတင်းအဓမ္မ လုပ်ဆောင်ထားခြင်း ဖြစ်ပုံရပြီး လမ်းပြအဖြစ်သာ အသုံးပြုခံရခြင်း ဖြစ်နိုင်သည်။

​အနီရောင်ဝတ်ရုံဝတ်လူမှာ ဘာမှမပြောဘဲ ဂူချန်ကို လျှို့ဝှက်လမ်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားပြီး အနီရောင် တယ်လီပို့အစီအရင် ရှေ့သို့ ရောက်ရှိသွားသည်။

​သူတော်စင် ရွေးချယ်ပွဲသို့ မသွားရောက်မီ သူတော်စင်လောင်းလျာတိုင်းသည် ဗတ္တိဇံခံယူခြင်း အဆင့်ကို ဖြတ်ကျော်ရသည်။ ၎င်းမှာ အဓိကအားဖြင့် တားမြစ်ပစ္စည်းများ ပါမပါ စစ်ဆေးခြင်းနှင့် ဦးနှောက်ဆေးခြင်း လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်သည်။

​အနီရောင်ဝတ်ရုံဝတ်လူမှာ သူ၏ အရိုးနှင့်အရေသာကျန်တော့သည့် လက်ကို ပူးကပ်လိုက်ပြီး ဂူချန်ကို ဦးတည်၍ ဂါထာမန္တန်များကို တိုးတိုးလေး ရွတ်ဆိုတော့သည်။ ထိုဂါထာစာသားများသည် လေထဲတွင် သက်ရှိများကဲ့သို့ ကခုန်နေကြပြီးနောက် ဂူချန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြသည်။

​ဂူချန်၏ မျက်ဝန်းနက်ရှိုင်းသော နေရာတွင် အထင်အမြင်သေးသည့် အရိပ်အယောင်တစ်ခု ရှိနေသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မလုပ်ဘဲ ငြိမ်ခံနေလိုက်သည်။

​[ အိမ်ရှင်တွင် စိတ်ဝိညာဉ် အကာအကွယ် ပါရမီ ရှိနေသည်ကို တွေ့ရှိရပါသည်၊ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခုခံပေးနိုင်ပါသည် ]

​ဤပါရမီမှာ မျက်ဆန်နှစ်ထပ်မျက်ဝန်းကို ပထမဆုံး ရရှိစဉ်ကတည်းက ပါလာခဲ့ခြင်း ဖြစ်သည်။ မဟာမိတ်အဖွဲ့က သူ့ကို ရှာတွေ့နိုင်မလားဆိုသည်ကို ဂူချန် သိပ်ပြီး စိတ်မပူပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်တာအို မျက်ဆန်နှစ်ထပ်မျက်ဝန်းဖြင့် ကြိုတင်မြင်ခဲ့သည့်အတိုင်း သူတို့သည် နတ်ဘုရားမီးတောက်ဂိုဏ်း၏ ဌာနချုပ်တွင်သာ သူ့ကို ဝိုင်းတိုက်ကြမည် ဖြစ်သောကြောင့် ဖြစ်သည်။

​ထိုတင်ဆက်မှုကို ကြည့်ရှုပြီးနောက် အနီရောင်ဝတ်ရုံဝတ်လူမှာ ဂူချန်ကို တယ်လီပို့အစီအရင်ပေါ်သို့ ခေါ်ဆောင်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

​" မင်း ..ဗိ..မာန်..တော်..ထဲကို ရောက်တာနဲ့ ..သူတော်စင် ..ရွေးချယ်ပွဲက စတင်..ပြီ .. "

​" ဒီ..နှစ်ရဲ့ ..သူတော်စင်.. ရွေးချယ်ပွဲက အရင်အတိုင်းပဲ..နောက်ဆုံး တစ်ယောက်တည်း ..ကျန်တဲ့အထိ သတ်ရမှာ.. "

​ပြောပြီးသည်နှင့် အနီရောင်ဝတ်ရုံဝတ်လူမှာ ချက်ချင်းပင် အရည်ပျော်သွားပြီး သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲကာ တယ်လီပို့အစီအရင်အတွင်းသို့ စီးဝင်သွားသည်။ ၎င်းမှာ အသိစိတ်ရှိသော မြစ်တစ်စင်းအလား အစီအရင်၏ အပေါက်အားလုံးကို ဖြည့်ဆည်းပေးလိုက်သည်။

​ဝုန်း...

​မြေအောက်ခန်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး တယ်လီပို့အစီအရင်မှ အနီရောင်အလင်းတန်းများ ပွင့်ထွက်လာကာ မြေပြင်မှ သွေးနီရောင် စာသားများစွာ လေထဲသို့ ပျံတက်သွားသည်။

​ဂူချန်၏ ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် အစီအရင် ပြိုကွဲသွားတော့သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မှောင်မည်းနေသော မြေအောက်ထောင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ ထိုနေရာကို စာသားများ ထွင်းထုထားသည့် ကျောက်တိုင်ကြီးများဖြင့် ဝန်းရံထားသည်။ ကျောက်တိုင်များ၏ အကွာအဝေး ကျော်လွန်သည့်နေရာတွင် အဆုံးမဲ့ မှောင်မိုက်နေပြီး ဟင်းလင်းပြင်ထဲမှ သွေးနီရောင် မျက်လုံး ငါးစုံကသာ ထိုနေရာကို စိုက်ကြည့်နေကြသည်။

​၎င်းတို့မှာ နတ်ဘုရားမီးတောက်ဂိုဏ်း၏ အစောင့်အရှောက်ကြီး ငါးဦး ဖြစ်ပေလိမ့်မည်။ သူတို့သည် ကိုယ်တိုင် ရှိနေခြင်းလား သို့မဟုတ် ကိုယ်ပွားများလား ဆိုသည်ကို ဂူချန် မသိသေးပေ။ ရန်သူကို မလန့်စေရန်အတွက် သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုသည့် စိတ်ကို ထိန်းချုပ်ထားလိုက်သည်။ ငါးကြီးက နောက်မှ လာမည်ဖြစ်ရာ သူ စိတ်မလောသင့်ပေ။

​ဝုန်း...

​ထိုစဉ် ဂူချန်၏ နားထဲတွင် ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရသည်။ ပုံရိပ်တစ်ခုမှာ သူ၏ အမြင်အာရုံကို ဖြတ်သန်းသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ ခဏတာ ရုန်းကန်ပြီးနောက် ငြိမ်သက်သွားတော့သည်။

​နောက်တစ်စက္ကန့်တွင် အဖြူရောင် ဝတ်စုံဝတ် လူတစ်ယောက်သည် ဂူချန်၏ ခေါင်းပေါ်သို့ ရောက်ရှိလာပြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။

​"ဟားဟားဟားဟား.. သေစမ်း.. "

​သူက အပေါ်မှ ခုန်ချလာပြီး သူ၏ လက်ဝါးနှစ်ဖက်မှ စစ်မှန်သောချီစွမ်းအင် များကို ထုတ်လွှတ်ကာ ဂူချန်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။

​သို့သော်လည်း ဂူချန်က မျက်တောင်တစ်ချက်ပင် မခတ်။

​သူ၏ ခေါင်းပေါ်ရှိ လေထုမှာ ရုတ်တရက် လိမ်ရှုံ့သွားပြီး မမြင်ရသော စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုခဏ၌ပင် ရောက်ရှိလာသော အဖြူရောင်စွမ်းအင်များမှာ လွင့်စင်သွားပြီး ပြိုင်ဘက်၏ စက္ကူကဲ့သို့ ပါးလွှာလှသော ရွှေရောင်ခန္ဓာကိုယ်ကို ဖောက်ထွင်းကာ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိုက်သည်။

​ဝုန်း...

​အဖြူရောင်ဝတ်စုံဝတ်လူမှာ သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး လေထဲတွင် လှပသော ပန်းတစ်ပွင့်အလား ပွင့်ထွက်သွားတော့သည်။

​[အိမ်ရှင်သည် စိတ်ဝေဒနာရှင်တစ်ဦးကို ကုသပေးလိုက်ပြီး သူ၏ ဂနာမငြိမ်သော နှလုံးသားကို ငြိမ်သက်သွားစေသည်၊ စေတနာရမှတ် ၂၆၀ ရရှိပါသည် ]

​အဆင့်လေး ရွှေရောင်ခန္ဓာအဆင့်ရှိသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သဖြင့် မဟာလမ်းစဉ်စွမ်းအားကို မဆိုထားနှင့် ကမ္ဘာမြေစွမ်းအားကိုပင် အသုံးမပြုဘဲ စိတ်ကူးလိုက်ရုံဖြင့် သတ်ဖြတ်နိုင်ပေသည်။ ထိုလူသည် ကံကောင်းသည်ဟု ဆိုရမည်။အနည်းဆုံးတော့ သူ သေဆုံးချိန်တွင် နာကျင်မှု သိပ်မရှိလိုက်ပေ။

​သွေးမိုးများ ရွာသွန်းလာသော်လည်း ဂူချန်၏ အကာအကွယ် စွမ်းအင်များနှင့် ထိတွေ့ပြီးနောက် အငွေ့ပျံသွားကြသည်။ ဂူချန်၏ စိတ်ထဲတွင် မည်သည့် ခံစားချက်မျှ မရှိပေ။ သူ ဤနေရာသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ သူမှအပ ကျန်သည့်သူအားလုံး သေဆုံးရမည်မှာ သေချာနေပြီးသား ဖြစ်သည်။

​ဂူချန်က အချိန်ဖြုန်းမနေချင်တော့သဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ တယ်လီပို့လုပ်လိုက်သကဲ့သို့ ထောင်ကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

​" အားလုံး ငါ့စကားကို နားထောင်ကြစမ်း "

​သူ၏ အသံမှာ မကျယ်သော်လည်း ထောင်အတွင်းရှိ သူတော်စင်လောင်းလျာတိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

​ဘွဲ့တံဆိပ်အကျိုးသက်ရောက်မှု လူသားမျိုးနွယ်၏ သူရဲကောင်း ကို အသုံးပြုလိုက်ပြီ ဖြစ်သည်။

​[ လူသားမျိုးနွယ်၏ သူရဲကောင်း- သင်၏ စကားနှင့် လုပ်ရပ်တိုင်းမှာ ဩဇာအာဏာ အလွန်ကြီးမားသည်။ ထို့ကြောင့် အားလုံး ငါ့စကားကို နားထောင်ကြစမ်းဟု ပြောလိုက်သည့်အခါ ကြားရသူတိုင်းသည် အဆင့်ကွာခြားမှုကို လျစ်လျူရှု၍ သင့်ထံသို့ မဖြစ်မနေ အာရုံစိုက်လာရမည် ဖြစ်သည် ]

​ထိုခဏ၌...

​ထောင်အတွင်းရှိ သူတော်စင်လောင်းလျာတိုင်းမှာ ချောင်းမြောင်းနေသူဖြစ်စေ၊ တိုက်ခိုက်နေသူဖြစ်စေ ထိုစကားကို ကြားလိုက်ရသည်နှင့် အလိုအလျောက် ခေါင်းလှည့်လာကြပြီး အလယ်တွင်ရှိသော လူငယ်ကို စိုက်ကြည့်လိုက်ကြရသည်။ မှောင်မိုက်သော နေရာမှ မျက်လုံး ငါးစုံမှာလည်း သူ့ကို တိုက်ရိုက် ကြည့်လာကြသည်။

​" သေကြစမ်း... "

​ဂူချန်သည် လူအုပ်ကြီးကို ကြည့်ကာ နွေဦးကာလကဲ့သို့ နူးညံ့စွာ ပြုံးလျက် ပြောလိုက်သည်။ စကားအဆုံးတွင် ထောင်တစ်ခုလုံးရှိ လေထုမှာ မီးလောင်နေသကဲ့သို့ လိမ်ရှုံ့သွားပြီး လူတိုင်းမှာ ဖော်ပြ၍မရသော တင်းကျပ်မှုကို ခံစားလိုက်ရသည်။

​ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု ဖြစ်တော့မည်ကို လူတိုင်း ခံစားမိလိုက်ကြပြီး ကျောရိုးထဲအထိ စိမ့်တက်သွားကာ ချွေးစေးများ ထွက်လာကြသည်။

​ဘုန်း...

​အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ပျော့ခွေကျသွားသည်။ အခြားသူများမှာ ထိတ်လန့်သွားပြီး တံတွေးများကို မျိချမိလိုက်ကြသည်။

​'ဒါက ဘာလဲ..'

​'သူ ဘာမှမလုပ်ဘဲ ရပ်နေတာတောင် အဲ့ဒီလူရဲ့ ခေါင်းက ဘာလို့ ပေါက်ကွဲသွားတာလဲ..'

​"ဘုန်း ..ဘုန်း ..ဘုန်း.."

​ဦးခေါင်း သုံးလုံးမှာ ထပ်မံ၍ ပေါက်ကွဲသွားပြန်ပြီး သွေးများနှင့် ဦးနှောက်အပိုင်းအစများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားရာ ထောင်တစ်ခုလုံးမှာ အေးခဲသွားတော့သည်။

​အကယ်၍ အစွမ်းချင်း မယှဉ်နိုင်၍ သေဆုံးရခြင်းဆိုလျှင် သူတို့ ဤမျှအထိ ကြောက်လန့်ကြမည် မဟုတ်ပေ။ သို့သော် မည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကိုပင် မသိရဘဲ ထူးဆန်းစွာ သေဆုံးနေရခြင်းမှာ တစ်ခါမျှ မကြားဖူးသော ကိစ္စဖြစ်သည်။

​မကြာမီ ဦးခေါင်းများမှာ တစ်လုံးပြီးတစ်လုံး ထပ်မံ ပေါက်ကွဲလာပြန်သည်။ ဂူချန်၏ အမြင်အာရုံထဲတွင် စေတနာရမှတ်များ တိုးလာကြောင်း အချက်အလက်များ အဆက်မပြတ် ပေါ်ထွက်နေသည်။ ဂူချန်၏ အပြုံးမှာ ပို၍ နူးညံ့လာသည်။

​ဤအတိုင်းဆိုလျှင် စစ်ပွဲကြီး မတိုင်မီ သူ၏ အစွမ်းကို ထပ်မံ မြှင့်တင်နိုင်ပေလိမ့်မည်။

​" ယီး.. ဒီကောင်က အပျော်လာနှိပ်စက်နေ... "

​တစ်ယောက်က တုန်ရီစွာ ပြောလိုက်သော်လည်း စကားပင် မဆုံးသေးခင် သူ၏ ဦးနှောက်မှာ ပေါက်ကွဲသွားတော့သည်။ ဘေးနားရှိ လူများမှာ သွေးများ စင်သွားသော်လည်း မလှုပ်ရဲဘဲ တုန်တုန်ယင်ယင်နှင့် ရပ်နေကြရသည်။ မလှုပ်ရှားရဲကြခြင်းမှာ လှုပ်ရှားသူတိုင်း အရင်သေနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ငြိမ်နေရုံနှင့် သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

​"ဘုန်း.. ဘုန်း.. ဘုန်း.."

​မကြာမီမှာပင် နတ်ဘုရားမီးတောက်ဂိုဏ်း၏ သူတော်စင်လောင်းလျာ ရာနှင့်ချီ၍ သေဆုံးသွားကြပြီး သွေးအိုင်များနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ထောင်ကြမ်းပြင်ကို ဖုံးလွှမ်းသွားတော့သည်။

​ချွင်းချက်မရှိ အားလုံး သေဆုံးသွားကြသည်။ ဤသည်မှာ သမိုင်းတစ်လျှောက် အမြန်ဆုံး သူတော်စင်လောင်းလျာ ပြိုင်ပွဲ ဖြစ်ပြီး သုံးမိနစ်ပင် မကြာလိုက်ပေ။

​ဂူချန်သည် အလောင်းပုံကြီးကို ကျော်ဖြတ်ကာ ထောင်၏ အစွန်းရှိ ပေါ်ထွက်လာသော လမ်းကြောင်းမှတစ်ဆင့် မှောင်မိုက်သော နေရာအတွင်းသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်သွားသည်။

​အလင်းတန်းများ လှုပ်ခတ်သွားသည်။

​အဆုံးမဲ့ မှောင်မိုက်နေသော နေရာတွင် အဖြူရောင် လမ်းငယ်လေးတစ်ခု ပေါ်လာသည်။ လမ်း၏ အဆုံးတွင် အနက်ရောင် ဝတ်စုံကို ခြုံထားပြီး သွေးနီရောင် မျက်လုံးများသာ မြင်ရသည့် ခါးကုန်းကုန်း လူတစ်ယောက် ရပ်နေသည်။ သူသည် အရပ် ရှစ်ပေခွဲခန့် မြင့်မားလှသည်။

​အလင်းတောင်အောက်တွင် ရပ်နေသော ထိုလူ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ပြောလိုက်သည်။

​" ကလေး..ဒီဘက်ကို လာခဲ့.. "

Chapter 210

~

အခန်း ၂၁၀ : ပြန်လည်မွေးဖွားလာသော မိစ္ဆာဧကရာဇ်

~

​' ဒီအဘိုးကြီးက ကလေးသူခိုးနဲ့တောင် တူနေသေးတယ်.. '

​ဂူချန်သည် ကြောက်ရွံ့ခြင်းမရှိဘဲ အရပ် ရှစ်ပေခွဲခန့်ရှိသော ခါးကုန်းကုန်း အဘိုးကြီးထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။ ယခုအချိန်တွင် သူ၏ အစွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဤကမ္ဘာပေါ်တွင် သူ့ကို သတ်နိုင်သည့်သူ မရှိတော့ပေ။

​သူသည် အဘိုးကြီး၏ ရှေ့သို့ ရောက်ရှိသွားသည်။ အဘိုးကြီးမှာ ခါးကုန်းနေသဖြင့် အရပ်ရှည်သော်လည်း ဂူချန်နှင့် မျက်လုံးချင်း ဆုံနေရသည်။

​ဂူချန်၏ အမြင်တွင် ထိုအဘိုးကြီးမှာ တုန်ရီနေသော လက်များဖြင့် ပတ်တီးများ ပတ်ထားသည့် လက်ကို ဂူချန်၏ ပခုံးပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် မှောင်မည်းသော မိစ္ဆာချီစွမ်းအင် များမှာ ဂူချန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည်။

​ဂူချန်သည် ထိုမိစ္ဆာချီစွမ်းအင်များမှာ သူ့ကို အန္တရာယ်ပေးရန် မဟုတ်ဘဲ သူ၏ သွေးကြောများကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။

​" ကောင်းတယ်... တကယ့်ကို ကောင်းတယ်... မင်းက တကယ့်ကို ရွေးချယ်ခံရသူပဲ .."

​အဘိုးကြီး၏ သွေးနီရောင် မျက်လုံးများမှာ ပိုမိုတောက်ပလာပြီး အိုမင်းလှသော အသံမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ ရုတ်တရက် ဂူချန်၏ ပခုံးပေါ်ရှိ လက်မှာ တောင့်တင်းသွားပြီး အဘိုးကြီး၏ လေသံမှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားပုံရသည်။

​" ကလေးလေး... မင်းက... မြင့်မြတ်မီးလျှံ နှလုံးသားကျမ်း ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးသွားတာလား .."

​ဂူချန်သည် ဘာမှမပြောဘဲ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

​ဂလု...

​အဘိုးကြီးမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်သွားသည်။ ဤ မြင့်မြတ်မီးလျှံ နှလုံးသားကျမ်း ဆိုသည်မှာ S အဆင့်ထက် မြင့်မားသော ထိပ်တန်း စိတ်ဝိညာဥ် ကျင့်စဉ်တစ်ခု ဖြစ်သည်။

​လက်ရှိ နတ်ဘုရားမီးတောက်ဂိုဏ်းအတွင်း၌ပင် အစောင့်အရှောက်ကြီး ငါးဦးမှလွဲ၍ မည်သည့် တပည့်မျှ ဤကျမ်းကို ပြီးပြည့်စုံခြင်းအဆင့်အထိ မကျင့်ကြံနိုင်ကြပေ။ ထိုအဆင့်သို့ ရောက်ရန် အစောင့်အရှောက်ကြီး ငါးဦးမှာ နှစ်ပေါင်း ငါးရာခန့် အချိန်ယူခဲ့ရသည်။

​သို့သော် ဤလူငယ်မှာ ဤကျမ်းကို ရရှိသည်မှာ တစ်လပင် မပြည့်သေးဘဲ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်မှာ မယုံနိုင်စရာပင်။

​ဂိုဏ်းချုပ်ပြောခဲ့သည့်အတိုင်း ရွေးချယ်ခံရသူဆိုသည်မှာ မမှားပေ။ သူ၏ နားလည်သဘောပေါက်မှု စွမ်းရည်မှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဤမျိုးဆက်၏ သူတော်စင်မှာ ယခင်မျိုးဆက်များထက် များစွာ သာလွန်ပေလိမ့်မည်။

​ထိုအဘိုးကြီးမှာ ခဏတာ မှင်သက်သွားပြီးနောက် ပြန်လည်တည်ငြိမ်သွားကာ ဂူချန်ကို ရှေ့မှ လမ်းပြခေါ်ဆောင်သွားတော့သည်။

​သူတို့နှစ်ဦးသည် တယ်လီပို့အစီအရင်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ကြသည်။ ဂူချန်သည် သူတို့၏ အလွန်အမင်း သတိထားပုံကို စိတ်ထဲမှ ချီးကျူးမိသည်။ မဟာမိတ်အဖွဲ့၏ ဖိနှိပ်မှုအောက်တွင် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခြင်းမှာ ဤကဲ့သို့ သတိကြီးစွာ ထားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

​မှောင်မည်းနေသော နန်းတော်ကြီးတစ်ခုအတွင်းသို့ သူတို့ ရောက်ရှိလာကြသည်။

​" ကလေးလေး... ငါ့နာမည်က ယီလို့ ခေါ်တယ်၊ နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ အစောင့်အရှောက်ကြီး ငါးဦးထဲက တစ်ဦးပေါ့၊ မကြာခင်မှာ ကျန်တဲ့ အစောင့်အရှောက်တွေကိုလည်း မင်း တွေ့ရလိမ့်မယ်.. "

​အဘိုးကြီး၏ အသံမှာ ပွတ်တိုက်သံကြီးကဲ့သို့ ထွက်ပေါ်လာသည်။

​" မကြာခင်မှာ ငါတို့ ငါးယောက်က မင်းကို နတ်ဘုရားရဲ့ ကောင်းချီးနဲ့ ဗတ္တိဇံခံယူခြင်းကို ကူညီပေးကြမယ်၊ ဒါက မင်းအတွက် အကျိုးအမြတ် အများကြီးရှိပြီး အဆင့်တွေကို ကျော်ဖြတ်ပြီး တိုးတက်စေနိုင်လိမ့်မယ်၊ ဒါက သူတော်စင်အဖြစ် နန်းတင်တဲ့ အခမ်းအနားပဲ၊ မင်း အနေနဲ့ ဘာမှ ခုခံမနေနဲ့.... "

​ဂူချန်သည် အပြင်ပန်းတွင် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ရယ်ချင်စိတ်ကို အောင့်ထားရသည်။ ဘာမှ ခုခံမနေနဲ့ ဆိုသည့် စကားကို သာမန်လူကြားလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။ သို့သော် သူတော်စင်လောင်းလျာများမှာ ဦးနှောက်ဆေးခံထားရသဖြင့် ဤစကားကို ကြားလျှင် ရူးသွပ်စွာ ပျော်ရွှင်နေကြမည်မှာ အမှန်ပင် ဖြစ်သည်။

​မကြာမီ အဘိုးကြီးသည် ဂူချန်ကို ရုပ်တုကြီးတစ်ခုရှေ့သို့ ခေါ်ဆောင်သွားသည်။ ရုပ်တုမှာ အလွန်ပင် မြင့်မားလှပြီး ရုပ်ထွက်မှာ ရှင်းလင်းမှု မရှိသော်လည်း ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသည်။ ရုပ်တု၏ ပတ်လည်တွင် အနီရောင် ထိုင်ခုံ ငါးခု ရှိနေပြီး ထိုအထဲမှ လေးခုတွင် လူရိပ်များ ရှိနေသည်။

​သာမန်ရုပ်ရည်နှင့် လူလတ်ပိုင်းတစ်ဦး၊ သေဆုံးနေသည်မှာ နှစ်ကြာပြီဖြစ်သည့်အလား ဖြူဖတ်ဖြူရော် ဖြစ်နေသည့် လူငယ်တစ်ဦး၊ အရပ် ဆယ်ပေကျော် မြင့်မားသည့် ဆံပင်နီနှင့် လူသန်ကြီးတစ်ဦး။ နောက်ဆုံးတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး သူမ၏ နာမည်မှာ ဆန်းဟု ခေါ်သည်။ သူမသည် လှပသော်လည်း ပါးပြင်ပေါ်တွင် အပြာရောင် အကြေးခွံအချို့ ရှိနေသည်။

​" စလိုက်ကြစို့၊ အချိန်ကောင်းကို မလွတ်စေနဲ့ .."

​ဆန်းက အေးစက်စွာ ပြောလိုက်သည်။ အဘိုးကြီး ယီ သည်လည်း သူ၏ ထိုင်ခုံသို့ ပျံသန်းသွားတော့သည်။

​ဂူချန်သည် ရုပ်တုရှေ့သို့ လျှောက်သွားသည်နှင့် တစ်ပြိုင်နက် ငြိမ်သက်နေသော ရုပ်တုကြီးမှာ တုန်ခါလာပြီး ရုပ်တု၏ မျက်လုံးပေါက်များမှ မှောင်မည်းသော မီးခိုးများ ထွက်ပေါ်လာကာ နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

​" ဟားဟားဟား ..."

​ရုပ်တုအတွင်းမှ ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။ အစောင့်အရှောက်ကြီး ငါးဦးစလုံး၏ မျက်နှာများမှာ တင်းမာသွားကြသည်။ အနက်ရောင် အလင်းတန်းတစ်ခုမှာ ရုပ်တုမှ ထွက်ပေါ်လာပြီး ဂူချန်၏ စိတ်ဝိညာဥ်ပင်လယ်အတွင်းသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

​တစ်ချိန်တည်းမှာပင် ဂူချန်၏ စိတ်ထဲတွင် ရူးသွပ်စွာ ပျော်ရွှင်နေသော အသံကြီးတစ်သံကို ကြားလိုက်ရသည်။

​" မိစ္ဆာလမ်းစဉ်ကို ရူးသွပ်ခဲ့တဲ့ ငါ၊ ကောင်းကင်နဲ့ မြေကြီး၊ ယင်နဲ့ ယန် ကို မေးခွန်းထုတ်ခဲ့တယ်.. "

​" နှစ်ပေါင်း သန်းချီတဲ့ စီစဉ်မှုတွေနဲ့ စုဆောင်းမှုတွေဟာ၊ ဒီကနေ့ ငါ အကန့်အသတ်မရှိ ပြန်လည်မွေးဖွားဖို့အတွက်ပဲ.. "

​[ ကျူးကျော်သူကို တွေ့ရှိရပါသည်။ကြားဖြတ်တားဆီးခြင်း လုပ်ဆောင်ချက်ကို စတင်နေပါသည်... ]

All Chapters